မောင်ဝါဝါနှင့် အစစ်အမှန် တန်ဖိုးနည်းဖုန်း
မောင်ဝါဝါနှင့် အစစ်အမှန် တန်ဖိုးနည်းဖုန်း
– သူရဿဝါ –
နေရာတကာ ဟိုစပ်ဒီစပ် ဟိုယောင် ဒီယောင်ဖြင့် ကြောင်တောင်တောင် လုပ်လေ့ ရှိတဲ့ မောင်ဝါဝါ တစ်ယောက် အခု တလော သိပ်ပြီး အခက်တွေ့ နေတာပဲ။ ကိုယ့်ဟာကိုယ် ဂျာနယ်လေး တစ်စောင် နှစ်စောင်မှာ စာမူလေးတွေ ပုံမှန် ရေးနေ ရတာကို မကျေနပ် နိုင်ပဲနဲ့ အပျော်တမ်း ဗီဒီယို ရိုက်ကူးရေး အဖွဲ့ ထောင်ပြီးတော့ ဒါရိုက်တာပဲ လုပ်သလိုလို၊ ဇာတ်ညွှန်းပဲ ရေးသလိုလို၊ သရုပ်ဆောင်ပဲ လုပ်သလိုလို၊ ရိုက်ကူးရေးပဲ နေ့တိုင်း သွားနေရ သလိုလို လုပ်လိုက်တာ ဟိုလိုလို ဒီလိုလိုနဲ့ အလုပ်တွေက များလာ ပါလေရော။ စာမူကိစ္စ အယ်ဒီတာ တွေဆီ ဖုန်းဆက်ရ တာက တစ်မျိုး၊ ရိုက်ကွင်း အတွက် ဆိုပြီး ဟိုလူ့ကို ဖုန်းဆက်၊ ဒီလူ့ကို ဖုန်းဆက်နဲ့ ချိန်းရတာက တစ်မျိုး၊ နှစ်မျိုး သုံးမျိုးလည်း ပေါင်းလိုက်ရော မောင်ဝါဝါ တစ်ယောက် ဖုန်းခတွေ တော်တော်ကို ထိတော့ တာပဲ။
သူငယ်ချင်း တွေကတော့ မောင်ဝါဝါကို အကြံကောင်း ဉာဏ်ကောင်း ပေးကြ ရှာပါတယ်။ အခုလို အများသုံး ဖုန်းမှာ တစ်မိနစ် တစ်ရာ ပေးပြီး ဆက်နေမယ့် အစားကို ဖုန်းတစ်လုံး လောက် ဝယ်ကိုင် လိုက်ပါ တော့လားလို့။ ဖုန်းကလည်း သိတဲ့ အတိုင်းပဲ။ အရင်ကဆို ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ် ပေးဝယ် ရတာ။ ဝယ်ရတယ် လို့သာ ပြောတာပါ။ တကယ် ကတော့ ငှားရတာတဲ့။ အဲဒါကြီး ဆယ့်လေး ငါးသိန်းလောက် ပေးပြီးတော့ ငှားရတာတဲ့။ ကိုယ် အပိုင်ရတာ မဟုတ်ကြောင်း စာချုပ်ထဲ ပါတယ် ဆိုလားပဲ။ ထားပါလေ … အဲဒါတွေ မောင်ဝါဝါက စိတ်မဝင်စား ပါဘူး။ ဘယ် စိတ်ဝင်စားမလဲ။ အဲဒီ ပိုက်ဆံ ပမာဏကို ကိုယ်မှ မတတ်နိုင်တာ။ သိပ်မကြာ ပါဘူး။ ဆယ့်လေး ငါးသိန်း မပေးရ တော့တဲ့ တန်ဖိုးနည်း ဖုန်းတွေ ထွက်မယ် ဆိုလို့ မောင်ဝါဝါ ဝမ်းသာ အားရ စောင့်ပါ သေးတယ်။ မောင်ဝါဝါ စောင့်နေရင်းပဲ တန်ဖိုးနည်း ဖုန်းဆိုတဲ့ ငါးသိန်းတန် ဖုန်းတွေ ချပေး တော့တာပဲ။ မောင်ဝါဝါ စဉ်းစားရ ခက်လိုက်တာ။ သူ့ တန်ဖိုးနည်း ဖုန်းဆိုတာ မောင်ဝါဝါ့ လစာ လေး ငါး ခြောက်လစာ လောက်ကို ရှိတာပဲ။ ဘယ်သူတွေ အတွက် တန်ဖိုးနည်း ဖုန်းလဲ မသိဘူး လို့တောင် လျှောက် စဉ်းစား နေမိ သေးတယ်။ ခဏပါပဲ .. မေ့မေ့ ပျောက်ပျောက် ဖြစ်သွားတယ်။ ဖြစ်ဆို ကိုယ်မှ မတတ်နိုင်တာ ချည်းကိုးဗျ။
ဒီလို နေရင်းနဲ့ တစ်ခါ .. နောက်ထပ် တန်ဖိုးနည်း ဖုန်းတွေ ထပ်ချ ပေးဦးမယ် အသံကြားရ ပြန်ရော။ မောင်ဝါဝါ လည်း နေ့စဉ် ဖုန်းဖိုးငွေ အတော်ထွက် နေတဲ့ အချိန် ဆိုတော့ တန်ဖိုးနည်း ဖုန်းဆိုတာကို ဆက်ပြီး မျှော်လင့်မိ ပြန်ရောပေါ့။ ဒီတစ်ခါတော့ မဆိုးဘူးရယ်။ နှစ်သိန်း .. တဲ့။ မဆိုးဘူးသာ ပြောတာပါ။ နှစ်သိန်းလည်း တကယ်ကတော့ မောင်ဝါဝါ့ လစာနဲ့ တစ်ခါတည်း အပြတ် မဝယ်နိုင် ပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ မောင်ဝါဝါ နှစ်သိန်းတန် ဖုန်းကို ရအောင် ဝယ်ဖို့ ဆုံးဖြတ် ထားလိုက်တယ်။ ကိုယ်က အလုပ်တွေ သိပ်များတယ် ဆိုတော့ ဒီဖုန်းလေး ရှိထားမှကို အဆင်ပြေ တော့မှာလေ။ မောင်ဝါဝါ ကံကောင်း ပါတယ်။ ကယ်တင်ရှင် ပေါ်လာတယ်။ မောင်ဝါဝါ့ အစ်ကိုလို ဖြစ်နေတဲ့ သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်က မောင်ဝါဝါ လိုချင်မှန်း သိတော့ အဲဒီ ဖုန်းကို သူ ပိုက်ဆံ စိုက်ပြီး ဝယ်ပေးမယ်၊ မောင်ဝါဝါက သူ့ကို တစ်လ နှစ်သောင်း၊ သုံးသောင်းပဲ တတ်နိုင် သလောက် အရစ်ကျ ပြန်ပေးလို့ ဆိုလာ တာကိုး။ မောင်ဝါဝါ သိပ်ဝမ်းသာ တာပဲ။ သူများတွေ အတွက်တော့ မသိဘူး။ သူ့အတွက်တော့ ဒီဖုန်းက တကယ့်ကို တန်ဖိုးနည်း ဖုန်းတစ်လုံး ဖြစ်သွားပြီ မဟုတ်လား။ ဟုတ်တယ်လေ .. တစ်လမှ နှစ်သောင်း၊ သုံးသောင်း လောက်ပဲ ပြန်သွင်းပြီး ပေးရမယ် ဆိုတော့ တန်ဖိုး နည်းနည်း လေးနဲ့ ရသလို ဖြစ်တာကိုး။
“ငါ .. တန်ဖိုးနည်း ဖုန်းကို ဝယ်ကိုင် တော့မယ်ကွ” လို့ မောင်ဝါဝါက သူ့သူငယ်ချင်း တွေကို အဲဒီရက်ပိုင်း လျှောက်ကြွား ထားလိုက်တယ်။ သူငယ်ချင်း တွေကလည်း မောင်ဝါဝါ့ အတွက် ဝမ်းသာ ပေးကြ တာပေါ့။ ဖုန်းဝယ်တဲ့ နေ့ရောက်တော့ မောင်ဝါဝါ့ သူငယ်ချင်း အစ်ကိုကြီးက မောင်ဝါဝါ့ကို ဖုန်းဆိုင် တစ်ဆိုင်ကို ခေါ်သွားတယ်။ ဆက်သွယ်ရေးမှာ သွားဝယ်ရင် လူတိုးရ ဘာရနဲ့ ပင်ပန်းတယ်၊ ဖုန်းဆိုင်မှာ ပိုက်ဆံ ငါးထောင်၊ တစ်သောင်း ပိုပေးပြီး ဝယ်လိုက်ရင် ချက်ချင်းကို ရတယ်တဲ့။ လူမတိုးဘဲ ဝယ်လို့ ရတယ် ဆိုတဲ့ ဖုန်းဆိုင် မှာတောင် လူတွေ ပြည့်ကျပ် နေလိုက်တာ။ မသိရင် ရပ်ကွက်ထဲ သီတင်းကျွတ် စတုဒီသာ ကျွေးလို့ အတင်း တိုးဝှေ့ နေကြတဲ့ အတိုင်းပဲ။ ဆက်သွယ်ရေးသာ သွားဝယ်ရင် ဒီထက် ပိုဆိုးမှာပဲလို့ မောင်ဝါဝါ တွေးနေ မိတယ်။ သူ့ အစ်ကိုကြီး ပြောသလို ပါပဲ။ သိပ် မကြာခင် မောင်ဝါဝါ နှစ်သိန်းတန် ဖုန်းလိုင်းကဒ် ရလာတယ်။ ကဒ် ရပြီ ဆိုပေမယ့် မပြီးသေးဘူး။ ဒီဖုန်းကို ပြောလို့ ရမယ့် အခွံ တစ်ခုခု ဝယ်ရ ဦးမယ်။ ဟမ်းဆက် ပေါ့လေ။ ဟမ်းဆက်ဖိုး ကိုလည်း အစ်ကိုကြီး ကပဲ စိုက်ပြီး ဝယ်ပေး ပါတယ်။ အစ်ကိုကြီးက မောင်ဝါဝါ့ကို မေးရှာ ပါတယ်။ တစ်သိန်း ကျော်လောက် တန်တဲ့ ဟမ်းဆက်မျိုးလေး ကိုင်မလားပေါ့။ သိပ်လည်း ဈေ းမကြီး၊ သိပ်လည်း ဈေ းမနည်း ပေါ့လေ။ လူမြင် သူမြင်လည်း ကောင်းတာ ပေါ့တဲ့။ မောင်ဝါဝါ စဉ်းစား လိုက်တယ်။ ဖုန်းလိုင်းက နှစ်သိန်း၊ ဟမ်းဆက်ကို တစ်သိန်း တန်လောက် ကိုင်ဦးမယ် ဆိုရင် သုံးသိန်းလောက် ဖြစ်သွားပြီ။ မောင်ဝါဝါ့ အတွက် နည်းနည်း ဝန်ထုပ် ဝန်ပိုး ဖြစ်နေတယ်။ ဒီတော့ မောင်ဝါဝါ လေး ငါးသောင်းတန် ဟမ်းဆက် လောက်ပဲ ကိုင်ဖို့ ဆုံးဖြတ် လိုက်တယ်။
“ငါ့ဖုန်းက တကယ့် တန်ဖိုးနည်း ဖုန်း အစစ်ကွ၊ ဟမ်းဆက် ကလည်း တန်ဖိုး နည်းတယ်လေ၊ လေးငါးသောင်းပဲ ပေးရတာ” လို့ မောင်ဝါဝါက သူငယ်ချင်း တွေကို ပြောပြတယ်။ သူငယ်ချင်း တွေကလည်း မောင်ဝါဝါ့ အဆိုကို ထောက်ခံ ပါတယ်။ ဘာ ဟန်းဆက် ဖြစ်ဖြစ် ပါကွာ၊ ဖုန်းပြောလို့ ရဖို့က အဓိကပဲ မဟုတ်လား ဘာညာ နဲ့ပေါ့။ မောင်ဝါဝါ လည်း ဖုန်းကိုင် ခါစ ရက်လေး ဆိုတော့ ဒီဖုန်းကိုပဲ လက်ထဲကကို မချ နိုင်ဘူး။ ဟိုလူ့ကို ဖုန်းခေါ်လိုက်၊ ဖုန်းနံပါတ် လှမ်းပေးလိုက် လုပ်နေ တာပေါ့။ အပေါင်းအသင်း သူငယ်ချင်း ကလည်း များတော့ မောင်ဝါဝါက ဆက်ရတဲ့ ဖုန်းရော၊ မောင်ဝါဝါ့ဆီ လာတဲ့ ဖုန်းရောက တစ်နေ့တစ်နေ့ မနည်းဘူး။ အဲဒီလိုနဲ့ သိပ်မကြာဘူး .. မောင်ဝါဝါ့ သူငယ်ချင်းတွေ မောင်ဝါဝါနဲ့ အဆက်အသွယ် တစ်ပတ် နှစ်ပတ်လောက် ပြတ်သွားတယ်။ သူတို့ဆီ ကိုလည်း မောင်ဝါဝါက ဖုန်း မဆက် တော့ပြန်ဘူး။ တစ်ပတ် နှစ်ပတ် ကျော်လောက် ကြာမှ မောင်ဝါဝါ သူငယ်ချင်း တွေဆီ ပြန်ပေါ် လာတယ်။ မောင်ဝါဝါ့ လက်ထဲမှာ တယ်လီဖုန်း ကိုင်ထားတာ မတွေ့ရ တော့ဘူး။ ဒါနဲ့ သူငယ်ချင်း တွေက ဝိုင်းစ ကြတယ်။
“ဟေ့ .. မောင်ဝါဝါ၊ မင့် တန်ဖိုးနည်း ဖုန်းကြီး ဘာလို့ ထားခဲ့ တာလဲကွ”
“တန်ဖိုးနည်း ဖုန်းအစစ် ဖြစ်နေလို့ ထားခဲ့တာ လကွာ”
“ဟေ .. ဘယ်လို .. ဘယ်လို”
“အေး .. ငါ့ဖုန်းက အခုမှ တကယ့်ကို တန်ဖိုးနည်း ဖုန်းအစစ် ဖြစ်သွား တာကွ၊ အလုပ်က များတော့ ဟိုကို ဆက်လိုက်၊ ဒီကို ဆက်လိုက်၊ ဟိုခေါ်လိုက်၊ ဒီခေါ်လိုက်၊ ဟိုမက်ဆေ့ချ် ပို့လိုက်၊ ဒီမက်ဆေ့ချ် ပို့လိုက်နဲ့ တစ်သောင်းတန် ဖုန်းကဒ် တစ်ကဒ် ဆိုတာ ပါးစပ်ထဲတင် ချောကလက် လိုပဲ အရည်ပျော် သွားပုံ ရတယ် .. တစ်ကဒ် တစ်ကဒ် ဘယ်နှစ်ရက်မှ ခံတာ မဟုတ်ဘူး၊ ဖုန်းဝယ်တဲ့ ပိုက်ဆံက အစ်ကိုကြီးကို တစ်လမှ နှစ်သောင်း လောက်ပဲ ပေးရတာ၊ ဖုန်းကဒ် ဖိုးက တစ်လ သုံးသောင်း ဆိုတာ အနည်းလေးပဲ၊ ပိုက်ဆံ ကုန်တာချင်း အတူတူ မှန်ပေမယ့် ပီစီအိုမှာ ခေါ်တာက တစ်ခါ တစ်ခါမှ တစ်ရာ နှစ်ရာ ဆိုတော့ မသိသာဘူးကွ၊ ဒီဟာက လက်ထဲရှိလေ ပြောလေ၊ ပြောလေ ကုန်လေ ဖြစ်နေတော့ ရှလွတ် ရှလွတ် မြည်ပြီးကို ကုန်သွားတာပဲ၊ သိသာတယ်”
“အေးလေ .. အဲဒါနဲ့ တန်ဖိုးနည်း ဖုန်းအစစ် ဆိုတာနဲ့ ဘာဆိုင် …”
“ဆိုင်ပါပြီကော မောင်ရာ … ဖုန်းလိုင်းဖိုး တစ်လ နှစ်သောင်းတောင် ဖြစ်ဖြစ်မြည် ပေးနေရတာ၊ ဖုန်းငွေဖြည့်ကဒ် တစ်ခါထည့် တစ်သောင်းနဲ့ တစ်လကို သုံးသောင်းလောက် ကုန်တယ် ဆိုတော့ .. ကြာတော့ ဘယ်ထည့်နိုင် တော့မတုန်း၊ အခုလည်း လကုန် ခါနီး ပိုက်ဆံ လည်းပြတ်၊ ငွေဖြည့် ကဒ်လည်း ပြတ်နေပြီ ဆိုတော့ ဖုန်းထဲ ပိုက်ဆံ မရှိတော့ ဘူးလေ၊ အိမ်မှာ ထားခဲ့ ရတယ်၊ ဖုန်းထဲ ပိုက်ဆံ မရှိလို့ ဆက်မရ မှတော့ ဒီဖုန်းက ဘာတန်ဖိုး ရှိမတုန်း၊ ဒါ့ကြောင့် တန်ဖိုးနည်း ဖုန်းအစစ် ခုမှ တကယ် ဖြစ်သွားတာလို့ ပြောတာ ဟေ့ကောင်ရေ ..”
မောင်ဝါဝါ ရှင်းပြ တော့မှပဲ တန်ဖိုးနည်း ဖုန်းအစစ် ဖြစ်ကြောင်း သက်သေကို သူငယ်ချင်းတွေ သေချာ ကြည့်ပြီး ကိုယ့်နဖူး ကိုယ်ရိုက် ကျန်ခဲ့ ကြတယ်။ မောင်ဝါဝါ ကတော့ သူတို့ကို ဂရုစိုက် မနေတော့ ပါဘူး။ အလုပ်ကိစ္စ ဖုန်းဆက်ဖို့ ဆိုပြီး လမ်းဘေးက ပီစီအို ခေါ်တဲ့ အများသုံး တယ်လီဖုန်း ရုံရှိရာကို ခါးကလေး ကိုင်းကိုင်းနဲ့ ထွက်သွား တော့တာပါပဲ။
၁ရ – အောက်တိုဘာ – ၂၀၁၂
TechSpace Journal
Volume (1), Issue (30)
2 comments
jullies cezer
October 23, 2012 at 11:53 am
ဖြစ်ရလေ မောင်ဝါဝါရယ် ဒါဆိုတို့ရုံးက အစ်ကိုကြီးက မောင်ဝါဝါထက်
သာသွားပြီ မောင်ဝါဝါက တန်ဖိုးနည်းဖုန်း သူက ကတ်ဖုန်း
ဘာလို့လဲဆိုတော့ ကတ်စေးနဲပြီး သူကစပြီးဘယ်တော့မှမခေါ်လို့
သူသုံးတာကတ်ဖုန်းလေ………..
မောင်ပေ
October 23, 2012 at 3:25 pm
ဟုတ်ပအေ
ပီစီအိုကမှ ပိုတောင်းရင် စောဒကတက်လို့ရသေးတယ်
ကဒ်တွေက ဖြတ်ချင်သလို ဖြတ်နေတာ ငြိမ်နေရတာ