လက်ဖျံရိုးပေါ်က တက်တူး
အုံ့မှိုင်းမှိုင်းရာသီဥတုရဲ့ နေ့လည်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ မွန်းကြပ်နေသလိုလိုပင်။ ထိုင်နေကြ လမ်းထိပ်ရဲ့ခရေပင်သုံးပင်အောက်မှာ ဝေဖြိုးရယ် ကျွန်တော်ရယ်ရှိနေ၏။ ခပ်မှိုင်းမှိုင်းရာသီဥတုမှာ လေးအေးတစ်ချက် တိုက်ခိုက်သွားတိုင်း ခရေပန်းရနံ့က တစ်ချက်တစ်ချက် ပျံ့သင်းသွားသည်။ ဝေဖြိုးကို ကျွန်တော်တစ်ချက်လှည့်ကြည့်တော့ ခေါင်းငိုက်စိုက်ကျလျက်။ မွန်းကြပ်နေသည့်ကြားမှ စကားတစ်ခွန်းပြော ရန် လေကိုတစ်ဝကြီး တစ်ချက်ရှူလိုက်သည်။
“သားကြီး….. မင်းသိပ်စိတ်ဓာတ်မကျသွားနဲ့ဦး။ မင်းလည်း ဗဟုသုတရှိပြီးသားပဲကွာ”
ကျွန်တော့်ပြောစကားကို ခေါင်းတစ်ချက်သာ ငြိတ်ပြတဲ့ ဝေဖြိုးကိုပုခုံးဖက်ကာ နှစ်သိမ့်ပေးနေမိသည်။ ကျွန်တော့်ပုခုံးကိုမှီရင်း ဝေဖြိုးရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ ဝေဖြိုးအား နှစ်သိမ့်ပေးနေရင်း ဝေဖြိုးလက်ဖျံ ရိုးပေါ်ရှိ (FRIENDS) ဆိုသည့် ကနုတ်များဖြင့်အလှဆင်ထားသည့် တက်တူးအားကြည့်ရင်း ကျွန်တော့်အမြင် အာရုံများ ဝေဝါးလာသည်။ အကျီ င်္လက်ရှည်အား ခေါက်တင်၍ ကျွန်တော့်ဘယ်ဘက်လက်ဖျံရိုးပေါ် တက်တူး အား ကျွန်တော့်ကြည့်ကား တစ်ချက်ပြုံးလိုက်မိရင်း ဝေဖြိုးလက်မောင်းကိုပုတ်ကာညှစ်ရင်း ခေါင်းကိုတစ်ချက် ပွတ်လိုက်သည်။ တစ်ခါတစ်ရံတွင် အံ့ဩစရာပြည့်နှက်လွန်းလှသော ကံကြမ္မာကို အရွဲ့တိုက်ကာ ဟားတိုက် ချင်မိသည်။ အုံ့မှိုင်းမှိုင်းရာသီဥတုနှင့် ခရေပန်းရနံ့သင်းသင်း ကျွန်တော်တို့ နှစ်ယောက်ကြားကျော်ဖြတ်ကာ သွားသည်။
*********************************************************
“သူရိန်…….သူရိန်………”
အိမ်ရှေ့မှခေါ်သံကိုကြားကြားချင်း စည်သူဆိုတာ ကျွန်တော်သိလိုက်သည်။
“ဟရောင်…..ဘာလို့အာဗြဲကြီးနဲ့အော်နေရတာလဲ….”
“ငါမခေါ်ရင်ရော မင်းကြားမှာမို့လို့လား နွားရဲ့”
“အေး………ဘယ်သွားမလို့လဲပြော”
စည်သူက ပြုံးစိစိဖြင့် မျက်ရိပ်ပြကာ….
“သွားနေကြနေရာလေကွာ…ဟဲ..ဟဲ”
ကျွန်တော်တို့ရပ်ကွက်နားရှိ လမ်းမတန်းတွင် ကျွန်တော်တို့သုံးယောက် ထိုင်နေကြဘီယာဆိုင်လေးတစ်ဆိုင် ရှိသည်။ ဝေဖြိုး ၊ စည်သူနှင့် ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ပေါင်းလာသော ငယ်သူငယ်ချင်းများ ဖြစ်ကြသောကြောင့် တစ်ယောက်အကြောင်းတစ်ယောက်သိသော မကွယ်မဝှက်တမ်းဆိုလျှင် တစ်ယောက်နှင့် တစ်ယောက် အတွင်းသိအစင်းသိ သူငယ်ချင်းများဖြစ်ကြသောကြောင့်ပင်ဖြစ်သည်။ စည်သူ၏လက်ဖျံရိုးတွင် လည်း (FRIENDS)ဆိုသည့် ကနုတ်များဖြင့်ထိုးထားသော တက်တူးတစ်ခုရှိသည်။ ထိုတက်တူးပင်လျှင် ကျွန်တော်တို့သုံးယောက်၏ အမှတ်အသားတစ်ခုပင်ဖြစ်သည်။
“လာကွာ ဝေဖြိုးကိုသွားခေါ်ရအောင်…..”
ဝေဖြိုးအိမ်ရှေ့အရောက်တွင်……..
“ဟရောင်ဝေဖြိုး ဘာထိုင်လုပ်နေတာလဲကွ”
ဝေဖြိုးကတစ်ချက်ပြုံးကာ
“မင်းတို့ကိုစောင့်နေတာလေ……….”
ကျွန်တော်ဝေဖြိုးကြည့်ရသည်မှာ မနေ့ကနှင့်မတူ လန်းရွှင်လျှက်။ ဝေဖြိုးပုံစံမြင်ရတာနှင့်ပင် ကျွန်တော် တော်တော်လေးစိတ်ချမ်းသာသွားသည်။ စည်သူကတော့ ထိုအကြောင်းအရာအား မသိပေ။ သုံးယောက်သား ပုခုံးချင်းဖက်ကာ ထိုင်နေကြနေရာလေး “Good Friend” ဆိုသော စားသောက်ဆိုင်လေးသို့ ချီတက်ခဲ့ကြ သည်။
******************************************************
“စည်သုံးခွက်ဟေ့……….”
ကျွန်တော်နှင့်စည်သူနှစ်ယောက်သား ပါးစပ်မဟသေးခင် ဝေဖြိုးထံမှဦးစွာထွက်ပေါ်လာသည်။ ကျွန်တော်နှင့် စည်သူ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ အရင်ကဆိုလျှင် ဝေဖြိုးသည် ခပ်အေးအေးပင် စားသောက်စရာများကို အော်ဟစ်ကာဘယ်တော့မှ မမှာပေ။ ဝေဖြိုးက ကျွန်တော်နှင့်စည်သူ အား ပြုံး၍ကြည့်ကာ….။
“ဟရောင်တွေ ဘာတွေဖြစ်နေတာလဲ။ ငါ့ကို အထူးအဆန်းဖြစ်နေတာလား……”
ပြောရင်းဆိုရင်းပင် သုံးယောက်သားရှေ့ စည်ဘီယာသုံးခွက်ရောက်လို့လာသည်။ ဝေဖြိုးမှစကာ….
“လာကွာ…… ငါတို့သုံးယောက်ဘယ်တော့မှမခွဲကြေး……”
ဘီယာခွက်အားတေ့ရင်းပင် ဝေဖြိုးမျက်နှာကို ကျွန်တော်အကဲခတ်နေမိသည်။ ပျော်ရွှင်နေသော်လည်း ဝေဖြိုးမျက်လုံး၏အရိပ်အယောင်များကို ကျွန်တော်နားလည်နေသည်။ တစ်ခွက်….နှစ်ခွက်…..သုံးလေးခွက်နှင့်
“ဟရောင်….သူရိန်…သားကြီး……မင်းပြောပြီးပြီလား စည်သူ့ကို…..ငါ့အကြောင်း…”
“ဟေ………” ကျွန်တော့်နှုတ်မှ စကားလုံးတစ်လုံးသာ ထွက်သွား၏။ နောက်ထပ်စကားမဟသေးခင်မှာပင်။ ဝေဖြိုးသည် သူ၏ဘောင်းဘီအိတ်ကပ်ထဲမှ ကြေမွနေသော စာရွက်တစ်ရွက်အား စည်သူအားလှမ်းပေးလိုက် သည်။ အနောက်ဘက်ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထားသောကြောင့် စာရွက်မှာနွမ်းကြေနေဟန် ပုံပေါက်နေသည်။ စည်သူသည် ထိုစာရွက်ထား ဖြည်းဖြည်းခြင်းဖြည်ကာကြည့်လိုက်သည်။ ကျွန်တော့်နှုတ်မှ မည်သည့်စကားလုံးမှ ပြောမထွက်တော့ချေ။ စည်သူ့မျက်လုံးများ ခဏတာမှေစင်းသွားသည် တဖြည်းဖြည်း မျက်မှောင်ကျုတ်ကာ ဝေဖြိုးဆီသို့ တစ်ချက်ကြည့်လိုက်၏။
“သေချာရဲ့လား………ငါ့ကောင်…….”
စည်သူမေးလိုက်သော မေးခွန်းအား ဝေဖြိုးခေါင်းသာတစ်ချက်ငြိတ်ပြသည်။
“ဟရာင် မင်းဒါက ဘယ်လို….ဘယ်ကနေ…..” စည်သူ့စကားမဆုံးမှာပင် ဝေဖြိုးက လက်ကာပြသည်။ လက်နှစ်ဖက်အားခေါင်းကိုနှိပ်ကာ…….
“မမေးနဲ့ ဒါတွေငါ့ကို မမေးနဲ့……။ မင်းတို့ငါ့ကို ဘယ်လိုမြင်လဲ” ဝေဖြိုးက ကျွန်တော့်အားလက်ညှိုးထိုးကာ
“ဟရောင် သူရိန် မင်းငါ့ကို ဘယ်လိုမြင်လဲ”
“ငါလား…….ငါကအရင်အတိုင်းပါပဲကွာ”
“ဟရောင် စည်သူမင်းကော……..” ဝေဖြိုးအဖြေကို စည်သူကြားကြားချင်းပင် တစ်ချက်ရယ်ကာ
“ငါလည်း အရင်အတိုင်းပါပဲကွာ….။ အသိဉာဏ်မရှိတဲ့ သူတွေမှမဟုတ်တာ မင်းကလည်း… ကဲလာကွာ နောက်တစ်ခွက်………”
“ချီးယားးးးးးးးးးးးးးးးးးစ်”
ခွက်သုံးခွက်တိုက်သံနှင့် ရယ်မောသံများ ဆူညံကာသွားသည် ထိုအထဲက ခွက်တစ်ခွက်ရဲ့အသံကတော့ ခပ်အက်အက်ဖြစ်နေသည်ကို ကျွန်တော်ကြားလိုက်ရသည်။
*****************************************************
နေ့တာတို၍ ညတာရှည်သည့် ဆောင်းရာသီညနေခင်းက ယခင်ရာသီများထက်ကို ပို၍မှောင်ကာနေသည်။ မြောက်ပြန်လေညှင်းအေးအေးနှင့်အတူ ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ခရေပင်တန်းအောက်တွင် ရှိနေကြသည်။
“မင်းနေကောင်းရဲ့လား ဝေဖြိုး” စည်သူအမေးကို ဝေဖြိုးမှပြုံးကာ
“ငါနေကောင်းပါတယ် အရင်အတိုင်းပါပဲ….” ပြောရင်းနှင့်ပင် လက်ဖျံရိုးမှ တက်တူးအားကြည့်ကာနေသည်။
“မင်းတို့တွေ သတိမရဘူးလားကွ…” ဝေဖြိုးအမေးကို ကျွန်တော်နှင့်စည်သူအတူတူ စကားသံထွက်သွားကြ၏။
“ဘာကိုလဲ……….”
ဝေဖြိုးက သူရဲ့လက်ဖျံရိုးအားထောင်ပြကာ
“ဒါလေကွာ။ ဒီတက်တူးသွားထိုးတုန်းက ငါတို့တွေဘယ်လောက် ပြောစရာကောင်းသလဲ။ ငါတို့မိသားစုထဲမှာ ငါတိုကတွေအားလုံးက တစ်ဦးတည်းသောသားတွေ။ သူငယ်ချင်းဖြစ်တော့လည်း အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက် တက်တူထိုးတော့ ဒီ (FRIENDS)ဆိုတဲ့ တက်တူးကို သုံးယောက်တူတူထိုးခဲ့ကြတာ။ အဲသည်တုန်းက ငါဘယ်လောက်ပျော်ခဲ့တယ်မင်းတို့ထင်လဲ။ ငါ့ဘဝမှာ ငါ့အဖေ၊အမေပြီးရင် မင်းတို့နှစ်ယောက် ငါ့မိသားစုလို့ ခံယူထားတာ။ အဲသည်တုန်းက ငါသိပ်ပျော်တာပဲ”
စကားတွေဆက်တိုက်ပြော မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်ရည်ရစ်ဝဲတက်လာတဲ့ ဝေဖြိုးကိုကြည့်ရင်း ကျွန်တော်မနေနိုင်တော့ပေ။
“ငါတို့လည်း တူတူပါပဲ ဝေဖြိုးရာ။ ဘယ်လိုအခြေအနေမျိုးမဆို ငါတို့တွေက အတူရှိနေပြီးသားပဲဆိုတာ ဘယ်သူမှထုတ်မပြောလဲ သိနေကြတာမဟုတ်လား။ မင်းသိပ်ဝမ်းနည်းမနေပါနဲ့ကွာ”
“သူရန်၊ဝေဖြိုး သွားနေကြနေရာ သွားရအောင်ကွာ…….”
“ငါ့မလိုက်တော့ဘူးကွာ……နောက်နေ့မှတွေ့ကြတာပေါ့….”
ကောက်ခါငင်ကာထသွားသည့် ဝေဖြိုးကိုကြည့်ရင်း ကျွန်တော်သက်ပြင်းတစ်ချက်သာချမိသည်။ ချမ်းစိမ့်စိမ့် ဆောင်းရာသီက အေးစိမ့်မှုကိုမပေးနိုင်ချေ။ ကျွန်တော့်ရှေ့ကြွေကျလာသော ခရေးပန်းလေးတစ်ပွင့်အား ကောက်ကာ မွှေးလိုက်မိသည်။ ကြွေကျလာပေမယ့် မွှေးပျံလတ်ဆတ်နေသော ခရေပန်းကလေး။
*************************************************
မနက်(၆)နာရီကတည်းက ကျွန်တော်နိုးနေမိသည်။ ဒီနေ့မနက် အလုပ်ပိတ်သည်နှင့် ဝေဖြိုးနှင်စည်သူကို ခေါ်၍ နံနက်စာသွားစားမည်ဟု ဝေဖြိုးအိမ်ဖက် ကျွန်တော်ထွက်လာခဲ့သည်။
“ဝေဖြိုးရေ……ဝေဖြိုး…….”
“ဪ…..သား….သူရိန် ဝေဖြိုးမရှိဘူးကွဲ့” အိမ်ပေါက်ဝမှ ဝေဖြိုးအမေပြောသော စကားသည် ကျွန်တော့်အား အံ့ဩသွားစေသည်။
“ဘယ်သွားလို့လဲအန်တီ”
“ကျိုက်ထိုဘက်က အန်တီတို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးဝတ်ချင်လို့ဆိုပြီး မနေ့ညကတည်းက ထွက်သွားတယ်လေ သားတို့မသိဘူးလား။ အန်တီက သားတို့သိတယ်ထင်လို့…”
ဝေဖြိုးအမေ၏စကားကို ကျွန်တော်ဘာမှမပြောဘဲ…………
“ဪဟုတ်လား အန်တီ။ ကျွန်တော်လည်း ကြားတော့ကြားမိသား ဒီလောက်စောမယ်မထင်လို့ခင်ဗျ။ ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်အန်တီ”
“ဒီကောင် ငါတို့ကိုမပြောဘဲ ဘာလို့ထွက်သွားတာလဲ”
“သူပြောမထွက်လို့နေမှာပေါ့ကွာ…မင်းကလည်း” စည်သူရဲ့စကားကို ကျွန်တော်ပြန်ဖြည်လိုက်သည်။
“ငါလည်း ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး……….” စည်သူက ပြောရင်းပင် သက်ပြင်းတစ်ချက်ချလိုက်၏။
ချမ်းစိမ့်စိမ့်ဆောင်းကို ကျွန်တော်တို့ကိုဖြတ်ကျော်သွားသည်။ စည်သူလည်း သူ့အလုပ်နှင့်သူမို့ ကျွန်တော့်ဆီ သိပ်မရောက်ဖြစ်တော့ချေ။ တစ်ခါတစ်ရံသာ ခရေပင်အောက်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်များပြောကာ ရယ်မောကြသည်။ လက်ဖျံရိုးမှ တက်တူးအားကြည့်၍ ဝေဖြိုးကိုသတိရမိသည်။
****************************************************
ခြောက်လခန့်ကြာသောအခါ
“သူရိန်……ဟရောင်…..သူရိန်”
ခြံပြင်မှ ခေါ်သံတစ်ခုကြောင့် ကျွန်တော်ထွက်လာမိသည်။ ကျွန်တော်မြင်လိုက်ရသောသူသည် ကျွန်တော် ခန္ဓာကိုယ် ဝုန်းကနဲခံစားလိုက်ရသည်။ ကျွန်တော်နှုတ်မှလည်း………
“ဝေဖြိုး……ဟရောင်………ငါ့ကောင်ကြီး မင်းပြန်လာပြီလား”
ကျွန်တော်ပြေးကာ ဝေဖြိုးအားသိုင်းဖက်လိုက်သည်။ ခေါင်းတုံးနှင့် မျက်နှာချောင်ကာ အနည်းငယ်ပိန်သွားသည် မှအပါး ဘာမှသိပ်မထူးခြားချေ။ ဝေဖြိုးမျက်နှာပေါ်တွင် မျှော်လင့်ချက်များရှင်သန်နေသည်ကို ကျွန်တော်ခံစား လိုက်မိသည်။
“လာကွာ…..စည်သူ့ဆီသွားရအောင်……….”
“တီ..တီ……….တီ.တီ….တီတီတီ…” ကားဟွန်းသံကြောင့် ကျွန်တော်နှင့်ဝေဖြိုးလှည့်ကြည့်လိုက်မိသည်။
“ဟရောင် ငါ့ကောင်ကြီးတွေ……………” အသံကြားမှပင်…….
“အာ…….စည်သူ နွား…….ကောင်းစားနေပါလား……..ဒီမှာလေ ဝေဖြိုး…….”
“လာကွာ …….ကားပေါ်တက် ဆိုင်ရောက်မှ စကားပြောကြမယ်…….”
GOOD FRIENDS ဆိုသည့်ဆိုင်ကလေးတွင် ကျွန်တော်တို့သုံးယောက် ပြန်လည်ဆုံဖြစ်ကြသည်။ ခြောက်လကြာကြာ မတွေ့ရသောကျွန်တာ်တို့တွေသည် နှစ်ပေါင်းများစွာမတွေ့ရသော ညီအစ်ကိုများပမာ ပြုံးရွှင်လျှက်ပင်။ ဝေဖြိုးကို ကျွန်တော်တစ်ချက်အကဲခတ်လိုက်သေးသည် ဘာမှမူမပျက်ချေ။
“ဟရောင် စည်သူ..နွား ဝေဖြိုး မှာကွာ… ညီလေးရေ စည်သုံးခွက်ဟေ့…. ကြက်စွပ်ပြုတ်တစ်ပွဲ… ဝက်နံရိုးကင် သုံးချောင်းပေး….”
ပြောရင်းနှင့်ပင်ဆက်တိုက်မှာလိုက်သူက စည်သူဖြစ်သည်။
“ငါဘုန်းကြီးဝတ်ပြီးမသောက်ဖြစ်တာကြာပြီကွ ခုမင်းတို့နဲ့တွေ့မှပြန်သောက်ဖြစ်မှာ..”
“ဝေဖြိုး မင်းရောအခြေအနေကောင်းရဲ့လားကွ…ဘယ်လိုလဲ” စည်သူပြောစကားကို ဝေဖြိုးက ခေါင်းသာငြိတ်ပြ ရုံ ငြိတ်ပြသည်။
“ကဲကဲ……လာသောက်ရအောင်ကွာ ချီးယားစ်………”
ကြက်စွပ်ပြုတ်ပူပူနွေးနွေးက အငွေ့တထောင်းထောင်းနှင့်။ ဝေဖြိုးမှ……..
“ဒီလိုမျိုး မသောက်ရတာကြာပြီ……..”
ကြက်စွပ်ပြုတ်ပန်းကန်ထဲမှ အရေခွံတစ်ဖက်အား ဇွန်းဖြင့်ကောက်ကာ မြည်းလိုက်သည်။
“အား……..ထွီး…ပူလိုက်တာကွာ…ပူလိုက်တာ…” ဝေဖြိုးမှ ပျာပျာသလဲအော်ကာ ပါးစပ်မှကြက်သားဖတ်မှာ စွပ်ပြုတ်ထဲသို့ ပြန်ရောက်သွား၏။
“ဆောရီးကွာ…ဆောရီး…….ဟီးးးး မင်းတို့လည်းသောက်ကြလေ…”
ထိုအဖြစ်ကိုကြည့်၍ ကျွန်တော်နှင့်စည်သူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအချိန် စည်သူမှ
“ညီလေး….စွပ်ပြုတ်နောက်တစ်ပွဲပေးကွာ…”
“ဟရောင်…စည်သူ ဒါသောက်လည်းရတာပဲကွာ မင်းကလည်း….” ဝေဖြိုးမှ စည်သူ့လက်ကိုပြန်တားကာ ပြောသည်။
“အာ…….မင်းကလည်း…မင်းထွေးလိုက်တာ ဝင်သွား……………….” စည်သူ့စကားမဆုံးမီ ကျွန်တော် စည်သူ့အား လက်ကာပြလိုက်သည်။ ထိုအခါ ဝေဖြိုးမှ
“အရင်တုန်းကလည်း ဒီထက်တောင်ဆိုးပါတယ်ကွာ……”
စည်သူမျက်နှာတစ်ဖက်သို့လွှဲသွားသည်။ ဝေဖြိုးကို ကျွန်တော်ကြည့်သောအခါ ဝေဖြိုးမျက်နှာပျက်နေသည်။
“ဝေဖြိုး ငါတောင်းပန်ပါတယ်ကွာ…..။” စည်သူ့စကားကို ဝေဖြိုးမှလက်ကာပြလိုက်သည်။
“ရတယ်…စည်သူ….အဲသည်အကြောင်းမင်းနည်းနည်းတော့ သိထားသင့်တယ်… ဒီလောက်လေးနဲ့…” ပြောရင်းပင် ဝေဖြိုးမျက်ဝန်းထောင့်မှာ အရည်အချို့က စီးဆင်းလာတော့သည်။
“ဝေဖြိုး…အဲလိုမဖြစ်နဲ့လေ….” ကျွန်တော်ဝေဖြိုးကို ပုခုံးဖက်ကာ….
“မင်းကလည်းကွာ….ငါသောက်ပါတယ်….လာတူတူသောက်မယ်….” ပြောရင်းပင် စွပ်ပြုတ်ရည်အား ကျွန်တော် သောက်လိုက်သည်။ ငရုတ်ကောင်းနံ့မွှေးမွှေးဖြင့် ချက်ထားသောစွပ်ပြုတ်သည် ပိုချိုနေသယောင်ယောင်။
ည(၁၁)နာရီ
“မင်းတို့မမှားဘူး…….ငါမှားတာ…..ငါမှားတာ…..”
“ဝေဖြိုးတော်တော့………ငါတို့မင်းအပေါ်ဘယ်တော့မှမပြောင်းလဲဘူးတော်တော့ကွာ…”
ခရေပင်တန်းအောက်တွင် ကျွန်တော်တို့သုံးယောက်ရှိနေသည်။ နွေရာသီရဲ့ အိုက်စပ်စပ်ညတစ်ညက အားလုံး ကို ပိုမိုပူလောင်စေသည်။ ထိုအချိန်တွင် ခရေပန်းရနံ့လည်း မရချေ။ လသာပေမယ့် တိမ်မှိုင်းမှိုင်းအချို့က ဖုံးကွယ်နေကြသည်။
*************************************************
နံနက်အစောကြီးရောက်လာသော စည်သူ့အား ကျွန်တော်အံ့ဩနေမိသည်။
“သူရိန်လာကွာ ခရေပင်အောက်သွားရအောင်….”
စည်သူ့လက်ထဲမှ စာတစ်စောင်အား ကျွန်တော့်ကိုလှမ်းပေးလိုက်သည်။
“မနက်အစောကြီးပဲ ဝေဖြိုးအမေငါ့ကိုပေးသွားတာ မျက်နှာလည်းသိပ်မကောင်းဘူး။ ဝေဖြိုးက မှာသွားတယ် ငါတို့နှစ်ယောက် တူတူဖတ်ပါဆိုလို့….ဆိုပြီး”
စာရွက်ခေါက်လေးအား ကျွန်တော်နှင့်စည်သူ ပြိုင်တူလှန်လိုက်သည်။
ဟရောင်……နွား သူရိန်နဲ့စည်သူ
ငါတို့တစ်ရက်တော့ပြန်တွေ့မှာပေါ့။ မင်းတို့ကို ငါမမေ့ပါဘူးကွာ ငါလုပ်စရာလေးတွေရှိလို့ မတိုင်ပင်ဘဲ ထွက်သွားမိတယ်။ နောက်………ငါဘုန်းကြီးဝတ်နေစဉ်အတွင်းမှာ အားလုံးပြန်စဉ်းစားမိတယ်။ အဲသည်အရာ ငါ့ဆီဘယ်လိုရောက်လာသလဲဆိုတာ။ ငါဘယ်လိုမှ တွေးမရဘူးကွာ။ တွေးလို့ရတာတစ်ခုပဲရှိတယ်။ ငါတို့ လက်ဖျံရိုးက တက်တူးပဲ။
ကျွန်တော်နှင့်စည်သူ မျက်လုံးချင်းဆုံသွားမိသည်။ စည်သူမျက်လုံးမှာမေးခွန်းပေါင်းများစွာနှင့်။
အဲသည်တုန်းကငါတို့တွေ အတူတူတစ်ဆက်တည်း ထိုးခဲ့ကြတာလေ။ သေချာတယ် မသေချာတယ်ဆိုတာ တော့ ငါမသိဘူး။ အဲသည်အရာက ဘယ်ကနေဘယ်လိုဆိုတာလည်း ငါမတွေးတော့ဘူး။ ငါတစ်ခုမှာချင်တယ် ငါတောင်မနောက်ကျသေးဘူး။ မင်းတို့လည်း သေချာအောင် ဂရိုစိုက်စစ်ဆေးကြည့်ဦးကွာ။ တွေ့တဲ့နေ့က ပြောမလို့ပဲ ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် ငါပြောမထွက်ခဲ့ဘူးကွာ။ မင်းတို့နဲ့ ငါတစ်ရက် ပြန်တွေ့ကြမယ် အသေအချာကိုပြန်တွေ့ကြမယ်။ ငါကို ခွင့်လွတ်ပါကွာ။ မင်းတို့ကိုငါတကယ်ချစ်တာပါ။
ဝေဖြိုး
စာဖတ်ပြီးပြီးချင်းပင် ကျွန်တော်နှင့်စည်သူ လက်ဖျံရိုးပေါ်က တက်တူးကို ကြည့်လိုက်မိသည်။ ခရေပင်တန်းရဲ့ နွေရာသီမှာ ရွက်ခြောက်တွေက လွင့်ကြစမြဲ။ သည်အချိန်မှာ ကြွေကျလာမယ့် ခရေပွင့်လေးလည်း မတွေ့ရ တော့ချေ။ နံနက်ပိုင်းနေရာင်ခြည် ပူရှရှက ကျွန်တော်နှင့်စည်သူပေါ် ညွှတ်ကျလို့လာသည်။ ကျွန်တော်စည်သူ့ ပုခုံးအား တစ်ချက်ညှစ်ကာပုတ်လိုက်သည်။ နေရောင်ဘယ်လောက်ပင်ပူပြင်းပါစေ ဘယ်အရာတွေ ဘယ်လို ပြောင်းလဲပါစေ။ တူတူသွားဖို့ အဆင်သင့်ဖြစ်အောင် အားယူရဦးမည်။ လူထဲက လူတစ်ယောက်ပင်ဖြစ်သော် ငြားလည်း။ ထိုလူထဲက လူတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော်တို့ အားယူကာကြိုးစားရဦးမည်။
ရင်းနှင့်ရင်း၍
အောင်မိုးသူ
စက်တင်ဘာ ၂၄ရက် ၂၀၁၂ခုနှစ်
တနင်္လာနေ့ ည ၁၁နာရီ ၁ရမိနစ်
8 comments
စိန်ဗိုက်ဗိုက်
September 25, 2012 at 3:30 pm
ဪ..
မထိုးကြနဲ ့လေ..
လိမ်လိမ်မာမာနေကြ
တစ်ဂယ်တော့ တက်တူးဆရာက သုံးယောက်ကို တစ်ရက်ထဲ ထိုးဖို ့မလွယ်ဘူးလားလို ့
ပုံကြမ်းဆွဲ..အပ်စိုက် ထိုး..
ပုံကြမ်းဆွဲ..အပ်စိုက် ထိုး..
ပုံကြမ်းဆွဲ..အပ်စိုက် ထိုး.. ဆိုတော့
ထိုးတဲ့သူ အကြောတတ် တတ်သလားလို ့ပါ
ကဲ.ကဲ..
ပြောနေကြာတယ်..
ချီးယားစ်
:harr:
Mon Kit
September 25, 2012 at 3:43 pm
အဖြေညှိဖို့ ပဟေဠိလေး လုပ်ထားတယ်ပေါ့လေ…..
အားပေးသွားတယ်နော်……. 🙂
candle .
September 25, 2012 at 3:54 pm
တော်ပြီ..တက်တူး ထိုးတော့ဝူး..
စတစ်ကာ လေးဘဲကပ်တော့မယ်..
ဒီဇိုင်း အမျိုးမျိုးတောင် ပြောင်းကပ်လို ့ရသေး….
ညလေး
September 25, 2012 at 5:01 pm
မထိုးတာအကောင်းဆုံး ပါပဲဗျာ ကိုကြောင့်လည်း ဒီလိုတွေ မဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြပါစေ ့ ့ ့ ့ လက်မထောင်သွားပါတယ်ဂျာ ့ ့ ့
cobra
September 25, 2012 at 6:17 pm
တက်တူးကိုအပြစ်တင်လို့မရပါဘူး။
တက်တူးထိုးပေးတဲ့သူကသာ သောက်သုံးမကျလို့ဖြစ်ရတာလေ
တက်တူးနဲ့မဆိုင်ပါဘူး။
သူကသာအပ်ကိုတစ်ချောင်းစီသုံးရင်ဘာမှမဖြစ်ဘူး။
မောင်ပေ
September 25, 2012 at 8:32 pm
တက်တူး
မပျက်ဘူး
ဆက်ထူး
ကွက်လူး
ရပ်ဘူး
:kwi:
သစ် တည်
September 25, 2012 at 10:40 pm
တစ်ခါသုုံးအပ်..တစ်ခါသုုံးဆေးထဲ့ခွက်..
သေရင်ပါတာ တက်တူးလေးပဲရှိတဲ့ဟာကိုု…
ဟွန် ့ ထိုုးမာပဲ……….
Wai Phyoe
September 26, 2012 at 11:41 am
ပာိုက် သားကြီး နာ ငါ့လက်မှာ တက်တူးထိုးထားဘူး
LOL