“နှမ်းတစေ့နှင့် ဆီကြိတ်မယ်”
ဒီရက်ပိုင်းမှာ အလုပ်တွေက ရှုပ်လိုက်တာ။ ဘာတွေဘယ်လို ရှုပ်နေမှန်းမသိပါဘူး။ ဟိုတနေ့ကဆိုရင် မနက် Breakfast စားပြီးကတည်းက ညနေ ၃ နာရီလောက်အထိ ဘာမှမစားဖြစ်ဘူး။ အလုပ်တွေရှုပ်နေတုန်းတော့ ဆာတာကိုလည်း သတိမရမိပါဘူး။ ညနေ ၃ နာရီလောက် အလုပ်နည်းနည်းပါးသွားတော့မှ ဗိုက်ဆာတာကို သတိထားမိသွားတာ။ ထမင်းမစားရသေးမှန်းသိလို့ ရုံးကအစ်မက ခေါက်ဆွဲကြော်ဝယ် ပေးထားတယ်။ စားစရာက လက်တစ်ကမ်းမှာရောက်နေပြီး၊ စားဖို့အတွက် လက်ထဆေးတော့မှ အဲဒီ့လက်ဆေးနေတဲ့ အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင် ဗိုက်ကအရမ်းဆာလာတာ။ အဲဒီ့ခဏလေးမှာ စဉ်းစားလိုက်မိတာက ကမာ္ဘ့နေရာအနှံအပြားမှာ ဖြစ်နေတဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုဆိုတာကိုပါ။ အဲဒီ့က ခလေးတွေ၊ လူကြီးတွေ ဘယ်လိုများနေပါ့မလဲလို့ တွေးမိသွားတဲ့အခါ.. ….
အခု Green Rose က စားချင်တာလည်း ဝယ်စားနိုင်တယ်။ စားစရာတွေလည်း လက်တစ်ကမ်းမှာရှိတယ်။ နောက်ပြီး ဘယ်သူကမှ တားမြစ်ထားလို့ အတင်းအကြပ် အလုပ်လုပ်ခိုင်းထားလို့ မဟုတ်ပဲ ကိုယ့်ဖာသာ အလုပ်ဇောကပ်ပြီး မစားဖြစ်တာ၊ ဒါတောင် ဗိုက်ဆာတဲ့ အခိုက်အတန့်ခဏ မျက်ရည်တောင်ကျမိမတတ် ခံစားလိုက်ရတာ။ (ကိုယ့်ကိုယ်ကို သနားပြီးတော့လေ…) ဟိုကလူတွေဆိုရင် ဝယ်စားချင်လို့တောင် ဝယ်စားစရာမရှိ၊ စားချင်တာ စားဖို့မပြောနဲ့ စားစရာတောင်မရှိတာမျိုး၊ မလောက်ငတာမျိုးနော်…..
Green Rose အရင်တုန်းက စားသောက်ဆိုင်တွေ ဘာတွေ သွားရင် စားစရာ သေက်စရာတွေကို အများကြီးမှာလေ့ရှိတယ်။ အချို၊ အချဉ်၊ အငံ၊ အစပ်၊ အရသာစုံအောင်ရယ်၊ စားတဲ့လူတွေ မလောက်မငဖြစ်မှာစိုးတာရယ်နဲ့ပေါ့။ အမြဲတမ်းနီးပါး ဆိုင်မှာ အများကြီးပိုပြီးကျန်ခဲ့တာ။ တစ်ခါတစ်လေ ပိုတာတွေ ထုပ်ပြီးသယ်တတ်ပေမယ့် များသောအားဖြင့်တော့ မသယ်ဖြစ်ပါဘူူး။ Green Rose တို့ ပိုတာတွေဟာ ဆိုင်ကလည်း သွန်ပစ်ရတာပါပဲ။ အမှန်ဆို နောက်ထပ် လူ ၁ ယောက်/ ၂ ယောက်လောက်တော့ ဗိုက်ဝအောင်စားဖို့ လောက်ငတဲ့အစားအစာတွေနော်။ အဲဒီ့အချိန်တွေမှာ တွေးမိတာက ငါတို့ကတော့ ဒီမှာ စားပြီးပိုလို့လွှင့်ပစ်နေတယ်။ ဟိုမှာတော့ စားစရာမရှိလို့ ငတ်နေကြတယ်…….. ဆိုတာပါ။ ရှက်စရာကောင်းတယ်လို့ ခံစားမိတယ်။ ကမာ္ဘ့စားနပ်ရိက္ခာရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းမရှိပေမယ့် ပိုလို့ လွှင့်ပစ်ရမှာတွေကို မလွှင့်ပစ်ရဘူးဆိုရင်.. ဆိုတဲ့ အတွေးလေး ဝင်လာမိတယ်။
အခုနောက်ပိုုင်းတော့ Green Rose အမြဲသတိထားတယ်။ ဘယ်တော့မှ အစားအသောက်တွေကို အများကြီးမမှာတော့ဘူး။ ကုန်နိုင်ယုံလောက်မှန်းပြီးမှာတယ်။ ဆိုင်မှာထိုင်နေတာပဲဟာ.. ကုန်သွားလို့စားချင်သေးရင် ထပ်မှာစားလို့ရတာပဲ၊ လိုရင်လိုသလောက် မှာစားလို့ရတယ်လို့စိတ်ထဲမှာတွေးမိတယ်။ အဲဒါကြောင့် အတူတူစားတဲ့ လူတွေကိုလည်း ငါတို့ဒါတွေကုန်မှ ထပ်မှာကြမယ်လေလို့ အဖေါ်ညှိထားလိုက်ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး Green Rose ရဲ့မေမေအပေါ် အမြင်ကြည်သွားတာလေး တစ်ခုရှိတယ်။ မေမေကလေ အိမ်ကို ဧည့်သည်လာရင် ဘယ်တော့မှ စားစရာသောက်စရာ ချပြီးဧည့်မခံဘူး။ ဧည့်သည်ကိုမေးတယ်။ ကော်ဖီသောက်မလား၊ အအေးသောက်မလား၊ ဘာစားလာလဲ၊ ဘာစားချင်လဲ ဆိုတာမျိုးပေါ့။ ဧည့်သည်က ဟင့်အင်း မစားဘူးလို့ငြင်းလို့ကတော့ ဘာမှမပြင်ပေးတော့ပဲ ဒီအတိုင်းပဲ ဧည့်သည်နဲ့ စကားထိုင်ပြော နေတာပါ။ အဲဒါ Green Rose က တစ်ခါတစ်လေ တိုးတိုးလေးကပ်ပြီး အမေရယ် ဧည့်သည်ကတော့ စားမယ်၊ သောက်မယ် ဘယ်ပြောပါ့မလဲ အားနာစရာကြီးလို့ပြောမိတယ်။ မေမေက ဘာပြောလဲဆိုတော့ “ဘာအားနာစရာရှိလို့လဲ၊ ဧည့်သည်က မစားချင်မသောက်ချင်ပဲ ကိုယ်က ဧည့်ခံလို့ အားနာပြီး နည်းနည်းပဲစားသွား၊ သောက်သွားတာမျိုးဆိုရင် အလကားလွှင့်ပစ်၊ သွန်ပစ်ရမှာ နှမြောစရာကြီးတဲ့” အဲဒါလည်း ဟုတ်တာပါပဲ.. တစ်ခါတစ်လေ ပွင့်ပွင့်လင်းလင်း မေးလောက်အောင် မရင်းနှီးတဲ့ ဧည့်သည်မျိုးတွေလာလို့ ကော်ဖီနဲ့ ဧည့်ခံမိရင် တချို့ ဧည့်သည်တွေက ဒီအတိုင်းမသောက်ပဲ ပြန်သွားတယ်၊ တချို့ဧည့်သည်က ကုန်အောင်သောက်သွားတယ်၊ တချို့ဧည့်သည်က အားနာပါးနာ တစ်ငုံ နှစ်ငုံလောက် သောက်ပြီး ကျန်တာကို ဒီအတိုင်းထားသွားတာ။ ကုန်အောင်သောက်သွားတာမျိုးကတော့ ပြောစရာမရှိပါဘူး OK ပါတယ်။ လုံးဝမသောက်သွားတာကလည်း Green Rose တို့သောက်ချင်ရင် သောက်လို့ရသေးတယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက် သောက်သွားတာမျိုးဆိုရင် နှမြောပေမယ့် သွန်ပစ်ရတာပါပဲ။ ကော်ဖီတစ်ခွက်ရဲ့ တန်ဖိုးက Coffee Mix တစ်ထုပ် ၁၀ဝ ဆိုတာနဲ့ တွက်ရင်တော့ နှမြောစရာမရှိဘူးလို့ တွေးလို့ရပေမယ့် ဒီမှာ ပိုတဲ့တစ်ခွက်စာဟာ ဟိုမှာလိုနေတဲ့ တစ်ခွက်စာပါလို့ တွေးကြည့်လိုက်ရင် တန်ဖိုးအရမ်းကြီးပါတယ်။ ဒါကကော်ဖီလေးတစ်ခွက်နော်။ တနေ့တနေ့ Green Rose တို့ မကုန်နိုင်လို့ လွှင့်ပစ်ရတဲ့အစားအသောက်တွေ လူဘယ်နှစ်ယောက်စာလောက်များ ရှိမလဲမသိဘူး။
အရင်တုန်းကတော့ မေ့မေ့ကို သူများကို အားမနာတတ်သူလို့ ထင်မိခဲ့ပေမယ့် အခုတော့ မေမေမှန်တယ်လို့ထင်ပါတယ်။ မေမေကတော့ ဧည့်သည်မှမဟုတ်ဘူး Green Rose တို့တွေကိုတောင် ကိစ္စရှိလို့ အပြင်တွေဘာတွေသွားစရာရှိရင် ထမင်းစားချိန်ပြန်လာမှာလား၊ စားမှာလား သေချာအောင်မေးပါတယ် မစားဘူးဆိုရင် ထည့်မချက်ပါဘူး၊ အဲ.. စားမယ်ပြောပြီး ချက်ထားတာ မစားရင်လည်း အရမ်းစိတ်ဆိုးပါတယ်။ အဲဒါကြောင့် Green Rose တို့က မသေချာရင် မစားဘူးပဲ ပြောပါတယ်။ ပြန်လာလို့ ဗိုက်ဆာတော့လည်း ကိုယ့်ဖာသာ အိမ်မှာရှိတာ ရှာစားပေါ့လေ။
Green Rose တို့ကမကုန်နိုင်လို့ လွှင့်ပစ်နေတဲ့အချိန်တွေမှာ တချို့တွေ ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံထဲက ရွေးချယ်သန့်စင်ပြီး စားသောက်နေရတာတွေ၊ စားစရာမရှိလို့ ငတ်မွတ်နေရတာတွေကို တွေးမိရင်… ရှက်မိပါတယ်။ Green Rose ကြည့်ကြည့်နေတယ်။ လမ်းသွားရင်းလာရင်း တွေ့တွေ့နေရတဲ့ အမှိုက်ပုံတွေထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းကတော့ တကယ်လွှင့်ပစ်သင့်တဲ့ အမှိုက်တွေဖြစ်ပြီး ဘယ်နှစ်ရာခိုင်နှုန်းက အမှိုက်မဖြစ်သင့်တဲ့အမှိုက်တွေများဖြစ်နေမလဲလို့ပါ။
Green Rose ကတော့ သူများအိမ်သွားလည်ရင်၊ Green Rose ဗိုက်ဆာနေတာမဟုတ်ရင် ဘာမှမစားပါဘူး၊ အိမ်ရှင်က တစ်ခုခု ဧည်ခံဖို့ပြင်ဆင်တာတွေ့ရင် Green Rose ဗိုက်မဆာတဲ့အကြောင်း၊ အားမနာဖို့၊ ဘာမှမလုပ်ဖို့ ပြောပါတယ်။ ဆာရင်တော့လည်း ကိုယ့်အတွက် အဆင်ပြေမယ့်၊ အိမ်ရှင်အတွက် အပမ်းမကြီးမယ့် ဟာမျိုး request လုပ်ပါတယ်။ ဆိုင်ကိုသွားရင် ကုန်နိုင်ရုံလောက်မှာပါတယ်။ တစ်ခါတစ်လေများ ရုံးကအုပ်စုနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မိရင် သူတို့ တစ်ယောက်တစ်မျိုးမှာကြတာကို အရင်နားထောင်လိုက်ပါတယ်။ ပြီးရင် အများကြီး မှာတဲ့သူတွေဘာတွေရှိရင် မေးကြည့်လိုက်ပါတယ်။ အစ်မ ကုန်လား၊ အမ မကုန်နိုင်ရင် Green Rose မမှာတော့ဘူး ဗိုက်သိပ်မဆာလို့ အစ်မအထဲကပဲ နည်းနည်း ကျွေးနော် ဆိုတာမျိုးလေ။ (ကိုယ်ဘာမှမမှာတော့ သူများတွေမှာထားသမျှကို မျိုးစုံအောင်စားရပါတယ် ဟီး….) ။
နောက်တစ်ခုက ကိုယ်စားဖို့မကုန်လို့ သူများကိုပေးရမယ်ဆိုရင်လည်း မကောင်းမှ ပိုမှပေးတာမျိုးမဟုတ်ပဲ ကောင်းတုန်းကို ပေးဖို့ ကြိုးစားတာပါ။
တစ်ခါတစ်လေဖြစ်တတ်ပါတယ်။ သူများလက်ဆောင်လာပေးတာ စားစရာသောက်စရာတစ်ခုခုပေါ့လေ။ ပေးတဲ့လူကလည်း သူ့ဒေသထွက်အစားအစာကို စားစေချင်လို့ ကြုံတုန်း အများကြီးသယ်လာပေးတာ။ ဒါပေမယ့် ဒီမှာကလည်း ရှိတဲ့မိသားစုဦးရေနဲ့ စားနိုင်တဲ့ အင်အားနဲ့ ချိန်ကြည့်လိုက်လို့ များနေမှာ သေချာရင် Green rose ကတော့ ကို်ယ့်မိသားစုစားဖို့ လောက်အောင်ချန်ပြီး ကျန်တာကို အိမ်နီးနားချင်းတွေနဲ့ မျှစားလိုက်တာပါပဲ။ ကြာရှည်အထားခံတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။
တတ်နိုင်သရွေ့တော့ မပိုအောင်ဂရုစိုက်ပါတယ်။ Green Rose တို့မကုန်လို့ လွှင့်ပစ်ရမှာတွေဟာ တချို့တွေအတွက် လိုအပ်လို့ ဖြည့်တင်းရမှာတွေ ဖြစ်နေတယ်ဆိုတာ သတိထားမိလာလို့ပါ။ အဲဒီ့လူတွေအတွက် ရော့ အင့် ဆိုပြီး မပေးနိုင်ပေမယ့် Green Rose အခုလို သတိထားပြီး အလေအလွင့်မဖြစ်ရလေအောင် ဂရုစိုက်လိုက်တဲ့ ကော်ဖီလေးတစ်ခွက်၊ မုန့်လေးတစ်ခုက သွယ်ဝိုက်ပြီးအကျိုးတစ်ခုများဖြစ်စေနိုင်မလားလို့ပါ။
Green Rose တို့တစ်နေ့တစ်နေ့ လွှင့်ပစ်နေတဲ့ ထမင်းကျန် ဟင်းကျန်တွေဟာ၊ ထမင်းကျန်၊ ဟင်းကျန်အနေနဲ့ မဟုတ်ပဲ ပိုလျှံတဲ့ ဆန်စပါး၊ အသား၊ငါးသာ ဖြစ်ခဲ့ရင်………… Green Rose တို့မပိုဘူးဆိုရင် သူတို့တွေအတွက် မလိုဘူးဆိုတာများ ဖြစ်လာမလားလို့
ဟုတ်ကဲ့.. Green Rose နှမ်းတစေ့နဲ့ ဆီကြိတ်မိနေတာများလား…ဟင်
လေးစားလျှက်
(Green Rose)
48 comments
Khaing Khaing
September 25, 2012 at 2:52 pm
နှင်းဆီစိမ်းလေးရေ …. အမလည်း သူများအိမ်လည်သွားလို့မုန့်တွေကော်ဖီတွေ ကိုယ်မစားချင်ပဲ ချပေးမှာ အရမ်းစိုးရိမ်တယ် …. အမက ကော်ဖီမကြိုက်ဘူး … သူများကော်ဖီဖျော်တိုက်မှာကို အရမ်းကြောက်တယ် … တစ်ချို့က မသောက်ချင်လည်း နည်းနည်းလေးဖြစ်ဖြစ်သောက်ပါတဲ့လေ … အမနဲ့ကော်ဖီကမတည့်ဘူး ဒါကြောင့် သူများတွေ ဖျော်ပြီးရင် အလကားဖြစ်သွားမှာ စိုးရိမ်တယ်လေ …. ဒီပို့စ်လေးဖတ်ပြီး ဖြုန်းတီး တတ်တဲ့အမလည်း ဆင်ခြင်ရတော့မယ် …….
Green Rose
September 27, 2012 at 10:30 am
Ma Khaing Khaing,
ကျေးဇူးတင်ပါတယ်။ Green Rose ဒီပို့စ်လေးကိုတင်ပြီး မိနစ်ပိုင်းလေးတွင်း မြင်လိုက်ရတယ် ဒီ Comment လေးကြောင့် အရမ်းဝမ်းသာ အားတက်သွားရတာပါ။ ဒါဆိုရင်အမလည်း နှမ်းစေ့လေးဖြစ်သွားပြီးေပေါ့နော်…
လေးစားလျှက်
(Green Rose)
pooch
September 25, 2012 at 3:00 pm
ညီမရေ ဒီပိုစ့်လေးကို တခါက ၁၉၉၄ ခုနှစ်က ပူလစ်ဇာဆု ရခဲ့တဲ့ ကယ်လ်ဗင် ကာတာရဲ့ ဓာတ်ပုံလေးနဲ့များတွဲလိုက်ရင် ပိုအသက်ဝင်သွားမယ် ထင်ပါတယ်။
အဲ့ဒီဆုရ ဓာတ်ပုံထဲမှာ အာဟာရပြတ်လို့ သေတော့မတတ်ဖြစ်နေတဲ့ ကြုံလှီသေးကွေးပြီး အရိုးပေါ်အရေတင် ဖြစ်နေတဲ့ Sudan ကလေးငယ်ရဲ့ နောက်ကနေ လင်းတငှက်တကောင်က သေရင် စားမလို့ စောင့်နေတဲ့ ပုံပါ။
ကယ်လ်ဗင်ကာတာ ဆိုတာ အာဖရိက တခွင်မှာ စစ်ပွဲတွေ အငတ်ဘေးတွေ သွေးချောင်းစီးမှုတွေကြားထဲမှာ သတင်းလိုက်ပြီး ဘဝကို ဖြတ်သန်းခဲ့တဲ့ သတင်းသမားတယောက်ပါ။
အဲ့ဒီ ဓာတ်ပုံဆု ရပြီး သိပ်မကြာခင်မှာပဲ ၃၃ နှစ်အရွယ် ရှိတဲ့ သူက ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။
သူသတ်သေရတဲ့ အဓိကအကြောင်းအရင်းက အဲ့ဒီ သွေးချောင်းစီးပွဲတွေကြားက ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ အရိပ်တွေ ကြောက်မက်ဖွယ်စစ်ဘေးတွေ စတဲ့ စတဲ့ ဒဏ်တွေကို စိတ်ဓာတ်ကျနေတဲ့ သူက ဆက်ပြီး မခံစားနိုင်တော့လို့ပါတဲ့။ သူ့သေတမ်းစာမှာ အဲ့လိုလေး ရေးခဲ့ပါတယ်။
သူ့အကြောင်း အကျယ်သိချင်ရင် The Bang-Bang Club ဆိုပြီး ရိုက်ထားတဲ့ ဆုရဇာတ်ကားလေး ရှိတယ်။
တခါတလေကျတော့လည်း လိုအပ်သလောက်ပဲ သုံးပြီး ဆာသလောက်ပဲ စားခြင်းဟာလည်း တဖက်တလမ်းကနေ ကမာ္ဘကြီးကို ကူညီနေတာပါပဲ ညီမရယ်။
အမတောင် သတိမထားမိဘဲ အတော်များများ ဖြုန်းတီးနေမိတာ အတော်တောင်ကြာနေပါပြီ။
Green Rose
September 26, 2012 at 2:48 pm
Ma Ma Pooh..
Thanks for your advise and information. Just now I found photo taken by Kevin Carter and and words in his diary.
“This was found in his diary,
Dear God, I promise I will never waste my food no matter how bad it can taste and how full I may be. I pray that He will protect this little boy, guide and deliver him away from his misery. I pray that we will be more sensitive towards the world around us and not be blinded by our own selfish nature and interests. I hope this picture will always serve as a reminder to us that how fortunate we are and that we must never ever take things for granted.
Please don’t break.. keep on forwarding to our friends on this good day.. Let’s make a prayer for the suffering in anywhere any place around the globe and send this friendly reminder to others; think & look at this…when you complain about your food and the food we waste daily……… ”
Thank you
Green Rose
September 27, 2012 at 10:39 am
မမ Pooch…
အားပေးတာကျေးဇူးတင်ပါတယ်။မနေ့က အချိန်သိပ်မရတာရယ်၊ မြန်မာလိုရိုက်ဖို့ အဆင်မပြေနေတာရယ်နဲ့ သေချာ reply မပြန်လိုက်ရဘူး။ အမညွှန်းမှ Green Rose Kevin Carter ရိုက်ခဲ့တဲ့ Pulitzer ဆုရ ဓါတ်ပုံလေးရယ် သူ့ Diary ထဲမှာ ရေးထားခဲ့တဲ့ စာလေးတွေရယ်ကို online ကနေ ရှာကြည့်ခဲ့ရတာ။ နောက်ပြီး Bang Bang Club ဆိုတဲ့ Documentary လေးကိုလည်း ရှာရခဲ့ပြီးပြီ။ အချိန်ပေးနိုင်တော့မှ ဖြေးဖြေးကြည့်မယ်။ အမပြောသလို အဲဒီ့ဓါတ်ပုံလေး Green Rose ရဲ့ ပို့စ်ထဲမှာ ထည့်လို့ရရင် ကောင်းမယ်နော်။ (သူကြီးကိုပဲအကူအညီတောင်းရမယ်ထင်တယ် ……..သူကြီး ရေ ကူညီပါဦး)
Kevin Carter ရိုက်ခဲ့တဲ့ Pulitzer ဆုရ ဓါတ်ပုံလေးကြည့်ချင်သူတွေအတွက် Link လေးကဒီမှာပါ
http://www.hoax-slayer.com/kevin-carter-pulitzer.shtml
လေးစားလျှက်
(Green Rose)
Ma Ei
September 25, 2012 at 3:10 pm
Green Rose ရေ…
ဧည့်သည် ကျန်သွားတဲ့ ၊ဆိုင်မှာ ကျန်ခဲ့တဲ့ စားသောက်စရာတွေ
အတွက် နှမြောမိပေမဲ့ နက်နက်နဲနဲ မတွေးမိခဲ့ဖြစ်ပါဘူး…
ခု Post လေးက အလင်းပေးတဲ့အတွက်
မအိ လဲ နှမ်းတစ်စေ့ ပါဝင်ပါ့မယ်…
Green Rose
September 27, 2012 at 11:34 am
Ma Ei ရေ..
အားပေးတဲ့အတွက် ကျေးဇူးပါ။ Green Rose ရယ်၊ Ma Khaing Khaing ရယ်၊ မမ Pooch ရယ်၊ Ma Ei ရယ် နှမ်းစေ့လေး ၄ စေ့ ရှိပြီနော်…
လေးစားလျှက်
(Green Rose)
ahnyartamar
September 25, 2012 at 3:58 pm
ဟုတ်တယ်ဗျို့၊ တကယ်ကို နက်နက်နဲနဲ တွေးပြီး ဆင်ခြင် ဂရုပြုသင့်ပါ၏။
Green Rose
September 27, 2012 at 11:36 am
Ahnyartamar ရေ..
နက်နက်နဲနဲတွေးပြီး ဆုံးဖြတ်ချက်ကျရင် နှမ်းစေ့လေးဖြစ်ချင်လား မဖြစ်ချင်ဘူးလား အကြောင်းပြန်ပေးနော်…
လောလောဆယ်တော့ ၅ စေ့မြောက် နှမ်းစေ့လေးအဖြစ် စာရင်းတို့ထား လိုက်မယ်။
လေးစားလျှက်
(Green Rose)
ဒဿ ဖွတ်ကျား
September 27, 2012 at 11:55 am
ပြောရရင် ကျုပ်တော့ နှမ်းစေ့တော့မသိဝူး ချဉ်ဖတ်တော့ ဖြစ်နေပြီ ..ဟီးဟီး ..
ကျုပ် ဒီ ၃ချက်လေး ပြောမိတာပါဗျာ …
:hee:
၁။ ဆန်ကို ငှဲ့ချက်ပြီး စားတဲ့ အကျင့် … (ရောဂါကြောင့် မဖြစ်မနေငှဲ့ချက်စားရသူတွေကို မဆိုလို)
ရေခန်းချက်စားရင် ၁ပန်းကန်နဲ့ ဝမှာကို ငှဲ့ချက် ၃ပန်းကန်လောက်စား …
လေတာတွေ ပြောပါတယ်.. ဆန်အင်မတန်စားတဲ့ နှုန်း ကို ဒီနည်းနဲ့လျှော့ချနိုင်ရင်
ဆန်ဈေးကျမယ် .. ဆင်းရဲသား ပိုပြေလည်မယ် ။ ဘစ်ဇနက်အရပြောရရင် နိုင်ငံခြား ပို ပို့နိုင်မယ်
။ ဂျီဒီပီ တက်မယ်။
၂။ ကမာ္ဘမှာ ဆီအစားဆုံး တိုင်းပြည်ဖြစ်နေတာ …။
၂-၁ ကိုလက်စတော ပိုနည်းတဲ့ ဟင်းရွက်ဆီ စားတဲ့အကျင့် မကျယ်ပြန့်လာသေး။
၂-၂ မြေပဲဆီ ကိုအလွန်အကျွံစား။ ဝယ်လိုအားများ ဈေးတက် .. ဆင်းရဲသားမစားနိုင်။
၂-၃ မစားနိုင်တော့ အစားထိုးဖြည့်စွက်အနေနဲ့ စားအုံးဆီ ကို နိုင်ငံခြားကသွင်း။
၂-၄ စာရင်းချုပ်တော့ ဆီအကောင်းစား အစားများတဲ့ သူဌေးလည်း အသက်တို။
မတတ်နိုင်လို့ ပြည့်ဝဆီ သာစားရတဲ့ ဆင်းရဲသားလည်း ဝဋ်မြန်မြန်ကျွတ် ။ တိုင်းပြည်အနေနဲ့ကတော့
ဒေသတွင်း ပျမ်းမျှ သက်တမ်း အတိုဆုံး နိုင်ငံသားတွေ ပိုင်လာ…။
၃။ ဆေးလိပ်နဲ့ အရက်ကတော့ ထူးပြီး မပြောလိုတော့။ ပြောချင်တာက ကွမ်း။
ကွမ်းစိုက်တောင်သူ စီးပွားဖြစ်မဖြစ်တော့မသိ။ ကွမ်းယာဆိုင်တွေတော့ သူဌေးဖြစ်။
ဆေးရွက်ကြီးနဲ့ အမွေးနံ့သာ တင်သွင်းရလို့ အနောက်ဘက် အရပ်ကို ငွေတွေ ဒလဟောထွက်။
:bar:
အဲ့သည့် ၃ချက်ပြင်နိုင်ရင် ပိုကောင်းသွားမယ်ဗျို့။ အနည်းဆုံးတော့
၁။ ကျန်းမာရေးကောင်းမယ်။
၂။ စရိတ်စက သက်သာမယ်။
၃။ အစားအသောက်မှာ ငွေကုန် ပိုသက်သာတော့ အခြား အခြေခံလူမှု အသုံးအဆောင်ပိုဝယ်လာနိုင်မယ်။
၄။ အဲ့လို ဝယ်လာနိုင်တော့ လူမှုဘဝ အဆင့်မြင့်လာမယ်။
၅။ အဲ့သည့် ဝယ်ယူ ရောင်းဝယ် ဖောက်ကားမှုတွေကပင်လျင် တဖန် ရောင်းသူ ထုတ်လုပ်သူဘက်ကို
အလုပ်အကိုင်အခွင့်အလမ်း တန်ပြန် တိုးပွားဖွံ့ဖြိုးစေသမို့ win-win-win ဗျ…
သိပ်လည်း ကျယ်ကျယ်မပြောရဲဘူးဗျ …အဲ့ဒါတွေထောက်လို့ .. ဘု-ဂလန့် ဂွကျလို့
မွေးသမိခင်ကတောင် စကားမပြောတာကြာဘီ။
:kwi:
(ရန်ကုန်က ဆြာသမားတယောက် ကြက်သွန် ကိစ္စ ဆာဗေးလုပ်နေတယ်ပြောတယ်..ဟီဟိ…)
အပြင်းစား သုတ္တန်လေးတွေ မကြာခင် ဖောက်သည်ချနိုင်မယ် ထင်ပါတယ်ဗျို့…
Green Rose
September 27, 2012 at 2:01 pm
ဟုတ်ကဲ့ဒသဖွတ်ကျားရေ..
အမှန်တွေချည်းပြောနေတာကိုးနော့်… ချဉ်ဖတ်ကဘာလို့ဖြစ်ရတာလည်း။
ဒသဖွတ်ကျားရဲ့ Comment ကို ပြန်ပြီးဆွေးနွေးဖို့ဆိုရင်အချိန်တော့ နည်းနည်းယူမှရမယ်ထင်တယ်။ စိတ်ရှည်လက်ရှည်၊ စိတ်ဝင်တစား ဝင်ရောက်ဆွေးနွေးပေးတာကျေးဇူးပါ။
ရေခန်းချက်စားဖို့ကိစ္စ အကျယ်တဝင့်ဆွေးနွေးစရာမရှိပေမယ့် ဆီစားသုံးမှု ကတော့ နည်းနည်းကျယ်ပြန့်မယ်ထင်တယ်။ Green Rose တို့တွေက ဟင်းဆိုရင် ဆီပြန်မှ ဟင်းကောင်းလို့ထင်ကြတာကလား.. ဧည့်သည်လာလို့ ဆီပြန်ဟင်းတခွက်မှ ချက်မကျွေးနိုင်ဘူးဆိုရင် မျက်နှာကိုငယ်လို့။ ကျောင်းမှာ၊ ရုံးမှာ ထမင်းလက်ဆုံစားကြလို့ ကိုယ့်ဟင်းက ဆီပြန်ဟင်းမှမဟုတ်ခဲ့ရင် သိမ်ငယ်သလိုလို…..။ မြန်မာတွေ ထမင်းစားတဲ့ပုံစံကိုက ဆီပြန်တခွက်၊ အရည်တစ်ခွက်၊ ငါးပိရည်တို့စရာတစ်ခွက် ရယ် ဟင်းရွက်သုပ် ဒါမှမဟုတ် ဟင်းရွက်ကြော်တစ်ခွက်ပါမှ ပြည့်စုံတယ်လို့သတ်မှတ်ထားတာပါ။ အဲဒါက ဘယ်ခေတ်၊ ဘယ်ကာလ ကတည်းက စခဲ့တာလည်းတော့မသိဘူးနော်။ အခုနောက်ပိုင်းတော့ တော်တော်များများ.. အထူးသဖြင့် နိုင်ငံတကာသွားလာနေသူတွေနဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာပေးတွေ ဖတ်လေ့ရှိသူတွေ ဆီကို မစားသလောက်ရှိနေကြပါပြီ။ ဒါပေမယ့် တန်ဆေး၊ လွန်ဘေးပေါ့လေ.. လုံးဝမစားရင်လည်း ပြသနာရှိနိုင်တယ်ထင်တယ်။ နောက်ပြီးလောလောဆယ်ဖြစ်နေတဲ့ပြသနာက ဒီကိုတင်သွင်းတဲ့/ဖြန့်ဖြူးတဲ့ စားသုံးဆီတွေ မသန့်တဲ့ပြသနာပါ။ ရင်နာစရာတော့ကောင်းပါတယ်။ ကိုယ့်တိုင်းပြည်မှာ စားသုံးဆီကြိတ်လို့ရတဲ့ အသီးအနှံတွေ ထွက်နေပါရဲ့နဲ့…….နဲ့……….
နောက်တစ်ခု.. ကွမ်းယာ.. ကျန်တာတော့မသိဘူး.. Green Rose ကတော့ သွားရင်းလာရင်း ကွမ်းတံတွေးတွေတွေ့ရင် စဉ်းစားမိတာက “ငါတို့တိုင်းပြည်က သူများတံတွေးခွက်မှာ ပက်လက်မျောတာမဟုတ်ဘူး၊ ကိုယ့်တံတွေးခွက်မှာကိုယ် လက်ပစ်ကူးကြတာ” လို့။ တော်တော်စိတ်ပျက်ဖို့ ကောာင်းပါတယ်။ စည်းကမ်းကတော်တော်မရှိကြတာ။ ကိုယ်လုပ်လိုက်တဲ့အလုပ်အတွက် ရှက်ရကောင်းမှန်းမသိကြတာ။ ရှက်တတ်ရင် စည်းကမ်းချက်တွေထုတ်စရာတောင်မလိုဘူး။
အဲဒါအတွက်ကတော့ ကွမ်းမရောင်းရလို့ တားလို့တော့မရနိုင်ဘူး။ အလုပ်ခန့်တဲ့အခါ၊ တစ်ခုခုအတွက် လူရွေးချယ်တဲ့အခါတွေမှာ ကွမ်းမစားတတ်တဲ့သူတွေကိုပဲ ဦးစားပေး စဉ်းစားကြမယ်ဆိုရင် .. နည်းနည်း များ သက်သာမလား..(တွေးမိတာပြောတာနော်)
ဘယ်သူတွေကပဲ ချဉ်ဖတ်လို့သတ်မှတ်သတ်မှတ်၊ Green Rose ကတော ့ ဒသဖွတ်ကျားကို နှမ်းစေ့လေးလိ်ု့ပဲ စာရင်းတို့ထားလိုက်ပါရစေနော့်..
လေးစားလျှက်
(Green Rose)
kai
September 30, 2012 at 2:32 am
– ထမရည်ကိစ္စက.. ရှေးကမင်းတရားကြီးတပါးလည်း.. ထမရည်ငှဲ့မပစ်ဖို့..(ဆင်ပေါ်ကနေ) ပြောခဲ့ဖူးတယ်..
ဘာဖြစ်လို့.. မြန်မာအများစု.. အခုထိလုပ်နေကြသလည်းမသိ… :buu:
– ဆီအသုံးများတဲ့ကိစ္စကလည်း.. ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်..။
ပြောတာထက်..ချစ်ဒေါသနဲ့ ကြိမ်းမောင်းတဲ့အထိပဲ..ဘာဖြစ်လို့.. မြန်မာအများစု.. အခုထိလုပ်နေကြသလည်းမသိ… :buu:
– ကွမ်းကိစ္စကလည်… အရင်စစ်အစိုးရလက်ထက်ကတည်းက.. တော်တော်လေးလုပ်ခဲ့ဖူးတယ်.
ထိထိရောက်ရောက်မဖြစ်တာဟာ.. ဦးသန်းရွှေကိုယ်တိုင် ကွမ်းစားသူမို့လား.. မြန်မာတွေရဲ့ယဉ်ကျေးမှုထဲ ဝင်အမြစ်တွယ်နေတဲ့.. အိန္ဒိယအကျင့်တွေမို့လား.. မသိ..
ကျုပ်ကတော့.. ဒီကိစ္စတွေ.. ဒီဘိတ်လုပ်ချင်နေတာ..
ပြောရရင်.. ယူအက်စ်က တိုင်းပြည်ချမ်းသာတော့.. ပြည်သူသားတွေ ငွေသုံးကြဖို့မက.. အဖြုန်းလည်း.. အတင်းလုပ်ခိုင်းတယ်..
ဒါမှ ငွေတွေလည်ပါတ်ပြီး.. လူတွေအလုပ်တွေရ.. အလုပ်ရမှငွေရ.. ငွေရမှငွေသုံးနိုင်နဲ့.. ငွေကြေးစနစ်တွေလည်ပါတ်သွားပြီး.. တိုင်းပြည် ဂျီဒီပီတက်လာမှာကိုး…
မြန်မာပြည်ကတော့..
အင်း..
ဆွမ်းတော်တင်.. ထမင်းဖြုန်းတဲ့ကိစ္စ.. ဘယ်သာသနာပိုင်ဆရာတော်ကြီးက ပြောမလည်း.. စောင့်ကြည့်နေတာ.. အခုထိတော့.. နွားမေတ္တာစာရေးတဲ့.. ဆရာတော်ပဲတွေ့သေးကြောင်း…။
မကျေနပ်.. ချဉ်ဖတ်လုပ်နိုင်ကြောင်း.. :kwi:
အရီးခင်လတ်
September 25, 2012 at 7:13 pm
သိပ်မှန်တဲ့ အကြောင်းလေး ပါ သမီး ရေ။
ဆင်းရဲလို့ ချွေတာတာ မဖြစ်သင့်ပါဘူး။
ချမ်းသာလဲ သုံးတာ နဲ့ ဖြုန်းတာ သိရပါမယ်။
မလိုတာတွေမှာ ယိုပေါက်တွေ ပိတ်လိုက်ရင် နှမ်းတွေ အများကြီး ရလာပြီး ဆီဖြစ်ပါတယ်။
ဒါထက်
အစ်မပဒုမ္မာ အိမ်ကို သွားလည်တုန်းက သူကျွေးတာမှ အများကြီး အလျှံအပယ်ဘဲ။
ထမင်းစားပြီးမှ သွားလည် တော့ စားလဲ မစားနိုင်၊ စားလဲစားချင်၊ သူကလဲ အရမ်းကျွေးချင် နေတာကြောင့် ကောက်ညင်းပြာရည် ထုတ် တွေ ကို တောင်းပြီး အိမ်ကို သယ်လာခဲ့တယ်။
နောက်နေ့ မနက်ကျစားတယ်။
စားလို့ ကောင်းသလားမမေးနဲ့။
ရှလွတ်။ ရှလွတ်။
ဟိဟိ။
ကျေးဇူးနော် အစ်မရေ။ :harr:
Green Rose
September 27, 2012 at 12:05 pm
အရီးရေ….
Green Rose ရဲ့ပို့စ်လေးကို ဂရုတစိုက်ဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူူးတင်ပါတယ်။ Green Rose လည်း အရင်တုန်းကတော့ လောကကြီးကို မသိလိုက် မသိဖာသာ ပဲဖြတ်သန်းနေခဲ့တာပါ။ ကိုယ့်ဖာသာမနှမြောလို့ ဖြုန်းတီးတာ သူများကို မထိခိုက်ဘူးလို့ထင်ခဲ့မိတာပါ။ အခုနောက်ပိုင်းမှ တဖြည်းဖြည်း ပတ်ဝန်းကျင်ကိုသတိပြုမိလာခဲ့တာ။
အဲဒီ့အသုံးနဲ့အဖြုန်းကို နားလည်လာအောင်သင်ပေးခဲ့တဲ့သူထဲမှာ Green Rose ရဲ့ အလုပ်ရှင်သူဌေးလည်း ပါပါတယ်။ Green Rose ရဲ့သူဌေးကတစ်ခါတစ်လေ Green Rose တို့ ရုံးအုပ်စုကို လက်ဖက်ရည်ဆိုင်တွေဘာတွေမှာ မုန့်လိုက်ကျွေးတတ်ပါတယ်။ အဲဒီ့အချိန်မှာ Green Rose တို့ ကြိုက်ရာကို ကြိုက်သလောက်မှာစားခွင့်ပြုပေမယ့် ကုန်အောင်မစားပဲ ချန်ထားခဲ့တာမျိုးဆိုရင်မကြိုက်ပါဘူး။ မကုန်သေးပဲ ထားထားတာမြင်ရင် ကုန်အောင်စားဖို့ပြောသလို တစ်ခါတစ်လေ သူပါကူစားပေးတတ်ပါသေးတယ်။ (Green Rose တို့စားပြီးပိုတာတွေနော်) အစကတော့ သူဌေးလိုမနေတဲ့သူလို့ပဲ ပေါ့ပေါ့ပါးပါးမှတ်ချက်ချထားမိပေမယ့် အခုနောက်ပိုင်း Green Rose အတွေးအမြင်တွေ ပြောင်းလဲလာတဲ့ အချိန်မှာာတော့ အင်မတန်စည်းကမ်းရှိတဲ့သူ၊ လေးစားထိုက်တဲ့သူလို့ သတ်မှတ်မိပါတယ်။
အင်း.. ဟုတ်တယ်.. Green Rose လည်းနောက်တစ်ခါ မကုန်နိုင်မခမ်းနိုင်အောင် အများကြီးချကျွေး၊ ဧည့်ခံတဲ့ အိမ်ရှင်မျိုးနဲ့တွေ့ရင် အရီးလုပ်သလို ပါဆယ်ဆွဲခဲ့ရမယ်..
အရီးကိုလည်း နှမ်းစေ့စာရင်းထဲ ထည့်လိုက်မယ်နော်.. ၆ စေ့မြောက်နှမ်းစေ့လေးပေါ့…
လေးစားလျှက်
(Green Rose)
အလင်းဆက်
September 25, 2012 at 7:33 pm
အင်း.နှမ်းတစ်စေ ့လည်း…
သူ ့အတိုင်းအတာနဲ ့သူတော့…
ဆီ.ဖြစ်တာပဲ..။
စားလို ့တော့မရနိုင်ဘူးပေါ့နော် ။
🙂
Green Rose
September 28, 2012 at 4:23 pm
အလင်းဆက်ရေ
ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
စားလို့ရပါတယ်။ စားလို့မဝတာပဲဖြစ်ချင်ဖြစ်မယ်.. စားလို့ရပါတယ်။
လေးစားလျှက်
(Green Rose)
မောင်ပေ
September 25, 2012 at 8:27 pm
ကောင်းပါတယ်ဗျာ
တစ်ခြားလူတွေအတွက် စဉ်းစားပေးတဲ့ စိတ်ရှိတဲ့ နှင်းဆီစိမ်းလေးကို
မောင်ပေ လေးစားပြီး ဂျစ်မိသွားပါတယ်
Green Rose
September 28, 2012 at 4:39 pm
အဲ………. ဒါက နှမ်းစေ့လား?…… ဘာစေ့လဲ …..
အမှန်ကတော့ တခြားသူတွေအတွက် စဉ်းစားပေးတာမဟုတ်ပါဘူး သေသေချာချာတွေးကြည့်ပါ Green Rose က ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့အတွက် စဉ်းစားမိခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် Green Rose ရဲ့ ပို့စ်ကိုဖတ်ရှုအားပေးသွားတာ ကျေးဇူးတင်ပါတယ်။
ဦးဦးပါလေရာ
September 25, 2012 at 11:35 pm
Green Rose ကို လေးစားပါတယ်။
ကျုပ်ကလဲ နှမ်းတစေ့အဖြစ်ပါဝင်ပူးပေါင်းပါတယ်….။
မဖြုံးတီးသင့်ဆုံးအရာတွေထဲမှာ အစားအစာလဲပါတယ်။
ဘာကြောင့်လဲဆိုတော့ အစားအစာဆိုတာ လူတော်တော်များများမှာ မပြည့်စုံတဲ့အရာမို့ပဲ…..။
Green Rose
September 29, 2012 at 6:00 pm
ကျေးဇူးတင်ပါတယ် ဦးဦးပါလေရာရေ
အမှန်တော့ အစားအစာမှမဟုတ်ဘူး ဘယ်အရာမဆို မဖြုန်းတီးသင့်ဘူးလို့ထင်ပါတယ်။
လေးစားလျှက်
(Green Rose)
MaMa
September 26, 2012 at 8:07 am
ကိုယ်စိတ်ကူးနဲ့တူနေလို့ အားတက်သရော အားပေးသွားပါတယ် နှင်းဆီစိမ်းရေ။
မလိုအပ်ပဲ လွှင့်ပစ် သွန်ပစ်နေရတဲ့ အလဟဿဖြစ်နေရတာတွေကို လျှော့ချပေးခြင်းဖြင့် သဘာဝရဲ့သယံဇာတတွေကို ထိန်းသိမ်းရာကျပါတယ်။
ဒါ့အပြင် ငတ်မွတ်ခေါင်းပါးနေတဲ့ လူတွေကို သွားရောက်ပြီး မလှူဒါန်း မပေးကမ်းနိုင်ပေမယ့် အခုလို လေလွှင့်ပြုန်းတီးတာတွေကို ထိန်းသိမ်းခြင်းဖြင့် တဖက်တလမ်းကနေ လှူဒါန်းပေးကမ်းသလို ဖြစ်သွားပါလိမ့်မယ်။
အရင် သဂျီးဖိုရမ်လုပ်တုန်းက ပြစ်ဒါဏ်စာရွက်လေးတစ်ရွက် ဆိုတဲ့ ဖေ့စ်ဘုတ်က စာတစ်စောင် တင်ဖူးသေးတယ်။
အဲဒီအထဲမှာ စက်မှုဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတစ်နိုင်ငံရဲ့ ဟိုတယ်မှာ အစားအသောက်တွေ ပိုလျှံကျန်ခဲ့လို့ ဒါဏ်ရိုက်ခံရတာကို ရေးပြထားတယ်။
ဒါဏ်ရိုက်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်ငွေနဲ့ကိုယ်ဝယ်စားတယ်ဆိုပေမယ့် သားငါးသစ်သီးတွေဟာ သဘာဝရဲ့ သယံဇာတတွေဖြစ်လို့ လူတိုင်းနဲ့ဆိုင်တာမို့ မဖြုန်းတီးသင့်လို့ပါတဲ့။
Green Rose
October 6, 2012 at 2:36 pm
Ma Ma ရေ
ကျေးဇူးတင်ပါတယ် နောက်ပြီး အလွန်အမင်းနောက်ကျတဲ့ reply အတွက် တောင်းပန်ပါ
တယ်နော်။ ဒီမှာလည်း တချို့သော ဟိုတယ်ကြီးတွေက မလတ်ဆက်တဲ့ အသီးအနှံတွေ/ စံချိန်မမှီတဲ့ အသီးအနှံတွေကို လွှင့်ပစ်တယ်လို့ ကြားပါတယ်။ ရန်ကုန်မြို့ သွားရလာရလွယ်ကူတဲ့နေရာ တချို့မှာ အဲဒီ့လို စွန့်ပစ်တဲ့၊ ပိုလျှံတဲ့ အစားအသောက်တွေကို လက်ခံပြီး ပြန်လည်ဝေငှတဲ့နေရာမျိုးလေးတွေ ရှိရင်ကောင်းမှာနော်။ ဆိုင်တွေ၊ ဟိုတယ်တွေကို လိုက်လံသိမ်းဆည်းဖို့ဆိုတာကတော့ မလွယ်ဘူးထင်တယ်။ ဆိုင်တွေက အပြင်မှာ သွားပစ်ရမယ့် အတူတူ ဒီနေရာကို လာပို့လိုက်ရင် ပိုအဆင်ပြေမယ်လို့တွေးမိတယ်။
အဓိကကတော့ ကိုယ့်ငွေနဲ့ပဲ ဝယ်စားစား၊ သူများငွေနဲ့ပဲစားစား မလိုအပ်ပဲ အပိုတွေမဖြုန်းတီးဖို့ အသိလေးရှိကြဖို့ပါပဲ။ Green Rose တို့ဆီက တချို့လူတွေက အလကားရတိုင်း ကုန်လား မကုန်လားမသိ နင်းကန်ထည့်ပြီးနောက်ဆုံးမစားနိုင်တော့ အများကြီးချန်ထားခဲ့တာမျိုးတွေ တွေ့ဖူးတယ်။ အထူးသဖြင့် ဘူဖေးစားတဲ့နေရာတွေမှာပေါ့။ နိုင်ငံခြားမှာတောင် ဒဏ်ရိုက်တာမျိုးလုပ်ရတယ်ဆိုတော့.. Green Rose တို့ဆီမှာလည်း တချို့ ဟိုတယ်တွေမှာ သတိပေးစာတမ်း ကပ်ထားတာတွေ့ဖူးပါတယ်။ ကုန်နိုင်ယုံသာ စားပါဆိုတာမျိုးလေ..အဲဒါလည်း တချို့တွေက မလိုက်နာကြပါဘူး။ မီဒီယာတွေကနေ ဇတ်လမ်းတိုလေး လိုမျိုး ရိုက်ပြပြီး အသိပေးတာမျိုး ၊ ခလေးတွေကို မူကြို၊ မူလတန်းကစပြီး ရှိသင့်ရှိထိုက်တဲ့ စည်းကမ်းလေးတွေ သင်ပေးတာမျိုး လုပ်သင့်တယ်လို့ထင်တယ်။ သင်ရိုးညွှန်းတမ်းတွေမှာ
ဖြည့်စွက်သင့်တာတွေ အများကြီးပါပဲ။ လောလောဆယ် Green Rose တို့ လုပ်နိုင်တာကတော့ နီးစပ်ရာ ပတ်ဝန်းကျင်ကို တတ်နိုင်သရွေ့ ၊ ကိုယ်သိသမျှ ဖြန့်ဝေဖို့တစ်ခုပါပဲ။
လေးစားလျှက်
(Green Rose)
Crystalline
September 26, 2012 at 10:08 am
ွGreen Rose ရဲ့အတွေးကိုအပြည့်အဝထောက်ခံတယ်. ဒို့လည်းGreen Rose အမေလိုပဲ ဧည့်သည်လာရင်မေးပြီးမစားဘူး..စားခဲ့တယ်ဆိုရင်တော့ထိုင်ပဲစကားပြောနေလိုက်တယ်. လူခွဲလည်းမရှိတော့ သူစားမယ်ဆိုလည်းကိုယ်ပဲသူ့ကိုထားခဲ့ပြီးလုပ်ရမှာဆိုတော့လေ. ကိုယ်သွားလည်းဒီလိုပဲ. အခုတော့ရေရှားတဲ့နေရာတွေရောက်ခဲ့တော့ မီးနဲ့ရေကိုလည်းအတတ်နိုင်ဆုံးချွေတာတဲ့အကျင့်လုပ်နေတယ်.
kyeemite
September 26, 2012 at 11:33 am
နှမ်းစေ့လေး Green Rose ရေ…
တွေးပုံနဲ့ တင်ပြပုံကောင်းတဲ့အပြင်
ကမ္ဘာလောကကိုအကျိုးပြုမဲ့ အကြောင်းအရာလေးမို့လို
့လေးစားကြောင်းဦးစွာပြောပါရစေ….
ကြီးမိုက်လည်း နှမ်းတစ်စေ့အဖြစ် ဆီဖြစ်ရေးမှာ
ပါဝင်သွားမည်ဖြစ်ပါဂျောင်း… 🙂
Swal Taw Ywet
September 26, 2012 at 12:48 pm
လှည်းတန်းက I T လက်ဖက်ရည်ဆိုင် တစ်ဆိုင်တည်းရဲ့ တစ်နေ့တာ စားစရာ အကျန် စွန့်ပစ်မှု ပမာဏ သည် တိုင်ကီ တစ်ဝက်ကျော် အနည်းဆုံးနေ့စဉ်ရှိပါကြောင်း။
မြင်တတ်၊ တင်တတ်တဲ့ အတွက် MG ကိုယ်စား ကျေးဇူးတင်ပါကြောင်း။
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
may flowers
September 26, 2012 at 1:13 pm
Green Rose ရေ တကယ့်အတွေးကောင်း အရေးကောင်းလေးပဲနော် နောင်ဆိုအမလည်းအတတ်နိုင်ဆုံး
ဆင်ခြင်နေထိုင်ပြီး နှမ်းတစ်စေ့ကဆီဖြစ်ဖို့ ပူးပေါင်းပါဝင်သွားပါ့မယ်လို့……….။
ကိုပေါက်(မန္တလေး)
September 26, 2012 at 1:33 pm
ဒီလိုအတွေးမျိုး ကို မမနဲ့ ကျနော်စကားပြောဖြစ်ရင်းကနေ ပိုစ်တပုဒ်ရေးဘူးပါတယ်။
ဒီလိုအတွေးမျိုးကို သတိရတိုင်းရေးကြပါ။
ဖတ်မိတဲ့သူ အယောက်တစ်ရာမှာ တစ်ယောက် ကျနော်တို့ဘက်က ပါလာရင် ကျေနပ်ပြီ။
မတ်တတ်ရပ်ပြီးလက်ခုပ်တီးခဲ့ပါတယ် နှင်းဆီစိမ်းရေ……………………………..
ပန်းစံပါယ်
September 26, 2012 at 2:36 pm
မိမိအတွက်ပါမက အများအတွက်ပါ အကျိုးရှိတဲ့ပိုစ့်လေးပါ။ ဒီလိုစိတ်ကူးလေးရမိတာ လေးစားပါတယ်။
MaMa
September 26, 2012 at 6:13 pm
ပြီးခဲ့တဲ့ရက်ကပဲ ပြည်သူ့ခေတ်ဂျာနယ် (ကိုကြီးမိုက်ညွှန်းတာနဲ့ အပတ်စဉ်ဝယ်ဖတ်ဖြစ်နေလို့) မှာ ဖတ်လိုက်မိတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို ရွာထဲမှာ ပြန်ရေးတင်ပြချင်တာ စိတ်သွားတိုင်း ကိုယ်မပါတာနဲ့ပဲ မရေးဖြစ်ခဲ့ဘူး။
အိန္ဒိယမှာ စလုပ်နေတဲ့ လူမှုပရဟိတ လုပ်ငန်းလေးတစ်ခုအကြောင်းပါ။
အကြောင်းအရာအသေးစိတ်ကို မမှတ်မိပေမယ့် ရည်ရွယ်ချက်ကတော့…
ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေက လတ်ဆတ်မှုကို ဦးစားပေးလို့ တစ်နေ့စာတစ်နေ့ ပိုလျှံတာတွေကို နေ့စဉ်လွှင့်ပစ်တယ်။
ဟိုတယ်ဝန်ထမ်းတွေကိုလည်း မသမာမှုတွေ (ပစ္စည်းအသစ်နဲ့ အဟောင်းလဲတာ၊ အစားထိုးတာတွေ) လုပ်မှာစိုးလို့ မပေးလိုက်ဘူးတဲ့။
အခုလုပ်တဲ့လူမှုရေးအဖွဲ့ အဲဒီပိုလျှံလို့ လွှင့်ပစ်မယ့် စားသောက်စရာ (မပုပ်မသိုးသေးတာ၊ ချက်ပြီး မချက်ပြီး) တွေကို အလှူခံပြီး လိုအပ်နေသူတွေကို ပြန်လှူပေးတဲ့အလုပ်ကို စနစ်တကျလုပ်ပေးတာ။
အတော်လေး အကျိုးရှိတယ်လို့ ပြောပါတယ်
အချို့ ဖွံ့ဖြိုးပြီးနိုင်ငံမှာတောင် အဲလိုအဖွဲ့အစည်းတွေ ရှိပြီး အိန္ဒိယက အဲဒီအဖွဲ့အစည်းတွေဆီက အတုယူပြီး စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
မြန်မာပြည်မှာလည်း အဲလိုအလုပ်မျိုး လုပ်ဖို့ ကောင်းတယ်လို့ မြင်မိတယ်။
aemoshu
September 26, 2012 at 6:16 pm
green rose ရေ အားပေးထောက်ခံသွားပါတယ်။ ဒီပို့စ်ကိုဖတ်ရင်းအဲမိုကိုယ် အဲမိုလည်းပြန်လည်ဆုံးမနေမိပါတယ်။ လင်မယားနှစ်ယောက်စာတည်းကို အများကြီးချက်ပြီး အများကြီးလွင့်ပစ်ရတတ်ပါတယ်။ အဲမိုတို့အမေကတော့ ထမင်းကျန်ဟင်းကျန်တွေ လွင့်ပစ်ရရင်သိပ်စိတ်ဆိုးတတ်ပါတယ်။ ကုန်နိုင်ယုံချက်ကြပါလို့လည်း ခဏခဏပြောပါတယ်။ ရေလည်းဘုံးပေါလဟောသုံးရင်မကြိုက်ပါဘူး…ခဏခဏရေတင်ရတော့ မီတာခတတ်တာပေါ့တဲ့။ ဟုတ်ကဲ့ ဒီလိုလေးတွေ သတိထားကြမယ်ဆိုရင် သူများကို မလှူဖြစ်ရင်တောင် ကိုယ့်ဟာကိုယ် စေ့စေ့စပ်စပ်နဲ့ချွေတာရာရောက်လို့ များစွာအကျိုးထူးပါတယ်။ အဲ … ဧည်သည်နဲ့ပတ်သက်လို့ကတော့နည်းနည်းခတ်မလားလို့လေ။ ဧည့်သည်က ကိုယ်လိုလူဖြစ်အုန်းမှကိုနော် …
Green Rose
October 6, 2012 at 2:55 pm
aemoshu ရေ…
ဟုတ်ပါတယ်။ ရေလည်း အပိုမဖြုန်းသင့်ပါဘူး။ Green Rose တို့တိုင်းပြည်မှာ အညာဒေသ တချို့မှာ ရေရှားပါးမှု ဒဏ်ကို ခံစားနေကြရပါတယ်။ သဘာဝ သယံဇာတဖြစ်တဲ့ရေဟာ လုံးဝမဖြုန်းတီးသင့်ပါဘူး။ တကယ်လို့ ရေအရင်းအမြစ်တွေ ကုန်ခမ်းသွားခဲ့ရင်.. စက်ရုံတွေထောင်ပြီး ရေထုတ်လုပ်ဖို့ ဖြစ်မှမဖြစ်နိုင်တာနော်… ။
ဧည့်သည်နဲ့ ပါတ်သက်လို့တော့ နည်းနည်း ခက်ပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ပါနော်။ ဥပမာ ဧည့်သည်ကို ကော်ဖီလား၊ လဖက်ရည်လား၊ ဒါမှမဟုတ် အအေးလားပေါ့.. ကိုယ့်ဆီမှာ ရှိတာတွေထဲက သူဘာများ စားချင်သောက်ချင်မလဲလို့ အရင်မေးကြည့်လိုက်ပါ။ ဒါဆိုရင် အနည်းဆုံး သူ့ရွေးချယ်မှုဖြစ်တဲ့အတွက် သူကုန်အောင် သောက်သွားဖို့က သေချာသလောက်ရှိပါတယ်။ အလကားတော့ လွှင့်မပစ်ရဘူးပေါ့နော်။ ဧည့်သည်ပြန်ခါနီးအထိမှ ဧည့်ခံထားတဲ့ အအေး/အပူ မကုန်သေးဘူးဆိုရင် ` အမရယ် ဒါလေးတော့ ကုန်အောင်သောက်လိုက်ပါဦး ၊ ညီမဖျော်ပေးတာ မကောင်းလို့လားဟင်၊ အရသာ ပြင်ပေးရမလား´ ဆိုတာမျိုးလေး ပြောကြည့်လိုက်ပါ။
နောက် ကော်ဖီဆိုရင်တော့ တခွက်စာက ပုံမှန်ပေါ့လေ၊ အအေးဆိုရင် ဖန်ခွက်ကြီး အကြီးကြီးနဲ့ အများကြီးဖျော်တာမျိုးရှောင်ပါ။ Green Rose သိတဲ့တစ်ယောက်ဆိုရင် Green Rose သူ့ကို သောက်ရေအပြည့်ကြီးခပ်တိုက်လို့ နောက်ဆိုရင် အဲလိုအပြည့်ကြီးမဟုတ်ပဲ လူတစ်ယောက်သောက်နိုင်ယုံ ဖန်ခွက် တဝက်သာသာလောက်ပဲ ခပ်ဖို့ လိုရင်လိုသလို ထပ်ထည့်ပြီးတိုက်ဖို့ သင်ပေးဖူးပါတယ်။ တကယ်လေးစားစရာကောင်းတဲ့သူပါပဲ။ ပြောရရင်တော့ Green Rose တို့ ဟိုးရှေးဘိုးဘွား တွေမှာ တကယ်တုယူစရာကောင်းတဲ့ စနစ်တကျရှိမှုတွေ အများကြီးပါပဲ။ နောက်အဆင်ပြေမှ အဲဒါလေးတွေ သိသလောက် ပို့စ်လေးတစ်ခုရေးပါဦးမယ်။
လေးစားလျှက်
(Green Rose)
aemoshu
October 11, 2012 at 11:20 am
ထောက်ခံပါတယ် Green Rose ရေ။ နောက်ထပ်ရေးမယ့်ပို့စ်တွေကိုလည်း အားပေးဖို့ စောင့်မျှော်နေပါတယ်။
ခင်တဲ့
အဲမို
eipu
September 27, 2012 at 2:15 pm
Green Rose ကို လေးစားပါတယ်။
ဒီ post လေးကိုဖတ်ပြီးမှဘဲ ကိုယ့်ဘာသာဆင်ခြင်မိတော့တယ်။
နောက်ဆို သတိထားပါ့မယ်နော်။
surmi
September 28, 2012 at 9:57 pm
အကြောင်းကြောင်းကြောင် ့နောက်ကျနေတာခွင့် လွှတ်ပါ
ကျုပ်လဲနှမ်းစေ ့လေးတစ်စေ ့ဖြစ်ပါရစေ ဒါမှမဟုတ်လဲ မြင့်မိုရ်
တောင်ကိုပေါက်တဲ ့ ဇီးစေ့လေးတစ်စေ ့ပေါ ့
ကျုပ်တို ့ငယ်ငယ်က ထမင်းသွန်ရင် အရိုက်ခံရတတ်တယ်
အဲဒါကို ခုလိုအရွယ်မှ သဘောပေါက်တာပါ ။
အစားအသောက်တင်မကဘူးအဝတ်အစားနဲ ့ အသုံးအဆောင်
တွေပါချွေတာသင် ့တာပဲလေ ။
ဒီလိုစိတ်ကူးနဲ ့ တင်ပြရေးသားတာလေးကို ဂုဏ်ပြုပါတယ်ဗျာ။
uncle gyi
September 28, 2012 at 11:13 pm
အစားအသောက်ကိုချွေတာစားသင့်တာမစား
ဆီကောင်းဝယ်စားရင်ဈေးများတယ်နဲ့
၁လုံး၂လုံးကျမနှမျော
လက်ဘက်ရည်ဆိုတနေ့၃ခွက်မှမသောက်ရရင်မနေနိုင်
အရေမရအဖတ်မရကွမ်းကပိုဆိုးသေး
မြန်မာကွမ်းကပြည်တွင်းစီးပွားရေးလည်ပတ်မှုရှိသေး
ကွမ်းပေါင်းဆိုတဲ့တဖက်နိုင်ငံကအထုပ်ကလေးတွေက
ကျမ်းမာရေးကိုပိုထိလို့သူတို့နိုင်ငံမှာတောင်ပိတ်တဲ့ပြည်နယ်ပိတ်ကုန်ပြီ
မြန်မာမှာကနိုင်ငံလည်းဝင်ငွေမရ
ကိုယ့်အဖိုးတန်ဆန်တွေပဲတွေနဲ့သူ့ဆီကအရေမရအဖတ်မရတွေလဲယူရတာလောက်
နာတာမရှိ
တာဝန်ရှိသူတွေကဘာဖြစ်လို့ကြည့်နေကြတယ်မသိ
တဆိတ်လောက်ဖြေပေးစမ်းပါ နှင်းဆီစိမ်းရယ်
Green Rose
September 29, 2012 at 6:39 pm
Uncle gyi ရေ…
အဲဒီ့မေးခွန်းတွေရဲ့ အဖြေကို သိရဲ့နဲ့မေးနေတာများလား………….
ပါပဲဖြစ်ဖြစ် ပြောချင်လွန်းလို့ကို ပြောတော့မယ်နော်…
အဓိက က အသိဉာဏ် နုံနဲ့မှုကြောင့်ပါ။ အသိဉာဏ်က ဘာလို့နည်းပါးရတာလဲဆိုတော့.. ပညာမတတ်ကြ၊ ဗဟုသုတနည်းပါးကြလို့ပါ။ ဘာလို့ပညာမတတ်ကြတာလည်းဆိုတော့….ပညာဆိုတာကိုတန်ဖိုးထားရကောင်းမှန်း မသိကြ၊ (တချို့သိပေမယ့်လည်း ဆင်းရဲမွဲတေလွန်းလို့ ပညာသင်ယူခွင့်မရကြ) ဗဟုသုတကိုလည်း ရှာမှီးရကောင်းမှန်းမသိကြလို့ပါ။ ဘာလို့ ပညာကိုတန်ဖိုးထားရကောင်းမှန်းမသိကြတာလည်း ဆိုတော့ ပညာတတ်တိုင်း လူရာမဝင်တာတွေကို တွေ့နေ၊ ကြားနေကြရလို့ပါ။ (သိကြတဲ့အတိုင်း၊ တချို့ပညာရှိတွေ သိသမျှ မြင်သမျှ ဝေဖန်ထောက်ပြလို့ ဒုက္ခရောက်သွားကြတာလေ) နောက် Green Rose တို့ဆီက မီဒီယာတွေ တာဝန်မကျေခဲ့ကြလို့ပါ။ (အခုမဟုတ်ဘူးနော် အရင်က…….အရင်က) တချို့အရာတွေဟာ တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြီးတင်ပြလို့ ရပါရဲ့နဲ့ အားအားရှိ celebrities တွေရဲ့ အတင်းအဖျင်းတွေပဲ ဖေါ်ပြနေကြတာပါ။ ဘာမှဗဟုသုတရစရာမရှိပဲ အတုခိုးမှားစရာတွေ ကိုပဲ နှစ်ပေါင်းများစွာ ဖတ်နေ၊ ကြည့်နေ၊ နားထောင်နေခဲ့ကြရတဲ့ လူထု၊ ဒီလူထုမှာမှ အသိပညာ ဗဟုသုတ မခေါင်းပါးရင်……….ရင်…… ဒါကတစ်ပိုင်း.
တာဝန်ရှိသူဆိုတာ ဘယ်သူတွေကိုပြောတာလည်း၊ ရာထူးတွေဘယ်လောက်ပဲ ယူထားယူထား၊ တာဝန်ရှိတယ်လို့မှ မထင်ရင် တာဝန်ကဘယ်ရှိမှာလည်း။ Green Rose တို့ဆီကလူတွေ နေသာသလို၊ ကိုယ့်ကိုမှ တိုက်ရိုက်မထိခိုက်ဘူးဆိုရင် ဘယ်သူတွေသေသေ ငတေမာပြီးရောဆိုပြီးနေနေတာကို ရှက်ရကောင်းမှန်းမသိခဲ့တာ မျိုးဆက်ဘယ်နှစ်ဆက်စာ ကာလတွေလည်းဆိုတာ ပြန်ကြည့်ပါဦး။ တာဝန်ဆိုတာ လူတိုင်းမှာရှိပါတယ်။ သက်ဆိုင်ရာဌာနက အာဏာနဲ့တားမှမဟုတ်ပါဘူး၊ စီးပွားရေးသမားတွေဟာ ငွေရဖို့တစ်ခုတည်းကြည့်ပြီး စီးပွားမရှာသင့်သလို၊ လူထုကလည်း လက်တလော ငွေကုန်သက်သာတာကိုပဲ ကြည့်မနေပဲ ကျန်းမာရေးအတွက်ပါ ထည့်စဉ်းစားတတ်ရမှာပါ။ အထူးသဖြင့် အိမ်ရှင်မတွေ သတိထားသင့်ပါတယ်။ ကိုယ့်မိသားစုရေရှည်အရေးအတွက် ပထမ စဉ်းစားလိုက်ရင် အားလုံးပြေလည်သွားမှာပါ။
နှစ်ပေါင်းများစွာ ပျက်စီးလာတဲ့ စိတ်ဓါတ်တွေကို ခဏလေးအတွင်းမှာ ပြင်ယူဖို့တော့ မလွယ်ပါဘူး Uncle gyi ရေ.. ပညာရှင်တွေကိုနေရာပေးပြီး ကဏ္ဍအသီးသီးမှာ ရေရှည်ကို တွက်ဆပြီး ပြုပြင်သင့်တာတွေပြုပြင် ပြောင်းလဲသင့်တာတွေပြောင်းလဲလိုက်ရင်.. ရွှေပြည်တော် မျှော်လေတိုင်း မဝေးဘူးလို့ယုံပါတယ်။ Green Rose တို့ရွာသူ၊ ရွာသားတွေလို နှမ်းစေ့တွေလည်း အများကြီးလိုပါတယ်။
လေးစားလျှက်
(Green Rose)
YE YINT HLAING
September 29, 2012 at 5:27 am
၂ – အောက်တိုဘာ – ၂၀၁၁ ကနေ ၂၂ – ဖေဖော်ဝါရီ – ၂၀၁၂ ထိ အချိန်တွေ အတွင်း နေ့စဉ် တနေ့လေးကြိမ် ( ညလည်စာ အပါအဝင် ) ကျွေးတယ် ။ တကြိမ်မှာ အနည်းဆုံး စားစရာ အမျိုးပေါင်း( ၄ဝ ) နဲ့ အထက် မှာ ကြိုက်ရာကြိုက်သလောက် ယူစားနိုင်ပြီး စားပြီးလို့ အပြန်မှာလည်း သစ်သီးစုံ အချိုရည် ကော်ဖီ နဲ့ မုန့်မျိုးစုံ ယူပြန်လို့ ရသေးတယ် ။ ဂဘာ့ နိုင်ငံပေါင်း ( ၅ဝ ) ကျော် က လာရောက် အလုပ်လုပ်နေတဲ့သူတွေကို လူ ( ၁၀၀ဝ ) လောက် တကြိမ်တည်း စားသောက်နိုင်တဲ့ ခန်းမကြီးထဲမှာကျွေးတယ် ။ စားသောက်ခန်းမထဲ ဝင်လာတဲ့သူတွေကို ဝတ်စားပုံနဲ့ တကိုယ်ရည် သန့်ရှင်းမှု ကို စစ်ပြီးတာနဲ့ အထဲမှာ လွတ်လွတ်လပ်လပ် ကြိုက်တာစားလို့ရပြီ ။ အဲဒီမှာ ကျွန်တော်က နေ့တိုင်း ကုန်သလောက်ပဲ နည်းနည်းချင်းယူစားတယ် ။ အလားရတာပဲ ဆိုပြီး ပန်းကန်ထဲ အစုံ လျှောက်ထည့် ပြီးရင် အမှိုက်ပုန်းထဲ လွင့်ပစ် ။ အချို ရည်ဗူး ကို တငုံ နှစ်ငုံ သောက် ပြီး ခန်းမက ပြန်ထွက်ရင် အမှိုက်ပုန်းထဲ ဝုန်းကနဲပစ် လုပ်နေတာတွေ အေ.ရှတိုင်းသားတွေကော အနောက်တိုင်းသားတွေမှာ ကောတွေ.ရတယ် ။ ကျွန်တော် နဲ့ အတူစားတဲ့ သူတွေကို ကျွန်တော် က အပြုအမှု နဲ့ မြင်သာလာအောင် နေ့တိုင်း စားပြတယ် ။ တချို့ ချင့်ချိန်ပြီး ပန်းကန်ထဲ ထည့်ယူလာ လိုရင် ထပ်ပြီးထယူ ဒီလိုလေး လုပ်လာတယ် ။ တချို့ကတော့ ထုံးစံ အတိုင်းပါပဲ ။ ကျွန်တော် တို့ကိုခုလို ကျွေးမွေးထားနိုင်တဲ့ ပိုက်ဆံတွေထဲမှာ လူသား အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့ လျှူဒါန်း ထားတဲ့ ဂဘာ အရပ်ရပ် က စေတနာ ရှင်တွေရဲ့ အလှူငွေတွေ လည်း ပါနေတယ်လေ ။
Green Rose
September 29, 2012 at 6:11 pm
မမ၊ Crystilline, ကိုကြီးမိုက်၊ Swal Taw Ywet၊ May Flower၊ ကိုပေါက် (မန္တလေး)၊ ပန်းစံပယ်၊ aemoshu၊ eipu၊ Surmi၊ အခုဆိုရင် Green Rose တို့က အမြင်မှာ နှမ်းတဆုပ်စာတော့ ရှိနေပါပြီ၊ လက်တွေ့မှာ နှမ်းတင်းပေါင်းများစွာ ဖြစ်နေပါစေလို့ဆုတောင်းပါတယ်။ comment မပေးပဲ ဒီအတိုင်းလေး ဖတ်သွားတဲ့သူတွေလည်း Green Rose တို့နဲ့ အတူတူ ပါဝင်လာကြမယ်လို့ ယုံကြည်ပါတယ်။
လုပ်နိုင်သရွေ့လေး လုပ်ကြည့်ကြတာပေါ့နော်… အမှန်တော့ အပန်းမကြီးတဲ့ ကိစ္စလေးလို့ထင်ရပေမယ့် တကယ်သတိထားပြီး လိုက်လုပ်ဖို့က အရမ်းမလွယ်ကူပါဘူး…အားလုံးကိုကျေးဇူးတင်ပါတယ်။ မမရဲ့ comment လေးအတွက် နောက်မှ သေချာ ပြန်ဆွေးနွေးပါဦးမယ်။ ဓါတ်ပုံကို Green Rose request လုပ်ပြီး ခဏလေးအတွင်း တင်ပေးတဲ့ သူကြီးဦးခိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ သူကြီးက Green Rose တို့လို နှမ်းစေ့လေးတွေကို ပျိုးထောင်ပေးတဲ့ နှမ်းပျိုးသူပါပဲ။
လေးစားလျှက်
(Green Rose)
uncle gyi
September 29, 2012 at 11:20 pm
့ အားအားရှိ celebrities တွေရဲ့ အတင်းအဖျင်းတွေပဲ ဖေါ်ပြနေကြတာပါ။ ဘာမှဗဟုသုတရစရာမရှိပဲ အတုခိုးမှားစရာတွေ ကိုပဲ နှစ်ပေါင်းများစွာ ဖတ်နေ၊ ကြည့်နေ၊ နားထောင်နေခဲ့ကြရတဲ့ လူထု၊ ဒီလူထုမှာမှ အသိပညာ ဗဟုသုတ မခေါင်းပါးရင်…
ကြိုက်တယ်ဗျာဒီနေရာလုံးဝကိုအမြင်ချင်းတူကြောင်းပါဗျာ
padonmar
September 30, 2012 at 11:25 pm
နှင်းဆီစိမ်းလေးရေ
ဒို့ရွာထဲကလူတွေကတော့ အတွေးအခေါ်တူကြတာများပါတယ်။
ရွာပြင်မှာတော့ မကုန်သင့်တာမကုန်အောင်လို့ပြောရင် ကပ်စေးနည်းတယ်၊ဇီဇာကြောင်တယ်လို့မြင်နေကြတာများပါတယ်။
လွန်ခဲ့တဲ့ အပတ်က ကျမရဲ့ ဝန်ထမ်း ၈ယောက်လောက်ရှိတဲ့ အလုပ်တစ်ခုမှာ လက်ဆေးဘေစင်က ဆပ်ပြာအသုံးများလို့ ပြောမိပါတယ်။သူတို့ကို Dettol ဆပ်ပြာ လက်ဆေးဖို့ ထားပေးတာ လူ ၈ယောက် လက်ဆေးရုံနဲ့တင် တစ်ပတ် တစ်တုံးကုန်နေတယ်။
ဘေစင်ကို လေ့လာကြည့်တော့ ဆပ်ပြာခွက်ကဘေစင်နဲ့ကပ်ပြီး ရေအမြဲစိုနေတယ်။ အောက်မှာ ဆပ်ပြာတွေ ပျော်ကျပြီး အလဟဿ ဖြစ်နေတော့ သုံးရတာထက် ဖြုန်းပစ်တာကများနေတာပေါ့။
ဒါကြောင့် ဆပ်ပြာခွက်ကို အောက်က ဘေစင်နဲ့ မကပ်နေအောင် ပြုပြင်ပေးရင်း ဆူခဲ့တယ်။
နောက်နေ့မေးတော့ ကလေးမလေး ၂ယောက်က နောက်ဒီဆပ်ပြာနဲ့ မဆေးဘူး။ကိုယ့်ပိုက်ဆံနဲ့ ဂေါ်ဇီလာဆပ်ပြာ ဝယ်သုံးမယ် ပြောတယ်ဆိုလို့ မုန့်ဟင်းခါးကျွေး ထပ်ရှင်းပြခဲ့ရသေးတယ်။
ဒါတောင် ကိုပေါက်ရဲ့ တစ်စေ့တစ်ဆုပ် တစ်မှုတ်တစ်ခွက် ကို ပရင့်ထုတ်ပေးပြီး ဖတ်ခိုင်းထားတာ။
etone
October 1, 2012 at 11:55 am
အန်တီရေ …ဘေစင်ပေါ်က ရေအမြဲ နူးနေတဲ့ ဆပ်ပြာတုံးလေးအတွက်ဆိုလျှင်တော့ …. ဖေ့ာတုံးလေး တစ်တုံး သုံးပေးသင့်ပါတယ် … ။ ဖော့တုံးပေါ် ဆပ်ပြာတင်ထားတဲ့အခါ ဆပ်ပြာက ရေကိုစုပ်တဲ့အတွက်ပါ … ။ နောက်ပြီး ဖော့တုံးမှာ ကပ်ကျန်နေတဲ့ ဆပ်ပြာပျော့လေးတွေနဲ့ … ဘေစင်သန့်ရှင်းရေးလုပ်တာမျိုးလည်း တဖန်ပြန်သုံးလို့ ရတဲ့အတွက်ပါ ။ အရင်က ရုံးမှာလည်း … အဲ့လို ဆပ်ပြာရေနူးတဲ့ ပြသနာမျိုး ခဏခဏဖြစ်ဖူးတယ်လေ … ဖေ့ာတုံးလေး မသုံးခင်အချိန်ထိပေါ့ ။ 🙂
Green Rose
October 6, 2012 at 3:07 pm
အန်တီပဒုမ္မာရေ..
တချို့တွေကဒီလိုပါပဲ။ Green Rose တို့ရုံးမှာလည်း အဲလိုပဲ.. တချို့တွေ ဆပ်ပြာတွေကို မလိုအပ်ပဲ ဗုံးပေါလအောသုံးနေကြတာ။ ဆပ်ပြာရော၊ ရေရော ၂ မျိုးစလုံးကို ဖြုန်းတီးရာကျပါတယ်။ မအိတုံပြောတဲ့နည်းလေးကောင်းပါတယ်။ လူတွေ educated ဖြစ်မဖြစ်ဆိုတာ အတန်းပညာနဲ့မဆိုင်ပဲ အသိပညာနဲ့သာဆိုင်ပါတယ်။ အဲဒီ့အသိပညာကို လက်ခံယူကြတာမှာ တချို့တွေက ပြောပြတာကို နားလည်ပြီးလက်ခံကြပေမယ့်၊ တချို့တွေက ကြောက်ပြီးလက်ခံကြတာမျိုးရှိပါတယ်။ Green Rose တို့ရုံးမှာလည်း ဒီလိုပါပဲ တချို့ကိစ္စတွေ မှာ သူဌေးက အာဏာသုံးပြီး အော်ဟစ်ဆူပူလိုက်မှ ဆင်ခြင်သွားတာတွေရှိပါတယ်။ Green Rose တို့က အဲဒါကို မုန့်ဟင်းခါးကျွေးတယ်လို့ခေါ်တယ်။ အန်တီပဒုမ္မာကျွေးတဲ့မုန့်ဟင်းခါးနဲ့ အဓိပါယ်တူပေမယ့် အရသာကွာတယ်နော်.. (ဟီး…)
လိုက်နာတာ မလိုက်နာတာ၊ လက်ခံတာ လက်မခံတာ သူတို့အပိုင်း ပြောပြသင့်တာကို
ပြောပြဖို့က အန်တီပဒုမ္မာတို့ Green Rose တို့အပိုင်းလေ.. နောက်တဖြည်းဖြည်းနဲ့ သူတို့နားလည်လာမှာပါ။
လေးစားလျှက်
(Green Rose)
Swal Taw Ywet
October 1, 2012 at 1:12 pm
အလို လေး
ရဲရဲကို နီ နေပါလားဗျို့။
အနီရောင်တပ်ဖွဲ့ ပြန်လည်လှုပ်ရှားလာပါပကော။
အမျှ ၊ အ မျှ၊ အမျှ ပါဗျို့။…….
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
etone
October 1, 2012 at 1:53 pm
Green Roseရေ …
ဆင်ခြင်စရာ ပို့စ်လေး ရေးပေးတဲ့အတွက် ကျေးဇူးပါ ။ အလေလွင့် ဖြုန်းတီမိနေတဲ့ ငွေယိုပေါက်တွေကို ဟိုက်လိုက်လုပ်ပြတဲ့ ပို့စ်လေးမို့ သဘောကျမိပါတယ် ။
လောက ကြီးက မညီမျှဘူးပဲ ။ ပေါတဲ့ လူတွေကလည်း အရမ်းကို ပေါနေပြီး ၊ ကုန်းကောက်စရာမရှိအောင် မွဲတဲ့ လူတွေကလည်း မွဲနေတယ် ဒီကြားထဲ ထမင်း နပ်မှန်ဖို့တောင် အနိုင်နိုင် အခြေနေတွေ အများကြီးရှိသေးတယ် … ။ မြန်မာ လူမျိုးမို့လို့ … မမြင်ရတဲ့ အတိတ်ကံကိုပဲ လွဲချလိုက်တော့မယ် .. (အဟီး .. သဂျီး မမြင်စေနဲ့ ) :harr:
အရင်ကဆို သူများ အိမ်သွားလို့ ကျွေးတာကို မကြိုက်လည်း ၊ ကြိတ်မှိတ်ပြီးစားခဲ့ သောက်ခဲ့ရတယ် … ။ ဆိုင်မှာ မှာသမျှလည်း … တတ်နိုင်သမျှ ကုန်အောင်စားပါတယ် …. ။ ဘူဖေးစားလျှင်လည်း .. တတ်နိုင်သမျှ … အများကြီးစားတယ် … အဲ့ဒါရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ … လူက သိသိသာသာပဲ ဝိတ်တက်လာတယ် ။ နောက်ပိုင်း ကုန်သလောက်ပဲ မှာ ချင့်ချိန်ပြီးစားတော့တယ် …. အရမ်းပြည့်အင်နေပြီ မကုန်တော့ဘူးဆိုမှ … လွှင့်ပစ်မယ်ဆိုလျှင်တောင် မြေဆီ မြေဩစာ ဖြစ်ပါစေတော့ဆိုတဲ့ စိတ်နဲ ့လက်လွှတ်လိုက်ပါတယ် ။ ဟီး
စိတ်ခံစားမှု အနေနဲ့ …… တဖက်က လှည့်တွေးကြည့်မယ်နော် …. ။ ကျွန်မတို့ စားနေရတဲ့ အချိန် ၊ သူများတွေ ငတ်ချင်လည်း ငတ်နေမယ်ပေါ့နော် ၊ အဲ့ဒီအချိန် သူတို့အတွက် ထမင်းကျွေးလိုက်တာက … အဆာပြေပဲဖြစ်ဖြစ် ၊ တနပ်စာ အတွက်ပဲဖြစ်ဖြစ် ဖူလုံသွားပေမယ့်… ၊ ဒါဟာ ခဏတာ ဖြေရှင်းနည်းတစ်မျိုးပါပဲ ။တစ်နေ့ကျွေးပြီး ၊ နောက်နေ့ထပ်ငတ်လျှင် ဒီပုံစံအတိုင်းပဲဖြစ်ဦးမှာပါပဲ ။ မမြင်ရက်လို့ ပေးမယ် ကျွေးမယ်ဆိုလျှင်တောင် ၊ အလုပ်လေးတွေ (လက်တိုလက်တောင်းပဲဖြစ်ဖြစ်) ဖန်တီးပေးပြီးမှ ကျွေးသင့်တယ်လို့တော့မြင်မိပါတယ် ။ လွယ်လွယ်နဲ့ ဘယ်အရာမှ မရဘူး ၊ ကောင်းကောင်းမွန်မွန် အလုပ်လုပ်မှ စားရမယ်ဆိုတဲ့ မက်စေ့ချ်လေး သွင်းပေးတာမျိုးကို ပြောတာပါ ။ ကိုယ်က စေတနာရှိစေဦးတော့ ၊ ဒီအတိုင်းပေးတာ တကြိမ် နှစ်ကြိမ်ထက်များလာလျှင် နောက်ပိုင်း .. သူတို့ရဲ့ ရှိရင်းစွဲ ကိုယ့်အားကိုယ်ကိုး ရှာစားချင်စိတ်လေးတောင် ပျောက်သွားမလား .. တွေးမိတာကြောင့်လည်း ပါပါတယ် ။
Green Rose
October 6, 2012 at 3:11 pm
ဟုတ်ကဲ့ etone ရေ…
Green Rose က မဖြုန်းတီးမိဖို့ပဲ High Light လုပ်တာပါ။ ပေးကမ်းဖို့မလိုပါဘူး။ ပေးကမ်းဖို့ကိုလည်း အားမပေးပါဘူး။ Green Rose လည်း etone လိုပဲ ကိုယ့်အားကိုယ်ကိုး ရှာစားချင်စိတ်လေးတွေ ပျောက်သွားမှာကို မလိုလားပါဘူး။
လေးစားလျှက်
(Green Rose)
အရီးခင်လတ်
October 9, 2012 at 7:12 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
အစားအစာတွေကို အလဟဿ မဖြစ်စေဘို့ တစ်ဦးချင်း သတိပြုကြစရာလေးကို ထောက်ပြ ထား တဲ့ပိုစ့်လေးပါ။ (Green Rose တို့မကုန်လို့ လွှင့်ပစ်ရမှာတွေဟာ တချို့တွေအတွက် လိုအပ်လို့ ဖြည့်တင်းရမှာတွေ ဖြစ်နေတယ်ဆိုတာ သတိထားမိလာလို့ပါ။) ဆိုတဲ့ ရိုးရှင်းတဲ့ သဘောတရားလေးကို ချပြတိုက်တွန်းထားတာလေးကို နှစ်သက်မိပါတယ်။
~~~~~~~~~~~~~~~~~~~~
မြန်မာစကားမှာ..တစ်ယောက်ယောက်က..ထူးပီး အများအကျိုးရှိမဲ့အလုပ်တစ်ခုကို
ထူးထူးခြားခြား လေးထလုပ်တာတွေ့ရင်…လူတွေက အားမပေးတဲ့အပြင်.. “နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပါဘူးကွာ”လို့ ခနဲ့တဲ့တဲ့သရော်လေ့ရှိပါတယ်…ဒါကိုစာရေးသူက..သတ္တိရှိရှိနဲ့…““နှမ်းတစေ့နှင့် ဆီကြိတ်မယ်”လို့ကြွေးကြော်ထားတာ သိပ်ကိုလေးစားနှစ်ချိုက်မိကြောင်းပါဗျာ .နောက်စာရေးသူစဉ်းစားမိပုံကလည်း..အတုယူစရာပါ..
`အဲဒီ့ခဏလေးမှာ စဉ်းစားလိုက်မိတာက ကမာ္ဘ့နေရာအနှံအပြားမှာ ဖြစ်နေတဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုဆိုတာကိုပါ။ အဲဒီ့က ခလေးတွေ၊ လူကြီးတွေ ဘယ်လိုများနေပါ့မလဲလို့ တွေးမိသွားတဲ့အခါ.. ….´
စာရေးသူဟာ အရေးအသားဆွဲဆောင်မှု့ရှိအောင်ရေးနိုင်တဲ့အပြင်…အကြောင်းအရာနဲ့
အတွေးအခေါ်ကလည်း အံ့မခန်းလေးစားဖို့ကောင်းပါတယ်…ရေးပုံ၊တွေးပုံလေးကိုကြည့်ပါ…
“အမှန်ဆို နောက်ထပ် လူ ၁ ယောက်/ ၂ ယောက်လောက်တော့ ဗိုက်ဝအောင်စားဖို့ လောက်ငတဲ့အစားအစာတွေနော်။ အဲဒီ့အချိန်တွေမှာ တွေးမိတာက ငါတို့ကတော့ ဒီမှာ စားပြီးပိုလို့လွှင့်ပစ်နေတယ်။ ဟိုမှာတော့ စားစရာမရှိလို့ ငတ်နေကြတယ်…….. ဆိုတာပါ။ ရှက်စရာကောင်းတယ်လို့ ခံစားမိတယ်။ ကမာ္ဘ့စားနပ်ရိက္ခာရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းမရှိပေမယ့် ပိုလို့ လွှင့်ပစ်ရမှာတွေကို မလွှင့်ပစ်ရဘူးဆိုရင်.. ဆိုတဲ့ အတွေးလေး ဝင်လာမိတယ်။”
ဒီအတွေးအမြင်လေးကလည်းလေးစားစရာပါ…
“Green Rose တို့ကမကုန်နိုင်လို့ လွှင့်ပစ်နေတဲ့အချိန်တွေမှာ တချို့တွေ ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံထဲက ရွေးချယ်သန့်စင်ပြီး စားသောက်နေရတာတွေ၊ စားစရာမရှိလို့ ငတ်မွတ်နေရတာတွေကို တွေးမိရင်… ရှက်မိပါတယ်။ Green Rose ကြည့်ကြည့်နေတယ်။ လမ်းသွားရင်းလာရင်း တွေ့တွေ့နေရတဲ့ အမှိုက်ပုံတွေထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းကတော့ တကယ်လွှင့်ပစ်သင့်တဲ့ အမှိုက်တွေဖြစ်ပြီး ဘယ်နှစ်ရာခိုင်နှုန်းက အမှိုက်မဖြစ်သင့်တဲ့အမှိုက်တွေများဖြစ်နေမလဲလို့ပါ။”
နောက်..တင်ထားတဲ့ ဖိုတိုလေးကလည်း ပို့စ်နဲ့ အင်မတန်မှလိုက်ဖက်လှတဲ့
“၁၉၉၄ ခုနှစ်က ပူလစ်ဇာဆုရတဲ့ ဆူဒန်နိုင်ငံက အငတ်ဘေးဆိုက်နေတဲ့
ကလေးငယ်တစ်ဦး UN အစားအသောက်ဝေရာနေရာကို ချိနဲ့စွာတွားသွားနေတဲ့
ပုံလေးပါ…” ဓါတ်ပုံဆရာခမျာလည်း ဒီပုံရိုက်ပီးသုံးလလောက်အကြာ စိတ်ကျရောဂါရပြီး
ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လို့ဆိုပါတယ်…..
~~~~~~~~~~~
ကျနော်တို့အားလုံးတွင်ချိုးခြံချွေတာခြင်းသည် သူဌေးဖြစ်ဘို့ ဟူသောအတွေးမျိုး ရှိတတ်ကြပါ သည်။
ယခုဆောင်းပါးကတော့ အတွေးပြောင်းပြန်ဖြစ်ပါသည်။
ချမ်းသာဘို့မဟုတ် လူ့လောကကြီးရဲ့လိုအပ်ချက်တွေမှာ မလိုဘဲမသုံးဘို့ထောက်ပြထားသည်ကို
နှစ်သက်စဖွယ်တွေ့ရပါသည်။
မြန်မာ့ရှေးပဒေသရာဇ်ခေတ်တွင် သာလွန်မင်းတရားလက်ထက် ထမင်းရည်ကိုလမ်းမ ပေါ်ငှဲ့နေသော သူဆင်းရဲကို အလဟဿလုပ်ခြင်းအတွက် ဆုံးမခဲ့သည်ကို ဖတ်ခဲ့ရဘူးပါသည်။
ကျနော်တို့ကိုယ်တိုင်ပင် အလှူမှာ စားသောက်ဆိုင်မှာပိုလျံသော ထမင်းခေါက်ဆွဲ အချဉ် များကို ပိုးကနဲ့ပက်ကနဲသွန်ပစ်ခဲ့သည့်အကြိမ်များကို နောင်တရစရာကောင်း လောက်အောင်ရေးပြထား သည့် လေးစားစရာအတွေးပိုင်ရှင်ဟုသတ်မှတ်လိုပါသည်။
စက်တင်ဘာလအတွက် အကြိုက်ဆုံး အဖြစ်ရွေးချယ်ထားပါသည်။
Green Rose
October 11, 2012 at 2:19 pm
အရီးလတ်ရဲ့ မှတ်ချက်လေးကို ဖတ်ပြီးမှ ကိုယ့်ပို့စ်လေးကိုယ် ပိုပြိးသဘောကျမိလာတယ်.. အကောင်းဆုံးအဖြစ် သတ်မှတ်ပေးတဲ့အတွက် အရီးလတ်နဲ့ ဖတ်ရွေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်
လေးစားလျှက်
(Green Rose)
Green Rose
October 11, 2012 at 2:21 pm
ရဲရဲကိုတောက်နေတာပါပဲလား..
အစိမ်းရောင်မကြိုက်ဘူး.. အနီရောင်ကြိုက်တယ်ဆိုလည်း ပြောတာမဟုတ်ဘူး။ သူကြီးကိုအရောင်သင်္ကေတတွေ ပြောင်းပြန်ပြောင်းဖို့ အရေးဆိုရမယ်ထင်တယ်။ (+) ဆိုရင် အနီ ( – ) ဆိုရင်အစိမ်းဆိုပြီးလေ…
လေးစားလျှက်
(Green Rose)