မိုဘိုင်းလ်ယဉ်ကျေးမှုဖြစ်လေသည်တကား …
မိုဘိုင်းလ်ယဉ်ကျေးမှုဖြစ်လေသည်တကား …
– သူရဿဝါ –
ရန်ကုန်မှ အလုပ် ကိစ္စများ အတွက် နေ့စဉ် ဖုန်းဆက် ရခြင်း၊ နယ်မှ အမျိုးများဆီ တစ်ပတ် သုံးခါလောက် ဖုန်းဆက် ရခြင်း၊ သူငယ်ချင်း အသိမိတ်ဆွေ များထံ ဖုန်းဆက် စကား ပြောခြင်း စသည်တို့ အတွက် မိမိ၏ တိုက်ခန်း လေးလွှာ ပေါ်မှ အောက်ဆင်း၍ တယ်လီဖုန်းဆိုင် မရှိသော လူခြေတိတ်သည့် လမ်းကျဉ်းလေး ထဲက ထွက်ကာ လမ်းထိပ်မှ ပီစီအို ဖုန်းဆိုင်သို့ ပြေးပြေး ဆက်နေ ရသော ဒေါ်ယု၏ အဖြစ်ကို သနား လာကြသော အခန်း နီးနားချင်း များက ဒေါ်ယုအား မိုဘိုင်း ဖုန်းလေး တစ်လုံးလောက် ဝယ်ထားရန် အကြံပေး ကြလေသည်။ ဖုန်းဖိုးတွေ ကုန်တာချင်း အတူတူ မိုဘိုင်း ဖုန်းလေး ဝယ်လိုက်ခြင်း အားဖြင့် လမ်းထိပ်သို့ အညောင်းခံ ထွက်၍ ဆက်ရခြင်း ဒုက္ခမှ ကင်းဝေးပြီး အိုးမကွာ၊ အိမ်မကွာ လည်း ဖုန်းပြော လို့ရ၊ အပြင် သွားလည်း သယ်သွားလို့ ရတာပေါ့ ဟူသော အခန်း နီးနားချင်း များ၏ အကြံ ပေးချက်ကို ဒေါ်ယု သဘောကျ လက်ခံပြီး မိုဘိုင်းဖုန်း တစ်လုံး ဝယ်ရန် စီစဉ် လေသည်။
သို့နှင့် နောက်ဆုံးပေါ် နှစ်သိန်းတန် ဖုန်းလိုင်း ဝယ်ပြီးနောက် မိုဘိုင်း ဟမ်းဆက် အရောင်း ဆိုင်မှ ဝန်ထမ်း ကောင်မလေး များ၏ အကြံ ပေးမှု အရ ဘက်စုံ သုံး၍ ရသည် ဆိုသော မာလ်တီ မီဒီယာ တပ်ချ် စခရင်မ် ဟမ်းဆက် တစ်လုံးအား ဖုန်းလိုင်း နီးနီး နှစ်သိန်းခန့် ပေး၍ ဝယ်ယူ ဖြစ်ခဲ့ ရာမှ စတင်၍ ဒေါ်ယုနှင့် မိုဘိုင်းလ် ဇာတ်လမ်း စလေ တော့သည် ဖြစ်၏။ ဒေါ်ယု အိမ်ပြန် ရောက်၍ အခန်းထဲ ဝင်မည်မှ မကြံသေး သားဖြစ်သူ မောင်ကျော်က အခန်းဝမှ ဆီး၍
“မေမေ .. ဖုန်းတွား ဝယ်တာချို .. ဖုန်းဝယ်ပြီး ပြန်လာတာလား”
“ဒါပေါ့ဟဲ့ … ငါ့ရဲ့ ဖုန်းလေးက တပ်စခွင်လို့ ခေါ်တယ်… ဘယ်လို ပွတ် ပွတ် .. ရှလွတ် ရှလွတ်…”
ဒေါ်ယု လက်ထဲ ကိုင်ထားသော ဖုန်းကလေးကို ဝင့်၍ ပြောသည့် စကားမှ မဆုံးသေး သားတော်မောင် မောင်ကျော်က ဖျတ်ခနဲ လု၍ သွားလေပြီ။ တခြား ကြွားစရာ လူမရှိ၍ အိမ်မှ စကားပင် မပီတတ် သေးသော သားဖြစ်သူ မောင်ကျော်ကို သူ့ဖုန်းလေး ဈေ းကြီးကြောင်း ကြွားဖို့ စဉ်းစား လာသော ဒေါ်ယုမှာ စကားပင် မစလိုက်ရ။ ဒေါ်ယု ဒေါသ ထွက်လေပြီ။
“ဟဲ့ .. အကောင် .. ငါတောင် ဖုန်းကို လက်ထဲ ပူအောင် မကိုင်ရ သေးဘူး .. နင်က ဘယ်ယူပြေး တာလဲ”
“အနော် ဂိမ်းချော့မို့ပါဂျ .. မေမေကလည်း”
“ဟေ .. ဖုန်းက ဂိမ်းဆော့လို့ ရသလား .. မဖြီးနဲ့နော် ကောင်စုတ်”
“အယုံရင် လာကြည့်ပါလား .. မေမေကလည်း ဘယ်လိုပွတ်ပွတ် ရှလွတ် ရှလွတ် နေတာပဲ”
ဒါနှင့် .. ဒေါ်ယု အနားရောက် သွားတော့ မောင်ကျော်မှာ တကယ်ပဲ ဖုန်းမျက်နှာပြင်ကို သူ့လက်နှင့် ပွတ်၍ ပွတ်၍ အသီးတွေ ခုတ်လိုက်၊ အကြွေစေ့တွေ တွင်းထဲ သွန်ချလိုက်၊ ဖုန်းကို ဟိုဖက် စောင်းလိုက် ဒီဖက် စောင်းလိုက် လုပ်ပြီး ကားတွေ မောင်းလိုက်၊ ဆိုင်ကယ်တွေ ပြိုင်လိုက်နှင့် အမျိုးစုံ ဆော့၍ နေလေပြီ။ တပ်စခွင် ဆိုသော နာမည် အစား ပွတ်စခွင် ဟူ၍တောင် ပြောင်းဖို့ ကောင်းနေပြီ ဟူ၍ ဒေါ်ယု စဉ်းစား မိ၏။ ဖုန်းဆိုတာ ပြောရုံတင် မဟုတ်ဘူး .. ဂိမ်းလည်း ဆော့လို့ ရသား .. နှစ်သိန်းလောက် ပေးဝယ် ရတာ တန်သားပဲဟု ဒေါ်ယု ကျေနပ်စွာ တွေးနေသည်။
မောင်ကျော် ဂိမ်းဆော့၍ ပြီးသွားတော့ ဒေါ်ယု ဖုန်းဆက်ဖို့ ဖုန်းကို တောင်းလိုက်သည်။ သို့သော် … သူ့လက်ထဲ ရောက်ပြီး ဆယ်မိနစ်မှ မပြည့်သေး .. အနားကို မောင်ကျော် ပြန်ရောက် လာသည်။ လက်ထဲမှာ အီးယားဖုန်း နှင့် ..။ ဒေါ်ယု မျက်စောင်း ထိုး၍ မေးသည်။
“ဟဲ့ကောင်လေး … နင့်လက်ထဲက ဘာတုန်း”
“အီးယားဖုန်းလေ မေမေရ .. မေမေ့ဖုန်း ဝယ်လာတဲ့ အိတ်ထဲက တွေ့တာ”
“ဘာလုပ် မလို့တုန်း နင်က …”
“သီချင်း နားထောင် မယ်လေ မေမေရ … အက်ဖ်အမ်လည်း နားထောင်မယ်”
ပြောပြော ဆိုဆိုနှင့် သူ့လက်ထဲမှ ဖုန်းကို ယူသွား ပြန်သည်။ ဟုတ်မှ ဟုတ်ရဲ့လား .. ဒေါ်ယု မောင်ကျော့် အနားကို ကပ်ကြည့်တော့ မောင်ကျော်မှာ သီချင်း နားထောင်ပြီး ခေါင်းတလှုပ်လှုပ် လက်တကားကားနှင့် ငြိမ့်နေသည်။ ဒေါ်ယု ယူပြီး နားထောင် ကြည့်တော့ အဟုတ်သား … အက်ဖ်အမ်တွေ ဘာတွေလည်း ရလေ၏။ ဒေါ်ယု အတော် သဘောကျ သွားသည်။ မိုဘိုင်းဖုန်း ဆိုတာ သီချင်းလည်း နားထောင်လို့ ရသကိုး။
ဒါတင် မကသေး။ တစ်ရက်သား တူမလေး တစ်ယောက် မင်္ဂလာဆောင် သွားတော့ သားဖြစ်သူ မောင်ကျော်မှာ မင်္ဂလာ ခန်းမ အတွင်း ငြိမ်ငြိမ် မနေ။ ဖုန်းကို ကိုင်၍ ဟိုလျှောက်သွား ဒီလျှောက်သွား လုပ်၍ နေလေ၏။ ဒေါ်ယု မျက်စိ နောက်လာ၍ မောင်ကျော်ကို လှမ်းခေါ် လိုက်သည်။
“ဟဲ့ကောင်လေး .. ငြိမ်ငြိမ်မနေဘူး .. ဖုန်းကို ကိုင်ပြီး ဟိုသွား ဒီသွားနဲ့ ဘာလုပ်နေတုန်း”
“အာ .. မေမေကလည်း .. မင်ဂါချောင် မှတ်တမ်း ဗွီဒိုရိုက်နေတာဂျ”
“အောင်မာ .. နင့်အရွယ် လက်တောက်လောက်နဲ့ ဒါမျိုး ဆော့စရာလား”
“မေမေကလည်း သိပ်ဝေးလာဘဲ … ဆော့နေတာမှုတ်ဖူး .. ဂယ် ရိုက်နေတာဂျ .. ဒီမှာကြည့်” ဟု ဆိုကာ သူ့လက်ထဲမှ ဖုန်းကို ထုတ်၍ သူရိုက် ထားသော ဗီဒီယိုကို ပြလေ၏။ ဒေါ်ယု အံ့ဩရ လေပြီ။ ဖုန်းဆိုတာ ဓါတ်ပုံတွေ ဗီဒီယို တွေလည်း ရိုက်လို့ ရသကိုး။ အရွယ်နှင့် မလိုက်အောင် သိနေသော မောင်ကျော် ကိုလည်း လက်ဖျားခါ လိုက်ရ၏။ ခေတ် ကလေးတွေများ ဗိုက်ထဲက ထွက်လာတာနဲ့ ဖုန်းကိုင်ပြီး ထွက်လာသလား မှတ်ရ … အကုန်သိ အကုန်တတ် နေတော့ တာပဲ ဟူ၍။
“နင့်ဖုန်းကလည်းဟယ် .. ဒီသေးသေးလေး ထဲမှာတင် အကုန်လုပ်လို့ ရနေတာပဲ .. ဘာကျန်သေးလဲ”
“ကျန်တေးတယ် .. ကျန်တေးတယ် … အိမ်တာနက်လည်း သုံးလို့ရတယ်”
“ဟဲ့ .. ဖုန်းနဲ့ အိမ်သာခွက်နဲ့ ဘာဆိုင်တုန်း”
“အာ.. မေမေကလည်း ဝေးထှာဂျာ .. အင်တာနက်လို့ ကျောတာဂျ.. ဝိုင်ဖိုင်တွေ ဘာတွေ သုံးလို့ရလယ် ..”
အင်တာနက်လည်း သုံးလို့ရတယ် ဆိုပါလား။ မောင်ကျော် သင်ပေးမှ ဖုန်းတစ်လုံး အသုံးချနည်း အလုံးစုံကို ဒေါ်ယု သိရတော့သည်။ တကယ့် အံ့ဩ ကုန်နိုင်ဖွယ်။ နှစ်သိန်းလောက် ပေးရပြီး ဂိမ်းလည်း ဆော့ရ၊ သီချင်းလည်း နားထောင်ရ၊ ဗီဒီယိုလည်း ရိုက်ရ၊ အင်တာနက်လည်း သုံးရ .. အကုန် လုပ်လို့ ရနေသော မာလ်တီ မီဒီယာ အစိုင်အခဲ ဖြစ်ပါ ပေ၏ဟု ဒေါ်ယု တွေးနေ မိသည်။
တော်တော်ကို အဆင်ပြေ ပါလေ၏။ အခုဆို လမ်းထိပ်ထိ ထွက်၍လည်း ဖုန်းဆက် စရာ မလို၊ တစ်သောင်းတန် ဖုန်းကဒ်လေး ထည့်ထားပြီး ဖုန်းတစ်ခါ ဆက်လိုက်၊ ပိုက်ဆံ ဘယ်လောက် ကျန်သလဲ ကြည့်လိုက်၊ ကုန်သွားမှာ နှမျော သည့် စိတ်ဖြင့် အရေးမကြီးလျှင် မဆက်ဘဲ ထားသဖြင့် ပိုက်ဆံ အကုန် အကျလည်း အရင်ထက် အများကြီး သက်သာ၊ သားဖြစ်သူ မောင်ကျော်၏ ဦးဆောင် လမ်းပြမှုဖြင့် ဂိမ်းဆော့၊ ဗီဒီယိုကြည့်၊ သီချင်း နားထောင်၊ ဓါတ်ပုံရိုက်၊ အင်တာနက် သုံး၍ရ စသည့် ဖန်ရှင်ပေါင်း များစွာ ပါဝင်သည့် တပ်စခွင် (ဒေါ်ယု အခေါ် ပွတ်စခွင်) ဖုန်း၏ ကျေးဇူးဖြင့် ဒေါ်ယု တစ်ယောက် တော်တော်ကို အဆင်ပြေ ကျေနပ် နေလေသည်။
အဆင် မပြေတာ ဆိုလို့ တစ်ခုပဲ ရှိသည်။ အဲဒါကတော့ ဒေါ်ယု၏ တိုက်ခန်း ထဲမှာ ဖုန်းလိုင်း သိပ်၍ မမိခြင်း ဖြစ်သည်။ ဖုန်းလာလျှင် အိမ်ထဲမှ ဖြစ်စေ၊ ဝရံတာမှ ဖြစ်စေ ဖုန်းပြောမိ လို့ကတော့ ဟိုးအရင်က တပ်ထဲ သုံးသည့် မော့စ်ကြေးနန်း ရိုက်သည့် ခေတ်ကို ပြန်ရောက်သွား သလိုလို .. “ဒစ် ဒစ် ဒါ ဒါ ဒစ် ဒစ်” နှင့် စကားသံကို လေးလုံး ကွဲအောင် မကြားရပဲ တဒစ်ဒစ် တဒါဒါ ဖြစ်၍သာ နေတော့သည်။ တစ်အိမ်လုံးမှာ ဖုန်းလိုင်း မိတာ တစ်နေရာပဲ ရှိသည်။ နောက်ဖေး မီးဖို၏ အနောက်ဖက် ထွက်ပေါက် ထပ်ခိုးလေး။ ဖုန်းပြောချင်လျှင် အဲဒီမှာ သွားပြောရသည် .. ကြည်လင် ပြတ်သား လိုက်သည့် ဖြစ်ချင်း။
ထိုသို့ဖြင့် မောင်ကျော်လည်း ဂိမ်းဆော့မြဲ၊ ဓါတ်ပုံရိုက်မြဲ၊ သီချင်း နားထောင်မြဲ၊ အင်တာနက် ဝိုင်ဖိုင် သုံးရန် ကြံမြဲ၊ ဒေါ်ယုလည်း ဖုန်းလာလျှင် နောက်ဖေး မီးဖိုချောင် ထပ်ခိုးသို့ ပြေးမြဲဖြင့် ဒေါ်ယုနှင့် သား မောင်ကျော်မှာ မိုဘိုင်း ယဉ်ကျေးမှုထဲ လုံးလည် ချာလည် လိုက်ကာ နေပြီး ဒေါ်ယု ကောက်ချက်ချ တွေးတော မိသည်မှာကား “လက်စသတ် တော့ … မိုဘိုင်းဖုန်း ဆိုတာ ဖုန်းပြောတာ တစ်ခုက လွဲရင် ကျန်တာ အားလုံး အဆင်ပြေသည့် အာလာဒင် မီးခွက်လို လုပ်ချင်ရာ အကုန် လုပ်လို့ရသည့် ပစ္စည်း ဖြစ်ပေတာကိုး” ဟူ၍ ဖြစ်လေ သတည်း။
၁၆ – ဩဂတ်စ် – ၂၀၁၂
TechSpace Journal
Volume (1), Issue (22)
11 comments
ဘဲဥ
August 21, 2012 at 2:28 pm
လူဂျီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဒန်တန့်ဒန် 😀
မဟာရာဇာ အံစာတုံး
August 21, 2012 at 4:48 pm
ဘဲဥနှင့် ဖရဲသီး
ရောစားမိပါသောကြောင့်
ကြွသွားဘာဘီချင် … 😀
မောင်ပေ
August 21, 2012 at 2:40 pm
နောက်ထပ်တစ်ခုက ရင်ခုန်သံနွေးထွေးစာလေးတွေကိုလဲ ဟယ်လို လုပ်ရုံနဲ့ ဒိုးတူဒိုး ဒစ်ဒစ်ဒါဒါဒစ်ဒစ် (credit to ko thura)
ဟာ…လိုင်းပြုတ်ကျသွားဘီ
ဟိန်း ဝင်း (ထားဝယ်သား)
August 21, 2012 at 3:54 pm
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ အိမ်သာခွက်ထဲ ကျနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ ။
etone
August 21, 2012 at 4:20 pm
ကိုသူရရေ …
အဲ့ဒီမောင်ကျော်ဆိုတာ ..အသက်ဘယ်လောက် ချိဘီလဲဟင် …. ။
စကားလည်း မပီသေးဘူး … အိမ်မှာနေရင်း ..သူ့အမေထက်ပိုတတ်နေတော့ …… အဲ့လို ကလေးမျိုး မွေးစားချင်ယို့ဘာ…… ခွိခွိ ။
ရွှေ ကြည်
August 21, 2012 at 4:30 pm
ကိုသူရရေ ဖတ်ကောင်းပါတယ်နော်။ အဲဒီ တပ်စခွင်ဆိုတာကြီးရွှေကြည်လည်းဝယ်ဦးမှပါ။
သားငယ်
August 21, 2012 at 5:08 pm
တပ်စခွင်တော့ မကြိုက်ဘူး ဗျို ့ပွတ်စခွင် ဆိုတာ ပိုကောင်းတယ်…ဟိဟိ မြန်မာမှု ့ပြုထားတာပေါ့ဗျာ..
YE YINT HLAING
August 21, 2012 at 5:52 pm
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ လင်မယားချင်း ရန်ဖြစ်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါချင် !
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 2:46 pm
အင်သာပျက်လို ့သာခေါ်သင့်ပါတယ.်
Novy
August 22, 2012 at 3:04 pm
တိုက်ဆိုင်မှု့တွေများးနေလို့
အားရပါးရရီသွားတယ်
စာထဲမှာတော့ ဒေါ်ယုနဲ့ သူ့ရဲ့သား
အပြင်မှာတော့ နိုဗွီနဲ့ ဂျူနီယာနိုဗွီ
တပ်စခွင် ခေါ် ပွတ်စခွင် ကို လုနေရလို့
kotun winlatt
August 22, 2012 at 3:08 pm
အော်..မိုဘိုင်းးးဆိုတာ လိုတိုင်းးသုံးလို့ ရတာကိုခေါ်သကိုးးးးကွဲ့..
ဘကြီးးးတို့ရွာမှာတော့ မိုဘိုင်းးတော့ ကြားဘူးဘူးးကွဲ့..မိုင်းးဗုံးတော့ ဟိုတစ်လောက ခဏခဏကွဲတာပဲ…
ဟီးးးး စတာနော်…
ဝယ်ချင်ပေမယ့်..အဲ့လို တပ်စခရင်က ဘကြီးတို့ တောမှာ မမိဘူးကွဲ့..
ဒီမှာက ကြွက်မြီးလို့ ခေါ်တဲ့ တိုင်လေးပါမှ မမိတစ်ချက် မိတစ်ချက်ပါကွယ်….