အကြီးစား…လှောင်ချိုင့်
“အမေရေ… သားသွားတော့မယ်……………”
နံနက် (8)နာရီတောင်ထိုးပြီ နေ့တိုင်းကြားနေကျအသံကို ဖွားအေးကြားနေရသည်။ ဘုရားရှိခိုးနေရာမှ သားဖြစ်သူကို ဖွားအေးလှမ်းကြည့်လိုက်မိသည်။ သား နှင့် သမီးအား ရုံးမသွားခင်နမ်းရှုံ့နေသော သား၏မျက်နှာသည် ရွှင်ပြနေသည်။ သားစိတ်ချမ်းသာနေတော့လည်း ဖွားအေးပျော်မိသည်။ သားသမီးစိတ်ချမ်းသာသည်ကို မြင်ရရျ် မပျော်သော မိဘ ဘယ်မှာရှိမည်နည်း။
“အမေရေ…. ကျွန်မ သားနဲ့သမီးကို ကျောင်းပို့ပြီ အလုပ်ကိစ္စလေးတစ်ခုရှိလို့ ညနေလောက်မှ အိမ်ပြန်ရောက်မယ်နော်….. ထမင်းဟင်းတွေ အကုန်အဆင်သင့် လုပ်ထားပေးတယ်…..”
“ဖွားဖွား တတာ့……………..”
ကျောင်းမသွားခင် နှုတ်ဆက်နေတဲ့ မြေးနှစ်ယောက်ကိုကြည့်ပြီး ဖွားအေးပျော်နေရသည်။ သားအချစ် … မြေးအနှစ်မဟုတ်လား သားကိုချစ်ခဲ့သမျှတွေကို မြေးလေးတွေရလာတော့လည်း ပိုနှစ်နှစ်ပြီး ချစ်ရတာပေါ့။ အိမ်ဝရန်တာကနေ ခိုတွေပျံသွားတာ ဖွားအေးတွေ့လိုက်ရသည်။ ခိုလေးတွေမြင်မှ ဖွားအေး အစာကျွေးရမည်ကို သတိရသည်။ ခိုတွေအစာကျွေးရင် အိမ်ဝရန်တာမှာစိုက်ထားတဲ့
အပင်လေးတွေရေလောင်းရဦးမယ်။ ဒါ.. ဖွားအေး နေ့တိုင်းလုပ်နေကျအလုပ်တွေလေ….။ သည်ကန်ထရိုက်တိုက်ခန်းလေးမှာ ဖွားအေးနေခဲ့တာ (3)နှစ်တောင်ပြည့်တော့မယ်။ သားဖြစ်သူရဲ့ အလုပ်နဲ့နီးတဲ့နေရာကို ရွေးရတဲ့အတွက် သားစိတ်ချမ်းသာဖို့ ဖွားအေးပိုင်တဲ့ ခြံကိုရောင်းပြီး (5)လွှာဆိုတဲ့ ကန်ထရိုက်တိုက်ခန်းကို ဖွားအေးပြောင်းခဲ့တာပေါ့။
“အမေကြီး…. ပဲပြုတ်ယူဦးမလား….”
ဖွားအေးစားနေကျ ပဲပြုတ်သည်မလေးက ဖွားအေးရှိတဲ့ ငါးလွှာပေါ်ကို မော်ကြည့်ရင်း အော်မေးနေသည်။
“တစ်ဆယ်သားလောက်ပဲပေးပါ… ကလေးမရယ်…”
ပဲပြုတ်သည်မလေးက ပဲပြုတ်တစ်ဆယ်သားထုပ်ကို ကြိုးနဲ့ချည်ပေးလိုက်သည်…။ (5)လွှာဆိုတဲ့ အမြင့်ကို ဖွားအေးအတက်အဆင်းတော့လိုက်နိုင်ပါသေးသည်။ အသက်ကြီးလာတော့လည်း… တစ်ခုခုဖြစ်မှာစိုးသဖြင့် ဖွားအေးသိပ်ပြီး အောက်မဆင်းဖြစ်ချေ။ သားဖြစ်သူက အိမ်မှာ ရုပ်သံလိုင်းတတ်ထားပေးပေမယ့် ဖွားအေးလည်း သိပ်မကြည့်ဖြစ်ချေ။ ဘုရားစင်ရှေ့တွင် ပုတီးစိပ်ပြီး မြေးလေးတွေပြန်အလာကိုပဲ မျှော်နေမိသည်က ဖွားအေးရဲ့ နေ့တိုင်းအလုပ်ပင်ဖြစ်နေတော့သည်။
**********************************************
ခြံထဲရှိအပင်များကို ဖွားအေးကြည့်နေရင်း……. ခြံထဲတွင်လမ်းလျှောက်နေမိသည်။ ဖွားအေး၏ အမျိုးသားထားခဲ့သော ခြံကြီးကို ဖွားအေးအလွန်ပင်သံယောဇဉ်တွယ်မိသည်။ ခြံကြီးကို ရောင်းရမည်ဆိုတော့လည်း ဖွားအေးရင်ထဲမကောင်းပေ။
“အမေရယ်… ဟိုမှာ မြို့ထဲနဲ့လည်းနီးတယ်လေ သားအလုပ်ကို အသွားအလာလည်းအဆင်ပြေ အမေ့မြေးတွေလည်း သွားရလာရ လွယ်ကူတာပေါ့… အမေမပြောကောင်း မဆိုကောင်း.. ကျန်းမာရေးတစ်ခုခုဖြစ်ရင်လည်း…. ဆေးရုံ ၊ ဆေးခန်းနီးတာပေါ့.. အမေရဲ့..”
သားဖြစ်သူရဲ့စကားကြောင့် ဖွားအေးခြံကိုရောင်းပြီး ရန်ကုန်မြို့ရှိ မြို့လယ်နှင့်နီးသော နေရာတစ်ခုတွင် ကန်ထရိုက်တိုက်ခန်းတွင်နေဖိုက သဘောတူလိုက်သည်။ ခြံနှင့် ဝန်းနှင့် နေလာသော ဖွားအေးအဖို့ ရောက်ခါစ ဘယ်လိုမှ နေသားတကျမရှိပေ။ (5)လွှာဆိုသည့် အထပ်ကိုရောက်ဖိုက တက်ရသည့်လှေကားများသည် အသက်ကြီးသူဖို့ မပြောနှင့် အသက်ငယ်သူပင် ခဏခဏ အတက်အဆင်းမလုပ်နိုင်ချေ။ ဖွားအေးအဖို့ တစ်ပတ်တွင် တစ်ခါလောက်တောင် အတက်အဆင်းမလုပ်ပေ။ ဖွားအေးခြေထောက်သည်လည်း မြေကြီးမထိရသည်မှာ အတော်ကြာလှပြီ။ အရင်တုန်းက ခြံထဲတွင် တစ်နေ့တစ်ခါ လမ်းလျှောက်နေကျပင်။ ခုဆိုရင် အပြင်လောကနှင့် မထိတွေ့ရသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။ တိုက်ခန်းထဲရှိ ပြတင်းပေါက်များဖွင့်ဖို့ပင် ဖွားအေးတွင် အခွင့်မသာချေ…။ တိုက်ခန်းများသည် တစ်တိုက်နှင့်တစ်တိုက် နီးကပ်နေသောကြောင့်ဖြစ်သည်။
ဝရန်တာတွင် ရပ်နေရင်း ဖွားအေးစဉ်းစားမိသည်။ အခုခေတ် တိုက်ခန်းတွင်နေသောကလေးများသည်… ဖွားအေးတို့ ငယ်ငယ်တုန်းကလို ထုပ်စည်းတိုးတမ်းကစားနည်း ၊ ခိုတွန်းကစားနည်း တို့ကိုတောင် ကစားခွင့်ရပါမည်လား။ ဖွားအေးတို့ငယ်ငယ်တုန်းကဆိုလျှင် လသာလျှင် လမ်းပေါ်ထွက်ရျ် ကစားရသည်ကို ပြန်စဉ်းစားလျှင် ဖွားအေး ကြည်နူးမိသည်။ ဘယ်အရာနှင့်မှ လဲလို့မရနိုင်သော အရာများတွင် ငယ်စဉ်တုန်းက ဘဝတွေလည်း ပါမည်ဟု ဖွားအေးထင်မိသည်…။ ယခုခေတ်ကလေးများသည် ထိုဘဝများကိုတောင် ရပါမည်လား….။ မြေးလေးနှစ်ယောက်ပြန်လာမှ ဖွားအေးငယ်ငယ်တုန်းက ကစားတာတွေ ပြန်ပြောပြမည်ဟု စဉ်းစားလိုက်တော့သည်။
******************************************
“ဖွားဖွားရေ………. သားတို့ပြန်လာပြီ…”
မြေးလေးနှစ်ယောက်တောင် ကျောင်းကပြန်လာပြီ။
“ဟူး………. ပင်ပန်းပါတယ်ဆိုမှ (5)လွှာကိုတက်လိုက်ရတာ…”
ချွေးမဖြစ်သူက အပေါ်ရောက်ရောက်ချင်း ညည်းရှာသည်..။ ဖွားအေးတစ်ခွန်းမှ ပြန်မပြောချင်တော့ပေ။
“အမေ… သားပြန်ရောက်ပြီ… အမေ့အတွက် နွားနို့ဝယ်လာတယ်…”
သားတောင်ပြန်ရောက်ပြီ….။ သားကတော့ သူ့သားသမီးများနှင့် စကားပြောကာ ပျော်နေရှာသည်…။ ကလေးနှစ်ယောက်မှာ သူတို့ကျောင်းမှ အကြောင်းများကို သူ့အဖေနှင့်အမေအား ပြောကာ မမောပန်းနိုင်အောင်ဖြစ်နေသည်။ ဖွားအေးလည်း အိပ်ယာဝင်တော့မည် အသက်ကြီးပြီဆိုတော့လည်း အိပ်ရေးမှန်မှသာ ကျန်းမာမည်ဖြစ်သည်။
********************************************
“အမေရေ…. သားသွားတော့မယ်….”
“ဖွားဖွားရေ………….တတာ………….”
“အမေကြီး ပဲပြုတ်ယူဦးမလား………..”
လျှပ်စစ်မီးမလာလျှင် မှောင်နေသော တိုက်ခန်းထဲတွင် ဖွားအေးရှိနေသည်……။ ဝရန်တာရှေ့တွင် ခိုးများပျံသန်းသွားပြီး ဓာတ်တိုင်များရှိ ဓာတ်ကြိုးများတွင် နားနေကြသည်…..။ ဝရန်တာမှ ဖွားအေး အပြင်ကိုမျှော်ကြည့်မိသည်………။ (7)လွှာဟုခေါ်သော ကန်ထရိုက်တိုက်များအစီအရီပင်…။ လေကောင်းလေသန့်ရဖို့ ဖွားအေးအတွက် ဝရန်တာတစ်ခုသာရှိသည်။ တစ်ရက်တော့ သားကိုဖွင့်ပြောရဦးမည်…. ဈေးချိုသော ခြံလေးတစ်ခြံပြန်ဝယ်ရန်ဖြစ်သည်။ ဖွားအေး…. ငယ်ငယ်ကတည်းက ငှက်များနှင့် တခြားအကောင်များအား လှောင်ချိုင့်ထဲ မထည့်ဖူးချေ………။ ခုဖွားအေးဘဝသည် လှောင်ချိုင့်ထဲရောက်နေသလို ခံစားရသသည်။ တစ်မျိုးပြောရမည်ဆိုလျှင် အကြီးစားလှောင်ချိုင့်နှင့်ပင် တူလှသည်။
ဖွာအေးစဉ်းစားမိသည်……. ကန်ထရိုက်တိုက်တွေကြားမှာ ဖွားအေးလိုမျိုး ဘဝတူတွေ ဘယ်နှယောက်ရှိမလဲ။ မသေခင် ခြံနှင့် ဝန်းနှင့်တော့ အေးအေးချမ်းချမ်းနေသွားချင်သေးသည်။ ခြေထောက်တွေအေးလာမှ ဖွားအေးသတိထားမိသည်။ အထဲပြန်ဝင်ရဦးမည်………. အကြီးစားလှောင်ချိုင့်ထဲကိုပေါ့………. ။ ပုတီးစိပ်ရင်း တမလွန်ကို အရင်သွားနှင့်သော ခင်ပွန်းကို သတိရလိုက်မိသေးသည်……..။ ဝဲတက်လာသော မျက်ဝန်းမှ မျက်ရည်ကိုထိန်းရင်း……… တရားနှင့်သာ ဖွားအေးဖြေမိသည်။
နောက်တစ်နေ့နံနက်တွင်လည်း………. ကြားနေကျအသံတွေသာ ဖွားအေးကြားနေရဦးမည်ဖြစ်သည်….။ ဖွားအေးနေတဲ့ အကြီးစားလှောင့်ချိုင့်ထဲကနေပေါ့……………………………..။
ရင်နှင့်ရင်း၍
အောင်မိုးသူ
7 comments
weiwei
September 11, 2012 at 3:06 pm
ဖွားအေးလိုလူကြီးတွေ အများကြီး ရှိပါတယ်။ ပျော်ရာမှာ မနေရ တော်ရမှာ နေနေရတဲ့ ဘဝတွေပေါ့ ….
kyeemite
September 11, 2012 at 4:14 pm
အင်း..ကျုပ်လည်း..နေ့စဉ်စိတ်ကူးယဉ်နေမိတာကတော့
အသက်ကြီးပိုင်းဘဝကို ခြံလေးဝန်းလေးနဲ့နေပြီးဖြတ်သန်းဖို့ပါပဲ….
ဖြစ်နိုင်ရင်ပေါ့…
Shwe Ei
September 11, 2012 at 4:44 pm
အကြီးစားလှောင်ချိုင့်တဲ့၊ ကောင်းလိုက်တဲ့ အိုက်ဒီယာ။ ရန်ကုန်ရောက်စကထဲက ၆နှစ်လုံးလုံး အဲလိုခံစားနေရတာ ပို့စ်ဖတ်လိုက်မှ ကွက်တိကျနေတော့တယ်။ တခါတလေ ကိုယ့်ကိုယ်ကို ဝဋ်လည်သလားတွေးမိတယ်။ လူ့အလိုနတ်မလိုက်နိုင်တာလားဘဲတော့မသိ နယ်မှာနေတုန်းကလဲ ရန်ကုန်မှာသွားနေပီး ပိုက်ဆံရှာရရင် ကောင်းလှဘီထင်တာ။ ပိုက်ဆံတော့ရပါရဲ့ စိတ်ချမ်းသာမှုတွေလဲ တဝက်ခွဲပေးလိုက်ရတယ်။ အခုတော့ နယ်ပြန်ရင်ကောင်းမလားတွေးနေပြန်ဘီ။
ခက်ပါဒလယ် လူဒွေများ 😀
pooch
September 11, 2012 at 5:09 pm
ကျမတော့ အကြီးစားလှောင်ချိုင့်ထဲမှာဆို သက်ဆိုးရှည်မယ် မထင်ဘူး။ မဖြစ်မနေ နေရမယ်ဆိုရင်တော့ ကြိုးစားပြီး နေရမှာပေါ့လေ။
ကြည်ဆောင်း
September 12, 2012 at 4:48 pm
ဖွားအေးတို့လို သားမြေး မရှိသူများကတော့ အထီးကျန်လှောင်ချိုင့်ဘဲပေါ့နော်….
aung moethu
September 12, 2012 at 5:54 pm
သားမြေးရှိပါတယ် ကိုကြည်ဆောင်းရ ဝတ္တုကို ပြန်ဖတ်ကြည့်ဦး း)
ကြည်ဆောင်း
September 14, 2012 at 9:10 am
ဝတ္တုကိုသေချာဖတ်ပြီးလို့ဖွားအေးမှာ သားရော ချွေးမရော မြေး(2)ယောက်ရှိတာကိုသိပါတယ်..
မန့်တာကမရှင်းမရှင်းဖြစ်သွားလို့ပါ..
ဖွားအေးလို သားမြေးမရှိဘဲ တစ်ယောက်ထဲဖြစ်နေတဲ့ တစ်ခြားလူကြီးများကိုဆိုလိုတာပါ..
မနေ့ထဲက ဝင်လို့မရလို့အခုမှဘဲပြန်ရှင်းပြရတော့တယ် ..