ခင်တတ် မင်တတ် ဖော်ရွေတတ် ပါတယ်။
ခင်တတ် မင်တတ် ဖော်ရွေတတ် ပါတယ်။
ကျွန်တော်ကိုးတန်းကျောင်းသာအရွယ်လောက်ကပါ၊ ကျွန်တော်အဖွားက အဆုတ်ကင်ဆာသဘောမျိုးဖြစ်တယ်လေ။ အဲဒီခေတ်ကာလတုံးက အခုလို ပြင်ပဆေးရုံ နဲ့ အထူးကုဆေးခန်းတွေ မရှိသေးဘူး၊ ဆေးရုံဆိုလို့ ရန်ကုန်ပြည်သူ့ဆေးရုံ ၊ အနောက်ပိုင်းဆေးရုံ၊ အမျိူးသမီးဆေးရုံ စတဲ့ အစိုးရဆေးရုံတွေဘဲရှိတဲ့အချိန်ပေါ့၊၁၉၇၈-၇၉ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်တဲ့ကာလကပါ။ ကျွန်တော်ကျောင်းပိတ်တဲ့နွေရာသီဖြစ်နေတော့ အဖွား ဆေးရုံကြီး သွားပြရင်အဖော်လိုက်သွား ရတယ်လေ၊ ရောဂါဖြစ်လို့သွားပြတဲ့ အဖွားကို ဆေးရုံကတာဝန်ကျသူနာပြုဆရာမကက မေးပုံကလည်း ဟောက်သံနဲ့မေးသလို၊ ဆရာဝန်ကြီးလာပြီဆိုတာနဲ့ ဆေးရုံကြီး စင်္ကြန်လမ်း ဘေးကပ်ပေးရတာ ကာထားတဲ့အုတ်နံရံထဲဝင်မတတ်ဘဲ၊ ဆရာဝန်ကြီးမျက်နှာကလည်း အသက်ငင်နေတဲ့လူနာဆိုအသက်ထွက်လောက်တယ်၊ အဲဒါ အခန်းထဲ က အဖွားအမည်ခေါ်လို့ဆရာဝန်ကြီးဆီဝင်ခွင့်ရတဲ့အတွက် ဝင်သွားတာပေါ့၊ ဆရာဝန်ကြီးကစမ်းသပ်ပြီး ဓာတ်ကင်ရမယ်၊ ဆေးစာရေးပေးလိုက်မယ်လို့ပြောတော့ အဖွားက “ဓာတ်ကဘယ်လောက်ကြာကြာ ကင်ရမှာလည်း ဘာလို့ကင်ရတာလဲ´´မေးတော့ အဲဒါဓာတ်ကင်ဌာနမှာမေးကြည့်လို့ ဒါဘဲပြောပြီးအခန်းထဲကသွားတော့ မျက်နှာမျိုးကြည့်နေလို့ အဖွားလည်းဆက်မမေးတော့ဘူး၊ ကျွန်တော်ကတော့ ၉ တန်းအရွယ်ကလေးမို့ ကြောက်နေလို့ဆရာဝန်ကြီး ကိုတောင်သေချာ မကြည့်ရဲဘူးလေ။ အဲဒီတုံးက အဖွား အင်္ဂါနေ့ နဲ့ ကြာသပတေးနေ့တွေမှာ ရန်ကုန်ဆေးရုံကြီး ဓာတ်ကင်ဌာနကိုသွားပြီး ဓာတ်သွား သွားကင်ရတယ်၊ ဓာတ်ကင်မယ့်လူနာတွေက ဆေးရုံကြီး ဓာတ်ကင်ဌာနကို မနက်၁ဝနာရီ ဝန်းကျင်လောက် အရောက်သွားပြီး စာရင်းပေးလို့ ဓာတ်ကင်ခန်းရှေ့ စင်္ကြန်မှာ ဟိုနားငုတ်တုတ် ဒီနားငုတ်တုတ်ထိုင်စောင့်ရတယ်၊ အဲ ၁ဝ နာရီထက်အရမ်းနောက်ကျမှ လာပြီး စာရင်းပေးရင် တာဝန်ကျဆရာမက ဟောက်သေးတာဗျ၊ တစ်ခါတလေ လူနာတွေက ၁ဝနာရီထက်နောက်မကျအောင်အရောက်လာကြပေမယ့် ဓာတ်ကင်ပေးမယ် ဆရာဝန်က နေ့လည်ထမင်းစားပြီး တစ်နာရီလောက်မှရောက်ချင်ရောက်ကြတာ၊ အဲဒီကျရင် ရောဂါဝေဒနာလည်းခံစားနေရသေးတယ် အေးအေးဆေးဆေး လှဲပြီးလည်းစောင့်ရတာမဟုတ်၊ အဝေလည်းမသွားရဲ သွားလို့ကိုယ့် အမည်ခေါ်တာမရှိရင် အဆူအဟောက်ကခံရအုံးမှာ စိတ်မထင်ရင်နောက်ရက်ပြန်ချိန်းတော့ သွားလိုက်လာလိုက်နဲ့ အလုပ်ကရှုပ်အုံးမှာမို့ ဓာတ်ကင်မဲ့အခန်းအနီးနားမှာဘဲ ဝေဒနာကိုခံစားရင် နေကြရတာလေ။ အခုစာရေရင်းပြန်မြင်ကြည့်မှ ဝေဒနာခံစားရတဲ့ လူနာတွေအတော်သနားဖို့ ကောင်းတာ ပါလားနော်။ အဲဒီထဲမှာ အဖွားလည်းပါတာပေါ့။ ကျွန်တော်က ကလေးဆိုတော့ စိတ်မရှည်တော့အဖွားကို“ အဖွားဆရာဝန်ကလည်း၊ မလာသေး ဘူးလား၊ စောင့်ရတာကြာလှပြီ´´ စသည်ဖြင့်ပူညံပူညံပြောရင် “ကလေးရယ်ကိုယ်လုပ်လို့ရတာမှမဟုတ်တာ၊ သူတို့သဘောသူတို့ဆောင်တာဘဲ၊ စိတ်ရှည်ရှည်ထားစမ်းပါ၊ ကိုယ်စိတ်ပူ၊ စိတ်ဆိုးနေတော့ကော၊ သူကသိလို့လား´´ဆိုပြီးဖျောင်းဖျတာလည်း ခဏခဏပါဘဲဗျာ။အဖွားလည်း အဲလိုဘဲ ဓာတ်ကင်လိုက်၊ ဆေးရုံပြလိုက်ကို စိတ်ရှည်သီးခံစွာလုပ်ရင်း ကင်ဆာရောဂါနဲ့ဘဲ ဆေးရုံစပြပြီးလေးလကျော်လောက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာဆုံးသွားရှာပါတယ်၊ အဲဒီမှာကျွန်တော်ဆိုလိုချင်တာက အဲဒီခေတ်ကာလက ဆရာဝန်တွေ၊ သူနာပြုတွေက လူနာကိုလူနာလို့ဘဲမြင်ကြပြီး၊ သူတို့ပြောသလိုသာလုပ် ပြန်ပြောတာတွေသိပ်လက်မခံကြသလို ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေ၊ ဆေးရုံအုပ်တွေဆို လူနာရော၊ လူနာရှင်ရောကြောက်ခဲ့ရတဲ့ ကာလတွေပေါ့ဗျာ။
အခုလက်ရှိခေတ်မှာတော့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ အထူးကုစင်တာတွေများစွာပေါ်ပေါက်လို့ရှိနေကြတာ စာဖတ်သူတို့အသိဘဲဖြစ်ပါလိမ့်မယ်၊ တနင်္ဂနွေနေ့မှာ ကျွန်တော် ဆေးစစ်ဖို့ မန္တလေးက မြို့တော်ဆေးရုံ (ပုဂ္ဂလိကနှင့်မြို့တော်စည်ပင်ဖက်စပ်)ကိုရောက်ခဲ့တယ်၊ ဆေးရုံထဲစဝင်ရုံရှိသေးတယ် ဆေးရုံကောင်တာကဝန်ထမ်းကအပြုံးလေးနဲ့ “ဘာများကူညီပေးရမလဲရှင်´´ တဲ့၊ ဆေးစစ်ချင်တာရယ် ဆရာကြီးဒေါက်တာစိန်မြင့်နဲ့ပြချင်တာပြောတော့ သူတို့က စာအုပ်လေးကိုစာရင်းသွင်းပြီး သူနာပြုတစ်ယောက်ဆီ လွဲလိုက်တယ်၊ သူနာပြုဆရာမကလည်း သွေးပေါင်ချိန်ရအောင် ဒီမှာထိုင်ပေးပါဆိုပြီးသွေပေါင်ချိန်တယ်၊ ပြီးတော့လိုအပ်တဲ့နေရာတွေလိုက်ပိုပေါ့ အဲဒီသူနာပြုဆရာမလေး လည်း ပြုံးပြုံးလေးနဲ့ ချိုသာစွာ စကားပြောတာပေါ့၊ ပြီးတော့ ဆရာဝန်ကြီးနဲ့တွေတော့လည်း ဆေးတွေရဲ့အာနိသင်တွေ၊ နေထိုင်ပုံနည်းစနစ်တွေနဲ့ ဆေးပညာအကြောင်းတွေ ရွှင်းရွှင်းဝေအောင် သေချာပြောပြရှင်းပြပြီး စမ်းသပ်တာ အတော်ကြာပါတယ်၊ ကိုယ်ကတောင် ကိုယ့်နောက်က အလှည့်စောင့်နေတဲ့လူနာများရှိရင်ဆိုတဲ့အတွေးနဲ့ စိတ်ထဲအားနာ နေတာ၊ ဆရာဝန်ကြီးကတော့ ခင်မင်ဖော်ရွှေစွာနဲ့ပြောနေလိုက်တာ ရောဂါရှိတဲ့သူတွေ ဆရာဝန်တွေ့လိုက်ရင်ရောဂါ တဝက်သက်သာသွားတယ်ဆိုတဲ့စကားရပ်နဲ့ အညီပါဘဲဗျာ။
ဆေးရုံမှာကိစ္စလေးတွေပြီးလို့ပြန်ခဲ့တဲ့အခါ ကျွန်တော်ငယ်ငယ်က တွေ့ကြုံခဲ့ရတဲ့ ပြည်သူ့ဆေးရုံကြီးဆိုရင် လူတွေကသွားရမှာ၊ ဆေးရုံတက်ရမှာအတော်ကြောက်ခဲ့ကြ သလိုဖြစ်ခဲ့ပေမယ့် အခုများတော့ ပုဂ္ဂလိကဆေးရုံတွေများစွာပေါ်လာလို့ ဆေးရုံ၊ဆေးခန်းဆိုတာကြောက်စရာ သင်္ကေတတွေအစား လူတွေရဲ့ကျန်းမာရေး ကိုကောင်းမွန်အောင် ပြုပြင်ပေးရာစင်တာတစ်ခုလိုတောင် ယူဆလာကြသလို၊ ဆေးရုံ၊ဆေးခန်း ဆရာဝန်ကြီးတွေ၊ ဆရာဝန်၊ ဆရာမတွေ။ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်း တွေကလည်း မိမိဆေးရုံကိုလာသောသူများကို လူနာဟုဘဲမမြင်ကြတော့ဘဲ မိမိထံလာတဲ့ Customer လို့မြင်လာကြ၍ ကောင်းမွန်ပျူဌာစွာ ဆက်ဆံပြောဆိုဆောင်ရွက်ပေးလာလို့ ဆရာဝန်။ ဆရာမနဲ့ သူနာပြုတွေလည်း ဟိုအရင်ခေတ်နဲ့မတူ ခင်တတ် မင်တတ် ဖော်ရွေတတ်ပါတယ်လို့——–။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
11 comments
etone
August 7, 2012 at 4:45 pm
အဟီး ..ဟုတ်ဧ။် .. မှန်ဧ။် …. ။
အထူးသဖြင့် အစိုးရဆေးရုံတွေမှာပေါ့ …. ။ မဖြစ်မနေတာဝန်ကျရာထမ်းရတာကြောင့် …ဆရာဝန်နဲ့ နပ်စ် အများစုက … ဆေးရုံကို လာတဲ့လူနဲ့ ဆက်ဆံရေးကို အလေးမထားကြဘူး …..။ % နဲ့ ကုသခရတဲ့…. ပရိုက်ဗိတ်ဆေးရုံတွေက လူနာတွေလောက်ကိုသာ … အလေးထားဆက်ဆံကြသလိုပဲ ……။
တကယ်လုပ်တတ်လျှင် ကုသိုလ်လည်း ရဝမ်းလည်း ဝတဲ့ အလုပ်ကို …….. စေတနာမပါပဲ ဆေးကုနေကြသူတွေအများကြီးပါ ….. ။
စေတနာမမှန်လျှင် ၊ ဆေးမလိုက်တတ်ဘူးတဲ့လေ …. ။
ko khin kha
August 7, 2012 at 4:48 pm
ပထမဆုံးကွန့်မန်းအတွက် ကျေးဇူးပါ မအိတုံရေ၊
တကယ်လုပ်တတ်လျှင် ကုသိုလ်လည်း ရဝမ်းလည်း ဝတဲ့ အလုပ်ကို —-ဆိုတာအမှန်ပါဘဲဗျာ။
ကြောင်ဝတုတ်
August 7, 2012 at 4:53 pm
Customer Service နဲ့ Professional Service ကို ကွဲအောင်ကြည့်စေချင်ပါတယ်နော်…
အဲဒီကိစ္စမှာ နှစ်ဦးနှစ်ဖက်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ… Service ပေးသူရော… Service အပေးခံရသူရောပေါ့…
နောက်မှရေးပါ့မယ်… အကြွေးမှတ်ထားလိုက်နော်….
ခင်မင်လျက်-
ကြောင်ဝတုတ်
နေဝန်းနီ
August 7, 2012 at 7:04 pm
ဟုတ်ကဲ့ …။ အစိုးရဆေးရုံတွေက အရင်ကထက်ဆိုးလာသလိုပဲနော်…။ ပုဂ္ဂလိက ဆေးရုံတွေကတော့ အဲ ဖွတ်ကလိ ဒင်္ဂါး ကောင်းကောင်းပေးရင် ပိုလို့တောင် ဖော်ရွေပါသေးတယ်…။ အဲ ကုန်ကျတာချင်းတော့ တစ်ခါတစ်လေ အတူတူလောက်ပဲ …။ အဲဒါကြောင့် ကျန်းမာခြင်းသည် လာဘ် တစ်ပါးလို့ ဆိုခဲ့တာလားမသိ…။
etone ပြောသလို
အဟီး ..ဟုတ်ဧ။် .. မှန်ဧ။် …. ။
အထူးသဖြင့် အစိုးရဆေးရုံတွေမှာပေါ့ …. ။ မဖြစ်မနေတာဝန်ကျရာထမ်းရတာကြောင့် …ဆရာဝန်နဲ့ နပ်စ် အများစုက … ဆေးရုံကို လာတဲ့လူနဲ့ ဆက်ဆံရေးကို အလေးမထားကြဘူး …..။ % နဲ့ ကုသခရတဲ့…. ပရိုက်ဗိတ်ဆေးရုံတွေက လူနာတွေလောက်ကိုသာ … အလေးထားဆက်ဆံကြသလိုပဲ ……။) ဆိုတော့ကာ အစိုးရဆေးရုံတွေလည်း % နဲ့ ရကြည့်ပါလား….။
မောင်ပေ
August 7, 2012 at 7:20 pm
ပုဂ္ဂလိက ဆေးရုံတွေလဲ သိပ်မထူးသေးပါဘူး
လာတက်တဲ့ လူနာက ခပ်နွမ်းနွမ်းပုံစံနဲ ့ဆိုရင် ရီဆက်ရှင်းက အစ နှိမ်ချင်တဲ့ လေသံ မျက်လုံး တွေ နဲ ့ပါ
pan pan chit
August 8, 2012 at 11:10 am
ကပေရေ့….
ဒဂယ်ဒေါ့ ခပ်နွမ်းနွမ်းလည်း သည်ပိုက်ဆံ အနှီပိုက်ဆံပဲပေးရတာပါပဲ
တလက်လက်ထနေတဲ့လူလည်း ဈေးပိုပေးနေတာကျလို့
ကိုယ်နေတဲ့အခန်းအလိုက်၊ ကုရတဲ့ရောဂါအလိုက် အခန်းခ၊ ဆေးဖိုး၊ စမ်းသပ်ခ ဘာညာဘာညာ
ပေးနေရတာပဲလေ
အဲ့လို ခပ်နွမ်းနွမ်းဆို အထင်သေးသလိုလို ကြည့်တတ်ပြောတတ်တာက နေရာစုံမှာပါပဲ
အနော်ဆို တခါတလေ အိမ်နေရင်း စုတ်တီးစုတ်ပြတ်နဲ့ လျှောက်သွားတတ်တာ
စင်တာတွေ၊ စတိုးဆိုင်တွေများဝင်လိုက်ရင် တချို့အရောင်းဝန်ထမ်းတွေကြည့်တဲ့ပုံက…. 🙄
ဈေးဝယ်ထွက်တာတောင် ပွဲထိုင်ဒီဇိုင်းများ ဆင်ယင်လာရမလားပဲ 😆
—
မဆိုင်တာဝင်မန့်မိပါတယ်
ကိုခင်ခ ခွင့်လွှတ်ပါတော့ 🙂
ချစ်တိုးလေး
August 7, 2012 at 7:32 pm
Ko Khin kha ရေ ပိုက်ပိုက်ရတာကျကွာတယ်လေနော့ သူတို ့အပြံ ုးကအားကြိံးဈေးကြိံးတာနော့
snow white
August 7, 2012 at 7:33 pm
ပိုက်ဆံဘဲလေ လောကမှာ ရောဂါရှိလို့ ဘယ်ဆေးရုံဆေးခန်းသွားသွားပါ ပိုက်ဆံမရှိဘဲ ဘယ်သူကကုပေးမှာလဲ ခေတ်ကာလ ကြောင့်လည်း ပါတယ် အပြုံးနဲ့တော့ကြိုကျပါတယ် ပုဂ္ဂလိ က ဆေးရုံလည်းငွေရှိရင် စစရာရာ အကုန်အဆင်ပြေပါတယ်။။
pazflor
August 8, 2012 at 1:25 am
ပုဂလိက ဆေးရုံ = ငွေကြောင့်ဖြစ်သောအပြုံး or စေတနာပြုံး
အစိုးရဆေးရုံ = ငွေမရသောကြောင့်မပြုံး or စေတနာ၊မေတ္တာမရှိ၍ မပြုံး ???
လူနာတွေနဲ့ဆက်ဆံနေရတဲ့ ဆေးဝန်ထမ်းတွေအားလုံး စေတနာအစစ်နဲ့ ပြုံးရင် သိပ်ကောင်းမှာဘဲဗျာ
ဦးဦးပါလေရာ
August 8, 2012 at 10:35 am
ဆရာဝန်လဲ လူပဲ။ နာစ့်လဲ လူပဲ ။ ဆေးရုံအပေါက်စောင့်တဲ့ ဒလဝမ်လဲ လူပဲ။
လူဆိုတော့ကာ ကိုယ့်ကိုယ်ကို သိပ် အရေးပါလှပြီထင်လာရင် မောက်မာတတ်တယ်။
၁၉၈၄ တုန်းက အင်မတန် ထင်ရှားလှတဲ့ ဆရာဝန်ကြီးတဦးနဲ့ လူနာအဖြစ် ဆုံဘူးတယ်။
မာရေကြောရေနဲ့ ခက်ခက်ထန်ထန်နဲ့ လူနာကို လူလိုမထင်တဲ့ပုံမျိုး…..
၂၀၁၁ မှာ အဲဒီဆရာဝန်ကြီးနဲ့ မတော်တဆ ပြန်ဆုံမိပါတယ်..။
မျက်နှာထားကကြည်လင်တယ်၊ မျက်လုံးတွေက အေးချမ်းတယ်၊ စကားကချိုသာတယ်၊ ဆက်ဆံမှု့က ကြင်နာနွေးထွေးတယ်၊
ကုလားထိုင်ပြောင်းသွားတော့ လူပါပြောင်းသွားတာ…
အခုမှ ကုလားထိုင်က လှည့်စားဖန်တီးထားတဲ့ အရိပ်ဆိုးတွေက လွတ်မြောက်ပြီး
သူ့ရဲ့ မူရင်း စိတ်သဏ္ဍန်အမှန် ပေါ်လာတာ…….။
ကျုပ်တို့ ဘာကိုအပြစ်တင်ရမလဲ ???
မွန်မွန်
August 8, 2012 at 11:55 pm
ဘာရောဂါဖြစ်ဖြစ် ဆေးရုံဆေးခန်းမသွားဘူး… အသေသာခံလိုက်တော့မယ်… နို့်မို့ဆို အဲဒီပိုက်ဆံကုန်တာကို မြင်နေရတာနဲ့တင် ရောဂါပိုတက်တယ်… တစ်ခါသား သွေးလွန်တုပ်ကွေးဆန်ဆန် နေမကောင်းဖြစ်ပါတယ်… ချုံးပွဲချကို ငိုတာပဲ.. ဆေးခန်းသွားရတာက သောင်းဂဏန်း၊ ရုံးပျက်ရင် အဖြတ်ခံရတာက သောင်းဂဏန်း… စဉ်းစားရင်းနဲ့ မဖြစ်ဖြစ်အောင် ကြံဖန်ပေးရမယ့် အမေ့ကို သနားလာလို့ အသားကုန်ကို ငိုတာ… 🙂
ငွေမျက်နှာက ကြီးပါတယ်ရှင်….