နှစ်ဖက်မညီသော လက်ခုပ်

“Happy Birthday ပါသား….. ရော့သားအတွက်… အဖေ့ရဲ့ မွေးနေ့လက်ဆောင်….”

ဖေဖေပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ဆိုတဲ့အရာ ကျွန်တော့်လက်ပေါ်ကိုရောက်လာတယ်…။

“ဟာ…. Iphone …… အဖေသားကို တကယ်ပေးတာနော်…….”

ဖေဖေ အောင်မော်ကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်တယ်…။ ကျွန်တော်အရမ်းပျော်သွားသည် ဟန်းဖုန်းလိုချင်နေတာကြာပြီလေ…။ GTC  တက်နေတော့လည်း ကျောင်းမှာ ဟန်းဖုန်းတွေတကိုင်ကိုင်ဆိုတော့ လိုချင်နေခဲ့တာကြာပြီ။ အဖေ့ကိုရော အမေ့ကိုပါ ပူဆာတာ ဝယ်ပေးမယ် မပေးဘူး အဖြေလည်း ပြန်မပေး..။ ခုတော့… မွေးနေ့လက်ဆောင်အဖြစ်ရောက်လာပြီ..။ ပေးမယ့်ပေးတော့လည်း iphone… သူငယ်ချင်းတွေ လျှောက်ကြွားဦးမယ်ဆိုပြီး အောင်မော်အပြင်ကို ထွက်လာမိတယ်….။

“ဟေ့ရောင်….. စိုးမိုး… ဘယ်သွားမလို့လဲကွ…..”
စိုးမိုးဆိုတာ အောင်မော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းတူတူတက်နေတဲ့ သူငယ်ချင်းလေ….။ တက္ကသိုလ်ရောက်တော့လည်း တူတူပဲဆိုတော့ အရမ်းခင်တဲ့ သူငယ်ချင်း….။

“ဒီနေ့..ငါ့မွေးနေ့လေကွာ… ဒါကြောင့်ဘုရားသွားမလို့….”

“ဟာ…. ငါနဲ့မင်းမွေးနေ့တူတာ ငါမေ့နေတယ်… ငါလည်းလိုက်မယ်လေ…မင်းကို မုန့်လိုက်ဝယ်ကျွေးမယ်…”

“မင်းနဲ့ငါ တူတူပဲလေ….. ငါလည်းမင်းကိုဝယ်ကျွေးရမှာပေါ့….”

“ဒီမှာလေ… ငါ့အဖေက iphone လက်ဆောင်ပေးတယ်… ဒါကြောင့် မင်းအဖေရော ဘာပေးလဲ….”

“သည်လိုပါပဲကွာ…..”

အမြဲတမ်းအေးတိအေးစက်နဲ့ စိုးမိုးက အောင်မော်နဲ့မတူတာတော့အမှန်ပဲ…..။ မွေးနေ့၊မွေးလ တွေသာတူတာ စိုးမိုးနဲ့အောင်မော် အကျင့်စရိုက်တွေတော်တော်ကွာခြားသည်..။ သူမဖြေချင်တာနဲ့ ကျွန်တော်လည်း မမေးဖြစ်တော့ချေ….။ စိုးမိုးအိမ်က အောင်မော်အိမ်လို အဆင်ပြေတာမဟုတ်တာတော့ ကျွန်တော်သိသည်….။

*************************

“သား…စိုးမိုး ဘယ်သွားနေတာလဲ……”

အိမ်ပေါ်ရောက်ရောက်ချင်းကြားလိုက်သော အဖေအသံကြောင့် စိုးမိုးလှည့်ကြည့်မိသည်….။

“ဘုရားသွားတာပါအဖေ…….. အောင်ရှိုင်းလဲပါတယ်အဖေ…..”

“အော်…အေးကွာ… သည်နေ့အဖေလည်း အလုပ်နားတော့ မင်းအဖေကို ဈေးသွားကူရောင်းပေးလိုက်ဦး…”

“ဟုတ်အဖေ…..”

စိုးမိုး ရပ်ကွက်အနားရှိ ညနေဈေးလေးဘက်သို့ လမ်းလျှောက်ထွက်လာလိုက်၏။

“ပန်းတွေအရမ်းလတ်တယ် …. အစ်မ ယူသွားဦးလေ…”

ဘုရားပန်းရောင်းနေသော…. အမေ့ကို စိုးမိုးတစ်ချက်ကြည့်မိလိုက်သည်။ စိုးမိုးငယ်ငယ်ကတည်းက လုပ်ကိုင်ခဲ့သော အလုပ် အမေယခုထိ လုပ်ကိုင်နေတုန်းပင်…။ မိသားစုအခြေအနေကလည်း ရှိသောကြောင့် ဖြစ်သည်။

“စိုးမိုး သား ဘုရားသွားပြီးသွားပြီလား…….”

“သွားပြီးပြီအမေ…… အမေပင်ပန်းရင်အိမ်ပြန်လေ သားဆက်ရောင်းလိုက်မယ်..”

“ရပါတယ်… နင့်မွေးနေ့မှာ နားနားနေနေ နေပါ…. ရော့ မုန့်ဖိုး တစ်ခုခုဝယ်ပေါ့….”

အမေပေးလိုက်တဲ့ ထောင်တန်အထပ်လေးကို စိုးမိုးကြည့်လိုက်တယ်….။ (၄-၅-၆)ရွက်လောက်တော့ ပါမည်ထင်သည်။ အမေ့လက်ကိုဆွဲပြီး ထောင်တန်အထပ်ကို စိုးမိုးပြန်ထည့်ပေးလိုက်သည်။

“သား…ဘာလုပ်တာလဲ… မွေးနေ့မှာ သုံးဖို့လေ….”

“ရပါတယ်အမေရာ…အိမ်မှာတစ်ခုခုဝယ်လိုက်ပါ.. အဖေလည်း လက်ဆောင်ပေးပြီးပြီလေ..”

စိုးမိုးမျက်နှာကို အမေတစ်ချက်ပဲကြည့်တယ်….။ အဲသည်အကြည့်က အမေမပြောဘဲ စိုးမိုးနားလည်လိုက်သည်။

********************************

“ဟေ့ရောင်တွေ သောက်နော်……. ပြီးရင် မင်းတို့သွားချင်တဲ့နေရာ ပို့ပေးမယ်…. ငါ့မွေးနေ့ ကြိုက်သလောက်သောက်….”

“အောင်မော် စိုးမိုးမပါဘူးလားကွ….”

“မင်းတို့ကလည်းကွာ ဒီကောင်သောက်တတ်လို့လား… နောက်ပြီူး ဒီလိုနေရာတွေလည်း လိုက်တာမဟုတ်ဘူး ငါသူ့ကိုခေါ်ပါတယ်ကွာ… သူမလိုက်တာ..”

ပိုက်ဆံရှင်းမယ့်အချိန် အောင်မော်လက်ထဲက ပိုက်ဆံတထပ်ဆွဲထုတ်ပြီး ထောင်တန်အရွက်နှစ်ဆယ်ကျော် သုံးဆယ်လောက်ကို စားပွဲထိုးလေးကို ထုတ်ပေးလိုက်တယ်…။

“ကျန်တာ မင်းယူလိုက်…..”

အပေါင်းအသင်းများကို တစ်နေရာလိုက်ပို့ဖို့ အောင်မော်ခြေလှမ်းစလိုက်သည်……။

**********************

“အောင်မော်…… သား.. မထသေးဘူးလား ညတုန်းကလည်း နောက်ကျမှ ပြန်လာပြီး … ကျောင်းသွားရမယ်လေ…..”

အမေနှိုးမှ အောင်မော်နိုးလာသည်….။ ညက တော်တော်များသွားသည်ထင် တော်တော်လေးနှင့် မထနိုင်ပေ…။ ကျောင်းသွားဖို့ မနည်းကုန်းရုန်းထလိုက်သည်… စာမေးပွဲနီးပြီမို့ ကျောင်းပျက်လို့မဖြစ်ချေ။

ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်တွင်…. စိုးမိုးနှင့် သူငယ်ချင်းများ….. ထိုင်နေသည်ကို အောင်မော်တွေ့လိုက်သည်…။ စိုးမိုးလက်ထဲတွင်… စာအုပ်လေးတစ်အုပ်ကိုင်ထားသည်ကို အောင်မော်တွေ့ရသည်..။

“စိုးမိုး ဘာစာအုပ်လည်းကွ…… အဲဒါ…”

“ဒိုင်ယာရီစာအုပ်ေးလပါကွာ……..”

“ငါ့ကို ခဏပြစမ်းပါကွာ…”

စိုးမိုးလက်ထဲကနေ အောင်မော်လှမ်းယူဖို့ကြိုးစားလိုက်တယ်…။ အဲသည်ခဏပဲ ဒိုင်ယာရီစာအုပ်ကို အောင်မော်မမိအောင် စိုးမိုးတစ်ဖက်ကို ယူလိုက်သည်။ စိုးမိုးမျက်မှောင်ကျုံ့ပြီး အောင်မော်ကို တစ်ချက်ကြည့်လိုက်လေသည်…။

“မင်းကလည်းကွာ သူငယ်ချင်းအချင်းချင်းကို ဒါလေးကြည့်တဲ့ဟာကို… မင်းစာအုပ်က ဘယ်လောက် တန်ဖိုး ကြီးလို့လဲ…”

“ပြလို့မဖြစ်ဘူးကွာ…..”

“မင်း စာအုပ်ဟောင်းသွားမှာ စိုးလို့လား….စုတ်သွားရင် ငါပြန်ဝယ်ပေးမယ်….. ဘယ်လောက်မှ မရှိပါဘူးကွာ..”

“ဟေ့ရောင် အောင်မော်..မင်းလွန်လာပြီနော်…”

အောင်မော်မြင်ဖူးသမျှထဲတွင် စိုးမိုးသည်လောက် ဒေါသထွက်တာ မမြင်ဖူးချေ…..။

“မင်း မကြည့်စေချင်ရင် မကြည့်တော့ပါဘူးကွာ….. ကဲ ငါကျောင်းထဲသွားတော့မယ်…တတာ…”

****************************

ကျောင်းဆင်းချိန်တွင် အိမ်ပြန်ရန် ကားဂိတ်တွင် စိုးမိုးကားစောင့်နေရင်း ငေးမိနေချိန်…………။

“ဖျတ်…………”

လက်ထဲတွင် ကိုင်ထားသော ဒိုင်ယာရီစာအုပ်မရှိတော့မှန်းသိလိုက်ရသည်…..။ ရုတ်တရက်လှမ်းကြည့်လိုက်သောအခါ….. စာအုပ်အား ယူပြီးပြေးသွားသော အောင်မော့်ကိုတွေ့ရသည်….။

“ဟေ့ရောင် အောင်မော်… မင်းကွာ…”

“မင်း မပြချင်တဲ့ စာအုပ်ကို ငါကြည့်ချင်လို့ပါကွာ…”

ပြောရင်းဆိုရင်း အောင်မော်ပြေးလေသည်…. စိုးမိုးလည်း အနောက်ကလိုက်လေသည်။ ထိုစဉ်… စာအုပ်ကိုင်ရျ် လွယ်အိတ်တစ်ဖက်နှင့် အောင်မော်ကားလမ်းကို ဖြတ်အကူးတွင်.. စာအုပ်သည် လမ်းလယ်တွင် ကျကျန်ခဲ့လေသည်။ စိုးမိုးမျက်လုံးသည် စာအုပ်တွင်သာရှိရျ်…. စာအုပ်ကိုပြေးအယူ…………

“ကျွီ……….”

“စိုးမိုး…………….”

အောင်မော်၏အသံတစ်ချက်သာ စိုးမိုးကြားလိုက်ရသည်……………………။

********************************

အောင်မော်သည် ဒိုင်ယာရီစာအုပ်လေးကို ကိုင်ကြည့်ရျ် ဆေးရုံကုတင်ပေါ်တွင် မေ့မျောနေသာ စိုမိုးအားကြည့်ရင်း မျက်ရည်မကျအောင် ထိန်းထားမိသည်။ အတူတူပေါင်းလာခဲ့သောငယ်သူငယ်ချင်း အလွန်လျို့ဝှက်တတ်သောသူငယ်ချင်း…..ရှားရှားပါးပါးမွေးနေ့တူသော သူငယ်ချင်း အောင်မော်နှင့်စိုးမိုး နှစ်ယောက်ဘဝသိ နှစ်ဖက်မညီသောလက်ခုပ်ကဲ့သို့ပင်…. ဒိုင်ယာရီစာအုပ်လေး၏ ပထမဆုံးစာမျက်နှာလေးတွင်………………

အဖေ………..
သား (၁၉)နှစ်ပြည့်မွေးနေ့မှာ အဖေ့ဆီက ပထမဆုံးမွေးနေ့လက်ဆောင်ရခဲ့တယ်….။ အရမ်းပျော်တာပဲ အဖေရာ…။ ဒီဒိုင်ယာရီစာအုပ်လေးက တန်ဖိုးမရှိပေမယ့်….. သားအတွက်တော့ တန်ဖိုးအရှိဆုံးလက်ဆောင်ပဲလေ…..။ တန်ဖိုးဆိုတာ ေ ဈေးကြီးတာ ဈေးနည်းနဲ့မဆိုပါဘူးအဖေ အဲသည်အရာဝတ္တုုတစ်ခုအပေါ်မှာ လူတစ်ယောက်က တန်ဖိုးထားတဲ့ပေါ်မှာပဲ တန်ဖိုးဆိုတာ မြင့်တက်သွားတာပါ….။ အဖေပေးတဲ့ လက်ဆောင်လေးဟာ သားအတွက်တော့ တန်ဖိုးအကြီးဆုံးပဲ….။ တခြားသူငယ်ချင်းတွေလို လျှောက်သွားချင်ပေမယ့် မိသားစုအတွက်သားကြည့်နေရတဲ့အတွက် ဒီမွေးနေ့မှာ သားဝမ်းမနည်းပါဘူး..။ အဖေ့ဆီက သားရလိုက်တဲ့လက်ဆောင်လေးကိုကြည့်ရင်း ပျော်ရတာပေါ့….။ အောင်မော့်ကို အရမ်းအားကျမိတယ် အဖေရာ… ဒါပေမယ့် သားလည်း အဖေနဲ့အမေသားဖြစ်ရတာ ဂုဏ်ယူပါတယ်…။ အဖေနဲ့ အမေအတွက် သားကြိုးစားမှာပါ………….။

သား ……စိုးမိုး

အော်မော်၏ မျက်ဝန်းထဲမှ မျက်ရည်တစ်ပေါက်သည် စာအုပ်ပေါ်သို့ ကျဆင်းသွားလေသည်…..။ အောင်မော်၏ လက်တစ်ဖက်တွင် ဒိုင်ယာရီစာအုပ်ကလေး…….. ကျန်တစ်ဖက်တွင် iphone ကလေး…….  အောင်မော်နှစ်ခုစလုံးအား ကြည့်မိသည်………။ ထိုအချိန်တွင် စိုးမိုးအတွက်ရော အောင်မော်အတွက်ပါ ဒိုင်ယာရီစာအုပ်လေး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်ချေ………….။ စိုးမိုးသတိရလာချိန်တွင် အောင်မော် တောင်းပန်ပြီး… စိုးမိုးလက်ထဲသို့ ဒိုင်ယာရီစာအုပ်လေးအား ပြန်လည်ပေးအပ်လိုက်တော့မည်………..။

***************************

လက်ခုပ်နှစ်ဖက်သည် တီးရင်အသံထွက်မည်။ ကျွန်တော်နှင့် စိုးမိုး သူငယ်ချင်းနှစ်ယောက်သည်လည်း ခင်မင်မှုများဖြင့် ဘဝတွင် သာယာသော အသံများထွက်ခဲ့ဖူးပါသည်။ သို့ပေမယ့် ကျွန်တော်တို့ နှစ်ယောက်၏ဘဝများသည် တစ်ဖက်နှင့်တစ်ဖက် နှစ်ဖက်ပူးလိုက်လျှင် မညီမျှသော လက်ခုပ်တစ်ခုပင်ဖြစ်သည်။ ချစ်ခင်မှုများဖြင့် သူငယ်ချင်းဘဝကိုတည်ဆောက်ထားသော်လည်း ကျွန်တော့်ဘဝ နှင့် အောင်မော်ဘဝတွင် ကွာခြားချက်များစွာရှိသေးသည်။ ကျွန်တော်မမှုပါ………. ကျွန်တော်တို့ကြားတွင် လိုအပ်သည်က……… တန်ဖိုးတစ်ခုပင်ဖြစ်သည်…။

အောင်မော်

***************************************

သင်သည် အရာဝတ္တုတစ်ခု၏တန်ဖိုးအား မည်သို့ဆုံးဖြတ်ပါသလဲ………..။ ဥပမာ…. သင့်ကို သင့်ချစ်သူက ပေးတဲ့နှင်းဆီပန်းတစ်ပွင့်….. ဈေးဆိုင်က အရမ်းဈေးကြီးတဲ့ နှင်းဆီပန်းစည်းကြီးနဲ့လဲမည်ဆို သင်လဲမည်လား……။ ထိုအချိန်တွင် သင့်လက်ထဲက နှင်းဆီပွင့်၏ တန်ဖိုးသည် နှင်းဆီပန်းစည်းကြီး၏ တန်ဖိုးနှင့် အလွန်တရာ ခြားနားသွားပေလိမ့်မည်…။ ကျွန်တော်နှင့်စိုးမိုးကြားတွင်တန်ဖိုးများစွာ ခြားနားပါသည်….။ သို့ပေမယ် ကျွန်တော်တို့ ခင်မင်ရင်းနှီးမှုများသည် တန်ဖိုးအတူတူပင်ဖြစ်ပါသည်…။

စိုးမိုး

ကြိုးစားပါဦးမည်
အောင်မိုးသူ (စူးရှ)

6 comments

  • ကို ခင်ခ

    August 31, 2012 at 12:17 pm

    လက်ဆောင်ပစ္စည်း၏ နောက်ကွယ်ကတန်ဖိုးကို
    မြင်တတ်သောသူသည် ထိုလက်ဆောင်ကိုအပြည့်အဝ၊
    ရရှိခြင်းဖြစ်ပါသကား။
    ( ခင်ခ၏ ဒဿနတစ်ခုပါ လွဲနိူင်ပါသည်။)

    • Mobile

      December 13, 2012 at 8:47 pm

      တန်ဖိုး ဆိုတာမိမိရဲ့ သတ်မှတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်ဗျာ
      နိုင်ငံကျော် မင်းသမီးတစ်ယောက်နဲ့ ရုပ်ခပ်ဆိုးဆိုး ခင့်ဗျာချစ်သူ
      သူတို့နှစ်ယောက်ထဲက တစ်ယောက်သေရမည်ဆိုပါက ခင့်ဗျားဘယ်သူ့ကိုရွေးမလဲ။

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 2:33 pm

    ဖတ်လို့ကောင်းပါတယ်…
    တန်ဖိုးကြီးပစ္စည်းဖြစ်ဖြစ် တန်ဖိုးနည်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်…
    ဘယ်အရာဝတ္ထုမဆို………….
    တန်ဖိုးထားတတ်မှ တန်ဖိုးဆိုတာ မြင့်တက်လာမှာပါ…
    တန်ဖိုးထားတတ်ဖို့ပဲ အရေးကြီးပါတယ်…။
    အားပေးသွားပါတယ်…..။

  • ရွှေ ကြည်

    August 31, 2012 at 4:25 pm

    လက်ဆောင်ပစ္စည်းရပြီဆိုရင် ဘယ်တော့မှတန်ဖိုးကိုမစဉ်းစားဘူး။
    ပေးတဲ့သူရဲ့လေးနက်မှုကိုပဲစဉ်းစားတယ်။
    ဘာပဲဖြစ်ဖြစ်လက်ဆောင်ရရင်တော့ပျော်တာပါပဲလေ။
    လေးခင်ခရဲ့ ဒဿန ကိုအပြည့်အဝထောက်ခံပါ၏။

  • မောင်ပေ

    August 31, 2012 at 8:47 pm

    ရသဝတ္ထုတစ်ပုဒ်လို ့အသိအမှတ်ပြုရမှာပါ
    ဒါလေးတစ်ခုပဲ နားမလည်တာပါ
    “သား…စိုးမိုး ဘယ်သွားနေတာလဲ……”
    အိမ်ပေါ်ရောက်ရောက်ချင်းကြားလိုက်သော အဖေအသံကြောင့် စိုးမိုးလှည့်ကြည့်မိသည်….။
    “ဘုရားသွားတာပါအဖေ…….. အောင်ရှိုင်းလဲပါတယ်အဖေ…..”
    “အော်…အေးကွာ… သည်နေ့အဖေလည်း အလုပ်နားတော့ မင်းအဖေကို ဈေးသွားကူရောင်းပေးလိုက်ဦး…”
    “ဟုတ်အဖေ…..”

  • Shwe Ei

    September 1, 2012 at 8:41 pm

    မွေးနေ့လက်ဆောင်ကဘာရလိုက်တာဒုန်း?

Leave a Reply