နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်
အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။
ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် ဩဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး
“ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ”
“ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ”
“အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ”
“ဟေ”
“ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁ဝယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော”
သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် ပစ်သံခတ်သံများကိုကြားနေရသည်။ သို့သော် သူတို့အနီးအနားသို့ရောက်လာလိမ့်မည်ဟု ထင်မထားချေ။ နေ့စဉ်လိုလိုကြားနေရသော ပစ်သံခတ်သံများကို နားစွင့်ရင်း ဖားကန့်ကနေ ပြန်သင့်မပြန်သင့် သူအတော်လေး စဉ်းစားယူနေရသည်။ သူ့သူငယ်ချင်းများလည်း ထိုနည်း လည်းကောင်းပင်။ ပြောရလျှင် ယခုနှစ် အစပိုင်းကပင် ဖားကန့်ကျောက်စိမ်း မှော်သည် အခြေအနေမကောင်းဖြစ်နေခဲ့သည်။ မှတ်မှတ်ရရ ဇန်နဝါရီလလယ်လောက်တွင် အလုပ်တွေ ရပ်နားလိုက်ရသေးသည်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှပင် အလုပ်တွေပြန်စနိုင်သည်။ ကျောက်စိမ်းမှော်၏ ရာသီသိမ်းချိန် မေလသည် ယခုနှစ်တွင် အနည်းငယ်ရှုပ်ထွေး၏။ မေလ ၂ဝရက်တွင် ကုမ္ပဏီတွေ အလုပ်သိမ်းသည်။ ဝန်ထမ်းတွေ ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြေးပြန်ကြသည်။ သူတို့ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သည်မှာ ၃၈ဦးတည်း။ အမှန်တကယ်တွင် သူလည်း ပြန်ချင်နေသည်။ တွေးပူစရာ ကိစ္စလေးတွေရှိနေ၍သာ မပြန်ဖြစ်။ သူငယ်ချင်းများကလည်း သူနှင့် ဘဝတူဖြစ်နေကြသည်။ မေလ ၂၉ရက်တွင် သူတို့ကုမ္ပဏီနှင့် အနီးဖားပြင် ဆုတောင်းကုန်းတွင် တိုက်ပွဲငယ်လေးဖြစ်ပွားသည်။ သေနတ်သံများကို အတိုင်းသားကြားနေရသည်။ ထို့နေ့က လမ်းသွားလမ်းလာ လူတစ်ဦး သေနတ်မှန်၍ သေဆုံးသွားသည်။ ထို့နောက်တော့ တိုက်ပွဲသံမကြားရတော့။
ထို့ကြောင့် ယခုတစ်ကြိမ်လည်း ဖြစ်လိုက် ရပ်လိုက်ဖြစ်မှာပါလေဟု ပေါ့ပေါ့လေး တွေးထားမိသည်။ သူ သွေးပူစွာဖြင့် ပစ္စည်းများကို ထုပ်ပိုးရသည်။ သူငယ်ချင်းများကလည်း ပြေးလာပြီး ထုပ်ပိုးကူကြသည်။ သူက ကုမ္ပဏီတွင် ခြောက်နှစ်နီးပါးခန့်နေခဲ့သည်ဖြစ်ရာ သူ့အခန်းတွင် ပစ္စည်း ပစ္စယတွေပြည့်နေသည်။ ကွန်ပျူတာ ၊နှင့် စာအုပ်တွေက သူ ဦးစားပေး သယ်ရမည့် ပစ္စည်းတွေ ဖြစ်သည်။ သူတို့ သူငယ်ချင်းတစ်သိုက်၏ ပစ္စည်းများကို စတိုရှေ့တွင် ချထားလိုက်သည်။ ပြေးရလွှားရလွယ်စေရန် ပွိုင့်ဖိနပ်ကို စီးထားလိုက်သည်။ ဘေးလွယ်အိတ်တွင် အရေးကြီး ပစ္စည်းနှင့် ငွေအနည်းငယ်ကိုထည့်ထားပြီး လွယ်ထားသည်။ မိုးက ရုတ်တရက် အုပ်လာသဖြင့် ထီးတစ်ချောင်းကို ကောက်ကိုင်ထားလိုက်သည်။
“ကိုမင်း ကားလာကြိုမှာလား”
စတိုမှူးကို သူ မေးလိုက်ခြင်းဖြစ်သည်။
“အေးလာမှာ ဒါပေမယ့် နှစ်စီးတည်း လူနှစ်ဆယ်ရှစ်ယောက်နဲ့ ပစ္စည်းတွေကို နိုင်မှာမဟုတ်ဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်မလဲ ကျွန်တော်တို့ သုံးယောက်ပေါင်းကတင် တစ်စီးစာရှိနေပြီ”
“အေး အိမ်ထောင်သယ်တွေ စားဖိုမတွေလည်းရှိသေးတယ်။ နောက်နေ့ ကားလာလို့ရသေးတာပဲ မင်းတို့ ပစ္စည်းတွေထားခဲ့လိုက်လေ။ အစ်ကို နောက်နေ့ကျရင် တင်ပေးလိုက်မယ်။ ခုတော့ လူချည်းပဲ ရွာထဲကို ဆင်းတော့။”
“ဗျာ”
“ဟုတ်တယ် ညနေသုံးနာရီနောက်ဆုံး ဆင်းပေးရမယ်တဲ့ ကဲကဲ သူများတွေဆင်းကုန်ပြီး မင်းတို့လည်း ဆင်းတော့”
ကိုမင်း၏ စကားသံ အဆုံးတွင် သူ ဘာမှ မပြောနိုင်တော့။ သူတို့ ဝန်ထမ်းတွေ ရွာထဲ့သို့ ဆင်းရန် ထွက်လာလိုက်ရတော့သည်။ ညနေ သုံးနာရီ နောက်ဆုံး။ နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးရန် မိနစ်သုံးဆယ်။
လမ်းတစ်လျှောက်တွင် ဆိုင်ကယ်တွေ ဥဒဟိုပြေးလွှားနေသည်။ အထုပ်အပိုးတွေနှင့် စစ်ပြေး ဒုက္ခသည်တွေ။ လူများ၏ မျက်နှာကိုယ်စီတွင် အပြုံးတို့ပျောက်ကွယ်နေသည်။ သူတို့၏ မျက်နှာတွင်လည်း ပူပန်မှုသောကတွေနှင့်။ သူတို့ မမုံရွာသို့အရောက်တွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရသည်။ ချက်ချင်းပင် အသံကြားရာ တောင်ကျောဘက်ဆီတွင် မီးခိုးလုံးကြီများ ကောင်းကင်ပြင်တွင် အူထလာသည်။ မမုံရွာတစ်ရွာလုံး လမ်းတွေမှာ ထွက်ကြည့်နေကြသည်။ ပစ်သံ ခတ်သံတွေ ကြားရပြန်သည်။ သူတို့ကိုလာကြိုသော ကားငယ်များ ရောက်လာသည်။ ကုမ္ပဏီသို့သွားကာ ပစ္စည်းများနှင့် လူအနည်းငယ်ကိုတင်ပြီး ပြန်ဆင်းလာကြသည်။ ကားမဆန့်သဖြင့် သူနှင့် သူငယ်ချင်းဖြစ်သူ နေနေ ကျန်ရစ်ခဲ့သည်။ ပြန်လာကြိုမည်ဟု ကြီးကြပ်ရေးမှူးကပြောသွားသည်။ သူ့ရင်သည် နှိမ့်ချည် မြင့်ချီနှင့် တုန်ရီလျှက်ရှိသည်။
သူတို့ရွာထဲတွင် တစ်နာရီလောက်စောင့်လိုက်ရသည်။ ကုမ္ပဏီက ကားကိုမြင်လိုက်ရမှသာ အသက်ရှူချောင်တော့သည်။ သက်ပြင်းတွေလည်း အခါခါ ချလျှက်သားဖြစ်သွားရသည်။ မမုံရွာမှ သူတို့ကားထွက်လာသည်။ ထိုကားပေါ်တွင် သူအပါအဝင် နေနေ၊ ဇော်သန့်နှင့် ကားဒရိုင်ဘာ နိုင်နိုင်။ လူလေးဦးသာ။ ကားတံခါးကိုအလုံပိတ်လျှက် မမုံရွာအထွက် ဖားပြင်ရွာထဲသို့ရောက်လာခဲ့သည်။ ဖားပြင်ရွာလည်လမ်းတွင် သူတို့ကားကလေး တရိပ်ရိပ်ပြေးနေသည်။ ရုတ်တရပ်ချည်းဆိုသလို သူ့နားများ အူထွက်သွားသည်။ ရွာလည်လမ်းကိုကြည့်လိုက်မိတော့ လူတွေ ပြေးလွှားနေကြသည်။
သူဘာလုပ်ရမလဲ။
“ဘာဖြစ်တာလဲ”
“လူတွေတော့ပြေးနေတယ်။ ကားမောင်းပြေးရမလား ရပ်ရမလား”
နိုင်နိုင်က မေးလာသည်။ မောင်းပြေးလျှင် လွတ်မလား။
“မောင်းမောင်း ..ဟာ ရပ်ရပ် ရပ်တော့ နိုင်နိုင်”
သူတို့ကားရပ်ကာ တံခါးများဆွဲဖွင့်လျှက် ကားပေါ်မှ ဆင်းလိုက်ကြသည်။ ထိုစဉ်
“ဒိုင်း ဒိုင်း ဒိုင်း..”
“ဒက် …ဒက်…ဒက်..ဒက်”
သေနတ်သံတွေ သူတို့ ဦးခေါင်းထက်ဆီမှာ ကြားလိုက်ရသည်။ သူတို့လေးယောက်လုံး ကြောင်အလျှက် မြင်တွေ့ရသော အိမ်တစ်လုံးထဲသို့ပြေးဝင်ကာ မြေပြင်တွင် ဝပ်ကာ ထိုင်ချလိုက်သည်။ ဘယ်က ပစ်နေတာလဲ..။ ဘယ်သူတွေလဲ…။
ဆက်ပါမည်.။
တောင်းပန်ချက်.။ …..။ လအတန်ကြာ စာမတင်ဖြစ်သည့်အတွက် ကျွန်တော်အားခွင့်လွှတ်ပေးစေချင်ပါသည်။ ဖားကန့်မြို့ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်နေရပြီး အခြေအနေမပေးသောကြောင့် ပို့စ်တွေ မတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော် ပြေးရ လွှားခဲ့ရသည်များကို ရေးသားကာ အခန်းဆက်တင်သွားပါမည်။ တစ်ဆက်တည်းမရေးနိုင်သည်ကိုတော့ ခွင့်လွတ်စေချင်ပါသည်။ အမှန်ပြောရလျှင် ကျွန်တော်သည်ပင် စစ်ပြေးဒုက္ခသည်တစ်ယောက်ဖြစ်နေရပြီဖြစ်ပါသည်။ မိမိနေရပ်သို့ပြန်ရင်း ရောက်ရာမြို့များတွင် ပို့စ်များ တင်သွားမည်ဖြစ်ပါသည်။ ဂေဇက် သူငယ်ချင်းများ ကျွန်တော်ကို မေ့သွားခဲ့လျှင် ယခုပို့စ်အားဖတ်ပြီး ပြန်လည်၍ သော်ဇင်(လွိုင်ကော်)ကို အမှတ်ရပေးစေလိုပါသည်။
သော်ဇင်(လွိုင်ကော်)
15..Sept 2012
12:55PM
17 comments
linnlinnn
September 15, 2012 at 10:57 am
သော်ဇင်ရေ.. ဘေးအန္တာရယ်ကင်းရှင်းစွာနဲ့နေရပ်သို့ အမြန်ပြန်ရောက်ပါစေရှင်…
ကထူးဆန်း
September 15, 2012 at 11:27 am
ပြေးခဲ့ရတာတော့ စိတ်မကောင်းပေမဲ့ ကိုသော်ဇင့် လက်ရာကောင်းလေးတွေပြန်ဖတ်ရလို့ ဝမ်းသာပါတယ်။
ဖြစ်ရပ်မှန် ဆိုတော့ ပိုလိုစိတ်ဝင်စား အားပေး နေပါတယ်။
kai
September 15, 2012 at 11:45 am
အန္တရာယ်တွေကြားထဲများ.. ရောက်နေသလားတောင်ထင်မိတာ…
အိမ်ပြန်ရပြီဆိုတော့.. လွတ်ကင်းသွားပြီပေါ့…
နောက်ပြန်သွားလုပ်ရဦးမှာပါ..
စစ်ဆိုတာ.. တသက်လုံးတော့.. ဆက်မဖြစ်လောက်တော့ပါဘူး..။ 🙂
အတွေ့အကြုံစာလေးတွေစောင့်ဖတ်နေပါ့မယ်..။
မဟာရာဇာ အံစာတုံး
September 15, 2012 at 12:16 pm
ရင်တုန်စရာဂျီးဘာလား …
တကယ်လို့ ခင်ဗျားက ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်မယ်ဆိုရင်
အဲ့ဒီလို အချိန်မျိုးမှာ ရထားတဲ့ ဘုရားစာကို
တတွက်တွက် ရွတ်ဆိုနေမလားလို့ တွေးမိပါရဲ့ … 😀
ခင်ဗျား နေရာမှာ ကျနော်သာဆိုရင် ဆိုတဲ့ သဘောနဲ့ ပြောတာပါနော့ …
Good™
September 15, 2012 at 1:10 pm
တကယ့် ဖြစ်ရပ်မှန်ပါလား။
ခု လွိုင်ကော် ကနေ ရေး နေတာပေါ့။
pooch
September 15, 2012 at 3:15 pm
စစ်ဆိုတာကြီးက ဘယ်သူ့အတွက်မှ မကောင်းပေမဲ့ ဒီနေ့ထိ ကမာ္ဘမှာ မရပ်တန့်နိုင်သေးတဲ့ ကပ်ဆိုးတခုပါ။
ဟိုနေ့က ဆရာတော် ဦးဉာဏိဿရရဲ့ တရားစကားနဲ့ ပြောရရင် စစ်ဖြစ်တာ ကမာ္ဘက မဟုတ်ဘူး။ လူတွေရဲ့ စိတ်က စစ်ဖြစ်နေတာလို့ ပြောတယ်။
စိတ်တွေ ငြိမ်းချမ်းသွားတဲ့ တနေ့ ကမာ္ဘသူားတွေအားလုုံး ငြိမ်းချမ်းနိုင်မဲ့နေ့ပေါ့။
kotun winlatt
September 15, 2012 at 3:22 pm
အော်…မှော်ပြန်တစ်ဦးရဲ့ မှတ်တမ်းလေးကို ဖတ်ရဦးမှာပေါ့နော်…..
စောင့်မျှော်လျှက်ပါဗျာ…..
Fall Guy
September 15, 2012 at 4:49 pm
ကိုယ်တွေ. ဖြစ်ရပ်မှန်မို့ စိတ်ဝင်စားပါတယ်။ နို့မို့ KIA နဲ့ အစိုးရတပ် အပြစ်ဖို့ ဝါဒဖြန့် ဘဲတွေ.နေလို့
Crystalline
September 15, 2012 at 6:56 pm
ကိုသော်ဇင် အတွေ့အကြုံပြန်ဝေငှနိုင်တဲ့အချိန်ရောက်ပြီးဆိုတော့ အတော်အသင့်လုံခြုံတဲ့နေရာရောက် နေပြီးလို့ထင်ပါတယ်. သူတို့တွေရဲ့ခံယူချက်တွေ ရည်ရွယ်ချက် တွေကိုတော့တကယ့်ကိုစဉ်းစားမရတာပါ. လက်ရှိထိခိုက်ခံစားနေတာက ပြေးစရာမြေမရှိတဲ့ သူတွေ အပြစ်မဲ့ပြည်သူတွေပဲ.
Thu Wai
September 16, 2012 at 7:02 pm
ဟ ကျွတ်ဆင်ကြီးပါလား ရွှေဝါရောင်တော်လှန်ရေးတုန်းက ရာဘာကျည်နဲ့ ပစ်တာတောင် မနည်းရှောင်နေရတာ
Shwe Ei
September 17, 2012 at 12:08 pm
ပို့စ်ပြန်တင်နိုင်ဘီမို့ ဝမ်းသာပါဒယ်။ အဲဒိဘက်က အဖြစ်အပျက်တွေကို သတင်းမှာသိပ်မတွေ့ရလို့ သိချင်နေတာနဲ့အတော်ပါဘဲ။ စောင့်ဖတ်နေပါတယ်ဗျာ။
Novy
September 17, 2012 at 12:48 pm
သော်ဇင်ရေ. ကိုယ်ချင်းစာတာကွယ်
မနိုကိုယ်တိုင် ငယ်ဘဝကို တိုက်ပွဲတွေကြားက
ဖါးကန့်ရွာလေးမှာ (အခုတော့ မြို့ပေါ့ ) ကြီးပြင်လာရသူမို့ပါ
Mon Kit
September 17, 2012 at 1:46 pm
ကိုယ်တွေ့ဖြစ်ရပ်မို့ ဆက်လက်စောင့်မျှော် အားပေးနေပါ့မယ်…
စိတ်ချမ်းသာ ကိုယ်ကျမ်းမာပြီး ဘေးဘယာများ ဝေးကွာနိုင်ပါစေ….
manawphyulay
September 17, 2012 at 1:50 pm
အား… ပစ်နေပြီ.. ဝပ် ဝပ်… နီးရာဆင်းဝပ်နေလေ… ဒိုင်း… အား…. (တော်သေးတယ် ဘေးကအပင်ကို ထိသွားလို့) 😛 စာမဖတ်ရတာ အတော်ကြာလှပြီ… ခုမှပဲ ပြန်ဖတ်ရတော့တယ်။
MaMa
September 17, 2012 at 4:14 pm
ဖတ်ရင်းနဲ့ မျက်စိထဲမှာ ပစ်ခက်ပြေးလွှားနေကြတဲ့ မြင်ကွင်းနဲ့ အသက်လုပြီး ပြေးခဲ့ရတဲ့ ရုပ်ပုံတွေကို မြင်ယောင်လာတယ်။
မသေလို့ တွေ့ရ မေ့နိုင်ပါအုံးလား လေဘာတီရယ် သီချင်းဆိုရမလို ဖြစ်နေပြီ။
သော်ဇင် (လွိုင်ကော်) ဆိုတာ ရွာထဲမှာ နေရာတစ်နေရာယူပြီးသားမို့ ဂေဇက်ရွာသူားတွေအချင်းချင်း ဘယ်မေ့နိုင်ပါ့မလဲ။
ခုမှဖတ်မိလို့ ကွန်မန့်နောက်ကျသွားတယ်။
ဘေးကင်းခဲ့လို့ ဝမ်းသာပါတယ်။ 🙂
nature
September 18, 2012 at 9:53 pm
မသေကောင်းမပျောက်ကောင်းကိုသော်ဇင်ရယ်။ ဒါထက်စကားမစပ် ကျောက်စိမ်းလေးဘာလေးများမအောင်ခဲ့ဘူးလား။ 🙂
အရီးခင်လတ်
October 9, 2012 at 7:20 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
စစ်ဖြစ်ပြီ့ဆိုရင် စစ်ဒါဏ်ကြောင့် စစ်ဖြစ်ပွားရာ ပါတ်ဝန်းကျင် က လူတွေရဲ့ သောက ရောက်ခဲ့ရတာတွေ ကို ဖော်ညွှန်းထားတဲ့ စာကောင်း တစ်ပုဒ်ပါ ။
~~~~~~~~~~~~~~
စစ်ဘေးစစ်ဒါဏ်၊ စစ်ရဲ့ အနိဌာရုံကို ကိုယ်တိုင်လက်တွေ့ခံစားခဲ့ရသူတစ်ယောက်ရဲ့ ခရေစေ့တွင်းကျ အတွေ့အကြုံတွေကို သိခွင့်ရခဲ့ပါတယ်။
ပင်ကိုယ်စာရေးကောင်းသူတစ်ယောက်ရဲ့ ဖော်ကျူးရေးသားချက်တွေကလည်း ပိုစ့်ကို ပိုပြီး အသက်ဝင်စေပါတယ်။
ဒီပိုစ့်ကိုဖတ်ပြီး လူမျိုးရေး၊ ဘာသာရေး၊ အာဏာရရှိရေး အစရှိတဲ့ အမျိုးမျိုးသော စစ်ပွဲတွေ အမြန်ဆုံးရပ်တန့် ရပ်စဲသွားနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
~~~~~~~~~~~~~~~
ကိုယ်တွေ့စစ်ဒုက္ခ၊ခံစားချက်ပေါ်လွင်အောင်ဖော်ပြနိုင်တဲ့ အရေးအသား၊တွေအပြင် ဇာတ်သိမ်းမှာ အဖြစ်အပျက်ပေါ်ပြန်သုံးသပ်ပြသွားတဲ့ မှတ်ချက်လေးကတော့ အကောင်းဆုံးပါပဲ။
~~~~~~~~~~~~~~~~~
လက်ရှိကြုံတွေ့ခဲ့ရတဲ့ စစ်ရဲ့ဆိုးကျိုးများကို တကယ်ကြုံတွေ့ပြီး အရေးအသားကောင်းကောင်းဖြင့် ရေးဖွဲ့ထားပါတယ်။ မှတ်တမ်းတင်ကျန်ရစ်ခဲ့မည့် သမိုင်းတစ်ခုဖြစ်ပါသည်
~~~~~~~~~~~~~~~~~
စစ်၏ဒုက္ခ၊ စစ်၏ဆုံးရှုံးမှုများ၊ စစ်အနိဌာရုံများကို ဖြစ်ရပ်မှန် ရေးဖွဲ့ထားသောကြောင့် ငြိမ်းချမ်းရေးအတွက် အမှတ်တရဖြစ်စေလိုသောကြောင့်