ကြင်နာယုယတတ်သောနှလုံးသားပိုင်ရှင် ဖခင်၏ မေတ္တာ

ပန်း စံပါယ်September 25, 20121min42017

မိခင်မေတ္တာဖွဲ့ ကဗျာတွေ၊ ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ ရေးဖွဲ့ ရိုက်ကူးပြသ သီဆိုနေကြတာတွေ တော်တော်များသလောက် ဖခင်မေတ္တာဖွဲ့ကျ နည်းတယ်လို့ယူဆမိပါတယ်။ ဒါကြောင့် ဖခင်များအားလုံးရဲ့ချစ်ခင်ကြင်နာယုယမှုနဲ့ မေတ္တာကို ဖော်ညွှန်းတဲ့အနေနဲ့ ကျမတို့ရဲ့ ဖေဖေက ကျမတို့အပေါ် ဘယ်လိုကြင်နာယုယမှုပေးတယ် ပြုစုစောင့်ရှောက်တယ် ဆိုတာလေးတွေကို ကိုယ်တွေ့လေးတွေထဲက တစ်ချို့ကို ပြောပြချင်ပါတယ်။
ကျွန်မ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အစာမကြေသလိုခံစားနေရပါတယ်။ ပြောရမယ်ဆိုရင်တော့ ညီမတစ်ယောက်စာမေးပွဲဖြေနေရင်း နေမကောင်းလို့ ဆေးရုံကနေစဖြေတဲ့ရက် ဝန်းကျင်လောက်ကဖြစ်မယ်ထင်ပါတယ်။ အဲဒီရက်ပိုင်းတွေကစပြီး မေမေနဲ့ အိမ်မှုကိစ္စအဝဝတာဝန်ယူတဲ့ညီမက စာမေးပွဲဖြေနေတဲ့ညီမဆီသွားနေကြတာပါ။ အစာမကြေသလိုမအီမလည်ခံစားရလိုက် အစာကြေဆေးလေးစားလိုက် ကောင်းသွားလိုက်နဲ့ပေါ့။ စနေနေ့ကထပ်ပြီး အစာမကြေသလိုခံစားရပြီး ခေါင်းထဲမှာလည်း မကြည်ပါဘူး။ အဖျားရှိသလိုလည်းခံစားရပါတယ်။ ညီမဝမ်းကွဲအိမ်ရောက်ခိုက်နဲ့ကြုံတာနဲ့ သူတို့အိမ်က မြန်မာဆေးလေး နည်းနည်းကို ရေနွေးလေးနဲ့သောက်လိုက်ပါတယ်။ ကောင်းသွားပါတယ်။ အိမ်ပြန်ရောက်တော့ ဖေဖေ့ကိုအဲဒီအကြောင်းလေးပြောပြမိတယ်။ ” အဲဒါဆို နောက်နေ့ထပ်သောက်လိုက်ဦး “လို့ ဖေဖေကပြောပါတယ်။ ကျမလည်း ဖေဖေ့ကို စကားပြန်မိလေလား မပြန်မိလေလားတော့ မသိပါဘူး။ အိပ်ယာထနေကောင်းနေတော့ တနင်္ဂနွေနေ့မှာ အဝတ် နည်းနည်းပါးပါး လျှော်တာပေါ့။ ပြီးတော့ ချွေးတွေတအားထွက်လာတာနဲ့ ရေချိုးဖို့အချိန်ကြည့်လိုက်တော့ အချိန်ကလွန်နေပြီ။ နေကလည်း တအားပူနေတော့ ချွေးသုပ်ပြီး အဝတ်ပဲလဲလိုက်တယ်။ (ဖေဖေကတော့ မနက်ကတည်းက ဆေးရုံကိုသွားပါတယ်) ခဏကြာတော့ လူက အေးစိမ့်စိမ့်ခံစားလာရတယ်။ အဲဒါနဲ့ ညီမဝမ်းကွဲအိမ်က ဆေးလေးနည်းနည်း သောက်လိုက်တယ်။ ကောင်းသွားတယ်ပေါ့။ နေ့တိုင်း ပုံမှန်အတိုင်းပဲ ထမင်းပဲစားတယ်။ မနေ့က(တနင်္လာနေ့)မနက်က အိပ်ယာထတော့ သိပ်မကောင်းချင်ဘူး။ ဒါပေမယ့် ဖေဖေ့ကို မပြောရဲဘူး။ ရေမချိုးရမှာစိုးလို့လေ..အရင်နေ့ကလည်း မချိုးဖြစ်ဘူးဆိုတော့..နောက်ပြီး ရုံးသွားရမှာမို့လေ။ အရဲစွန့်ပြီး ရေချိုးလိုက်တယ် ပြီးတော့ ရေနွေးလေးနဲ့ ဆေးထပ်သောက်လိုက်တယ်။ ဒါပေမယ့် ရုံးမှာ အစာမကြေသလိုခံစားရပြန်တယ်။ ဖေဖေကတော့ ထမင်းချိုင့်အတွက် ထချက်ပေးပါတယ်။ ဘဲဥကြော်၊ သရက်ချဉ်သုပ်၊ ပုဇွန်ခြောက်+ငရုတ်သီး+ခရမ်းချဉ်သီးကပ်ကပ်လေးချက်ပြီး ထည့်ပေးလိုက်တာ။ စားနေရင်းနဲ့ရင်ထဲအဆင်မပြေသလိုခံစားရလို့ လက္ဘက်သုပ်ထပ်ဝယ်ပြီး စားဖြစ်တယ်။ ထည့်ပေးလိုက်တဲ့ ထမင်းကုန်လုနီးပါး စားဖြစ်သွားတယ်ပေါ့။ ညနေအိမ်ရောက်တော့ အိမ်ထဲကိုဝင်လိုက်တာနဲ့ ညီမအငယ်ဆုံးလေးက အိမ်ရှေ့ခန်းမှာ မြဝတီက ထုတ်လွှင့်တဲ့ ကိုရီးယားဇာတ်လမ်းကြည့်နေတာကိုတွေ့တယ်။ သူ့တစ်ယောက်တည်းလား အိမ်မှာ တခြားဘယ်သူရှိသေးလဲဆိုတာ ကြည့်လိုက်တော့ နောက်ဖေးမီးဖိုခန်းမှာ ဖေဖေချက်ပြုတ်ရေးကိစ္စလုပ်နေတာကိုတွေ့တယ်။ ကျမလည်း အိတ်ကိုချ ထမင်းချိုင့်ခြင်းချပြီး ဖေဖေ့နောက်ကျောဘက်ကနေ လှမ်းကြည့်လိုက်တော့ ကြက်သွန်နီတွေလှီးနေတာတွေ့ပါတယ်။ “ဖေဖေ ဘာတွေချက်နေတာလဲ” လို့ မေးလိုက်တော့ “ဘာမှတော့ မချက်ရသေးဘူး…ဘဲဥပြုတ်ပြီးသုပ်မလို့၊ ငရုတ်သီး ငံပြာရည်ကြော်မလို့ “ လို့ပြောပါတယ်။ “သမီးကတော့ မစားတော့ဘူး” လို့ပြောလိုက်တော့ “ဘာဖြစ်လို့တုန်း ဘာစားခဲ့လို့တုန်း” လို့မေးပါတော့တယ်။ “ဘာမှတော့ မစားခဲ့ပါဘူး…ရင်ပြည့်သလိုခံစားရလို့ သိပ်လည်း နေလို့မကောင်းသလိုပဲ” လို့ပြောပြောဆိုဆိုနဲ့ ပြန်လှည့်ထွက်လာခဲ့မိတယ်။ ကြက်သွန်တွေလှီးနေရင်းကနေ ကျမကို လှမ်းပြောပါတယ်..”အဲဒီစားပွဲပေါ်မှာ ငုံဆေးရှိတယ် အဲဒါလေးငုံထားလိုက်” လို့ပြောပါတယ်။ ကျမလည်း ငုံဆေးဆိုတော့ အာရုံသိပ်မရပါဘူး(အတော်လိမ္မာတဲ့သမီးနော် ဟီး) ဒါနဲ့ ဦးချိန်တီ အစာကြေဆေးလုံး နည်းနည်းစားလိုက်တယ်။ ဒီအရင်ကလည်း အဲဒါလေးစားလိုက်ရင် လေလည် လေတက်ပြီး ကောင်းသွားတတ်တာကိုး။ အိမ်ရှေ့ခန်းက ပက်လက်ကုလားထိုင်ပေါ်သက်သောင့်သက်သာထိုင်နေရင်း အငယ်မကြည့်နေတဲ့ဇာတ်လမ်းကို ကြည့်နေလိုက်ပါတယ်။ ခဏကြာတော့ ဖေဖေကရှေ့ထွက်လာကာ စောစောကသူပြောတဲ့ ငုံဆေးထုပ်လေးယူပြီး ” ရော့ဒါလေးငုံထားလိုက် အဲဒါကောင်းတယ် ” လို့ပြောပြောဆိုဆိုနဲ့ ကျမလက်ထဲလာထည့်ပြီး နောက်ဖေးပြန်ဝင်သွားပြီး ဆက်ပြီးချက်ပြုတ်နေပါတယ်။ ကျွန်မကတော့ အဲဒီငုံဆေးထုပ်လေးကိုင်ရင်းနဲ့ ဒီအကြောင်းလေးကို ဖခင်အားလုံးရဲ့မေတ္တာကိုဖော်ညွှန်းတဲ့အနေနဲ့ ရေးပြီး တင်ရရင်ကောင်းမှာပဲဆိုပြီး အတွေးနယ်ချဲ့နေမိပါတော့တယ်။ ဖေဖေကတော့ နောက်ဖေးမှာ ချက်ပြုတ်ကြော်လှော်နေရင်းနဲ့ “ဆေးခန်းသွား” လို့ လှမ်းပြောနေပါသေးတယ်။ ကျွန်မကတော့ ဘာမှပြန်မပြောမိပါဘူး။ အဲဒီလိုနဲ့ အစာကြေဆေးစားထားတာ အချိန်နည်းနည်းကြာသွားပြီဆိုတော့မှ အဲဒီငုံဆေးထုပ်လေးထဲက ဖဲ့ထားပြီးသားတစ်ခြားလေးကို ငုံထားလိုက်ပါတယ်။ ကိုရီးယားဇာတ်လမ်းများ တယ်စွမ်းသကိုး (၇) နာရီထိုးခါနီးမှာစပြီးတော့ (၈) နာရီအထိ မြဝတီကဇာတ်လမ်းကြည့်နေစဉ်တော့ လုံးဝအကောင်းလိုပဲ။ ဟီးဟီး။ အဲ..ဇာတ်လမ်းလည်းပြီးရော စပါပြီ မအီမသာဖြစ်သလိုလို အဖျားရှိသလိုလိုပေါ့။ လဲလျောင်းရင်း မျက်လုံးလေးမှိတ်နေမိပါတယ်။ ခဏကြာတော့ ဖေဖေက “ သိပ်မကောင်းရင် ဆေးခန်းသွားလိုက်လေ” လို့ထပ်ပြောပါတယ်။ “သိပ်မကောင်းဘူးရယ်တော့ မဟုတ်ပါဘူး”လို့ပြောလိုက်တော့ ကျမလှဲနေတဲ့ဆီရောက်လာပြီး လက်ကောက်ဝတ်က သွေးကြောကိုစမ်းကာ သွေးခုန်နှုန်းကိုစမ်းပါတော့တယ်။ ကျမရဲ့သွေးခုန်နှုန်းကို ကျေနပ်အားရမှုရှိဟန်မတူပါဘူး။ နာရီထယူပြီး ထပ်စမ်းပါတယ်။ ဘာမှမပြောပဲ ဆေးတွေထည့်တဲ့ ဗူးကြီးကိုဖွနေသံကြားလို့ မျက်လုံးဖွင့်ကြည့်မိတယ်။ ဘာရှာနေမှန်းတော့ မသိပါဘူး။ ကျမလည်း ရေနွေးသောက်မလို့ထထိုင်လိုက်ရင်း အငယ်လေးကို ရေနွေးပေးဖို့ပြောလိုက်တဲ့အချိန်မှာ ဖေဖေက “နေဦး ရေနွေးမသောက်နဲ့ဦး” လို့ပြောတော့ ကျမသဘောပေါက်လိုက်ပါပြီး ပြဒါးတံနဲ့ အဖျားတိုင်းမလို့ဆိုတာကို။ တိုင်းပြီးလို့ကြည့်ပြီးတဲ့အခါ “အားနည်းနေလို့ထင်တယ်” လို့ဖေဖေကစပြောလိုက်တော့ ကျမက “ဟုတ်တယ် အားနည်းနေသလိုခံစားရတယ်”လို့ပြောလိုက်ပါတယ်။ ဖေဖေက “လာလာ ဆေးခန်းသွားရအောင်” လို့ပြောတော့ ခုချိန်ဆိုဆေးခန်းကပိတ်ရောပေါ့လို့ပြောတော့ “ အခုမှ (၈) နာရီ ခွဲပဲရှိသေးတယ် ဘယ်ပိတ်ရဦးမှာတုန်း မပိတ်သေးပါဘူး လာလာ ဆေးခန်းသွားမယ်ပိုက်ဆံယူခဲ့” လို့ ထပ်ပြောတော့ ကျွန်မလည်း ချက်ချင်းထပြီး မှန်ရှေ့ကို ရောက်သွားပါတော့တယ်။ (ဟီး..ကျည်းတန်မှန်ကြိုက်ဆိုတာ ဒါမျိုးဖြစ်မယ်) ဆံပင်ကို သေသေသပ်သပ်ဖြစ်အောင်လို့ပါ အပြင်ထွက်မှာဆိုတော့လေ။ ဖေဖေက မေမေ့ကိုရော သားသမီးတွေပါ အားလုံးကို ဆေးခန်းကို ကိုယ်တိုင်လိုက်ပို့ပေးတာပါ။ ကျမ ပိုက်ဆံယူပြီး ထွက်လာတော့ ဖေဖေက အိမ်ရှေ့မှာ အဆင်သင့် စက်ဘီးထုတ်ပြီးစောင့်နေပါတယ်။ မောင်လေးက “ကျတော်နဲ့သွားလိုက်မယ်လေ” ဆိုတော့မှ ” ဪ အေး အဲလိုပဲသွားလိုက်မလား ဒါဆိုလည်း အဲလိုပဲသွားလိုက်ပေါ့”လို့ပြောပြောဆိုဆိုနဲ့ စက်ဘီးကို အိမ်ရှေ့မှာထားခဲ့ပြီး အိမ်ထဲပြန်ဝင်သွားပါတယ်။ ကျမတို့ မောင်နှမနှစ်ယောက်စက်ဘီးလေးနဲ့ စထွက်တဲ့အချိန်မှာ အိမ်ထဲကနေ “ဟိုတစ်ခါခြေသည်းကျွတ်လို့ပြတဲ့ဆေးခန်းကိုသွားနော်၊ အစာမကြေသလိုခံစားရတာတွေ အားနည်းသလိုခံစားရတာတွေ ဘယ်လိုဖြစ်တယ်ဆိုတာ အကုန်ပြောပြ” လို့ လှမ်းပြီးပြောနေပါသေးတယ်။ အဲဒီဆေးခန်းမှာထိုင်တဲ့ဆရာဝန်က လူကြီးပိုင်းမို့အဲဒီဆေးခန်းကိုသွားခိုင်းတာထင်ပါတယ်။ အဲဒီဆေးခန်းကပိတ်ထားတော့ ရှေ့နားလေးကဆေးခန်းကိုဆက်သွားပါတယ်။ ဒီဆရာဝန်ကတော့ လူလတ်ပိုင်းအမျိုးသမီးဆရာဝန်ပါ။ ဆရာဝန်က pressure တိုင်း စစ်ဆေးနေတုန်းမှာ ဖေဖေ စကားပြောသံကြားလိုက်လို့ ဖေဖေလိုက်လာတယ်ဆိုတာ သိလိုက်ရတယ်။ စိတ်ထဲကနေ ဪ ငါ့အဖေလည်း တော်တော်စိတ်ပူတတ်တာပဲလို့တွေးမိပြီး စိတ်မကောင်းလည်းဖြစ်မိ ကျေလည်းကျေနပ်နေမိပါတယ်။ ဆရာဝန်က အဖျားမရှိဘူးလို့ပြောပါတယ်။ အားနည်းနေသလိုခံစားရတယ်ပြောတော့ B12 တစ်လုံးထိုးပေးပြီး စားဆေးပေးဖို့ပြင်ဆင်နေရင်းနဲ့ အစာအိမ်ဖြစ်ချင်နေတာလို့ပြောပါတယ်။ အဲဒီတော့ ဖေဖေကလည်း မနက်စာကို အိမ်ကစားမသွားတဲ့အကြောင်း ဆရာဝန်ကိုပြောပြနေပါတယ်။ အိမ်ရောက်တော့ မနက်စာကို အိမ်ကနေစားမသွားတာနဲ့ပတ်သက်ပြီး ဂရုဏာဒေါသောနဲ့ ပွမ်တာပေါ့။ “အခုအဆင့်က အစာအိမ်ဖြစ်ချင်နေတဲ့အဆင့်မဟုတ်တော့ဘူး…ရောဂါလကဏာပြလာပြီဆိုကတည်းက ဖြစ်နေတာကြာပြီ..ရှေ့ဆက်ပြီး အံဖို့ပဲရှိတော့တယ်”..ဘာညာစသည်ဖြင့်ပြောတာပေါ့။ ကျမကတော့ ဘာမှပြန်မပြောတော့ပဲ အိပ်ယာထဲဝင်ပြီး အိပ်လိုက်ပါတော့တယ်။ ကျမဒီနေ့မနက် (၇) နာရီလောက်အိပ်ယာထတော့ ကျမစားဖို့အတွက် ဆန်ပြုတ်ပြုတ်ထားပြီးပါပြီ။ ဘယ်အချိန်ကတည်းကထသည်တော့မသိ။ ဖေဖေက အမြဲတမ်း အိပ်ယာစောစောထနေကျဆိုတော့ စောစောထတာ အဆန်းတော့ မဟုတ်ပါဘူး။ ကျမလည်း မျက်နှာသစ် သွားတိုက်ပြီး မနက်စာ ဆန်ပြုတ်သောက်ပြီးတာနဲ့ ရုံးလာဖို့ပြင်ဆင်ပါတယ်။ ရေချိုးဖို့ပြင်ဆင်ရင်း ချိုးချင်စိတ်ပျောက်သွားတာနဲ့ ဇွတ်ချိုးလို့ အဖျားပါဝင်လာရင် ပိုဆိုးမှာစိုးလို့ရေမချိုးတော့ပါဘူး။ အဲဒီအချိန်အတောအတွင်းမှာ ဖေဖေကတော့ ကျမ ရုံးမှာစားဖို့အတွက် သူပြုတ်ထားတဲ့ ဆန်ပြုတ်တွေကို ထမင်းချိုင့်ထဲထည့်ပေးနေပါတယ်။ ပြီးတော့ “ရုံးမှာပြန်နွေးလို့ရလား”လို့မေးပါတယ်..ရတယ်လို့ပြောတော့ နွေးပြီးမှသောက်ဖို့။ ပြန်မနွေးပဲ ဒီအတိုင်းသောက်ရင် ရင်ပြည့်မယ် ဆိုတဲ့အကြောင်းပြောပြနေပြန်ပါသေးတယ်…ကျမလည်း ဖီးလိမ်းပြင်ဆင်ပြီးတာနဲ့ ထုံးစံအတိုင်း ဘုရားစဉ်ရှေ့ ဦးချပြီး..အိတ်လေးလွယ် ခြင်းတောင်းလေးဆွဲပြီး ထွက်လာပါတော့တယ်။ ခေါင်းရင်းအိမ်လောက်ရောက်တော့မှ ဆရာဝန်ပေးတဲ့ဆေးသောက်ဖို့ယူဖို့သတိရတာနဲ့ ပြန်လှည့်ပြီး မနက်အတွက် ဆေးတစ်ကြိမ်ကို အိမ်မှာပဲသောက်လိုက်ပါတော့တယ်။ ဆေးလဲသောက်ပြီးရော ဖေဖေက ငုံဆေးထုပ်လေးကို ယူသွားဖို့ကျမလက်ထဲအရောက်တည့်ပေးပါတယ်။ အိတ်ထဲထည့်ပြီး ယူလာခဲ့လိုက်ပါတယ်။ ညနေအိမ်ပြန်ရင်လည်း ကျမစားဖို့အတွက် ဘာတွေဘယ်လိုလုပ်ထားဦးမယ်မသိပေမယ့် တစ်ခုခုလုပ်ထားမှာတော့ အသေအချာပါပဲ။ အမှန်က လုပ်ကိုင်ပေးမယ့် မေမေနဲ့ညီမလေးအိမ်မှာ မရှိတာကြောင့်မဟုတ်ပါဘူး။ ဖေဖေကိုယ်တိုင်က သားတွေ သမီးတွေအပေါ် အလွန်မြတ်နိုး တန်ဖိုးထားပြီး ကြင်နာယုယတတ်တာကြောင့်ပါ။ ကျမတို့ငယ်ငယ်ကတည်းက အခုထိ ဖေဖေရဲ့ တန်ဖိုးထား ကြင်နာယုယခြင်းတွေက အများကြီးပါ။ ပြောလို့ကုန်မယ်မထင်ပါဘူး။ ကျမတို့မောင်နှမတစ်တွေအားလုံးက နေမကောင်းဖြစ်ရင် ဖေဖေ့ကိုပဲ ခေါ်ကြ၊ တမ်းတကြ၊ အားကိုးကြတာချည်းပါပဲ။ ကိုယ်ခံစားရတာ ဘယ်လိုနေတယ် ဘယ်လိုဖြစ်တယ်ဆိုတာ အခြေအနေအကျိုးအကြောင်းတွေပြောပြကြပါတယ်။ တခါတလေမှာ မေမေနဲ့ဖေဖေကပြောဖူးတယ်။ ဖေဖေကလည်း “ငါ့ကြောင့်သာ သားသမီးတွေအားလုံး တစ်ယောက်မှမပဲ့ပဲ အသက်ရှင်တာ နင်တို့အမေလိုသာဆိုလို့ကတော့ မလွယ်ဘူး” လို့ပြောရင် မေမေက “ဟုတ်တယ် ငါကဗိုက်ထဲကနေမွေးထုတ်ပေးလိုက်ရုံပဲ ကျန်တာ ဘာမှ မသိဘူး” လို့ပြောတတ်ပါတယ်။ မေမေက ဖေဖေ့ထက် ၂ နှစ် ၃နှစ်လောက် အသက်ပိုကြီးပေမယ့် ပြုစုယုယစောင့်ရှောက်မှုအပိုင်းကျတော့ ဖေဖေ့ကို မမီတာအမှန်ပါ။ (မိခင်မေတ္တာကိုလျှော့တွက်ခြင်းမဟုတ်ပါ) မေမေက သားသမီးအတွက် ပူပင်သောကဖြစ်ပြီး အာရုံမစုစည်းနိုင်တာကတစ်ကြောင်း ဖေဖေကပဲ ဦးဆောင်ပြီး ပြုစုယုယစောင့်ရှောက်လေ့ရှိတော့ မေမေလုပ်စရာမလိုတာကတစ်ကြောင်းဆိုတော့ မေမေက နေသာလို့နေတာလဲပါတာပေါ့။ ကျမ (6)တန်းလား (၈) တန်းလားတော့ မမှတ်မိဘူး။ အဲဒီတစ်ခုသောနွေကျောင်းပိတ်လောက်တုန်းကဖြစ်မယ်ထင်ပါတယ်။ အသေးစိတ်တော့ မမှတ်မိတော့ပါဘူး။ မှတ်မိသလောက်ပြောချင်ပါတယ်။ ကျမဖျားတာ ဖျားရက်ရှည်လာတော့ အားနည်းပြီး မအိပ်နိုင်ဘူးထင်ပါတယ်။ အဖျားကတော့ မရှိတော့တာလား ငွေ့ငွေ့ဖျားတာလား၊ အားဆေးသွင်းဖို့လိုအပ်တာလားတော့ မပြောတတ်ပါဘူး။ (အဲဒီတုန်းက ရွာမှာဆိုတော့ ဆရာဝန်လည်းမရှိ၊ အစားအစာကလည်း ဝယ်လို့မလွယ်ဘူးလေ..မြို့ကိုသွားမှရတာ)။ ညဘက်မှာ ကျမ မအိပ်နိုင်ဘူး အိပ်မပျော်ဘူးလို့ယူဆပြီး ဖေဖေက ကျမရဲ့ခြေထောက်၊ ခြေဖဝါးတွေ ခြေချောင်းခွကြားလေးတွေကအစ နှိပ်နယ်ပေးနေတာပါ။ ကျမကတော့ ကိုယ့်ကိုယ်ကို အိပ်ပျော်မပျော် အိပ်နိုင်မအိပ်နိုင်မသိပါဘူး။ အိပ်နေရင်နဲ့ တစ်ချက်တစ်ချက် နာတော့မှ ဖေဖေ ကျမကိုနှိပ်ပေးနေမှန်းသိပါတယ်။ နောက်နေ့မနက်ရောက်တော့ မြို့ကိုလှည်းနဲ့သွားပါတယ်။ ဖေဖေရယ် ကျမရယ် လှည်းမောင်းတဲ့သူရယ်ပေါ့။ လှည်းပေါ်မှာ ကျမဖေဖေ့ကို မေးမိလိုက်တယ်..”ဖေဖေ ညက သမီးကို ဘာလို့နှိပ်ပေးနေတာလဲ သမီးဘယ်လိုဖြစ်နေလို့လဲ” လို့ မေးလိုက်တော့ “ သမီးက အင်း..အင်း..နဲ့ငြီးနေလို့ အကြောတွေတောင့်တင်းနေပြီး မအိပ်နိုင်ဖြစ်နေလို့ အကြောတွေပြေသွားပြီး အိပ်ပျော်အောင်လို့နှိပ်ပေးတာ” လို့ပြောပါတယ်။ မြို့ရောက်ခါနီးတော့ မုန်းချောင်းကိုဖြတ်ရတယ်။ ရေအတိမ်ဆုံးလို့ယူဆရတဲ့နေရာကနေဖြတ်တာပေါ့။ ကျမကတော့လှည်းပေါ်မှာထိုင်လျက်ပဲ။ လှည်းမောင်းတဲ့သူနဲ့ ဖေဖေနဲ့က မတ်တတ်ရပ်နေတာပေါ့။ ဖေဖေကတော့ လှည်းမောင်းတဲ့သူကို နောက်ကနေပြောတော့ပြောနေတယ် ဘာတွေပြောနေလည်းတော့မသိဘူး။ လှည်းကို ဖြည်းဖြည်းချင်းမောင်းဖို့ပြောနေတာဖြစ်မယ်ထင်ပါတယ်။ ရေအတိမ်အနက်ကိုကြိုသိရအောင်ထင်ပါတယ်။ ဖေဖေကတော့ လှည်းရဲ့ကြမ်းခင်းထိရေရောက်နိုင်တဲ့အနေအထားရှိမရှိကြည့်လို့ရအောင်မတ်တတ်ရပ်နေတာဖြစ်မှာပါ။ ကျမကို ရေစိုနိုင်တဲ့အနေအထားဆိုရင် ရေမစိုအောင် ကျမကို အချိန်မီမဖို့ အသင့်နေအထားပြင်ထားပုံပါပဲ။ မုန်းချောင်းဖြတ်ကူးနေရင်းတစ်နေရာအရောက်မှာတော့ လှည်းရဲ့ကြမ်းခင်းကိုရေထိမယ့်အခြေအနေတွေ့လို့ထင်ပါတယ် ဖေဖေက ကျမကိုမတ်တတ်ရပ်ဖို့ ပြောရင်း ကျမလက်မောင်းရင်းကနေမလိုက်တဲ့အချိန်မှာ လှည်းပေါ်ထိရေတွေရောက်လာတယ်ထင်ပြီး ကျမကခြေထောက်ကို အောက်မချဘူးလေ။ ဖေဖေက သူ့ခြေဖမိုးပေါ်ကိုရပ်လိုက်လို့ပြောတော့မှ ခြေထောက်ကိုချလိုက်မိတာပါ။ မှတ်မိပါတယ်။ အဲဒီတုန်းက ဖေဖေ့ရဲ့ ဘယ်လက်က လှည်းလက်ရန်းကို ကိုင်ထားပြီး ညာလက်က ကျမရဲ့ဘယ်ဘက်လက်မောင်းရင်းကို မတာပါ။
ဖေဖေရဲ့ ကြင်နာယုယ ပြုစုမှုတွေအကြောင်းရေးမယ်ဆိုရင် မောင်လေးတွေနဲ့ပတ်သက်တာတွေရော ညီမလေးတွေနဲ့ပတ်သက်တာတွေရော အများကြီးမို့ အပိုင်းတွေခွဲပြီးရေးမှအဆင်ပြေမှာမို့ များနေရင် စာဖတ်သူတွေကိုအားနာလို့ပါဒီလောက်ပါပဲ။ အခွင့်ရှိရင် ရေးချင်ပါသေးတယ်။ အစကတော့ ဒီနေ့ရုံးမတက်ပဲ နားမလို့စဉ်းစားပါသေးတယ်။ ဒါပေမယ့် ဖခင်တွေရဲ့ကြင်နာယုယမှုနဲ့မေတ္တာကိုဖော်ညွှန်းတဲ့ ပိုစ့်လေးကိုရေးချင်လွန်းလို့ ရုံးကိုအရောက်လာခဲ့တာပါ။ ဒီပိုစ့်လေးနဲ့ ဖေဖေ့ကို ဂါရဝပြုလိုက်ပါတယ်။
အားလုံး ကျန်းမာချမ်းသာခြင်းသုခနဲ့ပြည့်စုံကြပါစေ။

17 comments

  • Hnin Hnin

    September 25, 2012 at 4:54 pm

    မပန်းစံပယ်ရဲ့အဖေက သားသမီးတွေကို ကိုယ်ဖိရင်ဖိပြုစုပေးတာ ဖခင်ကောင်းတစ်ယောက်
    ပဲနော်… a stay-at-home dad ဖြစ်တာလည်း ပါမယ်…

    • ပန်းစံပါယ်

      September 26, 2012 at 9:52 am

      မ Hnin Hnin ပထမဦးဆုံးဖတ်ပေးတဲ့အတွက် ကျေးဇူးပါနော်။

      ” a-stay-at-home dad ဖြစ်တာလည်းပါမယ်…. ”
      အဲဒါလည်း တစ်ကြောင်းတော့ပါ ပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးဆိုတာသေချာတယ်ရှင့်။ ကျမငယ်ငယ်ကအကြောင်းကိုရေးလိုက်တာ လိုရင်းပဲဖြတ်ရေးလိုက်တော့ မပြည့်စုံတော့ အဲဒီလိုယူဆစရာဖြစ်သွားတာပါ။ ရှင်းမယ်ဆိုရင် အများကြီးပြောရမှာဖြစ်ပြီး မြက်မြင်သာဓကတွေနဲ့ပြောမှ ပိုပြည့်စုံမှာဆိုတော့ ထပ်ရှင်းမပြတော့တာကို နားလည်ပေးပါနော်။

  • ကိုခင်ခ

    September 26, 2012 at 9:16 am

    ဖခင်ဘဲဖြစ်ဖြစ် မိခင်ဘဲဖြစ်ဖြစ် ကိုယ့်သားသမီးတွေအပေါ်မှာ ချစ်ကြပါတယ်။
    မိခင်တွေက သားသမီးတွေနဲ့ နီးကပ်မှု့ရှိတဲ့ အချိန်များတာရယ်၊ မိခင်ကမိန်းမသားမို့ ပိုပြီးသားသမီးတွေ အတွက်ချွဲလို့ရနိုင်တာရယ်ကြောင့် အမေတွေနဲ့ပက်သက်ပြီးပိုရေးစရာများကြတာနေမှာပါ။
    ဒါပေမယ့် အမေတွေထက်သာလွန်ပြီး သားသမီးတွေပေါ် ပြုစုကြင်နာတဲ့ အဖေတွေလည်းရှိကြပါတယ်။
    မပန်းစပယ်ရဲ့ အဖေကလည်း မပန်းစပယ်ကို အတော်ကိုချစ်ပုံပါဘဲနော်။

  • ပန်းစံပါယ်

    September 26, 2012 at 10:15 am

    ဟုတ်ကဲ့ပါ ကိုခင်ခ..အခုလို ဖတ်ပေးပြီး ကွန်မန့်ရေးပေးတာ ကျေးဇူးပါ။

    မိခင်နဲ့နီးကပ်မှုပိုများတယ်၊ ချွဲနွဲ့လို့ရနိုင်တယ်ဆိုတာ မှန်ပါတယ်။ မိခင်မေတ္တာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဖခင်တွေလည်းရှိကြပါတယ်။ ဒါပေမယ့် အနည်းစုပဲရှိဟန်တူပါတယ်။ ဒါကြောင့်လည်း ဖခင်မေတ္တာဖော်ညွှန်းမှု နည်းနေတာဖြစ်နိုင်ပါတယ်။
    ဖေဖေက ကျမတစ်ယောက်တည်းကိုပဲ အဲဒီလို ကြင်နာယုယပြုစုပေးတာမဟုတ်ပါဘူး။ မေမေ့ကိုရော သားသမီးအားလုံးကိုပါ အဲဒီလိုပဲလုပ်ပေးတာပါ။

  • kyeemite

    September 26, 2012 at 10:32 am

    မပန်းစပယ် ဒီလိုချစ်စရာကောင်းတဲ့ အဖေမျိုးရတာ
    ကံကောင်းတာပေါ့…
    ဖခင်တွေရဲ့ကြင်နာယုယမှုနဲ့မေတ္တာကိုဖော်ညွှန်းတဲ့ ပိုစ့်လေးကိုရေးပီးဖခင်ကြီးကို
    ဂါရဝပြု တာ ဖတ်ကောင်းကောင်းနဲ့ဖတ်သွားပါကြောင်းဗျာ…

  • Khaing Khaing

    September 26, 2012 at 10:47 am

    မစံပါယ်လို အဖေမျိုးကတော့ ရှားတယ်လို့ပြောရမလား … ဖခင်တွေက သားသမီးတွေအပေါ် ချစ်ခင်တတ်ကြ ပေမယ့် သူတို့ရဲ့ကြင်နာမှုတွေကို ပေးဖု့ိကြတော့ အတော်ခဲယဉ်းတတ်ကြတယ် … သားသမီးတွေ နေမကောင်းလို့ ဆေးခန်းသွားရင်တောင် မိခင်ကသာ သားသမီးနဲ့အတူ ဆေးခန်းထဲဝင်ပေမယ့် ဖခင်တွေကတော့ ပြင်ပမှာပဲစောင့်နေတတ်ကြပါတယ် … သူတို့ ရဲ့ အကြောင်းပြချက်က ဆရာဝန်အခန်းထဲ လူတွေအများကြီးဝင်ရင် အားနာလို့တဲ့ တစ်ကယ်တော့ မိမိသား သမီးအတွက်ဆို ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပါဘူး … မစံပါယ်ရဲ့ ဖေဖေကလည်း သားသမီးအတွက်ဆို မည်သူ့ကိုမှ ဂရုမစိုက်ပဲ လုပ်ပေးစရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်ပေးတာကို အရမ်းလေးစားချီးကျူးမိပါတယ် ….

    • ပန်းစံပါယ်

      September 26, 2012 at 11:20 am

      အခုလို အားပေးဖတ်ရှုပြီး ကွန်မန့်ပေးတာ ကျေးဇူးပါ မ Khaing Khaing ရေ…

      သားသမီးအတွက်ဆို ဘာကိုမှဂရုမစိုက်ပဲ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်တာ အမှန်ပါပဲ။ မိဘတွေပြန်ပြောပြချက်အရ ကျမ ၁နှစ်ခွဲအရွယ်လောက်ကဝမ်းလျှောပါတယ်။ မြို့ကဆေးရုံတက်ပြီးကုသမှုခံယူတာပေါ့။ ဆရာဝန်က ထိရောက်တဲ့ကုသမှုပေးပုံမပေါ်ပါဘူး။ မထူးခြားတဲ့အပြင် ပိုးဆိုးပါသတဲ့။ ညသန်းခေါင်အချိန်လောက်မှာ ကလေး(ကျမ) ရဲ့အခြေအနေကမဟန်တော့ ဖေဖေကစဉ်းစားတယ်တဲ့ ဒီအချိန်ကြီးမှာ ဆရာဝန်(ဆရာဝန်နေတဲ့အိမ်ကဆေးရုံဝန်းထဲမှာပဲရှိတာပါ) ကိုသွားနိုးပြီးပြောရင် အဆူခံရမှာပဲဆိုတာကိုလည်း သိတယ်။(နယ်မှာ ဆေးရုံသွားရမှာတို့ ဆရာဝန်၊ သူနာပြုတွေရဲ့ အဆူအအော်ခံရမှာတို့ကို သေမလောက်ကြောက်ကြတာပါ။ တစ်ချို့ဆို အခုထိအဲလိုကြောက်ကြတုန်းပါပဲ) အဲတော့ ဖေဖေကစဉ်းစားတယ် ဆရာဝန်ကိုသွားနိုးလို့ စိတ်တိုဒေါသထွက်ရင် ငါ့ကိုဆူရုံဆဲရုံ နောက်ဆုံး ရိုက်ပုတ်ရုံအပြင်မရှိဘူး။ အဲဒါကိုကြောက်နေရင် ကလေးကိုပစ်လိုက်ရလိမ့်မယ်။ ကလေးကိုတော့ မပစ်လိုက်နိုင်ဘူး အဆူအဆဲ အရိုက်ပဲခံမယ် ဆိုပြီး ကလေး(ကျမ) ကိုပိုက်ပြီး ဆရာဝန်အိမ်ရှေ့ကိုသွားပါသတဲ့။ အိမ်ရှေ့ရောက်တော့ တံခါးခေါက်တာပေါ့။ ထင်တဲ့အတိုင်း ဆရာဝန်က ဆူတာပေါ့ ဒီအချိန်ကြီးလာရမလားဆိုပြီးတော့…ဖေဖေကလည်း ကလေးရဲ့အခြေအနေကြောင့်မလွဲသာလို့ လာခဲ့ရတဲ့အကြောင်းပြောလိုက်တယ်ပေါ့။ အဲဒါနဲ့ ဆေးရုံကိုပဲပြန်သွား လာခဲ့မယ်လို့ပြောပါသတဲ့။ ဆေးရုံပြန်ရောက်ပြီး မကြာခင်မှာ ဆေးသွင်းပေးပါသတဲ့။ အဲဒါကြောင့်သာ(ဖေဖေ့ကြောင့်သာ) ကျမ ရှင်သန်ခွင့်ရတာပါပဲရှင်။

  • ပန်းစံပါယ်

    September 26, 2012 at 10:48 am

    ဟုတ်ကဲ့ပါ ကို/ဦး kyeemite ရေ…အခုလိုကျမရဲ့ ပထမဦးဆုံးအရေးအသားလေးကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါရှင်။

    အမှန်ပါပဲ။ မေမေအပါအဝင် ကျမတို့မောင်နှမအားလုံး ကံကောင်းကြတာပါ။

  • ရွှေ ကြည်

    September 26, 2012 at 11:27 am

    အိုး ပန်းစံပါယ် အဖေကတော်လိုက်တာ။ အဲဒီလိုပါပဲလေမိဘဆိုတာကတော့။
    အများစုအဖေတွေကတော့ အကြောင်းကြောင်းကြောင့်အဲလောက်အနုစိတ်ဂရုမစိုက်နိုင်ကြဘူး။
    ပန်းစံပါယ်အတွက် ဝမ်းသာပါတယ်။

  • mayjuly

    September 26, 2012 at 11:30 am

    မစပယ်တို့မိသားစုက စံပြ မိသားစုလေးပေါ့နော် … 😛

  • ပန်းစံပါယ်

    September 26, 2012 at 1:33 pm

    ဟုတ်ကဲ့ပါ မရွှေကြည် နဲ့ မ mayjuly ရေ…အခုလို အချိန်ပေးဖတ်ရှုအားပေးပြီး ကွန်မန့်ပေးတာ ကျေးဇူးပါရှင်…

    အမှန်ပြောရရင် ဆွေမျိုးတွေရော သိတဲ့အသိုင်းအဝိုင်းတွေကြားထဲမှာပါ အားကျခံရတာတော့ အမှန်ပါပဲ။

  • etone

    September 26, 2012 at 3:19 pm

    တူညားတွေများ .. အဖေချစ်လိုက်ကြတာ … အားကို ကျရော … :byae:
    တို့အဖေများ .. သမီးဆိုးရထားတာကြောင့် .. ဝစီပိတ်ပါ ကျင့်ပြီးသား ဖြစ်သွားရရှာတယ် … ဟီး :kwi:

  • ပန်းစံပါယ်

    September 26, 2012 at 3:47 pm

    မ etone ရေ…အဖေကချစ်တာကိုပဲပြောတာနော်…ပြောခဲ့သမျှတော့ အဖေကိုချစ်တယ်လို့တော့ ပါသေးဘူးနော။ ချစ်တာတော့ မေမေ့ကိုပိုချစ်တာနော..ဟီး…(ဒီတော့ ကျမလည်း သမီးဆိုးပဲလေ…) အဲဒါကို ဖေဖေလည်းသိနေပါတယ်…

  • အလင်းဆက်

    September 26, 2012 at 7:37 pm

    ဖခင်မေတ္တာကို ဖော်ပြတဲ ့ပိုစ်လေး….

    သိပ် ချစ်ဖို ့ကောင်းတဲ ့
    စကားလုံးလေးတွေ….

    ထပ်ရေးပါဥိး…ဗျာ။
    🙂

  • မောင်ပေ

    September 26, 2012 at 8:07 pm

    အဖေကိုချစ်တဲ့ ပန်းစံပါယ်လေး တစ်ယောက် ဘဝမှာ ဘာလုပ်လုပ် ဘေးမသီရန်မခ နဲ ့အောင်မြင်မှာ သေချာမုချ ဖြစ်ပါစေဗျား

  • ပန်းစံပါယ်

    September 27, 2012 at 11:42 am

    ကိုအလင်းဆက်ရေ…အခုလို ဖတ်ရှုအားပေးတဲ့အပြင် ထပ်ရေးဖို့ပါ တိုက်တွန်းတယ်ဆိုတော့ ဒီက ရေးချင်လျက်လက်တို့ ဖြစ်နေတာနဲ့တော့ တိုးနေပြီ။ ရေးမယ်ဆိုရင်တော့ ရေးစရာတွေက အများကြီးပါ။ ဒါပေမယ့် site တွေထဲမှာ ဒီလိုမျိုး တစ်ခါမှမရေးဖူးတာရယ် သူများတွေလို ဖတ်ကောင်းအောင်လည်း မရေးတတ်တဲ့အပြင် လူတွေစိတ်ဝင်စားလောက်တဲ့ ထူးခြားတဲ့အကြောင်းအရာလည်းမဟုတ်လေတော့ ရေးရမှာ ဝန်လေးမိပါတယ်။ ဒါပေမယ့် ဖေဖေ့ရဲ့မိသားတစ်စုလုံးအပေါ် ကျမတို့ငယ်စဉ်ကတည်းက အခုချိန်ထိ ကြင်နာယုယစွာ ပြုစုစောင့်ရှောက်မှုတွေက ကျမကို ဒီလိုမျိုး ရေးဖြစ်အောင် တွန်းအားပေးသလိုဖြစ်နေလို့ ချရေးဖြစ်သွားတာပါ။
    အခုလိုအားပေးတဲ့အတွက် ဝမ်းလည်းသာတယ် ကျေးဇူးလည်းတင်ပါတယ်။

  • ပန်းစံပါယ်

    September 27, 2012 at 11:49 am

    မောင်ပေရေ…အခုလိုဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးပါရှင်။ မောင်ပေပြုပေးတဲ့ ဆန္ဒကြောင့်ထင်ပါတယ် ကျမဖြတ်သန်းလာတဲ့ဘဝတစ်လျောက်မှာ တစ်ကယ်ပဲ အရာရာ ဘေးကင်းကင်းနဲ့ အဆင်ပြေပြီး အောင်မြင်မှုရပါတယ်ရှင်။
    မောင်ပေလည်း အရာရာ ဘေးကင်းစွာနဲ့ အဆင်ပြေ အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

Leave a Reply