အူးခိုင် နှင့် အိုင်ရှလွတ်

ムラカミAugust 16, 20122min22719

လောကဓါတ်ပညာရှင် အူးခိုင်တယောက် … အခုတလော ..အတော် လက်ဆော့လေသည်…။

သို့သော် ယခု လက်ဆော့နည်းမှာကား … အဆန်းတည်း …။ ထိုလက်ဆော့နည်း ကို

သူတွေးမိသည်မှာကား …ရွာသူရွာသား တို့ ၏ စနက်လည်း မကင်းပါချေ …

 

ဟုတ်သည်….။ ထိပ်ဆုံး ဇနပုဒ်သား ၄-၅ယောက် ကို ပုဂံခေတ် တွင် သွားပစ်ချလိုက်ရာ….ရွာသူား

အပေါင်းတို့က ကနောင် မင်းသားကြီးကို ဖောရိန်းစတာဒီ လွှတ်မယ် ပြောလိုပြော … ဗိုလ်ချုပ်ကို

ကယ်မယ် ဆိုသူဆို ၈လေးလုံးကို ဖျောက်မယ် ကြံသူကြံနှင့် … အူးခိုင် အတွက် အလွန်အင်မတန်

အတွေးအခေါ်အသစ်တွေ ..ကွန့်မြူးစရာ … အိုင်ဒီယာ အသစ်တွေ ရရှိလာခဲ့တော့သတည်း…။

 

သို့သော် သူ ရမ်းသမ်းလည်း မလုပ်ရဲ …။ဘာကြောင့်လဲဆို .. ရှေးက လူတွေကို ပြန်လည် အသက်သွင်း

မိမည်ဆိုပါက .. သမိုင်းအချိုးအကွေ့တွေ အပြောင်းအလဲတွေ ..တွေနှင့် … တလောလေးက …

ဟို ဖုတ်သွင်းစာရေးဆြာ တယောက် သူဆော့နေကျ ဂိမ်းထဲက လို .. လုပ်မှားကိုင်မှား ဖြစ်မိပါက …

အိုင်းစတိုင်းမပေါ်လို့… အဏုမြူဗုံး မပေါ်လျင် မဟာမိတ်တွေ စစ်ရှုံးပြီး အမေဒစ်ကင်န် ခွက်ခွက်လန်

နေမှဖြင့် … သူကိုယ်တိုင်ပင် အနေအစား ကျပ်မည် မဟုတ်တုံလော …။

 

 

သည်တော့ သူတမျိုးကြံ ပြန်သည်..။ ရှေးကလူတွေကို မစမ်းဘဲ ..မရှေးမနှောင်းက လူတွေကို စမ်းမည်

ဟူသတတ်….။ သည်တော့ … သူ မနှစ်တနှစ် က ကွယ်လွန်သွားသော နာမည်ကျော်များကို ..

ဘယ်သူ့ကို အသက်ပြန်သွင်းရမလဲ … လိုက်ရှာကြည့်တော့သည်….။ ထိပ်ဆုံး သူသွားတွေ့သည်မှာ

တမြန်နှစ်က ကွယ်လွန်သွားသော .. King of Pops မိုက်ကယ် ဂျက်ဆင်… အင်း …သည်အကြံ မဆိုး။

သူသည်ပင် နုစဉ်က … မိုက်ကယ်ဂျက်ဆင်၏ Moon Walk ကို မရအရ ကျင့်ပြီး ..လေဒီခိုင် ကို

ပိုးပမ်းခဲ့သေးသည်မဟုတ်ပါလား…။ သူ့ အသည်းစွဲ အဆိုတော် …။ အင်း …လုပ်လိုက်မဟ ..လို့

တွေးပီးကာမှ … တခုလေး သွား စိတ်ထင့်သွားသည်…။ ဟုတ်သည်.. အဲ့လူကြီး အသက်ပြန်သွင်းလိုက်

လို့ ..သူ့ရဲ့ This Is That က ဝက်ဝက်ကွဲအောင်မြင်သွားပြီးသကာလ …ခေတ်ကာလ သားပျို

သမီးပျိုများ၏ အသည်းစွဲ ဖြစ်သော .. လက်ရှိ ကင်းအော့ဖ် ပေါ့ပ်စ် တွေဖြစ်သော ..

ဂျက်စတင် တင်းဘားလိပ် .. ဂျက်စတင် ဘီဘာ စသူတို့ …တစ်ဦးကောင်းဖို့ တစ်ဦးမှာ …ပျက်ရရှာသည်

ဖြစ်ပေအံ့…။ အို … မဖြစ်သေးပါဘူးလေ…။ ဂလိုနှင့် … သူ နောက်တယောက် ပြောင်း စဉ်းစားမိသည်..။

နောက်ထပ် သူ အသည်းစွဲရပါသော ..အဆိုတော်… ဝှစ်တနီ ဟူစတန်….. အဲ …. ဒါလည်းမဖြစ်…

ခေတ်ပြိုင်တွေမို့ …. လေဒီခိုင် မျက်စောင်း အကြောင်း မရွေးတာ သူသိသည်…။ အော်…

လောကဓါတ်ဆြာ ရဲ့ ဗိုက်ခေါက်တွင်လည်း ..အာရုံခံ ဆဲလ်တို့ဖြင့် တည်ရှိ အပ်သည် မဟုတ်ပါလား…။

 

သည်လိုနှင့် .. ကင်မ်ဂျုံအီလ် အစ .. ကဒါဖီ အဆုံး … မထော်မနန်းပင် တွေးမိပြန်သေးသည်….။

အော်… သည်လိုနဲ့ နောက်ဆုံးတော့ … အသင့်တော်ဆုံး လူတယောက်ကို သွားတွေ့လေသည်…။

ဟုတ်သည်..။ သူဆိုလျင်တော့ ..အားလုံးလည်း ဝမ်းသာကြလိမ့်မည် ..ပျော်ရွှင်နိုင်လိမ့်မည် ….။

လောကအကျိုး လည်း သယ်ပိုး ပေလိမ့်မည် ဟု အူးခိုင် ယုံကြည်ပါသည် …။ သူကတော့ …

ပန်းသီး၏ အရှင်သခင် စတိဗ် ဂျော့ဘ်စ် ပင်ဖြစ်သည်..။

 

 

သည်လိုနှင့် အူးခိုင် မည်သို့ လုပ်လိုက်သည် မသိ…။ စတိဂျော့ဘ်စ် တယောက် မသေခဲ့ဘဲ

အကောင်းပကတိ ဖြင့် ..၂၀၁၂ ကို ဖြတ်သန်းလာလေသည်…။

ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း … ယခုနောက်ပိုင်းနှစ်တွေမှာ ..ဆမ်ဆောင်းထုတ် …စက်ရုပ်ဖုန်း

တွေ အလွန် အားကောင်းလာသည်…။ အိပ်ချ်တီစီ နှင့် တခြားသော နာမည်ကျော် မိတ်ကာများကလည်း

စက်ရုပ်မှ စက်ရုပ် ….။ နိုကီယာ က ပြိုင်ဘက်ကြီး မိုက်ကရိုဆော့ဖ် နှင့်ပေါင်းပြီး ပြတင်းပေါက်ဖုန်းတွေ

မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်နေပြန်သည်…။ ပြိုင်ဆိုင်မှုကား အထွဋ် အထိပ် ….။ သူ တခုခုကို မဖြစ်မနေ

လုပ်မှ ရတော့မည်…။ တော်လှန်ပြောင်းလဲရေး …တခုခု ဆိုပါတော့ …။ သို့သော် ဂျော့ဘ်စ် ပဲလေ…။

သိတယ်မဟုတ်လား…။ ထုတ်ကုန်သစ်တခု … ချပြလိုက်ပါပြီ ခင်ဗျား .. iScent တဲ့ ..ဒန်တန့်တန် …။

 

 

စက်ရုပ်ဆြာတွေ ရော .. ပြတင်းပေါက်ဘောင်ပေါ်ထိုင်နေသူတွေပါ .. မျက်လုံးပြူးသွားသည်….။

ဟာ … စတိဗ် ကတော့ လုပ်ချလိုက်ပြီ … ဟုတ်ပါသည်…။ Pixar နှင့် အရုပ် ကို တို့ထိခဲ့သည်။

iTunes နှင့် အသံကို ကလူကြည်ဆယ်ခဲ့ပြီ … iPhone, iPad တို့နှင့် ..အထိအတွေ့ကို တူးဆွခဲ့ပြီးပြီ။

ယခုတော့ အနံ့ အလှည့်ပေါ့ …။ အထူးပြုလုပ်ထားသော ဓါတုဗေဒ မြူမှုန်လေးတွေ ထည့်သွင်း

ပါဝင်သည့် ဖုန်း  ဖြစ်လေသည်…။ တဖက်နှင့် တဖက် လေလှိုင်းမှ တဆင့် ..အနံ့ ထုတ်လုပ်စေနိုင်မည့်

ဖော်မျူလာများကို ဝိုင်ဖိုင် သရီးဂျီ ဖိုးဂျီ ဖိုက်ဂျီ စသော ကွန်ယက်ချိတ်ဆက်မှု တမျိုးမျိုးဖြင့် …

ပို့ပေးပြီး ..တဖက်က ရှူရှိုက် ယုံသာ …။ အံမယ် ..ကြော်ငြာကလည်း ဆန်းသည်…။ တဖက်က

ချာတိတ်ကလေးက သူ့ သူငယ်ချင်းချာတိတ်မလေးကို iLollyPop လေးပို့လိုက် ရာ …တဖက်မှ

လော်လီပေါ့ပ် ရနံ့လေး ခံစား ရှူရှိုက်ပုံမျိုး…။ လူငယ်စုံတွဲအချင်းချင်းလည်း iJasmine တို့.. iLavender

တို့ ခေတ်စားလေသတည်း…။ သက်ကြီးရွယ်အိုများ ကြားတွင်တော့ … iOlive တို့ …iGreenTea တို့မှာ

ထိပ်တန်း …။ အော် ..ခေတ်ကာလက လည်း ရနံ့ကုထုံး အေရိုးမား သာရပီ တွေ ခေတ်စားချိန်ဆိုတော့

ဝက်ဝက်ကွဲ အောင်မြင်လေတော့သတည်း …။ ဒါက စီ-တူ-စီ ..စားသုံးသူအချင်းချင်းကြားတွင်သာ

ဖြစ်သည် ..။ဘီ-တူ-စီ စီးပွားလုပ်ငန်းများတွင်လည်း… မားကတ္တင်း လုပ်ထုံးလုပ်နည်းများ …

တိုးတက် ပြောင်းလဲ လာပေတော့သည်…။ စားသုံးသူတယောက်သည် … အိမ်မှ ထွက်စရာ မလိုဘဲ..

အနီးပါတ်ဝန်းကျင်ရှိ … ကော်ဖီစေ့ များ လက်ဖက်ခြောက်များ ကို အွန်လိုင်းကတဆင့် ..

ပုံသဏ္ဍာ အရွယ်အစား အလေးချိန် ..ဈေးနှုန်း ကိုသာမကဘဲ …ရနံ့ ဖြင့်ပင် စမ်းသပ်ဝယ်ယူနိုင်ပေပြီ။.

ရေမွှေး ဘော်ဒီစပရေး ..ကိုယ်တိုက်ဆပ်ပြာ သွားတိုက်ဆေး လိုးရှင်း ..စတဲ့ တစ်ကိုယ်ရေ နေ့စဉ်သုံး

ပစ္စည်း ရောင်းချသူတွေ လည်း အလုပ်အလွန်တွင်ကျယ်ကြသတည်း …။ စားသောက်ဆိုင်များပင်လျှင်

ဘယ်ဟင်းလျှာ ဘယ်ရနံ့ ဆိုပြီး ကြော်ငြာလာနိုင်ပြီ မဟုတ်တုံလော…။

 

သို့ရာတွင် Nothing lasts forever ပင်တည်း ..။ သည်လောက် ကမာ္ဘ့အဆင့် ကော်ပရိတ်ကြီးများတွင်..

ခြားနားချက် သိပ် ကြီးကြီးမားမား မရှိချေ…။ ကိုယ်တိုင် တီထွင်ဖန်တီးဖို့လည်း ..အချိန်သာပေးပါက

လိုက်လုပ်ပြနိုင်သလို … တဖက်က ဖန်တီးထားသမျှကိုလည်း ..ရီဗာ့စ် အင်ဂျင်နီယားရင်း..နှင့်..

ချက်ခြင်း ခိုးချနိုင်လေသည်…။ ထို့ကြောင့် ဈေးကွက်တွင် မကြာခင်ပင် …SmellyDroid ဆိုသော

ရနံ့ပါ စက်ရုပ် ဖုန်း နှင့် ..။ Windows Fragrance ဆိုသော ပြတင်းပေါက် ဖုန်းတွေ သူ့ထက်ငါ

အပြိုင်အဆိုင် ပေါ်လာကြလေတော့သည်… ။

 

 

စတိဗ်ဂျော့ဘ် ကို သည်လို ကျောလို့ ရရိုးလား ..ပန်းသီး ပဲလေ….။ ဒီအရေတွေကို ပန်းသီးက ကြိုမြင်ထားပြီး

ဖြစ်ပေသည်…။ ဟုတ်သည်… မူလ iScent တုန်းကတော့ ..ဖုန်းမှ ထွက်လာသည့် ပိုက်ကလေးမှ တဆင့်

နှာသီးဝ တွင် ရှူရှိုက်ရသော တကိုယ်ရေသုံး ရနံ့ကလေးများသာ ထုတ်လွှင့်နိုင်ခဲ့သော်လည်း … ယခုမူကား ..

ပြိုင်ဘက်များ လိုက်လုပ်လာကြတာကို အပြတ်ဖြတ်ချသည့်အနေဖြင့် … iScent2_iPad version ကို

ထုတ်ချလိုက်ပေသတည်း…။ ယခုဗားရှင်းတွင်မူ အိုင်ဖုန်းမဟုတ်ဘဲ အိုင်ပက် ထုတ်ရသည်မှာ ..  ထွက်လာသော

ရနံ့ကို ၁ဝပေ ပတ်လည် အထိ ပျံ့ နှံ့ရောက်ရှိစေမည့် ..စနစ်ဖြစ်သည်..။ ကန်မီကယ်လ် အမှုန်ကလေးများ

ထည့်ရန် နေရာစပေ့စ် ပိုမိုလိုအပ်သောကြောင့် ယခုတကြိမ်တွင် ..ဖုန်းမဟုတ်ဘဲ တက်ဘလက် ထုတ်ရခြင်းတည်း။

ထုံးစံအတိုင်း ..စက်ရုပ်တို့ အပျော့တို့ လိုက်လုပ်ကြလေသည်…။ ထိုအချိန်တွင် ပန်းသီးသည် နာနို နည်းပညာ

သုံးကာ iScent2_6GS ဆိုပီး အိုင်ဖုန်းတွင် ၁ဝပေပါတ်လည် အနံ့ထုတ်နိုင်သော ဖုန်း ထုတ်ပြန်လေ၏။

ပြိုင်ဘက်များ လိုက်လုပ်ကြပြန်သတည်း…။ ပန်းသီးကတော့ မဖြုံရေးချ မဖြုံ ….အဘယ်ကြောင့်ဆိုသော်..

သူ့တွင် လျှို့ဝှက် စမ်းသပ်လျက်ရှိသော iTaste ဆိုသော ပရောဂျက် အောင်မြင်ရန် လက်တကမ်းသာလို

တော့သည်မဟုတ်တုံလော …။

 

လုံခြုံရေး တင်းကျပ်စွာ ချထားသော ပန်းသီး ဟတ်ကွာတား ပါလိုအယ်လ်တို ၏ မြေအောက် ၁၂ထပ်

လျှို့ဝှက် စမ်းသပ်ခန်းတွင်ဖြစ်သည်…။ ခေါင်းဆောင်ကြီး ဂျော့ဘ်စ့် နှင့်တကွ ..ထိပ်တန်း သိပ္ပံပညာရှင်များ

ဒီဇိုင်နာများ နောက်ဆုံးထုတ် .. ပရိုတိုတိုက်ပ် ဖြစ်သော iTaste_Phone7 beta ကို စမ်းသပ်နေလျက်ရှိသည်။

အခန်းသည် ..တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော်လည်း …အသံ တမျိုးကတော့ …အဆက်မပြတ်ဆိုသလို ..ဟိုမှ

သည်မှ ..ထွက်ပေါ်နေပါသည်… ထိုအသံမှာကား … ရှလွတ် … တည်းဟူသတည်း …။

ဟုတ်ပါသည်… သူတို့အားလုံး ဟင်းလျာ နှင့် စားသောက်ကုန် … အမယ်များ၏ အရသာဖော်မြူလာ တွေကို

စမ်းသပ်နေကြခြင်း ဖြစ်သည်…။ ဖုန်းမျက်နှာပြင်ကို လျှာနှင့်ယက်လိုက်တိုင်း ..အရသာ တမျိုးမျိုး ခံစားနိုင်အောင်

ဒီဇိုင်းလုပ်ထားခြင်း ဖြစ်သည်…။ အလွန် တံတွေးကုန်သော စမ်းသပ်ချက်ဖြစ်သဖြင့် ..အနားတွင် ရေသန့်ဗူး

လီတာ ၂၀ဝင်များ ..အလုံအလောက်ချထား ရသည်ကိုလည်း တွေ့ရ၏။ လော်လီပေါ့ပ် ယက်မိလို့ … ဆီးချိုရှိသော

သိပ္ပံပညာရှင် ဆေးပြေးသောက်ရသလို … ။ ယိုးဒယား ဂရင်းကာရီနှင့်တိုးသဖြင့် ..လျှာထုတ်ယက်ခတ် သူလည်း

ရှိ၏။ စတိဗ်ဘ် ကိုယ်တိုင်ပင် ….ယမ်းစိမ်း ဝါဆဘိ လျက်မိသဖြင့် မျက်မှန်ချွတ်ကာ မျက်ရည် သုတ်နေရပေသည်။

ဂျိုနသန် အိဗ် တယောက်သာ အခန်းထောင့်မှာ .. စကော့တလန်စမ်းရည် ဖော်မြူလာ လျက်ရင်း အလှမပျက်

အနံ့မထွက်ဘဲ ဂွတ်နေလေ၏။ ဒါတွေကို မြင်နေပြီး ပြုံးနေသူမှာ လောကဓါတ်ဆြာကြီး အူးခိုင် ပင်ဖြစ်တော့သည်။

ဟုတ်သည် ..လောကလူ့ရွာအတွက် သူလက်ဆော့ ..အဲလေ ..သူ့စေတနာရဲ့ အသီးအပွင့်တွေ မဟုတ်ပါလား။

 

 

သို့ရာတွင် .. Nothing Last Forever ဆိုသော လောကဓမ္မတာ အတိုင်း ..ထို အပျော်များသည်လည်း

ရေရှည်မခံခဲ့ပါခြေ…။ ၁ဝပေပါတ်လည် အနံ့ထုတ်သော တက်ဘလက်များ ဟန်းဖုန်းများသည် … ပြဿနာ

တရပ် ဖြစ်လို့လာခဲ့ခြေပြီ …။ ကွန်ပျူတာခေတ်ဦးမှပင် ..စီးပွားရေးလုပ်ငန်းသုံး အပျော့ထည်၊ ထုတ်လုပ်ရေး

အထောက်အကူပြု အပျော့ထည်၊ သင်ထောက်ကူ အပျော့ထည် စသည်တို့ ရေးခဲ့ကြသော အဖြူရောင်

အပျော့ထည် ပညာရှင်များ ရှိသလို … မေးလ်ဝဲလ်.. စပိုင်ဝဲလ် အစရှိသော ဗိုင်းရပ်စ်ရေးသော အမည်းရောင်

အပျော့ထည် ဆြာတို့လည်း မနည်းပေ…။ ရေးချင်ရာရေးပြီး ဒုက္ခပေးလာလိုက်သည်မှာ ကွန်ပူတာသမိုင်း

တလျောက် … မိုက်ကယ်အိန်ဂျလို လည်း မနေခဲ့ရသလို ..ကော်နီကူဗာလည်း နာမည်ယူသုံးခံရဖူးလေသည်။

ယခုလည်း … ရနံ့ခေတ်တွင် ပေါက်ပန်း လေးဆယ် ရနံ့ များထုတ်ပြီး … အမ်အိုင်တီမှ ချာတိတ်များ ..

လက်ဆော့ ပေတော့၏။ ငယ်စဉ်တောင်ကျေးက မူကြိုတွင် မုန့်ထုပ်ဟန်ဆောင်ထားသော အီးဗုံးဖောက်လာသော

ဗရုတ်လေးများ ဖြစ်သလို ဉာဏ်ရည်အလွန်မြင့် ငတိများ ဖြစ်သောကြောင့် iShit, iPee, iSocks စသည်ဖြင့်..

အမ်အိုင်တီ ၏ စာသင်ခန်းများအတွင်း ရနံ့ဆိုးပေါင်းစုံ ကြိုင်လှိုင်နေအောင် လက်စွမ်းပြပေတော့သည်…။

ထိုမျှလောက်ဆို …ပြဿနာ မကြီးသေး …။ များမကြာမီ ထို အပျော့ထည်များ ကမာ္ဘအရပ်ရပ်သို့ ပျံ့နှံ့သွားပီး

မသမာသောနည်းဖြင့် အသုံးချမှုများ ..အလွန်အမင်း များပြားလာခဲ့တော့သတည်း….။

 

 

လောကဓါတ်ဆြာကြီး အူးခိုင်သည် ပြတင်းပေါက် ဗစ်ရှင်း ၂၀၁၉ အမည်တွင်သော ..စမာတ့် နယူးစ့်ပေပါ

(ကိုရင်သံလုံး စကားအရဆိုလျင်တော့ .. ဖုတ်သွင်းသတင်းပေလွှာ) ဖတ်နေသည်..။ သတင်းတပုဒ်မှာ ..

ရှေးဟောင်းသမိုင်းဝင် နေရာတခုမှ ဟော်တယ် တလုံးတွင် မသမာသူတချို့.. iCholoroform သုံး ..မေ့ဆေးပေးပြီး

ဧည့်သည်များကို အိပ်မွေ့ချကာ ပစ္စည်းများ ခိုးယူ သွားကြလေသည်…။ ထို့အတူ …အခြားနိုင်ငံတခုမှ ညကလပ်

အတွင်းတွင်လည်း .. iMorphane အသုံးပြုထားဟန်တူသော လူငယ်တစု ဖမ်းဆီးရမိသည်ဟူ၏။ အခြားသတင်းများ

အားလုံးသည်လည်း စိတ်မသက်သာစရာ…။ မွေးရပ်မြေမှ .. ငတိ အချို့ပင်လျှင် … အိုင်ပဲကြီး-ဆူးပုပ်တူးအင်ဝမ်း

အပျော့ထည် ကို တီထွင်အောင်မြင်သည် ကြားမိ၏။ သည်လိုနှင့် သတင်းစာ ကောက်ချပြီး ရုံးကို

ထွက်လာတော့လည်း…ကားမောင်းရင်း. လမ်းမှာ ရနံ့ ဗရုတ်ဗရက် ကျမှုတွေအတွက် ..ဥပဒေပြုရေး ..အစိုးရက

အရေးပေါ် အစည်းအဝေး ခေါ်ယူနေရပြီ လို့ ထုတ်လွှင့်နေပေသည်..။ အော်… ယခင်ကPublic area မှာ Ringtone

ပိတ်ရသလို ..ယခုလည်း ရနံ့ device တွေ ပိတ်ကြရသည့် ယဉ်ကျေးမှု ဖြစ်လာဦးမှာပါလား..တွေးမိပြန်၏။

အခြားသတင်း တစ်ရပ်ကလည်း …. iSmoke နည်းပညာသာ ယခုထက် ပိုမို တိုးတက်ကောင်းမွန်လာပါက..

မူးယစ်ရာဇာများ ပြန်လည် ခေါင်းထောင်လာမည် စိုးရခြင်း…။ ဘာသာရေး လူမျိုးရေး အစွန်းရောက်များ….

အချက်အခြာကျ နေရာများအား မဟာဗျူဟာမြောက် iAttack လုပ်ကြမည် ကို လူထု နေ့စဉ်နှင့်အမျှ

ပူပန်နေရခြင်း စသည်တို့ကိုသာ အဆက်မပျက် ထုတ်လွှင့်နေလေသည်…။

 

 

အူးခိုင်တယောက် တစုံတခုကို အပြင်းအထန် တွေးနေသည်…။ ဟုတ်သည် …သူ့မျက်စိထဲတွင် ညက ဒိဗ္ဗစက္ခုဖြင့်

သူဖြဲယဲကြည့်ခဲ့သော အိုင်ရှလွတ် လူတစ်စု ကို သွားမြင်လာသည်…။

အနံ့တောင် သည်လောက်ဖြစ်နေကြတာ ..အရသာများ ဆိုပါက ..ဆိုသည့်အတွေးပင်…။

 

Creative destruction သည် ယနေ့ ထိ မှန်ကန်နေဆဲ ဖြစ်သည်…။

Globalization အပါအဝင် Hypercompetition နှင့် Marketing တို့ကလည်း ..

ထိုအချက်ကို ပိုမို ထောက်ကူ အားပေးနေလေသည်..။

ထို့ကြောင့် နည်းပညာသစ်တွေက အလွန့်အလွန် လျှင်လျှင်မြန်မြန်ကြီး

တိုးတက် ဖြစ်ပေါ်လျက်ရှိပေသည်…။မာလတီမီလျှံ ဘစ်ဇနက်တွေကိုး…။

သို့ရာတွင် … တပြားမှ မရသလို အများနှင့်လည်း သဘောထားညှိခံယူရသည့်

Industrial Standard ပေါ်ပေါက်ရေး . Industrial Ethic ထားရှိရေး စသည့်မူပိုင်းမှာမူ

နောက်က ကသောကမျော လိုက်နေရသည့်နှယ်။ ထိုနည်းတူစွာ မူပိုင်ခွင့် ဥပဒေသစ်များနှင့်

တရားဥပဒေပြုရေး တို့ ဆိုမှာလည်း ..အလားတူပင်ဖြစ်သည်…။

 

တွေးရင်း ကျောထဲ စိန့်လာသည်… ဟို အိုင်ရှလွတ် သာ အောင်မြင်သွားပြီး..

Dark Side မှာ သာ အသုံးချကြပါလျင် ...iMurcury တို့ ..iCyanide တို့ နှင့်

တဦးကိုတဦး .. သမကြပါက ……

သူနှင့် ရွာမှ အမျိုးတွေပင်လျင် …. အိုင်ပဒိုင်းသီး နှင့် မတိုးဘူး မပြောနိုင်ပါ …။

 

မဖြစ်ဘူး …မဖြစ် ..မဖြစ်တာမှ လုံးဝမဖြစ်ဘူး ..။ လောက ဘဲလင့်န်စ် ကို ဖျက်လိုက်သလို

လုပ်လို့ လံးဝမဖြစ်ချေဘူး…

 

သူ ဆုံးဖြတ်ချက်ကို အတိအကျ ချလိုက်ပါသည်.. ။ သူရုံးမသွားတော့ဘဲ…

ကားကို ပြန်လှည့်လိုက်၏။ ထို့နောက်တွင်ကား…..သူ စခဲ့သော ဇာတ်လမ်းကို သူပြန်သိမ်းလိုက်ပါတော့သတည်း..။

မျက်မှောက် ၂၀၁၂ သို့ ပြန်သွားပြီး စတိဗ်ဂျော့ဘ် အားလည်း ..၂၀၁၁ တွင်ပင် ထားရစ်ခဲ့လိုက်ခြင်းပင်

ဖြစ်တော့သည်…။ အင်း .. အရာအားလုံးဟာ စနစ်တကျနဲ့ ကစဥ့်ကလျား ဖြစ်ချင်တိုင်း ဖြစ်နေလေ၏ ။

သူ့စရိတ်နဲ့ သူသွားနေတဲ့ လောကကြီးထဲ ကိုယ့်စားရိတ် မထည့်တော့ ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ပီး …

ဘဝကို ကျကျနန ဖြတ်သန်းရန်အတွက် အတိတ်က ဖြစ်ရပ်များကို ပြင်မည် ဆိုသည့် အတွေးကိုလည်း ..

စွန့်လွှတ်လိုက်ပါတော့သည်…။ နောက်ဆုံးတွင်ကား …ထုံးစံအတိုင်း လေးလေးပင်ပင်ကြီး ပြောချလိုက်သည်မှာ…

စနစ်ကြောင့်မဟုတ်ဘူး ..စနစ်ကြောင့်မဟုတ်ဘူး … ဟူသတည်း ….။

 

 

 

 

19 comments

  • Khaing Khaing

    August 16, 2012 at 12:52 pm

    `သက်ကြီးရွယ်အိုများ ကြားတွင်တော့ … iOlive တို့ …iGreenTea တို့မှာ

    ထိပ်တန်း …။ ´ အခုလတ်တလော သုံးနေတဲ့ရေမွှေးက Green Tea ဖြစ်နေတော့ ကိုယ်ကပဲ သက်ကြီးရွယ် အိုစာရင်းအလိုလိုဝင်သွားပါပေ့ါလား ……

    Iရှလွပ်တော့မလုပ်ပါနဲ့ကိုယ်ဆရာ …. ဖုန်းကိုကိုင်တဲ့ ကျုပ်တို့မြန်မာပြည်သူပြည်သားတွေရဲ့လက်က သန့်တာမဟုတ်ဘူးရယ် …. ချွေးတွေချေးတွေနဲ့ ငံကျိကျိအရသာ ရမှာတော့သေချာသဗျို့ …..

  • ကြောင်ဝတုတ်

    August 16, 2012 at 12:59 pm

    ပန်းသီးရဲ့ အိုင်ဖန်တီးရှင်ကြီးဂျော့အလွမ်းပြေလို့ပြောရမလိုပါပဲ…ဂီရေ…
    နောက်နောင်များမှာဖြင့် iPhone ရဲ့ iBeer Application မှာ iSmell နဲ့ iTaste ဖန်ရှင်လေးပေါင်းထည့်ပေးလိုက်ရင်ဖြင့်…
    အိုကွယ်… အိုင်ဖုန်းရှိရင် ဘီယာသောက်လို့ရပြီ….

    ပန်းသီးချစ်သူ-
    ကြောင်ဝတုတ်

  • mocho

    August 16, 2012 at 1:17 pm

    မောင်ဂီ ရေ စိတ် ကူးယဉ် ဆိုပေမယ့် တချိန်ချိန် မှာ မဖြစ်လာနိုင်ဘူး လို့ ပြောလို့ မရဘူး ။
    အစ်မ အမေတို့ ငယ်ငယ် တုန်း ဂျိန်းစ်ဘွန်း ကားတွေ ထဲမှာ မင်း သား က မင်း သမီး နဲ့ ကလူ ကျီစယ် နေတုန်း သူဆရာမ ကြီး က ဖန်သား ပြင် မှာပေါ် လာပြီး အမိန့် ပေး တာ တွေ၊ လျှို့ ဝှက် ကင် မလာ လေးတွေ စတဲ့ သူတို့ အံ့ ဩ ဘနန်းကြည့် ခဲ့ ရ တာလေးတွေ က အခု ဆို လူတိုင်း သုံးနေတဲ့ အရာ တွေ ဖြစ်လို့ နောက် တောင် ကျ ချင် နေပြီ။

  • kai

    August 16, 2012 at 2:03 pm

    ပြောဖူးပါတယ်..
    အားအားနေ.. (ဘာမှလုပ်မရတဲ့)ဘွဲ့ချည်းလှိမ့်မယူကြပဲ… အနံ့ကို.. ပရင်တာနဲ့ရအောင်လုပ်ကြပါလို့..
    အရောင်မှာ… CMYK, RGB လို… အနံ့လည်း.. ဘေ့စ်အနံ့ ၅ခုတွဲလောက်လုပ်ပြီး.. ပရင်တာနော်ဇယ်ကနေ.. နည်းနည်းချင်းထုတ်.. အားလုံး.. ပေါင်းလိုက်ရင်.. နှင်းဆီ..စပယ်.. စသဖြင့်… ပရင်တာက ထုတ်နိုင်ရင်ကို တော်တော်ဟုတ်နေပြီ…
    အရောင်မှာ.. CMYK နဲ့တောင်.. ဓါတ်ပုံကို ထုတ်နိုင်သေးတာ..
    အနံ့လည်း.. ရရမှာပေါ့..ရသင့်တာပေါ့…

    အနံ့ cartridges လေးတွေရောင်းပြီး.. သူဌေးလုပ်ပေါ့…. :mrgreen:

    ဆိုတော့..
    မြန်မာပြည်က.. တယောက်ယောက်.. အဲဒီပရင်တာမလုပ်နိုင်မချင်း.. တိုင်းမရှင်းကို.. ပြန်လှည့် (Rewind ) လုပ်မည်ဖြစ်ကြောင်း.. ကြေငြာအပ်ပါတယ်ခင်ဗျား..

    ဖျောင်းဖျောင်းဖျောင်း..

    • pooch

      August 16, 2012 at 3:01 pm

      အဲ့ဒီ သူကြီးကိုတော့ မနိုင်ပါဘူးတော် …

      အိုင်ရှလွတ်ကြီးက မမိုက်ပါဘူးအေ ။ အာပုုတ်စော်တွေ နံပြီး ရွံ့စရာကြီး ဖြစ်လာမှာ ။

      iScent လေးကမှ ဟုတ်တုတ်တုတ် :mrgreen:

      • Liquid_Sn@ke

        August 16, 2012 at 3:06 pm

        အိုင်ပဲကြီးနဲ့ဆူးပုပ် တူးအင်ဝမ်း ဗိုင်းရပ်စ် ပေါ်မှာ မကြောက်ဘူးလား..?????
        :mrgreen:
        :mrgreen:

        • putoo

          August 16, 2012 at 4:46 pm

          ကြိုက်တယ်ဗျာ .. ကိုဂီ့ စာတွေဖတ်ရတာ .. အရမ်းကောင်းလာတယ်ဗျ .. ဘာတွေစားလို့ဒီလောက်ရေးနိုင်နေတာလဲ … စာရေးတာကောင်းစေတဲ့ iwrite လေးဘာလေးများရှိရင်မျှပါဦး .. ခင်တဲ့ ပူတူး

  • အရီးခင်လတ်

    August 16, 2012 at 4:44 pm

    ဟေ့
    အရီး Avatar ကို တွေ့လား။ သိလား။ ??? 😉

    သွားလေသူကြီး အတွက် အမှတ်တရ ရိုက်ထားတဲ့ Disney•Pixar က ကား။
    Brave တဲ့။
    မနေ့ ကမှ သိလိုက်လို့။
    နောက်တောင်ကျ သွားတယ်။

    ဒါထက် သူကြီးက လဲ အိုင်ဖြစ်သွားပြီလား။
    (အူးခိုင် = iခူး)

  • padonmar

    August 16, 2012 at 7:55 pm

    ကျုပ်တို့လည်း အိုင်ငါးပိထောင်း အိုင်မုန့်ဟင်းခါး အိုင်လက်ဖက်သုတ် ထွင်လိုက်ရင်
    အရီးတောင်းတို့ ပင်ပျိုရွက်နုတို့ မြောင်းမြဒေါ်ချိုတို့ ပြားပြားဝပ်သွားမယ်။
    သဂျီးတို့ရဲ့ လော့ကျတဲ့ အိမ် က သင်္ကြန်ပွဲ အမီ ဖိုးဆိတ်ဖြူခေါ်ပြီး တီထွင်လိုက်စမ်းမယ်။အပ်ချလောင်း။

  • MaMa

    August 16, 2012 at 8:21 pm

    တခါက ကိုယ့်ဘဝမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရမယ်ဆိုရင်-
    ၁။ ချမ်းသာကြွယ်ဝသူ
    ၂။ နာမည်ကျော်ကြားသူ
    ၃။ အလွန်ချောမောလှပသူ
    ၄။ အရူး
    ၅။ ဒီအတိုင်းပဲ ကောင်းပါတယ်….ဆိုပြီး ရွေးခိုင်းတာ
    အဖြေမှာ ဒီအတိုင်းပဲ ကောင်းပါတယ် ဆိုတာကို အများဆုံးရွေးကြတာကို အံ့ဩဖွယ်ရာ တွေ့ခဲ့ရဖူးတယ်။
    အဲသဟာကြောင့်….
    အိုင်းစတိုင်းအိ သီအိုရီများ ..
    ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်များ စသည်ကို အလုံးစုံ တတ်ကျွမ်းနားလည်ပြီးသွားသော ..
    တိုင်းမရှင်း ကို ပိုင်ဆိုင်ပီး ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရနေသော………..
    အူးခိုင်သည်လည်း နောက်ဆုံးတော့ ဒီအတိုင်းပဲ ဖြစ်သွားရပါသော်ကောာာာာာာာာာာ [:D]

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 16, 2012 at 10:46 pm

    ကြိုက်သလိုရေး
    လောလော10
    ဟောင်းတူမိတ်သည်ငပိစ်က ဆုရသွားဘီ
    ကျိုးစား ကျိုးစား
    ကျုပ်လည်း
    ဟောင်းတူငပိဖုတ်နည်းနာနိဿရကျမ်းကြီးရေးဆွဲမလားအောက်မေ့ဒယ်
    ဘဲ့နဲ့လဲ
    မားကက်တင်းတွက် တာဝန်ယူမလား? 😀

  • ပစ်ပစ်ချန်

    August 17, 2012 at 10:49 am

    အိုင်ရှလွတ်ပီးတော့ အိုင်တို့၊ အိုင်ထိ စသဖြင့် အထိလေးတွေထိပါဆက်သွားရင် နားကားဘီနော် 😆

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 11:31 am

    အဲ့ အိုင်ရှလွတ် ဂျီးသာ ပေါ်လာခဲ့ရင် ..
    ဘာမှ လုပ်နေဘူး ..
    ဟိုဆိုင် ဒီဆိုင်တွေက အစမ်းမြည်းလို့ရအောင်
    အွန်လိုင်း တင်ထားတာတွေကို ထိုင်မြည်းပြီး ဗိုက်ဖြည့်လိုက်မယ် ..
    အကုန်အကျ သက်သာအောင်လို့ … 😀

    ပြောလို့ရဒါဟုတ်ဘူး ..
    အဲ့လို ဟာဂျီးတွေက နောက်များ တကယ် ပေါ်ချင်ပေါ်လာမှာနော့ ..

  • shwe kyi

    August 17, 2012 at 12:21 pm

    ပစ်ပစ်ချန်ရေ စိတ်မပူနဲ့ အိုင်ကာဗာ၊ အိုင်ဒဖန့် တွေပါထွင်ခိုင်းလိုက်မယ်။ 🙂

  • ဂန္ဓာရီ ဆြာအုပ်

    August 17, 2012 at 12:41 pm

    အိုင်ရှလွတ် သာပေါ်လာလို့ကတော့ ဟွန်းဟွန်း
    အကုန် ရှလွတ် ပလိုက်မယ်

  • Novy

    August 17, 2012 at 4:06 pm

    ဂီဂီလဲ …. အိုင်ပဒိုင်းသီး နှင့် မတိုးဘူး အောင်ရှောင်နော်

  • nature

    August 17, 2012 at 4:36 pm

    တော်တော်လေးစိတ်ကူးဆန်းပြားပြီးကောင်းမွန်တယ်။ ငယ်ငယ်တုန်းက မောင်တီထွင်တို့ တီထွင်မှုပါရဂူဖိုးဆိတ်ဖြူတို့ဖတ်ခဲ့တာကို ပြန်သတိရမိတယ်။ 🙂

  • ကြောင်ကြီး

    August 20, 2012 at 7:54 am

    အိုင်လဗြွတ်သာ ထွင်နိုင်သွားလို့ကတော့ ငါဟိုဒင်းအတု စက်ရုံထောင် စီးပွားရှာဖို့အကြံ ပျက်ပါပြီ..။ မဖြစ်ချေဘူး မြန်မြန် အကောင်အထည်ဖော်မှ… အဲဒီအတုပစ္စည်းကြော်ငြာ ရွာထဲမှာ ကြော်ငြာလို့ရသလားဗျို့…

Leave a Reply