ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ

ရာဇသံရွှေပေ (၁၇၅၆၊ မေလ ရရက်)
(ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရွှေသဝဏ်လွှာ)

သက္ကရာဇ် ၂ဝဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr. Friedrich Hulsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာဂျက်၊ပီ၊လိုင်ဒါ  ထံအကူအညီတောင်းခံလာခဲ့သည်။ Dr. Friedrich Hulsmann ၏အီမေးလ်နှင့် တွဲလျက်ပါသော ရွှေသဝဏ်လွှာဓာတ်ပုံကြောင့် လက်ရေးစာသားများကား အိန္ဒိယစာပေ မဟုတ်ဘဲ မြန်မာစာပေဖြစ်နေကြောင်းကို ဒေါက်တာလိုင်ဒါ ရှင်းလင်းစွာတွေ့လိုက်ရ၏။ ၂ဝဝရ ခု၊ ဧပြီလတွင် ဟန်နိုဗာမြို့သို့ ဒေါက်တာလိုင်ဒါ မဖြစ်မနေရောက်လာခဲ့သည်။ Ms IV 571a ဟုသာ မှတ်တမ်းတင်ထားခဲ့သော ထိုရွှေသားအစစ်ရွှေပေလွှာသည် ရှင်ဘုရင်အလောင်းမင်းတရားမှ ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ ပေးပို့တော်မူသော မူရင်းရာဇသံစာလွှာ ဆိုသည်ကို ဒေါက်တာလိုင်ဒါ တွေ့ရှိလိုက်ရပြီတည်း။

ရွှေအစစ်ဖြင့်ခတ်ထားသော ရွှေပြားထက်တွင် ပြစ်ချက်မရှိ စီစီရီရီရေးထွင်းထားသော မြန်မာစာလုံးများကို ပတ္တမြား ၂၄လုံးဖြင့် တန်ဆာဆင်ယင်ထားပြီး သေသပ်လှပစွာ ပုံဖော်ထားသော ဖောင်းကြွဟင်္သာပုံ ရှင်ဘုရင့်တံဆိပ်တော် ခတ်နှိပ်ထားသည့် ဤရာဇသံရွှေလွှာ။ သမိုင်းကြောင်းထဲမှ ပစ္စည်းတစ်ခု။ ပြိုင်စံကင်းသော၊ သာမန်မဟုတ်သော၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသာလက်ကျန်ရှိနေနိုင်သည့် မြန်မာ့ရွှေသဝဏ်လွှာ။

ဒေါက်တာလိုင်ဒါ သမိုင်းကိုလှန်ရပြီ။ မင်းဆက်အသစ်တစ်ခုကို အုတ်မြစ်ချနေသော အလောင်းမင်းတရားကို သမိုင်းကြောင်းထဲမြင်လိုက်ရသည်။ ဒေါက်တာလိုင်ဒါ၏ ဆက်လက်လုပ်ဆောင်မှုသည် ထိုတစ်ခုတည်းသော သဝဏ်လွှာ၏ အနုစိတ်နောက်ခံရာဇဝင်တင်မက သံတမန်ဆိုင်ရာ သမိုင်းကြောင်းကိုပါ လေ့လာခြင်းဖြစ်သည်။ သဝဏ်လွှာ၏ရှေးကျသော၊ အနုပညာအရည်အသွေးပြသော၊ သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ဝိသေသလက္ခဏာ များကို ဒေါက်တာလိုင်ဒါသည် ထောင့်ပေါင်းစုံမှလေ့လာခဲ့သည်။

ပညာရှင်တစ်ဦး၏ အားထုတ်မှုကြောင့် မြန်မာ့သမိုင်းကြောင်းကိုလွှမ်းမိုးခဲ့သော ကိုလိုနီရေးသားချက်တို့၏  အမွေကို ပြောင်းပြန်လှန်နိုင်ခဲ့လေပြီလား။  ဒေါက်တာလိုင်ဒါသည် ဒီဂျီအီးဟော၏ ဩဇာကြီးသော သမိုင်းမှတ်တမ်းစာ အုပ်များမှသည် Alexander Dalrymple ၏ ‘အရှေ့တိုင်းမာတိကာ’၊  ဂျီအီးဟာဗေး၏ သမိုင်းစာအုပ်များ၊ မျိုးချစ် စိတ်ဓာတ်ပြင်းထန်သော ဒေါက်တာထင်အောင်၏သမိုင်းစာအုပ်များ၊ ဂျော့ဘုရင်-၂ ထံရာဇသံစာ၏ စာသား အပြည့်အစုံကို ကိုးကားခဲ့သော နောက်ဆုံးစာရေးဆရာ သန့်မြင့်ဦး၏  ‘ The River of Lost footsteps (ခြေရာပျောက်မြစ်)” အထိ မြန်မာ့သမိုင်းကြောင်းကို ဒိုးလိုမွှေရေလိုနှောက်ကာ စာတမ်းတစ်စောင်ကို ပြုစုနိုင်ခဲ့သည်။ စာမျက်နှာ ၁၄၁ မျက်နှာပါသော ထိုစာတမ်းကို ၂ဝဝ၉ ခုနှစ်တွင် ရေးသားပြုစုခဲ့၏။
         သမိုင်းတန်ဖိုးကြီးမားသော ရာဇသံရွှေပေ။
မြန်မာ့သမိုင်းကြောင်းအတွက် ကျေးဇူးကြီးသော ပညာရှင်တစ်ဦး၏ အစွမ်းကုန်လေ့လာအားထုတ်မှု။

နောက်ခံသမိုင်း
မြန်မာ့သမိုင်းတွင် အခြားသောမင်းများနှင့်မတူဘဲ ပြင်းထန်သောဇာတ်ကြောင်းဖြင့် မြန်မာပြည်တွင် အလောင်း မင်းတရား ထီးနန်းစိုက်တည်ခဲ့ပုံသည် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အခြားသောမင်းများက ထီးနန်းဆက်ခံခြင်းဖြင့် မင်းပြုခဲ့သော်လည်း အလောင်းမင်းတရားသည် မိမိဖာသာဖန်တီးထူထောင်ခဲ့ရသည်။ တိုက်ရေးခိုက်ရေးနှင့် သံခင်းတမန်ခင်းတို့တွင် မွေးရာပါ ပါရမီပါလာသော အလောင်းမင်းတရားသည် ရွာတစ်ရွာ၏ သူကြီးအဆင့်မှနေ၍ တဖန်ပြန်လည်အသက်ဝင်လာသော မြန်မာပြည်ထီးနန်း၏ ပလ္လင်ပေါ်လှမ်းတက်နိုင်ခဲ့သူဖြစ် သည်။

အလောင်းမင်းတရားအား မြန်မာ့ထီးနန်းပလ္လင်ပေါ်သို့ တွန်းပို့ခဲ့သည့်အရေးတော်ပုံသည် ၁၇၅၂ ခု၊ဧပြီလဆန်း တွင် စတင်ခဲ့သည်။ မွန်တို့သည် အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ကာ မြန်မာဘုရင် မဟာဓမ္မရာဇာဓိပတိ ကို နယ်နှင်ဒဏ်ပေးပြီး နောက်တစ်လအကြာ၌ မုဆိုးဘိုရွာသူကြီးအောင်ဇေယျကို သစ္စာပေးလာသော် ဦးအောင် ဇေယျသည် သစ္စာမခံ။ ဦးအောင်ဇေယျသည် မွန်တို့နှင့် တစ်နှစ်ခန့်ကြာအောင် စစ်ပြုခဲ့ရသည်။ သို့သော် သူနှင့်စစ်မက်ဖက်ပြိုင်သူများသည် မွန်စစ်သည်များချည်းသာ မဟုတ်ဘဲ ဒေသခံမြန်မာခေါင်းဆောင်များနှင့် နိုင်ငံရေးဟာကွက်အပေါ် အခွင့်အရေးယူရန် အရှေ့ဘက်တောင်ကုန်းများဆီမှ ဆင်းလာသူ ကွေ့ရှမ်းများလည်း ပါသည်။ ဦးအောင်ဇေယျသည် မွန်ဘုရင်ကိုတိုက်ထုတ်ရန် အောက်ဘက်တစ်လွှားကို တိုက်ပွဲများ ရွပ်ရွပ်ချွံချွံ ဆင်နွှဲခဲ့ကာ ရှမ်းနှင့်မဏိပူရကို ကြီးစိုးနိုင်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံ ယိုးဒယားကိုပါ သိမ်းလိုခဲ့ခြင်းသည် အာ ဏာတပ်မက်စိတ်က လောင်စာထိုးပေးလိုက်သော ရည်ရွယ်ချက်ကြောင့်မဟုတ်။ သူ့ခေတ်သူ့အခါအလိုက် နိုင်ငံ ရေးယှဉ်ပြိုင်ဘက်များ သို့မဟုတ် သဘာဝဓမ္မအတိုင်းဖြစ်လာသော ရန်သူတော်များဟု သူကမြင်ခဲ့၍ဖြစ်သည်။

အလောင်းမင်းတရား၏ ထူးချွန်ပြောင်မြောက်သော နိုင်ငံရေးစွမ်းရည်သည် သူ၏လက်တွေ့ကျမှုထဲတွင် ပြသနေခဲ့သည်။
၁၇၅၂ ခု၊ဧပြီလဆန်းမှ ၁၇၅၄ ခုဧပြီလကုန်ထိ အလောင်းမင်းတရား၏ တပ်အင်အားများသည် မုဆိုးဘို၏အနောက် ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်ကို အချင်းဝက်ကီလိုမီတာ ၁၅ဝ အထိဖြန့်ကျက်နိုင်ခဲ့သည်။ မုဆိုးဘိုရွာ သည် နောင်သော်အလောင်းမင်းတရား၏ နန်းစိုက်ရာမြို့တော် ရွှေဘို ဖြစ်လာသည့် သူ၏မွေးဖွားရာဇာတိပင်တည်း။

၁၇၅၄ ခု၊ဧပြီလတွင် အလောင်းမင်းတရားလက်ထဲသို့ အင်းဝမြို့ကျသွားသောအခါ မွန်တို့သည် စစ်ရုံးပြီး ချင်းတွင်းမြစ်အတိုင်း ရေကြောင်းချီကာ အလောင်းမင်းတရား၏ ဗဟိုချက်မဒေသထဲဝင်လာသည်။ သီလခူရွာအနီးမှ ရေကြောင်းတိုက်ပွဲသည် ဒေသတွင်းစစ်မက်ရေးရာတွင် တိကျပြတ်သားသော အလှည့်အပြောင်းတစ်ရပ်ဖြစ်ခဲ့သည်။သီလခူအောင်ပွဲကြောင့် မြန်မာပြည်အလယ်ပိုင်းမှ မွန်တို့ကိုတိုက်ထုတ်နိုင်ခဲ့ပြီး အလောင်းမင်းတရားအပေါ် အာခံခြင်းများစဲသွားခဲ့သည်။ ဧရာဝတီမြစ်ဝှမ်းတောင်ဘက်ပိုင်းသို့ အသွားလမ်းပွင့်သွားခဲ့သည်။

၁၇၅၄ ခု၊စက်တင်ဘာတွင် မွန်တို့သည် ပြည်မြို့၌ ကြံ့ကြံ့ခံရန်စတင်လုပ်ဆောင်ရာမှ အဆုံးအဖြတ်ပေးသော တိုက်ပွဲသည် ၁၇၅၅ ခု၊ဖေဖော်ဝါရီ ၆ရက်မှ ၉ရက်အတွင်းဖြစ်ပွားခဲ့ပြီး အလောင်းမင်းတရား၏တပ်များ အောင်ပွဲဆွတ်ခြင်းဖြင့်ပွဲသိမ်းခဲ့သည်။ ယခင်တိုက်ပွဲများထက် တမူထူးသည်မှာ ပြည်ကိုသိမ်းပိုက်ခြင်းသည် အလောင်းမင်းတရား ရာဇပလ္လင်တက်တော်မူရန် မလုပ်မဖြစ်သောအချိန်အခါကို အမှတ်ထင်ထင် ဖြစ်စေခဲ့သည်။

၁၇၅၅ ခု၊မတ်လတွင် ဧရာဝတီမြစ်ဝှမ်းဒေသ’လွန်ဆေး’မြို့ကို ရောက်သောအခါ လျင်မြန်စွာအောင်တော်မူခြင်း ‘မြန်အောင်’ဟုမြို့အမည် ပြောင်းလဲသမုတ်တော်မူသည်။ ၁၇၅၅ ခု၊ဧပြီလလယ်တွင် ‘ဒဂုံ’ သို့ချီကာ မြို့သစ်တည်ပြီးလျှင် ‘ရန်ကုန်’ ဟုသမုတ်တော်မူသည်။ ဒဂုံ သို့မဟုတ် ရန်ကုန်သည် မွန်တို့၏ခြေကုပ်စခန်းဖြစ်သော အလွန်ခိုင်ခံ့လုံခြုံသည့် သံလျင်ဆိပ်ကမ်းမြို့နှင့် မျက်နှာချင်းဆိုင်ရှိနေသည်။ ရန်ကုန်မြို့သစ်တည်ခြင်းသည် တီထွင်သူတစ်ဦး၏ ထက်မြက်လှသောဉာဏ်ပညာကို ဖော်ပြနိုင်ခဲ့သည့် ရဲတင်းသောပဏာမခြေလှမ်းပင်တည်း။ သံလျင်မြို့၏ ကုန်သွယ်အမွေကိုဆက်ခံရန် သံလျင်ကိုသိမ်းပိုက်ပြီးချိန်ထိ စောင့်မည့်အစား အလောင်းမင်းတရားသည် ဆိပ်ကမ်းမြို့တစ်မြို့ကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။

၁၇၅၅ ခု၊မတ်လတွင် အလောင်းမင်းတရားသည် သံအဖွဲ့တစ်ဖွဲ့အား မွန်နယ်သတ်လိုင်းကိုဖြတ်ပြီး ပုသိမ် အရောက်စေလွှတ်လိုက်ကာ ဟိုင်းကြီးကျွန်းမှ ဗြိတိသျှအရာရှိနှင့် ဆက်သွယ်ခဲ့သည်။ ဟင်နရီဘရွတ်ခ်၏ ခင်ခင် မင်မင်တုန့်ပြန်မှုကြောင့် ဇွန်လတွင် ဒုတိယအကြိမ်မစ်ရှင်အဖွဲ့ စေလွှတ်သည်။ ထိုအချိန်တွင် ပုသိမ်မြို့သည် မြန်မာတို့၏အုပ်ချုပ်မှုအောက်၌ အပြည့်အဝရှိနေပြီ။ မြန်မာဘုရင်သည် လက်နက်ခဲယမ်းမီးကျောက်များကို အချိန်မဆိုင်းဘဲဝယ်ယူလိုပြီး အပြန်အလှန်အားဖြင့် ကုန်သွယ်ရေးအခွင့်ထူးများ သက်ညှာထောက်ထား တော်မူကြောင်းကို ပြသသောအခါ ဗြိတိသျှတို့သည် မင်းတရားကြီး၏ရွှေနန်းတော်သို့ သံအဖွဲ့စေလွှတ်ရန် စိုင်းပြင်းရတော့သည်။

၁၇၅၅ ခု၊ဇွန်လကုန်တွင် အလောင်းမင်းတရားသည် သူ၏နေပြည်တော်အသစ်ဖြစ်သော ရွှေဘိုသို့ဆန်တော်မူကာ အုပ်ချုပ်ရေးပိုင်းကိစ္စများကို စီရင်တော်မူသည်။ ၁၇၅၅ ခု၊နိုဝင်ဘာတွင် ယခင်နန်းကျဘုရင်၏ ဝန်ကြီးမှူးကြီးများ ကို မင်းတရား၏နန်းတွင်းထဲ နေရာခန့်ထားသည်။ ၁၇၅၆ ခု၊ဇန္နဝါရီတွင် တောင်ဘက်မှတိုက်ပွဲသစ်များအတွက် ကြိုတင်ပြင်ဆင်တော်မူသည်။ မွန်တို့ဘက်ပြောင်းလာစေရန် မင်းတရား၏သားတော်များက စာချွန်လွှာများ ကြော် ငြာစာများသုံး၍ ကောလာဟလစစ်ဆင်ရေးကို စတင်သည်။ ဖေဖော်ဝါရီလတွင် ရဲမက်တော်ငါးသောင်းခန့်နှင့် ချီလာရာ တစ်လခန့်အကြာတွင် ရန်ကုန်သို့ရောက်သည်။
အင်္ဂလိပ်အရှေ့အိနိ္ဒယကုမ္ပဏီနှင့် အကျိုးကျေးဇူးဖြစ်ထွန်းသော ပတ်သက်ဆက်နွယ်မှုကို အလောင်းမင်းတရားကြီး မျှော်လင့်ချက်အချို့ထားခဲ့သေးသည်။ ကုန်သွယ်ရေး၊ အခြေချနေထိုင်ရေးတို့နှင့် ပတ်သက်သော အင်္ဂလိပ် တို့၏မြောက်များစွာသော တောင်းဆိုချက်များကို အလိုဖြည့်တင်းပေးရန် မင်းတရားကြီးဆန္ဒရှိတော်မူသည်။ သို့ရာတွင် အင်္ဂလိပ်တို့နှင့် ပတ်သက်ဆက်သွယ်ခြင်းဖြင့် အလွန်ဆုံးရရှိခဲ့သည်မှာ သေနတ်အမြောက် ခဲယမ်းမီးကျောက် မဆိုစလောက်ကို ကုမ္ပဏီ၏လူများက မင်းတရား၏တပ်မှူးဗိုလ်မှူးများအား ရောင်းချခြင်း၊ သို့မဟုတ် အင်္ဂလိပ်တို့က မင်းတရားထံ အခစားဝင်သော် လက်ဆောင်ပဏ္ဍာအဖြစ်ဆက်သခြင်း- ထိုမျှသာ။

သံလျင်ကို လက်ရသိမ်းပိုက်ခြင်းအတွက် ၁၇၅၆ ခု၊ဧပြီလမှ ဇူလိုင် ၁၃ရက်ထိ အချိန်ယူပြီး နောက်ဆုံးတွင် သံလျင်သည် မင်းတရားလက်ထဲကျခဲ့သည်။ သံလျင်ကျခဲ့ပြီးနောက် မြန်မာရဲမက်တော်များသည် မွန်တို့ကို အရပ်အဆိုင်းမရှိ လိုက်တိုက်ခဲ့ကြသည်။ ၁၇၅ရ ခု၊မတ်လဆန်းမှစ၍ အရံအပိတ်ဝန်းရံထားခြင်းခံရသော ပဲခူးမြို့တော် သည် မေလ ၁၂ရက်တွင် ကျခဲ့သည်။ မွန်တို့၏တိုင်းပြည်အတွင်းမှ မုတ္တမကဲ့သို့သောဒေသများလည်း သစ္စာခံ ခိုဝင်လာသည်။ အောက်မြန်မာပြည်စစ်ပွဲ အဆုံးသတ်သွားပြီးနောက် အလောင်းမင်းတရားသည် မြန်မာပြည် ဗဟိုချက်မဒေသများ၏ ပြိုင်ဘက်ကင်းရှင်ဘုရင်ဖြစ်လာခဲ့ချေပြီ။

ပဲခူးကျပြီး တစ်လအကြာ၊ အလောင်းမင်းတရားသည် ဟိုင်းကြီးကျွန်းမှ ဗြိတိသျှဦးစီးမှူးကို ရှေ့တော် မှောက်ဆင့်ခေါ်သောအခါ ထိုလက်စတာသံအဖွဲ့မှတဆင့် အရှေ့အိန္ဒိယကုမ္ပဏီသည် စာချုပ်တစ်စောင်ချုပ်ဆိုရန် မင်းတရားကြီးအားဆွယ်ခဲ့သည်။ မြန်မာ့ကုန်သွယ်ရေး ပြန်လည်ဦးမော့စေဖို့အတွက် အရှေ့အိန္ဒိယကုမ္ပဏီသည် ထည့်ဝင်ဖြည့်ဆည်းပေးလိမ့်မည်ဟု အလောင်းမင်းတရားကြီး ယုံကြည်ချက်ရှိနေသည်။

 

26 comments

  • ဝင့်ပြုံးမြင့်

    September 24, 2012 at 11:30 pm

    တန်ဖိုးမဖြတ်နိုင်တဲ့ စာတမ်းတစ်စောင် ဖြစ်ပါတယ်ရှင်။ အပိုင်း ၆ ပိုင်းလောက် ရေးရပါမယ်။ စိတ်တိုင်းကျရေး မယ်ဆိုရင် ၁ဝ ပိုင်းကျော်သွားနိုင်ပြီး ဖတ်ရတဲ့သူတွေ အီသွားမှာ စိုးမိပါတယ်။ အပိုင်းအားလုံးဖတ်ပြီးသွားရင် ဇာတ်ရည်လည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကွင်းဆက်ပြတ်သွားတဲ့နေရာများရှိရင် ထောက်ပြကြပါ။

  • surmi

    September 24, 2012 at 11:41 pm

    တစ်ခုလောက်မေးဦးမယ် အစ်မရေ
    ရွှေပေလွှာနဲ ့ပတ်သက်ပြီးပြုစုထားတဲ ့ စာအုပ်နာမည်က
    ဘာတဲ ့လဲ ။ ဘယ်မှာဝယ်လို ့ရနိုင်မလဲ ပြီးတော ့
    မြန်မာပြန်ရောထွက်ပြီလား ။
    မေးတာတွေများသွားပြီ ။ ကျနော်စိတ်ဝင်စားလို ့ပါ ။

    • surmi

      September 24, 2012 at 11:46 pm

      ဆောရီးအစ်မရေ
      ကျနော်ဖတ်ပြီးရေးနေတုန်းက အစ်မကွန်မန် ့မတက်သေးလို ့
      ခုတော ့ပေါက်သွားပြီ။
      အစ်မရေးတာပဲ အေးအေးဆေးဆေးစောင် ့ဖတ်တော ့မယ်
      ကျေးကျေး
      :harr:

  • မောင်ပေ

    September 25, 2012 at 12:15 am

    မဝင်းပြုံးမြင့်ရေ
    သန့်မြင့်ဦး ရေးတဲ့ စာအုပ်ဟာ သမိုင်းတွေကို သူပြင်ချင်သလို ပြင်ထားပါတယ်

    • အရီးခင်လတ်

      September 25, 2012 at 3:25 am

      မောင်ပေရေ

      အဲဒါ က တစ်ဖက်သတ် အပြော၊ အမြင်ပါ။
      သမိုင်းကို လုံးဝ မကျွမ်းကျင်ဘူးထင်ရတဲ့ သူတစ်ယောက်က ပြန်ထားတဲ့ စာတွေ ကို ဝေဖန်နေတာမို့ မောင်သွေးချွန် ဆိုတဲ့သူ ဝေဖန်တာလဲ မမှန်ပါဘူး။
      ကိုယ်ကလဲ သမိုင်းပညာရှင်မဟုတ်တော့ (ဦး)သန့်မြင့်ဦး ပြောတာ မှန်ကြောင်း ထောက်ခံ သက်သေမပြ နိုင်ပေမဲ့ သူရေးထားတာ က ကိုယ့်လူမျိုး တွေ ရဲ့ သမိုင်း ကို သူများတွေ မြင်တာကို စုစည်း ပြထားတာမို့
      အင်မတန် တန်ဖိုးရှိတယ်လို့ တော့ ပြောနိုင်ပါတယ်။
      ကြုံရင် ရှင်းပြနိုင်ဖို့ အချက်တွေ စုနေဆဲမို့ပါ။

      သူများရှုဒေါင့် မှာ ကိုယ်ဘာဖြစ်နေလဲ ဆိုတာ သိမှ ကိုယ့်အနာဂါတ်သမိုင်းကို ပိုကောင်းအောင်ပြင်နိုင်မယ် ဆိုတဲ့ Open Mind နဲ့လဲ သမိုင်း ကို လေ့လာသင့်ပါတယ်။
      မဟုတ်လို့ ကတော့ မောင်းသွေးချွန် လို စစ်အစိုးရကြိုက် ရေးထားတဲ့ (ပြင်ထားတဲ့) သမိုင်းကိုမှ အဟုတ်ကြီး ထင်နေဦးမယ်။ (sorry ပါ)

      မပြုံးရေ မဆိုင်တာတွေ ဝင်ရှုပ်နေလို့ စောဒီးနော်။
      နောက်ဆက်လာမှာတွေကို စိတ်ဝင်စားစွာ စောင့်ဖတ်နေပါမယ်။
      ကျေးဇူးပါနော်။

      သမီးလေး မျက်စိ ရော သက်သာသွားပြီလား။
      လုံးဝ ကောင်းသွားပါစေလို့ ဆုတောင်းပေးပါတယ်။
      ဒီခေတ်မှာ ဆေးပညာ ကလဲ တိုးတက်တာ အလွန်မို့ သမီး မျက်လုံးလေး ပိုကောင်းလာမှာ လို့လဲ ယုံကြည်ပါတယ်။

    • pooch

      September 25, 2012 at 2:35 pm

      ကပေရေ သမိုင်းကို သူပြင်ချင်သလို ပြင်ထားတယ်တဲ့လား ကိုယ်တိုင် ဖတ်ပြီးပြီလားဟင်
      အံ့ရော အံ့ရော 😆

      စကားစပ်လို့ ပြောရရင် ဟိုဘက်က ပြန်လာတဲ့သူငယ်ချင်း ညည်းသွားတာလေး။
      ဟားဗတ်က MBA ကိုတက်မယ်ဆိုရင် experience က ၈ နှစ်တောင်းပါတယ်တဲ့။

      စလုံး MBA ဆိုရင် တော့ experience ၂ နှစ်လောက်နဲ့တက်လို့ရပါသတဲ့။ ငါတို့ဆီမှာတော့ mini MBA ဆိုပြီး လပြတ်နဲ့ကြော်ငြာထောင်ထားတာတောင် တွေ့ဖူးပါတယ်။ ဘာမှလည်း မလိုဘူးပြောတယ်။ ဒါက MBA ပဲ ရှိသေးတယ်နော်။ :mrgreen:

      ဦးသန့်မြင့်ဦးက ဟားဗတ်က ဘွဲ့ရပြီး ကမာ္ဘတန်းအဆင့် မှာ လက်ရှိ နံပါတ် ၆ နေရာမှာ ရှိတဲ့ ကိန်းဘရစ် တက္ကသိုလ်ကနေ သမိုင်းနဲ့ Ph.D ယူခဲ့တာပါ။ ဒီလိုလူမျိုးက သမို်င်းကို သူပြင်ချင်သလို ပြင်သတဲ့လားကွယ် 😆

      ဟိုးအရင် သမိုင်းဆရာ အဆက်ဆက် နိုင်ငံရဲ့ သမိုင်းအထင်ကရ တခုဖြစ်တဲ့ ပျူလူမျိုးကချေသည်တွေရဲ့ အကြောင်းကို တို့နို်င်ငံရဲ့ သမိုင်းသုတေသီများ ဘယ်ကကိုးကားခဲ့ရတယ်ထင်လို့လဲ ဟင်။ ချိုင်းနားဘက်က ဧည့်သည်တော်မှတ်တမ်းမှာ ရေးသားထားခဲ့တဲ့ ချိုင်းနားကျမ်းတစောင်ကနေ သိခဲ့ရတာပါ။

      အဲ့လိုပါပဲ ဒီစာအုပ်က ကိုယ်တွေနဲ့ လက်လှမ်းမမှီတဲ့ ကျမ်းပေါင်းများစွာကို ကိုးကားပြီး ရေးခဲ့တာပါ။ ဒါကြောင့်မို့ အရင့်ရောင် မှတ်တမ်းက သမိုင်းရီသံကို ဖတ်တော့ တိုက်ဆိုင်လိုက်တာလို့ ပြောခဲ့တာပါ။

      ကာလမသုတ်လေးကို လက်ကိုင်ထားပြီး ပြောစေချင်ပါတယ်။ အခြေအမြစ်မရှိတဲ့ စကားတွေကို မယုံပါနဲ့ဟယ်။ ဝေဖန်ထားတဲ့ မောင်သွေးချွန် စာအုပ်လည်း ဖတ်ပြီးပါပြီ။ ဒီစာအုပ်လည်း ဖတ်ပြီးပါပြီ။

      ရာဇဝင်ဆိုတာ ဒုတ်ထမ်းဓားဆွဲပြောလေ့ရှိတာမို့ ကိုယ်တိုင်လည်း ဘာမှ မသိလို့ မပြောဝံ့ မဝေဖန်ဝံ့ပါဘူး ။ ဒါပေမဲ့
      မောင်သွေးချွန်စာအုပ်ထဲက တချို့လေသံတွေကို ဖတ်ရတော့ ဘာမဆိုင် ညာမဆိုင်
      အငုံ့စိတ်ဆိုတဲ့ စကားလုံးကို သတိရမိတယ် 😆

      အမပြုံးရေ ခွင့်လွှတ်ပါနော်။ ပိုစ့်နဲ့ မဆိုင်ပဲ ပြောမိသွားလို့ပါ။

      အမဘာသာပြန်ထားတဲ့ ခုစာအုပ်လေး ထွက်ပြီဆိုရင် ဆက်ဆက်လေး သတင်းပေးစေချင်ပါတယ်။ ဝယ်သိမ်းချင်လို့ပါ။ နောက်အပိုင်းတွေလည်း မျှော်နေပါတယ်။

  • ကိုရင်မောင်

    September 25, 2012 at 5:59 am

    ဆရာမဝင့်ပြုံးမြင့်ခင်ဗျာ စိတ်ဝင်စားဘို့ကောင်းတဲ့သမိုင်းကြောင်းစာတန်းကို…
    ပြည့်ပြည့်စုံစုံလေးရေးပေးစေချင်ပါတယ်…အပိုင်းများယင်များပါစေ
    ခလေးတွေဖတ်စေချင်လို့ print ထုတ်သိမ်းထားချင်ပါတယ်
    လေးစားစွာဖြင့် ကိုရင်မောင်….

    • pooch

      September 25, 2012 at 1:49 pm

      ဆွဲထားတယ် သူကြီး ကျေးဇူးပါ။

  • MaMa

    September 25, 2012 at 6:58 am

    အဖိုးတန်သမိုင်းကြောင်းကို သိခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ် ဆရာမပြုံးရှင့်။

    နောက်အပိုင်းများကိုလည်း ဆက်လက်စောင့်မျှော်ဖတ်ရှု့ပါ့မယ်။

    တခါတလေကျရင် စာကို ဖတ်ရုံသာ ဖတ်သွားပြီး မမန့်ဖြစ်တဲ့အခါ ……
    စာရေးသူအနေနဲ့ စိတ်ဝင်စားသူနည်းတယ်လို့ ထင်သွားမှာစိုးလို့ စောင့်မျှော်ဖတ်ရှု့မည့်သူစာရင်းတွင် ကြိုတင်စာရင်းပေးသွင်းသွားပါသည်။ :hee:

  • ဝင့်ပြုံးမြင့်

    September 25, 2012 at 8:47 am

    ကိုဆာမိရေ — ရွှေပေလွှာနဲ့ပတ်သက်တဲ့စာအုပ် မထွက်သေးပါဘူး။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော မထွက်သေးပါ။
    ဖြစ်ပုံက ဒီလိုပါရှင်။ ဒေါက်တာလိုင်ဒါ (Jacques. P. Leider) က သူ့စာတမ်းကို ဂျာမနီနိုင်ငံမှာ ဖတ်ကြားပြီးတဲ့ အခါ ဘာလင်၊ Humboldt university က Dr. Uta Gartner ကို မြန်မာဘာသာပြန်ဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ Dr. Uta Gartner က ဂျာမနီနိုင်ငံ၊ Cologne University က ပထဝီပါမောက္ခ Dr. Frauke Krass ထံမှာ တဖန်အကူအညီတောင်းတဲ့အခါ Professor က ပြုံးကို recommend လုပ်ပါတယ်။ (Professor က မြန်မာပြည်ကို အခေါက်ခေါက် လာနေတဲ့သူပါ။ မြန်မာပြည်အကြောင်း ကောင်းကောင်းသိသူတစ်ယောက်ပါပဲ။) Dr. Uta Gartner က ပြုံးကို ဘာသာပြန်ပေးမလားလို့ Professor ကနေတဆင့် မေးခိုင်းတော့ ပြုံးကလည်း မအူမလယ်နဲ့ အလုပ်လက်ခံလိုက်ပါရော။ ဒါနဲ့ ဒေါက်တာလိုင်ဒါရဲ့ သဘောတူညီမှုနဲ့ သူ့စာတမ်းကို ပြန်ခဲ့ပါတယ်။ သူက Soft copy ပို့ပေးလိုက်ပါတယ်။ အဲဒါကို ပြုံးက ပြန်တာပါ။
    အခုအခါမှာ သူ့စာတမ်း အပြည့်အစုံကို ပြန်ပြီးလို့ ဆရာကြီးဦးသော်ကောင်းနဲ့ ဒေါက်တာလိုင်ဒါထံပို့ပြီး အစစ်ဆေးခံယူနေပါတယ်။ တစ်လုံးလွဲလို့ မရလို့၊ နည်းနည်းမှ အတိမ်းအစောင်းမခံရမယ့်ကိစ္စမို့ ရင်တွေလည်းတုန်နေတယ်ရှင်။ ပြန်ချိန် တစ်နှစ်ခွဲကြာခဲ့ပါတယ်။
    နဂိုစာတမ်းဟာ ရှည်လျားပြီး ပြည့်စုံတိကျလွန်းတော့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ ဂုဏ်ရည်ကို အံ့ဩမိတာ အမှန်ပါပဲ။ ဒေါက်တာလိုင်ဒါဟာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ သူ့စာတမ်းကို ဖတ်ပြီးရင် သူ့အစွမ်းကို ဖျားသွားမှာ အမှန်ပါပဲ။
    ပြုံးကတော့ အဲဒီ ၁၄၁ မျက်နှာရှည်တဲ့စာတမ်းကို ပြန်ဖို့ မြန်မာ့သမိုင်းကို ကျောင်းသူလေးလို ပြန်သင်ယူ လိုက်ရသေးတယ်။ စာအုပ်တွေ မနည်းအောင်ဖတ်ခဲ့ရတယ်။
    ——
    အခုရေးမယ့် အပိုင်းတွေကတော့ လိုရင်းရောက်အောင် ချုံ့ပြီး၊ လမ်းလည်း မလွဲအောင် ပြန်ရေးမှာပါ။ စာတမ်းအပြည့်အစုံ မဟုတ်ပါဘူး။ မြန်မာ့သမိုင်းမှာ အမည်းစက်ထင်ခဲ့ကိစ္စ(ဟိုင်းကြီးကျွန်းလူသတ်ပွဲ)ကို ဒေါက်တာလိုင်ဒါက ပြန်ဖျက်ပေးတဲ့စာတမ်းမို့ အရေးကြီးပါတယ်။
    အရီးခင်လတ်နဲ့ သူကြီးလည်း လိုအပ်တဲ့နေရာ ထောက်ပြကြပါ။ ဖတ်ရှုကြမယ် ဆိုလို့ ဝမ်းသာပါတယ်ရှင်။ စာကလေးတယ်။ လိုရင်းရောက်အောင် မနည်းဆွဲခေါ်သွားရမှာမို့ ဖတ်ရင်း အီသွားရင် ပြုံးအပြစ်ပါပဲရှင်။

  • surmi

    September 25, 2012 at 9:08 am

    ကျနော်တု ့ိ ဂဇက် ကလူတွေကံထူးတာပေါ ့အစ်မရယ်
    ကျနော်ကလည်း အ ချက် ။ တည် ့တည် ့ပြောမှသဘောပေါက်တာ
    စိတ်ချအစ်မရေ စောင် ့ပြီးဖတ်နေမယ် ။ အရီးလတ်ပြောသလို
    ကိုယ် ့သမိုင်းကို အခြားဘက်ကအမြင်လေးတွေနဲ ့ချိန်ကြည် ့နိုင်တာပေါ ့ ။
    ရှေးကရေးခဲ ့ရတဲ ့ သမိုင်းတွေဆိုတာကလည်း ဘုရင်စိတ်မငြိုအောင်
    ရေး ရတာဆိုတော ့ ခုလောက်တော ့ပွင် ့လ င်းမြင်သာမယ်မထင်ဘူး
    ကျနေ ာ ့အထင်ပြောတာနော်။

  • ကြည်ဆောင်း

    September 25, 2012 at 9:46 am

    ကြည်ဆောင်းလဲ စာဖတ်သူများထဲမှာ စာရင်းဝင်ပေးသွားပါတယ်…
    လူတွေရဲ့ဖြစ်တည်မှုတွေကိုဖော်ထုတ်ပေးတဲ့သမိုင်းကို သိထားချင်တယ်…
    နောက်အပိုင်းတွေကိုစောင့်မျှော်နေပါတယ် …

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 10:56 am

    ဘယ်သူမှမသိခင် အရင်ဖတ်ရတာကိုက ကံထူးနေတာလားမသိ 🙂
    ်ရွှေအတိနဲ ့ ပတ္တမြား ၂၄ လုံပါ ရလိုက်ရင် ပိုလို ့တောင် ကံထူးဦးမယ်..
    ရွှေပေကြီးက အရှည်ကြီးပဲ ..ဟီဟိ…
    ဒီအပိုင်း ကူးသိမ်းထားပြီး ကျန်အပိုင်းတွေ စောင့်ဖတ်ပါဦးမယ်ခင်ဗျ

  • kyeemite

    September 25, 2012 at 11:27 am

    စိတ်ဝင်စားစရာ နဲ့ အံ့ဩစရာသမိုင်းကြောင်းကို
    စောင့်ဖတ်ပါ့မယ်ခင်ဗျား….
    :hee:

  • Ma Ei

    September 25, 2012 at 2:54 pm

    ဆရာမပြုံးရေ…
    မြန်မာ့သမိုင်းရဲ့ အရေးကြီးမှတ်တမ်း မှတ်ရာများမို့
    စိတ်ဝင်စားစွာ စောင့်မျှော်ဖတ်ပါ့မယ်…
    ကိုဝင်းကြည် ကိုလဲ ဂရုစိုက်ပါဦးနော်…
    :harr:

  • Thu Wai

    September 25, 2012 at 2:59 pm

    ဖတ်လိုက်ရတာတန်ဖိုးရှိပါတယ် ရာဇသံပေလွှာကို ရွှေအစစ်နဲ့ လုပ်ပြီး ပတမြား ၂၄ လုံးအနားကွပ်ထားလို့
    ကျွန်တော်တို့ မြန်မာဘုရင်တွေ ဘယ်လောက်ထိ ကြွယ်ဝခဲ့တယ် တန်ခိုးကြီးခဲ့တယ်ဆိုတာကို အားလုံးသိသွားတာပေါ့ဗျာ ။ ရာဇဓိရာဇ် ဆို မင်းရဲကျော်စွာနဲ့ စီးချင်းထိုးဖို့ လဂွန်းအိမ် ကို သူရဲ့ မိဖုရားခေါင်ကြီးကိုတောင် ပေးလိုက်သေးတာနော်။

  • Wow

    September 25, 2012 at 3:34 pm

    အဲဒီ့ ရွှေအစစ်ပေလွှာလေး မြန်မာကို ပြန်ပေးရင်ကောင်းမယ်နော်…
    :saut:
    :om:

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 8:50 pm

    အပေါ်ဆယ့်နှစ်လုံး ..
    အောက် ဆယ့်နှစ်လုံးနဲ့ … (ပတ္တမြား)
    တကယ့် ရွှေပေလွှာကြီးပါလား …
    အိုက်ဒါ … ကျုပ် ယခင်ဘဝက ပေးပို့ခဲ့တဲ့ ရွှေပေလွှာပေါ့ ခညာ ..
    :harr:
    နောက်တာပါ ခင်ဗျာ ..
    ကျနော်လည်း စောင့်ပြီး ဖတ်ရှုပါမယ့် အကြောင်း ပြောပါရစေ ခင်ဗျာ ..

  • စနေ

    September 25, 2012 at 10:52 pm

    ဆရာမရေ…….
    အခုလို အဖိုးတန်စာတွေကို
    တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် …
    နောက်အပိုင်းတွေကိုလဲ စောင့်မျှော်ကြည့်ရှုနေပါတယ် ……….

  • Fall Guy

    September 26, 2012 at 12:09 am

    ကျေးဇူးအထူးတင်ပါတယ် ဆရာမ။အရမ်းစိတ်ဝင်စားပါတယ်။

  • ကြောင်ကြီး

    September 26, 2012 at 9:03 am

    ရွှေပေလွှာ
    ငွေတွေပါ
    လေပွေခါ
    သေရည်ဆာ၊
    နေပါစေဗျာ
    ပေတေမာ
    ဝေကြွေအာ
    ဖြေစေရာ..။

  • နှင်းဆီ ငုံ

    September 26, 2012 at 12:11 pm

    မြန်မာ့သမိုင်းကြောင်းကို စိတ်ဝင်တစားဖတ်ရှုအားပေးသွားပါတယ်ရှင်
    Copy ယူပြီး သတ်သတ်လည်း သိမ်းဆည်းထားပါတယ်
    ကျေးဇူးအများကြီးတင်ပါတယ် ဆရာမရှင့်

  • Shwe Ei

    October 15, 2015 at 3:30 pm

    -သဂျီးက နောက်ဆုံးပိုင်းကို အစဖေါ်ပေးလို့
    -သများက ရှေ့ဆုံးပိုင်းကို အစပြန်ဖေါ်လိုက်တယ် 🙂

Leave a Reply