ကုသိုလ်စိတ်နှင့် ကျနော်….
ကျနော်ဒီရက်ပိုင်းများအတွင်း ပျင်းရိငြီးငွေ့နေမိချေသည်။ အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း ပျင်းရိနေမိသည်မှာ အမှန်ပင်…။ ပျင်းရိခြင်းသည် ကောင်းပါသလား ?
ငယ်ငယ်က ကြားဘူးတာလေးကတော့ “ပျင်းတယ်ဆိုတာ ကြားရတာသာ မကောင်းတာ အလွန်သက်သာတယ်” ဆိုပဲ နောက်တစ်ခုက လူတွေပျင်းလို့ ရုပ်ဝတ္ထုပစ္စည်းတွေ
တိုးတက်လာရတာတဲ့လေ…။
ဟုတ်ပါပြီ… ကျနော့်ပျင်းရိခြင်းက သက်သာပါသလား..သို့တည်းမဟုတ် ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုကို တီထွင်လိုက်နိုင်ပါသလား..။ အတွေးနှင့်ပင် ပြုံးမိချေ၏။ အလုပ်လုပ်ရမှာ
ပျင်းနေပေမယ့် တွေးရမည်ကိုကား အဘယ်ကြောင့် မပျင်းပါသနည်း။ ပျင်းသည်ဆိုလျှင် စိတ်ရောကိုယ်ပါ အနားယူရမည် မဟုတ်ပါလား။ စိတ်တွေကတော့ မပျင်းပဲ
အဘယ်ကြောင့် ပြေးလွှားနေရပါသနည်း။ အင်းးးး ဒါဟာ တစ်ယောက်တည်းနေပြီး တစ်စိတ်တည်းထဲ မထားနိုင်သေးတဲ့ ဘဝမဟုတ်လား။ လူတွေဟာ အိပ်နေချိန်ကလွဲပြီး ကုသိုလ်
ဒါမှမဟုတ် အကုသိုလ် တစ်ခုခုဖြစ်နေကြသည်တဲ့..။
ပျင်းနေလျှင် စိတ်တွေက တောင်ရောက်မြောက်ရောက်နှင့် အကုသိုလ်သာဖြစ်နေပေတော့မည်။
ဒါကြောင့် ပျင်းနေလို့ မဖြစ်သေးပါဘူးလေဆိုတဲ့ အတွေးလေးနဲ့ ဒီစာလေးကို ရေးမိချေသည်။
ကဲ…ဒီတော့ ရောက်တတ်ရာရာလေးတွေ ရေးပြပါရစေ…ကုသိုလ်စိတ်လေးနဲ့သာ ဖတ်ကြပေရော့….။
ကျနော် ဆံပင် မညှပ်ဖြစ်တာကြာပါပြီ။ ဆံပင်တွေကရှည် နှုတ်ခမ်းမွေးကလည်း သမိန်ပေါသွပ် နှုတ်ခမ်းမွေးလို ဖြစ်နေတော့ အိမ်က အမေနဲ့ ညီမက တရုတ်ရာဇဝင်လူဆိုးနဲ့
တူနေပြီလို့ ပြောတယ်ခင်ဗျ..။ ဒီတော့ တရုတ်ရာဇဝင်လူဆိုး မဖြစ်လို့ ကျနော် ဆံပင်ညှပ်ဖို့ရာ ဆံသဆိုင်ကို ချီတက်ရတော့တာပါ။
(ဆံပင်ညှပ်၊ နှုတ်ခမ်းမွေးလေးရိတ်လိုက်ရင်တော့ မောင်မောင်ဇာနဲ့ တူလိမ့်မယ်ထင်ပါတယ်…) ဒီဆံသဆိုင်မှာ ဆံပင်လာညှပ်တဲ့ လူကြီးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။
သူနဲ့ ကျနော် လွန်ခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ်လောက်က ဒီဆံသဆိုင်မှာပဲ တစ်ခါဆုံဘူးတယ်ဗျို့။
အဲ့အချိန်က သူက ရွာတစ်ရွာရဲ့ ဥက္ကဋ္ဌပေါ့..။ အဲ့နှစ်က မိုးတွေများပြီး ရေတွေကြီးလို့ မော်လူးနဲ့ ပင်ဝဲ မီးရထားဘူတာ နှစ်ခုကြားမှာ မီးရထားလမ်းတွေ ပျက်စီးသွားပါတယ်။
ပျက်စီးသွားတဲ့ လမ်းအရှည်က တစ်မိုင်နီးပါး ရှိပါလိမ့်မယ်။ ပျက်စီးသွားလမ်းကို ပြုပြင်ဖို့အတွက် ကျနော်တို့ ရွာတွေက လူတွေ တစ်ရွာကို တစ်ရက်ကျ လုပ်အားပေးသွားကြရသပေါ့ဗျာ။
ဥက္ကဋ္ဌကြီးရဲ့ ရွာကလူတွေလည်းအပါအဝင်ပေါ့။ လုပ်အားပေးသွားကြရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက “ကျနော်တို့ ရွာကဗျာ..
လုပ်အားပေးကိုနှစ်ရက်ဆက်သွားလိုက်ရတယ်…” သူက ကျနော့်ကိုပြောခြင်းတော့ မဟုတ်ချေ။ ဆံသဆရာကိုပြောခြင်းသာ… ဆံသဆရာက“ ဟုတ်လား…တခြားရွာတွေက
တစ်ရွာကို တစ်ရက်ပဲ သွားကြရတာပါ … ဦးလေးတို့ရွာက ဘာလို့ နှစ်ရက်သွားရတာတုန်းဗျ..”လို့ ပြန်မေးသပေါ့..။ “ဒါကဒီလိုဗျာ… ကျနော့်နာမည်က
ဦးမောင်ထွေးလေ…ဟိုဘက်ရွာက ဥက္ကဋ္ဌနာမည်ကလည်း ဦးမောင်ထွေးပဲ ..ဒါကို မှားပြီး ကျနော်တို့ရွာက မသွားရသေးဘူးဆိုပြီး နှစ်ရက်ဆက်သွားခိုင်းလိုက်တာ…”
ဟုပြန်ဖြေသတတ်။
ဆံသဆရာက “ဟာ..ဦးလေးက သွားပြီးတဲ့ အကြောင်းမပြောဘူးလားခင်ဗျ…”
“ပြောတာပေါ့..ကိုလှမြင့်ရာ … မရဘူးဗျ..စခန်းမှူးက သွားရမယ်ဆိုပြီး အတင်းကို ပြောနေလို့ သွားလိုက်ရတာ..”ဟု ရှင်းပြချေ၏။ ကျနော်တော့ သိပ်မထင်ချေ…ဒီလူကြီး စခန်းမှူးကို
ဘာမှပြောရဲမှာ မဟုတ်ဘူး..အကျိုးအကြောင်း သေချာရှင်းပြရင် ရမဲ့ဟာကို သူမပြောရဲလို့ ဖြစ်ရတာဟု တွေးမိချေသည်။ ဆံသဆရာက “ မဟုတ်သေးပါဘူး..ဦးလေးရာ..”ဟုဆိုရာ “
ဟုတ်ဟုတ်..မဟုတ်ဟုတ်ပေါ့..ကုသိုလ်ရတာပေါ့…ကိုလှမြင့်ရာ…”တဲ့လေ…။
ကျနော် တော်တော်ရယ်ချင် သွားသည်။ ဪ…ဒါလားဟဲ့ လူကြီးဟုသာ အော်ရယ်လိုက်ချင်တော့သည်။ (ဒါက အဲ့အချိန်ကပါ..ခုအချိန်တော့ သူ့လိုလူမျိုးကို နားလည်မိပါသည်။)
အကြောက်တရားမဟုတ်လားး။ ကိုယ်က ဥက္ကဋ္ဌ ရဲဆိုတာ ကိုယ့်လက်အောက်က လူဆိုးထိန်းဆိုတာကို နားမှ မလည်ရှာတာကိုးးဗျ။ ကျနော်က “ ဦးကြီးရ
လုပ်အားပေး နှစ်ရက်ဆက်သွားလိုက်ရတော့ ကုသိုလ်တွေ အများကြီးရမှာပေါ့နော်… ဒါနဲ့ ကုသိုလ်ဆိုတာ ဘာလဲဗျ..” ဟုမေးလိုက်မိချေတော့သည်။ ဥက္ကဋ္ဌကြီးက “
ကုသိုလ်ဆိုတာ ကောင်းမှုပေါ့..ငါတူရ…”
ကျနော်ပြုံးလိုက်ပြီး “ ကျနော်ဖတ်ဘူးတာလေး ပြောပြမယ်နော်..ဦးလေး…ဆရာလုပ်တယ်တော့ မထင်ပါနဲ့ခင်ဗျာ.. ကျနော်က ဦးကြီးရဲ့ တူအရွယ် သားအရွယ်ပဲ
ရှိပါသေးတယ်..မှားသွားရင်လည်း ခွင့်လွှတ်ပေးပေါ့ခင်ဗျာ…ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေ မပါတဲ့ အလုပ်တဲ့ဗျ..ဦးကြီးက ရွာသားတွေ
ပထမရက်လုပ်အားပေးသွားပြီး နောက်တစ်ရက်ဆက်သွားရတော့ သူတို့တွေ အလုပ်အကိုင် မပျက်ဘူးလားဗျာ..ဒီတော့ သူတို့ လုပ်အားပေးကို လောဘ၊ ဒေါသ၊ မောဟ ကင်းကင်းနဲ့
လုပ်တာဖြစ်နိုင်ပါ့မလား.. လုပ်အားပေးမလိုက်ရင် ဒဏ်ငွေရိုက်မယ် ..အဖမ်းခံရမယ်..စတဲ့ ကြောက်စိတ်တွေနဲ့ လိုက်ကြရ လုပ်ကြရတာ မဟုတ်လား..ဒီတော့ သူတို့တွေရဲ့ စိတ်ထဲမှာ
အနည်းဆုံး ဒေါသလေးတွေတော့ ဖြစ်နေကြပါလိမ့်မယ်.. ပြီးတော့ ဒီအချိန်က မိုးတွင်းလေ..ကျနော်တို့ တောသူတောင်သားဆိုတာက လယ်သမား
အများစုမဟုတ်လား..ကိုယ့်အလုပ်နဲ့ ကိုယ်မလုပ်ရပဲ လုပ်အားပေးသွားကြရတဲ့ ရွာသားတွေဟာ.. ဦးကြီးတွေးသလို .. ဪ..ကုသိုလ်ရတာပေါ့လို့..တွေးပါ့မလား…
ကျနော့်အထင်တော့ .. အလုပ်ကရှုပ်ရတဲ့ အထဲ ဒီလုပ်အားပေးကလည်း ပြီးပဲ မပြီးနိုင်ဘူးဆိုတဲ့ ဒေါသအတွေးတွေပဲ ရှိလိမ့်မယ် ထင်တယ်ဗျ.. ကဲ..ဒီတော့ ဘယ်မှာလည်း
ကုသိုလ်..”ဟု ကျနော်မှ ပြောလိုက်မိတော့သည်။
ဥက္ကဋ္ဌကြီးက “ အင်းးးးး ဟုတ်တော့..ဟုတ်ပါတယ်…ဒါပေမယ့် စိတ်ဆိုတာ ထားတတ်ရင်မြတ်ပါတယ်လေ…” တဲ့ဗျာ…
ကျနော် အဲ့အချိန်က ပြောခဲ့တဲ့ စကားလေးကို အမှတ်ရမိပါတယ်…ဒါပေမယ့်ဗျာ…. ငါးနှစ်ခြောက်နှစ်ကြာပြီးတဲ့ အခါကျတော့ ကျနော်ဟာလည်း ဥက္ကဋ္ဌကြီးလို
“ကုသိုလ်ရပါတယ်လေ”ဆိုတဲ့ ဖြေတွေးလေးတွေနဲ့ အလုပ်တွေ ဘယ်လောက်များ လုပ်ခဲ့ပြီးပြီလဲလို့ တွေးနေမိတယ်…
ပုံပြင်ထဲက ဥပုသ်စောင့်တဲ့ ကျားလို့.. သားကောင်းကိုလိုက်ဖမ်းပြီး မမိတော့ .. မမိတော့လည်း ဥပုသ်စောင့်ရတာပေါ့ဆိုသလို..အဖြစ်တွေ…….အဖြစ်တွေ…
ကဲ..ဒီတော့..စာဖတ်သူအပေါင်းရော… ကျနော့်လို့..ဥက္ကဋ္ဌကြီးလို ကုသိုလ်ရတာပေါ့..ကံစီမံရာပဲလေ…
စသဖြင့်..စသဖြင့်ပေါ့..အလုပ်တွေကို ဘယ်လောက်များ လုပ်မိခဲ့ကြပြီးပြီးလဲ.. ကျနော့်ဆရာတစ်ယောက်ကတော့ မဟုတ်တာကို မဟုတ်ဘူး..မမှန်တာကို မမှန်ဘူးလို့ ပြောရဲတဲ့
သတ္တိရှိရမယ်တဲ့ခင်ဗျ…
ကျနော်ကတော့ ဆရာပြောသလို သတ္တိရှိလာဖို့ အားထုတ်နေရဆဲ ..ဖြစ်ပါကြောင်းခင်ဗျာ…
9 comments
မောင်ပေ
August 23, 2012 at 7:21 pm
ကျောင်းဆရာရေ… ကျွန်တော်ကတော့ ဘုရားရှိခိုးပြီးလို ့ရှိရင် ၊ ရံဖန်ရံခါ ဆုတောင်းမိတာတစ်ခုက “ အရာရာကို အမှန်အတိုင်း သိမြင်ခွင့် ရ ရပါလို၏ ” တဲ့ဗျာ… အရာရာကို အမှန်အတိုင်းသိခွင့်ရရင် ကိုယ်လဲ အမှန်လမ်းကြောင်းပေါ်မှာပဲ ဆက်ပါသွားမယ်လို ့ထင်မိတာပါပဲ… ဒါကတော့ ကျောင်းဆရာစာကိုဖတ်ပြီး တွေးမိတာလေးပါ ။
kotun winlatt
August 24, 2012 at 10:58 am
အရာရာကို အမှန်အတိုင်းသိရင် အမှန်လမ်းကြောင်းပေါ်ရောက်မှာပါ.. ဒါပေမယ့်ဗျာ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ စိတ်တွေက အပြောင်းအလဲနဲ့ လိုက်မလာတာမျိုးတွေ ရှိနေလို့ ဒီစာလေးကို ရေးလိုက်တာပါ…
ကိုပေတစ်ယောက် အရာရာ အမြင်မှန်ပီး အမှန်မြင်ပါစေ..အမှန်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ပါစေခင်ဗျာ…။
TTNU
August 23, 2012 at 11:21 pm
ကိုထွန်းဝင်းလတ်ရေ..
(“ကုသိုလ်ရပါတယ်လေ”ဆိုတဲ့ ဖြေတွေးလေးတွေနဲ့ အလုပ်တွေ ဘယ်လောက်များ လုပ်ခဲ့ပြီးပြီလဲလို့ တွေးနေမိတယ်) လား။
ကျွန်မတို့တွေ ပြောလေ့ရှိကြတယ် ” ကိုယ့်စေတနာဘယ်မှမရောက်ပါဘူး ” တဲ့။
တကယ်တန်းကျတော့ အောင့်သက်သက်နဲ့ ပြောနေကြတာ၊သိလား။
kotun winlatt
August 24, 2012 at 11:03 am
ဟုတ်တယ်..တီတီနုရေ…
ကုသိုလ်ရပါတယ်..ကုသိုလ်ရပါတယ်နဲ့..ပြောနေကြတာ..
ဖြေတွေးလားး ဘာလားမပြောတတ်ပါဘူးဗျာ..
ကျနော်တို့ လူမျိုးတွေဟာ… ကျနော်ရေးပြတဲ့ပုံပြင်ထဲက ဥပုသ်စောင့်တဲ့ ကျားတွေလိုဖြစ်နေကြတာပါ….။
pooch
August 24, 2012 at 5:23 pm
ဟုတ်တယ် တီချယ် တခါတခါ မကျေမနပ်နဲ့ အဲ့လိုမျိုး စိတ်ကို ဖြေတွေးတွေးမိတဲ့ အခါတွေ တော်တော်များများ ကြုံခဲ့ဖူးတယ်။ အဲ့လိုမှ မတွေးလည်း ကိုယ်ပဲ ဒေါသထွက်နေရမှာဆိုတော့လေ။
YE YINT HLAING
August 24, 2012 at 1:26 am
အကို့ ရဲ့ အတွေး နဲ့ အရေးလေး ဖတ်သွားပါတယ်ဗျို့ ! ပျင်းပျင်းရှိ စာထရေးလိုက်တာ အကောင်းဆုံး ထွက်ပေါက်ပါ ။ မဟုတ်ရင် တောင်ပြေး မြောက်ပြေး ပြေးနေတဲ့စိတ်ကလေ သွားရော — ( ကျွန်တော့ အဖြစ် ပြောပါတယ် )
kotun winlatt
August 24, 2012 at 11:06 am
ပျင်းလို့ရေးတဲ့စာပါ.. အကောင်းဆုံးထွက်ပေါက်ဆိုပေမယ့်..တစ်ခါတစ်လေ ကျနော်ကပျင်းလာရင် အိပ်ရာထဲမှာ ကွေးကွေးလေး ခွေပြီး ရောက်တတ်ရာရာလေးတွေ တွေးနေချင်တာရယ်.. လာဖတ်ပေးတာကျေးဇူးပါခင်ဗျာ…။
အရီးခင်လတ်
August 24, 2012 at 3:56 am
အားပေးသွားပါတယ် ဆရာလေးရေ။
လုပ်အားပေး ဆိုတာက တော့ သူများနိုင်ငံတွေ မှာ Volunteer ပေါ့။
Volunteer အဓိပ္ပါယ်အရကတော့ ကိုယ့်စိတ်ကိုယ့်ဆန္ဒ နဲ့ ငွေကြေး၊ ပစ္စည်းရရှိဖို့မပါဘဲ အလုပ်လုပ်ပေးတာပါ။
ကိုယ့်စိတ်ကိုယ့်ဆန္ဒ မပါဘဲ လုပ်ရရင်တော့ အဓမ္မ အာဏာသုံး ခိုင်းတာမို့ အခိုင်းခံရသူလဲ ကုသိုလ်ရမှာ မဟုတ်ပါဘူး။
စိတ်ထားတတ်မယ် မဟုတ်လို့ ကုသိုလ်ရမယ်လို့လဲ မထင်ပါဘူး ရှင်။
ဒါနဲ့ ကျွန်မတို့မှာ လဲ ငှက်ကထကြီး ရှိတယ်။
ဥက္ကဋ္ဌကြီး လို့ ပြောဘူးနော်။ 😉 jk 😀
kotun winlatt
August 24, 2012 at 11:10 am
အော်… အရီးရေ..ကျနော်တို့ ငယ်ငယ်က လုပ်အားပေးမသွားရလားသွားရလားဆိုတော့
ဪ..အနိစ္စ အမြဲမရှိ..လုပ်အားပေး အမြဲရှိလို့တောင် အော်အော်ဆိုမိပါတယ် ခင်ဗျာ…။