ဝီကီလွှတ်တော်၊ ဝီကီအစိုးရ

kaiOctober 13, 20091min1572

(အောင်သူငြိမ်း)

(၁)

ကျနော်ဒီစာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ မဖတ်ဖြစ်ဘူး။ အခုတော့ အကြောင်းတခုကြောင့် ပြန်ဖတ်ဖြစ်နေ တယ်။ အကြောင်းကတော့ စကားဝိုင်းတခုမှာ မိတ်ဆွေတယောက်က ဆွေးနွေးလာတဲ့အချက်နဲ့ ဆိုင်နေသလို ဖြစ်လို့ပါပဲ။ ဒီစာအုပ်ရဲ့ အမည်က ဝီကီနောမစ် (Wikinomics) ပါ။ အပြည့်အစုံ ပြောရရင် Wikinomics: How Mass Collaboration Changes Everything ဆိုတဲ့ စာအုပ်ပါ။ Don Tapscott နဲ့ Anthony D. Williams တို့က ရေးသားကြပြီး (Portfolio) Penguin Group က ၂၀၀၆၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ဝေထားတဲ့ စာအုပ်ပါ။

ဒီစာအုပ်ကို ဝယ်ဖြစ်ရတဲ့အကြောင်းကတော့ ခေတ်သစ် အခြေအနေအောက်မှာ လူအများ စုပေါင်းဆောင်ရွက်ကြတဲ့ ကိစ္စ တွေ၊ အောင်မြင်ကြတဲ့ ကိစ္စတွေ ဘယ်လို ဖြစ်လာသလဲ ကျနော်လေ့လာချင်လို့ပါပဲ။ ဒီစာအုပ်ကတော့ အထူးသဖြင့် စီးပွား ရေးလုပ်ငန်းကဏ္ဍတွေကို အလေးပေး ရေးထားပေမယ့် အတော် စဉ်းစားစရာကောင်းတဲ့ စာအုပ်လို့ ထင်မိတယ်။ ဒီစာအုပ် စထုတ်တဲ့ ကာလက ကမ္ဘာပေါ်မှာ အပြောင်းအလဲကြီးတွေလို့ ခေါ်နိုင်လောက်တဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေတဲ့ အချိန်ပါ။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာကျော် တိုင်းမ်စ် မဂ္ဂဇင်းကြီးက ဒီနှစ်အတွက် အထူးချွန်ဆုံးသူ (Person of the year) ဆိုပြီး မဂ္ဂဇင်းမျက်နှာဖုံးမှာ ရွေးချယ်ဖော်ပြခဲ့ရာမှာ “သင်” (You) လို့ ဖော်ပြခဲ့တယ်။ အကြောင်းကတော့ ဝက်ဘ် (၂) Web 2.0 လို့ခေါ်တဲ့ အင်တာနက် နည်းပညာဖွံ့ဖြိုး ဖြစ်ထွန်းလာပြီးတဲ့နောက်မှာ လူအများ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး ကွန်ရက် ချိတ်ဆက်မှုတွေ အလျှင်အမြန် တိုးတက်လာတာ ဖော်ပြချင်လို့ ဖြစ်တယ်။ My Space (မိုင် စပေ့စ်) လို့ခေါ်တဲ့ လူမှုကွန်ရက်စနစ်က တပတ်ကို အဖွဲ့ဝင် ၂ သန်းကျော် တိုးတက်လာနေတယ်။ အဖွဲ့ဝင် သန်း ၅၀ဝ ပြည့်ဖို့ အနည်းငယ်ပဲ လိုတော့တဲ့ အချိန်ပါ။ လူတွေ ကိုယ့်စိတ်ကြိုက်ရေးသားတင်ပြနိုင်တဲ့ ဘလောက် (Blog) တွေကလည်း နာရီမလပ်၊ စက္ကန့် မလပ် တိုးတက်လာနေတယ်။ ဝီကီ ပိဒိယ (Wikipedia) လို့ခေါ်တဲ့ လူအများက စုပေါင်းရေးသားပြုစုတဲ့ စွယ်စုံကျမ်းကြီး ကလည်း အလျှင်အမြန် ဖွံ့ဖြိုးလာနေတယ်။ ယူကျုဘ် (Youtube) လို့ခေါ်နေတဲ့ အင်တာနက်ပေါ်က ဗီဒီယိုဖြတ်ပိုင်းတွေ တင်ထားရာ နေရာကလည်း တကယ့် သတင်းဌာနကြီးတွေလို၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေလို လူတွေ အာရုံထားကြည့် စရာ ဖြစ်လာနေတယ်။ အလားတူပဲ ဒီကနေ့ ကျနော်တို့ သုံးနေကြတဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲယားတွေ မူပိုင်ခွင့်နဲ့ ဈေးကြီး ပေးနေရတာတွေကို ချိုးဖျက်ဖို့ လင်းနက် (Linux) တို့လို၊ လူအများ အခမဲ့ သုံးနိုင်တဲ့ ဆော့ဝဲယားတွေလည်း ပေါ်ပေါက် လာနေတယ်။ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာ အတော့်ကို စိတ်ဝင်တစား လေ့လာစရာ ကောင်းတဲ့ ကာလပါပဲ။

ဒီလိုနဲ့ အခုစာအုပ်ကို ကျနော် ဝယ်ထားဖြစ်လိုက်တယ်။ မဖတ်တော့ မဖတ်ဖြစ်ဘူး။ စာအုပ်စင်မှာ အိပ်လျက်သား…။

(၂)

ကျနော်တို့ စကားဝိုင်းမှာ မိတ်ဆွေတယောက်က သူ့စိတ်ကူးမိတာကို စတင်ပြောလာတယ်။

သူကတော့ အခု ကျနော် ခေါင်းစဉ်ပေးထားသလို “ဝီကီလွှတ်တော်၊ ဝီကီ အစိုးရ”လို့ တိတိကျကျ ပြောတာတော့ မဟုတ် ပါဘူး။ အခု စစ်အစိုးရ ကျင်းပပေးမယ့် ၂၀၁ဝ ခုနှစ်၊ ရွေးကောက်ပွဲ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတာ ဦးဏှောက် မုန်တိုင်းဆင် ငြင်းခုန်ဆွေးနွေးကြရင်း သူက ပြောတာပါ။

အခုအခြေအနေမှာတော့ မြန်မာနိုင်ငံ အခြေအနေက ရှေးခေတ် ဘုရင်တွေလက်ထက် သက်ဦးဆံပိုင် ဘုရင်စနစ်ထက် တောင် ဆိုးတယ်လို့ ဆိုရနိုင်တယ်။ မူဝါဒတွေ၊ ပေါ်လစီတွေက ဘယ်က ကျလာမှန်း မသိရဘူး။ ဘယ်လို စဉ်းစားလို့ ဒီလို မူဝါဒတွေ ချမှတ်တယ် ဆိုတာ မသိရဘူး။ ဘယ်နေရာကနေ မူဝါဒတွေ ချမှတ်နေတယ် ဆိုတာလည်း မသိရဘူး။ ဝန်ကြီး တွေကလည်း ဝန်ကြီးတွေ ပီပီပြင်ပြင် ကိုယ့်တာဝန်ကို ကိုယ်မသိကြဘူး။ အထက်ကလာမယ့် အမိန့်ဆိုတာကြီးကို စောင့် နေကြရတယ်။ အထက်ဆိုတာ၊ သူတို့ ပြောပြောနေတဲ့ နိုင်ငံတော်အကြီးအကဲ ဆိုတာကလည်း တယောက်လား၊ နှစ် ယောက်လား ဘယ်သူမှ မသိနိုင်ဘူး။ သေချာတာကတော့ ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြွင်းမဲ့ အာဏာရှင် ဖြစ် လာတယ်။ အချို့ဥပဒေတွေဆိုရင် သူ့သဘောတူညီချက်ကို စောင့်နေကြရတယ်။ ဥပမာ – သိတဲ့လူတွေ အပြောအရ အထူးစီးပွားဇုန် (Special Economic Zones –SEZs) ဥပဒေမူကြမ်းက အကြိမ်ကြိမ် ပြင်ဆင်လာတာ ၁၃ ကြိမ်တိုင်တိုင် ရှိနေပြီး ပြီးသလောက်ရှိပြီလို့ ဆိုတယ်။ မြန်မာပြည်က ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ၂၀၀ရ ခုနှစ်၊ နှစ်ကုန်တုန်းကတောင် ထွက်နိုင်ကောင်းရဲ့လို့ ရေးသား ဖော်ပြခဲ့ကြတယ်။ အခုတော့ ဒီ SEZ ဥပဒေကလည်း ဗိုလ်ချုပ်သန်းရွှေစားပွဲပေါ်မှာ အိပ် လျှက်လို့ ဆိုတယ်။

ရှေးခေတ်က ဘုရင်တွေက ဥပဒေ၊ ဆုံးဖြတ်ချက် တခုခုကို လုပ်ရာမှာ အခုခေတ်လောက် မဆိုးဘူး။ အနည်းဆုံး ဘုရင့် လွှတ်တော် ခေါ်ကြရတယ်။ သက်တော်ရှည် မှူးမတ်ကြီးတွေနဲ့ တိုင်ပင်ကြရတယ်။ လွှတ်တော်ထဲမှာ ဘုရင်ကိုးကွယ်တဲ့ မင်းဆရာ ဘုန်းတော်ကြီးတွေ အကြံရယူတာရှိသလို၊ အာဏာကို ရည်ရွယ်နေတဲ့ အခြားအုပ်စုတွေလည်း ရှိကြတော့ ဘုရင်က ထင်သလို မလုပ်ရဲဘူး။

နောက်တခါ ဘုရင်က သူ့ဆီကို ပြည်နယ်၊ ဒေသတွေက အခွန်တော် လာဆက်သတာကို စောင့်တယ်။ သူ့ကို အခွန်ပဏ္ဍာ လာဆက်သရင် သူက ကျေနပ်တယ်။ အခွန်ပဏ္ဍာ လာမဆက်သဘူးဆိုရင်တော့ သူက တပ်တွေ စေလွှတ်တတ်တယ်။ သူက ဒေါသဖြစ်ကြောင်း ပြတတ်တယ်။ ဒါပေမယ့် အခုခေတ်လို ဘုရင်က လယ်ကွင်းထဲထိဆင်းပြီး ကြက်ဆူပင် စိုက် ရမယ်၊ ရေနက်ကွင်း စိုက်ရမယ် ဆိုတာမျိုး အထိ အသေးစိတ် အညိုအညင် ပေးကြတာတော့ မဟုတ်ဘူး။ ဒါကြောင့် သက်ဦးဆံပိုင် ဘုရင်စနစ်ကတောင် အခုခေတ် အခြေအနေထက် ကောင်းသေးလို့ ဆိုနိုင်တယ်။

ထားပါတော့။ အခုတော့ စစ်အစိုးရက ၂၀၁ဝ မှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးထားတယ်။ ဖြစ်-မဖြစ် တော့ သေချာ မပြောနိုင်သေးသလို၊ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီစည်းမျဉ်းတွေကလည်း မထွက်သေးဘူး။ အဲဒါအပြင် ဖြစ် လာမယ့် လွှတ်တော်မှာလည်း စစ်တပ်က ကိုယ်စားလှယ်နေရာ ၂၅% ကို ရယူထားလိုက်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် အနည်းနဲ့ အများဆိုသလို အရပ်သားလွှတ်တော် ကိုယ်စားလှယ်တွေ နေရာ ရလာကြလိမ့်မယ်။ တကယ့် ဒီမိုကရေစီကျကျ မဟုတ်သေးရင်တောင်မှ လွှတ်တော်တွေထဲမှာ မူဝါဒချမှတ်ရေး၊ ပေါ်လစီကိစ္စ ဆွေးနွေး ငြင်းခုန်မှုတွေ ရှိလာရလိမ့်မယ်။ အခုလို တကိုယ်တော် မူဝါဒ၊ ဆုံးဖြတ်ချက်တွေ ချနေတာထက် စာရင် အနည်းနဲ့အများ ကိစ္စတော်တော်များများမှာ ပွင့်လင်းမှုတွေ ရှိလာနိုင်ကောင်းရဲ့လို့ ယူဆရတယ်။ မဟုတ်ရင်တောင် မူဝါဒ ပေါ်လစီတွေအပေါ် မေးခွန်းထုတ် မေးမြန်းကြတာတွေလည်း ရှိလာနိုင်တယ်။

ကျနော့်မိတ်ဆွေ ဆွေးနွေးချက်က အခုလို ကျနော် ပြောနေတာတွေ၊ စစ်တပ်တပိုင်း လွှတ်တော်ထဲမှာ ကျနော်တို့က သွား ပြီး မူဝါဒ ပေါ်လစီချမှတ်နိုင်ရေး ကိစ္စတွေကို သူပြောနေတာ မဟုတ်ဘူး။ သူပြောတာက လာမယ့် ၂၀၁ဝ အပြီး လွှတ်တော်က ဘယ်လိုပဲဖြစ်ဖြစ် ထားလိုက်ပေါ့။ ကျနော်တို့က အင်တာနက်ပေါ်မှာ၊ ဒါမှမဟုတ် ဖိုရမ်၊ သို့မဟုတ် ဆွေးနွေး နိုင်တဲ့ စပေ့စ်တွေမှာ လူတိုင်းက ကိုယ့်ကိုယ်ကို လွှတ်တော်အမတ်တွေလို သဘောထား၊ နိုင်ငံ တိုးတက်ကြီးပွားရာ ကြီး ပွားကြောင်း ဆွေးနွေးငြင်းခုန်ကြရင် မဖြစ်နိုင်ဘူးလား၊ မူဝါဒ ပေါ်လစီတွေကို အဆိုပြုကြရင် မဖြစ်နိုင်ဘူးလားလို့ သူက အကြံပြုတာပါ။ အနည်းဆုံး အင်တာနက်မှာ ရေးသားနိုင်တဲ့ နိုင်ငံသားတိုင်းက ပါဝင်ဆောင်ရွက်နိုင်ကြသလို၊ တိုင်းပြည် အတွက် တကယ်အလုပ်ဖြစ်နိုင်တဲ့ အကြံအစည်တွေလည်း ထွက်ပေါ်လာနိုင်တယ်။ နောက်ဆုံး အခု ဆွေးနွေးခန်းတွေက သိပ်ကောင်းလာတဲ့အခါ စစ်တပ်တပိုင်း (၂၀၁ဝ အပြီး) လွှတ်တော်ထဲက စိတ်ကောင်းစေတနာ ရှိသူတွေ၊ တိုင်းပြည် တိုး တက် ကြီးပွားစေချင်သူတွေကတောင် လှမ်းလို့ ကြည့်ရတာမျိုး၊ အင်တာနက်ပေါ်က (လွှတ်တော်အပြင်က) ဆွေးနွေးနေ တာတွေကို လွှတ်တော်ထဲ ရောက်အောင် ယူသွားပြီး ဆွေးနွေးကြတာမျိုး ဖြစ်လာနိုင်တယ်လို့ သူက အကြံပြုတာပါ။

ဒီလိုနဲ့ သူ့အကြံကို ကျနော်က “ဝီကီလွှတ်တော်၊ ဝီကီအစိုးရ” လို့ နာမည်ပေးလိုက်တယ်။

(၃)

အဲဒီ စကားဝိုင်းပြီးသွားတော့မှ အခု စာအုပ်ကို ပြန်လှန်ဖြစ်တယ်။

အခု ခေတ်သစ်အခြေအနေ၊ အင်တာနက် နည်းပညာ Web 2.0 ပြောင်းလဲ တိုးတက်လာအပြီးမှာ စီးပွားရေးလောကမှာ တောင် ထူးခြားတွေ့မြင်လာရတဲ့ လက္ခဏာတွေကို အခု စာရေးဆရာတွေက ထောက်ပြထားတယ်။

ပထမအချက်ကတော့ ပွင့်လင်းလာခြင်း (Being open) ပါပဲ။ အဖွဲ့အစည်း၊ နိုင်ငံ နယ်စည်းတွေ ကျော်သွားတယ်။ ဂလို ဘယ်လိုက်ဇေးရှင်းနဲ့အတူ ပွင့်လင်းလာကြတယ်။အရင်က လျှို့ဝှက်ချက်တွေ၊ ဥပဒေတွေတောင် လိုက်မမီ ဖြစ်လာတယ်။ ဒါကို စာရေးဆရာတွေက ဥပမာကောင်းတွေနဲ့ တင်ပြထားတယ်။

ဥပမာအနေနဲ့ ကနေဒါနိုင်ငံက ဂိုးလ်ကော့ပ် (Goldcorp) ကုမ္ပဏီကို ဥပမာဖော်ပြထားတယ်။ ဒီကုမ္ပဏီက ရွှေတူးရာကနေ သူတို့ ရွှေသိုက်က အထွက်ကျလာနေပြီ။ အပြိုင်အဆိုင် လဲ များလာတဲ့ခေတ်မှာ ဘယ်လိုလုပ်ရပါ့ ဆိုတဲ့ အခြေအနေပါ။ ဒီမှာတင် ကုမ္ပဏီကို ဦးဆောင်သူက လုံးဝ တော်လှန်ရေး ကြီးလို ပြောင်းလဲ ပစ်လိုက်တယ်။ သူပိုင်တဲ့မြေ ၅၅,၀၀ဝ ဧကပေါ်မှာ အရင်က သူတို့စူးစမ်းလေ့လာဖူးသမျှ ဒေတာ အချက်အလက်တွေ အားလုံးကို တင်လိုက်ပြီး ရွှေတူးဖို့ ခန့်မှန်း ပေးနိုင်တဲ့၊ နည်းလမ်းပေးနိုင်တဲ့ သူတွေကို ဆုချမယ်ဆိုပြီး ဖိတ်ခေါ်လိုက်တယ်။ တကယ်တော့ ရွှေတူးတယ်ဆိုတာ လျှို့ဝှက်ချက်ဆန်လွန်းတဲ့ ကိစ္စတွေပါ။ ဒေတာ အချက်အလက် တွေကို ဘယ်သူက အပေါက်ကြားခံနိုင်ပါ့မလဲ။ ဒါပေမယ့် နိုင်ငံပေါင်း ၅ဝ ကျော်က ပညာရှင်ပေါင်းစုံ ဝင်ပြိုင်ကြတယ်။ ပြိုင်တဲ့သူတွေက ထောင်ချီတယ်၊ ကျောင်းသားတွေ၊ ပညာ ရှင်တွေ၊ စစ်တပ်အရာရှိ၊ သချင်္ာပညာရှင်တွေတောင်ပါ တယ်။သူတို့က ရွှေထွက်နိုင်မယ့် နောက်ထပ် နေရာ ၁၁ဝ ကို တွက်ချက် ထုတ်ပေးခဲ့ကြတယ်။ ဒီကုမ္ပဏီက အောင်မြင်တဲ့ ကုမ္ပဏီတခု ဖြစ်လာခဲ့တယ်။ နိုင်ငံတော်အရေးဆိုတာ သိပ် လျှို့ဝှက် ဆန်းကြယ်နိုင်လှတယ်။ နိုင်ငံတော်အုပ်ချုပ်တယ်ဆိုတာ သာမာန်လူထုတွေအတွက် မလွယ်လှပေဘူးဆိုတဲ့ ခေတ်လည်း ကုန်ခဲ့ပြီလို့ ထင်မိတယ်။ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ ကိစ္စတွေမှာ အကြံပေးနိုင်ကြတာချည်းပါပဲ။

ဒုတိယအချက်ကတော့  peering လို့ခေါ်တဲ့ မိတ်ဆွေ တန်းတူရည်တူ အပေါင်းအသင်းတွေက စုပြီး လုပ်ငန်းတခုကို လုပ်ကြတဲ့ အသွင်ပါပဲ။ အခုအခါမှာ ဆော့ဖ်ဝဲယားတွေကို စုပေါင်းရေးကြတယ်။ အခမဲ့ပေးသုံးတယ်။ ကုမ္ပဏီကြီးတွေရဲ့ ဩဇာ အာဏာကိုတောင် အံတုလာနိုင်ခဲ့တယ်။ အဲသည်အနေအထားမှာ ယခင် ထက်/အောက် ထောင်လိုက်ရှိခဲ့တဲ့ ဆက် ဆံရေးစနစ်တွေ၊ ဖွဲ့စည်းမှုစနစ် အသစ်တွေကို ပြန်နေရာချရဖို့ ဖြစ်လာခဲ့တယ်။ အင်တာနက်ပေါ်က မိတ်ဆွေအကြံပေးတဲ့ လွှတ်တော်မျိုးလည်း ဖြစ်လာနိုင်ပေတာပေါ့။

တတိယအချက်ကို စာရေးဆရာက ဝေငှခြင်း sharing သဘော ပြောပါတယ်။ စီးပွားရေးကို စစ်ပွဲတွေလို ကိုယ်နိုင်သူရှုံး အခြေအနေကနေ နှစ်ဖက် အနိုင်ရနိုင်တဲ့ ဝေငှ ပေးဝေခြင်း (ပူးပေါင်းဆောင်ရွက်ခြင်း) သဘောကိုပါ စာရေးသူက ထည့် စဉ်းစားခိုင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဝီကီပိဒိယလို အခမဲ့ စွယ်စုံကျမ်ကြီးတွေ ဖြစ်လာတယ်။ အခြား လူသုံး များ ဆော့ဖ်ဝဲယား အများ၊ မိတ်ဆွေဖွဲ့ကွန်ရက် အများ ဖြစ်လာရတယ်။

စတုတ္ထအချက်ကို ဂလိုဘယ် ကမ္ဘာ့ပုံစံ ဆန်လာခြင်း (Being global) လို့ ဆွေးနွေးထားတယ်။ စက်ရုံတွေရဲ့ ပလက်ဖောင်း ကို ကမ္ဘာတခုလုံး ဖြန့်ခင်းလိုက်သလို၊ ကျနော့်မိတ်ဆွေ ဆွေးနွေးသလို မြန်မာ့လွှတ်တော်ကိုလည်း တကမ္ဘာလုံးကို ဖြန့်ခင်း လိုက်လို့ မဖြစ်နိုင်ပေဘူးလား။ စဉ်းစားစရာပဲ။ မြန်မာပြည်ကို လက်တွေ့ ပြန်ဖို့ ခက်ခဲနေသေးသူတွေ၊ ကျွမ်းကျင်သူ ပညာ ရှင်တွေ၊ အငြိမ်းစား မျိုးချစ် နိုင်ငံချစ် အရာရှိဟောင်းတွေက တိုင်းပြည်ကို ပြန်ပြီး အကျိုးပြုစေဖို့ ဖြစ်နိုင်တာပေါ့။ မြန်မာ နိုင်ငံအတွက် လွှတ်တော်ဆိုတာ အခု သူတို့ဆောက်နေတဲ့ နေပြည်တော်မှာသာ မဟုတ်။ တကမ္ဘာလုံးက အဝေးရောက် မြန်မာတွေကိုလည်း အင်တာနက်ပေါ်က လွှတ်တော်မှာ ကိုယ်စားပြုထားနိုင်ပါသေးတယ်။

ပဉ္စမအချက်ကိုတော့ စာရေးဆရာက Generation-N Norms လို့ ဖော်ပြထားတယ်။ မျိုးဆက် N (အဲန်) ဆိုတာကတော့ အခု နည်းပညာပိုင်းဆိုင်ရာ သာလွန်တဲ့မျိုးဆက်တွေရဲ့ တန်ဖိုးထားမှုကိုပါ ထည့်စဉ်းစားဖို့ ပြောတယ်။ သူတို့ရဲ့ ပြောရေး ဆိုခွင့်၊ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တီထွင် ဖန်တီးလိုမှု၊ ရွှေ့လျား နေလိုတဲ့ ဆန္ဒ၊ တကယ့် အစစ်အမှန် ဖြစ်လိုတဲ့ စိတ်၊ ဆော့ ကစားတာကိုလည်း တပိုင်းက ခုံမင်နေသေးတဲ့ ဒီမျိုးဆက်တွေရဲ့ အားကိုလည်း ထည့်စဉ်းစားစရာပေပဲ။

စာရေးဆရာ Don Tapscott နဲ့ Anthony D. Williams တို့ကတော့ ခေတ်သစ် အခြေအနေအောက်မှာ စီးပွားရေး ကုမ္ပဏီ တွေ ပြန်လည်ဖွဲ့စည်းမှု ပုံစံအသစ်၊ အုပ်ချုပ်ရေးနည်းနာ ပုံစံအသစ်၊ လူအများ ပူးပေါင်းဆောင်ရွက်မှုကို အခြားနည်းနဲ့ ရယူ နိုင်တဲ့ အကြောင်းတွေ အဓိက ဆွေးနွေးထားခဲ့တာပါ။

သူ့စာအုပ်နာမည်လိုပဲ ကျနော် ဆက်စဉ်းစားနေမိတာက ခေတ်သစ် အခြေအနေအောက်မှာ လူအများ ပူးပေါင်းဆောင်ရွက် ကြမယ်၊ မြန်မာပြည် ကောင်းကျိုးအတွက် ဝီကီ လွှတ်တော်ကို အင်တာနက်ပေါ်မှာ ဖွဲ့ကြမယ်၊ ဝီကီအစိုးရ ဖွဲ့ကြမယ် မဖြစ် နိုင်ဘူးလား။ ကျနော့်မိတ်ဆွေ အကြံပေးသလို ဖြစ်နိုင်တာပဲလို့ ထင်နေမိပါကြောင်း။  ။

အယ်ဒီတာမှတ်ချက်။   ။ မန္တလေးဂေဇက် စက်တင်ဘာအောက်တိုဘာ လအတွက် ဖေါ်ပြရန်ရွေးချယ်ထားပြိးဖြစ်ပါကြောင်း

2 comments

  • mipukay

    November 5, 2009 at 8:43 pm

    တင်ပြပုံကောင်းတာကိုသတိထားမိပါတယ်

  • kai

    October 9, 2012 at 5:30 am

    အခုတော့.. ဆရာအောင်သူငြိမ်းတယောက်.. ဘာများလုပ်နေဘာလိမ့်လို့.. တွေးမိလို့ပါ..။
    သူက.. ဒေါက်တာသန့်မြင့်ဦးစာအုပ်(ခြေရာဖျောက်မြစ်) ကိုလည်း.. မန္တလေးဂဇက်မျာ.. အကျဉ်းချုံးဝေဖန်ရေးခဲ့သေးတယ်..။

Leave a Reply