ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်
မနက်မိုးမလင်းသေးဘူး သည်ရပ်ကွက်လေးထဲမှာ စည်ကားနေပြီ။ ဆောင်းတွင်းဆိုတော့ လည်း နေ့တာတိုပြီး ညတာရှည်နေတော့ နံနက်(၆)နာရီဆိုတာ အရင်ရာသီတွေလိုမဟုတ်ဘဲ မှုန်ပျပျအလင်းရောင် လေးနဲ့ နှင်းမှုန်လိုလို မြူခပ်ဆိုင်းဆိုင်းရယ်ဆိုတော့ လွမ်းမောစရာလေး လိုဖြစ်နေတယ်။ ရန်ကုန်မြို့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုစီဖြစ်တဲ့ မြို့နယ်တွေရဲ့ ရပ်ကွက်လေးတွေထဲမှာ မနက်(၃-၄)နာရီဆိုကတည်းက လှုပ်လှုပ်ရွရွ မဟုတ်လား။ အခြားသူဌေးရပ်ကွက်တွေလိုမဟုတ်ဘဲ ရပ်ကွက်လေးထဲက ပျံကျဈေးလေးရယ်။ အစိုးရက သတ်မှတ်ပေးထားတဲ့ အနည်းငယ်လမ်းလျှောက် ရင် ရောက်နိုင်တဲ့ သတ်မှတ်ဈေးတွေမှာ ဆိုင်ဖွင့်တဲ့ သူတွေမှာတော့ မနက်(၃-၄-၅)နာရီဆိုတာ အိပ်ရာ ထချိန်ဖြစ်နေတယ်။
ကုန်စိမ်းရောင်းမယ့်သူက မနက်စောစောကုန်စိမ်းတွေသယ်တယ်။ လက်သုတ်စုံ(ခေါက်ဆွဲသုတ် ၊ ကြာဇံသုတ်) ရောင်းမယ့်ဆိုင်တွေကတော့ အစောကတည်းက ဟင်းခါးတွေ ဘာတွေညာတွေ ချက်ပြုတ်ကြော် လှော်နေကြတယ်။ ဈေးသည်မဟုတ်တဲ့ အိမ်ရှင်မတွေလည်း မနေသာဘူး မနက်စောစော လာတဲ့ ပဲပြုတ်သည် ကိုစောင့်ရတယ်။ မနက်ခင်းစောစော ကျောင်းသွားရမယ့် ကလေးတွေအတွက် ထမင်း ချိုင့်ထည့်ပေးရမယ် မဟုတ်လား….။ အချို့ချွေတာတဲ့သူတွေကျတော့လည်း ညဘက်လက်ကျန်ထမင်းကြမ်း လခဲလေးကိုချေပြီး ပဲပြုတ်(၁၀၀)ဖိုးလောက်ဝယ် ဆီအနည်းငယ်နဲ့ လှိမ့်ပြီးမိသားစု မနက်စာဆိုတာ ပြီးသွားကြတာပဲလေ။ အချို့တွေကလည်း မနက်စောစောစီးစီးကို ထမင်းမစားချင်ဘူးဆိုပြီး လက်သုတ် စုံလေးကို ဟင်းခါးလေးနဲ့ သောက်လိုက်ရမှ မုန့်ဟင်းခါးလေးကို ပူပူလေးစားလိုက်ရမှ ကျေနပ်တဲ့ သူတွေကတော့ ဈေးကြီးထဲကို ပြေးချင်ပြေး ၊ မပြေးချင်ရင်တော့ ပျံကျဈေးထဲမှာရောင်းတဲ့ လက်သုတ်စုံဆိုင် ၊ မုန့်ဟင်းခါးဆိုင်တွေကို ပြေးကြရတာပဲလေ..။
**************************************
မနက်ခင်းနေလေးက မြင့်လာတာနဲ့အမျှ ဆောင်းတွင်းရဲ့မနက်ခင်းရဲ့ မြူမှုန် ၊ နှင်းမှုန်လေးတွေ က ပြယ်စပြုလာပြီ။ ရပ်ကွက်လေးထဲက ပျံကျဈေးတန်းကလေးကလည် အသက်ဝင်လာတယ်။ ကုန်စိမ်းသည်တွေ ကလည်း အဆင့်သင့်ခင်းကျင်းပြီးပြီ။ လက်သုတ်စုံ ၊ မုန့်ဟင်းခါးဆိုင်တွေကလည်း အားလုံးအဆင့်သင့်ဖြစ်နေ ပြီ။ ကုန်ခြောက်ဆိုင်နီးနီး ဆိုင်လေးတွေကလည်း ဘုရားပန်းတွေပူဇော်ပြီး အမွှေးတိုင်တွေဘာတွေ ထွန်းနေကြပြီ။ ရပ်ကွက်ထဲက တစ်အိမ်စနှစ်အိမ်စကလည်း ဘုန်းကြီးတရားခွေ ၊ မင်္ဂလာမနက်ခင်းတေးသံသာ တွေ ဖွင့်နေကြပြီ။ ကျောင်းသားတွေရှိတဲ့အိမ်မှာတော့ အပြေးအလွှားကျောင်း မီအောင် ရှုပ်ယှက်ခက် နေကြတယ်။ ဒီလိုနဲ့ပဲ ရပ်ကွက်လေးတစ်ခုရဲ့ နံနက်ခင်းကပီပြင်လာတယ်…။
မနက်မိုးလင်းလို့ အိပ်ရာထပြီးဆိုတာနဲ့ လူတိုင်းကမျက်နှာသစ်၊သွားတိုက် သွားတိုက်ဆေးမဝယ်နိုင် တဲ့ အိမ်တွေမှာတော့ ဆားနဲ့တိုက်ကြတာပေါ့…။ သန့်ရှင်းရေးကိစ္စတွေပြီးသွားတော့ ဗိုက်ထဲက ဆန္ဒပြလာပြီ။ ဆာလောင်တာတွေဖြေသိပ်ဖို့ အိမ်မှာကျန်တဲ့ထမင်းကြမ်းခဲကို ငါးပိရည်လေးနဲ့ ဆွဲတဲ့သူက ဆွဲလိုက်ကြတယ်။ ဒါမှမဟုတ် ပဲပြုတ်လေးနဲ့ကြော်ပြီး ဆွဲရင်ဆွဲလိုက်မယ်…။ သည်ရပ်ကွက်ထဲကလူတွေ အများစုကတော့ ပျံကျဈေးလေးထဲက မုန့်ဟင်းခါးဆိုင်လေးကို ပြေးကြတာပါပဲ။ ပျံကျဈေးလေးထဲက မုန့်ဟင်းခါးဆိုင်လေးက တော့ ထူးခြားမှုတစ်ခုတော့ရှိတယ်။ ဘယ်ဆိုင် ဘယ်နေရာမှာမှမရတဲ့ ဈေးနှုန်းနဲ့ အဲသည်ဆိုင်မှာ ဝယ်စားနိုင်တယ်။ ဒါကြောင့်လည်း ဒီအနီးနားပတ်ဝန်းကျင်က လူတွေက နံနက်ခင်းဆို ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်လေးကိုပဲ အပြေးလားကြတယ်။
ရေထိုးတဲ့ကြက်သားလား ၊ အလေးခိုးတဲ့ငါးသည်လား ၊ ဝက်သားသည်လား ၊ မနေ့တစ်နေ့ ကကျန်တဲ့ ဟင်းသီးဟင်းရွက်တွေကို အပုံဈေးနဲ့ရောင်းတဲ့ ဟင်းရွက်သည်လား။ စံပယ်ကုံးတစ်ရာ ခုနှစ်ကုံးလိုလို နှစ်ကုံးလိုလို မပီကလာပီကလာ အသံနဲ့လှည့်နေတဲ့ စံပယ်ပန်းသည်လား။ အားလုံးနီးပါး အဲသည်မုန့်ဟင်းခါး ဆိုင်လေးကပဲ ဝယ်စားအားပေးကြတယ်။ ရပ်ကွက်ထဲက အိမ်ရှင်မတွေ ဈေးဝယ်ပြီး အပြန် ဟာနေတဲ့ဝမ်းတွေကို မုန့်ဟင်းခါးဆိုင်လေးမှာပဲ ဖြည့်တင်းသွားတယ်။ မအားလပ်လို့ ဟင်းမချက်နိုင် တဲ့အလုပ်သမားတွေ မုန့်ဟင်းခါးဆိုင်လေးမှာ လက်သုတ်စုံပါရတော့ ထမင်းချိုင့်အဖြစ်လည်း ထည့်သွားကြ တယ်..။ မကြီးကျယ် မခမ်းနားတဲ့ သည်မုန့်ဟင်းခါးဆိုင်လေးဝန်းကျင်မှာရော ဘာကြောင့်တခြားဆိုင်မရှိတာ လဲ။ အလွယ်လေးပါ….။ သူ့ကိုမယှဉ်နိုင်လို့ပေါ့…..။
*************************************
ပျံကျဈေးလေးထဲက မုန့်ဟင်းခါးဆိုင်လေးမှာ ဝင်စားမယ်ဆိုရင် ဝဝဖိုင့်ဖိုင့်နဲ့ မိန်းမအပျိုကြီး တစ်ယာက်ရောင်းနေတာတွေ့ရလိမ့်မယ်။ ရပ်ကွက်လေးထဲမှာ တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ မုန့်ဟင်းခါး ရောင်းစားနေတာ သူတစ်ယောက်ပဲရှိတယ်။ ရပ်ကွက်ထဲက “မတင်တင်” ဆိုမသိတဲ့သူမရှိဘူး။ သူရောင်းတဲ့ ပုံကိုလည်းကြည့်လေ အသုတ်တစ်ပုံ(၅၀)ကျပ် ၊ မုန့်ဟင်းခါးတစ်ပွဲ(၅၀)ကျပ်။ ရပ်ကွက်ထဲမှာ နေတဲ့အခြေခံ လူတန်းစားတွေက တစ်ပုံကြီးရယ်။ ကလေး(၄-၅)မွေးထားတဲ့မိသားစုဆို တစ်ယောက်စီကို တစ်ယောက်(၅၀)ကျပ်ပေးလိုက်ရုံပဲ။ ကလေးကအိမ်က ထမင်းကြမ်းလေးယူပြီး လက်သုတ်တစ်ပုံ ၊ ဒါမှမဟုတ် မုန့်ဟင်းခါးတစ်ပွဲနဲ့ ဆွဲလိုက်ရင် ဗိုက်ပြည့်ပြီလေ။ တစ်ပွဲ(၅၀)ကျပ်ဆိုလို့ လည်း အရသာမရှိဘူးမထင်နဲ့။ လက်သုတ်စုံဆိုလည်း ဆီချက်လေး ၊ ငရုတ်ဆီလေး ၊ ငံပြာရည်လေး ၊ နံနံပင်မွှေးမွှေးလေးနဲ့ သူ့အစပ်အဟပ် နဲ့သူ စားကောင်းတာပဲ။ မုန့်ဟင်းခါးဆိုလည်း ငှက်ပျောအူ ဖတ်လေးတွေနဲ့ အရည်ကျဲကျဲချိုချိုလေးဆိုတော့ နံနက်ဆို သူ့ဆိုင်လူအုံနေတာပေါ့…။
“ခေါက်ဆွဲသုတ် လေးပုံပေးပါ…”
ပန်းကန်ပြားလေးတစ်ခုနဲ့ ရောက်လာတဲ့ ကလေးတစ်ယောက်ကို မတင်တင်ကြည့်လိုက်တယ်။ ဒါသူ့ဖောက်သည်ပဲ။ ယူလာတဲ့ပန်းကန်ပြားပေါ်မှာ ခေါက်ဆွဲလေးပုံကို တညီတညာပုံ ဆီချက်၊ငရုတ်ဆီ၊ ငံပြာရည်၊ပဲမှုန့်၊ငရုတ်သီးမှုန့်၊အချိုမှုန့်နဲ့ နံနံပင်လေးအုတ်ပြီးပြီ။ တစ်ပုံကို(၅၀)ကျပ် လေးပုံဆိုတော့ (၂၀၀)။ ပြီးဟင်းရည်သောက်ဖို့အတွက် မုန့်ဟင်းခါးအရည် ကျွတ်ကျွတ်အိတ်နဲ့ ထည့်ပေးလိုက်တယ်။ ဒါတောင်ကလေးက ပါးစပ်ကတတွတ်တွတ်ပြောနေသေးတယ်..။
“မေမေက ဟင်းရည်ပိုထည့်ပေးပါတဲ့……”
ကလေးပြောတာ မတင်တင်မကြားသလိုကြားသလိုပါပဲ သူထည့်နေကျအတိုင်းပဲ မုန့်ဟင်းရည် ကိုထည့်ပေးလိုက်တယ်။ ဆိုင်မှာထိုင်စားတဲ့လူနဲ့ မတင်တင်ဆိုင်ကတော့ အုံခဲလို့…။
“မုန့်ဟင်းခါးတစ်ပွဲပေးပါဟေ့…..”
လူမရောက်သေးဘူး အသံကရောက်နှင့်နေတဲ့ မသေးကွေးဆိုတဲ့ မိန်းမအသံ။ မသေးကွေးသာ ဆိုတယ် လူကြည့်တော့လည်း ဝတုတ်လို့။ ဝတုတ်နေမှာပေါ့ မတင်တင်ဆိုင်မှာ မသေးကွေးဘယ်လိုစား တယ်ဆိုတာ မတင်တင်ပဲအသိ။ သူလာစားပြီးဆို ဘယ်ကဘယ်လိုဝယ်လာမှန်းမသိတဲ့ မုန့်ဟင်းခါး ဖတ်တစ်ထုပ်ပါတယ်။ ပြီးရင် မတင်တင်ဆီက မုန့်ဟင်းခါး(၅၀)ဖိုးဝယ်စားမယ်။ မတင်တင်ထည့်ပေးလိုက်တဲ့ မုန့်ဟင်းခါးခွက်ထဲကို သူဝယ်လာတဲ့ မုန့်ဖတ်တွေထည့်မယ်၊ မွှေမယ်ပြီးရင် ဟင်းရည်ကိုအထပ်ထပ် အခါအခါတောင်းမယ်။ ခုလည်း မသေးကွေးလက်ထဲမှာ မုန့်ဖတ်ထုပ်ကပါလာပြီ။ မတင်တင်ကတော့ ဟင်းရည်တောင်းရင် မသိမသာ ပညာသားပါပါ ဟင်းရည်ဇွန်းခွက်ကို ခပ်ပြီးခပ်နည်းနည်းပြန်ပြန်သွန်ပြီး မသေးကွေးပန်းကန်ထဲကို နည်းနိုင်သမျှ နည်းအောင် ပညာသားပါပါ ထည့်ပေးရဦးမယ်။
***********************************************
မသေးကွေးရဲ့နောက်မှာ ကပ်ပါလာတဲ့လူတစ်ယောက်ကို မတင်တင်တွေ့တွေ့ချင်းပဲ စားပွဲပေါ်က ငရုတ်သီးမှုန်ခွက်ကို စားပွဲအောက်ထဲကောက်သိမ်းလိုက်တယ်။ မတင်တင်မျက်လုံးမှာ စိုးရိမ်တဲ့အငွေ့ အသက် တွေနဲ့။ ကိုယ်တွေ့ခံစားဖူးတော့လည်း မတင်တင်ခမျာ မျက်စိလျင်မှကိုး။ မတင်တင်ကြောက် လန့်နေတဲ့ တစ်ယောက်ကိုကြည့်လိုက်တော့လည်း မိန်းကလေးခပ်ငယ်ငယ်တစ်ယောက်ပါပဲ။
“မုန့်ဟင်းခါးတစ်ပွဲပေးပါ….”
ကောင်မလေးက မုန့်ဟင်းခါးမှာလိုက်တော့ မတင်တင်မုန့်ဟင်းခါးကို ပြင်ဆင်ပေးလိုက် တယ်။ ကောင်မလေးက မုန့်ဟင်းခါးခွက်ရရချင်းပဲ တစ်ခုခုကိုရှာလိုက်တယ်။ ကောင်မလေးမျက်လုံးက သူရှာနေတဲ့ အရာတွေ့သွားသလိုပဲ မျက်လုံးကအရောင်လက်သွားတယ်…။ မတင်တင်သိမ်းဖို့ကျန်သွားတဲ့ ငရုတ်သီးမှုန့် တစ်ခွက်ပါပဲ….။ မတင်တင်မျက်လုံးတွေကတော့ ငရုတ်သီးမှုန့်ခွက်ကလေးကို သနားတဲ့ ပုံစံနဲ့ကြည့်နေတယ်။ ကောင်မလေးကတော့ ငရုတ်သီးမှုန့်ခွက်ကိုကောက်ကိုင်ပြီး သူ့ပန်းကန်ထဲကိုထည့်ချ လိုက်တဲ့ ငရုတ်သီးမှုန့်ပမာဏက မတင်တင်မုန့်ဟင်းခါးတစ်ပွဲစာမကဘူး တစ်ပန်းကန်လုံးကို ရဲပလောင်း ခတ်သွားတာ။ ကောင်မလေးစားပြီးထွက်သွားတော့ မတင်တင်နှုတ်ဖျားက ပွစိပွစိနဲ့ ဘာတွေပြောနေမှန်း ကိုမသိဘူး။ ကောင်မလေးကို ကျိန်ဆဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့…။
“တင်တင်ရေ မုန့်ဟင်းခါးတစ်ပွဲပေးဟေ့…..”
အသံကြားကြားချင်ပဲ မတင်တင်ထည့်ထားတဲ့ မုန့်ဟင်းခါးကအသင့်ဖြစ်နေပြီ။ အခုတစ်ခေါက်ထည့် တဲ့ မုန့်ဟင်းခါးကတော့ အခြားသူတွေထက်ပိုများနေသလိုပဲ။
“ကဲရော့ မိဇင်…… ညည်းကျုပ်အတွက်ချန်ထားဦးနော်….”
“အေးပါဟယ်..ကျုပ်ပစ္စည်းတွေညည်းအတွက်ပါပဲ..”
သူတို့နှစ်ယောက်ဘာတွေပြောနေမှန်းမသိပါဘူး….။ အတိုင်အဖော်ကိုညီလို့ အဲသည်မိန်းမစားပြီး ဟင်းရည်ထပ်တောင်းတော့လည်း မတင်တင်ထည့်ပေးလိုက်တဲ့ ဟင်းရည်က အခြားသူထက်ကိုများနေ တာ..။ ဟင်းရည်သောက်ပြီး မုန့်ဟင်းခါးစားပြီးသွားတော့လည်း မတင်တင်ကိုပိုက်ဆံပေးမသွားဘူး။ မတင်တင်ကတော့ ပြုံးပြုံးပဲ။
“အန်တီ… အသုတ်(၆)ပုံပေးပါ….”
“ဟဲ့ ညည်းကများလှချည်လား…”
“သမီး…တို့မောင်နှမတွေစားဖို့ပါ…”
ကောင်မလေးပြောလိုက်တဲ့စကားရဲ့နောက်ကွယ်ကို မတင်တင်မျက်လုံးတွေက သိနေသလိုလိုပဲ။ သူ့မျက်လုံးတွေက လှောင်နေသလိုလို၊ ဂုဏ်ယူနေသလိုလို။ ကောင်မလေးထွက်သွားပြီးတော့ မတင်တင် ပြောလိုက်တဲ့စကားကြားလိုက်မှပဲ အကုန်လုံးနားလည်တော့တယ်..။
“သူဌေးတွေများ…. ဈေးပေါတဲ့ဟာဆို ဝယ်စားရမှာရှက်နေလိုက်တာ အိမ်မှာခိုင်းတဲ့လူကို ဝယ်ခိုင်းရတာနဲ့ ဘာနဲ့…. မသိဘူးများမှတ်နေတယ်..။ ငါ့အသုတ်ကောင်းလို့ ဝယ်ခိုင်းနေတာများ… ”
******************************************
မတင်တင်ရဲ့ဆိုင်နားမှာတော့ ကျွတ်ကျွတ်ကိုညံလို့။ ကြက်သားရေထိုးတာကို မိသွားတဲ့သူရဲ့ ကျိန်ဆဲနေတဲ့စကားသံတွေ။ အလေးမှန်တယ်ဆိုတဲ့ ငါးသည်ရဲ့အသံတွေ။ ဟင်းရွက်တွေလတ်ပါတယ်ဆိုတဲ့ ဟင်းရွက်စိမ်းသည်အသံတွေ။ မတင်တင်ရဲ့ မုန့်ဟင်းခါးအိုးကြီးကတော့ တဖြည်းဖြည်းလျော့လာ ပြီ။ နေလည်း မြင့်လာလေလေ ပျံကျဈေးထဲမှာလည်း လူတဖြည်းဖြည်းပါးလာပြီ။
“ဖုတ်…..”
အသံကြားတော့ မတင်တင်လှည့်ကြည့်တယ်…။ သူ့ဖောက်သည်တစ်ယောက်ပဲ။ ဒါပေမယ့် သူကဝယ်ရမယ့်ဖောက်သည်ပေါ့…။
“ဟဲ့ကောင်လေး ဘယ်လောက်လဲ…”
“နှစ်ရာ့ငါးဆယ်ပဲ ပေးပါအန်တီ…”
“နင်ကလည်း နှစ်ရာပဲထားပါ…. လယ်ကွင်းထဲက အလကားခုတ်လာတာကိုး…”
“ဒါဆိုလည်း မုန့်ဟင်းခါးတစ်ပွဲပေး….. တစ်ရာ့ငါးဆယ်ပဲပေးတော့။ မုန့်ဟင်းခါးတော့ ပိုထည့်ပေးနော်..”
“အေးပါဟယ်..ကိုယ့်ဖောက်သည်တွေပဲ”
မတင်တင်ထည့်ပေးလိုက်တဲ့… မုန့်ဟင်းခါးကို ကောင်လေးငုံ့ပြီးစားလိုက်တယ်။ မုန့်ဟင်းခါးခပ် ကျဲကျဲ ထဲမှာ သူရောင်းတဲ့ ငှက်ပျော်အူဖတ်လေးတွေကဝေစီလို့။မတင်တင်လည်းဆိုင်သိမ်းဖို့ အချိန်ရောက်ပြီး ဈေးထဲမှာလည်း လူမရှိသလောက်ပါးသွားပြီ။ ဆိုင်ထဲကပစ္စည်းတွေ သိမ်းစရာရှိတာသိမ်းပြီး ငါးသည်ဖက်ကို ထွက်ပြီး ငါးထွက်ဝယ်တယ်…။
“မိဇင်…ငါ့အတွက်ပေးဦး..”
“အေး…ရော့ငါးဆယ်သား…ငါပိုပိုသာသာထည့်ပေးထားတယ်နော်…”
“အေးပါဟယ်…”
မိဇင်ပစ်ပေးလိုက်တဲ့ ငါးအရိုးတစ်ထုပ်ကို မတင်တင်ဆွဲယူလိုက်တယ်။ ပြီးတော့ ကော့ကော့ ကော့ကော့နဲ့ထွက်သွားတယ်..။ မတင်တင်ငါးအရိုးထုပ်ဆွဲသွားတာကို ကြည့်နေတာ က မိဇင်…။ ကြည့်နေရင်းနဲ့ မတင်တင်မုန့်ဟင်းခါးလေးကို မိဇင်စားချင်လာပြန်ရော…။ နောက်တစ်နေ့ မနက်ကျရင်တော့ မိဇင်တစ်ယောက် မတင်တင်ဆီကမုန့်ဟင်းခါးကို စားရဦးမယ်…။ ငါးရိုးတွေချန် ထားပေးတဲ့အတွက် အလကား စားရမှာလေ….။
စူးရှ
တနင်္ဂနွေ ၊ ဇန်နဝါရီ ၁၅ရက် ၂၀၁၂ခုနှစ်။
ည ၁၁နာရီ ၅၈မိနစ်။
28 comments
mocho
August 22, 2012 at 4:30 pm
အစ်မ တို့ရပ်ကွက် ဈေးလေး မှာတော့မုန့်ဟင်းခါး ၊ အသုတ်တို့ ၊ ၁၀ဝ နဲ့ ရ သေး တယ်။ ၅ဝ တော့ မရတော့ဘူး ။ ဒါပေမယ့် ဘယ်လို မှ စား မရ အောင် ချာတယ်၊ ညစ်ပတ် တယ်။ ၂၀ဝ တန်ဆိုရင်တော့ စားလို့ဖြစ်တယ်။
ဘာပဲ ဖြစ် ဖြစ် ကို အောင်မိုးသူ ရဲ့ ပျံကျ ဈေး လေး ဖတ် ပြီး တော့ မရာက်တာ ကြာ နေပြီ ဖြစ်တဲ့ ကိုယ် ့ ရပ်ကွက် ဈေးလေးကို အရမ်း သတိရ သွား ပြီ။
TTNU
August 22, 2012 at 6:10 pm
မောင်ရင့် Post ကို ပထမအကြိမ်စဖတ်ဖူးခြင်းပါ။
ဖတ်ရင်းနဲ့ မုန့်ဟင်းခါးနံ့လေးရလာသလိုလို ခံစားမိတယ်။
မျက်စိထဲမှာလည်း ငြုတ်သီးမှုန့်တွေရဲနေအောင်စားတဲ့ မုန့်ပန်းကန်၊
အပုံလိုက်လေးတွေလာဝယ်တဲ့ မုန့်ဟင်းဖတ်လေးတွေ၊
အပြင်ကမုန့်ဖတ်ဝယ်လာပြီး မတင်တင့်ဟင်းရည်တွေနဲ့ အဝလွေးနေပုံတွေ၊
မြင်ယောင်လာမိတယ်။
တော်လိုက်တာလို့ ချီးမွမ်းပါရစေ။ 🙂
San Hla Gyi
August 22, 2012 at 7:04 pm
ဖတ်ကြည့်လိုက်တာနဲ့ အရေးအသား တော်တော်ညက်တာ သိသာပါတယ်။ ကျနော်မှန်းရင် လွဲခဲပါတယ်။ မမှန်တာတော့ ရှိတာပေါ့။ အလကား နောက်တာပါ။ အရေးအသား တော်တော် ကောင်းပါတယ်။ သရဲ အကြောင်းဘာလို့ ဆက်မရေးတော့တာလဲ။ ဆက်ရေးပါအုံး။ တခါတလေ ကြောက်ရွံ့တဲ့ အရသာဆိုတာ မုန့်ဟင်းခါးကို ငရုတ်သီးစပ်စပ် ထည့်စားသလိုပဲ။ အမှန်တော့ ကြောက်တတ်သူများ မဖတ်ရဆိုတဲ့ ဆောင်းပါးကတည်းက အရေးအသားကို သတိထားမိတယ်။
မောင်ပေ
August 22, 2012 at 8:01 pm
မုန် ့ဟင်းခါးတစ်ပွဲ ငါးဆယ် ဆိုတာကို ၊ တစ်ရက်တုန်းက မြို ့သစ်ဘက်မှာနေတဲ့ ပန်းရံဆရာ နှစ်ယောက်ရဲ ့အပြောသာ မကြားခဲ့ဖူးဆိုရင် ၊ ကိုအောင်မိုးသူ ရဲ ့ စာကို ခံစားလို ့ရမှာမဟုတ်ဘူး။
ကိုအောင်မိုးသူ ရေ ရီးရဲလစ်ဇင် ကောင်းကောင်းကို ဖတ်ရလို ့ဝမ်းသာပါတယ်ဗျို ့
အရီးခင်လတ်
August 22, 2012 at 9:20 pm
ဈေးလေး နဲ့ မုန့်ဟင်းခါးဆိုင်ကို ရုပ်ရှင်ရိုက်ပြနေသလိုဘဲ။
ကွင်းကွင်းကွက်ကွက် မြင်ပြီး အသေအချာ ခံစားလို့ ရပါတယ်။
ပြောချင်တဲ့ အကြောင်းလေးတွေကိုလဲ ကြားလိုက်ပါတယ်။
Post ကောင်းလေးအတွက် ကျေးဇူးပါ။
အရီးကတော့ မုန့်ဟင်းခါးဆို ဘယ်လောက်ဘဲ ညံ့ညံ့ စားတယ်။ ကြိုက်တယ်။
ပြီးတော့ ပြီးခဲ့တဲ့အပါတ် က ချက်စားခဲ့တဲ့ မြန်မာပြည်က ရယ်ဒီမိတ် မုန့်ဟင်းခါးကို သွားသတိရတယ်။
လက်ဝါးလောက် အထုတ်ကလေးကနေ ရေနွေးထဲ ထည့်လိုက်တော့ မျက်လှည့်ပြသလို ပြစ်နှစ် သွားခဲ့တာ။
ရွာထဲမှာ (တုံတုံလားမသိ) ပြောဘူးတယ်။
အဲလိုဖြစ်အောင် ဖန်ဆင်း ထားတာ ဆိုတဲ့ စကားကို ကြားပြီး ငတ်ကြီးကျ လို့သာ စားရ တယ်။
အရသာ ကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပုံစံ နဲ့ သဘော ခံစားနေရတော့တာ။
နောက်ဆိုရင် တဖြေးဖြေး နဲ့ မြန်မာ အစာတွေ နဲ့ ဝေးတော့မယ်ထင်ရဲ့။
ပုန်းရည်ကြီး အမှုန့်ထဲ လဲ သဲတွေနဲ့။
ရင်နာတယ်။
Pye Kun Zaw
August 22, 2012 at 10:03 pm
ပန်းကန်ပြားလေးနှင့် အသုတ်လာဝယ်ပြီး အပုံလေးတွေညီညီညာညာ ပုံပေးလိုက်တယ်ဆိုတာမျိုး အခုမှဘဲကြားဖူးတယ်.. ဖတ်ကောင်းလို ့၂ခါ၃ခါပြန် ဖတ်လိုက်ပါတယ်
padonmar
August 22, 2012 at 11:06 pm
ဘကြီးအောင် ရေးတာ အဲဒီမုန့်ဟင်းခါးပြေးဝယ်စားကြည့်ချငိလာပါတယ်။
ငါးရိုးနဲ့ချက်လည်း ဟင်းချိုဖို့ လိုရင်းပါပဲနော။
ဦးဦးပါလေရာ
August 22, 2012 at 11:33 pm
စာရေးဟန်လေးကြိုက်မိပါတယ်။
မုန့်ဟင်းခါးကိုမြောက်ဥက္ကလာမှာ တပွဲတစ်ရာနဲ့တော့ စားဘူးတယ်။
တော်တော်ကို စားမကောင်းပေမယ့် ပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေတာ ကိုယ့်အလှည့် မနည်းစောင့်ရတယ်။
စားပြီးလို့ ပိုက်ဆံရှင်းမယ်လုပ်တော့ ရောင်းတဲ့အမျိုးသမီးက မဝံ့မရဲ ပြောရှာတယ်..။
ဦးလေး… အကြွေလေးပေးနော်…. တဲ့..။
သမာဓိ
August 23, 2012 at 2:25 am
တော်ပါပေတယ်ဗျာ..
တကယ့်ပါရမီရှင်ပါပဲ.. အားပေးနေပါတယ်။
Shwe Ei
August 23, 2012 at 9:41 am
ကောင်းလိုက်တဲ့ သရုပ်ဖေါ်စာဗျာ။ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးနိုင်တာဘဲ။ အဲလာမျိုးလေးတွေ များများဖတ်ချင်တာ 😀
Dote Kha
August 23, 2012 at 12:48 pm
ဆောင်းတွင်း မနက်ခင်းမှာ အောက်ခြေလူတန်းစား ရပ်ကွက်လေးတစ်ခုရဲ့ ပုံရိပ်ကို မုန့်ဟင်းခါးဆိုင်လေးနဲ့ ဆက်စပ်ပြီး သရုပ်ဖော်သွားတာပဲ။ ဖတ်ရင်းနဲ့ပဲ ကိုယ်ကိုယ်တိုင် မုန့်ဟင်းခါးဆိုင်ဘေးနား ရပ်ကြည့်နေရသလိုမျိုး ဖြစ်လောင်အောင် အရေးအသား ကောင်းလှပါတယ်။ နောက်ဆုံး မတင်တင်က ငါးအရိုး ငါးဆယ်သား ဝယ်သွားတာက ဘာလုပ်ဖို့ပါလိမ့်။
Novy
August 23, 2012 at 1:16 pm
ဘကြီးအောင်ရေ..
ငယ်ငယ်တုံးက အလကကျောင်းကလေးမှာ စားခဲ့တဲ့ 25ပြားတန် မုန့်ဟင်းခါး
လေးကို် ပြန်စားရလို အရသာပေါ်လာပါတယ်
may flowers
August 23, 2012 at 2:55 pm
အရေးအသားကောင်းလွန်းလို့ လက်မထောင်အားပေးခဲ့ပါတယ် ကိုအောင်မိုးသူရေ။ ကျွန်မလည်း ဒီလိုပဲ
ရန်ကုန်ရဲ့ အစွန်အဖျားရပ်ကွက်လေးတစ်ခုမှာ ပဲကုလားဟင်းကို ၁၀ဝ ဖိုးနဲ့ရောင်းတာတွေ့ဖူးပါတယ်။
ပေးတာလည်းအများကြီးရယ် ။ ၁၀ဝ ဖိုးလောက်ဝယ်ရင်
လူနှစ်ယောက်လောက်ရှိတဲ့အိမ်ဆိုအရည်သောက်
လောက်တော့စားလို့လောက်တယ်။ အရသာကလည်း တကယ်ကို့ကိုကောင်းပါတယ်။ ကျွန်မလည်း ပထမ
တော့ အံ့ဩမိပါတယ်။ သူဒီလို ဈေးနဲ့ဒီလိုရောင်းရင်
အရင်းထဲကတောင်ပါသွားနိုင်လောက်တယ်ဆိုပြီးတော့
တွေးမိလို့ပါ.။ ကျွန်မ အိမ်မှာ မိသားစု သုံးယောက်စာလောက်ပဲကုလား ဟင်းချက်ရင်တောင် အနဲလေးငွေ
တစ်ထောင်လောက်တော့ကျော်လို့လေ။ နောက်မှ သိလိုက်ရတယ်။ အဲဒီပဲကုလားဟင်းချက်ရောင်းတဲ့
သူက ညနေစောင်းလို့ရှိရင်ဟင်းရွက်မကုန်တဲ့ ဈေးသည်တွေ၊ အာလူးဆိုလည်း တစ်ခြမ်းလောက်ပဲ သုံး
လို့ ရလောက်တော့မဲ့ အပုတ်တွေ ၊ ခရမ်းသီးပိုးပေါက်တွေဆို တစ်ခြမ်းလောက်အသုံးပြုနိုင်သေးတဲ့အသီး
တွေကို အလကားနီးပါးဈေးလောက်နဲ့ လိုက်ဝယ်ပြီး အိမ်ရောက်မှ ပုတ်တဲ့အခြမ်းတွေဖယ် ကာမနက်မှ
ချက်ပြုတ်ပြီး စက်ဘီးနဲ့ ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေ အနေများတဲ့အရပ်တွေမှာ
လည်ရောင်းတာပါ။ သန့်လည်းတော်တော်လေး သန့်ပါတယ်။ စေတနာလည်း ကောင်းတော့
တစ်နေ့တစ်နေ့ စက်ဘီးနဲ့ နှစ်ခေါက်လောက်ကို ထွက်ရောင်းရပါတယ်။ ကျွန်မလည်း ဝယ်စားကြည့်ဖူး
တယ် တကယ့်ကို ကောင်းပါတယ်။ အဲဒီအကြောင်းကိုတောင် ပိုစ့်ရေးမလို့ ကြိုးစားသေးပေမဲ့ ကျွန်မရဲ့
စာအရေးအသားက စိတ်ဝင်စားလောက်စရာ ပိုစ့်တစ်ခုထွက်မလာနိုင်တာမို့ လက်လျော့လိုက်တာပါ။
နောင်ရေးလာမဲ့ ကိုအောင်မိုးသူရဲ့ ပိုစ့်လေးတွေကိုလည်း မျှော်နေပါ့မယ်လို့။
အော်……….မေ့လို့ ၁၀ဝ ဖိုးရောင်းနိုင်တာက ဒီ ၂၀၁၂ မှာနော် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆို ၅ဝဖိုး
တောင် ရောင်းနိုင်တယ်တဲ့။ မြတ်လားလို့ မေးကြည့်တော့ စားလို့တော့လောက်ပါတယ်တဲ့။
Foreign Resident
August 23, 2012 at 4:43 pm
လွန်ခဲ့တဲ့ ၃/၄ နှစ်တုန်းက ညနေပိုင်းဆိုရင် မဟာဗန္ဓုလ ပန်းခြံနားမှာ ၊
မုန့်ဟင်းခါးကို တစ်ပွဲ ၁၀ဝ နှင့်ရောင်းတဲ့ဆိုင် ရှိခဲ့တယ် ။
တစ်ခါ သွားစားကြည့်ဘူးတယ် ၊ သိပ်မညံ့လှပါဘူး ၊ စားလို့ဖြစ်လောက်ပါတယ် ။
အခုတော့ ၊ ဘယ်ဈေးတွေ ဖြစ်နေမလဲ မသိ ။
ကြော်ငြာထဲမှာတော့ ။
ရွှေပေါ်မြတင် ဆိုတဲ့ မုန့်ဟင်းခါးဆိုင် က ၊
မုန့်ဟင်းခါးဆိုင် အကူ စားပွဲထိုး ရာထူး အတွက် ၊
ရုပ်ရည်သန့်ပြန့်ရမယ် ၊ ဘွဲ့ရရမယ် ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ် ဆိုပြီး ၊
အလုပ် ခေါ်နေတာတော့ တွေ့တာပဲ ။
kai
August 23, 2012 at 11:16 pm
Liquid_Sn@ke
August 24, 2012 at 7:18 am
Waiter & Cook အရည်အချင်း တောင်းဆိုမှု က တူတူပဲတဲ့လား…
အင်း …floor staff ခေါ်တာတောင် အဲ့လောက် ပြောင်မြောက်နေမှတော့…
မပြောတော့ပါဝူးလေ….. ကျန်းမာခြင်းသည် လာဘ် တစ်ပါး ဆိုလား …
🙁
MaMa
August 24, 2012 at 7:41 am
ကိုယ့်အရည်အချင်းကိုယ်သိသွားပြီ။
မုန့်ဟင်းခါးဆိုင် အကူ စားပွဲထိုး ရာထူး တောင် မရနိုင်ပါလားလို့။ [:-((]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
R Ga
September 17, 2012 at 4:33 pm
အဘ ပြောတဲ့ မုန့်ဟင်းဆိုင်က တော့ အခုထိရှိတုန်းပဲ..။ တစ်ဆိုင်ထဲတောင်မဟုတ်တော့ဘူး ။ အများကြီးဘဲ။ သူတို့ရောင်းတာ ပထမ မြတ်မှမြတ်ပမလားလို့ထင်မိတယ်။ နောက်မှ သေချာ မေးကြည့်တော့ မြတ်ကျတယ်တဲ့ ။ အများစုက အနားက ဟင်းရည်ချည်ဘဲချက်ရောင်းတဲ့ဆိုင်က ဟင်းရည် ဥပမာ ၅၀ဝ ရာဖိုးဝယ်ပြီး မုန်ဖတ်နဲ့ အကြော်ဘဲ အိမ်ကထည့်လာကြတာတဲ့ လိုရင်ထပ်ဝယ်ပေါ့..။
မဟာရာဇာ အံစာတုံး
August 23, 2012 at 9:07 pm
အရေးအသား ကောင်းတယ်ဗျာ ..
မျက်စိထဲမြင်နေအောင် ရေးတတ်တယ် ..
အားပေးပါတယ်ဗျို့ …
မုန့်ဟင်းခါး တစ်ပွဲ (၅၀) ဆိုတော့ တန်တယ်ဗျာ ..
လေးငါးပွဲလောက် တစ်ထိုင်တည်း ကြိတ်ပစ်လိုက်ချင်စိတ် ပေါက်သွားတယ် .. 😀
MaMa
August 24, 2012 at 8:43 am
နာမည်ကြီး မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေအတွက် ရာဇဝင်တစ်ခု ရှိတတ်ကြတယ်။
ဘယ်ကားနဲ့ပေါက်တာ၊ ဘယ်သီချင်းနဲ့ပေါက်တာ စသဖြင့်ပေ့ါ့………..
အောင်မိုးသူအတွက်လည်း ဒီပိုစ့်လေးက ရာဇဝင်တစ်ခု ဖြစ်တည်ခဲ့ပြီပေ့ါ………….
[:)]
mamanoyar
August 24, 2012 at 10:15 am
မုန့်ဟင်းခါးတော့ အရမ်းကြိုက်တယ်
ခေါက်ဆွဲသိပ်မကြိုက်ဘူးးးးးးး
ဒီပိုစ့်ဖတ်လိုက်တော့ မုန့်ဟင်းခါးတောင် စားချင်လာပြီ
ကြောင်ကြီး
August 25, 2012 at 9:38 am
မုန့်ဟင်းခါး
ကျုပ်စဉ်းစား
တရုတ်ဒင်းများ
လုပ်ခြင်းလား…။
ye thura hein
October 9, 2012 at 12:30 am
ဗိုက်ဆာတယ် း)
padonmar
October 29, 2012 at 2:34 am
အောင်မိုးသူရေ
ဘကြီးအောင် ပျောက်နေပါလား။
http://myanmargazette.net/153220/creative-writing
အပိုဆုတွက် ဘာစာအုပ်လိုချင်လဲ ပြောပါနော်။
နိုဝင်ဘာ ၄ရက်နေ့ တပ်မတော်ခန်းမ နဂါးနီစာပေအသင်း စိန်ရတု စာပေဟောပြောပွဲမှာ စာအုပ်ဆိုင်တွေက discount 15%-30% ပေးပါမယ်။
အဲဒီပွဲသွားဖြစ်ရင် ကြိုက်တာ တွေ့ရင်လည်း ဝယ်ထားပါနော်။
ဆုပေးပွဲကျ တွေ့ဖြစ်ရင် ဆုဖိုးငွေပေးပါမယ်။
သို့မဟုတ် ကြိုက်ရာတောင်းရင်လည်း ဝယ်ထားပြီး ပွဲကျမှ တခါတည်း ပေးပါမယ်။
lady mobile
April 29, 2013 at 8:45 am
စာအရေးသားက ကောင်းပြီး
သရုပ်ပေါ်အောင် ရေးတတ်တယ်
မုန့်ဟင်းခါးတောင် စားချင်လာပြီ……
မဟာရာဇာ အံစာတုံး
June 27, 2013 at 2:49 pm
ကိုအောင်မိုးသူ ရေ …
ရွာထဲမှာ မတွေ့ဖြစ်တာတောင် ကြာပါပေါ့လားဗျ ….
လာမည့် လအတွင်းမှာ ဟိုတစ်ခါလိုပဲ ဆုံဆည်းပွဲ ရှိသဗျ …
အဲ့ဒီ ဆုံစည်းပွဲမှာ မဂရင်းရို့စ် ဆိုတဲ့ ရွာသူတစ်ဦးက မန်းဂေဇက်ချစ်သူများစာပေဆု ရဖူးတဲ့ ပို့စ်လေးတွေကို စာအုပ်လေး လုပ်ဖို့ ရှိပါတယ်တဲ့ …။
ကိုအောင်မိုးသူရဲ့ လက်ရာကောင်းလေး ဖြစ်တဲ့ ဒီပို့စ်လေးကလည်း ဆုရပို့စ် ဆိုတော့ ..
စာမျက်နှာထက် ပါမယ်ပေါ့ဗျာ …
ဒါ့ထက် စာအုပ်လေးထဲ ဝေဝေဆာဆာ ဖြစ်သွားအောင်လို့ ကွန်မန့်(တွေ) ပါ ထည့်သွင်းချင်ပါသတဲ့။
ဒါကြောင့်မို့ … ဒီပို့စ်အောက်က ပို့စ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ်ထင်တဲ့ ကွန်မန့် တစ်ခု(များ) ကို ပို့စ်ပိုင်ရှင် အနေနဲ့ Best Comment အဖြစ် ရွေးချယ် ပေးစေလိုပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်
မောင်အံ
aung moethu
June 27, 2013 at 2:59 pm
ကျတော် စာရေးနည်းနည်းကျဲလို့ပါ စာအုပ်လေးမှာ ပါခွင့်ရတော့ ဝမ်းသာတာပေါ့ဗျာ။ Best Comment က တစ်ခုတည်းလားခင်ဗျ။ တစ်ခုတည်း ကျတော်က တော်တော်များများကို ကြိုက်တာ ဟီးးး။ တစ်ခုတည်း ရွေးရမယ်ဆိုရင်တော့ (အရီးခင်လတ်ရဲ့ ကောမန့်ကို ကျွန်တော် သဘောကျပါတယ်ဗျ)။။။ တွေ့ဆုံပွဲကျရင်လည်း ခေါ်လိုက်ပါဦးဗျာ…။ လာခဲ့ပါ့မယ်။
Myat Pearl Phyu
January 8, 2015 at 3:11 pm
မုန့်ဟင်းခါးအရမ်းကြိုက်တာ။
ုခုတော့ တစ်ပွဲ ၅ဝ ရတော့ဘူးနော်။
အလွတ်၁ပွဲ ၂၀ဝ ။
အိုးဘဲဥနဲ့ဆို ၅၀ဝ ခေတ်ဖြစ်တွားဘီ။