လေးပွင့်ဆိုင်နဲ့ ငါးယောက် (၂ – ဇာတ်သိမ်း)
တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝကိုယ် ကြိုးစားနေကြတဲ့ သူတို့လေးယောက်ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ရန်ကုန်ဆိုတဲ့ တစ်မြို့တည်းမှာ အတူတူစုစည်းမိကြပါတယ်။ မအားလပ်လို့ အချိန်ပြည့်မတွေ့နိုင်ပေမယ့် အဆက်အသွယ်တွေတော့ မပြတ်ခဲ့ကြပါဘူး။
ဝတ်ရည်ကတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝဏ္ဏနဲ့ ဝတ်ရည်က တစ်နေရာတည်းမှာ အလုပ်ရခဲ့သလို အချိန်ပိုအနေနဲ့ ဝတ်ရည်စာသင်တဲ့နေရာက ခွန်စင်ငှားနေတဲ့ အိမ်ဘေးမှာ ဖြစ်နေပြန်ပါတယ်။ နောက် ဝတ်ရည်နဲ့အိလေးနဲ့ကလည်း တစ်မြို့နယ်တည်းမှာ နေဖြစ်ကြတော့ ဝတ်ရည်ကပဲ အားလုံးနဲ့ အဆက်အသွယ်ရှိနေပါတယ်။
အိလေးက ဝတ်ရည်နဲ့အတူတူ တိုက်ခန်းငှားနေဖို့ ပြောလာတဲ့အချိန်မှာ ဝမ်းသာအားရလက်ခံမိခဲ့ပါတယ်။ အိလေးနဲ့အတူတူ အဆောင်နေခဲ့တဲ့ မရတီလည်း ပါလာခဲ့တာပေါ့။ ဝတ်ရည်တို့ထက် သုံးနှစ်လောက်ကြီးတဲ့ မရတီကို နှစ်ယောက်လုံးက ချစ်ခဲ့ကြပါတယ်။ ကလေးဆန်တဲ့အိလေးကို မရတီက အလိုလိုက်ခဲ့သလို လူကြီးဆန်တဲ့ ဝတ်ရည်နဲ့လည်း အတူတူချက်စားဖြစ်ခဲ့ပါတယ်။ အစ်မမရှိတဲ့ ဝတ်ရည်က မရတီကို အစ်မတစ်ယောက်လို ချစ်ခင်ခဲ့ပါတယ်။ အသားဖြူဖြူ၊ လူကောင်သေးသေး၊ စကားဝဲဝဲလေးနဲ့ တိုင်းရင်းသူလေးဖြစ်တဲ့ မရတီကို တစ်ခါတစ်လေတော့ မပီတပီမြန်မာစကားတွေနဲ့ ဝိုင်းစတဲ့အခါလည်း စကြပေါ့။
ချစ်သူရှိနေတဲ့ အိလေးထက်စာရင် အပြင်သွားတဲ့အခါ၊ ဈေးသွားဝယ်တဲ့အခါ အတူတူချက်စားဖြစ်နေတဲ့ မရတီနဲ့ သွားဖြစ်ပါတယ်။ ဒီတော့ ဝတ်ရည်အဒေါ်တွေအိမ်ကိုသွားရင်းနဲ့ တစ်ရပ်ကွက်တည်းမှာနေတဲ့ ခွန်စင်နဲ့တွေ့တဲ့အခါ မရတီပါ ပါလာခဲ့တယ်။ ခွန်စင်၊ ဝဏ္ဏဆိုတဲ့ နာမည်တွေကို အိမ်မှာတစ်ချိန်လုံးကြားနေရတဲ့ မရတီက ခွန်စင်နဲ့တွေ့တော့လည်း စိမ်းမနေခဲ့ပါဘူး။ ပြီးတော့ အိမ်မှာ အိလေးက တစ်ချိန်လုံးစနေတဲ့အတွက် ဝတ်ရည်ရဲ့ ခွန်စင့်အပေါ်ထားတဲ့ သံယောဇဉ်ကိုလည်း မရတီက ရိပ်မိနေခဲ့ပါတယ်။ ခွန်စင်နဲ့တွေ့ပြီး အပြန်မှာတော့ ဝတ်ရည်က မရတီကို စကားတစ်ခွန်းမေးခဲ့ပါတယ်။ “ဝတ်ရည် ခွန်စင့်ကို ချစ်နေတယ်ဆိုတာ အစ်မသိနေတယ် မို့လား” တဲ့။ ပြုံးပြီးကြည့်နေတဲ့ မရတီကို အစ်မရင်းလိုသဘောထားပြီး ခံစားချက်တွေ ရင်ဖွင့်မိပါတယ်။ မရတီကလည်း ပြန်ပြောရှာပါတယ်။ “အစ်မ သူ့ကို အကဲခတ်ပေးရမလား ညီမလေး၊ ဘာကူညီပေးရမလဲ” တဲ့။ “နေပါစေ မရတီ။ ဝတ်ရည်က ချစ်နေရုံသက်သက်ပါ။ သူ့ကို ပိုင်ဆိုင်ချင်စိတ်မရှိသလို တစ်ချိန်မှာ သူချစ်ရတဲ့သူ ရှိလာဖို့ကိုလည်း ကြိုတွေးထားပြီးသားပါ” လို့။
တစ်ခါတစ်လေ အိမ်မှာ အိလေးက ဝတ်ရည်ကို ခွန်စင်နဲ့စလို့ ဝတ်ရည်က ရှက်ပြီး ငြင်းနေရင် မရတီကလည်း ဝင်စတတ်ပါသေးတယ်။ “သူမယူရင် အစ်မပဲ ခွန်စင့်ကို ယူလိုက်မယ်” တဲ့။ စကားလုံးတွေကို ဂရုမစိုက်တတ်တဲ့ ဝတ်ရည်ကလည်း ရယ်ရယ်မောမောပါပဲ။ “ဝတ်ရည်နှလုံးသားကို ရင်းပြီး ပေးပါမယ်” လို့။
မသိစိတ်ရဲ့စေ့ဆော်မှုကြောင့် ဝတ်ရည်မသိချင်ယောင်ဆောင်ပြီး မပေးခဲ့တဲ့ မရတီရဲ့ ဖုန်းနံပါတ်ကို အိလေးကတစ်ဆင့် ခွန်စင်သိသွားခဲ့တယ်။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ အလုပ်များနေတဲ့ဝတ်ရည်က တစ်ခါတစ်လေမှာ အိမ်နဲ့လည်း အဆက်ပြတ်နေတတ်ပါသေးတယ်။
တစ်ခုသော ညနေမှာတော့ ခွန်စင့်ဆီက ဖုန်းနံပါတ်တစ်ခုကို သိချင်လို့ လှမ်းဆက်လိုက်တဲ့အခါ ခွန်စင်က ဝတ်ရည်တို့ရပ်ကွက်ထဲက ဆိုင်တစ်ဆိုင်မှာ ရောက်နေပါတယ်တဲ့။ ဘယ်သူနဲ့ရှိနေလဲဆိုတာတော့ မပြောပြခဲ့ပါဘူး။ တုံးလှတဲ့ ဝတ်ရည်က အိလေးနဲ့ ခွန်စင်နဲ့ ဖုန်းပြောနေတာတွေ၊ အိလေးနဲ့ မရတီနဲ့ ဖုန်းပြောနေတာတွေကို ကြားနေပါလျက်နဲ့ ဘာကိုမှ မစပ်ဆက်မိခဲ့ပါဘူး။ မရတီပြန်လာတော့မှသာ ဖြစ်ကြောင်းကုန်စင်ကို စပ်ဆက်မိပြီး ခွန်စင်နဲ့ မရတီနဲ့တွေ့ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။
ဘယ်လိုပဲ ဟန်ဆောင်ဖုန်းကွယ်ထားပေမယ့်လည်း ဝတ်ရည်မျက်နှာပေါ်က ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေ၊ နာကျည်းမှုတွေ၊ ခံစားရမှုတွေအားလုံးကို အိလေးက မြင်နေခဲ့ပါတယ်။ ဖွင့်မေးချင်ပေမယ့်လည်း ကာယကံရှင်က ဟန်ဆောင်ဖုန်းကွယ်နေတဲ့အတွက် အိလေးလည်း မသိချင်ယောင်ပဲ ဆောင်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မရတီကလည်း သူ့အဒေါ်တွေဆီကို သွားလည်ပါတယ်။ မရတီမရှိတော့တဲ့အတွက် နောက်တစ်ရက်ညနေမှာတော့ ဝတ်ရည်က အိလေးကို မေးလာပါတယ်။ “သူတို့နှစ်ယောက် တွေ့ခဲ့တာလား” တဲ့။ သိလျက်နဲ့ လက်မခံနိုင်သေးလို့ မေးတာ ဖြစ်နိုင်ပါတယ်။ အိလေးက ပြန်ဖြေတယ်။ “ဒါနဲ့ဆို နှစ်ခါမြောက်” တဲ့။ “အော်..နှစ်ခါတဲ့လား…”။ အိလေးက ထပ်ပြောပါတယ်။ “အဲ့ကောင် တကယ်ကြိုက်သွားတာဆိုပဲ”။ ဝတ်ရည်တစ်ယောက် ဘာကိုဘယ်လိုခံစားလိုက်ရမှန်းတောင် မပြောပြတတ်တော့ပါဘူး။ လူပျိုအပျို ကြိုက်ခွင့်ဆိုတာရှိပေမယ့် ဝတ်ရည်ချစ်ရတဲ့၊ ဝတ်ရည်ယုံကြည်ရတဲ့၊ ဝတ်ရည်ရင်ဖွင့်ထားတဲ့ မရတီဘက်ကတော့ စောင့်ထိန်းသင့်တယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ ခွန်စင့်ရဲ့ချဉ်းကပ်မှုတွေကို အသိပေးသင့်တာပေါ့။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသလို အချိန်တွေကလည်း တိုလွန်းလှပါတယ်။ ဘဝမှာ ဝတ်ရည်နဲ့ အိလေးဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့ပဲ ပတ်သက်ဖူးတဲ့ ခွန်စင်က မရတီကို ပျာပျာသလဲချစ်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့သလို တစ်အိမ်တည်းအတူတူနေတဲ့ ဝတ်ရည်ရှေ့မှာ ခပ်တည်တည်နေပြနိုင်တဲ့ မရတီကလည်း ခွန်စင့်အချစ်ကို တစ်လအတွင်းမှာ လက်ခံပေးခဲ့ပါတယ်။
……………….
မာနကြီးလှတဲ့ ဝတ်ရည်ရဲ့မျက်ရည်တွေကို အဲဒီနေ့ကလွဲလို့ ဘယ်တော့မှ မမြင်ရတော့ပါဘူး။ ဒါပေမယ့် ဝတ်ရည်ရဲ့အပြုံးမျက်နှာအောက်က နာကျည်းမှုတွေကိုတော့ အိလေး မြင်နေရပါတယ်။
“ငါလည်း ခံစားနေရပါတယ် ဝတ်ရည်ရယ်..ခွန်စင့်အပေါ်ထားတဲ့ ငါ့ရဲ့ သံယောဇဉ်ကလည်း ငယ်သူငယ်ချင်း သံယောဇဉ်လေ..ခွန်စင်ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ ငါလည်း ခံစားမိပါတယ်…ငါက ချစ်သူရှိတော့ သိပ်မသိသာပေမယ့် အချိန်အကြာကြီး ချစ်လာခဲ့တဲ့ နင့်ကို ကိုယ်ချင်းစာပါတယ်… မာနကြီးတဲ့ နင်က ခွန်စင့်ကို မေ့နိုင်နေပေမယ့် အကျောမခံတတ်တဲ့ နင့်ရဲ့စရိုက်ကြောင့် သစ္စာဖောက်ခံလိုက်ရတာကို ဘယ်လောက်အထိ နာကျည်းနေမယ်ဆိုတာ နင့်မျက်လုံးတွေမှာ ငါတွေ့နေရတယ်… မေ့လိုက်ပါ သူငယ်ချင်းရယ်..လောကကြီးမှာ ဒီလိုလူမျိုးတွေ ရှိနေတယ်ဆိုတာ နင်ကိုယ်တွေ့ကြုံပြီးတော့ သင်ခန်းစာရတယ်လို့ပဲ မှတ်လိုက်ပါ… နင်ပြောသလိုပဲ..နင့်မေတ္တာနဲ့ မတန်ဘူးလို့ပဲ သဘောထားလိုက်ပါ သူငယ်ချင်း..သူတို့နှစ်ယောက်လုံးက နင့်မေတ္တာနဲ့ မတန်တဲ့သူတွေပါ..”
အသံတိတ်ပြောနေသော အိလေးရဲ့ စကားတွေကို ဝတ်ရည်နားလည်နိုင်ပါစေလို့ ဆုတောင်းရင်း…။ ။
19 comments
မောင်ပေ
October 11, 2012 at 7:51 pm
နောနောရဲ ့သီချင်းလေးကို ဆိုချင်မိလာတယ် မွန်လေးရယ်
“ ငါ..မတန်ဘူး… မတန်ဘူး… မတန်ဘူး.. ”
လုံမလေး မွန်မွန်
October 15, 2012 at 10:06 am
မတန်ဘူး ဈေးကြီးတယ်… 🙂
ကိုခင်ခ
October 11, 2012 at 8:37 pm
လေးပွင့်ဆိုင်ဆိုကထဲက ကွဲပဟလို့ အပိုင်း(၁) စဖတ်စဉ်ထဲက ထင်လာခဲ့တာ။
ဒါပေမယ့် ဇာတ်လမ်းလေး အဆုံးပုံလေးတော့ ညင်သာလှတယ်လေ။
လုံမလေး ဇာတ်လမ်းတွဲ နှစ်ခုလုံးမှာ အမည်မှာ ဝ ပါသောသူများကိုတော့ ဇာတ်လိုက်ဖြစ်တာများတယ်နော်။ ပထမ မော်ဟမျဉ်းပြိုင်မှာ ဝတီ၊ အခု လေးပွင့်ဆိုင် ကျတော့ ဝတ်ရည်။ နောက်ဇာတ်လမ်းတွဲကျရင်ကော ဝဿန် လား?
ကထူးဆန်း
October 11, 2012 at 9:43 pm
ဝတုတ် .. :kwi:
လုံမလေး မွန်မွန်
October 11, 2012 at 10:56 pm
ဟုတ်ဘူး..ဝလုံး နှစ်ခါဆင့်ပြီး ထဆင်ထူးနဲ့ ထူးဆန်း တဲ့.. :kwi:
aemoshu
October 12, 2012 at 1:26 am
ဘာမန့်ရင်ကောင်းမလဲ …. ????
အော် သိပြီ … အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးဆိုလားဘာလားပဲ … ဟီး …
ပြီးတော့ … ဂျင်းစိမ်းနဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင်မှာပေါ့တဲ့ ..
နေအုံး .. ဂျိုကုတ်ရှိရာ ဂျိုထောင်မလားဘူးဆိုလားပဲ … ဆိုင်မဆိုင်တော့သိဘူး .. ကိုယ်ကြားဘူးတာ ကိုယ်ပြောကြည့်တာ ..
ဝိုင်ဝိုင်းကပြောတယ် ”မဆုံးတဲ့ဖူးစာ မေ့ပစ်လိုက်ပါနော်တဲ့” …
လုံမလေး မွန်မွန်
October 15, 2012 at 10:13 am
မဆုံတဲ့ဖူးစာ.. ဝိုင်ဝိုင်းသီချင်းတွေကို ကြိုက်တဲ့အထဲကမှ အကြိုက်ဆုံး သီချင်းပါပဲ… အဲဒါကြောင့်ပဲ သီချင်းထဲကအတိုင်းဖြစ်သွားတာလား မသိဘူး..
နီနီခင်ဇော်ရဲ့ “မင်းနဲ့ငါနဲ့ လုံးဝအကြံတူ..အပေါင်းအသင်းတွေအလယ် အခုတော့ရန်သူ..”
ချစ်သုဝေရဲ့ “အောင်သွယ်ခိုင်းတယ်..ဟိုကောင်မလေးနဲ့..သူခံစားရတယ်ဆိုပဲ.ငါဘာလုပ်ရမလဲ..”
နိမိတ်မကောင်းတဲ့ သီချင်းတွေပဲ ကြိုက်ထားတော့ အဲ့အတိုင်းဖြစ်တာလားမသိဘူး..
Mon Kit
October 12, 2012 at 9:36 am
ဝတ်ရည် ဘက်ကနေပီး ခံစားနားလည်ပေးသွားပါတယ် လုံမရယ်…
အချစ်ချင်းတူရင်… အချစ်ချင်းပြိုင်လာရင်.. အရူံးပေးတာ နှလုံးအေးပါတယ်…
ကိုယ့်အချစ်နဲ့ မထိုက်သောသူပေါ့……….. :byae:
လုံမလေး မွန်မွန်
October 15, 2012 at 10:15 am
သူတန်တာ သူရသွားတယ်ပေါ့ အစ်မရယ်… 🙂
မဟာရာဇာ အံစာတုံး
October 12, 2012 at 2:41 pm
အော် ….
“ဝတ်ရည်” ……. တဲ့လားကွယ် ..
တိုက်ဆိုင်တယ်လို့ ပြောရမလားကွယ် ..
ဒီနာမည်လေးကို မြင်မိတော့
ဟိုးးးး အတိတ်ဆီက နှလုံးသားတစ်ခုဟာ
ဒဏ်ရာအနာတရနဲ့ ခဏတာ ပြန်လည် နိုးထလာတယ် …
အော် .. “ဝတ်ရည်” လေးရယ် ..
မင်း ငါ့ကို ရက်စက်ခဲ့တယ်ကွယ် …..။
+++++++++
ဂျီးဒေါ် …
နှစ်ခုလုံး ဖတ်ပြီး ဒီမှာပဲ တစ်ခါတည်း မန့်လိုက်တယ်နော့ …
ဂျီးဒေါ်ရဲ့ ဝတ်ရည်ကို ကိုရီးယားကားတွေ များများ ကြည့်ဖို့ တိုက်တွန်းလိုက်အုံး ..
:kwi:
Khaing Khaing
October 12, 2012 at 3:30 pm
မောင်မောင်အံ .. သူများတွေရေးတာအတုယူ ကြားလား … ရှောက်သီးဆေးပြားမရောင်းနဲ့ …
လုံမလေး မွန်မွန်
October 15, 2012 at 10:17 am
ကအံနဲ့ကျမှ ကိုရီးယားကားထဲကလို ရည်းစားစကားစပြောမယ်တဲ့… :kwi:
Shwe Tike Soe
October 12, 2012 at 2:47 pm
တွေ.လား လေးပွင့်တောင် ဆိုင်လိုက်သေးတယ်… လေးပွင့်ဆိုင်တော့ မသိဘူး လေးလုံးတန်းရင်တော့ ၃ ဆ ရမှာ..ဟိဟိ..
နောက်မှ ဆက်ဖက်အုံးမယ်.. မမလုံ
Khaing Khaing
October 12, 2012 at 3:29 pm
မွန်တို့ကတော့ အရေးအသားတွေက ကိုယ့်တွေ့လားမှတ်ရတယ် … ကောင်းပါတယ် …
မနေ့ကဘယ်အချိန်တင်လိုက်လဲမသိဘူး … ဒီနေ့မနက် (၂) ပို့စ်တောင် တက်နေတယ် …..
မဟာရာဇာ အံစာတုံး
October 12, 2012 at 5:17 pm
မာမီ …
ဘာမှလည်း သိဝူး .. ခိခိ ..
မသိရင် မှတ်ထား ..
ဒါဗျဲ …
(နာ့ဂို ရှောက်သီးဆေးပြား ရောင်းခိုင်းတဲ့ မာမီ မှတ်ကရော .. ငွင်း .. ငွင်း ..)
:kwi:
ဂျူဂျူး
October 12, 2012 at 4:13 pm
မမခိုင်ကလည်း ကိုယ်တွေ့လားမှတ်ရမှာပေါ့
ဖြစ်ရပ်မှန်တွေကို ရေးထားတာပဲဟာကို
လုံမရေ
ငါ ဖတ်ပြီး မန့်တယ်နော်…
ဝတ်ရည်တစ်ယောက် အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်…
လုံမလေး မွန်မွန်
October 15, 2012 at 10:18 am
မမခိုင် နဲ့ ဂျူဂျူး..
တစ်ယောက်က နိမိတ်ပြမေးခွန်းမေးတယ်… တစ်ယောက်က ဖွတယ်… ကောင်းပါ့.. :harr:
pooch
October 14, 2012 at 2:40 pm
ဖတ်ပြီးတော့ ပထမဆုံးဖတ်ဖူးတဲ့ လွန်းထားထားရဲ့ ဝတ္ထုထဲက ဇာတ်ကောင် ဘုန်းမဏ်သ ဆိုတဲ့တယောက်ကိုတောင် သတိရသွားတယ်။ ရေးတတ်လိုက်တာ 😀
အမှန်ကတော့ အချစ်ဆိုတာကလည်း ဘက်ညီမှ ပျော်စရာကောင်းတာ တဖက်သတ်ဆိုရင် ချစ်မိတဲ့သူပဲ စိတ်ဆင်းရဲရတာ။ ဘက်ညီတဲ့ အချစ်ကို ရှာဖွေတွေ့ရှိတာသည်လည်း ဘဝရဲ့ ဆုလာဘ်တပါးပဲ။
လုံမလေး မွန်မွန်
October 15, 2012 at 10:25 am
ကျေးဇူးတင်ပါတယ် အစ်မ..
ဟုတ်တယ်အစ်မရေ… တစ်ဖတ်သက်က အရမ်းမောရတာ… ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း တရားဝင်ချစ်သူမဟုတ်တော့ မချစ်ချင်ဘူးဆိုရင် စိတ်ထဲက မေ့ထားလိုက်လို့ ရတယ်.. :kwi: