အစ်မဒေါက်တာပဒုမ္မ္မ္မာသို့ လက်ဆောင်ပေးခြင်းပါ
ကိုယ့်စာကိုတော့မနှမြောပါဘူး။ ဗစ်ထရီရေးပေးတဲ့ ကော်မန့်လေးကိုနှမြောတယ်ဆိုတဲ့အစ်မရဲ့
မြှားတစင်းဟာ ပစ်မှတ် ဗဟိုကို ထိသွားပါတယ်ဗျာ။
(ဪ ~~ဒါ့ကြောင့်လဲ ကျော်ကြားပေတာကိုး)
အကုန်တော့ …သည်၊၏ မလွဲဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ကျနော်ပြောထားတဲ့ မူရင်းအကြောင်းအရာတွေကတော့အဲဒီဟာတွေပါဘဲ။
နှလုံးသားထဲရောက်သွားတဲ့ စာတပုဒ်မလို့ စိတ်နှလုံးကလဲကိုယ်ရေးလိုက်တာပြန်မှတ်မိနေတာလို့
ဆိုပါရစေ။ ပြန်ပြီးရေးပေးလိုက်ပါတယ်။
လေးစားခင်မင်ရသောအစ်မဒေါက်တာပဒုမ္မ္မာခင်ဗျား
သည်စာလေးကိုဖတ်လိုက်ရတဲ့အချိန်မှာ ပထမတော့ အခုလိုဘဲတွေးပါတယ်။
(စာအရ တကယ့်ဖြစ်ရပ်လို့ယူဆပေမဲ့ ဒီနေရာမှာဇာတ်လမ်းလို့ရေးပါရစေ)
သည်စာဟာ လိုက်နာအပ်တဲ့လူတို့ရဲ့ကျင့်ဝတ်တွေနဲ့ ဇာတ်လမ်းဆင်ထားတယ်။
လိုအပ်လို့ဆုံးမစကားဆိုသူနှင့် ဆုံးမခြင်းကိုနာခံလွယ်သူ နဲ့ဇာတ်လမ်းဆင်ထားတယ်။
မိမိကျရာတာဝန်ကိုကျေပွန်တတ်တဲ့စိတ်နဲ့ ကျေးဇူးတရားကိုအသိအမှတ်ပြုတတ်သူကိုဇာတ်လမ်းဆင်ထားတယ်။
ကိုယ့်စေတနာကိုယ့်အကျိုးပေးဆိုတဲ့စကားလေးကို လက်တွေ့ကျကျဖော်ထုတ်ပြပြီးဇာတ်လမ်းဆင်ထားတယ်။
ပြီးတော့မှ သည်စာထဲမှာ တလုံးမှရေးမထားပါဘဲ ထင်ထင်ရှားရှားကြီးကိုမြင်လိုက်ရတဲ့
စကားတခွန်းရှိတာကိုသတိထားမိသွားတယ်။
အဲဒါကတော့ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။
အဲဒါက ရိုးရိုးမြင်တဲ့အမြင်ပေါ့နော်။
ဒီထက်ပိုတဲ့ လေးနက်တဲ့အမြင်ကိုပြောရရင်တော့
သည်စာကိုဖတ်လိုက်တဲ့အခါ ကျနော် ကိုယ့်ကိုကိုယ်ပန်းခင်းကြီး တခုထဲရောက်သွားသလိုခံစားရပါတယ်။
မွှေးရနံ့တွေသင်းထုံနေတဲ့ပန်းခင်းကြီးပေါ့။
ဘယ်လိုမွှေးရနံ့တွေလဲလို့ လိုက်ကြည့်လိုက်တော့
ဆုံးမသင့်တဲ့စကားကို ကာလဒေသပယောဂနဲ့ အချိန်ကိုက် (ဆုံးမတယ်ဆိုတာထက်) ကြင်ကြင်နာနာနဲ့လမ်းညွှန်
ပြောပြပေးတတ်သော အန်တီမေအေးဦးရဲ့ မေတ္တာပန်းရနံ့။
ဇာတ်လမ်းအရ လူငယ်လို့ထင်ရပေမဲ့ စိတ်ဓာတ်ရင့်ကျက်သူ၊ဆင်ခြင်တုံတရားရှိသူ၊ဆုံးမနာခံလွယ်သူ၊
ဆုံးမစကားကိုလက်တွေ့လိုက်နာခဲ့သူ ကျော်ကျော်ရဲ့ စိတ်ဓာတ်ကောင်းပန်းရနံ့။
အသေးအဖွဲလေးပင်ဖြစ်ပါစေ။ မျဉ်းကျားမှာကားရပ်ပေးတဲ့ ကျေးဇူး(မြန်မာ့စံအရလောလောဆယ်)ကို တခုတ်တရ
အသိအမှတ်ပြုပေးတတ်၊ မိမိတာဝန်ကိုကျေပွန်တဲ့စိတ်ဓာတ်ရှိတဲ့ ဦးဦးဆရာဝန်ရဲ့ တာဝန်ယူစိတ်ဓာတ်ပန်းရနံ့။
အဲဒီပန်းရနံ့တွေနဲ့ ထုံသင်းလို့နေတဲ့ပန်းခင်းကြီးပါဘဲ။
အချုပ်ပြောရရင်တော့
သည်စာဟာ ဖတ်လို့ကောင်းတဲ့ခံစားမှုရသကိုပေးပါတယ်။
ကိုယ့်ကိုယ်ကိုပြန်ပြီးတော့လဲ၊ ဘယ်လိုလဲလို့စဉ်းစားမိစေတယ်။
နောက်တော့ အမှန်တရားတွေ၊ကိုယ်ချင်းစာစိတ်တွေ၊ဒီထက်ပိုရရင် “မေတ္တာ” တရားတွေပါနေပါတယ်။
ဆိုတော့ (ဟိုသီချင်းလေးလို) မေတ္တာ ယူတော့ မေတ္တာ ပေး ~~ပေး~~လိမ့်မယ်~~သွယ်သွယ်~~~ခုတလီ
ကျေးဇူး~~~တင်ရပါစေမည်..။ လို့ဆိုသလိုပါဘဲ။
စနစ်တကျပြန်ပြောပြရရင်
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စကားလေးကို ကိုးကားပါမယ်။
၁။စာတပုဒ်သည် ဖျော်ဖြေရေး(Entertainment)ဖြစ်ရပါမယ်။ရသခံစားမှုကိုပေးနိုင်ရပါမယ်။
၂။ ကိုယ်တိုင်ရောဘယ်လိုလဲဆိုတဲ့ ကိုယ့်ကိုယ်ကိုဆန်းစစ်သွားမိတဲ့ စိတ်အသိတရား(Awareness )
ကိုပေးနိုင်ရပါမယ်။ ထပ်ဆင့်အတွေးပွါးပြီး ဆင်ခြင်စိတ်၊ပြုပြင်လိုစိတ်များပေါ်လာရပါမယ်။
၃။ (Universal Truth)လောကသစ္စာ(သို့မဟုတ်)အမြဲအမှန်တရားကို ကိုယ်စားပြုရပါမယ်။
အဲဒီ အချက်သုံးချက်နှင့်ညီမှ စာကောင်းတပုဒ်လို့ ဆိုပါတယ်။
အထက်မှာပြောခဲ့ပြီးတဲ့အတိုင်း သည်စာလေးဟာအဲဒီ အချက်တွေနဲ့ညီလေသော စာကောင်းတပုဒ်ဖြစ်လေတော့
ရပ်ပြီးမနေနိုင်၊ကော်မန့်ထိုင်ရေး၊စာစီပေးခဲ့မိပါကြောင်း။
မေတ္တာ ဖြင့်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်မှာက ဇာတ်လမ်းအချုပ်လေးပြန်ရေးပေးထားပါတယ်။လိုနေတာရှိရင်လည်း ဖြည့်စွက်ပါနော်။
———————————————————————————
“ မျဉ်းကျားလေးမှာရပ်ပေးပါ”
ဇာတ်လမ်းကျောရိုး။
အပိုင်းတစ်
ကျော်ကျော်ကပရဟိတလုပ်ငန်းတခုကူညီရန် အိမ်မှမထွက်ခင် အင်းလျားကန်ဘက်လမ်းလျှောက်
ထွက်မည့်အဖိုးအား နှုတ်ဆက်အနမ်းပေးခဲ့သည်။
(အဖိုးကိုချစ်ကြောင်းပြထားသည့် အရေးပါသောဇာတ်ကွက်အမှတ်-၁)
အပိုင်းနှစ်
ဗိုလ်ချုပ်ဈေးနားတွင်နေသောအန်တီမေအေးဦးကိုသွားခေါ်ရာလမ်းတလျှောက်တွင်အချိန်မလေးစား
ရကောင်းလားဟုအပြောမခံလိုသဖြင့် ရောက်လိုဇောများပြီး မီးပွိုင့်ကိုအတင်းလွတ်အောင်မောင်းခြင်း၊
လူကူးမျဉ်းတွင်ရပ်ပေးသင့်သောအနေအထားကိုမသိချင်ယောင်ဆောင်မရပ်ပေးဘဲမောင်းခဲ့ခြင်း၊
လမ်းကြောင်းမှားကားက ခေါင်းထိုး၍တစီးစာလမ်းတောင်းလာခြင်းကိုမသိချင်ယောင်ပြီး
ဆက်မောင်းသွားခြင်း၊ခရီးသည်တင်ဘတ်စ်ကားတို့၏လမ်းတောင်းခြင်းကိုလည်းမသိကျိုးကျွံ
ပြုခြင်းများကိုဆက်တိုက်ဖော်ပြထားသည်။
( အတ္တရှေ့တန်းတင်၊ဆင်ခြင်တုံကင်း၊ကိုယ်ချင်းစာစိတ်မရှိ စသဖြင့် မှားယွင်းမှုများကို
ဖော်ပြထားသော ဇာတ်ကွက်အမှတ်-၂)
အပိုင်းသုံး
အန်တီမေအေးဦးကိုခေါ်လာခဲ့ပြီး၊အခြားသော ခေါ်ရမည့်သူများကိုပါခေါ်လာခဲ့ပါပြီ။
ရွှေပြည်သာသို့ဦးတည်မောင်းနှင်လာရင်း အန်တီမေအေးဦးက တလမ်းလုံးဆုံးမလာသည်ဟုဆိုသည်။
(က)၀၁၊၀၂ မီးပွိုင့်များကိုအရှိန်နှင့်အတင်းဖြတ်လိုသော ကျော်ကျော်ကိုအန်တီမေအေးဦးက စောင့်မယ်ဆိုရင်
စက္ကန့်ပိုင်းလေးဘဲနော် သား၊ မစောင့်ဘဲအတင်းမောင်းလို့ အက်စီးဒဲန့်ဖြစ်ရင် ဘဝတွေအသက်တွေကိုအ
ကြာကြီးပြန်ပြုပြင်ယူရမှာနော်။
(ခ)မျဉ်းကျားတွင်ရပ်ပေးခြင်ပုံမရသော ကျော်ကျော်ကို တို့ကစက်တပ်ယာဉ်ဘဲသားရယ်။သူတို့မှာလဲအရေးတကြီး
လုပ်စရာတွေရှိနေမှာပေါ့၊သူတို့ကိုသွားခွင့်ပေးလိုက်ပါနော်။
(ဂ)ဘတ်စ်ကားများလမ်းတောင်းလာသောအခါတွင်လည်း၊ ဘတ်စ်ပေါ်ကလူတွေကတို့တွေထက်
အရေအတွက်များတယ်လေ။ သူတို့ကိုလမ်းဖယ်ပေးလိုက်တော့လူအများကြီးခရီးပေါက်တာပေါ့သားရယ်။
(~~ဟု စာရေးသူမှ စာဖတ်သူအား သူပေးချင်သောမက်ဆေ့ချ်ကို “စ” ပေးသော အရေးပါဇာတ်ကွက်အမှတ်-၃)
အပိုင်းလေး
ကျော်ကျော်က အန်တီမေအေးဦးတို့အားပို့ပြီးပြန်လာသော လမ်းကိုသရုပ်ဖော်ထားသည်။
အပိုင်းနှစ်မှအမှားလုပ်ရပ်တို့ကို အပိုင်းသုံးတွင်ဖော်ပြထားသော အန်တီမေအေးဦး၏အဆုံးမများကို
နာခံလွယ်သူကျော်ကျော်၏ ခေါင်းညှိတ်ရုံမက လက်တွေ့လိုက်နာ ပြလိုက်သောအပိုင်းဖြစ်သည်။
မီးပွိုင့်ကိုအေးအေးဆေးဆေးမောင်းဖြတ်ခြင်း၊ လမ်းကြားမှ လမ်းမကြီးကိုထွက်ချင်သောကားကိုလမ်းပေးခြင်း
(ခင်ဗျားအလှဲ့ဆိုလဲလုပ်ပေးနော်ဟုစိတ်ထဲကပြောရင်းလမ်းပေးသည်ဟုဆိုသည်။ဆုံးမစကားကို
နားလည်မှုကိုတိုင်းတာပြလိုက်ခြင်း)
ဘတ်စ်ကားလမ်းတောင်းသည်ကို အလွယ်တကူလမ်းပေးခြင်းများ တောက်လျှောက်ပြုလာခဲ့သည်။
နောက်ဆုံး အဖိုးဖြစ်သူ ရုတ်တရက် ဆေးရုံရောက်နေသည်ကို သိရ၍ဆေးရုံကြီးရှေ့ကိုအဖြတ်မှာ မျဉ်းကျားတွင်
လူ ဆယ်ဦးခန့် စောင့်နေသည်ဟု ဆိုသည်။
ကိုယ်ကစိတ်ပူ၍အရေးကြီးနေသည့်တိုင် အဝဲ(ရ)နက်ကောင်းစွာရသွားပြီဖြစ်သော ကျော်ကျော်က
ကားရပ်ပေးလိုက်သည်။
လူအုပ်ထဲမှ အင်ကျီအဖြူ၊အတက်ချီကေ့စ်ကိုင်ထားသော ဦးဦးတယောက်ကကားရပ်ပေးသော
ကျော်ကျော်ကိုကျေးဇူးတင်ကြောင်း လက်ပြနှုတ်ဆက်သွားသည်။
(ဇာတ်၏အထွဋ်ကို ပို့ပေးရန် ပျိုးထား သော အလွန်အရေးပါသော ဇာတ်ကွက်အမှတ် -၄)1
အပိုင်းငါး
ဆေးရုံပေါ် ကျော်ကျော်ရောက်တော့ သက်သာနေပြီဖြစ်သော သူ့အဖိုးနှင့် ဘေးနားမှာခုနက သူကားရပ်ပေးစဉ်
လက်ပြသွားသော ဦးဦးဆရာဝန်ရောက်နေတာတွေ့လိုက်ရသည်။
Pneumothorax ဟုခေါ်သော ရုတ်တရက်အဆုတ်အမြှေးပါးလေးပေါက်ပြီး ယင်းနေရာသို့
လေဝင်ခါ ရင်ကြပ်နေသောအဖိုးသည် အချိန်မီခွဲစိတ်မှုမလုပ်နိုင်ပါက အသက်ဆုံးရှုံးရမည်ဟုဆိုသည်။
ဤသည်ကို ကားရပ်ပေးလိုက်သော ဦးဦးဆရာဝန်ကတာဝန်ယူခွဲစိတ်သည်ဟုဆိုသည်။
ကိုယ့်စေတနာကိုယ်အကျိုးပေးကာ ကျော်ကျော်ချစ်သောဘိုးဘိုးအသက်ကိုကယ်သည်ဟုလည်းဖြစ်ပြန်သည်။
ကားကိုတခဏရပ်ပေးလိုက်ရခြင်း သည် မည်သို့သော အကျိုးတရားကိုရရှိနိုင်သည်။
ရပ်ပေးမိသူအတွက် နစ်နာမှုတစုံတရာမရှိနိုင်သော (အများအားဖြင့်တော့ မရှိနိုင်ပါ)အနေအထားမျိုးတွင်
ကားကိုမျဉ်းကျားတွင်ရပ်ပေးသင့်သည် ဟူသော မက်ဆေ့ချ်ကိုလှပသော ဇာတ်လမ်းလေးတပုဒ်ဆင်၍ပေးသည်။
ဤမျှလောက်မသေး။
မက်ဆေ့ချ်က များစွာရှိသည်။
ကျော်ကျော် ကားမရပ်ပေးလျှင် (သို့) ကျော်ကျော်လို “အသိတရားမရှိသေးသူ”
တယောက်၏ကားဖြစ်နေလျှင်ဟူသောအတွေးကိုတွေးစေ၏။
ကျော်ကျော်ကိုအန်တီမေအေးဦးကမဆုံးမခဲ့လျှင်ဟူသောအတွေး။
ဆုံးမသော်လည်း ခေါင်းညိတ်ပြရုံ ကျော်ကျော် သာဖြစ်ခဲ့ရင်ကော ဆိုသောအတွေး။
တာဝန်ထက် ကိုယ်ရေးကိုယ်တာဦးစားပေးတတ်သောဦးဦးဆရာဝန်ဖြစ်ရင်ကောဟူသော အတွေး။
စသဖြင့် ဆက်ခါဆက်ခါ ချဲ့တွေးနိုင်သည်။
ကျော်ကျော် …………
အမှားကိုချက်ခြင်းပြင် အလွယ်တကူ အမှန်တွင် အသိတရားဝင် သူ(ခေါင်းမမာတတ်သူ)။
ကျနော်တို့ကော?
အန်တီမေအေးဦး…………
လက်တွေ့ပြောဆိုသွန်သင်တတ်သူ။ သူကိုယ်တိုင် အသိ ရှိသူ။
ကျနော်တို့ကော?
ဦးဦးဆရာဝန်…………..
ကားရပ်ပေးတာကတပိုင်း၊ ပင်ပန်းသည်၊နားချင်သည်၊ဘာဖြစ်သည်၊ညာဖြစ်သည်ဟု အလုပ်ရှောင်တတ်သူမဟုတ်၊
တာဝန်ယူတတ်သူ။ ကားရပ်ပေးသည်ကိုတောင် အသိအမှတ်ပြုတတ်သောစိတ်ရှိသူ။
ကျနော်တို့ကော?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာတပုဒ်၏ ရသအနေနှင့် ယနေ့လက်တွေ့ဘဝမှာ လမ်းမှား၊အသိမှား၊အယူအဆမှားနေသည်များ
ကို ထောက်ပြပြီးစိတ်ခံစားမှု (အနဲဆုံး”ဟုတ်ပါလား”လောက်တော့)ရသည်။ တစုံတရာစိတ်မှာခံစားမိသည်။
နောက်တော့ ငါကော အဲဒီလို လူမျိုးလား။
ငါ့ကိုလာ ဆုံးမရင်ကော နာခံတတ်ရဲ့လား။
တသက်လုံးစွဲနေတဲ့ အမှားအစွဲတွေ တမနက်မရှိတဲ့အချိန်လေးမှာ ပြင်နိုင်မှာတဲ့လား။
ငါ့ရဲ့ “အသိတရား” လယ်ဗယ် ဟာ ဘယ်နေရာမှာလဲ။ဘယ်အဆင့်လဲ။
အဲဒီဟာက ”အဝဲ(ရ)နက်စ်”။
နောက်ဆုံးကတော့ ကိုယ်ချင်းစာစိတ်၊လူ့ကျင့်ဝတ်၊တာဝန်ယူမှုပန်းတွေကိုစိုက်ပြပြီး၊
မေတ္တာစိတ် တွေနှင့် စာတပုဒ်လုံးကို ကာရံခြံခတ်လိုက်သည်။
အဲဒီ ခြံထဲမှာ ကားပေါ်ကလူနှင့်လမ်းပေါ်ကလူတို့၏အပြန်အလှန် နားလည်မှုကမွှေးရနံ့တို့ရှိကြောင်း
လေညှင်းဆောင်ပေးသောအနှီစာရေးသူကား ဒေါက်တာ ပဒုမ္မာ ဖြစ်ချေတော့သည် တကား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေနပ်နှစ်သိမ့်နိုင်ပါစေခင်ဗျား။
ခင်မင်လေးစားစွာ
16 comments
pooch
September 11, 2012 at 12:31 am
အကောင်းဘက်ကတွေးကြည့်ရင် ဒေါ်ဒေါ်ရေးထားတဲ့စာကြောင့် ကိုဗစ်ထရီ ရဲ့ စာကိုပြန်ဖတ်ဖို့ အခွင့်ကြုံလာတယ်။ ဆိုတော့ တလေးတစားနဲ့ ပြန်စာပေးတဲ့စာကို ကြားက ဖတ်ရတဲ့ ကျမကလည်း ဝင်ပြီး အမြတ်ထုတ်သွားပါတယ်။ 😀
ဒေါ်ဒေါ်က အမြဲတစေ လူကြီးလည်းဖြစ် မေတ္တာတရားလည်း ထားတတ်တဲ့သူဆိုတာ့ ရေးတဲ့စာတိုင်းဟာ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ဆုံးမလေ့ရှိပါတယ်။ မလိမ္မာသူကို စိတ်ကောင်းဝင်သွားအောင် ဆုံးမနိုင်စွမ်းရှိပါတယ်။
ဦးပါရဲ့ ပိုစ့်မှာ တခါက ကိုဗစ် ပြောဖူးတဲ့ survival, rich, self-esteem အကြောင်းလေး မှတ်မိသလောက်ပြန်ရေးကြည့်နေတာ ။
ခုလည်း Entertainment, Awareness, Universal Truth ဆိုတဲ့ မကြားရတာ ကြာပြီဖြစ်တဲ့ သဘောတရားလေး ပြန်နွေးမိတယ်။
padonmar
September 11, 2012 at 2:00 am
Victory ရေ
ကျေးဇူး x 1000000000000000000000000000000000000 ပါပဲ။
အဲဒီလိုလေးလှလှပပ ဖတ်ချင်တာ။
ကျမရေးတာထက် ပိုပြည့်စုံတဲ့အပြင် ပိုတောင်ကောင်းသွား ပါတယ်။
အရှုံးထဲက အမြတ်ပါ။
ဒါလေး ကို ကျမရဲ့ မျက်နှာစာအုပ် (credit to Ko Thit Min)မှာ ကူးတင်ခွင့်ပြုပါနော်။
အရီးခင်လတ်
September 11, 2012 at 3:21 am
You remind me of someone else who can present/discuss well like you do. 🙂
Moe Z
September 11, 2012 at 9:43 am
အရီးရေ .. သမီးလည်းအဲဒီလိုခံစားမိတယ် အရီးသိတဲ့လူနဲ့တူမတူတော့ မသိဘူး
ဘရာဗိုပါ ကိုဗစ်ထရီရေ 🙂
MaMa
September 11, 2012 at 7:52 am
မုန်တိုင်းပြီးရင် ကောင်းကင်ကြီးက ပိုပြီကြည်လင်လှပလာတယ်လို့ ဆိုကြသလိုပဲ….
ရွာထဲကို ပုံမှန်ဝင်နေ ဖတ်နေရတုန်းက မသိသာပေမယ့်…..
အခုလို ဝင်မရ ဖတ်မရရာကနေ ဝင်ရ ဖတ်ရတော့မှပဲ ပိုစ့်တွေကိုဖတ်ရတာ အရသာပိုကောင်းနေတော့တယ်။
Victory ရဲ့ မျဉ်းကျားဗားရှင်းအသစ်ကလည်း အရသာတမျိုးပိုကောင်းတာမို့…..
အားလုံးကောင်းတဲ့ မန်းဂေဇက် ပေ့ါ။
kyeemite
September 11, 2012 at 9:07 am
မျဉ်းကျားလေးမှာရပ်ပေးပါ၊သာတူညီမျှ နှစ်ဖက်ရ (X’ing
ဆိုတဲ့ အင်မတန်အရသာရှိသောစာမူရင်းကို ရေးသားသူ
မပဒုမ္မာကလည်းကောင်း…..
စာဖတ်ပြီးမန့်သူကလည်းကောင်း….မန့်ရုံနဲ့အားမရပဲ
စာရေးသူကို လက်ဆောင်အဖြစ်ပေးရင်း သုံးသပ်ပြသွားပုံလေးကတော့ဖြင့်
ကျနော်တို့လိုစာရေးဖို့ကြိုးစားနေသူတွေအတွက် မှတ်သားစရာကျန်ပါကြောင်း၊
လေးလေးစားစားကျေးဇူးတင်ပါကြောင်းခင်မျာ..
Kim Kumuddra
September 11, 2012 at 9:09 am
စာအရေးကောင်းသူ၂ယောက်ရဲ့ လက်ရာမို့
နှစ်နှစ်ချိုက်ချိုက် အားပေးသွားပါကြောင်း
Inz@ghi
September 11, 2012 at 9:12 am
ဦးဗစ်
စာများများရေးပါဗျာ ..
အလွန် လက်ရာကောင်းလွန်းလို့…
ဖတ်ချင်ရို့ ပါ…ဗျို့..
ပုံ
ဒဿဖွတ်ကျား
Swal Taw Ywet
September 11, 2012 at 9:27 am
Bravo Victory.
One BIG Thumb up for you.
ပျောက်နေတာကြာပြီဖြစ်တဲ့ ဆရာ သစ် ကိုတောင် သတိရမိသေး။
ဂဇက်မှာ တောကြောင်တွေ ထနေလို့ ဒီလိုလေးတွေ များများရေးပေးပါဗျို့။
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
Ma Ei
September 11, 2012 at 11:02 am
အရေးလှလှ ရေးတဲ့သူ အတွက်
လက်ဆောင်လှလှလေး ပေးထားတာမို့
ပီတိဖြစ်မိပါတယ်…
ပန်းစံပါယ်
September 11, 2012 at 11:25 am
စာတစ်ပုဒ် အကြောင်းအရာတစ်ခုအပေါ် ဆင်ခြင်/ ခြုံငုံသုံးသပ်ပုံ ကောက်နုတ် ပုံလေးတွေသင်ပြသွားသလိုပါပဲ။ အလွန်ကောင်းပြီး တန်ဖိုးရှိတဲ့ပိုစ်လေးပါ။
Shwe Ei
September 11, 2012 at 1:16 pm
ဦးဘလက်ကိုတောင်သတိရသွားဒယ်။ အပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။ တကယ်ကောင်းတဲ့ သုံးသပ်ချက်နဲ့အမြင်ပါ။
Victory
September 12, 2012 at 6:36 pm
ထိပ်ဆုံးမှဝင် သူ့ကိုမြင်ရ
ကော်မန့်အထူး မရွှေပူးချ်ရေ
self-esteem ကို self-worth, self-regard, self-respect, and self-integrity နဲ့ အလားတူပါလို့
ဆရာ ဂျက်ကော့ဗ်က ဆိုပါတယ်။
အဲဒီ စကားလုံးလေးတွေအပေါ်
ကျနော့အမြင်ကတော့ မြန်မာလို အတ္တနုဝါဒ ဘေးသင့်နေရင် ကိုယ်ကိုကိုယ်တန်ဖိုးထားခြင်း(ထားနိုင်ခြင်း)မရှိနိုင်ပါ။
အမှားလုပ်ရင်း မှားမှန်းသိသိနဲ့ ငါကတော့ ဒီလိုဘဲဟေ့ဆိုပြီး ဇွတ်လုပ်ပြီး တကယ်တမ်းမှာတော့ ကိုယ်ကိုယ့်ကို
မကြည် ညိုနိုင်တာ အတ္တနုဝါဒ ဘေးသင့် တာပါပဲ။ ကိုယ့်ကိုယ်ကိုအသိဆုံးမဟုတ်လား။
နောက်တခုကတော့ သူများကကိုယ့်တန်ဖိုးကျအောင် ပြောဆိုလုပ်ကိုင်မှူဆိုရင်တော့ ပရာနုဝါဒ ဘေးပေါ့။
ကျနော်ကတော့ ကိုယ့်တန်ဖိုး ကိုယ်ချနေသူသာ (အတ္တနုဝါဒ ဘေးသင့်)”အများစုလို့” တွေ့နေမိသလိုပါဘဲ။
ဟို အေဘီစီ နဲ့ စဉ်းစားရင် အေ=အက်တီကျူ့ ထွက်လာမဲ့နေရာက မကောင်းတဲ့နေရာကြီး။အင်း ကြေကွဲစရာပါ။
(လုပ်သူက ကိုယ်ကိုတိုင်ဆိုတော့လေ)
နောက်မှဆက်ကြတာပေါ့နော်။ ကျေးဇူးပါ။
———————–
အစ်မပဒုမ္မာရေ
ပွင့်ပွင့်လင်းလင်းဝန်ခံစရာရှိပါတယ်။
အကယ်လို့များ သူကြီးက အစ်မရဲ့ အဲဒီ မျဉ်းကျားပို့စ်ကို စောစောစီးစီးပြန်တင်ပေးခဲ့ရင် ကျနော် ဒီပို့စ်ကို
ရေးဖြစ်ချင်မှ ရေးဖြစ်မယ် ဆိုတာကို ရိုးရိုးသားသားဝန်ခံချင်တာပါဘဲ။
ပျောက်သွားလို့ အစ်မနှမြောမှာဘဲ စိုးရိမ်စိတ်ဖြစ် ပြီး ကျနော် မှတ်မိသလောက် မဲန်းမိုရီ-ရီကော ခေါ်ပြီး ရေးပေးလိုက်တာပါ။
(ကိုအံဇာရဲ့ စာရင်းမှာကြည့်ပါခင်ဗျာ။ကျနော်တင်လိုက်တာ ရက်စွဲမှာ ကျနော့ပို့စ်က တစ်ရက်စောပါတယ်။)
ဒါပေမဲ့ တကယ်တမ်း ရေးဖြစ်ပြီး တင်လိုက်လို့ ကျနော့ ပို့စ်မှာ အစ်မနှစ်တကွ မိတ်ဆွေတွေရဲ့ ကော်မန့်တွေ တွေ့
ရတော့ ကျနော် ကိုယ်ဟာကိုယ် ဘတ်တာဖလိုင်း မလုံ ဖြစ်မိပါရဲ့။
မှတ်မိသလောက်ကြိုးစားရေး တင်လိုက်တော့ လွဲတဲ့နေရာလွဲနေတာရှိရင်ခွင့်လွှတ်ပါလို့ လဲတောင်းပန်ပါတယ်။
အထက်မှာပြောခဲ့သလို ဒီပို့စ်ကိုရေးဖြစ်သည်ဖြစ်စေ၊မရေးဖြစ်သည်ဖြစ်စေ၊
အစ်မရဲ့ ပို့စ်ကောင်းလေးမှာ ကျနော်ရဲ့ ကော်မန့်ရှည်ပို့စ်တပုဒ်နဲ့ အရိပ်ခိုနောက်ဆက်တွဲ ဖြစ်ခဲ့ရလို့
ဝမ်းသာဂုဏ်ယူ မိပါကြောင်း။ လေးစားလျှက်။
——————————————————–
အစ်မခင်လတ်ရေ
ယူ ရီမိုဏ်း ယူအာစဲ့ဗ် ယူနိုး ဝှူးအစ်ဟီ လို့ထင်ပါသည်။ ((ဟုတ်လားတိဘူး –ရမ်းတုတ်တာ))
သင့်ခရူ့။
———————————————————
မမိုးဇက်
အရီးနဲ့တူမတူ၊ ဘယ်လူလဲဆိုတာတွေးမနေပါနဲ့တော့။
ဘရာဗိုဆိုတဲ့ …………….. ကညာပျိုရေ
ကျေးဇူးပါ။
———————————————————–
မမရေ
မုန်တိုင်းနဲ့လေပြေတဲ့လား ? လှပပါပေ့ဗျာ။
ဂေဇက်ရဲ့အေးရိပ်ဆိုတာ ပျောက်သွားလဲ ပြန်ပေါ်လာမှာဆိုတာ ယုံကြည်မိပါရဲ့။
ဆရာဆရာမတွေ ပီတိစားအားရှိ ဆိုတာ ဂေဇက်သူကြီးအိပ်နေသလောက်ရှိမှာပါ။
ဒီဆိုဒ်ကနေ အများရဲ့စိတ်ချမ်းသာမှု ကိုသူကလုပ်နေအုန်းမှာ။
ကျေးဇူးပါမမရေ။
————————————————————-
ကိုကြီးမိုက်က
စာရေးဘို့ကြိုးစားနေတယ်တဲ့လား။
မနောက်ပါနဲ့ အစ်ကိုရယ်။
ကိုကြီးမိုက်ဆိုတာစာရေးကောင်းသူတယောက်ပါ။
ကျေးဇူးပါနော်။
—————————————————————–
Kim Kumuddra ရေ
မူရင်း ကောင်းလို့ မိတ္တူကောင်းတာပါ။
အားပေးဖတ်ရှူ့ပေးတဲ့အတွက်ကျေးဇူးပါဗျ။
——————————————————————-
Inz@ghi ရေ
ဟုတ်ကဲ့ ။ အားတဲ့အခါ၊ ပွါးပါ့မယ်ဗျာ။
ကျေးဇူးပါ။
ဦးဗစ်
———————————————————————
ကိုစွယ်တော်ရွက်ရေ
လုပ်ငန်းအဆင်ပြေပါရဲ့လား။
ကြိုးစားရေးပါမယ်ဗျာ။
အားပေးမှုကိုကျေးဇူးတင်ပါတယ်လို့။
————————————————————————
မအိခင်ဗျား
ပီတိဖြစ်တယ်ဆိုလို့ ဝမ်းသာရပါတယ်။
သူ့မူရင်းက လှပြီးသားပါ၊ ကျနော်ကနှမ်းပါ။
လေးစားကျေးဇူးတင်ပါတယ်။
—————————————————————————-
မပန်းစံပယ်
သုံးသပ်တင်ပြ ဘဝင်ကျတယ် ဆိုရင်တော့ သူ့က ဇာတ်ကွက်နဲ့နဂိုကရေးထားကိုက
တော်တော်အံဝင်ဂွင်ကျတာဗျ။
ကျနော်လဲ ဖတ်တုန်းကထက် အဲဒီ ပို့စစ်ပျောက်သွားတယ်ဆိုမှ ပြန်စဉ်းစားရင် “မိ” သွားတာပါ။
ကျေးဇူးပါ။
——————————————————————————
မရွှေအိရေ
ကိုဘလက်ကတော့ ပိုလို့လက်စောင်းထက်ပါတယ်ဗျ။ ကျနော်ခံစားမိတာလေးကို ရေးလိုက်မိတာ
သဘောကျကြတယ်ဆိုတော့ ဝမ်းသာမိပါရဲ့ဗျာ။
ကျေးဇူးတင်ပါသည်။
——————————————————————————-
အရီးခင်လတ်
September 13, 2012 at 3:41 am
အဟား ….
သူဘဲ၊ သူဘဲ၊ သေချာပြီ။
ရေးးးးးးးးးးးးးးးးး။ 🙂
အတိုးနဲ့သာ ပြန်ဆပ်ပေတော့။
ဒါထက် ဘဝပြောင်းသွားတော့ ဒသန လေးတွေရော ပြောင်းသွားသလား စပ်စုချင်မိပါရဲ့။ 😉
တွေးမိတာလေးတွေကို မျှပါဦး။ 🙂
padonmar
November 1, 2016 at 10:11 pm
ဆက်ဆက်သင်ပေးတဲ့ ရှာဖွေရေးဘောက်ကနေ အဟောင်းပြန်ရှာရင်း ဒါလေးတွေ့တော့ အတော်လွမ်းမိပါတယ်။
Thint Aye Yeik
November 2, 2016 at 7:47 am
အခုလို ပြန်တက်လာမှ ဖတ်မိတယ် တီဒုံရေ
မဖတ်ရသေးတော့လည်း ဒါ ပိုစ့်အသစ်ပါပဲ။
ရွာသူားဟောင်းတွေရဲ့ ကွန်မန့်တွေ ပြန်ဖတ်ပြီးလည်း အရင် ရွာအဟောင်းလေးကို လွမ်းမိပါရဲ့။
အခုတော့ ရွာကလေးက တိတ်ဆိတ် ခြောက်ကပ် လူခြေကျဲပါးပြီး သီးသန့်ဆန်စွာ နေတတ်သွားတဲ့မြို့လိုပဲ