Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပိုဂျီး ပဒုမ္မာရဲ့ အပိုဆု

padonmarOctober 23, 20121min69534

ချစ်ခင်လေးစားရပါသောဂဇက် ရွာသူား များရှင့်

ကျမကတော့ အပိုဂျီး(ခရက်ဒစ်တူ တုံမမ)စစ်စစ်ပါရှင့်။အပိုဂျီးပီပီ နေရာတကာ လျှာရှည် အထွန့်တက် ဆရာလုပ်တတ်ပါတယ်။

ရွာမှာ ဆုပေးပွဲလေးလုပ်မယ်ဆိုတော့ အဘဖေါသထိန်းကြီးနဲ့ အဘဆွေ သထိန်းကြီးများက မတည်ပြီး

ကိုယ့်ထမင်းကိုယ်စား ဂျီးတော်နွားကျောင်းမယ့် ဖက်ရွက်အဖွဲ့လေး ဖြစ်လာတာတော့ ရွာသူသားများအသိပါရှင့် ။

(ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ဆိုတဲ့ ဖက်ရွက် အဖွဲ့ပါ၊ရွာထဲက ဆူးနဲ့တော့ မဆိုင်ပါဘူး၊ဤကား မရှင်းလင်းချက်)

တစ်လတစ်လ ကိုယ်ကြိုက်တာတွေ ကိုယ်ရွေးချင်တဲ့စံနဲ့ရွေးပေးပြီး အမှတ်ပေးစနစ်နဲ့ ရွေးလာကြတာ အခုဆိုရင် ၃လ ပြီးခဲ့ပါပြီ။

ဆုပေးဖို့လည်း အိတ်စိုက်ပြီး ဝယ်ပြီးပါပြီ။ ဘာဆုလဲဆိုတာကိုတော့ ငွေရောင်ဖန်သားပြင်ပေါ်မှာ (ပိတ်သားပြင်က ခေတ်မှမရှိတော့တာနော်) ဆက်လက်ကြည့်ရှုကြပါ။

အဲသဟာလို ဆုကိုရွေးဝယ်ပြီးတော့ ကျမအပိုဂျီးက ထုံးစံအတိုင်းလျှာရှည် အထွန့်တက် အပိုလုပ် ကွန့်ဖို့ စိတ်ကူးတွေဝင်ပြန်ရော။

ကျမတို့ တစ်သက်လုံး ဆုတွေရခဲ့တာ ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက် ပေးတဲ့ဆုကို ယူခဲ့ရတယ်ရှင့်။

တစ်ခါတစ်လေ ကိုယ့်မှာရှိပြီးသား ပစ္စည်းကြီး အသုံးမလိုတာကြီးလည်းရတတ်တယ်ရှင့်။

အဲဒီတော့လည်း အောင့်သီးအောင့်သက်ယူရတာပါပဲ။

အသုံးမတဲ့လည်း ချောင်ထိုးပေါ့။

အခု ကျမတို့က မူအရ ဆုရသူအားလုံးကို တပြေးညီ ပေးလို့ရမယ့် အဖွဲ့အိတ်စိုက်ဘတ်ဂျက်နဲ့ တတ်နိုင်မယ့် ဆု ရွေးချယ်ထားတာကို

ဆုရသူများက ဝမ်းသာပေမယ့် သူတို့ တကယ်လိုချင်တဲ့ ပစ္စည်းဖြစ်ချင်မှ ဖြစ်မှာပေါ့နော်။

အဲဒီတော့ ကျမစိတ်ကူးက ဆုရသူများ သူတို့လိုချင်တာ တောင်းဆိုခွင့်လေးပေးချင်တယ်ရှင့်။

သို့သော်လည်းတဲ့ အဲတဲ့၊ကိုယ်လုပ်ချင်တဲ့ အစီအစဉ်ဆိုတော့ စောစောက ပြောခဲ့တဲ့ အတိုင်း အဖွဲ့ရဲ့ အိတ်စိုက်ဘတ်ဂျက်ထဲက မနှိုက်ထုတ်ပဲ

ကျမရဲ့ ပြားချပ်ချပ် ပိုက်ဆံအိတ် အဟောင်းကြီးထဲကပဲ မှိုတက်နေတဲ့ ပိုက်ပိုက်လေးတွေ ထုတ်ရေကြည့်ပြီး ဘတ်ဂျက်သတ်မှတ်လိုက်ပါတယ်ရှင့်။

တစ်လကို တစ်သောင်းဖိုး ကျမက ဆုရသူကို ဆုပေးချင်ပါတယ်ရှင့်။

ဆုအမျိုးအစားကိုတော့ ကျမစိတ်ကြိုက် ကန့်သတ်ချင်ပါတယ်ရှင့်(ကိုယ်ဒါရိုက်တာလုပ်တဲ့ ဇာတ်ဆိုတော့ ကိုယ်တင်ချင်တဲ့ မင်းသမီးတင်မှာပေါ့)

ကျမ တစ်ခါက ရေးဖူးသလို ကျမက စာအုပ်ကြားက အမြီးနှစ်ခွငွေရောင် အကောင်ကလေးပါရှင့်။

စာအုပ်ကြားနေ၊စာအုပ်နည်းနည်းစားပေမယ့် ခြတွေလိုတော့ ပြုတ်ပြုတ်ပြုန်းအောင် မလုပ်တတ်ပါဘူး။

အခု ဒီဂဇက်ထဲမှာ ရေးနေ ဖတ်နေတဲ့သူတွေထဲလည်း ဒီလိုလူတွေ အများကြီးပါမယ်ဆိုတာ သိနေပါတယ်ရှင့် ။

(မြေခွေး အမြီးအတင်းဖြတ်နေတာပါ)

ငယ်ငယ်တုံးက ဆိုရင် စာအုပ်ဆိုင်သွားပြီး လိုချင်ပေမယ့် မဝယ်နိုင်တဲ့ စာအုပ်ကြီးတွေကို ကိုင်ကြည့်လိုက် ပြန်ချလိုက် လုပ်ခဲ့ရပေါင်းမနည်းပါဘူး။

ဥပမာ-မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ တစ်ဘဝသာသနာ၊မိုးကုတ်ဆရာတော်ကြီးရဲ့တစ်ဘဝသာသနာ၊ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်း၊ဆရာ စန္ဒြရဲ့ ဘဝအတွေ့အကြုံ၊ဝင်းဦးရဲ့ မိန်းမလှအမုန်း၊ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ မိုက်ခရိုဝေ့နဲ့ ဟင်းချက်နည်း (အခုဆို

သန့်မြင့်ဦးရဲ့ ခြေရာပျောက်မြစ်၊ဦးနုရဲ့ တာတေစနေသား၊ငါးနှစ်ရာသီဗမာပြည်၊စိုးမြတ်သူဇာရဲ့ ဖီလင် 35၊မောင်သိန်းဆိုင်ရဲ့ ရေနံ့သာခင်ခင်ကြီး၊မြသန်းတင့်ရဲ့ လေရူးသုန်သုန်၊ဆရာကြီးဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ စံတော်ဝင် အရိယာများ၊………….)

ဒီ ၅၀၀၀-၆၀၀၀-၁၀၀၀ဝ ဆိုတဲ့ စာအုပ်ကြီးတွေ လိုလည်းလိုချင်၊ဝယ်ရမှာလည်း ကိုယ့်အိတ်ကပ်ကိုယ်ပြန်ကြည့် နောက်ဆုံးတော့ ၁၅၀၀-၂၀၀ဝ တန်လေးတွေ ဝယ်ပြီးပြန်လာခဲ့ရပါတယ်။

အခု ဝယ်နိုင်ပြန်တော့လည်း ဖတ်ရမယ့် အချိန်၊ဖတ်နိုင်တဲ့ မျက်စိ အကုန်ချို့တဲ့လာပြီဆိုတော့ ကိုယ့်ကိုကိုယ်ညှာတာပြီး မဝယ်ဖြစ်ပြန်ဘူး။(အခုတော့ ဒီထဲက တစ်ချို့ဝယ်ပြီး ခေါင်းအုံးအောက် သိမ်းထားပြီ)

ကျမသာ ဆုရမယ်ဆိုရင် ကျမလိုချင်ပြီး မဝယ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်အုပ်ကို တောင်းဆိုမိမှာပဲ။

သူများတွေလည်း အဲသလိုလေးများရှိလေမလားလို့ အပိုဂျီးက အပိုတွေတွေးပြီး အပိုဆုလေးပေးလိုက်ချင်ပါတယ်။

ဝင့်ပြုံးမြင့်(ဇူလိုင်)၊အောင်မိုးသူ(ဩဂုတ်)၊ဦးကြီးမိုက်(စက်တင်ဘာ) နဲ့ နောက်သုံးလ ဆုရမယ့်သူများ ကျမပို့စ်တစ်ခုခုကနေ ကွန်မန့်နဲ့

ငွေတစ်သောင်းထက်မပိုတဲ့ တန်ဖိုးရှိပြီး အခု ဝယ်လို့လည်းရနိုင်တဲ့ စာအုပ်တောင်းဆိုရင် ကျမဝယ်ထားပေးပြီး ဆုပေးပွဲအထိ

ကျမအသက်ရှိနေသေးရင် ပေးပါမယ်။

(ကျမ အသက်ရှည်ကြောင်းဆုတောင်းပေးအောင် အကြံအဖန်လုပ်တာ)

အခုထိတော့ ခြောက်လစာပဲ ရည်ရွယ်ထားပါတယ်ရှင့်။

ဘာလို့လဲဆိုတော့ အကယ်၍ ဒီခြောက်လထက်များ ကျမတို့ ဖက်ရွက်အိတ်စိုက် အဖွဲ့ကြီးခံသေးရင် အစီအစဉ်ထပ်ဆွဲပါမယ်။

(အဖွဲ့ထဲကလည်း နှုတ်ထွက်ခွင့်ပြုပါလို့ စာတင်တာ ခေတ်စားနေတော့ အင်အားဖြည့်တင်းလို့ကို မနိုင်အောင်ဖြစ်နေပါတယ်။

တစ်ချို့ကလည်း ဒီအဖွဲ့ကို တာဝန်သိပ်ကြီးတယ်ထင်လို့ ကြောက်ပြီး မဝင်ရဲ၊အမှန်တော့ ကျမတို့က ဖတ်မိသမျှထဲက အကြိုက်ဆုံးပါ။

ဂဇက်မှာ တင်သမျှှထဲက အကြိုက်ဆုံးရွေးတာလည်းမဟုတ်လို့ အကုန်ဖတ်စရာမလိုပါဘူး။

၊ဂဇက်မှာ အကောင်းဆုံးရွေးတာလည်းမဟုတ်ပါဘူး၊အကြိုက်ဆုံးပါ။

နောက်ပြီး ဒီမိုကရေစီ တကယ်ကျင့်သုံးပြီးအမှတ်ပေးစနစ်နဲ့ဆိုတော့ အများညီသွားတဲ့ ပို့စ်ကသာ ကျွဲဖြစ်သွားတာပါ၊

ဆိုတော့ တာဝန်ကြီးကို အများပခုံးပေါ်မျှတင်ထားပါတယ်။

လူများလေ ပခုံးပေါ်က ဝန်ပေါ့လေပေါ့။

နောက်ပြီး ဒီအဖွဲ့ကို လုပ်ပိုင်ခွင့်တွေ သိပ်ရှိပြီး သူကြီးဆီက မျက်နှာသာတွေရတယ်လို့ ထင်ချင်လည်း ထင်ကြပါလိမ့်မယ်။

သူကြီးဆီက မျက်နှာလည်းမရ၊ပိုက်ပိုက်တွေ၊လက်ချောင်တွေ၊ပွိုင့်တွေလည်းမရပါဘူး။

ကိုယ်ရောက်နေတဲ့ အသိုင်းအဝန်းလေး ကောင်းသထက်ကောင်းဖို့၊ဝါသနာပါတဲ့ စာကောင်းလေးတွေဖတ်ရဖို့ ရည်ရွယ်ပြီး

ပေါင်မုန့်ရှာတဲ့အလုပ်တွေနဲ့ မအားမလပ်တဲ့ကြားက နောက်မဆုတ်တမ်း စာဖတ်ပွဲဝင်နေကြတာပါ။

တကယ်တော့ ကျမတို့ အဖွဲ့က အရှင်အာနန္ဒာ ပယ်လေးတန် ပန်လေးပါးဆုတောင်းပြီးမှ မြတ်စွာဘုရားရဲ့ အလုပ်အကြွေးရာထူးယူသလို

ကျမတို့ အဖွဲ့သားတွေရဲ့ ကိုယ်ကျိုးတွက် ထည့်မတွက်ပါဘူးလို့ စိတ်ပိုင်းဖြတ်ပြီးမှ ဂဇက်ရွာကြီးရဲ့ ဖတ်ရွေးလုပ်ကြရတာပါ။

အသေချာဆုံးက ကိုယ့် ပို့စ်ကိုကိုယ် ဘယ်တော့မှ မရွေးပါဘူး။

တတ်နိုင်ရင် ဖတ်ရွေးအဖွဲ့ထဲက လူတွေရဲ့ ပို့စ်ကိုတောင် နံပါတ်(၁) အကြိုက်ဆုံးမပေးကြပါဘူး။

ဦးကြီးမိုက်ဆို နံပါတ်(၂)နေရာပေးတဲ့သူ ၊နံပါတ်(၃)နေရာပေးတဲ့သူတွေ များသွားတော့ အမှတ်ပေါင်းတက်ပြီး ရသွားတာပါ၊

အခုလို အများအကျိုးထမ်းဆောင်ဖို့ စိတ်ပါလာကြတဲ့ ခေတ်ကြီးမှာ ဘယ်လူငယ်တွေကများ ကျနော်တို့ ကျမတို့ တစ်လ ဝင်ကူဖတ်ပေးမယ်လို့ volunteer လုပ်ပေးလာမလဲလို့လည်း မရဲတရဲ မျှော်လင့်မိပါတယ်)

ဖတ်ရွေးအင်အားဖြည့်ပေးတဲ့ ရွှေတိုက်စိုးနဲ့ ကြောင်ဝတုတ် တို့ကို လက်ကျန်ဖတ်ရွေးတွေ ရဲ့ အိတ်စိုက် ဘတ်ဂျက်မှာ မပါပါနဲ့။ဖတ်ရုံပဲကူပေးပါလို့ ပြောပေမယ့်

သူတို့လေးတွေက သားတို့လည်းချန်မထားနဲ့၊ထည့်မှာပေါ့ဆိုလို့ သူတို့ရဲ့ ချွေးနည်းစာလေးတွေလည်း ဆုပေးတဲ့အစီအစဉ်မှာပါပါမယ်။

နောက်ပြီး ခြောက်လစာပေးမယ်လို့ ပြောရတဲ့ အကြောင်း တစ်ခုက

ကျမတို့ရဲ့ ငှက်ကထကြီး ဦးဦးပါက ပြီးခဲ့တဲ့ မိတင်မှာ ခေါင်းကြီးငုံ့၊မျက်နှာကြီးနီရဲ၊လက်နှစ်ဖက်ပွတ်ပြီး ဒီလို တင်ပြလာပါတယ်။

အမှန်တော့ ကျနော် ဒီအဖွဲ့မှာ ငှက်ကထလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူးတဲ့။(မရွယ်ပဲ ပါလေရာ ငှက်ကထဖြစ် လို့ စကားပုံပြောင်းလိုက်ပါတယ်)

နောက်ပြီး ဆုပေးခါနီး ဒီဇင်ဘာလကျရင်လည်း မိကဲအမေနောက်ကို လိုက်သွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။

(အေကံဒ စာရေးစရာ ကုန်ကြမ်းရှားလာတော့ အရင်က ပေးခဲ့တဲ့ ရည်းစားစာတွေ သွားပြန်တောင်းပြီး ဖီလင်ပြန်မွေးယူဖို့ထင်ပါရဲ့)

ဆုပေးပွဲကိုတော့ မရောက်ရောက်အောင်ပြန်လာပါမယ်တဲ့။

နောက် လတွေမှာတော့ ကျမက သူ့ကိုယ်စား ချဲလေဒီ ကုလားထိုင်အဖွားကြီး လုပ်ပေးပါတဲ့။

အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒတွေ ကို ငှက်ကထကြီးက အကုန်ချမှတ်ပေးပြီး ဒီအတိုင်းဆက်ကသွားရမှာဖြစ်တော့ ကျမအလုပ်က သိပ်မရှိပါဘူး။

ဒါပေမယ့် ငှက်ကထရဲ့ အဓိက တာဝန်က ဆုစားရိတ်နဲ့ ကျွေးမွေးစားရိတ် လိုတာ အကုန်စိုက် ဖြစ်တဲ့ အတွက် ကုလားထိုင်အဖွားကြီး စိုက်ရပါမယ်။

ကျမကလည်း ဘာရမလဲ။ ကုလားထိုင်ဆိုတာ ကြာကြာထိုင်ရင် အပိုင်မှတ်တတ်တယ်။

ဒီတော့ နောက်တစ်ခါ ခြောက်လကျရင်တော့ ဦးကြီးမိုက်အလှည့်လို့ ကြိုပစ်ထားလိုက်ပါတယ်။

ဆိုတော့ ကျမရဲ့ အိတ်ဟောင်းကြီးက နောက်ခြောက်လမှာ ပိုပြားဖို့ရှိတယ်ဆိုတော့ အပိုဆုလေးပေးနိုင်ပါ့မလား စဉ်းစားနေပါတယ်။

အဲ အပိုဂျီး လျှာရှည်တာ လမ်းချော်ကုန်ပြီ။

ဆိုလိုရင်းက အခု ဇူလိုင်လမှ ဒီဇင်ဘာထိ ဆုရသူများ ကျမဆီမှာ ငွေကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းမှာဝယ်လို့ရနိုင်သော မိမိနှစ်သက်ရာ စာအုပ် ကို တောင်းဆိုနိုင်ပါကြောင်း။

ဖတ်ရွေး(ဖတ်ရွေးရုံပါပဲ၊အိတ်စိုက်မခိုင်းပါဘူး)ဗော်လန်တီယာများ လိုချင်ပါကြောင်း။

နောက်ခြောက်လအတွက်လည်း အဘဖေါတို့ အဘဆွေတို့ သထိန်းကြီးများကို မျှော်နေပါကြောင်း။

တိုင်းသူပြည်သားလူအများတို့လေ……

ပုံ

စူဠဝိသိဋ္ဌဥက္ကဋ္ဌဘဏ္ဍာဂါရိက ဧကရီရှင်စောပုအိမ်တော်အနီး ဂဇက်မာလာရွှေပွင့်လွှာ ပဒုမ္မာ

34 comments

  • အရီးခင်လတ်

    October 23, 2012 at 3:45 am

    ဟိုးခေတ်က ဆရာဝန်ဆိုတာ အရာရာမှာ တကယ်ကို တော်လို့ ဆရာဝန် ဖြစ်ကြောင်း ဆိုတာ သိလိုက်ပါပြီရှင့်။
    အပိုဂျီး ရဲ့ စေတနာ အပိုဆုအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။

    အပိုဂျီး မဟုတ်ပေမဲ့ အပိုဂျီးလို အပိုဂျီးဖြစ်ချင်ခဲ့တဲ့ အပိုဂျီးရဲ့ အပိုဂျီး မဖြစ်လိုက်သော ဘော်ဘော်
    သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး
    :harr:

  • Khaing Khaing

    October 23, 2012 at 9:39 am

    အန်တီပဒုမ္မာ … အန်တီပဒုမ္မာ … ဘာဆုလဲဆိုတာကိုတော့ ငွေရောင်ဖန်သားပြင်ပေါ်မှာ အိုက်ဒါလေးဖတ်နေတုန်း ရင်ထဲအရမ်းပျော်သွားတာပဲ … ဖလက်တီဗွီကြီးများ ပေးတော့မလားဆိုပြီးတော့ နောက်တော့မှ မဟုတ်ဘူး … ဆက်လက်ကြည့်ရှုရမည့် နေရာဖြစ်နေတာကိုး ……..

    ဆုချီးမြှင့်ပွဲလေးက ဘာလိုလိုနဲ့နီးကပ်လာသလို ဆုအင်အားဖြည့်လာတဲ့သူတွေကလည်းများလာပီ တမီးက ဆုရသူတွေ ပစ္စည်းတွေသယ်ဖို့ လိုက်ထရပ်ကားလေးကို ကံစမ်းမဲဖောက်ပေးလိုက်ရင်ကောင်းမလားလို့ ……. ဆုပေးပွဲလေးကတော့ အတော်စည်ကားပုံရမယ် …. အရေးအသားကောင်းတဲ့ အန်တီပဒုမ္မာရေ … အန်တီ့စာလေးဖတ်ပြီး သဘောတော်တော်ကျမိပါရဲ့ …..

  • pooch

    October 23, 2012 at 9:40 am

    ဒေါ်ဒေါ်ရေ ကိုယ်တိုင်ကတော့ စာအုပ်ဝယ်စုရတာကို ဝါသနာတခုလိုဖြစ်နေတာမို့ လိုချင်လို့ကတော့ အငတ်ခံပြီး ဝယ်တတ်ပါတယ်။

    ဒေါ်ဒေါ်ရဲ့ ခုလိုအိတ်စိုက် အသိသညာအလှူလေးအတွက် သာဓုခေါ်ပါတယ်နော်။
    ဒီဇင်ဘာမှာ အနော်ကလည်း နယူးရီးယားကို ချိန်းပြီးသားဖြစ်နေလို့ ခရီးထွက်ရမှာမို့ပါ ( အမှန်က မသွားရမှာစိုးလို့ နားပူနားဆာလုပ်ပြီး အကုန်ပတ်ပြသာနာရှာထားတာပါ :mrgreen: )

    ဒါကြောင့်မို့ပါ ။ အနော့်ကို ခွင့်မလွှတ်ပါနဲ့ ။ 😥

  • kyeemite

    October 23, 2012 at 9:47 am

    အပိုဂျီးဆိုတော့…ဗိုက်ထဲပုဏ်ဏားလေးရှိလားလို့လဲမမေးရဲ…

    “(အေကံဒ စာရေးစရာ ကုန်ကြမ်းရှားလာတော့ အရင်က ပေးခဲ့တဲ့ ရည်းစားစာတွေ သွားပြန်တောင်းပြီး ဖီလင်ပြန်မွေးယူဖို့ထင်ပါရဲ့)”

    ငှက်ကထကြီး ဦးဦးပါ တော့မပြောတတ်ဖူးဗျ..
    ကြီးမိုက်တစ်ယောက်ကတော့..အလွမ်းဇတ်တွေထပ်လာလို့
    အချစ်ဇတ်ဖက်လှည့်ဖို့ကြံစည်နေမိတာ….ခုတော့လူမိသွားသလိုပဲ..ဟီး :hee:
    ဒါပေမဲ့ တတ်နိုင်ဘူးဂျာ…သားသားကတော့ အတိတ်ကိုသွားတူးဆွလက်စနဲ့
    ဆက်တူးမှာပဲ…မကြာမီ လာမည်..မျှော်..ပေါ့ဂျာ…အဟိ :harr:
    ဒီတော့ နောက်တစ်ခါ ခြောက်လကျရင်တော့ ဦးကြီးမိုက်အလှည့်လို့ ကြိုပစ်ထားလိုက်ပါတယ်။
    မနောက်ပါနဲ့ ဂျီးတော်ရယ်… ရိုးရိုးဖတ်ရွေးတာဝန်ကျေအောင်တောင် အတော်ကြိုးစားနေရပါတယ်…
    တစ်ဆက်တည်းပြောရရင်…စက်တင်ဘာလအတွက် ကြီးမိုက်ကိုရွေးကြတာ
    ဝမ်းမသာနိုင်ပဲ အားတုံ့ အားနာကြီးဖြစ်နေကြောင်းပါဗျာ…

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 23, 2012 at 9:59 am

      မနောက်ပါဘူး ဦးကြီးမိုက်ရယ် အမပဒုမ္မာက တကယ်ပြောတာဖြစ်နိုင်တယ်နော် အရေးအသားက
      သေသေချာချာ ရေးထားတာပါ။

    • Hnin Hnin

      October 23, 2012 at 6:31 pm

      ဦးကြီးမိုက် ပို့စ်က မျက်ရည်လည်ခဲ့ရအောင် ကောင်းပါတယ်(ကိုယ့်အကြိုက်ဆုံးတော့
      မဟုတ်ခဲ့ပေမယ့် ၁ရဲ့၃ ပေးခဲ့တာပါ..မအိတုန်က ၁ရဲ့၂..အကြိုက်ဆုံး ၃ယောက်
      ကြီးများတောင် ဖြစ်နေလို့)..အများကြိုက် ပေးတာဆိုတော့ အားတုံ့အားနာမဖြစ်ဘဲ
      အားရဝမ်းသာပါရှင့်…..
      တီဒုန်…တီဒုန့် ပြောပုံအရဆို အများကြိုက်ရွေးတယ်ဆိုတော့ နှင်းနှင်းဟာသ၊သရော်
      ပညာရှင်လေးတွေ မျက်နှာငယ်ရဖို့များတာပေါ့နော်….စိတ်တောင် မကောင်းဘူး.. း(
      ဖြစ်နိုင်ရင် မိဘမေတ္တာဘွဲ့တွေ၊ ရသတွေ ပြောင်းရေးကြတော့နော်…. း)

      • padonmar

        October 24, 2012 at 11:49 pm

        နှင်းနှင်းရေ
        အများအကြိုက်က အမှတ်ပေးစနစ်အရဆိုတော့ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရပါဘူး။
        သရော်စာတွေ၊ဟာသတွေကိုလည်း ရွေးချယ်ခဲ့ကြတာပါပဲ။
        အမှတ်များတဲ့ ပို့စ်က ဆုရသွားတာပါ။
        ဝင့်ပြုံးမြင့်နဲ့ အောင်မိုးသူက မိဘမေတ္တာဘွဲ့ မဟုတ်ဘူးလေ။
        ဒါကြောင့် ကိုယ်ကြိုက်တာလေးတွေ ရွေးပေးချင်တယ်ဆိုရင်တော့ ဖတ်ကူထဲ ဝင်ပေးပါလို့ ဖိတ်ခေါ်ပါတယ်ကွယ်။

  • jullies cezer

    October 23, 2012 at 9:52 am

    ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ
    instruction ပေးစေချင်ပါတယ် ခါတိုင်းလိုပဲဖတ်ပြီး comment ပေး
    points ပေးရုံလား ဘယ်လိုစည်းကမ်းတွေနဲ့ရွေးရမယ်ဆိုတာ ညီမကအသစ်
    မို့လို့ပြောပြစေချင်ပါတယ် ရွာထဲမှာတင်သမျှ post တိုင်းလိုလိုညီမဖတ်
    ဖြစ်ပါတယ်………..

    • ဦးဦးပါလေရာ

      October 23, 2012 at 12:54 pm

      ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ

      မပဒုမ္မာကိုယ်စား ဝမ်းမြောက်စွာ ကြိုဆိုနှင့်ပါတယ် Jullies cezer ရေ…
      ကျေးဇူးလဲ တင်ပါတယ်…
      ဒီလို ကိုယ်ကိုယ်တိုင် ပါဝင်ဖို့ဆန္ဒပြုသူများ အများအပြား ပေါ်ထွက်စေချင်ပါတယ်။
      ကျုပ်တို့က နာမည်တပ်ပြီးဖိတ်ရတဲ့အခါ တဖက်မှာ အားသူလဲရှိသလို မအားသူလဲရှိပါတယ်။
      လုပ်နိုင်သူရှိသလို မလုပ်နိုင်သူလဲရှိလို့ အားနာနာ မျက်နှာပူပူနဲ့ဖိတ်ရပါတယ်။
      အခုလို ကိုယ်တိုင်ဆန္ဒပြုတော့ ဒုတ်ဝေဖို့ဝန်မလေး…. အဲလေ… အဖွဲ့ထဲဖိတ်ခေါ်ဖို့ဝန်မလေးရတော့ဘူးပေါ့… 😀

      လစဉ် တစ်လတန်သည် နှစ်လတန်သည် ဖတ်ရွေးပေးဖို့ အစီအစဉ်အတိအကျကို အခုလာမယ့် စနေမိတင်အပြီးမှာ ပိုစ့်လေးတင်ပေးဖို့ သူများကိုတိုက်တွန်းမည်ဖြစ်ပါကြောင်း…။

    • padonmar

      October 23, 2012 at 9:29 pm

      ခုလို ဖတ်ကူပေးမယ်လို့ ကိုယ်တိုင် ဆန္ဒပြုတဲ့သူတွေ့ရတာ အလွန်ကို ဝမ်းသာပါတယ်။
      လူငယ်တွေပေါ်ကျမတို့ မျှော်လင့်မိတာ အလကားမဟုတ်ကြောင်းပြလိုက်သလိုပါပဲ။
      ငှက်ကထကြီးပြောသလို မိတင်ပြီးရင် အစီအစဉ်အသေးစိတ်ဆွဲပြီး အကြောင်းပြန်ပါမယ်။
      နောက်ထပ်ကူညီပေးနိုင်မယ့်သူတွေလည်း လိုချင်ပါသေးတယ်ရှင့်။
      ဂဇက်ရွာကြီးကောင်းဖို့ပါ။(သူကြီးထောင်ထားတာပေမယ့် ကျမတို့ရွာသူသားတွေ ပိုင်တဲ့ရွာလို့ စိတ်ထဲမှတ်နေတာပါပဲ)

      • kai

        October 24, 2012 at 12:02 am

        ရွာသူားတွေပိုင်တာပါ..။
        ရွာသူားတွေထဲကပဲ.. အပြန်အလှန်ထိမ်းကြောင်းရပ်တည်နိုင်တဲ့ ရွာကြီးဆီကို ရွှေ့ယူနေတာပါနော..။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 23, 2012 at 9:53 am

    အန်တီပဒုမ္မာရေ…
    ပြည်တွင်းမှာဝယ်ယူနိုင်တဲ့ ပေါ်ပြုလာဘွတ်စတိုးက ၃သောင်းကျော်တန်စာအုပ်လေးကို ကျွန်တော်မုန့်ဖိုးစုပြီး ဝယ်လိုက်ပါ့မယ်နော်… အီးဟီးဟီး…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • amatmin

      October 23, 2012 at 12:51 pm

      အကိုကြီးကိုကြောင်ဝတုတ်..
      အန်တီအပိုကြီးဆီကနေ..ခင်ဗျားအပိုဆုရရင်
      လူပိုကြီးပေါက်စန ကျနော်ကို ငှားရမ်းဖတ်ရှုခွင့်ပေးဗျာ..နော့

  • မိုချို

    October 23, 2012 at 10:15 am

    အန်တီ ပဒုမ္မာရဲ့ အိတ်စိုက် အပို ဆု အတွက် ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ် ပါတယ်။ စာရေးတဲ့ သူတွေ အတွက် ကြိုက်ရာ စာအုပ် ရွေး ခွင့် ပေး တဲ့ အိုင်ဒီ ယာ ကို လည်း သဘော ကျမိပါတယ်။ စာရေး တာ ဝါသနာ ပါတယ် ဆိုမှ တော့ အဲဒီ လူ က စာအုပ် မကြိုက် တဲ့ လူ ဘယ် ရှိ လိမ့် မတုန်း နော်။ ငယ်ဘဝ တောမှာနေတုန်း က ဆို ဖက်စရာ စာအုပ် မရှိလို့ စာအုပ် ငတ်ရတဲ့ အငတ် က ဘာနဲ့ မှ မတူ တာ ကြုံ ဖူး မှ သိကြမယ်။
    စာအုပ်ဈေးတွေ ကလည်း ခေါင်ခိုက်နေတာပဲနော်။ ရန်ကုန်မှာ နေတုန်း ကဆို အင်း ဝတို ့ စာပေလောက တို့ ရောက် ရင် စာအုပ်တွေ ကို ကိုင်ရုံ ပဲ ကိုင် ကြည့် နိုင် တယ်။ နည်း ပညာ စာအုပ် က လွဲ လို့ ၃၀၀ဝ ထက်ကျော်တာ မဝယ်ဖူးဘူးရယ်။
    အဲဒီ လို ရွာ့လူကြီးတွေ ရဲ့စေတနာ ကို တွေ့ ရ တော့ လည်း ဆု ရတာ မရတာထက် စာရေးချင်စိတ် လေးတွေ ပြန်ပေါ် လာပြန်ရော။

  • weiwei

    October 23, 2012 at 10:15 am

    ကျွန်မမှာလဲ လိုချင်တဲ့ စာအုပ်လေးတွေ (ဈေးကြီးလို့ မဝယ်နိုင်ခဲ့တာတွေ) အများကြီးရှိပါတယ် … ဒါပေမယ့် အပိုဂျီးကို ပူဆာလို့ရတဲ့ အခွင့်အရေး မရှိတဲ့ဘဝဆိုတော့ … အပိုမုန့်စားတာ အဝတ်အစားဝယ်တာတွေလျော့ပြီးတော့ပဲ ဝယ်လိုက်ပါတော့မယ် … 😛

    စာရေးချင်ပါသော်လည်း ကုန်ကြမ်းရှာမရသူ
    weiwei

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 10:29 am

    စာအုပ်ဆိုင်မှာ ကိုင်ကြည့်လိုက် ဈေးကြည့်ပြီး ပြန်ချထားလိုက် နောက်ဆံတငင်ငင်လှည့်ကြည့်လိုက် အမြဲလုပ်နေကျ စစ်နဲ့ငြမ်းချမ်းရေး၊ တစ်ထောင့်တစ်ညပုံပြင် အစအဆုံး.. ဟီး…. လိုတော့လိုချင်သား ဒါပေမဲ့ ဒီလောက် စာရေးကောင်းတဲ့သူတွေကြား ရမှာမဟုတ်ပါဘူးလေ :byae:

  • ဆူး

    October 23, 2012 at 11:14 am

    အပိုဆုလေး ရတော့မယ်ပေါ့…
    ဝမ်းသာ စရာကြီး.. ပျော်စရာကြီး..

    စာလေးတွေ စာလေးတွေ.. ဆန်ကျဲပြီး ကုန်ကြမ်းရှာဖို့ ကြိုးစားနေသူ
    ဆူး

  • ဦးဦးပါလေရာ

    October 23, 2012 at 1:00 pm

    ကျုပ်တောင် ဆုလိုချင်လာပြီ..
    အဟုတ်ပြောတာ… 😛
    အဖွဲ့က အနားယူပြီးမှ ကလောင်ပြန်သွေးဦးမယ်… 😛

    မပဒုမ္မာရဲ့ အပိုဆုက အင်မတန်ကောင်းတဲ့အစီအစဉ်ပါ…
    လက်ဆောင်တကာထဲမှာလဲ စာအုပ်လက်ဆောင်ဆိုတာ
    အင်မတန်နှစ်သက်ဖွယ်ကောင်းပြီး အရွယ်မရွေး ကျားမ မရွေးသင့်တော်တာပါ။
    ဆုရသူက ကိုယ်ကြိုက်တာရွေးပြီး မတောင်းဆိုရင်တော့
    ဆုပေးသူကပဲ ကောင်းနိုးရာရာရွေးပြီး ပေးသင့်ပါတယ်။

  • surmi

    October 23, 2012 at 1:50 pm

    မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ ့ တစ်ဘဝသာသနာ လေးလိုချင်ပါဘိ
    သို ့ပါသော်လည်း ကျူရှင်စားရိတ်လေးချွေတာပြီး …….. အင်းးးးး
    *************************
    အစ်မရေ
    သိပ်ကောင်းတဲ့ အစီစဉ်လေးပါဗျာ
    ပြောရင်းဆိုရင်း ခုတောင် ဆုလေးရချင်လိ်ုက်တာ……… :hee:
    တကယ်ပါ ပညာဗဟုသုတအလှူအတွက် သာဓုပါဗျာ ။
    အစ်မ အစီအစဉ်ကိုဖတ်ပြီး ပို ့စ် တစ်ပုဒ်ရေးဖို ့ကုန်ကြမ်းရသွားပြီ
    ကျေးကျေးဗျို ့ ။ ကျနော်လည်းတစ်နေ ့ကူညီနိုင်အောင်ကြိုးစားပါ ့မယ်
    မတတ်သာလို ့ငြင်းခဲ ့ရတာ အလွန်အားနာမိပါကြောင်းးးးးး

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 3:48 pm

    ဆုရတဲ့လူတွေ ကံထူးတာပဲ
    မှို တက်တဲ့ ပိုက်ဆံဆိုတာ သုံးရခဲတယ်ဗျ
    အင်မတိမတန် ကံထူးမှ စားသုံးခွင့်စိတာကလား
    ကြုပ်တို ့ရွာက ဒေါ်ပိုရီး ဂျီးဒေါ်ပိန်ဆို အသပြာကို ဝါးကျည်တောက်ထဲ ထည့်ပြီး ဝှက်ထားတာ
    တေတာတေတွားဒယ်..အဲဒိမှိုတက်ပိုက်ဆံနဲ ့ ကြားလုံး တလုံးတောင် စားခဲ့ရဘူး..
    အဲတာနဲ ့
    ကိုယ့်ဘာသာ စုပြီး မှိုတက်မှ ထုတ်သုံးမလား ကြံမိပါတယ်..
    အာတကေရတာနဲ ့ ဘီအီးဆိုင်ရောက်ရောက်သွားတော့ မှိုတက်ခွင့် မစိခဲ့ပေါင်လေ

  • အလင်းဆက်

    October 23, 2012 at 9:27 pm

    စူဠဝိသိဋ္ဌဥက္ကဋ္ဌဘဏ္ဍာဂါရိက ဧကရီရှင်စောပုအိမ်တော်အနီး ဂဇက်မာလာရွှေပွင့်လွှာ ပဒုမ္မာ…ရေ…

    အံမာလေး..နာမည်တွေများ……. ခေါ်ရတာ မောလိုက်တာ..ဗျာ ။

    တားတားကလည်း..လူပိုလေးပါ..ဂျ ။

    အဟိ ။ ဘာမှတော့မဆိုင်ဘူးပေါ့ ။ ကြော်ငြာ ဝင်တာပါ ။
    :kwi:

  • padonmar

    October 23, 2012 at 9:40 pm

    အပိုဂျီးဒေါ်ဒေါ်ကွန့်ရဲ့ ကွန့်အစီအစဉ်ကို အားပေးကြတဲ့သူအားလုံးကို ကျေးကျေးပါ။
    ဖတ်ရွေးတွေကတော့ တစ်ဦးချင်းရေးနိုင်အား(Quantity )ကျသွားတာ တော်တော်သိသာပါတယ်။
    အဲဒါကြောင့် လစဉ် အလှည့်ကျ နားပေးနိုင်ဖို့ ငှက်ကထကြီးကို အဆိုတင်ရင်း(ခေတ်မီအောင် အဆိုတင်ဆန္ဒပြုတောင်းဆိုတာပါ )
    ရွာသူသားဖတ်ကူတွေရဲ့ ပံ့ပိုးမှုကို ငံ့လင့်ရင်း ကျမတို့ ဖတ်ရွေးအဖွဲ့ကြီးပေါ် ပိုပြီး နားလည်ပေးနိုင်လာကြမယ်လို့ မျှော်လင့်ပါတယ်။

  • ရဲစည်

    October 23, 2012 at 9:44 pm

    တီမာရေ …
    ကြိုးစားမယ်ဗျာ
    ကိုယ့်ဘာကို ဝယ်တာထက် ဆုရလို့ ဆိုတဲ့ တန်ဖိုးကလဲ အမြဲအမှတ်တရ ဖြစ်စေပါတယ်။
    အဲ့တော့ ဒီနှစ်ကုန်တွင်း စာအုပ်ရဖို့ လက်ကုန်ဖွင့်မည် ဖြစ်ပါကြောင်း ……။

    ပြောသာ ပြောရတာ
    ဒီလိုပေါတောတော ရေးပုံနဲ့ မထင်တာတော့ အမှန်ဘဲ
    :kwi:

  • မောင်ပေ

    October 23, 2012 at 9:53 pm

    အပျိုကြီး
    ဆိုညည်း
    တိုခရီး
    အိုပြီး
    ရှိုတီး
    ငိုဖြီး
    ဖိုသီး

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:20 am

    အပြာစာအုပ် လိုချင်လျင် ပေးမည်။ သို့သော် ကြိတ်မတောင်းရ ရွာထဲတွင် ပေါ်တင်တောင်းရမည်။

  • အန်တီ …
    သားသားကို ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်းနဲ့
    စံတော်ဝင် အရိယာများ ဆိုတဲ့ စာအုပ်ကို ဝယ်ပေးဘာ …
    မဝယ်ပေးရင် ငိုရိုက်မှာ .. အဟီး .. ဟင့် .. ရွှတ် .. :mrgreen:
    နောက်ဒါဘာ ခင်ဗျာ ..

  • ဝင့်ပြုံးမြင့်

    October 29, 2012 at 11:38 pm

    အန်တီပဒုမ္မာရေ
    အန်တီရဲ့စေတနာကို လေးစားရပါတယ်။ ပြုံးမှာက ကိုယ်ပိုင်ပြဿနာတွေနဲ့မို့ပါ။ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ခွဲစိတ်မွေးဖို့ အိုဂျီက ရက်ချိန်းပေးထားပြီး ဒီကြားထဲ ဆေးရုံပြေးနေရလို့ပါ။ ပြုံးက မအူပင်မှာနေတာလေ။ ရန်ကုန်မှာ မဟုတ်ဘူး။ ဒါကြောင့် ဆုပေးပွဲကိုလည်း လာနိုင်မယ်မထင်ပါဘူး။ ကလေးပေါက်စနလေးနဲ့ ရန်ကုန်တက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အလင်းဆက်ကတော့ ပြုံးကိုယ်စား ယူပေးမယ်ပြောတယ်။ ဒါပေမယ့် သူ့လည်း သိပ်စိတ်မချရဘူး။ သူ့အလုပ်ရှင်က တင်းတော့ ခွင့်ရက်ရချင်မှရမှာပါ။ ဆုပေးပွဲတစ်ခါ လုပ်ဖို့ မလွယ်မှန်းလည်း သိတော့ အားနာရပါတယ် အန်တီရေ။
    လိုချင်တဲ့စာအုပ်တောင်းဆိုလို့ တောင်းလိုက်ပြီနော်။ ခြေရာပျောက်မြစ် ကိုပဲလိုချင်ပါတယ် အန်တီရေ။
    ——
    ပြီးတော့ ပြုံးစိတ်ထဲရှိတာလေး ပြောချင်ပါတယ်။ ဆု အတွက် အားနာသလိုမျိုးဖြစ်မိတာပါ။
    ဟိုအရင်က ပြုံးက light မှာ ၂နှစ်လောက်ရေးခဲ့ဖူးတယ်။ မြန်မာကို အင်္ဂလိပ်ဘာသာပြန်ပြိုင်ပွဲဝင်တာပါ။ အဲဒီတုန်းက ပြုံးက အသက် ၂ဝလောက်ပဲရှိသေးတယ်။ ပထမဆုကို အသေလိုချင်တာပါ။ ဒါပေမယ့် ဘယ်တော့မှ ပထမ မချိတ်ဘူး။ ဒုတိယ နဲ့ တတိယပဲရလေ့ရှိတယ်။ ပြုံး ဘယ်ရမလဲ ။ ပထမဆု အမြဲရတဲ့လူက တကယ့်ဝါရင့် ဖြစ်နေတာကိုး။ အသက် ၆ဝနားရှိတဲ့ အငြိမ်းစားညွှန်မှူး ဖြစ်နေတယ်လေ။ ပြုံးလို ပေါက်စနက ဝါရင့် တစ်ယောက်ကို ဘယ်လိုလုပ်မီနိုင်ပါ့မလဲ။ အခုချိန်မှာတော့ ပြုံးက ပြန်ပြီးသား ၁ဝအုပ်ရှိပြီ။ ဝါနည်းနည်းရင့် သွားပြီ။ ဒီတော့ မန်းဂေဇက်မှာက ငယ်ငယ်လေးတွေ ။ သူတို့အတွက် လမ်းမဖယ်သလို ဖြစ်နေမှာပေါ့နော်။ ဒါကြောင့်ပါ။ ဒါကြောင့် မန်းဂေဇက်မှာ ဝါရှိပြီးသားလူတွေကို မပေးသင့်ဘူး ထင်တာပဲ။ ငယ်တဲ့လူတွေ စိတ်ဓာတ်ကျသွားမှာ စိုးလို့ပါ။

    • surmi

      October 30, 2012 at 12:23 am

      အစ်မရေ
      ကျနော်ရမ်းသမ်းရွှီးလိုက်ဦးမယ်နော် …..။
      လူကြီးသူမများနဲ့ ဖတ်ရွေးကော်မတီ ဝင်များ ကျနော်ပြောတာမဟုတ်ရင် ပြင်ပေးကြနော် ….
      ဒီလိုဗျ …
      အစ်မ မပြုံးအနေနဲ့ ဒီဂဇက်မှာဝင်ရေးတာကို တကယ်ပဲဝမ်းသာဂုဏ်ယူမိပါတယ် ။ ကျနော်တို့လို
      အပျော်တမ်းတွေအနေနဲ့လည်း ပရိုတစ်ယောက်ဆီက နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးလေ့လာခွင် ့ရတာပေါ့ဗျာ။
      ပြီးတော့ …အားကစားတစ်ခုလိုပေါ ့ ..ကိုယ်ထက်ကောင်းတဲ့ သူ ၊ လက်ရည်သာတဲ့သူ နဲ့ တွဲဖက်ကစားရင်
      လက်ရည်တက်လာတတ်ပါတယ် . ..။ ဒီလိုပါပဲ …ခုလည်း လက်ရာကောင်းတဲ့ စာတွေကြားမှာ
      ဖွတ်ကျားဖြစ်မနေအောင် ကြိုးစားရင်း လက်ရည်တက်လာကြမယ်ထင်ပါတယ် ။
      ဒါကြောင့် အစ်မတို့လို ပရိုတွေ များများဝင်ရေးနိုင်ရင် ကျနော်တို့ကို တွဲခေါ်သလိုဖြစ်ပြီး ကျနော်တို့မှာ
      ပိုပြီးအကျိုးရှိပါတယ် …။ နောက်တစ်ခုက ….ဆုပေးတယ်ဆိုတာ အကြိုက်ရွေးပြီးပေးကြတာပါ ။
      ပြိုင်ပွဲသဘောမျိုးမဟုတ်ပါဘူး ….။ စာဖတ်သူရွာသူားတွေက မေးနဲ့ပို့ပြီးလည်း ဆန္ဒပြုကြမယ်ထင်ပါတယ်။
      ဒါကြောင် ့ အများကြိုက်တာရွေးကြတာမို့ အားမနာပါနဲ့ ။ စိတ်ရှင်းရှင်းနဲ့ ဝင်ရေးဖို့ တိုက်တွန်းလိုပါတယ် ။
      ငယ်တဲ့သူတွေ စိတ်ဓတ်ကျမှာ မစိုးရိ်မ်ပါနဲ့အစ်မရေ …. တစ်လ တစ်လ ပို့စ်ပေါင်း ၇၀ဝ နီးပါးထဲက
      အရွေးခံရဖို့ဆိုတာ ကံ ၊ ညဏ် ၊ ဝီရိယ သုံးမျိုးဆုံမှ ရမှာပါ ….။ပြီးတော့ ဒီဂဇက်မှာ အသားကျသွားတဲ့
      လူငယ် တွေအပါအဝင် ရွာသူားအားလုံးက မပျော့ညံ့တော့သလို အထိုက်အလျောက်လည်း ရင် ့ကျက်
      သွားကြပါပြီ ….။ အစ်မ မပြုံးရေ ….
      ဘဝမှာ …တိုက်ပွဲတွေ အများကြီးဝင်ကြရပါတယ် ….ဒဏ်ရာလည်းရမယ် ..။ပြီးတော့ …အရှုံးဆိုတာလည်း
      အမြဲလိုကြုံနိုင်တယ် … ဒီတော့ …ဒါလောက်လေးကိုမှ စိတ်ဓတ်ကျနေရင် ဂဇက်ရွာသူားအစစ်ဘယ်လုပ်
      လို့ရမလဲနော …..ဟဲဟဲ ..ဒီတော့ အစ်မရေ ..အားမနာပါနဲ့ ..နောင်ကိုယ်ရေးကိုယ်တာ ဖြေရှင်းပြီးလို့
      အချိန်ရရင် စာတွေရေးပါဦးဗျာ …။ ဂုဏ်ယူစွာနဲ့ စောင် ့မျှော်နေပါ ့မယ် ….။
      လောလောဆယ်ဆယ်တော့ကျန်းမာရေးကအဓိကပဲဗျို ့ ……

      လေးစားခင်မင်လျက်
      မောင်ဆာမိ

  • padonmar

    October 30, 2012 at 10:34 am

    ပြုံးရေ
    ခြေရာပျောက်မြစ် ဝယ်ထားပြီးပါပြီ။

    အပေါ်က ဥပမာပေးတဲ့ စာအုပ် မဟုတ်လည်း တောင်းနိုင်ပါတယ်။

    ….
    ဆုရွေးတာတော့ ကဆာမိရှင်းပြတဲ့ အတိုင်း….

  • အလင်းဆက်

    November 4, 2012 at 6:59 pm

    သားသားကို.. ကိုယ်စား…ဆု ယူပေးဖို ့…
    ပြောလာတဲ ့…
    ဆရာမ ဝင့်ပြုးမြင် ့ နှင့်…
    ဆုပေးရေး အဖွဲ ့ဝင် များခည ့ …

    ဆရာမ ကိုယ်စား… ဆု..လက်ခံပေးဖို ့… ကြိုးစားမှာပါလို ့..။
    အလုပ်ရှင် နဲ ့ညှိ စရာမလိုတဲ ့စနစ်တစ်ခုကို.. .. အကွက်ချ ထားပါကြောင်း..

    ဒီ တစ်လ နှဲ ့… နောက် လာမယ့် ဒီဇင်ဘာလ များမှာ..
    ကျွန်တော့် …. အလုပ်နားရက်ကို…
    တိတ်ိကျကျ မသတ်မှတ်ထားပဲ…
    ဆုပေးမယ့်နေ ့မှာသာ…ရှောင်တခင် နားမှာ… ဖြစ်တယ်..လို ့…
    အလုပ်သမားက အလုပ်ရှင်ကို..ရာဇသံ..ပေးထားပြီးပါကြောင်း…..

    အလုပ်ရှင်ကလည်း…အမြင်ကပ်ကပ်နဲ ့ပဲ..ခွင့်ပြု..ထားပါကြောင်း…

    ဒါကြောင့်….

    ဆရာမ ဝင်ိ့ပြုံးမြင့်ကိုယ်စား…
    ဆရာမ ရဲ ့ဆုကို….
    တားတားက…. လာရောက်ယူမှာ….ပါလို ့…။

    အသိပေးအပ်ပါကြောင်း…..

    ——————————-

    ခင်မင်လေးစားစွာဖြင့် …

    အတင်းမဖက်တဲ ့အလင်းဆက်

  • အလင်းဆက်

    November 4, 2012 at 7:00 pm

    အဲ.. ဆရာမ ဝင့်ပြုူးမြင့် ဖြစ်တွားတယ် ။
    တကယ် စာရိုက်တာ မှားတာပါခည ။

    ဝင့်ပြုံးမြင့်လို ့…သေးသေးတင်လေး…. ဖြည့်ပြီး.ဖတ်ပေးကြပါခည ။

  • padonmar

    December 25, 2012 at 5:14 am

    အပိုဆု ယူမယ့်သူတွေ ဆုပေးပွဲ အချိန်နီးကပ်ပြီဖြစ်ပါ၍ လိုချင်သည့် စာအုပ်နာမည်လေးများ ပြောကြပါရန်။
    ဒူ……ဟူဟူ………….

    ..အလင်းဆက် လိုချင်တဲ့ စာအုပ်လည်းကြိုတင်တောင်းထားနိုင်ပါတယ်နော်။တစ်နေ့တော့ရရမှာပေါ့။

  • ဆုရဖို့မမျှော်မှန်းရဲသေးမို့ဝေးလှပေမယ့် အခုလို အန်တီပဒုမ္မာရဲ့ကုသိုလ်လေးအတွက် ဝမ်းသာမိပါတယ်ရှင်။
    ဂေဇက်ဖတ်ရွေးအဖွဲ့ကြီးနဲ့ဆုပေးလူကြီးမင်းတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
    ဆုရသူတွေကိုယ်စားပါ။

Leave a Reply