“လွမ်းနေတဲ့ ဝတ္ထု”
စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။
ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။
မျက်နှာများတိုင်း မကောင်းဘူးတော့ မလုပ်နဲ့။ အန်ကောဝပ်ရဲ့ မျက်နှာတွေက ဘာလို့ ထင်ရှားခဲ့တာလဲ။ ကဲ။ ဒီလောက်ဆို မဲဇာတောင်ခြေမှာ တောင်ကျချောင်းကို ရှာဖွေဖို့ လုံလောက်ကြပြီလား။ ကွန်ဖြူးရှပ်ရဲ့ လေးအုပ် ငါးကျမ်းကို ခင်ဗျားယုံကြည်သလား။ ခင်ဗျားနဲ့ ကျွန်တော် ယုံမယုံမသေချာ။ မော်စီတုန်းကတော့ ယုံမှာမဟုတ်။ အရပ်လေးမျက်နှာမှာ နွားလားဥဿဘတို့ စုံလင်ကြပြီလား။ ကောသလမင်းရဲ့ အိပ်မက်တွေ ပြန်မက်ကြည့်ကြရအောင်။ ဘာ…။ ခင်ဗျားက စင်္ကာပူမှာ အလုပ်သွားလုပ်တာ လီကွမ်ယုနဲ့ မဆိုင်ဘူးလို့ ဆိုလိုချင်တာလား။ ပြဿနာကို မီးခွက်ထွန်းရှာ။ လျှပ်စစ်မီးဖွင့်ရှာ။ မီးစက်နှိုးရှာ။ အင်ဗာတာ ဖွင့်ရှာဗျာ။ တွေ့အောင်ကို ရှာဦးမယ်။
ပျူတွေ မွန်ကို ဘာလို့ နိုင်ခဲ့လဲဆိုတာ သီချင်းရေးရအောင်။ တော်ကွယ်။ တစ်ခါလာလည်း မဏိစန္ဒာဆိုတော့ ပျင်းတယ် ကျွန်တော်က။ အင်းဝက မယ်နုအုတ်ကျောင်းမှာ ထမင်းသွားစားမယ်။ ထမီတစ်ထည် ပြုတ်မကျလာခဲ့ရင်ပေါ့။ ပန်းသီးတစ်လုံးဟာ အချစ်ကို မွေးဖွားပေးရုံဆို မှားလိမ့်မှာပေါ့။ သေချာပေါက် နယူတန်က ဒေါသထွက်မှာပေါ့။ ကျန်တာတွေကို မိုးကောင်းကင်ကသာ ရေစက်ချ အမျှပေးပါစေတော့။ အဲလီဇဘက်ဘုရင်မဘေးက ဘယ်သူတုန်း။ ရှိတ်စပီးယားက ဘယ်သူဘယ်ဝါ ခုထိမှ မသေချာသေးဘဲ။ နောက်ဆုံးစာမျက်နှာကိုသာ ကျော်လှန်လိုက်။ လှန်လိုက်။ ဒါမှ စာမျက်နှာ ဘယ်လောက်ပါလဲ သိမှာ ပေါ့ဗျ။
လယ်ကျွန်တွေနဲ့ လီယိုတော်စတွိုင်း ဘယ်လို ပတ်သတ်ခဲ့ကြလဲ။ နွားတစ်ကောင်အပေါ်မှာ ငှက်ကနား။ အဲဒီနွားက အမြီးနဲ့ ဘာလို့ မရိုက်တာလဲ။ အရိုးက ဥတစ်လုံးနဲ့ ရန်ဖြစ်ပြန်ပြီ။ တော်ကြာနေမှ ကျားပေါက်ရဲ့ ချစ်စရာလောကကို သွားကြည့်ဦးမယ်။ လွမ်းလို့သေသွားတဲ့ သစ်ပင်မှာ ဘာအသီးသီးခဲ့သလဲဆိုတာ မင်းခိုက်စိုးစန်ကိုသာ မေးကြည့်တော့။ စာမျက်နှာ ဆယ့်ငါးနဲ့ တော်ပြီလား လေးဖြူရေ။ ကျန်တာကို ဘရိတ်အုတ်။ ဟိုမှာ မီးပွိုင့်နီနေပြီဗျ။
သုံးဆယ်တစ်ဘုံ အော်ပရာမှာ သစ္စာနီ ဘယ်လို ကခဲ့သလဲ။ ရင်ခွင်နန်းတော်မှာ ဒွေးဘာဖြစ်သွားလဲ မမှတ်မိတော့ဘူး။ နှင်းဆီဝိုင်မှာ ချစ်ခြင်းကို ဘာအရောင်တွေ ဆိုးခဲ့တာလဲ။ အဲဒါလည်း မမှတ်မိတော့ဘူး။ ဒီတစ်ခါကော၊ နောက်တစ်ခါပါ မှတ်မိနေတာတွေကို မမှတ်မိတော့ဘူး။ ဆိုးလိုက်တာ။ ဇော်ဝင်းထွဋ္ဋ်ရဲ့ လောကဟင်းလင်းပြင်မှာ ချစ်သူ မရှိရင် မပြည့်စုံဘူးလား။ ဒါမဖြစ်နိုင်ဘူး။ မန်ချက်စတာ ဒါဘီမှာ ဖာဂူဆန် ပီကေအဝါးလွန်သွားပြီလား။ ကမာ္ဘမြေပြင်တလွှားမှာ အလှတရားမှ မရှိတော့ဘဲ ဦးဝင်းဦးရယ်။ ထရဘယ်အိတ်ချ်နဲ့သာ နပန်းသတ်ပစ်လိုက်ပါတော့။
မိုးကုတ်မှာ မီကို ကော်ဖီသွားသောက်မယ်။ မန္တလေးမှာ တိုက်ဂါးဘီယာ သွားသောက်မယ်။ ရန်ကုန်မှာ ဝီစကီ အစုံသွားသောက်မယ်။ ပြီးမှ ခင်ဗျားက ပခုက္ကူမှာ ရေဘေးကယ်ချင်တယ် မလုပ်နဲ့ပေါ့။ ကိုယ့်ကိုကိုယ်လည်း ပြန်နမ်းကြည့်ဦး။ အော်စီနံ့ထွက်နေပြီ။ ရေထဲကို ခုန်ချလိုက်။ မိုးပျံလမ်းကတော့ မခုန်နဲ့။ ဖေ့စ်ဘွတ်ခ်ဖတ်ရတာ မျက်စိနှောက်တယ်။ ဘာ။ အတ္တကို ဘုရင်နောင်က ဖြတ်မလို့ဟုတ်လား။ စိန်လိုက်လေ။ ဖိုးကေနဲ့ တွေ့မရှောင်လို ပုဝါမကူ ရေမရှူကြေးပေါ့။ ပြီးမှ ရင်နင့်အောင်လို မြန်မာတွေ မေးခွန်းမေးကြပါမလုပ်နဲ့။ ကျွန်တော်က ဘာမှ ဖြေချင်တာမဟုတ်ဘူး။
ဂျူးပြောဖူးတဲ့ ကာဗွန်ခြေရာ ဘယ်လောက်ရှိပြီလဲ။ အမ်။ နှုတ်ဆက်ခဲ့တယ်။ ထွက်သွားတော့မယ်ဆိုတော့ ခင်ဗျားက ခင်ဝမ်းမလို့လား။ ပြန်လာခဲ့။ ဒီမှာ အနုပညာ အကြွေးတွေကော အတိုးတွေကော ပြန်ဆပ်ခဲ့ဦး။ အသီးတစ်ရာ အညှာတစ်ခုတော့မလုပ်နဲ့။ ဓာတုနည်းတွေက ကင်ဆာဖြစ်တယ် ကိုသိန်းတန်ရဲ့။ ကိတ်ဝင်းစလက်ကို တိုက်တန်းနစ်ကားမှ ကျွန်တော်သိတာ နောက်ကျသွားသလား။ တော်ပြီဗျာ။ အေးရာအေးကြောင်း စန္ဒီမြင့်လွင်နဲ့ ပုံပြောတမ်း ဆော့တော့မယ်။
ဝိုင်းရဲ့ ဆင်ဆာဇာတ်လမ်းကို ကြည့်ပြီးပြီလား။ အနီရောင်ထောင့်ဇာတ်လမ်းကို တရုတ်ဘာလို့ လက်မခံခဲ့လဲ။ ခဏဗျာ။ ရင်နင့်အောင်ကို အသားညို။ အရပ်ပု။ မေးရိုးကား။ အညာသားရုပ် လုပ်။ နည်းနည်း မဆိုသလောက် မပိန်မဝလုပ်။ ဆံပင်တိုအောင်ညှပ်။ ပြီးတော့ ပြတ်ပြတ်ကြီးပြောတတ်အောင် သင်ပေး။ ဟုတ်ပြီ။ ဒီလောက်ဆို ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင် ဝင်အရွေးခံလို့ရပြီ။ ဟဲ့။ နင်ဘာလုပ်မလို့လဲ ရင်နင့်အောင်။ ဟာ။ ခက်လိုက်တာ။ အနှိပ်ခန်းသွားချင်တဲ့ အကျင့် မပျောက်ဘူးဆိုပဲ။
………………………………………………………
အမှန်တော့ဗျာ။ ကျွန်တော် ဒီည ဇနီးနဲ့ သမီးကို လွမ်းနေတာ။ ဒါပေမယ့် ခက်တယ်။ ကျွန်တော်က လွမ်းနေတဲ့ အချိန်မှာ လွမ်းတဲ့ ဝတ္ထုမရေးတတ်ဘူး။ ရေးရင်လည်း လုံးဝ ဖတ်လို့ကောင်းမှာ မဟုတ်ဘူး။ ကဗျာဆန်နေတဲ့ အချိန်မှာ ဘယ်တော့မှ ကဗျာရေးလို့ မရဘူး။ သိနေတယ်။
ခုကျွန်တော်က ဇနီးနဲ့ သမီးကို လွမ်းနေတယ်။
တကယ်လွမ်းတယ်။
မိသားစုတိုးတက်ရေးအတွက် သူတို့နဲ့ ကျွန်တော် ခွဲခွာနေရတယ်။
ဒီည ကျွန်တော်က အရိုးရဲ့ လေတိုက်တဲ့ ညတွေသီချင်းကို နားထောင်နေတယ်။
“အိမ်အပြင်မှာ လေတိုက်တဲ့ ညတွေ …
ငါမုန်းတဲ့ ညတွေ .. ဘယ်လောက်ထိအောင်ရှည်နေဦးမယ် …
…………….
ငါ့ကို ခေါ်နေမယ့် ချစ်သူ
မျှော်နေမယ့် ချစ်သူ …
အချိန်တန်ပေမယ့် ငါပြန်မရောက်နိုင်ခဲ့ …”
“ဟူး……………………”
ကျွန်တော် သက်ပြင်း အရှည်ကြီးကို ချရင်း ပိုလွမ်းရပြန်ရော။ ဘယ်တော့လဲဗျာ။ ဘယ်တော့မှ အဆင်ပြေကြမှာလဲ။ မိသားစုဘဝ ဘယ်တော့မှ ပြန်လည် ပေါင်းစပ်ကြမှာလဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း နောက်ပြန်မဆုတ်ချင်တော့ဘူး။
ခုချိန်ဆို သမီးလေး …………….
သူအိပ်လို့ ကောင်းပြီပေါ့။ ကျွန်တော်နဲ့သာဆို သူဟာ ကျွန်တော့်ရင်ကို ခြေနဲ့ ကန်လိုက်။ ခေါင်းနဲ့ တိုက်လိုက်။ ဒီအချိန်ဆို အိပ်လို့ ကောင်းနေချိန်ပေါ့။ ခုတော့ ကျွန်တော်က မအိပ်နိုင်သေး။ အိပ်လို့လည်း မရနိုင်သေး။ ခွဲခွာခြင်းဟူသော ခေါင်းစဉ်ဖြင့် လောကဟာ ပြည့်စုံခြင်းအကြောင်းအရာတွေကို ဘယ်လောက်ထိ ဆက်တိုက် ရေးနေဦးမလဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဖတ်လို့ မပြီးသေး။ သင်ယူလို့ မပြီးသေး။
လွမ်းတယ် ချစ်သူရယ်။
လွမ်းတယ် သမီးရယ်။
လွမ်းတယ် နွေးထွေးတဲ့ မိသားစုဘဝလေးရယ်။
ကျွန်တော် ဘာဆက်ရေးရမလဲ။ ပြောပြပါဦး။ တဆိတ်လောက်။ ပြောပြကြပါဦး။
ဟုတ်ပြီ။ တကယ်တမ်း ကျွန်တော် ရေးရမယ့် ဝါကျမှာ အောက်ပါအတိုင်းပင် ဖြစ်တော့တယ်။
“စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။
အိုဘာမားနဲ့ ကျွန်တော် ဘီအီးတစ်လုံးတူတူသွားသောက်မယ် …
ပြီးတော့ ……… ဘာညာသာကရာ .. နေကြာကွာစိ ….”
ဒါပေမယ့် ခင်ဗျားက ဒီဝတ္ထုကို လွမ်းနေတဲ့ ဝတ္ထုလိုသာ လက်ခံပေးပါ။
ရင်နင့်အောင်
7 comments
မောင်ပေ
August 30, 2012 at 1:46 pm
အိုဘားမားကြီးကို သုံးတစ်ရောတဲ့ ဘီအီး၂လုံးပိုတိုက်ပေးဗျာ
ဒါဆိုရင် စာအုပ်နံ ့ကင်းမဲ့တဲ့ ဝက်ပေ့စာမျက်နှာပေါ်က ကျွန်တော်က
ဒါဟာ အလွမ်းဆိုတာကို ဝတ္ထုထဲမှာလို ့မြင်သွားလိမ့်မယ်
Wow
August 30, 2012 at 2:55 pm
စာဖတ်ပြီး လွမ်းသွားပါကြောင်း….
kotun winlatt
August 30, 2012 at 2:58 pm
ဝိုးးးးလွမ်းးးနေတာကို အိုဘားမား နဲ့ ဘီအီးသောက်ပီးးးဖြေမယ်ဆိုတဲ့ သလောများလားးး
မြင့်လိုက်တဲ့ အလွမ်းးပါလားးးဟရို့…
ကျနော်ကတော့ ဘီးအီးကို အူးဗိုက်နဲ့ တူတူသောက်ရင်း ဖြေချင်သဗျ…။
zarlay
August 30, 2012 at 3:10 pm
15 ကျပ်ရဖို့ရေး တော်တော်ဖတ်လိုက်ရတာပါလားနော်
နေဝန်းနီ
August 30, 2012 at 4:58 pm
ဘာပြောတယ်…။ ဒါဝတ္ထု ဟုတ်လား …။ ငါက ကဗျာ မှတ်လို့ တစ်လုံးချင်းလိုက်ဖတ်နေတာ….။ တုန်းတွေ ကျူး တွေကတော့ ဒါဟာ ကဗျာပဲ…။ ရစ်သမ်နဲ့ ပွယောင်းယောင်းဖြစ်နေတဲ့ စကားလုံးတွေ ပြန်ပြင် ပြီးရေးပေးပါ….။ တောင်းဆိုပါတယ်…။ ဒါကဗျာပါ…။ အတွေးကောင်းကောင်း တစ်ခုကို ပစ်စလခတ် မဖျက်ဆီးပစ်ပါနဲ့ ….။ ပြန်တွေးပြီး အချိန်ယူ ရေးလိုက်ပါ…။ ဒီလို ကဗျာ အတွေးက …………….. လူတိုင်း အချိန်တိုင်းမှာ မကပ်ငြိနိုင်လို့ပါ……… ကိုရင်နင့်အောင်……
အတိသဉ္ဖာ နာဂရချစ်သူ
August 31, 2012 at 7:44 am
လွမ်းတယ် ချစ်သူရယ်။
လွမ်းတယ် သမီးရယ်။
လွမ်းတယ် နွေးထွေးတဲ့ မိသားစုဘဝလေးရယ်။
အဝေးရောက် အိမ်ဝေးများသည် ရေဝေးပန်းနှယ်။
Mobile
December 13, 2012 at 10:39 pm
အားပေးသွားပါကြောင်း ကိုရင်နင့်အောင်ရေ