တစ်ကိုယ်ရေ တစ်ကာယ ပွင့်တဲ့ပန်း
“ထီပေါက်ဖို့ဘာလုပ်ရမလဲ”
“ထီပေါက်ဖို့ ထီအရင်ထိုးပါ”
ရှင်းလိုက်တာဗျာ။ ထီပေါက်ဖို့ ထီအရင်ထိုးတဲ့။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ အဲလိုပါပဲ။ လောကကြီးက ဟုတ်တော့လည်း ဟုတ်နေတာများနဲ့ သဘာဝကျကျ ဖြစ်တည်ပျက်ဆီးနေလေရဲ့။ တစ်နေ့မှာပေါ့။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ကို သဘာဝကျကျ နမ်းပြီး ချစ်ခဲ့ဖူးပါရဲ့။ ကျွန်တော်ကလည်း သဘာဝကျကျကြီး ဘဝင်မြင့်သွားတယ်။ ပြီးတော့ သဘာဝကျကျပဲ သူ့ကို ကျွန်တော် ပြန်နမ်းပစ်လိုက်တယ်။ သူ့ဘာသာနေတဲ့ ပါးကို သူ့ဘာသာနေတဲ့ နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ရာ အားစိုက်ထုတ်မှုတစ်ခုနဲ့ ထိတွေ့တာကို အနမ်းလို့ ဘယ်သူက သဘာဝကျစေခဲ့ပါသလဲ…။
ကျွန်တော် မသိပါ။ နောက်တော့လည်း ကျွန်တော်တို့ရဲ့ အနမ်းတွေက သဘာဝမကျတော့ဘူး။ နမ်းတဲ့ အရာဝတ္ထုတွေနဲ့ အနမ်းခံအရာဝတ္ထုတွေက ပြောင်းလာတော့ သဘာဝမကျတဲ့ အနမ်းတွေ ဖြစ်လာတယ်။ တိမ်မတောက်တဲ့ ညနေခင်းတစ်ခုမှာ သူက သဘာဝမကျစွာ ကျွန်တော့်ကို နမ်းပြီး သဘာဝကျလွန်းတဲ့ စကားတစ်ခွန်းကို ပြောလေရဲ့။
“တို့တတွေ လမ်းခွဲရအောင်လား ကိုရယ်” တဲ့။
ကျွန်တော်ကလည်း သဘာဝကျပစ်ခဲ့ပါတယ်။
“အင်း” လို့။
xxxxxxxxxxxxxxxxxxxxxxxxxx
ပန်းတစ်ပွင့် ပွင့်လေရဲ့။ ဥယျာဉ်ထဲမှာ မဟုတ်ဘူး။ မဟုတ်တော့ ဥယျာဉ်မှူးလည်း မရှိခဲ့ပါဘူး။ ပန်းကတော့ ပွင့်လေရဲ့။ ပန်းလေးပွင့်ချိန်က ကျွန်တော်က စမ်းချောင်းလေးလို လမ်းပေါ်မှာ စီးဆင်းနေတုန်းပေါ့။ ပန်းလေးက မျက်လုံးမကောင်းဘူး။ မျက်မှန် တပ်ရရှာတယ်။ ပန်းလေးက ဆရာဝန်ဖြစ်ချင်တယ်နဲ့တူတယ်။ ဆေးကျောင်းထဲမှာ သွားပွင့်တယ်။ ကျွန်တော်က ပန်းလေးကို မြင်ကတည်းက ဆေးကျောင်းဘက်ကို ပြောင်းစီးဆင်းပစ်ခဲ့တယ်။ အဲဒီအထိ သဘာဝမကျသေးဘူး။ သဘာဝကျခဲ့တဲ့ တစ်နေ့က ကျွန်တော့် ပန်းပွင့်လေးက ကျွန်တော့်ဆီလာပြီး စမ်းချောင်းထဲက ရေက အေးလားလို့ မေးလာတယ်။ အဲဒီနေ့က သဘာဝတော်တော်ကျသွားတယ်။
“ကျွန်တော့်ရေဟာ အမြဲမအေးဘူး..
အမြဲမပူဘူး.. အမြဲမနွေးပါဘူး.. ပန်းလေး”
သူက ပွင့်ချပ်လေးပေါ်အောင် ပြုံးပြတယ်။ သိပ်သဘာဝကျခဲ့ပါတယ်။
နောက်တော့လည်း ဒီလိုပဲ။ ကျွန်တော်ကလည်း စီးတုန်း။ ပန်းလေးကလည်း ပွင့်တုန်း။ တစ်နေ့တော့ ကျွန်တော်က သဘာဝကျကျကြီး ပန်းလေးကို ရေဖြန်းပေးလိုက်တယ်။ ပန်းလေးက သူ့ဝတ်ရည်တွေနဲ့အတူ ကျွန်တော့်ကို မေးတယ်။ သူက လှလားတဲ့။
“အင်း.. ပန်းလေး.. မင်းက လှလွန်းအားကြီးတော့ သိပ်မလှတော့ဘူး…”
သူက ပြုံးပြပြန်တယ်။ နောက်ရက်တွေမှာ ပန်းလေးကို မတွေ့တော့ဘူး။ သူကြွေသွားတယ်။ ကျွန်တော် မငိုခဲ့ဘူး။ ကျွန်တော် သဘာဝ မကျပြန်ဘူး။ ခိုးခိုးပြီး ငိုခဲ့လို့။
xxxxxxxxxxxxxxxxxxxxxxxxxx
သံစဉ်လေးရှိတယ်။ စာသားမပါခဲ့ဘူး။ သိပ်ရိုးရှင်းတယ်လို့ သဘာဝကျကျထင်ထားခဲ့တယ်။ နောက်တော့ ကျွန်တော် သူ့သံစဉ်မှာ မျှောပါနစ်ဝင်ခဲ့ဖူးတယ်။ သူပြုံးလိုက်တိုင်း ဆိုလို တစ်ပိုဒ်လို ဇာတ်ရှိန်တက်ရတာက ကျွန်တော်။ တစ်ရက် လူအလစ်မှာ ကျွန်တော် သဘာဝမကျစွာ ခိုးနမ်းလိုက်တယ်။ သူက စိတ်မဆိုးဘူး။ ဒါပေမယ့် သဘာဝကျကျ ကျွန်တော့်ကို ပြန်နမ်းတယ်။ အဲဒီနောက်မှာ သဘာဝမကျတဲ့ စကားလုံးတွေ ကျွန်တော်သူ့ကို ပြောဖြစ်တယ်။
မြတ်နိုးတယ်။ တွယ်တာတယ်။ ယုယတယ်။ ခုံမင်တယ်။ စွဲလန်းတယ်။ ဘာဘာညာညာတွေနဲ့ သဘာဝမကျစွာ အစီအစဉ်မကျ သူ့ကို ပြောပြခဲ့တယ်။ သူက မလှဘူး။ ဒါပေမယ့် ကျွန်တော် ရူးသွပ်သွားခဲ့တယ်။ ဒီလိုပါပဲ။ ကံကြမ္မာက သူ့နဲ့ ကျွန်တော့်ကို အလုပ်တူတူ လုပ်စေတယ်။ ခရီးတူတူသွားစေတယ်။ ပန်းခြံကို ပို့တယ်။ ခုံတန်းလေးမှာ ထိုင်ခိုင်းတယ်။ ဘုရားတူတူ ဖူးခိုင်းတယ်။ မနက်ခင်း လမ်းတူတူလျှောက်ခိုင်းတယ်။ အိပ်မက်ကိုယ်စီ မက်စေတယ်။ ကျွန်တော်တို့ သဘာဝမကျခဲ့ကြဘူး။
သူက ကျွန်တော့်ကို ငြိုငြင်လာတယ်။ မဟုတ်ဘူး။ သူက ကျွန်တော့်အနမ်းတွေကို ငြိုငြင်လာပုံရတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါ။ သူ့ကို ခဏတိုင်း နမ်းခဲ့တယ်။ ထပ်ခါထပ်ခါ နမ်းတယ်။ တစ်ချို့အနမ်းတွေက ပြင်းခဲ့တယ်။ တစ်ချို့အနမ်းတွေက ရှည်ခဲ့တယ်။ တစ်ချို့အနမ်းတွေက ဆူးခဲ့တယ်။ နောက်တော့လည်း သူက တစ်ခုတောင်းဆိုလာတယ်။
သူ့ကို စာသားထည့်စေချင်တယ်တဲ့။ ကျွန်တော်က သဘောမတူခဲ့ဘူး။ သံစဉ်လေးကို ချစ်မြတ်နိုးတာ။ ဘယ်စာသားမှ မထည့်ချင်ဘူးလေ။ အဲဒါနဲ့ နောက်တစ်ရက်မှာ သံစဉ်လေးဟာ တခြားသော စာသားနောက်ပါသွားတယ်။ ကျွန်တော် အတိအလင်း ငိုပစ်ခဲ့တယ်။ သဘာဝကျကျ မကျကျ ဂရုမစိုက်ဘဲ ငိုပစ်ခဲ့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxx
ဖြစ်ချင်တော့ နွေရာသီဟာ စိန်ပန်းပြာတွေနဲ့ မိုးတွေ ခိုးခိုးရွာတယ်။ ကျွန်တော်က မသိလိုက်ဘူး။ မသိပေမယ့် ကျွန်တော် ရွှဲနစ်နေခဲ့တာ ကြာသွားတယ်။ စံပါယ်တွေက တစ်ရုံပြီး တစ်ရုံ သောက်သောက်လှဲလှဲ ပွင့်တယ်။ ကျွန်တော့်အခန်းတံခါးမှာ အမှိုက်တွေက စုစုရုံးရုံး လာစုစည်းတယ်။ ကျွန်တော် ညစ်ပတ်သွားခဲ့တယ်။ ကျွန်တော့် ခေါင်းဦးအောက်မှာ မိုးစက်လေး တစ်စက်က ခိုအောင်းပြီး သီးနေခဲ့ပြီ။ ကျွန်တော် ဒါတွေကို လုံးဝမသိလိုက်ဘူး။ ကျွန်တော်ဟာ တအားကြီး သဘာဝကျနေခဲ့တယ်။
စာရွက်ပေါ်မှာ ဘောပင်ရွေ့နေတုန်း ကျွန်တော် မှင်ကုန်သွားခဲ့တယ်။ ခဏနေတော့ ကျွန်တော်လက်တွေဟာ အလိုက်သင့် ရွေ့လျားပြီး စာရွက်တွေဟာ တစ်ရွက်ပြီးရင်း နောက်တစ်ရွက်နဲ့ ပြက္ခဒိန်တွေ တော်တော်ကုန်သွားခဲ့တယ်။ ပြီးတော့လည်း ကျွန်တော်ဟာ မှင်မရှိတဲ့ ကောင်ဘဲ။ ဘာမှ အရာမထင်ခဲ့ဘူး။ ကျွန်တော်ဟာ တရားလွန်ရဲ့ အစွန်အဖျားအနေနဲ့ကို သဘာဝကျသွားခဲ့တာပါ။
မယ်ဇလင်ပွင့်တွေ ကြွေကျတယ်။ ခရေပွင့် တွေ ကြွေကျတယ်။ မိုးတွေကလည်း အရင်လို မဟုတ်တော့ဘူး။ ခန့်ခန့်ညားညားကြီး ရွာကျတယ်။ သံယောဇဉ်ဟာ အိပ်ယာပေါ်မှာ ပလက်ကြီးလန်လို့။ ကျွန်တော် မဟုတ်တော့ဘူးဆိုတာ သတိထားမိသွားတယ်။ ဒါဟာ သဘာဝမဟုတ်တဲ့ သဘာဝကျမှုတွေလား။ ကျွန်တော် မျက်လုံးတွေမှာ အခိုးအငွေ့တွေ ဝေခဲ့တယ်။ သူ့ကို ကြည့်တိုင်း ကြည်လင်ပြတ်သားနေခဲ့တယ်။ သူက ပိတ်ကားပေါ်မှာ မဟုတ်တော့ သူ့ကို ထိတွေ့ခွင့် ရခဲ့တယ်။
ကျွန်တော် သူ့ကို ထိတယ်။ ပြီးတော့မှ တွေ့တယ်။ နောက်တော့ ကျွန်တော် ချစ်သွားတယ်။
xxxxxxxxxxxxxxxxxxxxxxxxxx
လက်ဖဝါးတွေ ပွန်းပဲ့နေတဲ့နေ့က လက္ခဏာဆရာက မင်း လက်တွဲဖေါ်ရတော့မယ်လို့ ဟောပါတယ်။ ကျွန်တော် မတုန်လှုပ်တော့ဘူး။ ကျွန်တော် ရေကူးနေလိုက်တယ်။ ဖြစ်ချင်တော့ ရေကူးနေမှ လက်တွဲဖေါ်က ရလာတယ်။ မဖြစ်ချေဘူး။ ဒီအတိုင်းဆို မဖြစ်ချေဘူး။ ကျွန်တော် လက်မအားဘူး။ ကျွန်တော် ရေကူးနေတာ။ ကျွန်တော် လက်မအားဘူး။
အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်လဲမသိဘူး။ အိပ်မက်တွေ မကောင်းဘူး။ နိမိတ်တွေ မကောင်းဘူး။ ကျွန်တော် ပထမဆုံးအနေနဲ့ သတိထားမိသွားတာက ကျွန်တော် ငိုလို့မရတော့ဘူး။ စိတ်ညစ်စရာတွေ တွေ့တိုင်း ကျွန်တော် ဇွတ်ငိုတယ်။ ပိုးစိုးပက်စက်ငိုတယ်။ မရဘူး။ ကျွန်တော် ငိုလို့ မရတော့ဘူး။ ဒါသဘာဝမကျတော့ဘူး။ ကျွန်တော် သိပါတယ်။
လူတွေဟာ လမ်းပေါ်မှာ လေဟုန်စီးနေခဲ့တယ်။ ငှက်ကလေးတစ်ကောင်က ပန်းတွေနဲ့ဝေ သီချင်းကို ဆိုနေတုန်း။ ကျွန်တော် လက်မတွဲဖြစ်ခဲ့တဲ့ ကျွန်တော့် လက်တွဲဖေါ်လေးက ကျွန်တော့်ကို ပန်းပွင့်လေးပေးပြီး ထွက်ပြေးသွားတယ်။ ကျွန်တော် သူ့ကို နောက်ဆုံး စာရွက်မှာ လက်မှတ်ရေးထိုးပေးလိုက်တယ်။ လူတွေကို လူတွေပါလားလို့ ပထမဆုံး သဘာဝမကျစွာ တွေးဖြစ်ခဲ့တယ်။
မှတ်မှတ်ရရ တစ်ထောင့်ကိုးရာ ကိုးဆယ့်ခြောက်ခုနှစ်ရဲ့ နွေဦးတုန်းကလို နောက်တစ်ကြိမ် ကျွန်တော် ရယ်ဖို့ ကြိုးစားတယ်။ အော်… ကျွန်တော် ရယ်လို့လည်း မရတော့ပါလား။ ကျွန်တော် မတုန်လှုပ်တော့ဘူး။ ဟာသကားတွေကို မျက်လုံးကြီး ပြူးပြီး ကြည့်တယ်။ အသည်းကွဲသီချင်းတွေကို နားကြီးကားပြီး ထောင်တယ်။ လေချွန်တယ်။ သီချင်းဆိုတယ်။ ဘာသာရပ်တွေရဲ့ အဆုံးမှာ စိတ်တွေ ရှိလေမလား။ ကျွန်တော် လိုက်ရှာဖြစ်ခဲ့တယ်။
သဘာဝ မကျခဲ့ပါဘူး။
ဒါမှမဟုတ် သဘာဝ ကျခဲ့ပါတယ်။
ကျွန်တော့် မှင်တွေ ပြန်လည် ပြည့်လာခဲ့တယ်။
စာရွက်တွေ ပြန်လည် ဖြူစင်လာခဲ့တယ်။
မိုးတွေက ဘာသိဘာသာ ပုဂ္ဂလိက ဆန်စွာ ရွာတတ်လာတယ်။
“မျှော်လင့်နေရင်းနဲ့ ကျွန်တော်ပန်းလေးဟာ ပွင့်လာတယ်
မေမေခူးပေးပါ……. သား.. ဒီပန်းကို ဘုရားမှာ လှူမယ်
ချစ်ခြင်းမေတ္တာနဲ့ ပွင့်လာတဲ့ ကျွန်တော့်ပန်းလေး
ဟိုးထိပ်မှာ တိမ်တွေနဲ့အတူ ရင်ဘတ်ထဲမှာ လာပွင့်တယ်
အိစက်တယ် ညက်ညောတယ် နူးနူးညံ့ညံ့လေး
ကမာ္ဘသမိုင်းမှာ အသိမ်မွေ့ဆုံး ကျွန်တော့်ပန်းလေး
မေမေ
ချစ်ခြင်းကို ရေလောင်းပေါင်းသင် မြက်နှုတ်ဖို့ သင်ပေး
သား…
ဒီပန်းကို ဘုရားမှာလှူမယ်
ကြည်မွေ့မြူစင်နေတဲ့ မနက်ခင်းရဲ့ ရောင်နီလို
မေမေ.. သား ဒီပန်းကို ဘုရားမှာ လှူပါရစေ…”
နောက်ဆုံးမှာတော့ ကျွန်တော်ဟာ သဘာဝတရားရဲ့ အလွန်မှာ ချစ်ခြင်းကို မြတ်မြတ်နိုးနိုး သိမ်းဆည်းဖြစ်ခဲ့ပါတော့တယ်။
ရင်နင့်အောင်
13 comments
ပင်လယ် ပျော်
August 22, 2012 at 12:29 pm
ကိုသဘာဝကြီးရေ….ဖတ်တော့ဖတ်ပါရဲ့…ဒါပေမဲ့ခေါင်းတွေမူးပြီးချာချာလည်သွားတယ်…
နွေဦး
August 22, 2012 at 1:38 pm
ထီမထိုးပေမဲ့ ထီပေါက်တဲ့ သူတွေ အများကြီးပါဗျာ..။
တချို့ကြတော့လဲ ထီမပေါက်ပေမဲ့ ထီပေါက်တဲ့သူတွေထက် ပိုရတဲ့သူတွေလဲ အများကြီးပါဗျာ..။
တခါတလေ မစိုက်ပျိုးဘဲ အလေ့ကျ ပေါက်တဲ့ ပန်းကလဲ မွှေးတတ်ပါတယ် ။
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 2:20 pm
ရင်ဘတ်ထဲက ရင်ဝှက်ပန်းပေါ့
aung moethu
August 22, 2012 at 2:36 pm
သဘာဝကျကျ မကျကျ ခံစားသွားတယ်…။ ရေးလည်း ရေးတတ်ပါ့ဗျာ။
Shwe Ei
August 22, 2012 at 3:42 pm
အော် အသည်းတွေ ခဏ ခဏ ကွဲလွန်းလို့ မချစ်တတ်တော့တဲ့ လူပြိုဂျီး ထင်ပ။
ကောင်းပါတယ်လေ ကိလေသာကင်းတာပေါ့ (တဏှာဘဲ ကျန်တော့တာလားမသိ) ဟိ။
mayjuly
August 22, 2012 at 4:22 pm
အင်း ရေးထားတာကတော့ သဘာဝကျသလိုပါ ..
ဖတ်ရတာတော့ .. သဘာဝမကျသလို့ပဲ ..
ဟုတ်ကဲ့ အဲလို ပြောလို့ သဘာဝ မကျဘူးဆိုလဲ …
သဘာဝကျကျ လေး အထင်အမြင် လွဲပေးလိုက်ပါ .. 😀
si tone
August 22, 2012 at 4:35 pm
အင်း…. Si Tone အရမ်းကိုသဘောကျပါတယ်……… ကိုရင်နင့်အောင်…..
Si Tone … အစ်ကို့ရဲ့ သဘာဝကျကျဆိုတာ ကို ဖတ်လိုက်တာ…… Si Tone လဲ သဘာဝကျသွားပါတယ်
ဲပြီးတော့ ခေါင်းလဲမူးသွားပါတယ်……………………
လေပြေ ရိုင်း
August 22, 2012 at 4:56 pm
ကောင်မလေးက သဘာဝကျကျနမ်းလိုက်တာ…
အီး… ပါးတွေတောင် သဘာဝကျကျ ယားသွားတယ် ဖတ်နေရင်းနဲ့…
မောင်ပေ
August 22, 2012 at 8:22 pm
ကံဆိုးချင်တော့ ကျွန်တော် ချောက်ထဲပြုတ်ကျခဲ့တယ်
ကံကောင်းချင်တော့ ကျွန်တော့် နတ်သမီးက ကျွန်တော့်ဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့တယ်
ကံဆိုးချင်တော့ ကျွန်တော့်အပူနဲ ့ကျွန်တော် သူမ ကို မေ့နေခဲ့တယ်
ကံကောင်းချင်တော့ အချိန်မလွန်ခင်မှာ သူမ နဲ ့ကျွန်တော့်ကြားမှာ နွေးထွေးနားလည်မှု ပြန်ယူနိုင်ခဲ့တယ်
Novy
August 23, 2012 at 9:48 am
သဘာဝကျကျခံစားပြီး
သဘာဝမကျတကျပဲ ခေါင်းကုပ်မိပါကြောင်း ;-P
ဖိုးအောင်ထွန်း
August 23, 2012 at 10:06 pm
သဘာဝ ကျကျကြီး ဖတ်သွားပါတယ် ..
သဘာဝ ကျကျ ခေါင်းညိမ့်သွားပါတယ် …
သဘာဝ ကျကျ ခေါင်းယမ်းသွားပါတယ် …
အရာရာတိုင်းမှာ ဆန့်ကျင်ဘက် အရာနှစ်ခု ဒွန်တွဲလျက်ပါပဲ ..
ဒါကလည်း သဘာဝပဲ .. အဟဲ ..
ကျုပ်က သဘာဝကြီးကို ချစ်တယ် ..
မိန်းမ ယူရင်တောင် သဘာဝ ကျကျ ကောင်မလေးကိုပဲ ယူမယ်လို့ ကြံစည်ထားပါတယ် ..
သုရှင်
August 24, 2012 at 10:56 am
ရွာမှာ နေတဲ့ အဖွားကြီးက ပြောတယ်တဲ့
သူများတွေဖြင့် ထီတွေပေါက်လိုက်ကြတာ ဒို့များဖြင့်ပေါက်ပေါင်…တဲ့ ( ညီးရှာတာပေါ့ ဗျာ)
အဲဒီတော့ ရွာသားတစ်ယောက်ကပြန်မေးတယ်တဲ့
အဖွားက ထီရော ထိုးလို့လား။။။
အဖွားက ပြန်ပြောတယ်။ ထီဆိုတာ ထိုးရတာလား ဟဲ့။ သိပါဘူး။ ငါက အလှည့်ကျ ပေးတယ် ထင်လို့။
nandar aung
August 24, 2012 at 12:42 pm
ဖတ်ရင်းဖတ်ရင်း နဲ့ပဲ…..