“’ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ”
“’ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ”
သီတင်းကျွတ်နားနီးပြီဆိုရင် ၈၄လမ်း ၄ဝနဲ့၄၁လမ်းကြားမှာဗျောက်အိုးတွေမီးရှူး မီးပန်းတွေရောင်းတဲ့ဆိုင်လေးတွေအလျိုုလျိုနဲ့ပေါ်လာပါတယ်။
လမ်းအနောက်ဖက်တန်းက ပလက်ဖောင်းရှေ့မှာထွက်ကြတာပါ။
အတိအကျပြောရင်တော့ လမ်းပေါ်ဈေးတက်ရောင်းတာပါဘဲ။
ဒီလိုအချိန်ရောက်တယ် ဆိုရင် သတင်းစာထဲမှာ တီဗွီမှာ
အထိတ်တလန့်မဖြစ်အောင်ဗျောက်အိုးမဖောက်ရ ဘာညာကွိကွ
ဗျောက်ဖောက်ရင် ဗျောက်ရောင်းရင် ဘာနဲ့ညာနဲ့ ဆိုပြီးကြေငြာတာကတော့ နှစ်တိုင်း လိုလိုတိုင်းဖတ်ရပါတယ်။
ဒါပေမယ့်လဲ ဘယ်လိုဘဲကြေငြာ ကြေငြာ ဘယ်လိုဘဲစည်းကမ်းတွေထုတ်ထုတ်
အောက်တိုဘာလဆန်းတာနဲ့တပြိုင်နက်ထဲ
ဈေးချိုထဲကဆိုင်တွေကလဲ ဗျောက်အိုးတွေမီးရှူးမီးပန်းတွေကို စုဆောင်း
နှစ်စဉ်ရောင်းနေကျ ဗျောက်အိုးသည်တွေကလည်း ဗန်းလေးတွေကိုယ်စီနဲ့ မန်းလေးမြို့လေးပြင်လေးရပ်မှာရောက်အလာ
ဝယ်သူတွေကလဲ တစ်အုံးအုံး
လမ်းပေါ်မှာ တဗုံးဗုံး တဘိုင်းဘိုင်း တအုံးအုံးတဒိုင်းဒိုင်း နဲ့ဗျောက်ဖောက်သံတွေကလဲ ကြားနေရစမြဲ
ရှူးကနဲအသံအကျယ်ကြီးမြည်ပြီး မီးပန်းရောင်စုံကြီးတွေကောင်းကင်တက်သွားတာတွေ
ကလဲမြင်နေရမြဲ ဆိုတော့ အဲလို ကြေငြာလိုက်တာကိုက
“ ဗျောက်ရောင်းဘို့အချိန်ကြပါပြီခင်ဗျား “ အချက်ပေးလိုက်သလိုဖြစ်သလားလို့တောင်တွေးမိပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ရန်ကုန်ကလာတဲ့မိတ်ဆွေတွေကို စစ်ကိုင်းမင်းကွန်းဘက်တွေလိုက်ပို့ပေးပါတယ်။
ညနေစောင်းရောက်တော့ တောင်သမန်အင်းကို ဆက်သွားပါတယ်။
တံတားပေါ်မှာလမ်းလျောက်နေရင်း အုန်းကနဲ့အသံကြီးကြားလိုက်ရပြီး တံတားအနောက်ဖက်ထိပ်နားကလဲ မီးခိုးလုံးကြီးတက်လာတော့ အတော်လေးလန့်သွားပါတယ်။
မီးများလောင်သလား တံတားများကျိုးကျသလားပေါ့။
ဘေးနားကနေ တတွတ်တွတ်ပြောလို့ ဈေးလိုက်ရောင်းနေတဲ့ကလေးမလေးတွေက
“အဲတာ ဗျောက်အိုးဖောက်တာ ရယ်”လို့ပြောလိုက်မှ စိတ်အေးသွားပါတယ်။
အတော်လေးမှောင်လာတော့ ပြန်လာကြတဲ့အချိန်မှာတံတားအဆုံးနားအရောက် အုံးကနဲအသံကြီးထွက်လာတဲ့အခါ ကျနော့်ရှေ့က နိုင်ငံခြားသူတစ်ယောက် အတော်လေးကို
လန့်ဖျပ်သွားလို့ပါလာတဲ့အဖော်က တွဲခေါ်သွားရသလို ကျန်တဲ့ သူတွေကလဲ နှာခေါင်းကိုပိတ်ပြီးအမြန်လျောက်ကြပါတော့တယ်။
သူတို့မျက်နှာကလဲ မသာမယာဖြစ်သွားပါတယ်။
အစောက သာယာတဲ့မြင်ကွင်းအထူးအဆန်းတွေကြောင့်
ရလာတဲ့ကြည်နူးမူ့လေးတွေဗြူန်းဆို ပျောက်သွားသလိုပါဘဲ။
လန့်မယ်ဆိုလဲလန့်လောက်ပါတယ် ဗျောက်သံက အတော်ကြီးကိုကျယ်ပါတယ်။
မီးခိုးတွေကလဲ လုံးထွက်နေပြီး ယမ်းညှော်နံ့ကလဲ တော်တော်နဲ့ကိုမပျယ်နိုင်လောက်အောင်ပြင်းပါတယ်။
အများပြည်သူအပန်းဖြေနေတဲ့ တံတားပေါ်ကိုလာပြီး ဗျောက်ဖောက်နေတဲ့ ကောင်လေးတစ်သိုက်ကတော့ သူများတွေလန့်သွားတာ ကိုကြည့်ပြီးတဟီးဟီး တဟားဟားနဲ့ ပျော်နေကြပါတယ်။
အခြားသူစိတ်အနှောင့်အယှက်ဖြစ်တာကို ပျော်စရာလို့ သတ်မှတ်တယ်ဆိုရင်
အဲလိုလူမျုးိရဲ့စိတ်ဓါတ်က လည်း အတော်လေးကို “အောက်တန်းကျ”နေပြီလို့ဆိုနိုင်ပါတယ်။
အခုလိုစည်းမဲ့ကမ်းမဲ့လုပ်နေတာကို တားမြစ်သူမရှိ ကာကွယ်စောင့်ရှောက်သူမရှိဆိုတော့
တံတားထိပ်မှာ ကပ်ထားတဲ့ “နိုင်ငံခြားသားများကို ကာကွယ်စောင့်ရှောက်ပါ”ဆိုတဲ့
ဗွီနိုင်းကြီးကိုတောင်အားနာစရာကောင်းလှပါတယ်။
ညပိုင်းအပြင်ထွက်တော့လဲ ၈၄လမ်းတစ်လျောက်က ဗျောက်အိုးဆိုင်တွေမှာ ဆိုင်ကယ်တွေ
ကားတွေလမ်းမပေါ်မှာရပ်လို့ ဗျောက်အိုးဝယ်နေကြသူမနည်းပါဘူး။
ဆိုင်တိုင်းနီးနီးလောက် ဝယ်သူရှိပါတယ်။
ဝယ်ပြီးပြီးချင်းအဲဒီနားမှာတင်ဗျောက်တွေ တစ်ဒိုင်းဒိုင်းဖောက် မီးရှူးပန်းတွေတစ်ဖုန်းဖုန်းနဲ့လွှတ်နေကြသူတွေကလဲမနည်းပါဘူး။
နောက်မီးပန်းတစ်မျုးိကလွှတ်လိုက်ပြီဆိုရင် မီးပန်းကြီးကလည်ပြီး လမ်းပေါ်မှာလျောက်ပြေးပါတော့တယ်
အဲဒါကိုမြင်လိုက်တယ်ဆိုရင် ဆိုင်ကယ်တွေကားတွေက လန့်ဖျပ်ပြီးရှောင်ကြပြုကြလုပ်ရတော့
တိုက်မလိုလို ဖြစ်ကုန်တတ်ပါတယ်။
အဲဒီနားကို ကျနော်ရောက်ချိန်က ညကိုးနာရီကျော်ကျော်လောက်ပါ။
၃၉လမ်းအနောက်ဖက်ထိပ်နားက ညဆိုရင်အတော်မှောင်ပါတယ်။
ပလက်ဖောင်းနံဘေးမှာ ကောင်လေးတစ်သိုက်က ထိုင်ပြီး လမ်းပေါ်မှာ စက်ဘီး
ဆိုင်ကယ် စီးလာတဲ့ကောင်မလေးတွေကို ဗျောက်နဲ့လှမ်းလှမ်းပစ်။
ဗျောက်သံကြားလို့လန့်သွားရင် စီးလာတဲ့ ဆိုင်ကယ် စက်ဘီး ဟန်ချက်ပျက်လို့ လဲမလို
တိုက်မလိုဖြစ်ရင် သူတို့က တဝါးဝါး တဟားဟား မင်းမဲ့တိုင်းပြည်ရောက်နေသလိုပါဘဲ။
ညကိုးနာရီပါတ်ဝန်းကျင်အချိန်က မန်းလေးမြို့က စတိုးဆိုင်တွေစူပါမက်ကက်တွေ အလုပ်ဆင်းချိန်ဆိုတော့
လမ်းမပေါ်မှာ အလုပ်ကပြန်လာတဲ့မိန်းကလေးတွေကို အများဆုံးတွေ့ရတဲ့အချိန်လေးပါ။
ဒီအချိန်လေးကို တမင်စောင့်ပြီး အပျော်ဗျောက်ဖောက်လို့နှောင့်ယှက်ကြတာပါ။
အဲဒီထက်ဆိုးတာ က အိမ်ပေါ်ကနေပြီး မီးရှူးပန်းကိုအောက်စိုက်ဖောက်တာပါဘဲ။
အပေါ်ထောင်ဖောက်တယ်ဆိုရင် မီးပန်းက အပေါ်ခပ်မြင့်မြင့်တက်သွားတော့ မီးပွားတွေက
အောက်ကျလာချိန်က အပူရှိန်သေနေပါပြီ။
အောက်စိုက်ပြီး ဖောက်တော့ မီးပန်းတွေက မျက်စေ့ထဲမှာလင်းကနဲလက်ကနဲ။
မီးပွားကျလာမှာစိုးတော့ ဆိုင်ကယ်ကို အပြေးအလွှားမောင်းရပြန်ပါတယ်။
မနေ့ညကတော့ညပိုင်းကျနော်အပြင်ထွက်တော့ ဘုရားကြီးအောက်ကျင်းနားအရောက် အပေါ်ကနေ
ရှေ့တည့်တည့်ကို လင်းကနဲဗျောက်အိုးတစ်လုံးကျအလာ အုန်းကနဲ အသံထွက်လာတော့ ဆိုင်ကယ်ကို ရုတ်တရက်အရှိန်အလျော့လိုက် နောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်သွားပါတယ်။
အပေါ်မော့ကြည့်လိုက်တော့ အိမ်အပေါ်ထပ်ကနေဗျောက်တွေပစ်ချနေတာကိုမြင်လိုက်ပါတယ်။
ဆိုင်ကယ်ရပ်ပြီး အပေါ်မော့ကြည့်လိုက်တော့ အိမ်ထဲကို ကလေးတွေဝင်ပြေးသွားတာကိုတွေ့ရပါတော့တယ်။
မိဘက မသိတာလား သိပါရဲ့နဲ့မဆုံးမဘဲ ပေါက်လွတ်ပဲစား လွှတ် တာလားတော့မသိဘူး။
သူ့တို့အပျော်အတွက် သူများအသက်အန္တရာယ် ရှိနို်င်တယ် ဆိုတာလောက်တောင်မစဉ်းစားနိုင်လောက်
အောင် စိတ်ဓါတ်တွေသိမ်ဖျင်းနေပြီ နိမ့်ကျနေပြီလို့ထင်မိပါတယ်။
ဒီလိုသီတင်းကျွတ်ရာသီကို ကျနော်တို့ကလေးဘဝကလဲပျော်ရွှင်စွာဖြတ်သန်းခဲ့ကြဘူးပါတယ်။
သီတင်းကျွတ်ရောက်တာနဲ့ ဆွေမျိုးထဲက သက်ကြီးဝါကြီးတွေ ဆရာသမားတွေကို လိုက်ကန့်တော့ကြမယ်။
လူကြီးတွေက မုန့်ဘိုးတွေပေးလိုက်တယ်ဆိုရင်ပျော်လို့ရွှင်လို့၊
(အခုခေတ်မှာတော့ သီတင်းကျွတ်ဆိုတာ ကိုအကြောင်းပြုလို့ စီးပွားရေးဈေးကွက်အတွက်
သီတင်းကျွတ်ကန့်တော့တယ်လို့ အမည်တပ်ပြီး အပေးအယူလုပ်ကြတာကတော့ လူတိုင်းအသိပါဘဲ။
မျှော်လင့်ချက်တစ်ခုအတွက် ရင်းကြတာပါ။)
ကျနော်တို့ကလေးဘဝကလဲ ဗျောက်ဖောက်ကြ မီးရှူးပန်းတွေလွှတ်ခဲ့ကြပါတယ်။
ကျနော်တို့ငယ်စဉ်က ဗျောက်ကလေးတွေကသေးသေးလေး။
အသံကလဲ သိပ်မကျယ် တကယ်ကို ကလေးကစားစရာ။
အဲဒါကို အသံကျယ်ချင်တဲ့ကျနော်တို့က နို့ဆီခွက်ထဲကိုထည့်ဖောက်ကြပါတယ်။
အဲလောက်လေးလုပ်တာကို လူကြီးတွေမြင်ရင် အအော်ခံရ အဆူခံရပါတယ်။
မီးပန်းဆိုတာကလဲ (မဂ္ဂနီဆီယမ်အပြားသေးသေးလေး)ကို တုတ်ဖျားထိပ်မှာတပ်ထားလို့ မီးရှို့လိုက်ရင်
မီးပန်းလေးတွေဖြာထွက်အောင် လက်ကိုဝှေ့ရမ်းပြီးကစားကြတာပါ။
ဒါတောင်အများကြီးမကစားရပါဘူး။
ညှော်စော်နံမယ် ကျန်းမာရေးထိခိုက်မယ်ဆိုပြီး အာသာပြေရုံလောက်ဘဲကစားရတာပါ။
နောက်တော့ မီးထွန်းကားလေတွေး ယုန်ရုပ်ကလေးတွေဆွဲပြီး သီတင်းကျွတ်ရက်ကိုဖြတ်သန်းခဲ့ရတာပါ။
အဲဒီအချိန်ကလဲ လူနောက်များက ဗျောက်တွေကို လူစည်စည်မှာပစ်ပြီးဆော့ တတ်ကစားတတ်သူရှိပေမယ့်
သိပ်တရားလွန်ကြီးတော့လဲ မလုပ်ရဲကြပါဘူး၊။
1988 ခုနှစ်အလွန်မှာတော့ တရုပ်ပြည်နဲ့မြန်မာပြည်ရဲ့ ကူးလူးဆက်ဆံမူ့ အရောင်းအဝယ်ဆက်ဆံမူ့က
တိုးသထက်တိုး လွယ်သထက်လွယ်လာပါတယ်။
ဒီယမ်းနဲ့ပါတ်သက်တဲ့ အတတ်ပညာဆိုတာ တရုပ်တွေက ရှေးကတည်းက ကျွမ်းကျင်ကြတာပါ။
တရုပ်ပြည်ဆိုတာက လဲမင်္ဂလာအခမ်းအနား ပျော်ပွဲရွှင်ပွဲမှန်သမျှ ဗျောက်မပါရင် မပြီးသလောက်။
အဲတော့လဲ သီတင်းကျွတ်မတိုင်ခင်ကတည်းက တရုပ်ပြည်ဖြစ်အစွမ်းထက်လှတဲ့ဗျောက်တွေမီးပန်းတွေ
က မန်းလေးကို အလုံးအရင်းနဲ့ဝင်လာပါတော့တယ်။
တစ်နှစ်ထက်တစ်နှစ်ပိုသစ် ပိုဆန်း ပိုလန်းတာတွေကို ကုန်သည်တွေက သွင်းလာကြပါတယ်။
ဗျောက်အိုးဆိုပြန်ရင်လဲ နားကွဲမတတ် နှလုံးရောဂါသည် လဲသေသွားလောက်အောက်အသံကျယ်တဲ့ဗျောက်၊
တစ်ဆင့်ကွဲ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတဲ့ဗျောက်၊
မီးရှို့ပြီးလွှတ်လိုက်တာနဲ့လေထဲမှာပျံဝဲပြီး တစ်ဆင်ပြီးတစ်ဆင့် တဒိုင်းဒိုင်းနဲ့ကွဲတဲ့ဗျောက်။
မြေပြင်မှာ ခြာလည်လည် ပြီး လမ်းလျောက်သွားသလို လျောက်ပြိး တဖုုန်းဖုန်းနဲ့ကွဲတဲ့ဗျောက်
စုံလိုက်တာမှလိုက်မမှီအောင်။
မီးပန်းဆိုပြန်ရင်လဲတုတ်တံအရှည်ကြီးတွေနဲ့လာကြ ဆယ်လုံးကွဲ ဆယ်ငါးလုံးကွဲ
အလုံးနှစ်ဆယ်ကွဲ အမျုးိစုံ။
ထွက်လာတဲ့ မီးပန်းပုံစံကလဲ အမျုးိစုံ မြင်ရတာကတော့တကယ်လှပါတယ်။
ဈေးကလဲ သေးတယ်မထင်ပါနဲ့ မီးပန်းတစ်ခုကို ရာဂဏန်းကနေထောင်ဂဏန်း
ကနေ သောင်းဂဏန်းထိ သူ့အဆင့်နဲ့သူရှိပါသတဲ့။
ဆန်းရင်ဆန်းသလောက်ဈေးပိုပေးရပါတယ်။
ဒါပေမယ့်လဲ လူတန်းစားမရွေးဝယ်လို့ ဗျောက်ဖောက် မီးပန်းလွှတ်လုပ်နိုင်ကြပါတယ်။
(ဒါတောင်မြန်မာနိုင်ငံက လူတွေကို ဆင်းရဲမွဲတေတယ်လို့ နာမယ်တပ်ချင်သေးတယ်နော်။)
ဒီလိုအားပြင်းတဲ့ဗျောက်တွေနဲ့ ဆော့ကစားလို့ လက်အပူလောင်သူ
မျက်စေ့ ကွယ်တဲ့အထိ ထိခိုက်မိသူ
ဗျောက်ကိုရှောင်ရင်း ယာဉ်တိုက်မူ့ဖြစ်သူတွေ အများကြီးရှိခဲ့ပါတယ်။
နောက်ပါတ်ဝန်းကျင်သန့်ရှင်းရေးလို့သာအော်နေတယ်
တစ်နှစ်တစ်နှစ်ဖောက်လိုက်ကြတဲ့ဗျောက် လွှတ်လိုက်ကြတဲ့ မီးပန်းကြောင့်
ယမ်းခိုးယမ်းငွေ့တွေနဲ့ မွှန်ထူ ပြီး လေထုညစ်ညမ်းမူ့ဘယ်လောက်ဖြစ်သွားမယ်ဆိုတာ
က တွေးမရနိုင်လောက်အောင်ပါဘဲ။
အဲတော့ ဗျောက်အိုးရောင်းတဲ့ အသိမိတ်ဆွေတွေနဲ့တွေ့တဲ့အခါမေးကြည့်မိပါတယ်။
မဖမ်းဘူးလားပေါ့။
“ကိုပေါက်ရေ ဖမ်းတော့လဲ ဖမ်းတာပေါ့။
ကြုတ်ကျက်လိရတာပေါ့။
အချိန်တိုလေးအတွင်းမှာရောင်းလဲရောင်းရပါတယ်။
ပေးပြီးကမ်းပြီး စားပြီးသောက်ပြီး ဖောက်ပြီး ကို သိန်းချီပြီးမြတ်တာကိုးဗျ၊
အဲတော့လဲ ဖမ်းကမှဖမ်း ရောင်းချင်တာပါဘဲ၊
တစ်ခုတော့ရှိတာပေါ့ စရောင်းရောင်းချင်း ဘန်းလိုက်သိမ်းခံရ ရင်တော့ အရင်းပြုတ်ပေါ့”
သူ့ပြောစကားကိုကြားမိတော့ အားလုံးကိုသဘောပေါက်သွားသလိုလို။
ကုန်သည်ကြီးကလဲ တရုတ်ပြည်က သယ်လာ
အမြတ်စို့စို့ပို့ပို့ရတော့လုပ်မှာဘဲ။
ပြန်ရောင်းတဲ့သူကလဲ ဝယ်သူရှိ ရင်ရောင်းမှာဘဲ။
အမြတ်ကလဲမက်လောက်စရာဘဲ။
ဖောက်တဲ့လူကလဲဖောက်မှာပါဘဲ။
ပျော်စရာကောင်းတာကိုးဗျ။
အဲ မရောင်းရ မဖောက်ရဆိုတာကိုမှ ကျုးလွန်သူတွေအပေါ်မှာ
တောင်းနိုင်ခွင့်လက်မှတ်ရထားသူတွေကလဲ တောင်းပေါ့။
တကယ်အကျိုးအမြတ်ရသွားသူက ထုတ်လုပ်ရောင်းချသူနဲ့ တောင်းရမ်းပိုင်ခွင့်ရှိသူတွေပါဘဲ။
ကျနော်တို့အပျော်အတွက် အမြတ်အစွန်းအကြီးဆုံးရသူကတော့ တရုပ်ပြည်က ဗျောက်အိုးမီးပန်းထုတ်လုပ်ရောင်းချသူပါဘဲ။
မြန်မာပြည်က အရိုးကိုက် တရုပ်ပြည် ကအသားစားပေါ့။
ဗျောက်မဖောက်ရ ဗျောက်မရောင်းရ ဆိုတဲ့ ဥပဒေထုတ်ရုံ
လိုက်ဖမ်းရုံနဲ့ ဒီကိစ္စ ပြီးမသွားပါဘူး။
မရိုးသားတဲ့ ဝန်ထမ်းကို စားပေါက်ထွင်ပေးသလို ဖြစ်သွားတာကတော့
လက်တွေ့ပါဘဲ။
ဝင်လာတဲ့လမ်းကို မတားနိုင်ဘဲ အထဲရောက်မှ လိုက်ဖမ်းမယ်ဆိုရင်
လူပိန်းတစ်ယောက်အနေနဲ့တွေးကြည့်ရင်တောင်မှ ရီစရာကောင်းနေပါမယ်။
အဲတော့ ဖြစ်သင့်တာတစ်ခုကတော့ ဒီဗျောက်တွေ မီးပန်းတွေနဲ့ဆော့ကစားဘို့ကို တရားဝင်ခွင့်ပြုသင့်ပါတယ်။
ဒါပေမယ့် ဗျောက်ဖောက်ဘို့ မီးပန်းလွှတ်ဘို့နေရာကို တိတိကျကျသတ်မှတ်ပေးရပါမယ်။
မန်းလေးမှာဆိုရင် ကန်တော်ကြီး (တက်သိမ်းအင်း)မှာဆိုလဲလူနေအိမ်ခြေမရှိအကျယ်ကြီး
အောင်ပင်လယ်ကန်ဘောင်ရိုးမှာဆိုလဲ လွတ်လွတ်လပ်လပ်၊
ဧရာဝတီမြစ်ကမ်းနံဘေးက သဲသောင်ပြင်မှာဆိုရင်လဲ တပြန့်တပြော
ဖောက်ချင်တိုင်းဖောက်လွှတ်ချင်တိုင်းလွှတ် ဘယ်သူ့မှ မထိခိုက်နိုင်ပါဘူး။
ကိုရီးယားကားတွေမှာဆိုရင် မြစ်ကမ်းနံဘေးမှာ သဲသောင်ပြင်မှာ မီးပန်းလွှတ်တာမြင်ဘူးပါတယ်၊
ဗျောက်ရောင်းချင်တဲ့သူကလဲ အဲဒီသတ်မှတ်တဲ့နေရာမှာဘဲရောင်း။
ဒိလိုသတ်မှတ်ပေးထားပါလျက်နဲ့
မြို့ထဲမှာရောင်းရင် ဗျောက်ဖောက် မီးပန်းလွှတ်ရင်
မျက်နှာကြီးမျက်နှာငယ်မရွေးဘဲ လူတန်းစားမရွေးဘဲ တိတိကျကျ ပြတ်ပြတ်သားသား
ထိထိရောက်ရောက်အရေးယူ။
ဒီလိုဗျောက်ဖောက် မီးပန်းလွှတ်ဘို့ နေရာသတ်မှတ်ပေးဘို့ဆိုတာက
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ပေးဘို့သင့်ပါတယ်။
ဒါဆိုရင်တော့
“ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ”တွေလဲပပျောက်။
ပျော်ချင်သူများလဲ အားရပါးရ ဗျောက်ဖောက် မီးပန်းလွှတ်လို့ပျော်ကြ။
ရောင်းချင်သူများကလဲ စိတ်အေးချမ်းသာနဲ့ရောင်း။
မြို့နဲ့ဝေးရာမှာသွားလုပ်တော့ မြို့လဲ အနံ့အသက်ကင်း။
ဗျောက်ဖောက်သံနဲ့ဝေးတော့ စိတ်အေးလက်အေး နေချင်သူများအတွက်လဲအဆင်ပြေ။
ဒီလိုသတ်မှတ်ပေးလိုက်ရင်ရောင်းသူဖောက်သူ လဲစိတ်ကျေနပ် နားအေးပါးအေးလိုက်ချင်သူလဲ
စိတ်ချမ်းသာပါဘဲ။
အင်း အဲလို့ဖွင့်ပေးလိုက်ရင် ဝင်ငွေတွေလျော့ပြီး စိတ်ဆင်းရဲမယ့်သူတော့ရှိကောင်းရှိပါလိမ်မယ့်။
အများနဲ့ လူတစ်စု ဘယ်သူ့ဘက်လိုက်မလဲဆိုတာကတော့ စဉ်းစားစရာတောင်မလိုတဲ့ကိစ္စပါဗျာ။
ကဲ………………….အခုဘဲစလိုက်ကြရအောင်ဗျာ။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(24-10-2012)
17 comments
ကိုပေါက်(မန္တလေး)
October 28, 2012 at 10:42 am
မနေ့က 84-41လမ်းရောက်တော့ ခါတိုင်းလို မီးပန်းသည်ဗျောက်သည်တွေ မတွေ့ရတော့ တစ်ခုခုလိုနေသလိုဘဲဗျာ
uncle gyi
October 28, 2012 at 10:56 am
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုဝင်လာတဲ့ပစ္စည်းတွေနည်းမှမနည်းပဲ
ဂေါင်းရွက်ပြီးတောလမ်းကလာလို့ဒီလောက်ပစ္စည်းတွေရောက်စရာမရှိ
ကားစီးပြီးလာတဲ့ကုန်တွေ
ထားလိုက်တဲ့စစ်ဆေးရေးဂိတ်
ရှာလိုက်တဲ့အဖွဲ့ပေါင်းစုံ
လွတ်အောင်ရှောင်နိုင်တဲ့ကယ်ရီ
အဲဒီအထဲကမှမြို့ပေါ်မှာရောင်း
မြို့ပေါ်မှာဝယ်ဖောက်
ငမိုက်သားမြို့သားတွေကိုမှ
ကံကွက်ပြီးဖမ်းမယ်ဆိုရင်
ဘုရားကျွန်တော်မျိုးငမိိုက်သားခံယုံသာရှိပါတယ်ဖယား
surmi
October 28, 2012 at 11:17 am
ဗျောက်အိုးပညာကို ရန်ကုန်တရုပ်တန်းကလည်း ကျွမ်းပုံရပါတယ်
ကျနော်တို ့ငယ်ငယ်က ဖေါက်ခဲ ့ကြတာ ရန်ကုန်ဗျောက်ပါ။
အခုတော ့ဗုံးလောက်နီးပါးပြင်းထန်ပါတယ် ။ ရေထဲထည် ့မှပေါက်တဲ ့
ရေဗျောက် ဆိုတာလည်းရှိသေး။ မှတ်မိတာကတော ့ စက်ဘီးစပုတ်တိုင်
အခေါင်းထဲကို မီးခြစ်ဆံယမ်းတွေထည် ့ပြီးဖေါက်ခဲ့ရတာပါပဲ ။
အစ်ကိုပြောသလိုပဲ အသံမကျယ်ပါဘူး ။ဝါးခြမ်းပြားကိုမြေကြီးမှာရိုက်သလောက်
အသံမြည်ရုံပါ ။ အခုတော ့ ………..
ဖေါက်တဲ ့သူရော ရောင်းတဲ ့သူရော ကုန်သည်တွေပါ နည်းနည်းတော ့
ဆင်ခြင်သင် ့တယ်ထင်တာပဲ ။
may flowers
October 28, 2012 at 11:51 am
(အခုခေတ်မှာတော့ သီတင်းကျွတ်ဆိုတာ ကိုအကြောင်းပြုလို့ စီးပွားရေးဈေးကွက်အတွက်
သီတင်းကျွတ်ကန့်တော့တယ်လို့ အမည်တပ်ပြီး အပေးအယူလုပ်ကြတာကတော့ လူတိုင်းအသိပါဘဲ။
မျှော်လင့်ချက်တစ်ခုအတွက် ရင်းကြတာပါ။)
လေးပေါက် အမှန်အတိုင်းပြောနေပါတယ်ဗျို့ ရွာ့ပြင်ထုတ်တာခံရဦးမယ်နော်………. :harr:
စိန်ဗိုက်ဗိုက်
October 28, 2012 at 11:54 am
ဗျောက်အိုး ဆိုလို ့
အတော်ဆိုးတဲ့လူတွေ..
လွတ်လွတ်ကျွတ်ကျွတ်မဖောက်ဘူး..
လူကြားထဲပစ်ထည့်တယ်..
ပထမတစ်ခါ ဘယ်သူပစ်ထည့်မှန်းမသိဘူး
နောက်တစ်ခါ ပစ်ထည့်တယ်.မပေါက်ဘူး
နောက်တစ်ခါ..ပစ်ထည့်တယ်..အုံးဆိုပေါက်ပြီး သူမဟုတ်သလို ခပ်တည်တည်ပဲဗျာ.
ထိုင်သောက်နေတဲ့အချိန် ဒီလိုလာလုပ်တော့ ဗျောက်အိုးဖောက်တဲ့ကောင်မျက်ခွက်ရယ် မြှောက်ပေးတဲ့ကောင်တွေရယ် အနီးဆုံးရှိတဲ့ အချွန်အတက်လက်နက်ရယ် ပဲ မျက်စိထဲမြင်နေတော့တယ်..
ဘယ်လောက်ပဲ ဆိတ်ဆိုးဆိုး သေစေနိုင်တဲ့လက်နက် တစ်ခါမှ မစဉ်းစားဖူးဘူးဗျာ..
ဒီတစ်ခေါက်..
ထိုးသတ်မယ်ဆိုတာချည်းပဲ ဆင်းစားတာ ကိုးဆယ့်ကိုးခါ
ထောင်ထဲ ဝင်ချင်ဘူးဆိုပြီး ဆင်းစားတာ အခါတစ်ရာ..
ဆိတ်ကို တစ်မဲအသာနဲ ့ ဆုံးဖြတ်ပြီး ထောင်ထဲ ချီးပုံးထမ်းတဲ့ဘဝက လွတ်သွားခဲ့တယ်..
ဗျောက်အိုး.ဗျောက်အိုး…
ဗျောက်အိုးကြောင့် ခွေးမျိုးလဲသေ ငါလဲ ကားပြာစီးပြီး ချီးပုံးထမ်းရတော့မလို ့
နှင်းကေသရာမွန်မွန်
October 28, 2012 at 12:45 pm
တကယ် လန့်စရာကောင်းတယ် လေးပေါက်ရယ်..အိမ်ထဲမှာနေနေလည်း အုန်းကနဲ..အုန်းကနဲ နဲ့ လန့်လန့်သွားတယ်… အပြင်ထွက်လည်း ရုပ်တည်သာနေရတာ ခပ်လန့်လန့်ရယ်… ဟိုနေ့ကများ ဆိုင်မှာမုန့်ထိုင်စားနေတာ စပယ်ယာက မီးပွိုင့်မိနေတော့ ယမ်းလုံးတွေဖောက်တယ်… ဘုကြည့်ကြည့်တာလည်း ဂရုမစိုက်ဘူး…တစ်ခါတစ်ခါ လာလာစင်တယ်… လှည်းတန်းမှာ ရဲက ကင်းလာလှည့်တယ်တဲ့..သူက ဒီဘက်ရောက် ..ဟိုအနောက်ဘက်မှ ဗျောက်အိုးထဖောက်တယ်..ကဲ ဘယ်လိုလုပ်မလဲ…
ကိုပေါက်(မန္တလေး)
October 28, 2012 at 1:26 pm
အခြားသူစိတ်အနှောင့်အယှက်ဖြစ်တာကို ပျော်စရာလို့ သတ်မှတ်တယ်ဆိုရင်
အဲလိုလူမျုးိရဲ့စိတ်ဓါတ်က လည်း အတော်လေးကို “အောက်တန်းကျ”နေပြီလို့ဆိုနိုင်ပါတယ်။
ဂန္ဓာရီ ဆြာအုပ်
October 28, 2012 at 1:47 pm
ကိုပေါက်ပြောတာ လက်ခံပါတယ်ဗျာ.. အားလုံးလဲ အဲလို စိတ်ဓာတ်နဲ့ စဉ်းစားချင့်ချိန် နိုင်ကြရင်ကောင်းမယ်.. ကိုယ်က အပျော်လုပ်ပေမယ့် ဖြစ်သွား နိုင်မယ့် အကျိူးဆက်တွေ က မကောင်းနိုင်ဘူးဆိုတာ စဉ်းစား ကြစေချင်ပါတယ်..
အနော်ကတော့ ဗျောက်ကို ကြောက်တယ်.. ဖောက်ရမှာလဲကြောက်တယ်
အဲဒါကြောင့် ညဖက် ဘယ်မှမရောက် တော့ ရန်ကုန်မှာ ဘယ်လိုရှိလဲ မသိဘူးဗျ. ကန်တော်ကြီး ထဲမှာတော့ ညတိုင်း ဖောက်တဲ့ မီးရှုးတွေ ကတော့ တစ်ဒိန်းဒိန်းပဲ.. အဲလိုသတ်သတ်မှတ်မှတ် နေရာလး တွေမှာ ပျော် ကြတာကို ရင်တုန်စွာ အားပေးရင်း..
မောင်ပေ
October 28, 2012 at 2:39 pm
ဗဲရီးဂွတ်ပို ့စ် ပါ ကိုပေါက်
ဖြောင်းဖြောင်းဖြောင်းဖြောင်း ( လက်ခုတ်တီးသံ )
အုပ်ချုပ်သူလူကြီးတွေအတွက် အင်မတန်ကောင်းတဲ့ အိုက်ဒီယာနဲ ့အပြုသဘောတွေကို ဖတ်ရှုခံစားလိုက်ရပါတယ်
စကားမငရုတ်
ကျုပ် ၅တန်းကျောင်းသားဘဝတုန်းက ၊ အိမ်က အလုပ်သမားတွေကို ဗျောက်နဲ ့လိုက်ပစ်တော့ ၊ ဗျောက်က လက်ထဲမှာ ကွဲလို ့ ၊ လက်မကြီးပြဲခဲ့ဖူးပါကြောင်း ၊ အဲဒါအဲဒါ..(ခရက်ဒစ်တူ သဂျီး) ကံအကျိုးပေးပေါ့
padonmar
October 28, 2012 at 10:49 pm
ကျမတော့ ကိုယ့်ရှေ့ ဗျောက်အိုးကျပြီးကွဲရင် သိပ်စိတ်ဆိုးမိတာပဲ။
ခပ်ဝေးဝေးက အသံတွေ တစ်ဒိုင်းဒိုင်းကြားနေရတာလည်း မကြိုက်ပါဘူး။
မီးရှူးမီးပန်းကိုတော့ သိပ်မမုန်းမိဘူး။
တစ်နှစ်တစ်နှစ် ဒီဗျောက်အိုးတွက် ကုန်တဲ့ငွေ၊ယမ်းပေါက်လို့ သေတဲ့လူ ..နှမျောလိုက်ပါဘိ။
မမလေး
October 28, 2012 at 11:51 pm
“’ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ” … ဒုန်းကနဲရော … ဒိုင်းကနဲရော … အုံးဒိုင်း စာဖတ်တာတောင် အသံကိုကြားသယောင်ယောင်ဖြစ်ပြီး စိတ်ညစ်လှပြီ … နှလုံးရောဂါရှိတဲ့ လူကြီးတွေသူဆို လိပ်ပြာလွင့်သွားနိုင်တယ် … ကိုယ်လည်း ငယ်ငယ်တုန်းကတော့ ဗျောက်အိုးအရမ်းဖောက်ချင်ခဲ့တာပဲ … ဒါပေမယ့် ပေသီးလေးနဲ့ပဲဆော့ခဲ့တာပါ … ( ဗြောက်အိုးမဖောက်ရဲလို့ အသံအကျယ်ကြီးကိုကြောက်လို့ ဆော့တော့ဆော့ချင်တယ် 😛 )
ဦးဦးပါလေရာ
October 29, 2012 at 8:50 am
ကိုပေါက်ရေ..
အခုကို ရန်ကုန်မှာတော့ ဗျောက်အိုးတွေ တော်တော် သောင်းကျန်းနေပါပြီ…။
သူများအထိတ်တလန့်/အနှောက်အယှက်ဖြစ်သွားတာကို အရသာခံပြီးပီတိဖြစ်တတ်တဲ့လူမျိုးကို ကျွန်တော်တော့ အထင်လဲသေးတယ်။ ရှုတ်ချတယ်။
ပြီးတော့ အသံဆိုတာ လူတဦးထဲ တစုထဲကို ရည်ရွယ်ပြီး လုပ်လို့ရတာမဟုတ်ဘူးလေ…
ဗျောက်အိုးသံကြောင့်ထိခိုက်သွားမယ့်ထဲမှာ
သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ ၊
နှလုံးရောဂါ အာရုံကြောရောဂါ ရှိသူတွေ
လတ်တလော မျက်စိ / နား ခွဲစိတ်မှု့ခံယူထားရသူတွေ
အဲဒီလိုလူတွေလဲပါတယ်ဆိုတာ သတိပြုသင့်ကြပါတယ်…။
စကားစပ်လို့ပြောရရင်
တရုတ်မင်္ဂလာဆောင်တို့ ပွဲလမ်းသဘင်တို့မှာဖေါက်တဲ့ ဗျောက်(အတွဲတွေ)က
လန့်အောင်ဖေါက်တာ မဟုတ်ပါဘူး…
ပျော်အောင်ဖေါက်တာပါ…
တကယ်လဲ ပျော်စရာလဲကောင်းပါတယ်။
မြန်မာလူငယ်တွေ သူများသွားလာတဲ့ကြားထဲ ပစ်ထည့်တဲ့ဗျောက်ကတော့
သူ့အဆင့်အတန်းကို သူပြတာဖြစ်တာမို့
ကိုယ့်မြန်မာလူငယ်တွေအစား ရှက်မိပါတယ်ကိုပေါက်ရေ……
ရွှေ ကြည်
October 29, 2012 at 10:42 am
လေးပေါက်ရေရွှေကြည်ပြောချင်နေတာတွေ လေးပေါက်ပြောသွားတာပဲ။ ကျေးဇူးပါလေးပေါက်ရေ။
လေးလေး ဟိုက်လိုက်လုုပ်ပေးသွားတာတွေ အကုန်ထောက်ခံပါတယ်။ ဦးဦးပါပြောသမျှကိုလည်းသဘောကျတယ်ဗျို့။
ဗျောက်ကို တအုံးအုံးဖောက်နေကြတာ ရှေ့တန်းစစ်မျက်နှာများရောက်နေသလားထင်ရတယ်။
ညကြီးအချိန်မတော် လူကြီးသူမတွေအိပ်နေလားမစဉ်းစားဘူး အသိဉာဏ်တွေအောက်ဆုံးအဆင့်ရောက်နေတယ်။
ကျောင်းတုန်းကတော့ရှေ့ကိုဗျောက်ကျလာတမြင်ရင်တက်နင်းပစ်လိုက်တာပဲ ပေါက်လည်းမလန့်ဟန်
ဆောင်ပြီးနေတယ် စိတ်ကိုတင်းထားတာ အခုဗျောက်တွေကကျယ်လိုက်တာပြောမနေနဲ့ တခါတည်းအူးဗိုက်ပြောသလိုလုပ်ပစ်ချင်တယ်။
Hnin Hnin
October 29, 2012 at 2:00 pm
လေးပေါက်ရေ လေးပေါက်လည်း စာရေးကောင်းသူတစ်ယောက်ပဲ။
ရေးသွားလိုက်တာ ဟာကွက်ကို မရှိဘူး။
္တဗြောက်တွေက အရင်တုန်းကတော့ သာမန်ယမ်းစိမ်းတို့၊ကန့်တို့နဲ့လုပ်တာ။
ခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ဓာတုဗေဒတွေနဲ့။ ဆာလဖာဒိုင်အောက်ဆိုဒ်၊
နိုက်ထရစ်အက်စစ်တွေပါတော့ ဗြောက်ပေါက်ကွဲပြီးသွားရင်(အတွဲလိုက်တွေဆို
ပိုဆိုးတယ်) အက်စစ်ငွေ့တွ အများကြီးထွက်တော့ ပတ်ဝန်းကျင်လေထုညစ်ညမ်း
ပြီး ရှုမိတဲ့လူတွေပါ အဆုတ်လေပြွန်ရောင်တာ၊မူးမေ့လဲတာတွေပါ ဖြစ်နိုင်တဲ့အထိ
အန္တရယ်ရှိတယ်။ နားစည်မြှေးပေါက်သွားနိုင်ပြီး အကြားအာရုံ ဆုံးရှုံးတာမျိုးလည်း
ဖြစ်နိုင်တယ်။ ကျန်တာတွေက ရေးထားပြီးသားဆိုတော့။ ဒါကြောင့် ‘ဗြောက်’ ဆို
ဘယ်ဗြောက်ဖြစ်ဖြစ် မဝယ်၊မဖောက်၊မသုံးသင့်ပါဘူး။
ဆိုလိုရင်းက လေးပေါက်ရေးတဲ့ အဓိကစာလုံး ‘ဗျောက်’ ဆိုတာက ပို့စ်တစ်ခုလုံး
စာလုံးပေါင်းမှားနေတယ်။ အမှန်က ‘ဗြောက်’ ပါ။
နှင်းနှင်းလည်း တစ်သက်လုံး ‘ဗျောက်’ လို့ပဲ မှတ်ထားတာပါ။ ‘ဗြောက်’ လို့သိတာ
ဟိုတစ်ပတ်ကမှပါ။
အပေါ်က ‘ မြနန္ဒာ’ ဂျာနယ်ထဲမှာလည်း ဒုပိုဒ် လေးကြောင်းမြောက်မှာ ‘ဗျောက်’ လို့
မှားသုံးထားတာကလွဲပြီး တစ်ပုဒ်လုံး ‘ဗြောက်’ ပဲ သုံးထားပါတယ်။
ဂျာနယ်တွေကလည်း စာလုံးပေါင်း သတ်ပုံ မှားရိုက်တတ်တာ သိထားသမို့
ဒီဂဇက်က ‘သတ်ပုံကျမ်း’ မှာလည်း စစ်ဆေးကြည့်ပြီးပါပြီ။ ‘ဗြောက်’ ကလေးတစ်ချက် click နှိပ်လိုက်တာနဲ့ စာလုံးပေါင်းမှန်မမှန် တန်းတွေ့နိုင်တဲ့ အရမ်းကောင်းတဲ့
စနစ်သစ်နဲ့ ‘သတ်ပုံကျမ်းအသစ်’ ဖြစ်နေပါပြီ။
၂၈ ရက်နေ့ကမှ Template အသစ်ပြင်ထားတာပါ။ vote လုပ်လို့ရလို့ ဦးဆုံးပဲ
vote လုပ်ခဲ့ပြီ။
ဒီဂဇက်မှ ” စာရေးကောင်းသူ ပညာရှင်များ ” မြန်မာစာသတ်ပုံ လွယ်ကူမှန်ကန်စွာ
စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
မေတ္တာမွန်ဖြင့်
ကိုပေါက်(မန္တလေး)
October 29, 2012 at 2:23 pm
ကျေးဇူးပါခင်ဗျာ
အလွယ်တကူဘဲ ဗျောက်လို့ရေးမိလိုက်ပါ၏။
ဗြောက်လို့ရေးထုံးကို သတိမထားမိလိုက်ပါ။
နောင်ရေးလျှင်ပြင်ရေးပါမည်။
လေးပေါက် မူရင်းက ဆောင်းပါး ဝတ္တု ကဗျာ အစုံရေးရင်းနဲ့ ရွာထဲမှာလူသိလာခဲ့တာပါ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေးက ဆောင်းပါး
ကိုပေါက်လက်ဆောင် အတွေးစဉ်က ကဗျာ
ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေးက ဝတ္တု အဲလိုနဲ့ရွာသားအဖြစ်ခံယူရင်း
ကင်မရာလေးတစ်လုံးလက်ထဲရောက်တဲ့အချိန် ခရီးတွေလဲဆက်တိုက်ထွက်ဖြစ်ရာကနေ
ကိုပေါက်လမ်းသလားနေသည် ဖိုတိုအက်ဆေး
ကိုပေါက်လက်ဆောင် အမြင်ဒေါင့်စောင်းစောင်းလေး
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
အခုတော့
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများနဲ့ ဓါတ်ပုံခလုပ်နှိပ်သူဖြစ်သွားပါလေရော.
မူရင်းဝါသနာကတော့ စာရေးစာဖတ်ပါခင်ဗျာ
အခုလိုရှင်းပြခွင့်ရတာလေးကို ဝမ်းသာပါ၏
ကိုခင်ခ
October 29, 2012 at 4:53 pm
မူရင်းဝါသနာက စာရေးစာဖတ်မို့ ကဲ ကိုပေါက်ရေ ဆက်သာရေးပေတော့ဗျာ။
စာဖတ်ပရိတ်သတ်ကလည်း တောင်းဆိုရအောင် ကောင်းသကိုး။
kai
October 30, 2012 at 1:28 am
ယူအက်စ်.. နယူယောက်ပဲဆိုပါစို့..
အဲဒီမြို့လည်လမ်းမှာ.. အခုလို.. “ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ ဗြောက်ဖေါက်ကြည့်ရင်.. ဘာဖြစ်မလည်း တွေးမိတယ်..။
အုန်းဆိုတာနဲ့.. လန့်တတ်တဲ့သူတွေက.. ထခုန်မယ်..။
.. အော်ဆဲမယ်..။
တချို့ကတော့ ..လက်တွေ့ကျကျ.. ဗြောက်ဖေါက်သူကို.. သွားရန်ရှာမယ်သေချာမိတယ်..။
ဒေါသကြီးတဲ့သူက.. လက်လွန်ပြီး.. သေနတ်နဲ့ထုတ်ပစ်.. သတ်ချင်သတ်မပေါ့..။
.. နောက်တမျိုးက.. “ဒုန်းကနဲဒိုင်းကနဲ့ဆိုတာနဲ့”.. “ဘုန်း”ဆို.. ရောက်တဲ့နေရာ.. ပစ်လှဲချမယ့်အမျိုး..။
ရင်ဘတ်ကလေး”ဖိ”..” နှလုံးကထိ”သွားပါတယ်ဆိုပြီး.. အရေးပေါ်ကားခေါ်မယ့်သူတွေပေါ့..။ အသက်ကြီးကြီး ဘွားဘွားသာအဲလိုလုပ်ရင်.. ဗြောက်ဖေါက်သူခမြာသေပြီဆရာပဲ..။
ဆေးဖိုးဝါးခက.. လျှော်လို့တောင်ဆုံးမယ်မထင်…။
အနည်းဆုံးတော့..ဘွားဘွားတို့ခမြာ… သူ့ခန္တာကိုယ်ကို.. အခမဲ့ဆေးစစ်ခွင့်ရသွားမှာသေချာပါတယ်…။
ကဲ…
မြန်မာပြည်သားများ.. အတုယူနိုင်ကြပါကြောင်း..
.. ပိုက်ဆံတောင်းစားနေရရှာတဲ့..သက်ကြီးရွယ်အိုဖွားဖွားများကို.. ပစ်လှဲချဖို့.. တိုက်တွန်းပြီး.. လုပ်ခိုင်းစေလိုကြောင်း..။
:kwi: