၈၈၈၈ အရေးတော်ပုံကြီးမှာ ခေါင်းဆောင်များက အနိုင်ဂိုးမသွင်းနိုင်လေတော့ ၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့မှာ စစ်တပ်က ဒိုင်ပွဲရပ်နဲ့ အာဏာသိမ်းပါတယ်။ ကျောင်းတွေလဲ အကန့်အသတ်မရှိပိတ်၊ တစ်နိုင်ငံလုံးလဲ ကာဖျူးထုတ်၊ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်းတွေကိုလဲဖြုတ်၊ ထောက်လှမ်းရေးက လူဖမ်းပွဲကြီး စပါတော့တယ်။ ဒီကြားထဲ မိုင်းယန်း နဲ့ မဲသဝေါ တိုက်ပွဲကြီးတွေ ဖြစ်တော့ ညဘက် ကာဖျူးဖောက်တဲ့ လူတွေ၊ ထောင်သားတွေကို ပေါ်တာဆွဲပါတော့တယ်။ နယ်မပြောနဲ့ ရန်ကုန်မှာတောင် ပေါ်တာဆွဲပါတယ်။ စီးကမ်းဖောက်တဲ့လူတွေကို စစ်သားတွေက တွေ့ရာနေရာမှာ နဘန်ကျင်း၊ ဒိုက်ထိုးခိုင်းနဲ့ ဗျောင်းသတ်နေတာပေါ့ဗျာ။ အဲဒီတုန်းက လူတိုင်းနားထဲမှာ ညဆို “ဒို့အရေး” အသံတွေ ကြားယောင်နေတာ တော်တော်နဲ့ မပျောက်ဘူးဗျာ။
ကျောင်းသားတွေလဲ နီးစပ်ရာလက်တို့ပြီး တောခိုကြတာပေါ့။ ဘာရမလဲ မောင်ကျောက်လဲ တက်ကြွတဲ့ကြက်ဖ ဆိုတော့ လှုပ်စိလှုပ်စိ လုပ်လိုက်တာ၊ မယ်တော်ကြီးက ဖမ်း ခြင်းထဲထည့်ပြီး မြိုင်ရပ်ကိုပို့လိုက်ပါတော့တယ်။ အဲဒိခေတ်က ပုသိမ်တို့၊ လပ္ပတာတို့ ဆိုတာခုလို ကားလမ်းမရှိသေးပါ၊ ဒီတော့ မော်တင်ဆိပ်ကနေ သင်းဘောစီးရသပေါ့။ စားစရာ ရိက္ခာ အစုံအလင်ထည့်ပြီး နေ့လည် ၂နာရီ လောက်က မော်တင်ဆိပ်က ထွက်တာ နောက်နေ့ ညနေ ၄နာရီ လောက်မှ လပ္ပတာကို ရောက်ပါတယ်။ လပ္ပတာမှာ အကိုတော်များက မော်တော်နဲ့စောင့်ပြီး ရွာကိုတန်းခေါ်သွားတာ ၆နာရီထိုးတော့ ရွာရောက်ရော။
ရွာရောက်တော့ မောင်ကျောက် လဲ စိတ်ဓတ် အပုံလိုက်ကျသွားတယ်။ ရွာက ပြန်မလော့မြစ် ဘေးက ရွာတန်းရှည်လေးပါ၊ တစ်ရွာလုံး တံငါနဲ့ လယ် ဘဲလုပ်ကြပါတယ်။ အဲဒိ ရွာသိန်ရွာငယ်လေးကနေ နဲနဲပညာတတ်ပြီး နိုင်ဂံဂျား ရောက်ဖူးတာဆိုလို့ မောင်ကျောက် ဘခင်ကြီးနဲ့ အဒေါ်ဝမ်းကွဲ နာစ်မ အပျိုကြီးဘဲ ရှိပါတယ်ဆိုတော့ မိန်းမကြောက်ရတဲ့ ကျောက်ရဲ့ ဘခင်ကြီး ဟာ အဲဒီရွာမှာတော့ ဩဇာရှိ လူကြီးမင်းပေါ့။ တရွာလုံးက အမျိုးချည်းဘဲ၊ မောင်ကျောက် ကို မမြင်ဘူးလို့ မှန်အိမ်ထွန်းပြီး ဝိုင်းကြည့်ကြတာ လူစင်စစ်ကနေ မျောက် ဖြစ်တယ်ဗျာ။
နောက်နေ့မနက် ပါလာတာလေးတွေ လက်ဆောင်ပေးဖို့လုပ်တော့ လာလိုက်တဲ့ နှပ်ချီးဘေးထူနဲ့ ဘုစုခရုလေးတွေဗျာ၊ မေးကြည့်တော့ မောင်ကျောက်ရဲ့ တူ တူမလေးတွေပါတဲ့၊ သကြားလုံး ၆ထုပ်ဟာ ပြိုက်ကနဲဘဲ။ ဘ့ယ်နှယ် နဲနဲ လူပျိုဘော် အပျိုဘော်ဝင်တာနဲ့ ယူမယ် ဆိုတာချည်းပဲဆိုတော့ အတန်းပညာမတတ်ကြတာ မဆန်းဘူးပေါ့။ အဲ အဲ ငါးရှာ ဖားရှာတော့ လာမယှဉ်နဲ့ အားလုံး ဆရာတွေချည်းဘဲ။ အဲသည့် အချိန်တုန်းက ရွာမှာ လဖက်ရည်ဆိုင်မရှိ မုန့်ဆိုင်မရှိ ဆိုတော့ မောင်ကျောက် ခညာ ထမင်းဘဲလှိမ့်စားပြီး ခလေးတရုံးရုံး ခွေးတစီစီနဲ့ပေါ့ဗျာ။
အနှီ သောက်ခလေးများကလဲ ဒေါက်ဖြုတ်သဗျ၊ တရက်သား ဘောင်းဘီတိုနဲ့ ရွာလယ်ထွက်လာတာ “ဟိုဦးလေးကြီး ပုဆိုးလဲမပါဘူး” ဆိုလို့ အရှက်ကွဲပြီး အိမ်ပြန်ပြေးရသဗျ။ သူတို့ အဖေတွေက ဘောင်းဘီတို ကို ပုဆိုးအောက်ခံ ဝတ်တာကိုး။
အနှီ ရွာကလေးမှာ မောင်ကျောက် တစ်ခုသတိထားမိတာက ရွာစောင့်နတ်ရဲ့စင်ဟာ စုတ်ပြတ်နေတာပါဘဲ။ လူတွေက ခွေးစာကြွေးရင် နတ်စင်အောက်မှာ လာကြွေးကြပါတယ်။ ပူဇော်ပသတာ၊ ရိုသေတာလဲ မတွေ့ဆိုတော့ အဲသည့်ရွာရဲ့ ဓလေ့ဆန်းကို စပ်စုမိပါတော့တယ်။
ရွာကလေးက ရွာသိန်ရွာငယ်ဆိုပေမည့် သက်တမ်းတော့ ရာကျော်နေပါပြီ။ ဟိုးနှစ်ပေါင်းများစွာက ရွာစောင့်နတ်ဟာလဲ အတော် တံခိုးထွားပါသတဲ့။ ရွာစောင့်နတ် ဝင်ပြီဆိုရင် ရွာသားအစ ရွာဦးဘုန်းကြီးအဆုံး ကြောက်ပါသတဲ့။ ကြောက်မှာပေါ့၊ ရွာစောင့်နတ် က သူဝင်ရင် အကုန် ” ပွါ ” တာလေ။ ဘုန်းကြီးပိုက်ဆံငွေတိုးချတာ၊ တခါတလေ ညစာခိုးစားတာက အစ၊ ဘယ်သူ အိမ်အောက်မှာ ရွှေမြုပ်တာအလယ်၊ ဘယ်ကာလသားက ဘယ်သူ့အိမ်ခိုးတက်တာအဆုံး၊ သူမကြည်ရင် ခရေစေ့တွင်းကျ ” ဖွ ” ပါတော့တယ်။ သူပြောတာတွေက မှန်နေတော့ ငြင်းလို့လဲမရ၊ ကာလသားတွေလဲ ဒုတ်တပြက် ဓားတပြက်ဖြစ်ကြပေါ့။
အဲဒီတော့ သူ့ကို နတ်စင်ကြီးကြီးနဲ့ စားဦးစားဖျား ဆက်ပြီး တစ်ရွာလုံးက ” သ ” ထားရပါတော့တယ်။ ကာလသားများတောင် မထေမဲ့မြင် မပြုရဲခဲ့ကြပါဘူး၊ မဟုတ်တာလုပ်ချင်ရင် သူ့ကိုအရင်ဆုံး ” ပသ ” ပြီးနှုတ်ပိတ်ရတာကိုး။ ဒီကြားထဲ နဲတယ်ထင်ရင် ” တဟင်းဟင်း ” နဲ့ ကြိမ်းသေးတာ။ ဘုန်းကြီးတောင် ” ကျွတ်ကျဲ ” ရတာဆိုတော့၊ ရွာသားတွေကတော့ မေးစရာမလို ပေါ့ဗျာ။
ဟဲ ဟဲ ဒီရွာစောင့်နတ်လဲ ကြမ္မာငင်တော့ လွတ်လပ်ရေးရအပြီး ပြည်တွင်းသောင်းကျန်းမှုကာလမှာ တရက်သား သူပုန်က ရွာကိုဝင်စီးပြီး တစ်ရွာလုံး မီးတင်ရှို့လိုက်ပါတယ်။ တရွာလုံးလဲ ရရာအထုပ်ဆွဲပြီး ဘေးလွတ်ရာပြေးရတာပေါ့ဗျာ။ သူပုန်တွေထွက်သွားမှ ရွာသားတွေလဲ ရင်ဘတ်စည်တီး မီးလောင်ထားတဲ့ရွာကို ပြန်လာကြတာပေါ့။ လူစုံတော့ ရွာစောင့်နတ်က ရွာသူတစ်ဦးကိုဝင်ပူးပြီး တစခန်း ထပါတော့တယ်။ အကြောင်းကတော့ သူ့နတ်ကွန်းလဲ မီးထဲပါသွားလို့ ပြန်ဆောက်ပေးဘို့ပါ။
” တင်း ” နေတဲ့ ရွာသားတွေလဲ သူ့ကို သူပုန်လာတာ ရွာကို မကာကွယ်ရကောင်းလားဆိုပြီး ဝိုင်းအပြစ်တင်တော့ ” ဟဲ့ ငါလဲကြောက်တာပေါ့၊ ဟိုက မီးပေါက် (သေနပ်) တွေနဲ့ ပစ်ပြီးလာတာ၊ ငါတောင် ကန်သင်းရိုးဘေး ဆင်းဝပ်နေရတာ ” လို့ နတ်သံနှော ပြောပါသတဲ့။ ဒီမှာတင် ကာလသားခေါင်း ” ဖိုးတင်မောင် ” က ” လူတွေတောင်စားစရာ မရှိတာ၊ ဒီလောက် သောက်သုံးမကျတဲ့နတ်၊ ပြန်ဆောက်မပေးနိုင်ဘူး ” လို့ တွယ်ပါလေရော၊ နတ်ကလဲ ငိုကြီးချက်မနဲ့ ” တင်မောင် ရယ် ငါ့ကို မရက်စက်ပါနဲ့၊ နင်တို့ စားကြွင်းစားကျန်သာကြွေးပါ ” လို့ တောင်းပန်ပါလေရော။ နောက်ဆုံးတော့ ရွာလူကြီးတွေညှိပေးတာနဲ့ အခုနေရာမှာ ဖြစ်သလိုလေး နေရာ ပြန်ပေးလိုက်ပါသတဲ့။
အဲဒီထဲက နတ်လဲ အသံတိတ်သွားလိုက်တာ ပင့်မေးရင်တောင် ” တင်မောင် ငါ့နတ်ကွန်းကို ဓားနဲ့ခုတ်လိမ့်မယ် ” ဆိုပြီး မပြောတော့ပါဘူး၊ ဖိုးလေးတင်မောင် က ” ဖွ ” ရင် ” ဓားနဲ့ခုတ်မယ် ” လို့ ကြိမ်းထားတာကိုးဗျ။ ဟီး ဟီး ” နာဂစ် ” ဝင်တော့ နတ်လဲ ဘယ်မျောသွားလဲ မသိဘူး……
ရွာကလေးလွမ်းလိုက်တာ၊ ခုတော့ရွာကြီးလဲဖြစ် ရွာသားများထဲ ဘွဲ့ရသူတွေလဲ ရှိလာပါပြီ။
Post Views: 275
11 comments
မဟာရာဇာ အံစာတုံး
August 18, 2012 at 6:59 pm
ဦးကျောက် သုံးထားတဲ့ စကားလုံးလေးတွေက မိုက်သဗျ ..
ဒီထဲမှာ “ပွာ” ဆိုတဲ့ စကားလုံး ကျုပ်တို့ ရွာဘက်မှာလည်း သုံးတယ်ဗျ ..
မင်းကလည်း “ဖင်ပွာ” လိုက်တာ လွန်ပါရော …
ဆိုပြီး ကြောက်တဲ့အခါမျိုးမှာ သုံးတာဗျ ..
အကို တစ်ယောက်က ဟာသ ပြောခဲ့ဖူးတယ်
၈၈ မှာ ဒို့အရေး ဆိုတုန်းက .. တဲ့
အခြောက်တစ်ယောက်က မပြောတော့ ..
ဟေ့ အခြောက် မင်း ဘာလုပ်နေတာလဲ ..
သူများတွေ ဟိုမှာ ကြွေးကြော်နေပြီလို့ .. ဆိုတော့ …
အခြောက်လည်း ကြောက်ကြောက်နဲ့ ဟောဒီလို ကြွေးကြော်လိုက်တယ် ဆိုပဲ ..
“တို့ .. အရေး ပါဆို ..” 😀 😀
မောင်ပေ
August 18, 2012 at 7:35 pm
ဟားဟား
လူကြမ်းတော့ နတ်လဲပြေးပေါ့
ဒီလိုဇါတ်လမ်းမျိုး ဦးကျောက်ခဲရေးပြမှ ဖတ်ဖူးတော့တယ်ဗျာ ။ ဖတ်လို ့လဲ ကောင်းတယ်
နောက်ထပ်အဖြစ်လေးတွေကိုလဲ ထပ်ရေးပေးပါဦးဗျ
ဦး ကျောက်ခဲ
August 18, 2012 at 9:09 pm
ကွန်မန့်ပေးသွား ကိုအံဇာနဲ့ ဆရာပေကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော်လဲ အားတုန်းလေး ငယ်ငယ်တုန်းက အကြောင်းရေးတင်တာ သတ်ပုံ အမှား တော်တော် ပါသွားတယ်။ သီးခံပါဗျိုး
မိုက်ကယ်ဂျော်နီအောင်ပု
August 18, 2012 at 11:37 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးအင်းးးးးးးးအင်းး
နာဂစ်ဆိုတာကို တည်ပြီးပြောရရင်တော့
သဘုံတွေရွာဝင်ပီး မီးရှို့တာကတော့ မြစ်ကျွန်းပေါ် မဖြစ်လောက်ဘူး
ကရင်ပြည်နယ်မှာတော့ သဘုံမီးရှို့လို့ ရွာလုံးကျွတ် ပျာကျတာ ရှိလူးသပေါ့
kai
August 19, 2012 at 2:08 am
ဦးနုလက်ထက်..ရန်ကုန်အစိုးရလို့တောင် ဖြစ်ဖူးတယ်လေ..
မြစ်ဝကျွန်းပေါ်က.. သူပုန်တွေလက်ထဲကျဖူးပါတယ်..
ကရင်တွေပေါ့…
ဆိုတော့…
ပို့စ်ရဲ့လမ်းပေါ်ပြန်တက်ရရင်..
အရေးကောင်းသမို့.. ရွာတောင်လည်လည်သွားချင်စိတ်ပေါက်သွားတယ်..။
စကားအတင်းစပ်ပြောရရင်..
၈၈အရေးတော်ပုံကာလက.. ကျောင်းသား/အရပ်သားတွေ.. တောထဲပြေးအောင်.. တမင်လုပ်ထားလိုက်တာဗျ..
ထွက်ပေါက်ကလေးတွေ” ဟ” ပေးထားတာပေါ့..
စစ်(သား)ရဲ့..ဗျုဟာဖြစ်ပါကြောင်း..နောက်မှသိကြသဗျ…
ဦး ကျောက်ခဲ
August 19, 2012 at 12:14 am
တကယ်ပါဗျာ KNDO ခေတ်တုန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်က အဲဒီရွာလေး ပြာကျဘူးပါတယ်။ နာဂစ် လဲ ခံလိုက်ရတာဘဲ။
မိုးတိမ်
August 19, 2012 at 10:15 am
ဦးကျောက်ခဲရေ
အဲဒါ တန်ခိုးကြီးတဲ့နတ်မဖြစ်နှိုင်ဘူးခင်ဗျ။
ကျွန်တော့အထင်(တစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင်)ပြိတ္တာတစ်ကောင်ပါပဲဗျာ။
အဆင့်အတန်းမြင့်တဲ့ ရုက္ခစိုးလို ပုဂ္ဂိုလ်မျိုးက သူ့ကံအရ နေစရာ၊စားစရာ မပူရပါဘူး။
လူတွေပေးမှကျွေးမှစားရနေရတာကို ပူဇော်မှု့မလုပ်သင့်ပါ။
အင်းလေ အရိုးစွဲနေတဲ့ ဓလေ့တွေရှိနေတော့လဲ ထေရဝါဒသာသနာအတွက်
ပိုမိုစိုးရိမ်မိပါကြောင်းးး
ဘာပဲပြောပြော ဦးကျောက်ခဲရဲ ့အရေးအသားကတော့ ချီးကျူးပါရဲ ့ဗျာ။
ဆက်ရေးပေးပါ အားပေးနေပါတယ်……..
သမာဓိ
August 20, 2012 at 12:35 am
အရေးအသားကော.. အကြောင်းအရာပါ..
အလွန်ကောင်းပါတယ်ဗျာ..
Shwe Ei
August 20, 2012 at 11:00 am
ဂလိုလူတွေရှိအုံးမှလဲ နတ်ကိုးကွယ်တဲ့စနစ်ပပျောက်မှာဗျ။ မဟုတ်လို့ကတော့ အပိုတွေကုန်တာ မနဲမနောကို အဟုတ်မှတ်နေကြတာ။ ဆိုးတယ်။
ကြောင်ကြီး
August 25, 2012 at 10:43 am
ကျနော်တို့ ရွာစောင့်နတ်က သဂျီးဦးခိုင်ဗျ… သူပုန်တွေ ရွာဝင် မစီးသေးလို့ ထောင်ထောင် ထောင်ထောင် လုပ်နေတယ်။ တရုတ်သဗုံ ကြေးမုံဂျီးကို မြှောက်ပေးအုံးမှပဲ.. ဗိုလ်ကြေးမုံဂျီး သတ္တိရှိရင် ရေကာတာ မဆောက်နဲ့၊ ဂေဇက်ရွာ ဝင်စီးပြပါ။ 😀
Foreign Resident
August 25, 2012 at 2:23 pm
ရွာသူားတို့ ရယ် ။
အဘ ကလေ ငယ်မိုက်တုန်း အရွယ်ကလေ ၊
ပုပ္ပါးတို့ ၊ ကျိုက်ထီးရိုးတို့မှာ တွေ့တွေ့သမျှ နတ်ကွန်း အကုန် ဆဲ ခဲ့တဲ့သူပါ ။
ဆီးသွားချင်ရင်တောင် အောင့်ထားပြီး အပင်ကြီးတွေမှ ရွေးသွားခဲ့တာပါ ။
အပင်ငယ်က နတ်ငယ်လေးတွေကို ဘက်မတူဖူးထင်လို့ သနားလို့ ၊ မပန်းခဲ့တာ ။
ဒါပေမယ် ၊ အခုအရွယ်မှာ ၊
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး နားလည်လာတဲ့အချိန်မှာတော့ ။
နတ် ကိုးကွယ်တာကလည်း သူ့ရဲ့ ဘာသာရေး လွတ်လပ်ခွင့်လေ ။
ဘာဖြစ်လို့ ၊ နတ် ကိုးကွယ်တာက ဗုဒ္ဓ ဘာသာထက် နိမ့်တယ်လို့ ၊
ထင်မြင် ပြောဆို လှောင်ပြောင် ကြရတာလည်းကွယ် ။
မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် မရှိကြောင်းကို ၊
ထင်ထင် လင်းလင်း ကြီး သက်သေပြနေကြတာလားဟင် ။
စဉ်းစားကြပါအုန်းကွယ် ။