“အလွမ်းပုရပိုဒ်မှာ အတောင်ခတ်ခွင့်မရှိတဲ့ ငှက်”

 

အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် သက်တန့်တစ်ခုက အလွမ်းဟု ကြေငြာစာတမ်းထိုးလိုက်ပါပြီ။ ဟုတ်ပါသည်။ ကျွန်တော် သူ့ကို လွမ်းပါသည်။ ထိုအလွမ်းကို နေဝင်ချိန်များက အသိအမှတ်ပြုကြသည်။ အိပ်တန်းတက်ငှက်တို့က အသိအမှတ်ပြုကြသည်။ လေတိုက်ရာ ယိမ်းထိုးနေသော သစ်အိုပင်ကြီးများက အသိအမှတ်ပြုကြသည်။ ကုန်ကုန်ပြောရပါလျှင် ရေကန်များ၊ အင်းအိုင်များ၊ တောင်တန်းများ အားလုံးက အသိအမှတ်ပြုလိုက်ကြသည်။

ထို့ကြောင့် ကျွန်တော်က သူ့ကို လွမ်းပါသည်။ ကောင်းကင်နှင့် မလွတ်သော ကြယ်များက ခေါင်းငြိမ့်ထောက်ခံကြသည်။ နာရီလက်တံများက နောက်ပြန်ဆုတ်ရင်း အရည်ပျော်ကျသွားကြသည်။ သို့သော် သူကတော့ ကျွန်တော်ဆီ ရောက်မလာ။ ကျွန်တော် ထပ်ဆင့် လွမ်းရပြန်သည်။

ကျွန်တော်က အလွမ်းတွင် အက္ခရာမပါဘဲဖြင့် ဘဝဟူသော ဝါကျကို တည်ဆောက်ခဲ့သည်။ ပင်လယ်များက ကျွန်တော့်အတွက် ငိုကြသည်။ ကမာ္ဘက ကျွန်တော့်အတွက် မိုးချုပ်ပေးသည်။ နှစ်ဆယ့်လေးနာရီကျော်နေသော နေ့စွဲများတွင် ကျွန်တော်က ခပ်တည်တည်နှင့် မလွမ်းဘူးဟု အသက်ရှင်လိုက်သော်လည်း လွမ်းရင်း သေဆုံးသွားရပြန်သည်။ မှားပြီ။ တကယ်တော့ ကျွန်တော် မလွမ်းဘဲမနေနိုင်ပါ။ ယုတ်စွ အဆုံး သူ့ကို လွမ်းသော အလွမ်းများကိုပင် ကျွန်တော်က ထပ်ခါထပ်ခါ လွမ်းနေသူ ဖြစ်ပါသည်။

 

သူက မက်လောက်ဖွယ် အရမ်းကြီးလှနေသူ မဟုတ်ခဲ့သလို ကျွန်တော့်ရင်ထဲမှာလည်း သူသည် အရမ်းကြီး လှပနေခဲ့သူလို့ တစ်ခါမှ မတွေးမိခဲ့ပါ။ သူ့ကို ချစ်ရသည်မှာ အရမ်းကြီး လွယ်လွန်းခဲ့သည်ဟု သူက ထင်နေပါလိမ့်မည်။ တကယ်တော့ သူထင်ထားတာထက် ပိုစွာ သူ့ကို လွယ်လွယ်ကူကူကြီး ချစ်ခဲ့သူဖြစ်ပါသည်။ သို့သော် ချစ်ရတာ လွယ်ကူသလောက် မေ့ရသည်မှာ ခက်လွန်းလှပါသည်။

သူ့ကို ချစ်မိသွားသော အချိန်တွင် ကျွန်တော်က ပိုက်ဆံပြတ်နေသည်။ စိတ်ဓါတ်ကျနေသည်။ အကြွေးပတ်လည် ဝိုင်းနေသည်။ အားလုံးက ကျွန်တော့်ကို ဝိုင်းပယ်ထားသည်။ အရာရာ ကျရှုံးနေခဲ့သည်။ သို့သော် အဲလို စုတ်ပြတ်သတ်နေသော အချိန်မှာပဲ သူ့ကို ကျွန်တော်က ချစ်မိသွားခဲ့သည်။ လောကသည် ခါကြင်ကောင်များကြားက အင်ကြင်းပန်းရနံများကို ရှူရှိုက်တတ်အောင် သင်ပေးခဲ့ပါသည်။ ခုတော့ ကမာ္ဘက နောက်ပြန်လှည့်နေသော်လည်း နေ့နှင့်ညသည် ပြောင်းပြန်ဖတ်ပေမယ့် အတည့်အတိုင်း ပြန်ဖြစ်နေသည်ကို ကျွန်တော်က မုန်းတီးတတ်ခဲ့ပြီ။

 

“အစ်ကို .. ညီမကို ချစ်လားဟင် …”

တစ်ချိန်က သူမေးဖူးခဲ့သော စကားဖြစ်ပါသည်။ ကျွန်တော်က မည်သူ့ကိုမျှ မချစ်ဘူးဟု အဖြေပေးခဲ့မိသည်။ ကျွန်တော့်အဖြေသည် အမှန်တရားမဟုတ်သလို မုသားစကားလည်း မဟုတ်သည်ကို သူ့ကို နားလည်အောင် ကျွန်တော် ရှင်းမပြတတ်ခဲ့။ ကျွန်တော်ပြောသည့် အချစ်ဆိုသည်မှာ သူလိုချင်သော အချစ်မဟုတ်ကြောင်း ကျွန်တော်က ကောင်းစွာ သိနေခဲ့ပါသည်။

သူ့ကို မချစ်ဘူးဟု ပြောခဲ့သော ကျွန်တော့်အနားတွင် သူက အမြဲတမ်းရှိနေခဲ့ပါသည်။ ရင်ထဲက ခံစားချက်များဖြင့် ကျွန်တော်တို့က စကားလုံးတို့ကို အသေသတ်ပစ်ခဲ့ကြသည်။ ကောင်းကင်သည် ညိုမှိုင်းခဲ့သည်။ မိုးတိမ်သည် ဖြူစွတ်ခဲ့သည်။ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ကြသည်။ ခပ်ကြမ်းကြမ်း လေများက သူ့ဆံပင်တွေ လွှင့်ခါနေအောင် လှုပ်နှိုးခဲ့ကြသည်။ ရုတ်တရက် ကျွန်တော် ခလုတ်တိုက်၍ ခြေထောက်နာသွားသော်လည်း တစ်ချိန်က သူဆွဲစိတ်ဖူးသော ခါးက အနာတရများက ကျွန်တော့်နှလုံးသားကို ပို၍ နာကျင်စေပါသည်။

 

“ကိုယ်ဖြစ်သင့်တာကို ဖြစ်အောင် လုပ်နိုင်တာ လူတော် …

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်သွားတဲ့သူက သူရဲကောင်း …တဲ့ ..”

ခင်မင်ရသော သူငယ်ချင်းတစ်ဦးက ပြောတော့ ကျွန်တော်က ချက်ခြင်းအဖြေပေးလိုက်မိသည်။

“ငါက ဘာမှမဟုတ်တဲ့ကောင် ….

ဖြစ်ချင်တာလည်း မလုပ်ရဲ .. ဖြစ်သင့်တာလည်း အဖြစ်ရှိအောင် မလုပ်နိုင်တဲ့ကောင်” ဟု။

သစ္စာတရားနှင့် အချစ်နှစ်ခုကြားတွင် ကျွန်တော်က အမြဲလိုလို ဘာကိုမှ စောင့်ထိန်းနိုင်ခဲ့သူ မဟုတ်ခဲ့ပါ။ မိုးရေများကို ကျွန်တော်က ကြိုက်ခဲ့သော်လည်း ထိုမိုးရေများက မွန်းကြပ်လောက်အောင် ရွာသွန်းနေခဲ့စဉ် လေထုကို ကျွန်တော်က လွမ်းသလိုမျိုး။ ခု ကျွန်တော် သူ့ကို လွမ်းရပါသည်။

“အချစ်ဆိုတာဘာလဲဟင် .. အစ်ကိုပြောပြပါလား …”

ကျွန်တော် အကြာကြီး စဉ်းစားနေခဲ့ရင်းက သူနဲ့ ကျွန်တော် ဝေးသွားချိန်ထိ ကျွန်တော် အဖြေမထွက်ခဲ့ပါ။ သူ့ဘက်က ကြည့်သော ကကြီးနှင့်တူသည့် အချစ်နှင့် ကျွန်တော်ဘက်က ကြည့်သော ယပလက်နှင့် တူသည့် အချစ်တို့က အမြဲတမ်းလိုလို ထပ်တူမျှဖို့ မဖြစ်နိုင်ခဲ့ပါ။ သို့သော် ထိုအခြေအနေများကြားမှာပဲ သူပြောခဲ့သော စကားများကို ကျွန်တော်က အမှတ်ရလို့ နေခဲ့ပါသည်။

“အစ်ကို …

ညီမ .. အစ်ကို့ကို ချစ်တယ် …

ဒါပေမယ့် .. အစ်ကိုက ညီမချစ်သလို .. ညီမကို မချစ်ဘူးနော် ….”

 

ဂီတာကြိုးများ မပါသော ဂစ်တာကို တီးရင်တောင်မှ ကျွန်တော်က ကီးလွဲနေဦးမည့် သူဖြစ်ပါသည်။ သူနှင့်တွေ့တိုင်းလိုလို ကျွန်တော်က ပုံပြင်များစွာ ပြောပြခဲ့ဖူးသည်။ ဟာသများစွာ ပြောပြခဲ့ဖူးသည်။ သူသည် ကျွန်တော် ပြောသမျှ စိတ်ဝင်တစား နားထောင်ပေးခဲ့တာချည်း။

“အစ်ကို .. အစ်ကိုက စကားပြော သိပ်ကောင်းတယ်နော် …

ညီမနဲ့တွေ့တိုင်း အစ်ကိုပြောတာတွေက မရိုးရအောင် … ပြောတတ်တယ် …”

တကယ်တော့ သူနဲ့ တွေ့တိုင်း ပြောပြဖို့ကို ကျွန်တော် ဘယ်လောက်ကြိုးစားခဲ့ရကြောင်း သူ့ကို ပေးမသိချင်ပါ။ အချို့သော အကြောင်းအရာများသည် မသိခြင်းက ပို၍ လေးနက်ကြောင်း ခုချိန်ကျမှ ကျွန်တော်က ရှင်းပြချင်ပါသည်။

“နောက်ကျနေပြီ …

ညီမ ပြန်တော့မယ်နော် … အစ်ကို

နောက်ရက်ကျလည်း အစ်ကို့ကို တွေ့ချင်သေးတယ် .. အစ်ကိုရယ် ..”

သူက နှုတ်ဆက်တိုင်းလိုလို ပြောခဲ့သော်လည်း ထိုနေ့က ကျွန်တော်သည် သူ့စကားများကို ငြင်းဆန်မိခဲ့ပါသည်။

“ညီမ ..

မနက်ဖြန်ကစပြီး

အစ်ကိုတို့ မတွေ့ကြဘဲ နေကြစို့ … နော် ..

အစ်ကို ညီမကို မတွေ့ချင်တော့ဘူး …”

အချိန်အတော်ကြာအောင် သူ့ဆီက စကားပြန်မလာခဲ့။

“ညီမ .. ဖြစ်တယ်မလားဟင် …

နောက်ရက်ကစပြီး … မနက်ဖြန်ကစပြီး …

အစ်ကိုတို့ မတွေ့ဘဲနေကြရအောင်နော် …..”

သူငိုခဲ့ပါသည်။ တစ်ခြားတစ်ဘက်သို့ မျက်နှာလှည့်ပြီး။ သို့သော် ကျွန်တော် သူငိုနေသည်ကို ကောင်းစွာ ခံစားလို့ရခဲ့ပါသည်။ ကျွန်တော်ကကော ……။ ကျွန်တော်ငိုခဲ့သည်ကိုလည်း သူကောင်းစွာသိခဲ့ပါသလား။ မသိဖို့က များနေခဲ့ပါသည်။

 

အလွမ်းသည် သီချင်းတစ်ပုဒ်တိုင်းတွင် သံစဉ်များအဖြစ်ပါလာခဲ့ပါသည်။ မတူညီသော ကိန်းသေတန်ဖိုးများဖြင့် ညီမျှခြင်းချသည့်အခါတိုင်း မြစ်တို့၏ မာယာ ဇာတ်ကားထဲက စကားလုံးများကို ကျွန်တော်က မှတ်မိနေသည်မှာ အသည်းနာစရာဖြစ်ပါသည်။

“လောကမှာ အချစ်မပါတဲ့ ပေါင်းစည်းခြင်းတွေ ရှိနေသမျှ …

ပေါင်းစည်းလို့ မရတဲ့ အချစ်တွေလည်း ရှိနေမှာပဲ” ဟု။

ကျွန်တော်တို့ ကွဲကွာသွားခဲ့တာ ကြာခဲ့ပြီ။ မည်မျှကြာသလဲဆိုတာကို ကျွန်တော်က မသိတော့။ သိ၍ ပြောပြပါလျှင်လည်း ထိုအချိန်က ကျွန်တော့်အသက်ထက်ပင် ပို၍များနေဦးမည် ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိစ္စဓူဝ သက္ကရာဇ်များထက်ပင် လွမ်းရသည့် အချိန်များက ပို၍ မြန်လွန်းခဲ့၍ ဖြစ်ပါသည်။

 

တစ်နေ့က သူနဲ့ ကျွန်တော် အတူထိုင်ခဲ့ဖူးသော ကော်ဖီဆိုင်တစ်ခုကို သွားချိန် အသိတစ်ယောက်က ကျွန်တော့်ကို တွေ့သွားပြီး နှုတ်ဆက်ပါသည်။

“ဟေ့ ကိုရင်နင့်အောင် …

ခင်ဗျား … ဝတ္ထုတွေ .. ကဗျာတွေ ဖတ်ဖြစ်တယ် …

အရမ်းကောင်းတာပဲ ဗျာ”

ကျွန်တော်က ကျေးဇူးဟုသာ မှတ်ချက်ပြုခဲ့သော်လည်း ကျွန်တော်ရေးခဲ့သမျှ ဝတ္ထုများက တစ်ချိန်က သူနှင့် တွေ့တိုင်း ပြောပြဖို့ စဉ်းစားခဲ့တာချည်း ဖြစ်ကြောင်းကိုတော့ သူ့ကို ကျွန်တော် မပြောဖြစ်ခဲ့ပါ။

အဲဒီနေ့ ညနေကလည်း အနောက်ဘက်မိုးကုတ်စက်ဝိုင်းတွင် ထုံးစံအတိုင်း သက်တန့်တစ်ခုက အလွမ်းဟု စာတမ်းရေးနေသည်ကိုတော့ ကျွန်တော် မပြောပြချင်တော့ပါ။

တစ်ချိန်တုန်းက ကျွန်တော် ဆွံ့ အ နေခဲ့ဖူးပါသည် ။

 

ရင်နင့်အောင်

9 comments

  • YE YINT HLAING

    August 20, 2012 at 9:20 am

    ဖတ်လို့ ကောင်းတယ်ဗျာ !

  • marblecommet

    August 20, 2012 at 9:41 am

    ကျော်တို့ကတော့
    အလွမ်းတွေကို စမ်းရေနဲ့ မျှောပါမည်
    စမ်းရေတောင်
    စကောတလန် တောင်ကျစမ်းရေ……
    အာဟိ…
    ခင်တဲ့
    မားဆိုးကမ်း……

  • မောင်ပေ

    August 20, 2012 at 9:54 am

    ဝေမှူးသွင်ရဲ့ အဆောင်သူအတွက် (နာမည်မှားရင် ခွင့်လွှတ်ပါ) လိုမျိုး ဖတ်ရတာ ဖီးလ်ဖြစ်တယ်ဗျာ
    ကိုရင်နင့်အောင် ဂေဇက်မှာ ရေးတင်ပေးတဲ့အတွက် ကျေးဇူးပါ
    နို့ ကျွန်တော်က ဂေဇက်ပဲဖတ်တာမို့

  • surmi

    August 20, 2012 at 10:17 am

    တနေ ့ကျရင်ပြောပြရဦးမည်
    ကျနော်လည်းလွမ်းဖူးပါသည် ဟု

    • Good™

      August 20, 2012 at 12:30 pm

      မလွမ်းဘယ်သူရှိပါ့ မလဲ တဲ့၊ သီချင်းတောင် ရှိသေးတယ် လေ။

  • si tone

    August 20, 2012 at 11:20 am

    တကယ်ကိုဖတ်လို့ကောင်းပါတယ်…..

  • ရဲစည်

    August 20, 2012 at 6:09 pm

    အမှန်အကန် ရင်ဘတ်နဲ့ ခံစားသွားပါကြောင်း …
    ကျုပ်ကိုယ်တွေ့နဲ့ အရမ်းတူတယ်ဗျာ …………..
    ဒါပေမဲ့
    အာစိ စာထဲကလိုတော့ မဟုတ်ဘူး ……………
    ကျုပ်နဲ့က ပြောင်းပြန်ကြီး
    ဟဲ့ နင်ငါ့ကို နောက်ထပ် လာမတွေ့နဲ့တော့တဲ့
    အဲအချိန်က အကြွေးတွေဝိုင်းနေသလို အသည်းကွဲလို့ မျက်ရည်တွေပါဝိုင်းနေတာ ..
    အဟီး …ရွှတ်
    သူကသာ ကျောခိုင်းသွားတာပါ ကျုပ်ကတော့ သက်တန့်တွေ မြင်တိုင်း လွမ်းကောင်းတုန်း

    ဃိန်…. ဂိန် …ကိန်
    ဇဂါးမစပ်
    အရေးအသား အဲလောက်ကောင်းတာဗျာ
    စကားလုံးလဲ အတွဲအဆက်ပိုင်တယ် နိူင်လဲနိူင်တယ်
    ဝါကျတွေလဲ ခိုင်ရဲ့သားနဲ့
    အပေါ်မှာ ပို့စ်မော်ဒန် မိုးပီးမှ ဘယ်နဲ့ အဖီကျမှ …………..

    “ကိုယ်ဖြစ်သင့်တာကို ဖြစ်အောင် လုပ်နိုင်တာ လူတော် …
    ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်သွားတဲ့သူက သူရဲကောင်း …တဲ့ ..”…..
    သမိုင်းဝင် ဇာတ်နာတဲ့ စကားအတုံးကြီးနဲ့ အာစိရယ် ထုရက်ပလေ 🙁

  • Shwe Ei

    August 21, 2012 at 2:14 pm

    ဖတ်ရင်းနဲ့တောင်လွမ်းလာဘီ အဟင့်။ သောကမျက်ရည်တွေ ဘူးသီးလုံးလောက်ကျခဲ့ရတဲ့ အချိန်ကို ပြန်တွေးမိရင်စိတ်နာတုန်း။ (အဲဒိ ကာလနာ မွေပွေးကိုက်ကို) တော်ဘီ တော်ဘီ မလွမ်းတော့ဝူး။ အော် ပို့စ်ဖတ်ရင်း မုဒ်ဝင်သွားတာပါဗျာ ခွေးလွှတ်ပေးကြပါ 😉

Leave a Reply