တို့ပြည် တို့မြေ ငြိမ်းချမ်းပါစေ ..

ငြိမ်းချမ်းပါစေ ..
လက်တွေတွဲလို့ ဆုတောင်းနေကြတယ်..။

လျှပ်တပျက် အဖြစ်အပျက်တွေ အားလုံး
အသက် ဖက်နဲ့ ထုတ်ရတဲ့ ဘဝတွေ ရောက်ကုန်ရောလား..
ဘယ်သူ့ကို အပြစ်တင်ကြမလဲ .. ဘာကိုများ တောင့်တနေကြမလဲ ..
လက်တွေတွဲလို့ တို့တွေ ဘုရားထံ လှမ်းဆုတောင်း ..
ငြိမ်းချမ်းပါစေ .. မြန်မာပြည် ..။

လက်တွဲတွေ ဖြုတ်ဖို့ ကြိုးစားနေတဲ့ လူတွေက
အရှက်တကွဲ ဖြစ်မယ့် အရေးကို
သူတို့ နိုင်ငံတွင်းမှာကျတော့ ..
တရားမဝင် နောက်ဆုံးပေါ်လက်နက်တွေနဲ့ နှိမ်နင်း
အချင်းများရုံ သိသာနေတဲ့ အရေးတွေကျ ..
လူ့အခွင့်အရေးဆိုပြီး ဒီအထိ လာအော်တယ်..
တရားခွင်က ချိန်ခွင်ဆို ..
ဈေးထဲက ငါးသည်လောက်တောင် ..
အလေးပြည့်ပါဦးမလား..။ 

ပိုင်နက်တွေ စွန့်လွှတ်ရပြီ ..
လွတ်လပ်ခွင့်တွေ ဆုံးရှူံးရတယ် ..
ကျောင်းနေအရွယ် ကလေးတွေ ထိတ်လန့်နေကြတယ်..
ပညာရှာဖို့ သေနတ်သံတွေကို နားစွင့်ရတယ်..
အထိတ်တလန့် ပြေးလွှားရင်းနဲ့
မှတ်စုတွေ ရေးမှတ်ကြတယ် ..
ဟေး … လို့ အော်တာချင်း အတူတူ ..
အောင်မြင်မှုအတွက် ကြွေးကြော်ခြင်း နဲ့
နာကျင်မှုအတွက် ညည်းအော်သံကြား ..
ကွာခြားပါတယ်..
နောင်လာမှာ ဘာမှန်း မသိတောင်မှ
အားလုံးက မြန်မာ့ ငြိမ်းချမ်းရေးကို တောင့်တကြမှာ ..
အခါခါ ဆုတောင်းနေကြတဲ့ အသံ ..
တို့ကိုယ်ပိုင် အလံ ထူထားတဲ့  ..
တို့ပြည် တို့မြေမှာ ..
ငြိမ်းချမ်းပါစေလေ.. ။

 

း( း( း( း( း( း(
တစ်ဇောက်ကန်း

 

4 comments

  • ဦး ဂျစ်

    August 18, 2012 at 9:10 pm

    ဘာသာပြန်ပေးရင် သိပ်ကောင်းမှာပဲ …
    ကိုယ်တွေက ဖတ်ပေမဲ့ မသဲကွဲဘူး ဖြစ်နေတယ် …
    ကျုပ်မလဲ ညံ့ပီးရင်းညံ့သလိုဖြစ်နေပြီ …။

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 18, 2012 at 11:22 pm

      ခေါင်းစဉ်လေး အတိုင်းပါပဲဗျာ ..။ ငြိမ်းချမ်းမှုကို လိုချင်တဲ့ သဘောဆန္ဒလေး ကို ထုတ်ပြတာပါ ..။ သေချာ ပြန်ဖတ်ကြည့်ပါ ..။ ငြိမ်းချမ်းမှုအတွက် မငြိမ်းချမ်းမှုတွေကြားထဲက သဘောဆန္ဒလေးတွေကို ထုတ်ပြရုံပါ..။

  • မောင်ပေ

    August 19, 2012 at 1:51 pm

    အခုဆိုရင် မိုးတွေအရမ်းကြီးလို ့ရေတွေလဲကြီးကုန်ပြီ
    ပြည်တွင်းစစ်များအမြန်ဆုံးရပ်ပြီး ၊ တစ်နိုင်ငံလုံး အေးချမ်းပါစေ

  • YE YINT HLAING

    August 20, 2012 at 6:38 am

    ပြောချင်တဲ့ အရာအားလုံး ကို ခြုံပြီးရေးသွားတာပဲဗျ ! ကျောင်းတွေတော့ ပြန်ဖွင့်နေပါပြီ ။ မိဘတွေ က စိတ်မချနိုင်သေးတော့ ကျောင်းမလွှတ်နိုင်ကြသေးဘူး ။ ဒီလေးငါး ခြောက်နှစ် အတွင်းမှာ အောက်ပိုင်းက လူတွေ မုန်တိုင်းဒဏ် ခံရသလို ဟိုးအထက်ပိုင်းမှာတော့ စစ်ဘေးစစ်ဒဏ် ခံနေရတယ် ။ အနောက်ပိုင်းမှာ ရိုဟင်ဂျာအရေးကနေ ဟောအခု မိုးခေါင်ရေကြီးမှုတွေက ဖြစ်လာပြန်ပြီ ။ မြန်မာပြည် အလယ်ပိုင်း မှာ မိုးနည်းခဲ့လို့ စိုက်ပျိုးရေး အလုပ်မဖြစ်ခဲ့သလို ခု ရေကြီးလို့ လယ်တွေ ရေမြုပ်ကုန်ပြန်ပီ ။

Leave a Reply