တစ်သက်စာ အလွဲ (အပိုင်း ၂ ဇတ်သိမ်း)
အဲ အောက်ထပ်က အသံငြိမ်သွားပြီဆိုရင် အဖွားက သာသာလေးထပြီး အဖိုးကို ချောင်းပါတယ်။ အဖိုး အိပ်နေတယ် ဆိုရင်တော့၊ ဝါးရင်းဒုက်ကိုပိုက် အိမ်နောက်ဘေးလှေကား ကနေအသာလေးဆင်းပြီး ရေအိမ်ဝင်ပါတယ်။ သူ့ခမျာ လေတိုက်ပွဲမှာ လက်နက်ကြီးတွေ သုံးရတော့ အာခြောက်တိုင်း ရေနွေးကြမ်းသောက်ထားတာ အခု ပြန်ထုတ်ဖို့ အချိန်တန်ပြီလေ။ အဖွားက အိမ်သာချက်ကို “ဂျောက်” ကနဲ ဖွင့်လိုက်တာနဲ့ အိမ်ရှေ့ ကွပ်ပစ်ပေါ် အိပ်နေတဲ့ အဖိုးက ငေါက်ကနဲ ထိုင်ပြီးသားပဲ၊ သူက “ကြက်အိပ် ကြက်နိုး” ပါ၊ အလွန် နားပါး ပါတယ်။ အဖွား အိမ်သာထဲဝင်သွားတာနဲ့ အဖိုးလဲ ခပ်သုတ်သုတ်လေး အိမ်ပေါ်ထပ်ကို စခန်းပြောင်းပြီး တရားစာအုပ်ကို အသံထွက် ဖတ်ပါတော့တယ်။ အဖွားလဲ ခြံထဲတစ်ပတ် ပတ်ပြီးရင် မယောင်မလည် နဲ့ အိမ်ပေါ်ပြန်တက်၊ ဝါးရင်းဒုက်ကို အိမ်ထောင့်မှာချ၊ အဖိုးကို “ဂျိုလ်” ကြည့် ကြည့်ပြီးရင် တိုက်ပွဲ ပြီးပါပြီ။
ဒီလိုမှမဟုတ်ပဲ “ပေ” ရှည်နေရင်တော့ ဦးလေးတွေက အဖွားမြ ကို ပြေးခေါ်ရပါတော့တယ်။
အဖွားမြ ဆိုတာက၊ မောင်ကျောက် အဖွားရဲ့ အမအရင်းပါ။ အဖွားထက် အသက် ၁နှစ် ပဲ ကြီးပေမည့် အလွန် လူကြီးဆန်ပြီး၊ စကားပြောလဲ သိမ်မွေ့ပါတယ်။ ပိန်ပိန်ပါးပါး သူတို့ ၂ယောက် ဟာ လုံးတူရပ်တူမို့ အမှတ်တမဲ့ ဆို လူမှားတတ် ကြပါတယ်၊ ဒါပေမည့် မိန်းမ အလွန်ပီသတဲ့ အဖွားမြ နဲ့ ဇတ်ဇတ်ကြဲ မောင်ကျောက် ရဲ့ အဖွား ဟာ စရိုက်ချင်း ဖီလာ ဆန့်ကျင်ပါ။ အဖွားမြ ရောက်လာရင် အဖိုး ရော အဖွား ပါ မီးစကို ရေနဲ့ ဖျန်းလိုက်သလို အသံတိတ်သွားကြ စမြဲပါ။ အဖွားမြ ရဲ့ ခပ်တိုးတိုး၊ လေသံ အေးအေး နဲ့ ဆုံးမသံ အောက်မှာ သူတို့ ၂ယောက်ဟာ ဘုန်းကြီးရှေ့က ကျောင်းသားလေး တွေလို ငြိမ်ကုပ်လို့။
အဲ….အဖွားမြ ခရီးသွားနေလို့ သူ့အိမ်မှာ မရှိရင် အဖိုးလေး ဦးသန်းရင် ကိုပင့်ရပါတယ်။ အဖိုးလေး က မောင်ကျောက် အဖိုး နဲ့ အဖွားရဲ့ ငယ်သူငယ်ချင်းပါ၊ အသားဖြူဖြူ ဗလကောင်းကောင်း ကွမ်းလေး တမြုံမြုံ နဲ့ အဖိုးလေး ခြံဝက ဝင်လာရင် မောင်ကျောက် က “ပြည်သူ့ရဲ တွေလာ ပြီဟေ့” လို့ ကြုံးအော်ပြီး ပြေးကြိုပါတယ်။
ဟီး ဟီး၊ အဖိုးလေး က လူပျော် လူနောက် ဆိုတော့ သူလာရင် ပွဲစည်ပြီလေ။
“ရီး လိုမှပဲ၊ ကျော်မကောင်း ကြားမကောင်း၊ တစ်သက်လုံး ရန်ဖြစ်လာတာ၊ ဒီအသက် ဒီအရွယ် ရောက်နေပြီ၊ မင်းတို့ မရှက်ကြဘူးလား”
“သန်းရင် ကတော့ ရွှေပြည်အေး တရားဟောပြီး တားမဲ့ ကောင်ထဲ မပါဘူး၊ လာ သတ်ကြ၊ ငါ ဒိုင် လုပ်မယ်”
“ကဲ အပေါ်ထပ်က ခင်စိန်၊ နင် ဆင်းလာမှာလား၊ ငါ လာဆွဲချရမှာလား” “မောင်တင်၊ မင်းကရော ဘယ်လိုလဲ၊ အဲဒီ့ ဓားတုန်းကြီး နဲ့ အလုပ်မဖြစ်ဘူး၊ ထက်တာ သွားရှာ”
အဖိုး နဲ့ အဖွား လူတွေက မလှုပ်ကြပေမည့်၊ ပါးစပ်တွေက မတိုးမကျယ် ပွစိပွစိ လုပ်ကြတုံး၊ မောင်ကျောက် နဲ့ ဦးလေး များကလဲ အိမ်ပုဏ္ဏကွယ် မှာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်လို့ ကောင်းကြတုံး။
“ဟေ့ ဘယ်နဲ့လဲ၊ လာလေ သတ်ကြ”
“အလကား ဟာတွေ၊ ရန်ဖြစ်တာကို ပျော်စရာများ အောက်မေ့ နေလား မသိဘူး၊ ရီး လိုမှပဲ”
“ငါ့လခွီး၊ နေပူထဲလာရတာ မောလိုက်တာ၊ ဟဲ့ ခင်စိန် ကာဖီအချို ဖျော်တိုက်ဟာ၊ မောင်တင် ပိုက်ဆံထုတ် မင့် သားတွေကို မုန့်လက်ကောက် သွားဝယ်ခိုင်း”
“ဟေ့……. ထ ကြပါဟ၊ ဒကထဲ သူတို့ ဥစ္စာထိ ရင် နဲနဲမှ မလှုပ်ကြဘူး”
ဒီလိုနဲ့ အိမ်အောက်က ကွပ်ပစ်ပေါ်မှာ သူတို့လဲ ရန်ဖြစ်ထားတာမေ့ စကားဝိုင်းဖြစ်၊ ဦးလေး တွေနဲ့ မောင်ကျောက် လဲ မုန့်လက်ကောက် တမုန်းဆွဲ ကြရတာ ပေါ့ဗျာ၊ ပျော်စရာတောင် ကောင်းသေး။
အဖိုး နဲ့ အဖွား က အဲဒီလို ကျော်မကောင်း ကြားမကောင်း ခဏခဏ ရန်ဖြစ်ပေမည့်၊ တစ်ခု ထူးဆန်းတာက ဘယ်တုံးကမှ ဘယ်သူမှ စိတ်ဆိုးပြီး အိမ်ပေါ်က မဆင်းသလို၊ နေမွန်းတိမ်း သွားရင်လဲ ရန်မဖြစ်ကြပါဘူး။ တကယ်တော့ သူတို့ “ငြိ” တယ် ဆိုတာကလဲ ဘာမှ မယ်မယ်ရရ ရန်ဖြစ်လောက်အောင် အကြောင်းမဟုတ်ပါဘူး၊ အားနေလို့ အချင်းချင်း စကား အနိုင်လုတာ၊ ကျောင်းတော်က ရန်စတွေကို ပြန်ဖော်ပြီး မပြီးနိုင်မစီးနိုင် ငြင်း ကြ ရင်းက စတာပါ။ အဖိုး က သစ်ကုန်သည်ပါ၊ အဖွားက အိမ်ထောင်ရှင်မ မလုပ်ပါဘူး၊ အိမ်မှုကိစ္စ ကို ငယ်စဉ်က အဖွားရဲ့ အမေ ဒါမှမဟုတ် အဖိုးရဲ့ အမေက ထိန်းရပြီး၊ နောက်ပိုင်း သမီး အကြီးဆုံး မောင်ကျောက် ရဲ့ အမေ က အိမ်ထောင်လဲထိန်း၊ မောင်တွေကိုလဲ ထိန်းရပါတယ်။ အဖွား က အဖိုး နဲ့ အတူတူ စီးပွါးရေး ပဲလုပ်ပါတယ်။ သနပ်ခါးတောင် စိတ်မပါရင် မလိမ်းတဲ့ အဖွားဟာ သူစိတ်ဝင်စားတဲ့ စီးပွါးရေး အကြောင်းပြောရင် တော့ အဖိုးနဲ့ လေပေးဖြောင့် ပါတယ်။
အဖွား ကို ဦးလေးတွေ က ကွယ်ရာမှာ “သား ဗိုလ်အောင်ဒင်” ရုပ်ရှင်ထဲ ကလို “ကျားခင်စိန်” လို့ ခေါ်ပါတယ်။ အဖိုး က ကိစ္စ တစ်ခုကို စဉ်းစဉ်း လုပ်တတ်ပေမည့် အဖွား က တော့ စွန့်စားချင်စိတ် အားကြီးပြီး၊ စိတ်မထင်ရင် “လာထား၊ ချမယ်” ဆိုတဲ့ အစားထဲကပါ။ မိန်းမတို့ တတ်အပ်သော ပညာကို ဘာတစ်ခုမှ မယ်မယ်ရရ မတတ်ပေမည့် ယောက်ျား တို့တတ်အပ်သော ပညာမှာတော့ သား တွေ က လက်မြှောက်ရပါတယ်။ အဖွား က လက်လဲ အားကြီး တည့်ပါတယ်၊ မောင်ကျောက် ငယ်စဉ် ခြံထဲက ဘာသီး စားချင်စားချင် အဖွားက ဗက်ခွက် (လောက်လေးခွ) ယူခဲ့ ဆိုတာချည်းဘဲ၊ ဒါတောင် ငှက် ပစ်ကြွေးမယ် ဆိုလို့ အားလုံးက တားထားရတာ။
မောင်ကျောက် နဲနဲ အရွယ်ရောက်လာတော့၊ သူများနဲ့ မတူတဲ့ အိမ်က အဖွား အကြောင်းကို စိတ်အတော် ဝင်စားလာပါတယ်။ မောင်ကျောက် က အဖွားရဲ့ အချစ်တော် မဟုတ်ပါဘူး၊ အဖွား အချစ်ဆုံးမြေးက မောင်ကျောက် ထက် ၉နှစ် ငယ်တဲ့ မောင်ကျောက် ညီမပါ။ ဘယ်မြေးကိုမှ သိပ်မကပ်တဲ့ အဖွား ဟာ ညီမလေး တစ်ယောက်ကို ပဲ ချီချီပိုးပိုး နီးနီးကပ်ကပ် နေပါတယ်။ ညီမလေး မအိပ်ရင် ဆိုတဲ့ အဖွားရဲ့ သားချော့တေး ဟာ အရမ်း ရယ်ရပါတယ်၊ ဟိုခေတ်က ပေါက်ကရ လေးဆယ် ဗရုပ်သုတ်က္ခ သီချင်းလဲပါရဲ့၊ အင်္ဂလိပ် သီချင်းလဲပါရဲ့၊ ဘာမှန်းမသိတဲ့ ဂျပန် သီချင်းလဲ ပါရဲ့၊ ဘာတဲ့ “ယိ…ယော်တော..ခိုင်နာ… စော်တာကေတေ၊ စော်တာကူတူ…… ” ဆိုလား ဘာလား။
အဖွား ဘယ်လိုလုပ် ဂျပန် လိုတတ်လဲလို့ မေးတော့၊
“ဒီလိုကွဲ့၊ ဂျပန်ခေတ်မှာ မောင်တင်က၊ ဂျပန်တပ်ကို ရိက္ခာ သွင်းတယ်၊ အဖွားက ဂျပန်စာသင်ပြီး မောင်တင် နဲ့လိုက်၊ ဂျပန့် သတင်း ထောက်လှမ်းပြီး၊ တော်လှန်ရေး ရဲဘော်တွေဆီကို ပို့တယ်လေ”
အဖွား မကြောက်ဘူးလား မေးတော့၊ ဒေါကန်ပြီး
“ငတင် သိသွားပြီး၊ အမ (အဖွား သူ့အမေ ကို ခေါ်တာ) ကိုသွားတိုင်လို့၊ ပြီးတော့ ဒီသောက် ခလေးတွေကြောင့်၊ နို့မို့ တော်လှန်ရေးထဲ ငါပါတယ်” ကဲပြတ်ကရော!
တစ်ရက်သား၊ TV ကနေ “သုမောင်” ရဲ့ သီချင်း လွှင့်ပါတယ်၊
“အဖိုး ကလဲ အဖွား ကို ချစ်တယ်ပြောမှာပဲ၊ အဖေ ကလဲ အမေ့ ကို ချစ်တယ် ချစ်တယ်တဲ့၊ ကိုယ် ကလဲ မင်းကို ချစ်ပါတယ် အချစ်ရယ်” ဆိုတဲ့ သီချင်းပါ။
ဒါနဲ့ မောင်ကျောက်လဲ အဖွား ကို မေးပါတယ်၊ အဖိုး ကို ချစ်လား လို့ပါ။
“ပေါက်ပေါက်ရှာရှာ၊ ဒီ ငတင် ကို ဘဝ အဆက်ဆက်၊ သံသရာ အဆက်ဆက်၊ တောင်ကြီး ကွယ်လို့ မြစ်ကြီး ခြားပါစေ၊ မုန်း လွန်းလို့”
“ဒါဆိုဘာလို့ ယူသေးတုံး”
“ငယ်သူငယ်ချင်းဆိုပြီး ယုံမိပါတယ်၊ ငါ့ကို အမှောင်ထဲ စောင်နဲ့အုပ်ပြီး၊ လှေ တင်ပြေးတယ်လေ”
“အဖွား ပြောတော့၊ ငယ်ငယ်က လက်သံပြောင်ဆို၊ ဘာလို့ ခံမချသတုံး”
“ဟဲ့ အမှောင်ထဲ၊ မောင်တင်မှန်း မသိလို့ပေါ့၊ ငါ့ ပြန်ပေး အဆွဲ ခံ ရတယ် မှတ်တာ”
“ဟင့်၊ အဖွားကလဲ ဒါဆို ဘာလို့ ခလေး ၉ ယောက်တောင် ရသတုံး”
“ဒေါက်”၊ အဲဒါ မောင်ကျောက် ဂေါင်းခေါက် ခံရသံပါ။
ဒီလိုနဲ့ သိချင်စိတ် လွန်စွာပြင်းပြနေတဲ့ မောင်ကျောက် ကြောင့် သိကြားမင်း သူထိုင်တဲ့ မြကျောက်ဖျာတင်းလို့ ဖင်နာတာ ပျောက်အောင်လို့ ထင်ပါရဲ့ အဖိုးလေး ဦးသန်းရင် ရန်ကုန် ကို လာဖို့ အကြောင်းဖန်ပါတယ်။ သားထောက် သမီးခံ မရှိရှာတဲ့ မုဆိုးဖို အဖိုးလေး ဟာ မောင်ကျောက် တို့အိမ်မှာပဲ တည်းရတာပေါ့။ ပျော်ပါ့ဗျာ၊ ရေငတ်တုံး ဘီယာ ရေခဲစိမ်လေး သောက်လိုက်ရသလိုဘဲ။ အဖိုးလေးကို သူသွားလိုရာပို့၊ စားချင်တာ လိုက် ကြွေးပြီး၊ ကျောင်းတော်ကရန်စ ပြေအောင် ချော့ရတာပေါ့ဗျာ။
အဖိုးလေးနဲ့ ကျောင်းတော်ကရန်စ က ဒီလိုဗျ၊ တခုသော နွေမှာ၊ အဖိုးလေး ပုသိမ်အိမ် ဖက်ကို လမ်းကြုံဝင်လာပါတယ်။ အဖိုးလေးက ပူအိုက်တာမို့ ပုဆိုးကို ပေါင်လည်လောက် ဆွဲတင်ပြီး ညောင်စောင်းပေါ်မှာ ခြေကိုချိတ် လက်ထောက်ပြီး အိမ်သူအိမ်သားတွေနဲ့ “ပွါး” ပါတယ်။ ကြမ်းပေါ်မှာ ဆော့နေတဲ့ ကျောက်သူငယ် လှမ်းအကြည့်မှာ၊ ပေါင်နှစ်လုံး ကြားဝှက်ထားတဲ့ အသီးကလေး တစ်လုံး ကို မြင်မိတာမို့ မပြောမဆို ဇက်ကနဲ လှမ်းဆွဲမိပါတယ်၊ သူ့ခမျာ အော်လိုက်တာ ငယ်သံငယ်ရင်းကိုပါလို့။
ဒါတောင် ကျောက်သူငယ် က “အဖိုးလေး သားကို အဲဒီ့ အသီးလေး ပေး” ဆိုပြီး တောင်းတုံး။
အဖြစ်မှန် သိသွားတဲ့ တစ်အိမ်လုံးလဲ အုံးအုံး ထအောင်ရီကြတော့၊ အရှက် ကွဲသွားတဲ့ အဖိုးလေးဟာ “မောင်တင်၊ မင့်မြေး မျောက်ဟိုဒင်း သမန်းရှ ကလေးဟာလေ၊ ငါတယ် မပြောချင်ဘူး” ဆိုပြီး သူ့အိမ် ထပြန်သွားတာ၊ တော်တော်နဲ့ ပေါ်မလာတော့ပါဘူး။ နောက်ပိုင်း အိမ်လာ လည်ရင်လဲ၊ ကျောက်သူငယ် ကိုမြင်ရင် သူ့ခမျာ ကြီးစွာသော သတိနဲ့ နေပါတယ်။
ကဲ…ထားပါလေ၊ ဒီလိုနဲ့ အဖိုးလေး ပုသိမ် မပြန်ခင် တစ်ရက်မှာ၊ လဘက်ရည်ဆိုင် ကို “ပ” ထုတ် သွားပြီး၊ မောင်ကျောက် လဲ အစ်အောက် ဖြီးဖြန်း ပြီး အဖိုး နဲ့ အဖွား အကြောင်း မေးပါတော့တယ်။ အဖိုးလေး ပြောပြတာကတော့
“ဒီလို လူကလေးရဲ့၊ မင်းအဘိုး ခင်စိန့် အဖေက ဒို့ရွာရဲ့ သူကြီးကွ၊ သတ္တိ လဲ အလွန်ကောင်းသလို၊ လက်သံကလဲ ပြောင်ပါ့ကွာ။ သူ့ခင်ဗျာ သမီး တစ်ယောက် မွေးထားပြီး၊ ၅နှစ် ကြာမှ မမြစိန် (အဖွားမြ) ကို ထပ် မွေးတယ်။ ဒီလိုနဲ့ သားရူး ရူးနေတုံး ကိုယ်ဝန် ထပ် ရှိတော့၊ ဒီတစ်ခါ သားကလေး ဆိုပြီး မျှော်လင့် နေတုံး ခင်စိန့် ကိုမွေးတာကွ”
“နောက်ထပ်လဲ ခလေးမရတော့၊ ခင်စိန် ဟာ အဘိုးကြီး အချစ်တော်ပေါ့ ကွာ”
“ခင်စိန့် ကို ဘိုကေထား၊ ယောက်ျားလေး လို ဆင်ပြီး၊ လက်သီးထိုးခိုင်း၊ နပန်းသတ်ခိုင်း နဲ့၊ ခေါ်တာတောင် သား လို့ ခေါ်တော့ ခင်စိန် ဟာ သူ့ကိုယ်သူ ဘာမှန်းမသိတော့ဘူး”
“နဲနဲ အရွယ်ရောက် လာတော့၊ သူ့ကို မိန်းကလေးလို့ ပြောရင်၊ လိုက်ရိုက်တဲ့ အထိ၊ ဆိုးလာတယ်”
“အပျိုဘော်ဝင်မှ အမယ်ကြီး က အဘိုးကြီး ကို မနဲ တရားချ၊ ခင်စိန့် မိန်းမဇတ် အတင်းသွင်း ပြီး ဘိုကေ ဖြုတ် ရတာ”
“ဒါပေမည့် လူကလေးရယ်၊ ခွေးကြီးမှ လက်ပေးသင်မရ ဆိုသလို၊ ခင်စိန်ဟာ ထောင့်မကျိုး အပိုးမကျိုး၊ ဖြစ် တော့တာပဲကွာ”
“နောက်ပြီး ခင်စိန် က အမှတ် ကြီးတယ်ကွ” “မင့် အဖိုးမောင်တင်၊ သူ့ကို ခိုးပြီး၊ အိမ်ပြန်အပ်ဘို့ မောင်တင့်အိမ် ခေါ်သွားတော့၊ မောင်တင့် အမေ အမယ်ကြီးဒေါ်ဆင်က၊ ငါ့သား မောင်တင် ရယ် မင့်နှယ် မိန်းမရှားလို့ ဒီ ယောက်ျား မဟုတ်၊ မိန်းမ မဟုတ် ကို ခိုးလာတာလား ဆိုပြီး၊ ငိုတာကို၊ သူ့မှာ အခဲ မကြေနိုင်ဘူး”
ဟီးဟီးဟီး၊ အမေကြီးဒေါ်ဆင် ကလဲ “ဖဲ့” ချက်။
“လုပ်ပါအုံး အဖိုးလေးရဲ့၊ ဘယ်လို ခိုးတယ် ဆိုတာလေး၊ တဆိတ် လင်းပါဦး”
“သယ် ဒီကလေး၊ မပြီးနိုင်ဘူး”
“ခင်စိန် တို့ အိမ်က ချောင်းကို ကျောပေးပြီး ဆောက်ထားတော့၊ ညဦးပိုင်း လှေကို၊ ရေသံမကြားအောင်၊ တိတ်တိတ် လှော်ပြီး၊ ခင်စိန် ရေကပျဉ် (အဝတ်လျှော်၊ ပန်းကန်ဆေး၊ အိမ်သာ ရှိရာ နေရာ) ထွက်လာတော့၊ မောင်တင် က ဓားပြယောင်ဆောင်၊ စောင်အုပ်ပြီး၊ လှေထဲဆွဲချ၊ ငါ နဲ့ ကာလသားခေါင်း ကိုမြဖေ က၊ လှေ ကို ဒုံးစိုင်း လှော် ပြေးတာပေါ့ ကွ”
အဖိုးလေး လဲ မောင်ကျောက် အင်တာဗျူး ကို ဖြေရတာ မောသွားတာမို့ ဆိုင်က ရေနွေးကြမ်း ကိုသောက်ရင်း ငြိမ်ပြီး တစ်ခုခု ကို စဉ်းစား နေပုံရပါတယ်။ နောက်တော့ တဟီးဟီးနဲ့ ရယ်နေတာမို့
“အဖိုးလေး၊ ဘာ ရီ တာတုံးဗျ၊ ပြောပါဦး”
“ဟီးဟီး၊ ငါပြောရင် မောင်တင် ငါ့ကိုသတ်လိမ့်မယ်”
“ဟာ ဗျာ၊ ဒီလိုမလုပ် ပါနဲ့ ပြောမည့်ပြော အကုန်ပြောပါဗျာ” လို့ မောင်ကျောက် အတင်း ဇွတ် တွန်းတာမို့
“အေး၊ မင့် အဖိုးမောင်တင် သွား ခိုး တာ၊ ခင်စိန် မဟုတ်ဘူး၊ သူ့အမ မမြစိန် ကွ မမြစိန်၊ အမှောင်ထဲ သူတို့ညီအမက တူလွန်းတော့ လူမှားပြီး ဆွဲချလာတာ”
“ဗျာ……..”
“မဗျာ နဲ့၊ မင့်အဖွား ခင်စိန် လို ယောက်ျား မဟုတ်၊ မိန်းမ မဟုတ် ကို ဘယ်သူက ခိုးမှာလဲ၊ မှားသွားလို့ပါလို့ မင့်အဘိုးသူကြီး ကို သွားပြောရင် အကုန် အသတ်ခံရမှာကွ၊ ဟား ဟား ဟား”
မောင်ကျောက် လဲ မချိသွားဖြဲလေးနဲ့ “လွဲ လွဲ လေးပဲ ကောင်းပါတယ် လို့”
40 comments
ဦး ကျောက်ခဲ
September 15, 2012 at 8:13 pm
တိန်!
စာပိုဒ် ခွဲထား တာတွေ အကုန်လုံး ဆက်ကုန်တယ်
သေပြီ ဆရာ
nozomi
September 15, 2012 at 8:24 pm
ဦးကျောက်ရေ နှစ်ခေါက်တောင် ပြန်ဖတ်သွားပါတယ်
တကယ်ကို သဘောကျမိပါတယ်
ဒါမျိုးလေးတွေ များများရေးပါဦး ခင်ဗျ
အရီးခင်လတ်
September 15, 2012 at 8:30 pm
ကိုကျောက်ခဲရယ်
ကောင်းလိုက်တဲ့ ဇာတ်သိမ်းပိုင်းလေး။
အဲဒါတကဲ့ ဇာတ်လမ်းလား။
အဲဒီ လျှို့ဝှက်ချက် ကို ဘယ်သူမှ မသိကြဘူးလား။
အဖွားခင်စိန် များ သိသွားရင် သနားပါတယ်။
သူ့ကို လူမှားခိုးခံရတာ။
အဖိုး ကတော့ သူ့အလွဲ နဲ့သူ။
မသနားချင်ပါ။ 😛
ဦး ကျောက်ခဲ
September 15, 2012 at 8:41 pm
ကို nozomi ၊ အရီး
မင်္ဂလာပါ ခင်ဗျာ….
ကို nozomi
အားပေးတာ အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အရီး
ကျေးကျေး ပါခင်ဗျာ
တကယ့် အဖြစ် အပျက်ပါ ၊ ကျွန်တော့ ဘကြီးနဲ့ ကျွန်တော်ပဲ သိပါတယ်။
အဖိုး ဆုံးတဲ့အချိန်မှာ အဖွား ပြောတာ သိပ်လွမ်းစရာပါ။
ကျွန်တော်က ဇတ်ကို သိပ် မ လေးစေချင်လို့
ကြောင်ဝတုတ်
September 17, 2012 at 11:24 am
အရင်တုန်းကတော့ နှစ်ယောက်ပဲသိတယ် ဦးကျောက်ရေ….
အခုတော့ တစ်ရွာလုံးသိကုန်ပြီဗျာ…
အရေးအသားနဲ့ အိုင်ဒီယားလေးကို နှစ်သက်မိပါကြောင်း…
ခင်မင်လျက်-
ကြောင်ဝတုတ်
TTNU
September 15, 2012 at 8:41 pm
ကိုကျောက်ခဲရေ…
အဖွားသနားလိုက်တာ။
သူမသိစေနဲ့နော်။
🙁
ဦး ကျောက်ခဲ
September 15, 2012 at 8:58 pm
ဆရာမကြီး
မင်္ဂလာပါ ခင်ဗျာ….
အဖိုးက ၂၀၀၃ မှာဆုံးပြီး၊ အဖွားက ၂၀၀၄ မှာ ဆုံးပါတယ်
ဘယ်သူမှ မမြင်ဘူးတဲ့ သူ့မျက်ရည်ကို အဖိုး ဆုံးမှ မြင်ရပါတယ်
စကား လှလှ မပြောတတ်တဲ့ အဖွားရဲ့ အသံတိတ် ကြေကွဲမှု ဟာ ရင်ဆို့စရာပါ
ဟုတ်ကဲ့၊ သူ မသိသွားပါဘူး
pooch
September 15, 2012 at 9:10 pm
တော်သေးတာပေါ့ ။ မသိသွားလိုုက်တာ။ ကြာတော့လည်း သံယောဇဉ်ကြီးပြီး ချစ်သွားတာနေမှာ။
နောက် တုန်တုန်ပြောတဲ့ဇာတ်လမ်းလေးကိုလည်း စိတ်ဝင်စားပါတယ်။ ပွဲတောင်းပါတယ် ဦးကျောက် ။ ရေးပေးပါ။ 😀
etone
September 15, 2012 at 8:42 pm
“လွဲ လွဲ လေးပဲ ကောင်းပါတယ် လို့” ဆိုလို့ …. အူးလေး …. လွဲတဲ့အကြောင်းလေးပါ အပိုင်းသုံးအနေနဲ့ ဆက်ရေးပါလားဟင် 😆 …. ကောင်မလေးက ဘရက်ပစ်နဲ့မှားပြီး အတင်းလိုက်ကြိုက်တဲ့ဇာတ်လမ်းလေးလေ … ခွိခွိ… အဖိုးနဲ့ အဖွားထက် အဲ့ဒါလေးက ပိုစိတ်ဝင်စားဖို့ကောင်းပါတယ် …. ။ တော်သေးတယ် …. စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့ .. တည့်တည့်တိုးမှ ရိပ်မိရတာ ကိုယ့်ညံ့လို့ … ဘဝနဲ့ မလဲလိုက်ရတာ ကံကောင်းလို့ …. အဟို ့ .. ဟို ့ … ခွိခွိ …. ။
ပိတ်သတ်ဂျီးက တောင်းဆိုလျှင် … ပြောများပြမလားမသိဘူး… ။ 😀
မောင်ပေ
September 15, 2012 at 9:37 pm
ငှီး .. တစ်ကယ်လို ့အပြင်မှာ ဦးကျောက်ခဲ နဲ ့တွေ ့ဖို ့အကြောင်းသင့်ခဲ့ရင်တော့ ၊ ဘောင်းဘီအတို ပွပွမျိုး ဝတ်တာ ရှောင်မှ ပဲ
ဟီဟိ
ဦးဦးကျောက်ရေ .. နောက်ထပ် စာမျက်နှာများစွာကို စောင့်မျှော်ဖတ်ရှုနေပါတယ်ဗျို ့
ဦး ကျောက်ခဲ
September 15, 2012 at 10:01 pm
ဖွသွားတဲ့ အဖွားလေး etone ၊ မယ် pooch ၊ ကိုပေ
မင်္ဂလာပါ ခင်ဗျာ….
အဖွားလေး etone
ပြောစရာလား! ကိုယ့် ခြေထောက် ကိုယ့်ဖာသာ သေနပ်နဲ့ ပစ်ရမဲ့ ဇတ်လမ်းကို!
မယ် pooch
ဟုတ်ပါတယ် ခင်ဗျာ၊ ဒါပေမည့် ဟို သူငယ်မလေး ပြောတာတော့ ဖြစ်နိုင်သေးဘူးဗျ။
ကိုပေ
အမြဲ Comment ပေးတာ တကယ် ကျေးဇူးပါ၊ စာရေးစေ ဖို့စိတ်ခွန်အား ရပါတယ်။
ဟီးဟီး၊ ကျွန်တော် လဲ လက်အိတ် စွတ်လာ ပါ့မယ်။
pazflor
September 16, 2012 at 1:32 am
ဦးကျောက်ခင်ဗျာ၊ အရေးအသားရော ဇာတ်လမ်းလေးပါ အရမ်းကောင်းပါတယ်။
လူတိုင်းတော့ ငယ်စဉ်မှာ အလွဲလေးတွေရှိကြမှာပါဘဲ…
ဦးဦးပါလေရာ
September 16, 2012 at 8:41 am
တကယ်တော့ ဒီအဖိုးနဲ့ ဒီအဖွားနဲ့မှ တကယ်လိုက်ဖက်တာဗျ…
ကိုကျောက်အဖိုးတော့ ကံကောင်းချင်လို့ မိန်းမအခိုးမှားတာလို့ပဲ ထင်မိပါတယ်။
ကျုပ်သတိထားမိတာတော့
စရိုက်တူသူချင်းယူကြရင်
သိပ်မတည့်ပေမယ့်
“အလုပ်ဖြစ်တယ်” ဗျို့……..
surmi
September 16, 2012 at 9:55 am
ပထမဆုံးရေးကတည်းကဖတ်ဖူးပါတယ် မမန် ့ဖြစ်ဖူးဦးကျောက်ရေ
အရေးအသားရော အဖိအဆွရောသိပ်ကောင်း
တကယ် ့ပရိုလက်ရည်ပါဘဲ ။ဒီတစ်ပုဒ်ဖတ်ပြီး နောက်တစ်ပုဒ်
တမ်းတနေမိပါတယ် ။ ဦးကျောက်စာရေးကောင်းတာ ပထမ
ပို ့စ်မှာကတည်းက ကိုအောင်ပု ချီးကျူးခဲ ့တာ သတိထား
မိပါတယ် ။ကိုပုကတော်ရုံ ချီးကျူးလေ ့မရှိတော ့ သတိထားဖတ်ဖြစ်
ပါတယ် ။ ရေးပြီးသမျှထဲမှာ ဒီတစ်သက်စာအလွဲများကို
အကြိုက်ဆုံးပါ။ ကျနော်ကတော ့ ဖွားမြစိန်ကို ကိုယ်ချင်း
စာမိပါတယ် ။ အဘိုးနဲ ့သူကချစ်သူတွေဆိုရင် ပေးဆပ်ခြင်း
ကအချစ်တဲ ့လားကွယ်လို ့ ပြောရမလိုပါဘဲ ။ဒီလစာမူဆု
အတွက် ဒီစာမူကို ဒီနေရာကနေ ဆန္ဒပြုပါတယ်ရွေးချယ်
ရေးအဖွဲ ့မှလူကြီးမင်းများခင်ဗျားးးးးးးးးးး
ဦး ကျောက်ခဲ
September 16, 2012 at 10:41 am
ကို pazflor ၊ ဆရာပါ ၊ အကို surmi
မင်္ဂလာပါ ခင်ဗျာ….
ကို pazflor
ခဏခဏ လွဲတတ်တဲ့ ကျွန်တော့် အတွက် ကိုရင့် မှတ်ချက်က ဖြေဆေးပါ ခင်ဗျာ။
ဆရာပါ
နတ်ဖက် တယ်လို့ပြောရမှာပါပဲ၊ သူတို့ မလွဲရင် မောင်ကျောက် လဲ အခုလို စာရေးနိုင်မှာ မဟုတ်၊
မတော် ဒေစီကျောက် ဖြစ်ရင် ဖြစ်နေမှာ ်း… 🙂
အကို surmi
ကျွန်တော် အကို့ ပို ့စ် တွေ မလွတ်တန်း ဖတ်ပါတယ်။
မန့် နိုင်လောက်တဲ့ အရည်အချင်း မရှိလို့ မမန့် တာပါ ခင်ဗျာ။
တကယ့်ကို လေးစားတယ်ဗျာ ……
အကို ဇတ်ရဲ့ မြှုပ်ကွက် ကို မြင်သွားတယ်
surmi
September 16, 2012 at 12:25 pm
ဘယ် ့နှယ်ဦးကျောက်ရယ်
ဦးကျောက်ရဲ ့ စာတွေ ကွန်မန် ့တွေဖတ်ပြီးကျနော်ကလေးစားနေရတာပါ။အစပြန်
ကောက်ရင် ပထမပို ့စ်မှာယဉ်ယဉ်လေးနဲ ့ နာနာနှက်သွားတာလေး သဘောကျသဗျာ
ကဲကဲထားပါ ဖိတ်ခေါ်ပါတယ် အတွေ ့အကြုံလေးတွေ ဝင်ပွားပေးဖို ့ ။ ခက်တာက
ကျနော်ကလည်း အပြောင်အနောက်တွေဘဲရေးမိနေတော ့ ဟဲဟဲအားလည်းနာတယ်
ဒါနဲ ့ ဒီဇတ်လမ်းလေးကို ဆက်ရေးစေချင်သေးတယ် ။ဖွားမြစိန်ရဲ ့ ဆိုဒ်ဘက်ကဘကျန်
နေသေးတယ်လို ့ထင်တယ် ။ သိပ်ချစ်ရတဲ ့ညီမနဲ ့သိပ်ချစ်ရတဲ ့ချစ်သူတို ့နှစ်ဦးဟာ
ကံဇတ်ဆရာရဲ ့ လှည် ့စားမှုမှာမြေဇာပင်ဖြစ်သွားခဲ ့ရပုံလေးပေါ ့။
အပူရုပ်ကိုဟန်လုပ် ပြေလည်ဖို ့အရေး ဝင်ဆွေးနွေးပေးရတာတမျိုး ။
မပိုင် မဆိုင်တော ့ပေမဲ ့ ချစ်ခဲ ့ရသူမို ့ ပြေလည်ကြဖို ့အရေး ရတက်မအေးရပုံ။
ဇတ်ဇတ်ကျဲ ညီမအတွက် စိတ်အေးခဲ ့ရပေမဲ ့ လူမသိသူမသိနှလုံးသားကိုလက်ဖွဲ ့ခဲ့ရပုံ
အဖွားမြစိန်ရဲ ့ အမှောင်ညတွေကို အလင်းရောင်ပေးတဲ ့ တူ တူမလေးတွေကိုသာ
အချစ်ပိုခဲ ့ရပုံ
ဘယ်သူမှမမှားခဲ ့ကြတဲ့ဇတ်လမ်းမှာ မိမိသာမှားယွင်းပြီးချစ်တတ်ခဲ ့လေသလားလို ့
ကိုယ် ့ကိုကိုယ် အပြစ်တင်ရင်း လောကဓံမြစ်အတွင်းမှာ အလံမလှဲ အံကိုခဲရပုံ
အစ်ကိုရေ
ကျနော်လည်းဖတ်ရင်းတွေးရင်း ညအထိပါသွားမယ်ထင်တယ်
ဆက်ရေးရန်ရှိသောဇတ်လမ်းဖြစ်နေလို ့ ဆက်ရေးပေးစေလိုပါကြောင်းးးးးးးးးး
ဦး ကျောက်ခဲ
September 16, 2012 at 6:58 pm
အကို surmi
မင်္ဂလာပါ ခင်ဗျာ….
ကျွန်တော်လဲ ဘဝ အမောတွေကြားမှာ ပေါ့ပေါ့ပါးပါး ပြောင်ပြောင် နောက်နောက် ပဲ ရေးချင်တာပါ ခဗျာ။
တကယ့် ဘဝမှာတော့ အဖိုးဟာ ပေးဆပ်သူသာ ဖြစ်ခဲ့တာမို့………!
kotun winlatt
September 16, 2012 at 11:16 am
ဦးကျောက်ရေ…တစ်သက်စာအလွဲဆိုလို့ ဆြာသမားရဲ့ အလွဲများလားလို့..အဖိုးရဲ့ အလွဲဖြစ်နေတာကိုးးဗျ..
မရဘူးးးကိုယ့်ခြေထောက်ကို သေနတ်နဲ့ ပစ်တဲ့ ကိုယ်တိုင်အလွဲလေးကို တောင်းးဆိုပါတယ်ဗျို့….တောင်းဆိုပါတယ်….တောင်းဆိုပါဒယ်….။
ဦး ကျောက်ခဲ
September 16, 2012 at 7:06 pm
ကိုထွန်းဝင်းလတ်
မင်္ဂလာပါ ခင်ဗျာ….
ဆြာ တို့ သိပ် တောင်းဆို ရင်လဲ၊ ခြေထောက်ကို မမှန်အောင် ပစ်ပါ့မယ်၊
Ju Jue
September 16, 2012 at 10:03 pm
အရမ်းကို ဖတ်လို့ကောင်းပါတယ် လေးလေးကျောက်ခဲရေ၊ နောက်ဆက်တွဲအပိုင်းတွေ ဆက်ရေးဖို့ တောင်းဆိုပါရစေ။ 🙂
ကြောင်ကြီး
September 17, 2012 at 7:46 am
ခင်စိန်ကို
ရှင်မလိမ်နဲ့
နင်နှိမ်တာငါသိ
ဖင်ဇိမ်ခါနာ၏
ခြင်ပိန်လာကွာစိ
မြင်ရှိန်တာသာဂိ
ဆင်လိမ္မာထှာသိ
လွင်တိမ်ပြာစာရှိ…။
Mon Kit
September 17, 2012 at 9:11 am
ဦးကျောက်ခဲရှင့်… ဖတ်ရတာ အရသာရှိလွန်းလို့ နောက်ဆက်တွဲ အလွဲလေးများ.. (သို့) ဦးကျောက်ခဲရဲ့ ငယ်စဉ်က အဖြစ်အပျက်လေးများကို ပြန်လည် မျှဝေခံစားချင်ပါတယ်…
ဦးကျောက်ခဲငယ်ငယ်က တော်တော်လေး ခြေသွက် လက်သွက်ရှိမယ်ထင်တယ်… 🙂
ဆက်လက်အားပေးနေအုံးမယ်နော်…
kyeemite
September 17, 2012 at 9:38 am
ဦးကျောက်ခဲခင်ဗျား၊ အရေးအသားရော ဇာတ်လမ်းလေးပါ အရမ်းကောင်းပါတယ်။
လူတိုင်းမှာ ဒီလိုမိသားစု ဆွေမျိုးဇတ်ထုတ်တွေရှိကြပေမဲ့ ရေးတတ်မှ ရသမြောက်တာပါ
ရသမြောက်စာလေးကိုအားပေးသွားပါတယ်။
Novy
September 17, 2012 at 11:46 am
ဦးကျောက်ရဲ့ အဖိုးအလွဲကတော့
တကယ့် တစ်သက်စာ အလွဲပါဘဲ
ဒါပေမဲ့ သစ္စာရှိရှိ အဖွားခင်စိန်နဲ့ ရိုးမြေကျသွားတဲ့အထိ
ပေးဆက်သွားတာကိုတော့ ချီးကျူးပါတယ်
ဦး ကျောက်ခဲ
September 17, 2012 at 12:11 pm
ကိုကြောင်ဝတုတ် ၊ Ju Jue ၊ ကိုကြောင်ကြီး ၊ Mon Kit ၊ ကို kyeemite ၊ မ Novy
မင်္ဂလာပါ ခင်ဗျာ….
ကိုကြောင်ဝတုတ်
အ ဟဲ၊ ဒါကတော့ လက်ဆော့တဲ့မြေး သူတို့ မွေးမိတာကိုး…:D
Ju Jue
တူမရေ ကျေးဇူးတင်ပါတယ်ကွယ်
ကိုကြောင်ကြီး
ကဗျောင် အတွက် ကျေးဇူးပါ……. 🙂
Mon Kit
တူမရေ၊ ဦးလေး က အခုအထိ လဲ လွဲ တုံး ပဲကွဲ့၊ နောက်များ ဖတ်ရမှာပါ… 😛
ကို kyeemite
ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ…. 🙂
မ Novy
သူလဲ နောက်တစ်ခါ လွဲမှာ စိုးလို့နဲ့ တူပါရဲ့!…:D
Ma Ei
September 17, 2012 at 12:40 pm
တစ်ကယ်ကို တစ်သက်စာလွဲတာပါလားနော်…
အရေးကောင်းမို့ ဘရာကြော်ပါ…
ဆက်ရေးပါနော်…
Tin Tin
September 17, 2012 at 4:21 pm
ကိုကျောက်ခဲရေ…
ပထမ post ကိုဖတ်ပြီးကတည်းက မန့်ချင်တာ စာရေးချိန်မရလို့ပါ… ဒါပေမဲ့ ဒုတိယ post ကိုတော့
စောင့်နေတာ… ကိုကျောက်ခဲက တကယ့်ကို စာအရေးကောင်းတဲ့ သူဘဲ..စာဖတ်ပြီး တခွိခွိနဲ့ရယ်နေရတယ်..
နောက်ထပ် ကိုယ်တွေ့အလွဲလေးများလဲ ဆက်ရေးပါအုံးလို့ ..
စောင့်မျှော်အားပေးနေပါ့မယ်….
ကြည်ဆောင်း
September 17, 2012 at 4:24 pm
ဦးကျောက် နဲ့ အဖိုးလေးတင်သိတာမကဘဲ ဖွားမြလဲ သိတယ်ထင်ပါရဲ့…
ရဲတစ်ဦးထဲ နဲ့ဇတ်လမ်းပြတ်သွားတဲ့ စစ်ဗျူဟာကတော့ဒီတစ်ခါဘဲကြားဖူးတာ
ဗဲဒီးဂွတ်ပါရှင်…
Shwe Ei
September 17, 2012 at 5:03 pm
အန်ကယ်ကျောက်ရေ ပို့စ်၂ခုလုံးဖတ်ရတာ စိတ်ချမ်းသာသလောက်
ဒုတိယပိုင်းရဲ့ဇာတ်သိမ်းခန်းက ရီရမလို ငိုရမလိုဖြစ်စေပါတယ်။ အန်ကယ်ကျောက်အရေးအသားကောင်းတာကြောင့်ပိုခံစားရတာပါ။
အားပေးလျက်
မရွှေအိ
လုံမလေး မွန်မွန်
September 17, 2012 at 5:51 pm
လေးကျောက်…
နှစ်ပုဒ်တည်းနဲ့တော့ ရပ်မယ်မကြံနဲ့နော်… အဖွားရဲ့ ဗက်ခွက်ကို သွားယူလိုက်မယ်… ဘာမှတ်လဲ…
ထုံးစံအတိုင်း မျက်နှာပိုးကြီး အတင်းသတ်ပြီး ဖတ်နေရတာ..ဘယ်ဘဝက ဝဋ်ကြွေးကြောင့်ပါလိမ့်… 🙄
ဘာပဲပြောပြော အဖိုးကလည်း အဖွားကို ချစ်သွားမယ် ထင်ပါတယ်… ဟုတ်တယ်ဟုတ်…
ဦး ကျောက်ခဲ
September 17, 2012 at 7:36 pm
Ma Ei ၊ Tin Tin ၊ ကြည်ဆောင်း၊ Shwe Ei ၊ လုံမလေး မွန်မွန်
မင်္ဂလာပါ ခင်ဗျာ….
Ma Ei
ဘရာကြော်သုပ်တော့ ကြိုက်ပါ့၊ ကျေးဇူး တင်ပါတယ် ခင်ဗျာ
နောင်လဲ အထုပ် ဆက်ဖြည်ဦးမှာပါ…… 🙂
Tin Tin
ရယ်ရတယ်ဆိုလို့ ဝမ်းသာ ပါတယ် ခင်ဗျာ။ ရယ်မောချင်းသည် အသက်ရှည်၏တဲ့….. 🙂
ကြည်ဆောင်း
ညီမရေ အဲဒီ့ရဲက သူတို့ အညှာကို သိသကွဲ့…… 🙂
Shwe Ei
မရွှေအိရေ ဇတ်လေးမှာစိုးလို့ ဖော့လိုက်တာ…..:)
လုံမလေး မွန်မွန်
တူမရေ၊ ဟုတ်ပါ့ဗျား ဝန်မခံကြတဲ့ အချစ်စစ်တွေနဲ့….. 😛
ကိုရင်မောင်
September 17, 2012 at 7:45 pm
ဦးကျောက်ခဲရေ အင်တာနက်လိုင်းပျက်နေတာ၅ရက်လောက်ရှိပြီ…
ခုမှပြန်ကောင်းတာပါ ပြန်ကောင်းလို့ရွာထဲဝင်လိုက်ယင်ဘဲ..
ဦးကျောက်ပို့စ်ကိုအပိုင်း နှစ် ကနေဝင်ဖတ်မိတာ..
ဟေဟေ့…အပိုင်းတစ်ကိုပြန်ဖတ်ရတဲ့ကိန်းကိုရောက်ရပါရောလား….
တော်တော်ကောင်းတဲ့ပို့စ်လို့ပြောခြင်သလို
ကော်မန်းတွေကလဲအရမ်းကောင်းပါ့….
တဦးခြင်းစီရဲ့ခံစားချက်လေးတွေရေးမပြပေမဲ့
ဖတ်ရတဲ့သူရဲ့ရင်ထဲမှာတော့ အတွေးနယ်ချဲ
ရယ်ရွင်ဖွယ် လွမ်းမောဘွယ် အပြည့် ပါ….
ဆက်လက်ရေးပါအုံးလို့တောင်းဆိုပါတယ်
ဦးကျောက်ခဲရေ…….
အရီးခင်လတ်
October 9, 2012 at 7:22 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
လူ့ဘဝဆိုတဲ့ ဇာတ်လမ်းရှည်ကြီးမှာ ကြုံတွေ့ရတာတွေဟာ တခါတလေမှာ ဆင်ထားတဲ့ ဇာတ်လမ်းတွေထက် ထူးဆန်းနေတတ်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဇာတ်မှာ ကိုယ်အဓိကဇာတ်ဆောင်ပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အဖွားရဲ့
(အဖိုးဆုံးမှ တွေ့ရတဲ့) မျက်ရည်ကို ကြည့်ပြီး ဘဝအလွဲကို တစ်သက်လုံးထိန်းထားရင်းနဲ့ အတွင်းစိတ်ထဲမှာ ဖြစ်လာတဲ့ သံယောဇဉ်ကို မြင်လိုက်ရပါတယ်။
စာရေးသူရဲ့ ရေးဟန်သွက်လက်ပြီး စာဖတ်သူကို ဆွဲခေါ်သွားနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။
ပြောရမယ်ဆိုရင် ဒီတစ်ပုဒ်ထဲအတွက်တင် မဟုတ်ပဲ ကျန်တဲ့ ပို့စ်တွေအတွက်ပါ တွဲပြီး အမှတ်ပေးဖြစ်သွားပါတယ်။
~~~~~~~~~~~~~~~~
သာမာန် အဖိုးကြီး၊ အဖွားကြီး မတဲ့အတူနေ ဇာတ်လမ်း လေးပေမဲ့ တလျှောက်လုံး စွဲဆောင်မှု အပြည့် ရှိခဲ့တဲ့အပြင် ဇာတ်သိမ်း လေးမှာ ဟာ ကနဲ ဖြစ်ခဲ့ရတဲ့ အလှည့် လေးကို ခံစား မိသွားတာမို့ ဒီ Post ကို တတိယ အကြိုက် အဖြစ် ရွေးပါတယ်။
http://myanmargazette.net/148627/creative-writing
(ပထမပိုင်းကိုပါ တွဲဖတ်ကြပါ)
ဦး ကျောက်ခဲ
October 9, 2012 at 7:30 pm
အောင်မလေး အရီးရယ်….
အနောက်ကနေ မနဲ မာရသွန် လိုက်ဖတ်ယူရတယ်…..
အရီးတို့ များ တော်ချက်! “မိန်းမလှကျွန်းသူ” လို့ မပြောရဘူး!
အကွက်စေ့ ချက်ကတော့ ဆလံဘဲ! ကွန်မန့်တွေကို ကြိုရေးပြီး တစ်ပုဒ်ချင်း Cut & Paste လုပ်သွားတယ်!
အရီးခင်လတ်
October 9, 2012 at 7:50 pm
သင်းကျူးပါ ကိုကျောက်ရေ။ ဟိဟိ။
ကျွန်မတို့ အချိန်ကျ မိန်းမလှကျွန်း က ဘီလူးမကျွန်း အဖြစ်ပြောင်းခဲ့ပြီ။ :kwi:
ခင်ဇော်
April 13, 2015 at 3:38 pm
ဟမ်မလေးးး
ဖတ်ရင်း ရီလိုက်ရတာ။
ရေးတတ်ပါ့။
မြစပဲရိုး
April 13, 2015 at 3:44 pm
. ကျောက်စ် သမိုင်း တူး သူ ဒေါ်ကေဇီ
ဒီ ပို့စ် ကို ရော ဖတ်ပြီးပြီလား။
တစ်ချိန်လုံး ရီ လာမိ တာ တွေ ကို နောက်ဆုံးမှာ ငိုင်ကျ သွားစေ တဲ့ အဖွဲ့ ကွဲ့။
ပြန်ဖတ်ပြီး ကိုကျောက် အရေးတွေ အတွေး တွေကို ပြန် လွမ်း သွားတယ်။
ရွာ ကို ပစ် မထား ဘဲ တစ်ပုဒ် လောက် အသစ် တင်ပါဦး။
အိပ်ပျက်ည တွေ နဲ့မို့ အားတော့နာပါရဲ့။
အချိန်လေးများ မျှနိုင်ခဲ့ချိန်ပေါ့။
ဦးကျောက်ခဲ
April 14, 2015 at 8:58 am
အချိန်ကတော့ သိတဲ့အတိုင်းပဲ အရီးရေ…
ညဆို လူလဲနဲ့ ဝီလီလေးကို နို့တိုက် Diaper လဲ… ၂-နာရီခြား ၁-ခါ…
မနက် ၅-နာရီခွဲ နို့တိုက်ပြီးရင် … ထမင်းချက် ဘရိတ်ဖတ်ပြင်…
နေ့လည်စာအတွက် ချက်ထားတာတွေကို ရေခဲသေတ္တာထဲကထုတ်…
ရုံးသွား … ညနေ ရုံးပြန်ရင် ဈေးဝယ် ၊ မုန့်တွေဝယ် ၊ ဟင်းချက်…
ဇယ်စက်သလိုပဲ… ဒါပေမည့် မိသားစု ဘဝကို ပျော်ပါတယ်ခီည…
မပျော်လည်း… ထွက်ပြေးလို့မှ မရတာ …. ဟီ ဟိ
:k:
လုံမလေးမွန်မွန်
April 14, 2015 at 2:51 pm
အွန့်.. မပျော်လည်း ထွက်ပြေးလို့မှ မရတာတဲ့. အာ့ ဘာဂျီးဒုန်း… :k:
uncle gyi
April 14, 2015 at 10:48 pm
ဒါကြောင့်နဖူးမှာဖူးစာရေးထားပါတယ်လို့