ကြယ်သီးတွေ ပြုတ်နေတဲ့အကျီ င်္
မိသားစုအားလုံးက ကျွန်တော့်ကိုမော်ကြည့်လို့။ ကျွန်တော်မြင်နေရတဲ့ အမေ့ရဲ့မျက်လုံးတွေက ဝမ်းနည်းနေတာလား။ ဝမ်းသာနေတာလားဆိုတာကိုတော့ ကျွန်တော်မဝေခွဲတတ်ဘူး။ အမေ့မျက်လုံးထဲက မျှော်လင့်ချက်အငွေ့အသက်ကိုတော့ ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော်ကတော့ လက်ကေ့စ်ကိုဆွဲရင်း ရန်ကုန်လေဆိပ်ရဲ့ Check In နေရာကို ရောက်နေပြီ။ မသွားခင်အမေ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ မျက်ရည်တွေဝိုင်းနေတာ ကျွန်တော်တွေ့လိုက် ရတယ်။ ကျွန်တော်ပြန်လာခဲ့မှာပါအမေရယ်။ ဒါတွေက အမေ့အတွက်ပါ။ ကျွန်တော်စိတ်ထဲက ပြောနေမိတယ်။ အို…နိုင်ငံခြားကိုအရမ်းသွားချင်နေတဲ့ကျွန်တော် အခုချိန်ကျမှ ခြေလှမ်းတွေလေး နေရတာလဲ။
အိမ်မှာနေရာတကာ ဆရာကြီးလုပ်တတ်တဲ့ ကျွန်တော့်အစ်မကတော့ အထပ်ထပ်ကျွန်တော့်နားနဲ့ မဆန့်အောင်မှာခဲ့ပြီးပြီ။
“အလုပ်ကိုသေချာလုပ်နော်။ ပိုက်ဆံကိုစုဆောင်းဦး…….. နင့်ကို အတိုးနဲ့ချေးပြီးပို့တယ်ဆိုတာကို လည်း သတိရဦး။”
ကျွန်တော်အမေ့မျက်နှာတစ်ချက်ကြည့်လိုက်တယ်။ အမေဘာမှာဦးမလဲဆိုတဲ့ မျက်လုံးနဲ့ပေါ့။
“ကျန်းမာရေးဂရုစိုက်နော် အောင်လေး”
ကျွန်တော်ခေါင်းငြိမ့်ယုံသာ ငြိမ့်ပြလိုက်တယ်။ အမေကျွန်တော့်ကို စိတ်ချတယ်ဆိုတာ အမေ သိပါတယ်။ အမေမသွားစေချင်မှန်းလည်းအမေသိတယ်။ ကျွန်တော်ဘာမှမပြောလိုတော့ပါဘူး အမေရယ်။ လူငယ်ဘဝရဲ့ အိပ်မက်တစ်ခုအတွက် အားလုံးနဲ့တန်းတူနေနိုင်ဖို့ ကျွန်တော်ရုန်းကန် ရဦးမယ်အမေ။ အမေနဲ့ကျွန်တော်တို့ဘဝဟာ ကိုယ့်နိုင်ငံမှာ လူတန်းစေ့နေနိုင်ဖို့အတွက်ဆိုတာကို ခက်ခဲလွန်းတယ်မဟုတ်လား။
*************************************
“ဝေါ…ဝေါ….ဝေါ…”
ညကြီးမိုးချုပ်မိုးကရွာပြန်ပြီ။ ရန်ကန်ုမိုး အစိုးမရဘူးဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။ ညဘက်မိုးရွာရင် လန့်လန့်နိုးတတ်သောအကျင့်ကို ကျွန်တော်ရနေပြီလေ။ ကျွန်တော်တို့အိမ်က ဆယ်ပေအိမ်လေး ပေမယ့် နာဂစ်ဒဏ်ကို ခံခဲ့ရတဲ့ခေါင်မိုးတွေက ဘယ်ခံနိုင်တော့မလဲ။ မိုးယိုတဲ့နေရာတွေ ခွက်တွေ လိုက်ခံရတာ ကျွန်တော်အကျင့်ဖြစ်နေပြီ။ ဘယ်တော့များ သည်အိမ်လေးဆောက်နိုင်မလဲ ကျွန်တော့် စိတ်ကူးထဲမှာ တွေးမိနေသေးတယ်။ နာဂစ်ဒဏ်ကို အလူးအလဲခံလိုက်ရတဲ့ မိသားစုတွေထဲမှာ ကျွန်တော်တို့မိသားစုပါတယ်ဆိုရင် တခြားသူတွေယုံပါမလားရယ်လို့ ကျွန်တော်တွေးမိသေးတယ်။ နာဂစ်ဆိုတဲ့အရာက ကျွန်တော်စိတ်ကူးတွေကိုပြောင်းလဲပစ်လိုက်တယ်လေ။ အဲသည်ညမှာ……။
ပြောပြစရာမလိုတဲ့နာဂစ်အကြောင်းကို ကြုံဖူးသူတိုင်းသိနှင့်နေကြမှာပေါ့။ အဲသည်က ကျွန်တော်တို့ အိမ် ယိုင်နဲ့နဲကလေးက လှုပ်ယမ်းလို့။ ကျွန်တော်တို့အိမ်လေးရဲ့ ညာဘက်မှာ တိုက်ဆောက်ဖို့ ဖြိုထားတဲ့ အိမ်တစ်အိမ်ကြောင့် အိမ်ကလေးဟာ လေးဒဏ်ကို သူများထက်ကိုပိုခံခဲ့ရတယ်။ နှစ်ပေါင်း များစွာတာဝန်ထမ်းခဲ့တဲ့အိမ်လေး။ သူလည်းခုတော့ ကြံ့ကြံ့မခံနိုင်တာ မဆန်းဘူးလေ။ အိမ်ခေါင်မိုးက သွပ်တွေက တစ်ချပ်ချင်းစီတောင် ပြုတ်မထွက်နိုင်ဘဲ သွပ်မိုးတွေတွဲထားတဲ့ ထုပ်တန်းကြီးတစ်ခုလုံးပါ အချပ်လိုက်ကြီးလေထဲကိုပါသွားရော။ ကျွန်တော်တို့အိမ်ရှေ့က ဓာတ်တိုင်တွေလဲပြိုကျ။ အဖိုးတန်ပစ္စည်းမရှိတဲ့ ကျွန်တော်တို့အိမ်မှာ ကျွန်တော်တို့ အဖိုးတန်တယ်လို့ ယူဆတဲ့ ပစ္စည်းလေး တွေကိုပဲ လုံခြုံတဲ့အခြားအိမ်ကို သယ်ယူရတော့တာပေါ့။ အိမ်ကအစ်မကတော့ အမိုးဟင်းလင်းပြင်နဲ့ အိမ်ထဲမှာ ထိုင်ငိုနေလို့။ ဘဝမှာ မှတ်မှတ်ရရ အဲသည်နေ့မှာ ကျွန်တော်တစ်ယောက် အမျိုးတွေဆီ လှည့်ပတ်လို့ ထမင်းတောင်းစားလိုက်ရတဲ့နေ့။ အဲသည်နေ့မှာ တာဝန်တစ်ခုဟာ ကျွန်တော့်ပုခုံးပေါ် ရောက်မှန်းမသိ ရောက်လာခဲ့ရတယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ချလက်ချ ပညာမသင်ခဲ့ရတဲ့ကျွန်တော့်ဘဝတွေ။ မိသားစုပေါ်ကို အပြစ်ပုံမချ ချင်တော့ပါဘူး။ ကျွန်တော့်နောက်လာမယ့်မျိုးဆက်အတွက် ကျွန်တော်တို့လိုမဖြစ်ရအောင် လုပ်ရမယ့် တာဝန်ဟာ ကျွန်တော့်ပုခုံးပေါ်အလိုလိုရောက်လာတော့တာပါပဲ။
“မသွားပါနဲ့ အောင်လေးရယ်….. ငါစိတ်ပူလို့ပါ… နင့်အစ်ကိုတုန်းကလို ငါမခံစားနိုင်တော့ဘူး….”
ကျွန်တော့်အမေဟာ သည်အကြောင်းပြချက်နဲ့ပဲ ကိုင်ပေါက်မှန်း ကျွန်တော်သိနှင့်နေတယ် ။ ။ကျွန်တော့်အစ်ကိုက နိုင်ငံခြားမှာအလုပ်လုပ်ရင်း တစ်ရက်မှာ မြို့ထဲအလည်ထွက်ရင်း ဆိုင်ကယ်မှောက်လို့ ခြေထောက်ကျိုးပြီး ပြန်လာခဲ့ရတယ်။ မိမိနိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံက ကျိုးသွားတဲ့ခြေထောက်ကို ဆက်ပေးလိုက်တဲ့နေရာ အရိုးကကောက်နေရော။ မကြည့်ရက်နိုင်တဲ့ အမေဟာ ရှိတာလေးရောင်းလို့ ကိုယ့်နိုင်ငံက ဆေးရုံမှာ ကောက်နေတဲ့ ခြေထောက်ကို ပြန်ချိုးကာ ပြန်ဆက်ခဲ့ပေးခဲ့ရတယ်.။ ဘာမှလည်း မစုမိ မဆောင်းမိနဲ့ အစ်ကိုလည်း အမေ့ထက် အရင်နောက် ဘဝကိုသွားနှင့်ပြီ ရောဂါတစ်ခုနဲ့ပေါ့။ အမေ့မှာရှိတဲ့ ကျွန်တော့်အထက်သားနှစ်ယောက်ဟာ တခြားနိုင်ငံသွားရင်းနဲ့ပဲ တစ်ယောက်က သတင်းမရနဲ့ တစ်ယောက်က သုံစားမရနဲကပြန်လာခဲ့ရတဲ့ အမေ့ရဲ့ခံစားချက်ကို ကျွန်တော်လျစ်လျူမရှုချင်ပေမယ့် မေ့ထားလိုကတယ်။ အဲသည်နေ့က အမေနဲ့ ကျွန်တော် စကားတစ်ခွန်းစ နှစ်ခွန်းစ များခဲ့ရတယ်။
“အမေသည်လိုဘဝမျိုးနဲ့ အမေနေနိုင်သေးလား။ အိမ်မှာအကြွေးမရျိပေမယ့် ကောင်းကောင်းငန်းငန်း မစားနိုင်တဲ့ဘဝ။ ယိုင်နဲ့နဲ့အိမ်နဲ့ မိုးလေတိုက်ရင် အိပ်မပျော်နိုင်တဲ့ဘဝကိုလေ။”
မမျှော်လင့်တဲ့အဖြေတစ်ခုက ကျွန်တော့်နားထဲရောက်လာတယ်။
“နေနိုင်တယ်။ ငါ့ဘေးမှာ နင်ရှိရင်တော်ပြီ…အောင်လေး….”
စိတ်အားထက်သန်နေတဲ့ကျွန်တော် အမေ့ကို စကားတစ်ခွန်းသာပြောလိုက်တော့ပါတယ်။
“အမေနေနိုင်ပေမယ့် သားမနေနိုင်ဘူးအမေ။ သားကိုလုပ်ပေးပါ နိုင်ငံခြားသွားဖို့။”
အဲသည်နေ့က အမေနဲ့ကျွန်တော် အပြင်းအထန်စကားတွေများခဲ့တယ်။ ကျွန်တော့်ဘက်က မှားသွားတယ်ထင်ပါတယ်.။ အမေ့ခံစားချက်ကို မေ့ထားခဲ့တာလား။ ကျွန်တော့်ခံစားချက်ဦးစား ပေးခဲ့တာလား ကျွန်တော်မဆုံးဖြတ်တတ်တော့ဘူးလေ..။
*****************************************
အမေ့ရဲ့ ခြေရင်းမှာဒူးထောက်ပြီး ကျွန်တော်အမေ့ကို ဦးချခဲ့တယ်။ အမေ သားပြန်လာမှာပါ ငွေထုပ်ပိုက်ပြီးပေါ့။ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်နေတဲ့အစ်မကတော့ တင်းခံထားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သည်လိုအချိန်မှာ ဘယ်သူက ဝမ်းမနည်းဘဲ နေမှာလဲ။ ကျွန်တော်တို့နိုင်ငံမှာ အရမ်းကွာဟနေတဲ့ လူတန်းစားတွေထဲက တစ်ခုကနေ ရုန်းထွက်ဖို့အတွက်ကျွန်တော် ပြန်လာမှာပါ အမေ။ မြန်မာနိုင်ငံဆိုတဲ့မြေကြီးကနေ လေယာဉ်ကြီးက ထွက်ခွာလာပြီ။ ကျွန်တော်ချစ်တဲ့မိသားစု လည်း ကျွန်တော့်မြင်ကွင်းထဲက ပျောက်ကွယ်သွားပြီ။ ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာတာတာကြီးနဲ့ ကျန်ခဲ့တယ် ခံစားရခက်ခက်ကြီးပေါ့။
လူငယ်စိတ်နဲ့လွတ်လွတ်လပ်လပ် နေချင်တာရယ်။ Second God is Money လို့ လူတွေပြောပြော နေကြတာတွေရယ်ကြောင့် နိုင်ငံခြားဆိုတာကြီးကို ကျွန်တော်ရောက်နေခဲ့တယ်။ အရင်က တစ်ယောက်တည်းနေနိုင်တယ်ဆိုတဲ့ စိတ်တွေ ဘယ်ရောက်သွားမှန်းမသိပါဘူး။ မိခင်ဘာသာစကား ကို မပြောနိုင်တဲ့ တိုင်းတစ်ပါးခြားတွေကြားမှာ ကျွန်တော်ရုန်းကန်နေခဲ့ရတယ်။ တစ်ခန်းတည်း တူတူနေကြတဲ့ သူငယ်ချင်းရှိပေမယ့်လည်း အလုပ်ကပြန်ပင်ပန်းတာနဲ့ စကားမပြောဖြစ်ပဲ အိပ်ယာထဲ ဝင်တိုးကြတာများပါတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်…။
“မင်း စက်ရုပ်ကမ္ဘာကို ရောက်သွားလိမ့်မယ်တဲ့….”
အရင်ကမယုံပေမယ့် ခုတော့ယုံနေရပြီ။ အားလပ်ရက်ကလေးရပါတယ်။ အခန်းဖော်နဲ့ အပြင်သွားမလားစဉ်းစားမိတယ်။ သည်လအိမ်ကို ငွေပို့ဖို့ရယ် အကြွေးဆပ်ဖို့ရယ် ခေါင်းထဲရောက်နေရတယ်လေ။ အခန်းထဲက သူငယ်ချင်းကတော့ အလုပ်ကပြန်လာတာနဲ့ အိပ်တော့တာပါပဲ။ တစ်နေ့လုံး စိတ်ရောလူရော ပင်ပန်းသမျှတွေက ကိုယ်ပိုင်အခန်းလေးထဲရောက် ဖြေလျော့ရတာမဟုတ်လား။ ခေါင်းထဲမှာ ယိုင်နဲ့နဲ့အိမ်လေးရယ် အမေ့မျက်နှာရယ်ပဲ ကျွန်တော်ပြေး မြင်မိနေတယ်။
*****************************************
တစ်ရက်အလုပ်ကပြန်လာပြီး ရေမိုးချိုးရင်း အခန်းဖော်သူငယ်ချင်းကို လှည့်ကြည့်မိတယ်။ သည်ကောင် သည်နေ့တော့အိပ်မနေပဲ စာအုပ်တစ်အုပ်ကို တွေတွေကြီးကြည့်နေတယ်။ ကျွန်တော်လည်း ဘောင်းဘီဝတ်နေရင်း သူငယ်ချင်းကို လှမ်းမေးလိုက်တယ်။
“ဟေ့ရောင် မင်းဘာကြည့်နေတာလဲ…………”
သည်ကောင်ကျွန်တော့်ကိုလှည့်ကြည့်လိုက်တယ်။ ဟောဗျာ မျက်ရည်တွေဝဲနေပါလား။ သူ့မျက်ဝန်း တွေက မျက်ရည်တွေဝိုင်းလို့။ ယောက်ျားလေးတစ်ယောက် ဒီလိုမျက်ရည်ကျတာ ကျွန်တော့်ဘဝမှာ ပထမဆုံးပဲ။ ကျွန်တော်ကြည့်နေရင်း သူ့ပါးပြင်ပေါ် မျက်ရည်တွေအလုံးလိုက် အလုံးလိုက်။ မျက်ရည် ပေါက်ပေါက်ကျတယ်ဆိုတာ ဒါပဲနေမယ်။ သူကျွန်တော့်ကို စကားတစ်ခွန်းပြောတယ်။ အဲသည်စကား တစ်ခွန်းက ရိုးရိုးလေးပဲ။ တကယ့်ကိုရိုးရိုးလေး ဒါပေမယ့် ကျွန်တော့်ရင်ဘတ်ကို လာထိတာဗျ လာထိတာ။
“အိမ်ကိုသတိရလို့ပါကွာ………….. ” တဲ့ အဲသည်စကားတစ်ခွန်းကြားကြားချင်းပဲ ကျွန်တော်ရင်ထဲ ဆို့တက်သွားတယ်။ သူကလက်ထဲက စာအုပ်ကျွန်တော့်ကိုပြတယ်။ သူကြည့်နေတာ သူ့မိသားစုပုံပဲ ပုံထဲက မိသားစုက ခပ်များများရယ်။ ပုံထဲက ပြုံးချိုချိုနဲ့ အသက်ကြီးကြီးမိန်းမတစ်ယောက်က သူ့အမေပဲ ဖြစ်ရမယ်။ နောက်ပြုံးလှလှနဲ့ ကလေးပုံလေးတွေ။ နောက်ကလေးတွေ ငြိမ်းငြိမ်းချမ်းချမ်း စာသင်နိုင်ဖို့အတွက် နိုင်ငံခြားလာတဲ့ပုံပါပဲ။ ကျွန်တော့်အတွေးကို သူ့စကားတစ်ခွန်းက မှန်သွားအောင် ထည့်ဖြည့်ပေးလိုက်တယ်။
“ငါ့ညီတွေ ညီမအတွက်ပါကွာတဲ့။ ငါ့အတွက်သူတို့ ပညာကောင်းကောင်းသင်ဖို့ပဲ”
“ငါလည်း သတိရတာပဲကွာ မင်းကလည်း……… မငိုပါနဲ့…”
သူ့ကိုအားပေးမှပဲ ကျွန်တော်တောင်ငိုချင်လာမိတယ် ။ အိမ်ကိုတော့ ပြန်လာလို့မရသေးမှန်း ကျွန်တော်သိမေတယ်။ မွန်းကျပ်တဲ့အချိန်တွေကို ဖြတ်ကျော်ရဦးမယ်လေ။
*****************************************
အရင်ညတွေထက် သည်ညက ပိုတိတ်ဆိတ်နေသလိုပဲလို့ ကျွန်တော်ထင်မိတယ်။ နိုင်ငံတကာအဆင့်မီ မြို့ပြရဲ့မလှပတဲ့ ရှုပ်ထွေးမှုတစ်ခုကို ကျွန်တော့်တိုက်ခန်းပေါ်ကနေ မြင်နေရတယ်။ အခန်းဖော်သူငယ်ချင်းကတော့ ပြောရင်းဆိုရင်း အိပ်ပျော်သွားပြီ။ ကျွန်တော်လည်း ပြတင်းပေါက်မှန်ကနေ အဝေးကိုလှမ်းကြည့်မိတယ်။ စိတ်ထဲကနေ ဂုံဘုရားကြီးကိုဖူးလို့ပေါ့။ တွေးရင်း တွေးရင်း မျက်ရည်ဝဲလာပြန်ပြီ။ နိုင်ငံခြားသာ အလုပ်လာလုပ်နေတာ စိတ်ဓာတ်တွေမရင့်ကျက်သေးမှန်း ခုမှသိတယ်။ တစ်နေ့တော့ သေချာပေါက်ပြန်လာရမှာပါ။ အမေ့အတွက်အိမ်ကောင်းကောင်းလေးတစ်လုံးရယ်။ ကျွန်တော်တို့အနာဂတ်တွေ အတွက်ရယ်ပေါ့။
“ဟင်းးးးးးးးးးးးးးးးး”
အိပ်ချိန်တောင်ရောက်ပြီ။ ရင်ထဲမှာ ဟာတာတာ အေးစက်စက်ကြီးနဲ့ အိမ်ကိုလွမ်းတာလား ကိုယ့်မြေကိုယ့်ရွာကိုလွမ်းတာလား အမေ့ကိုသတိရတာလား ဆိုတာ မပြောပြတတ်အောင် ခံစားချက်တွေက အရောင်စုံနေတယ်။ကုတင်ပေါ် အိပ်နေရင်းကနေ ကျွန်တော်ကြိုက်တဲ့သီချင်း တစ်ပုဒ်ကို ညည်းလိုက်တယ်။
“အလွှာလူတန်းစားxxxxအိပ်မက်များxxxအိမ်ပြန်အခန်းပိတ် ကြိတ်ငိုကြxxxxx လူလည်အာရှသား…”
သီချင်းဆိုနေရင်း ရင်ထဲကတစ်ခုခုဆို့တက်လာတယ်။ ကျွန်တော့်မျက်ရည်တွေဟာ ထိန်းမရအောင်ပဲ။ ကျွန်တော်ကြားဖူးနေကျစကားလေးအတိုင်းပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့အနာဂတ်ကို သူများနိုင်ငံမှာ ထုဆစ်နေကြရတယ်။ အခုတော့ ကျွန်တော်အကျီ င်္ ကြယ်သီးတွေပြုတ်နေ တယ်အမေ။ ကျွန်တော်တို့ဘဝတွေဟာ ကြယ်သီးပြုတ်တဲ့အကျီ င်္ ဝတ်ထားရသလိုပဲအမေရယ်။ လေတိုက်ရင်လည်း ဟာတာတာနဲ့ ရင်ဘတ်ကိုလာမှန်တယ်။ မိုးရွာရင်လည်း အေးစက်စက်နဲ့ ရင်ဘတ်တွေအေးနေတယ်။ ဘယ်လိုခံစားရမှန်းမသိတဲ့ ခံစားချက်လေ။ တစ်ဖက်က သူငယ်ချင်းကို ကြည့်တော့ သူ့ပါးကမျက်ရည်တွေက မခြောက်သေးဘူး။ သူ့အကျီ င်္ကြယ်သီးတွေလည်း ပြုတ်နေ တယ်ဆိုတာ ကျွန်တော်သိတယ်အမေ။ ကျွန်တော်တို့လိုပဲ ဒီနိုင်ငံမှာ အကျီ ကြယ်သီးတွေပြုတ်နေတဲ့ သူတွေ ဘယ်လောက်များမလဲဆိုတာရယ်။ ကျွန်တော်တို့တွေရယ် နောက်လာမယ့် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေရယ် ဘယ်သူတွေ ဘယ်လောက် ကြယ်သီးတွေပြုတ်နေတဲ့ အကျီ င်္ကိုဝတ်ရဦးမှာ လဲဆိုတာ။ ကျွန်တော်စဉ်းစားနေတုန်းပဲ……….အမေ..။
*******************************************
အောင်မိုးသူ(စူးရှ)
ဖေဖော်ဝါရီ ၂၆ရက် ၂၀၁၂ခုနှစ်
၁၂နာရီ ၁ရမိနစ်။
7 comments
YE YINT HLAING
August 24, 2012 at 12:16 pm
ကျွန်တော် လည်းကြယ်သီးပြုတ်တဲ့ အထဲက တစ်ယောက်ဆိုတော့ ခံစားနားလည်စွာနဲ့ ဖတ်ရှုသွားပါတယ် ။ ကို အရိုး ရဲ့ လူလည် အာရှသား သီချင်းကိုလည်း ရှာပြီးနားထောင်ချင်တဲ့ စိတ်ပေါ်လာတယ် ။ ” ကျွန်တော်တို့ဟာ ကျွန်တော်တို့အနာဂတ်ကို သူများနိုင်ငံမှာ ထုဆစ်နေကြရတယ်။” “အချစ်ဆုံးသူငယ်ချင်း” သီချင်းရဲ့ စာသားတွေကို ပြင်ပြီး ဆိုထားတဲ့ သီချင်းထဲက စာသားတွေကိုလည်း သတိရသွားတယ် ။ တချိန်က နားထောင်ရင် ဖမ်းတယ်ဆိုတဲ့ သီချင်းမျိုးပေါ့ ။
manawphyulay
August 24, 2012 at 4:38 pm
အိမ်ပြန်ချင်တယ်…. ဟူး… ဒါတောင် ရထားဥဩသံမကြားလို့….
ထူးအိမ်သင်ဆိုတာ အကြောင်းမဲ့မဟုတ်ဘူးနော်။ ပြုတ်နေပြီး ပြန်တပ်နိုင်ဖို့ အရင်ကြိုးစားရမှာပေါ့။
တကယ်တော့ ပြုတ်နေတာကို မသိတာတွေလည်း ခပ်များများပါပဲ
pooch
August 24, 2012 at 5:08 pm
ကြယ်သီးတွေ ပြုတ်နေတဲ့ အကျီ င်္ စကားလုံးသုံးတာလေးက နှစ်လိုဖွယ်ပါ။ များမကြာမှီ ကြယ်သီး အပြည့်အစုံတက်ပြီး အိမ်ပြန်နိုင်မဲ့နေ့တွေလည်း ရောက်လာအုန်းမှာပါ။
Shwe Ei
August 24, 2012 at 5:24 pm
အားတင်းထားပါအုံး မငိုနဲ့ကွာဆက်ပြီးတော့ အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့ (အဲလိုမျိုး အားပေးမဲ့လူတွေရှိလာအုံးမှာပါလို့)။ 😉
စိတ်ဓါတ်မကျပါနဲ့ ဇွဲမလျော့လိုက်ပါနဲ့။ နို်င်ငံရပ်ခြားထွက်ပြီး မကြိုးစားရပေမဲ့ ရန်ကုန်မှာ လာနေပြီး မိသားစုအတွက်ဆိုတဲ့ စိတ်တခုနဲ့ ကြိုးစားနေသူမို့ နားလည်ခံစား အားပေးပါတယ်ဗျာ။
မောင်ပေ
August 25, 2012 at 1:23 pm
အနောက် က အရှေ ့ကို စိတ်ဝင်စား
အရှေ ့က အနောက်ကို စိတ်ဝင်စား ချိန်
ပြေလည်ရာ ပြေလည်ကြောင်း အနုပညာများနဲ ့ထုဆစ်ပြ
အလင်းဆက်
August 25, 2012 at 7:18 pm
ရသ မြောက်လိုက်တာဗျာ။
တကယ်.. ဖတ်ရတာ…ကျေနပ်တယ်.. ။
candle .
August 26, 2012 at 6:14 pm
ကိုအောင်မိုးသူ..ရေ …
candle လည်းပြုတ်နေတဲ့ကြယ်သီးတွေကိုပြန်တပ်ဖို ့ကြိုးစားနေသူမို ့..
ဘဝတူချင်းစာနာစွာအားပေးသွားပါတယ် ကြိုးစားလိုက်ကြရအောင် .. နော့..
တစ်ချိန် ချိန် တွင်တော့ အမိမြေ သို ့………….