အို… မေမေ…
ခြေတလုံးအိမ်တိုင်ဘဝနှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို
အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း က
ျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။
လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့
ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ
ဟောင်ကောင်၊ နယူးယောက်ခ်မှ ဝါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။
နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက
ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည်
ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။
အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊
ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ
ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း
ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။
မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့
အဝတ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင်
မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု
စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။
မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို
မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း
ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို
ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘဝအကြောင်းများကို ထပ်သလဲလဲ
ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘဝနှင့်
အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည်
တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊
ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင်
မှာစားရန်ပြောသောအခါအပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည်
“ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင်
စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။
ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။
ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်
ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော်
အသုံးမဝင်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင်
အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား”
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။
“ငါ အိုသွားတဲ့အခါ”ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
“ငါ အိုသွားတဲ့အခါ”
ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင်
ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။
ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘဝ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘဝနောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အဝတ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။
ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမဝင်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။
ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘဝတူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို
တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း…….
မျှဝေခံစားနိုင်ကြပါစေရန်…
REF: FWD mail of a seafarer
18 comments
pooch
October 28, 2012 at 1:44 pm
ကျမလည်း အမေနဲ့ အစေးမကပ် ငြင်းခုံရတဲ့ အခါတိုင်း လိုအပ်တာထက် ပိုပြီး စကားမကြမ်းဖို့ အသံမကျယ်ဖို့ ခုနောက်ပိုင်းမှာ ပိုဂရုစိုက်ဖြစ်ပါတယ် ။
ဒီနှစ်ထဲ အမေ အသဲအသန်နေမကောင်းဖြစ်ပြီးတဲ့ အခါကျမှ သေဘောပေါက်သွားတယ်။ အမေက ကျမဘဝမှာ ဘယ်လောက်ထိ အရေးပါ တန်ဖိုးရှိတယ် ဆိုတာ။ အမေရှိနေတုန်း ကျမဘေးနားမှာ နေပေးနိုင်တုန်း နောင်တမရအောင် အမေ့ကို တတ်နိုင်သမျှ စိတ်ရှည်ဖို့ ဂရုစိုက်ဖို့ အသိဝင်လာတယ်။ အရင်ကတော့ အတူနေနေကြမို့ မေ့လျော့နေခဲ့တာ။
ကိုရင်စည်သူ
October 28, 2012 at 1:56 pm
ရတနာပုံအန်တီပုစ်ရေ… ပထမဆုံး ကွန့်မန့်အတွက် ကျေးဇူးပါဗျာ..
ဒီမနက် အမေ့ကို သတိရလို့ ဖုန်းဆက်ပြီး အသံကြားရတော့ စိတ်ထဲ
မကောင်းတုန်း ဒီစာကိုဖတ်ပြီး ခံစားရလို့ ပြန်တင်လိုက်တာပါဗျာ…
ဒါနဲ့ စကားအတင်းစပ်ရင်… သင်္ဘောသီးကတော်နဲ့ ကတော်လောင်းများ
အပျင်းပြေကြည့်ဖို့ သင်္ဘောပေါ်က Ganang Style ဗီဒီယို ဟာသကို ကြည့်စေချင်ပါတယ်..
လင့်ခ်ကတော့…
http://www.youtube.com/watch?v=0zul6aIa1eI&feature=youtu.be
:kwi:
pooch
October 28, 2012 at 2:37 pm
ဟာသပဲ ကရင်စည်ရော မပါဘူးလား အဲ့ဒီ movie ထဲ ။ 😀
ထောင်သားတွေ ကတာရော တီးလုံးမပါပဲ ပါးစပ်ကနေ တီးလုံးတီးပြီး ဆိုသွားတဲ့ movie တွေလည်း ကြည့်လို့ကောင်းတယ် ။ အဲ့ဒီ သီချင်းပေါက်ချက်ကတော့ ကမ်းကို ကုန်ရောပဲ ။ ခုတောင် အနောက်က ကမာ္ဘကျော် တက္ကသိုလ်က သူ့ကို ဖိတ်တယ် ဆိုလားပဲ ။( နာမည်မေ့နေလို့) ဟားဗတ်ထင်တာပဲ ( မသေချာ)
သူက အာရှမှာ ပထမဆုံး ဖိတ်ကြားခံရသူတဲ့ ။ ဆိုတော့ အာရှသားတွေထဲ ကိုးရီးယားတွေ က အနုပညာမှာ စွာလာတယ် ခုနောက်ပိုင်း ။
တရုတ်တောင် ဂျပန်တို့( Ak4B8 အဖွဲ့လို) ကိုရီးယားက အဖွဲ့တွေကို အားကျလို့ ခုရက်ပိုင်း girl band တခု ဖွဲ့တယ် ဖတ်လိုက်ရတယ်။
surmi
October 28, 2012 at 1:50 pm
ကျုပ်လည်းကူးထားလိုက်ပြီ ။ကျေးဇူးပဲကိုရင်စည်ရေ
အခုတော ့ကျုပ်ဖတ်ပြီးအမေ ့ကိုသတိယပေါ ့
နောင် နှစ်သုံးဆယ်ကျော်ရင် ကျုပ်သားသမီးတွေဖတ်ပြီး ……….
ကျုပ်ကိုသတိယမလား ? ဟား ကြမလား?
မတွေးရဲဘူး ကိုရင်စည်ရေ ……….
ကိုရင်စည်သူ
October 28, 2012 at 2:08 pm
အူးဆာမိ.. ပြောဒေါ့ လူပြိုကြီးဆို… အခုတော့..
သားသမီးတွေပါ ပေါ်လာပီ… :kwi:
ကိုရင်ကတော့ အတ္တကြီးနေလားမသိဘူး.. အဖေထက်
အမေ့ကို ပိုပြီး သံယောဇဉ်ရှိပြီး ချစ်တာအမှန်ပဲဗျို့..။
ကိုရင် လွန်ခဲ့တဲ့ ၆ နှစ်လောက်က မိုက်သမျှ ဆိုးသမျှကို
အမေပဲ စိတ်ပင်ပန်းခံ လိုက်ရှင်းပေးလို့များလား မသိဘူး.. 🙄
မောင်ပေ
October 28, 2012 at 2:30 pm
ကိုရင်ရေ.. တိုက်တိုက်ဆိုင်ဆိုင်ဗျာ
ဒီနေ ့မှ ၊ ကျုပ်ရဲ ့ မာတာမိခင်ကြီးကို ရှိခိုးဦးချကန်တော့ပြီးတဲ့နောက် ၊ သီတင်းကျွတ်မုန် ့ဖိုးတောင်းလာခဲ့တာဗျ
ဟီဟိ
ကိုရင်စည်သူ
October 28, 2012 at 2:40 pm
ဟုတ်ပ.. အူးပေ.. ဟုတ်ပ.. ခုချိန်ခါ သီတင်းကျွတ်ပဲဗျ…
အူးပေ အမေပေးတဲ့ ဖြူစင်တဲ့ မုန့်ဖို့နဲ့ ဒီည ချဲလ်ဆီးဘက်က
ရင်းပြီး ပွားလိုက်ပါလား.. အဟီးးး :kwi:
Hnin Hnin
October 28, 2012 at 2:42 pm
ဟိုနေ့ကတည်းက ပုပု ဆီမှာ မန့်ပြီးကတည်းက ‘အို..မေမေ’ လို့ ခေါင်းစဉ်တပ်
ရေးချင်တဲ့အထိ ဖြစ်မိခဲ့တာ…ဒီနေ့တော့ ဖတ်လိုက်ရပြီ….အမေအကြောင်းတွေ
ဖတ်ရရင် မခံစားနိုင်ဘူး….ကျန်နေသေးတဲ့ အဖေနဲ့ကလည်း ဝေးတစ်လှည့်၊ နီးတစ်
လှည့်….နီးနေရင်လည်း လိုအပ်ချက်တွေ ရှိနေသေးတယ်….ခုထိ ပြည့်ပြည့်ဝဝ ဂရုစိုက်
မပေးနိုင်သေးဘူး…အမေရှိသူများကို အမြဲအားကျမိပါတယ်….အဖေရှိသေးတာလည်း
မိဘနှစ်ပါးလုံး မရှိသူများထက် ကံကောင်းတယ်လို့ မှတ်ယူထားပါတယ်…
may flowers
October 28, 2012 at 6:32 pm
ဖတ်ပြီးရင်ထဲနင့်နေအောင်ခံစားရတယ်။ ကျွန်မလည်းတစ်ခါတစ်ခါ အမေ့ကိုစိတ်ထဲမတွေ့ရင်..အယူ
အဆခြင်းမတူရင် နှုတ်လှန်ပြန်ပြောဖူးတယ် မျက်နှာလေးငယ်ပြီးတွေဝေသွားတတ်တဲ့အမေ……..။
ကိုယ်ကိုတိုင် အသက်အရွယ်ကြီးလာပြီး ကိုယ့်ရဲ့သား၊သမီးတွေရဲ့
အငြိုအငြင်ကိုခံရရင်ကော………………..
တွေးရင်နဲ့တောင် သက်ပြင်းချနေမိတာ အခါခါ…………………..။
ဒီဆောင်းပါးလေးကို ကူးယူခံစားခွင့်ပြုပါ ကိုရင်စည်သူရေ။
padonmar
October 28, 2012 at 10:58 pm
ကိုရင့်ကိုယ်ပိုင်ခံစားချက်များလား၊ဟုတ်သေးပါဘူးလေ၊ရေထဲရောက်တာ အနှစ်၂ဝ ဆိုတော့ ကရင်စည် ဒီလောက် အသက်မရှိသေးပါဘူး။အမေကလည်း ၇၅ နှစ်တဲ့။အဲသဟာလို တွေးနေမိရင်း အောက်က
FWD mail of a seafarer
တွေ့မှ ……….
အရီးခင်လတ်
October 29, 2012 at 12:33 am
ဟုတ်ပတော်။
မောင်စည် ရယ်။
မျက်စိတောင်လည်သွားတယ်။
စာကိုဖတ်ပြီး တော့
ကိုယ်ကြီးလာချိန်မှာ အဲဒီလို သားသမီး ကို ကိုယ့်ကို ပြန်ကြည့်ဖို့ ဂရုစိုက်ဖို့ ပြောမနေချင်ဘူး။
သူတို့ မအားတာကို နားလည်ပေးနိုင်တဲ့ အမေဘဲ ဖြစ်ချင်တယ်။
ကိုယ့်ဟာကိုယ်ရပ်တည် နေနိုင်တဲ့ သူဘဲ ဖြစ်ချင်တယ်။
မတူတဲ့အမြင်လို့ လွဲချပြီ။ 😆
ကိုရင်စည်သူ
October 29, 2012 at 11:30 am
အန်တီပဒုမ္မာနဲ့ အရီးလတ်တို့ကတော့ ခေတ်နဲ့ အညီအမြင်သစ်ရှိတဲ့
အရီးတွေမို့… သားသမီးတွေနဲ့ လိုက်လျောညီထွေဖြစ်နေမယ်လို့
ထင်မိပါတယ်။ အရီးလတ်ပုံကို မီဂီ့ ဓါတ်ပုံထဲမှာ ပြဖူးလို့တော့..
တော်တော်သဘောကောင်းပြီး နားလည်မှူရှိမယ့် ရုပ်လက္ခဏာတွေ့ရပါတယ်..။ 🙂
အရီးတို့ သားသမီးတွေ မိဘရကံကောင်းတယ်လို့ မှတ်လိုက်ပါတယ်နော့…
အရီးခင်လတ်
October 29, 2012 at 7:02 pm
အိုး အို
” တော်တော်သဘောကောင်းပြီး နားလည်မှူရှိမယ့် ရုပ်လက္ခဏာတွေ့ရပါတယ်” ဆိုလို့ ကျေးဇူးပါရှင် ကိုရင်စည်လေးရေ။။ 😉
သို့ပေမဲ့ ပြောရရင်
အရီး ရဲ့ အဲဒီ ပုံက အပြင်မှာလို ဟုတ်ဘူး။
အတော်လေး ကြည့်မကောင်းဖြစ်တယ်။
ဘေးက အတော်ရုပ်ဆိုး တဲ့ ဂျပန် မှင်စာလေး အရှိန်ဟပ်နေတာ ကြောင့်ပေါ့အေ။
တောက်စ် (စီအာ – ဂဂ) 👿
အဲ့ မှင်စာလေး
စိတ်ထိခိုက်သွားနဲ့ဦး။
နောက်တာ။
တော်ကြာ ငိုချင်းချလို့ မဆုံးဘဲ နေဦးမယ်။ 😆
မမလေး
October 28, 2012 at 11:48 pm
ကျောင်းမှာ ကောင်မလေးတစ်ယောက်ရဲ့ အမေက ဆုံးသွားတာ ၂ လလောက်ရှိမယ်ထင်တယ် …
ကျောင်းဆရာက အမေအကြောင်းပြောတော့ သူမကငိုရော … ဆရာက မငိုနဲ့ တစ်ခါပြောတစ်ခါငို ၁ဝ ခါပြော၁ဝ ခါငိုလို့ဘယ်ဖြစ်မလဲ မငိုနဲ့ … ဒီလောက်ကြီး လိုက်ခံစားနေလို့မရဘူးတဲ့ …
အဲ့ဒါနဲ့မနေနိုင်လို့ နည်းနည်းလေး နှုတ်လှန်ထိုးမိလိုက်တယ် …
ဆရာကလည်း ၁ခါငိုပြီးမေ့သွားရအောင် … ဒီအကြောင်းအရာက ပေါ့သေးသေးမဟုတ်ဘူး အကြီးကြီးလို့ …
ကထူးဆန်း
October 29, 2012 at 7:52 am
ဖတ်ရွေး ဒီလ အတွက် တော့ ယှဉ်စရာ တစ်ပုဒ်ရပြီဆိုပြီး ပျော်သွားတာ ..
အောက်ကျမှ FWD mail of a seafarer ဆိုတော့ ထည့်လိုရပြန်ဘူး …..
တစ်ခါတစ်လေ ကျ သဘောင်္သီးတွေ က သိပ်အေးတဲ့ ကမာ္ဘ တစ်ဘက်ရောက်ချိန် ..ပူနေတဲ့ မြန်မာပြည်နွေရာသီမှာ ရှိနေတဲ့ အမေ က “သားရေ .. ပူတယ် ဆိုပြီး အကျီချွှတ်မထားနဲ့ နော်တဲ့”
အဲ့ဒီလိုဘဲ ဆောင်းရာသီမြန်မာပြည်မှာ အေးတဲ့ အချိန်၊ ပူလောင်လှတဲ့ အာရပ်ကမ္ဘာရောက်နေတဲ့ သားကို “အအေးမပါတ်အောင် အကျီင်္ထူထူ ဝတ်ထားနော်တဲ့”
ဟာသမဟုတ် တကယ့် အဖြစ်အပျက်ပါ ..
အမေ တွေ သားသမီးတွေ အပေါ် ထားတဲ့ စေတနာတွေ ..
ရွှေ ကြည်
October 29, 2012 at 11:24 am
အသက်အရွယ်နဲ့လိုက်ပြီးအတွေးအခေါ်တွေပြောင်း ခေတ်တွေကလည်းပြောင်းကုန်တာကိုး..။
ဒါကြောင့် မိဘနဲ့သားသမီး အသက်အရမ်းကွာလွန်းရင်ကြီးလာရင်မကောင်းဘူးဆိုတာမှန်တယ်..။
မိဘနဲ့သားသမီး အပြန်အလှန်မေတ္တာနဲ့အေးချမ်းနိုင်ကြပါစေလို့..။
ရွှေကြည်ကတော့ အမေ့ကို ချစ်တယ် ချစ်လို့လည်းသိပ်မပြောဖြစ်ဘူး သူ့အတွက်အန္တရယ်ရှိနိုင်တာကလွဲလို့..။
အဖေနဲ့တော့ တခါဖြစ်ပြီးပြီ ခြံထဲကငှက်ပျောပင်တွေက အရမ်းသန်လွန်းတဲ့အခါ ငှက်ပျောခိုင်ကလည်းအဖီးတွေအများကြီးမို့ အခိုင်ကို လှေကားထောင်တက်ပြီးအရင်ခုတ် ကြိုးနဲ့ချပြီးမှ
အပင်ကိုခုတ်ရတာ အဲဒါ တခါသား အဖေကိုယ်တိုင်တက်ခုတ်လို့ (အဖေက အသက် 68 အရွယ်လောက်ကပေါ့) စိတ်ပူပြီးအော်ဖူးတယ် ငှက်ပျောပင်ပင်စည်ကချောနေတာလေ ထိန်းနိုင်မှဖြစ်မှာ
အဲဒါအဖေကငါကအဖေပါလို့ပြောတယ် အဲဒါနဲ့ ကိုယ့်အဖေမို့လို့ပြောတာသူများအဖေဆိုဘာဖြစ်ဖြစ်လို့ပြောပစ်လိုက်တယ် အဲတော့မှပဲရတော့တယ်။
ပန်းစံပါယ်
October 29, 2012 at 2:44 pm
မိခင်အကြောင်းကိုပြောမယ်ဆို အားလုံးနီးပါး ပြောလို့ကုန်မယ်မထင်ပါဘူး။ အဲဒီဖြတ်ပိုင်းလေးကို ဖတ်ဖူးလျက်နဲ့လည်း အခုထပ်ဖတ်ပြန်တော့ မျက်ရည်လည်ချင်သလိုလိုပဲ ဝမ်းနည်းမိတယ်။ အိမ်ပြန်ရောက်ရောက်ချင်း မေမေ့ကို မတွေ့ရရင် တစ်မျိုးကြီးပဲ။ မေမေစိတ်ချမ်းသာဖို့ကို ဦးစားပေးတော့ ကိုယ်တတ်နိုင်သလောက် ကြိုးစားပါတယ်။ အရင်ကတော့ တခါတလေတော့လည်း…. ဆိုသလိုပေါ့ ပြောမိသွားတာရှိတယ်ပေါ့။ အခုတော့ အတတ်နိုင်ဆုံး သတိထား ဆင်ခြင်မိပါတယ်။
candle .
October 29, 2012 at 8:47 pm
မိဘ တွေလည်း တစ်ချိန်က သားသမီး တွေဖြစ်ခဲ့ကြသလို….
သားသမီး တွေကလည်း တစ်ချိန်မှာ မိဘ တွေပြန်ဖြစ်ကြမှာမို ့….
သတိ တရားလေးနဲ ့ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ…
ဦးစည် ရှင့်….
ပိုစ့်ကိုလေးလေးနက်နက်အားပေးသွားပါကြောင်း….