ပြေးပြေးလွှားလွှား အတွေးများ …..
အချိန်တို့သည် တရွေ့ရွေ့ဖြင့် ပုံမှန်ခရီးဆက်နေကြ၏။ အချိန်နာရီများ၏ စီးဆင်းမှုတွင် အချို့သည် အလိုက်သင့် စီးမျောလျက် အချို့သည်
ရုန်းကန်လှုပ်ရှားလျက် ဖြတ်သန်းနေကြချေ၏။ ကျနော်သည်ကား အချိန်၏ ပုံမှန်ခရီးစဉ်တွင် အလိုက်သင့်မျောပါသည့်အခါ မျောပါပြီး ရုန်းကန်လှုပ်ရှားသည့်အခါ
ရုန်းကန်လှုပ်ရှားလျက် တရွေ့ရွေ့ ခရီးနှင်နေခဲ့သည်။ ကျနော့်အား ဖြတ်သန်းသွားသော သို့မဟုတ် ကျနော်ကဖြတ်သန်းခဲ့သော အချိန်တို့ကို စောင်းငဲ့ ကြည့်ရှု့မိလေသောအခါ
အချို့အချိန်များကို စက်ဆုပ်ရွံရှာမိသလို အချို့အချိန်များကို နှမြောတမ်းတမိပါသည်။ သို့သော် ထိုအချိန်များကို ကျနော်ပြန်ပြီး မရောက်ရှိ မပိုင်ဆိုင်နိုင်တော့ပါ။ မနေ့က
အကြောင်းအရာတို့သည် အတိတ်ကာလဖြစ်ပြီး မနက်ဖြန်ကြုံရမည်တို့သည်ကား အနာဂတ်ကာလများ မဟုတ်ပါလား။ ကျနော့်မှာ မနေ့ကနှင့် မနက်ဖြန် အကြောင်းအရာများပေါ်တွင်
နစ်မြောနေမိတတ်ပြီး ယနေ့အကြောင်းအရာများကို မလုပ်ဆောင်ဖြစ်ပဲ ရှိနေတတ်၏။ ဒါသည်ပင်လျှင် အန္ဓပုထုဇဉ်၏ သဘောပေလော။
ကျနော်ဖြတ်သန်းလာခဲ့သော နှစ်ကာလ အပိုင်းအခြားများကို ခွဲခြမ်းစိတ်ဖြာကြည့်သောအခါဟု စာတစ်ပုဒ် ရေးဖွဲ့ကြည့်ရမည်လား။ သို့တည်းမဟုတ် ကျနော်ဖြတ်သန်းရဦးမည့်
အနာဂတ်အချိန်များအား မျှော်ကြည့်ခြင်းဟု စာတစ်ပုဒ်ရေးဖွဲ့ရမည်လား။ တကယ်တော့ လောကကြီးသည်ကား ဘာမှ သေချာမှုမရှိပါ။ ဘာပဲဖြစ်ဖြစ် ခုတော့
စာတစ်ပုဒ်တော့ ရေးသားနေမိချေပြီ။ ရေရာခြင်းမရှိသော လောကမှာ ရေရာခြင်းမရှိသော အတွေးစိတ်ကူးများကို အကန့်သတ်မဲ့ လွတ်လပ်ခွင့်ပေးပြီး
ဖန်တီးမှုတစ်ခုကို ပြုလုပ်ကြည့်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုအခါ မွန်းကြပ်ပိတ်လှောင်လျှက် အစိုးမရနိုင်သော အတွေးတို့သည် ဟိုတစ်စဒီတစ်စ ပျံကြဲနေကြ၏။ ကျနော်၏
အဓိကကျသော ပစ္စုပ္ပန်နေ့ရက်များကား ငြိမ်းချမ်းမှု ကင်းမဲ့နေကြသည်။ အဘယ်အတွက် မငြိမ်းချမ်းနိုင်ပါသနည်း။ မိမိကိုယ်ကို ငြိမ်းချမ်းအောင် မတည်ဆောက်နိုင်ပဲနှင့် အများကို
ငြိမ်းချမ်းစေနိုင်မည် မဟုတ်ပါ။ အတွေးများကို ပတ်ဝန်းကျင်မှ အသံဗလံများကို လျစ်လျူရှု့ကာ နှာသီးဝမှာ စိတ်ကိုထားလျက် ဝင်သက်ထွက်သက်များကို မှတ်သားနေလိုက်မိသည်။
ထိုအခါ လူမှုဘဝများစွာ၏ ပုံရိပ်များသည် ကျနော့် အာရုံများကို လာရောက် ဖမ်းစားကြတော့၏။ ကလေးငယ်များ၏ ရိုးသားသော မျက်နှာလေးတွေပေါ်မှ အားငယ်နေသည့်
မျက်ဝန်းလေးများနှင့်အတူ ရိုးသားသော တောသူတောင်သားတို့၏ ရင်တွင်းမှ လျှံကျလာသော ခံစားချက်များက နားထဲတွင်ကြားနေ၊
အတွေးထဲတွင် မြင်လာရပြန်သည်။ ဪ..ခက်ချေပြီ။ စိတ်ရှုပ်လို့ မြစ်ကမ်းဘေးမှာ သွားထိုင်ပါတယ်။ သပွတ်အူမျှောလာတာနဲ့ ကြုံရတယ်ဆိုသော စကားပုံလို ဖြစ်နေပေသည်။
ကျနော်သွားလာခဲ့သော အရပ်ဒေသများမှ ကျနော့်ရင်ကိုထိခိုက်စေသော အကြောင်းအရာများပင်..။ တောမှာနေပြီး ရိုးသားဖြူစင်လှသော သူတို့ဘဝများကား
ဆင်းရဲတွင်းနက်လှသည်။ စားဝတ်နေရေးမပြေလည်သလို ပညာကလည်းချို့တဲ့နေကြသူများပင်။ သူတို့တွေရဲ့ သားတွေ သမီးတွေကရော
အဘယ်ကဲ့သို့ တောက်ပြောင်လာနိုင်ပါမည်နည်း။ ဒီအတွေး မြင်ကွင်းတွေက ဝင်သက်ထွက်သက်ရှု့မှတ်ရင်း ငြိမ်းချမ်းမှုကို ရှာဖွေနေမိသော ကျနော်၏ အားထုတ်မှုကို
အနိုင်ယူသွားကြတော့သည်။ သူတို့တွေရဲ့ ဘဝလေးတွေကို ကျနော်အဘယ်မှ ဖြည့်ဆည်းပေးနိုင်မည်နည်း။ မေးခွန်းပေါင်းများစွာတို့သည် ကျနော့်လက်ရှိအချိန်တွေကို
ယူဆောင်သွားကြတော့သည်။
တကယ်တော့ ကျနော်နှင့် မဆိုင်သော အကြောင်းအရာများဟု သတ်မှတ်သင့်ပေသည်။ တကယ်ဆိုလျှင် ကိုယ်ကျိုးမပြည့်စုံသေးပဲ အများအကျိုးကို
ဘယ်လောက်များများ ဆောင်ရွက်ပေးနိုင်ပါမလဲ။ သို့သော် မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေသော အကြောင်းအရာ မှန်သမျှသည် မိမိနှင့်မဆိုင်ဟု မှတ်ယူမရကြောင်း
ကြွက်ထောင်ချောက် ပုံပြင်လေးအကြောင်းကို အမှတ်ရမိသည်။ သို့သော်..ကျနော်ကား ဘာမှဟုတ်…။ မာသာထရီဇာ၊ မာတင်လူသာကင်း၊ ဖလော်ရင်နိုက်တင်ဂေးလ် အားကျမိသည်။
အကောင်အထည်မဖော်နိုင်သော အတွေးစိတ်ကူးများကြား
ကျနော် ပိတ်မိနေ၏။ သို့အတွက် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု ရေရွတ်နေမိသည်။ ထိုစဉ်မှာပင် ကျနော့်နားထဲမှာ ဖြစ်သမျှအကြောင်း
မကောင်းကောင်းအောင်လုပ်ရမည်ဟူသော စကားလေးကိုလည်း ကြားယောင်မိလာပြန်သည်။
“ခွေးလှေး ခုန်လို့ ဖုန်မထပါ…” “ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာ ရှိလိမ့်မပေါ့..” ဆိုသော စကားပုံများကလည်း ကျနော့်အား ကလူကျီစယ်နေကြပြန်သေး၏။
အတွေးတွေကိုရုတ်သိမ်းကာ နှာသီးဖျားတွင် စိတ်လေးကိုပြန်ထား ဝင်သက်ထွက်သက်လေးကို ရှု့မှတ်ရင်း…
“ငြိမ်းချမ်းပါစေ ကမ္ဘာမြေ…”
“ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ…”
“………………………..”
“………………………..”
မေတ္တာစာများကို ရေရွတ် ပို့သရင်း…“သွားရမည့် ခရီးကား ဝေးသေး၏ ခြေသာလျှင် ယာဉ်ကုန်ရှိကြကုန်၏…” ဟု အထပ်ထပ် ရွတ်ပွား အတိတ် အနာဂတ် ပစ္စုပ္ပန် အတွေးတွေကြားမှာ
သက်တမ်းမကုန်ဆုံးမချင်း ကျနော် ဒီရေစီးမှာ စီးမျှောလိုက် ကူးခတ်လိုက်နှင့် ..ခရီးနှင်နေရပေဦးမည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…….
( T.W.L )
13 comments
surmi
September 15, 2012 at 3:19 pm
လုပ်စရာရှိတာတွေသာဆက်လုပ်နေရဦးမှာပါ။
ုဟုတ်ပါတယ် ဘယ်တော ့မှမပြီး နိုင်မဲ ့ အလုပ်တွေပါ ။
ရလဒ်ကိုအသာထားလို ့ ကိုယ် ့ယုံကြည်မှုအတွက် ကိုယ်ပေးဆပ်တာပဲ
ပြိုင်ပွဲမှမဟုတ်တာပဲလေ ။ လုပ်နိုင်တာလေးကိုပဲ ဝမ်းမြောက်ရင်းနဲ ့
ဘာမှမတွေးနဲ ့ကိုယ် ့ဆရာရေ ဆက်သာလုပ်ဗျာ
တနေ ့ ကျနော်တို ့လည်းလိုက်ခဲ ့မယ်ဗျို ့
kotun winlatt
September 15, 2012 at 3:28 pm
ဟုတ်ပါ့..ကိုဆာမိရေ…
လုပ်စရာရှိတာတွေ ဆက်လုပ်နေကြရဦးမှာ…
လုပ်စရာတွေကများပြီး မနိုင်ဝန်ထမ်းနေရသလိုဖြစ်နေလို့ ငြီးတွားလိုက်မိတာပါခင်ဗျာ..
လာရောက် ဖတ်ရှု့ပြီး အားပေးစကားပြောတာကျေးဇူးပါ…။
pooch
September 15, 2012 at 3:30 pm
ဘဝရထားကြီးကတော့ ခရီးမဆုံးသရွေ့ ဆက်နေရအုန်းမှာပါ။ ခရီးသွားတွေရဲ့ စိတ်သဘောကိုလိုက်လို့ လိုရာပုံပြောင်းပြီး ဆက်နေရအုန်းမှာပါ။
kotun winlatt
September 15, 2012 at 3:37 pm
ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…
အရောင်စုံလောကကြီးထဲမှာ…
ဖြူလိုက် ဝါလိုက် စိမ်းလိုက် နီလိုက်နဲ့ပေါ့….
အဲ..ဒါပေမယ့်..လမ်းမချော်ဖို့တော့ လိုမယ်ထင်တယ်နော်….။
မဟာရာဇာ အံစာတုံး
September 15, 2012 at 6:47 pm
ဖတ်ဖူးတာကို ရေးပြဒါဘာ … 😀
ကထူးဆန်း
September 15, 2012 at 7:33 pm
အများအကျိုး
ရွက်သည်ပိုးက
ခနော်ခနဲ့
ဆိုကဲ့ရဲ့လည်း
မတိမ်းမစောင်း
ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်
ရှေးရှုနှင်လော့ …..။
အပေါ်က ဘုရင်ကြီး ရဲ့ မိန့်စာ ပြန်ကူးရေးဒါပါ … 😀
kotun winlatt
September 16, 2012 at 10:59 am
ကိုအံနဲ့ ကိုထူးရေ….
မှတ်သားရပါတယ်ခင်ဗျာ….
ပြောတဲ့သူတွေကတော့ ပြောကြမှာပါပဲ…
ခံနိုင်ရည်ရှိပါတယ်…. ခုစာလေးကတော့ လုပ်စရာတွေများပီး
အင်အားနည်းနေသေးတဲ့ ကျနော့် အတွက်… အားပေးတဲ့ စာလေးကို ရေးကြည့်မိတာပါခင်ဗျာ…။
မောင်ပေ
September 15, 2012 at 7:30 pm
ကျုပ်ရတန်းကျောင်းသားအရွယ်လောက်က ၊ ကျောင်းကို စက်ဘီးနဲ ့ကိုယ်တိုင် နင်းပြီးသွားတယ် ၊ အိမ်ကို ပူဆာလို ့ဝယ်ပေးထားတဲ့ စက်ဘီးလေးပေါ့ဗျာ… လမ်းမှာ စက်ဘီးနင်းရင်းနဲ ့.. ဆိုင်ကယ်တွေ ဖြတ်သွားတာ တွေ ့ရင် (ကိုယ်က ချာတိတ်.. အဲ့ဒီတုန်းက ဆိုင်ကယ်ခရေဇီ) အတွေးထဲမှာ “ ဆိုင်ကယ်ကိုမောင်းပြီး ကိုယ်သွားချင်တာသွားရတဲ့ အရသာဟာ ဘယ်လိုနေမလဲ သိချင်လိုက်တာ လို ့”
နောက် ဆယ်တန်းအောင်တော့ ၊ အိမ်က ဆိုင်ကယ်ဝယ်ပေးတော့ ၊ သွားသွားလာလာ ဆိုင်ကယ်နဲ ့ပေါ့ ၊ ဆိုင်ကယ်မောင်းတာ၂နှစ်လောက်လဲကြာတော့ ၊ ကားမောင်းသွားတဲ့ လူတွေ တွေ ့ရင် “ ကားနဲ ့ဆိုရင် ဇိမ်ပဲနေမှာ လို ့” ၊ နောက်ကြ အိမ်က ကားအစုတ်လေး ကို ကိုယ်တိုင်မောင်းဖြစ်ပြန်တော့ ၊ မော်ဒယ်အမြင့် ကားစီးနေတဲ့သူတွေ တွေ ့ရင် “ အဲ့လို ကားအကောင်းစားမျိုးနဲ ့ဆိုရင် ပိုကောင်းမှာပဲ လို ့”
kotun winlatt
September 16, 2012 at 11:03 am
ဟုတ်တယ် ကိုပေရေ…
လူ့ရဲ လိုအင်ဆန္ဒဆိုတာကလည်း အတောမသတ်နိုင်အောင် များသကိုးဗျ….
လိုအင်လေးတွေကို တတ်နိုင်သမျှလျှော့ချကြည့်ရင်း အများအတွက် ဘယ်လောက်လုပ်နိုင်မလဲ ဆိုတဲ့ မိမိကိုယ်ကို ဆန်းစစ်ပြီး အတွေးလေးတွေကို ဖြန့်ခင်းကြည့်မိရာကနေ… ဒီစာစုလေးဖြစ်လာတယ်ဆိုပါတော့ဗျာ။
King of Secrets (Bo Min)
September 16, 2012 at 6:34 pm
အတွေးကောင်းပါဧ။်
ကြောင်ကြီး
September 17, 2012 at 8:19 am
ဆေးသမား
အတွေးများ
ကြွေးထား
ဈေးကစား
ဝေးသွား
ဆွေးပွား
ဟေးကျား
မွေးစား..။
kyeemite
September 17, 2012 at 10:43 am
အမှန်ပဲပေါ့ ကိုထွန်းဝင်းလတ်ရေ…တစ်ယောက်ထဲ နိုင်သလောက် ရသလောက် အများကောင်းကျိုး
သယ်ပိုးနေတာ လေးစားလျှက်ပါ..ကျုပ်တို့လည်း မိမိနဲ့ထိတွေ့နေတဲ့ အနီးဆုံးဝန်းကျင်မှာ
တတ်စွမ်းသရွေ့ ပရဟိတ အကျိုးနိုင်သလောက်သယ်ပိုးကြတာပေါ့ဗျာ…
ခင်တဲ့…
ကြီးမိုက်။
manawphyulay
September 17, 2012 at 3:23 pm
တကယ့် ပြေးပြေးလွှားလွှား သတင်းသမားပါပဲ။ တွေးစရာတွေ၊ စဉ်းစားစရာတွေ တစ်ပုံတစ်ပင်ကြီးနဲ့ ကိုယ့်ဘဝကိုယ် ပြန်လည်သုံးသပ်ရတော့မယ် ထင်ပါရဲ့….