Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထူးခြားတဲ့ မြန်မာအမျိုးသမီး

manawphyulayJuly 13, 20101min2792

လူထုဦးစိန်ဝင်း၏ရေးသားချက်

အမျိုးသမီး ထုတ်ဝေသူ များရဲ့ စာအုပ် ရောင်းပွဲ တစ်ခု ကျင်းပမယ် ဆိုတဲ့
သတင်း တစ်ပုဒ် ဂျာနယ်တွေ ထဲမှာ ဖတ်လိုက်မိတယ်။ ဒီသုံးလေး နှစ်အတွင်းမှာ
အမျိုးသမီး ထုတ်ဝေသူ တွေ ကြိုးစား ပမ်းစား လှုပ်ရှားတက်ကြွ နေကြတာ ကိုလည်း
သတိပြုမိတယ်။ အင်မတန်မှကို အားရဝမ်းသာ ဖြစ်ရပါတယ်။ နယူးစ်ဝိခ် မဂ္ဂဇင်း
ထုတ်ဝေသူ ကမ္ဘာကျော် သူဌေးမကြီး “ကက်သရင်း ဂရေဟမ်” လိုပဲ အောင်မြင်မှုတွေ
ရကြပါစေလို့ စိတ်ထဲမှာ အောက်မေ့ နေမိပါတယ်။

ထူးခြားတဲ့ မြန်မာအမျိုးသမီး

မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား
ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။
အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။
ဒုတိယ တန်းစား လူသတ္တဝါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့
မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင်
မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင်
ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက
အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။
တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့
ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ်
၁ဝနှစ်သမီး ရောက်တာနဲ့ ဂေရှားမယ် အဖြစ် ရောင်းစားခံရတဲ့ နိုင်ငံမျိုး
ရှိသလို၊ ယောက်ျား ရှာပေးစားပြီး ယောက်ျားအိမ်မှာ အခိုင်းအစေအဖြစ် နေရတဲ့
နိုင်ငံမျိုးတွေလည်းရှိပါတယ်။

သော့ကိုင်အမျိုးသမီး

မြန်မာ အမျိုးသမီးများကတော့ ရှေးပဝေသဏီ ကတည်းက အိမ်ထောင်စုရဲ့ အရေးပါတဲ့
“သော့ကိုင်” နေရာကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ယောက်ျားက ရသမျှ ငွေကို
မိန်းမလက်ထဲ ထည့်လိုက်တာပါ။ မိန်းမကပဲ တစ်အိမ်ထောင်လုံးရဲ့ စားဝတ်နေရေး၊
သာရေးနာရေး၊ ရပ်ရေးရွာရေး အဖုံဖုံကို သင့်သလို စီမံခန့်ခွဲ သွားကြရပါတယ်။
တချို့ အမျိုးသမီးများ ကျတော့ ယောက်ျားတွေနဲ့ “ဒိုးတူပေါင်ဖက်”
စီးပွားရှာတဲ့ အလုပ်တွေ လုပ်ကြပါတယ်။ မြို့ဖြစ်စေ၊ တောဖြစ်စေ ဈေးသည်
မှန်သမျှ ဟင်းရွက်ကန်စွန်းက အစ အထည်အလိပ် အလယ်၊ ရွှေထည် စိန်ထည်အဆုံး
အမျိုးသမီးများချည်း ဖြစ်ပါတယ်။ ဒီနေ့ ခေတ်တိုင်လည်း ဈေးသည် အများစုဟာ
အမျိုးသမီးတွေပါပဲ။ ဒါတင်မကသေးပါဘူး။ ရှေးပဒေသရာဇ်ခေတ်တွေမှာ ကတည်းက
အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံတွေမှာပါ အမျိုးသမီးတွေ ပညာသင်ကြား
ခွင့်မရလို့ ဘယ်မိန်းမမှ စာမတတ်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ရပ်တိုင်း
ရွာတိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ သားသမီးတွေ လွှတ်ပြီး
“ဩကာသနဲ့ နမက္ကာရ” ကစပြီး “နောဧကနောနဲ့ နဝဒွေး”အထိ သင်ကြားတဲ့ ဓလေ့
စရိုက်ရှိတာကြောင့် တောခေါင်ခေါင်က အမယ်ကြီးအိုတွေတောင် နှစ်စောင်တွဲ
စာအုပ်လောက်ကတော့ ဖတ်တတ်တာ ချည်းပါပဲ။

အယူအဆမှားတာတွေ

အဲဒီ ရှေးအစဉ်အလာတွေ အတိုင်း ဒီခေတ် အမျိုးသမီးများ စီးပွားရေး
လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ရှေ့တန်းက ဆောင် ရွက်နေကြ တာများ ကြားသိ
မြင်တွေ့ရတိုင်း ဝမ်းသာ ဂုဏ်ယူ နေမိပါတယ်။ ဒါပေမယ့်လို့
နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက် ကောလိပ်ကျောင်းသား အရွယ် လူငယ်၊
လုံမငယ်တွေကို အင်္ဂလိပ်စကား သင်ကြားတဲ့ ဆရာ လုပ်လာခဲ့ရာမှာ
တချို့တချို့သော ရှေးရိုး အစဉ်အလာ ဟောင်းများရဲ့ ဖိစီးမှုအောက်က
ယောက်ျားလေး တွေရော မိန်းကလေး တွေပါ မလွတ် မကျွတ်နိုင်ကြ သေးတာတွေကို
တွေ့မြင်ရပါတယ်။ အဲဒါကတော့ “ယောက်ျားဆိုတာ အိမ်ဦးနတ်”ဆိုတဲ့ အစဉ်အလာနဲ့
“ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ အယူအဆ အမှားများ ဖြစ်တယ်။

အိမ်ဦးနတ်

အယူအဆဟာ ဟိုရှေး ကျောက်ခေတ် ကာလ ယောက်ျားတွေ တောလိုက် မုဆိုးလုပ်ပြီး
ရှာဖွေ ကျွေးမွေးတာကို တစ်အိမ်ထောင်လုံး မျှော်ကိုး စားသောက် နေရတဲ့
ခေတ်နဲ့တော့ ကိုက်ညီမှာပါ။ ဒီခေတ်လို အိမ်မှာ ရှိသမျှ အဖေရော အမေရော၊
သားသမီးတွေပါ အိမ်ရှိ လူကုန်ထွက် အလုပ်လုပ်တဲ့ ခေတ်နဲ့တော့
မအပ်စပ်တော့ပါဘူး။ နေကုန် နေခန်း အားလုံးပဲ ပင်ပင်ပန်းပန်း အလုပ်
လုပ်ခဲ့ကြ ရတာ မဟုတ်လား။ အိမ်ရဲ့ နိစ္စဓူဝ တာဝန် မှန်သမျှကိုလည်း အိမ်သား
အားလုံး ခွဲဝေ တာဝန် ယူကြရမှာပေါ့။ ဒါမှ မိသားစု အချင်းချင်း
ချစ်ခင်ကြင်နာရာ ရောက်မှာပါ။ ဒါပေမယ့်လို့ အိမ်ထောင်စု
တော်တော်များများမှာ အဲဒီလို သဘောထားပြီး ကျင့်သုံး လုပ်ဆောင်တာ တော်တော်
နည်းပါးတာ တွေ့ရပါတယ်။ ခေတ်ပညာတတ် တွေသာ ဖြစ်ပေမယ့် ရှေးရိုး အယူအဆ
များကိုတော့ မစွန့်နိုင်ကြပါဘူး။

မိန်းမတစ်ယောက်ရဲ့အလုပ်

မိသားစုတစ်ခုကိုပဲ နမူနာ ထားပြောပါမယ်။ မနက် စောစော ငါးနာရီ လောက်ဆို
အိမ်ရှင်မက အိပ်ရာထရပါပြီ။ စောရင်သာ စောမယ်။ နောက်ကျလို့တော့ မဖြစ်ပါဘူး။
မျက်နှာလေး ကမန်းကတန်း သစ်ပြီး ဈေးကို ပြေးရပါတယ်။ ဈေးက ပြန်ရောက်တာနဲ့
ယောက်ျားနဲ့ သားသမီးများ အိပ်ရာက နိုးရင် စားသောက်ဖို့ မနက်စာ
ပြင်ရပါတယ်။ အဲဒီ အချိန်အထိ ယောက်ျားက အိပ်ရာ မထသေးပါဘူး။ မိန်းမကတော့
မနက်စာပြင်ပြီးတာနဲ့ မီးမွှေးရ၊ ထမင်းအိုး တည်ရ လုပ်ပါတယ်။ မီးမွှေးရင်းပဲ
မနက်စာကို အမြန် ပြီးစေလိုက်ရပါတယ်။ ထမင်းအိုးတည် ပြီးတာနဲ့
ဟင်းအိုးဆက်ပြင် ရပါတယ်။ ဒါမှ ကလေးတွေ ကျောင်းသွား အမီ၊ လူကြီးတွေ
ရုံးသွား အမီ ထမင်းချိုင့် အသင့် ဖြစ်နိုင်တာပါ။ မိန်းမ
ထမင်းအိုးငှဲ့ပြီး ဟင်းအိုး မီးဖိုပေါ် ရောက်ချိန်ကျမှ ယောက်ျားက
အိပ်ရာထပါတယ်။ မျက်နှာသစ် ပြီးတာနဲ့ လက်ဖက် ရည်စားပွဲမှာ ထိုင်ပြီး
စားသောက်ပါမယ်။ ပြီးတော့ အိမ်ရှေ့ခန်းမှာ ဂျာနယ် ထိုင်ဖတ်ရင်ဖတ်၊
တီဗီထိုင် ကြည့်ရင် ကြည့်ပေါ့။ မိန်းမက ရေမိုးချိုးပြီးလို့
ထမင်းချိုင့်ပြင်သံကြားမှ သူက ရေထ ချိုးပါတယ်။ နောက်ဆုံး မိန်းမ
အသင့်တည်တဲ့ ထမင်းချိုင့်လေး ဆွဲပြီး ရုံးသွားပါတယ်။ မိန်းမ
ဈေးသွားနေခိုက်မှာ ရေနွေးအိုးလေး ဖြစ်စေ၊ ထမင်းအိုးလေး ဖြစ်စေ
တည်ထားပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက်များ တွေ့ဖူးပါသလဲ။

ဘာသိဘာသာ ယောက်ျားသား

ညနေကျတော့လည်း မိန်းမကသာ ရုံးဆင်းတာနဲ့ သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ပြန်တာ။
အိမ်ပြန်တာတောင် ဖြောင့်ဖြောင့် ပြန်တာ မဟုတ်ဘူး။ ရုံးနားဝန်းကျင်မှာ
ရောင်းလေ့ ရှိတဲ့ ဈေးသည်တွေဆီက ဝယ်ရ ခြမ်းရ သေးတာ။ ဒါမှမဟုတ်လည်း
ကလေးကျောင်း ကြိုတာ ဖြစ်ဖြစ် လုပ်ရသေးတာ။ အိမ်ပြန် ရောက်တာနဲ့ ရုံးက
ပါလာတဲ့ ခြင်းကလေးချပြီး ချက်ရေး ပြုတ်ရေး လုပ်ရတော့တာပါ။ ယောက်ျား
တွေကတော့ အိမ်ကို တန်းတန်းမတ်မတ် ပြန်ခဲပါတယ်။ မိတ်ဆွေတွေနဲ့
လက်ဖက်ရည်ဆိုင် ထိုင်တာ၊ အရက်ဆိုင် ဝင်တာ၊ ဒါမှမဟုတ် ဘောလုံးပွဲ
သွားတာဆိုတာ မျိုးတွေ လုပ်လေ့ ရှိပြီး နေဝင်မိုးချုပ်မှပဲ အိမ်ရောက်ကြတာ
များပါတယ်။ အိမ်ရောက်ရင် ရေမိုးချိုးပြီး မိန်းမ အသင့် ပြင်ထားတဲ့
ထမင်းဝိုင်း ဝင်ထိုင်။ ပြီးတော့ တီဗီရှေ့ရောက်၊ ဒါမှမဟုတ် စာတစ်အုပ်နဲ့
ဘာသိဘာသာ နေလိုက်ပါတော့တယ်။ မိန်းမဖြစ်သူကတော့ တစ်အိမ်လုံး
စားသောက်ထားတာတွေ ရှင်းလင်း ဆေးကြောပြီးမှ ရေမိုးချိုး ရပါတယ်။
ရေချိုးပြီးလို့ တီဗီရှေ့ အေးအေးဆေးဆေး ထိုင်ရပြီ မထင်နဲ့။ ကျောင်းသားတွေ
ကျောင်းဝတ်ဖို့၊ ရုံးသမားတွေ ရုံးဝတ်ဖို့ မီးပူ တိုက်ရသေးတာ။ မီးပူ
တိုက်ရင်း ကလေးတွေ စာသင်ဖို့ လိုရင် သင်ရပါသေးတယ်။

လင်ယောက်ျားအခွင့်အရေးလား

အိမ်မှုကိစ္စများကို ယောက်ျားတွေ မလုပ်ရဘူးလို့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ
သင်မပေးလိုက်ပါဘူး။ ဒါပေမယ့် ယောက်ျားများ ကတော့ ဒါကိုပဲ“လင်ယောက်ျား
အခွင့်အရေး” အဖြစ် ကုလသမဂ္ဂက ပြဋ္ဌာန်း ပေးထားတယ်လို့ ယူဆ ထားကြတယ်
ထင်ပါရဲ့။ ဘယ်တော့မှ ကူလုပ်တယ် မရှိကြပါဘူး။ မိန်းမ နထိုင်မကောင်းဖြစ်တဲ့
အခါမျိုးမှာ မိန်းမရဲ့ အဝတ်အစား လျှော်ပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက်
တွေ့ဖူးပါသလဲ။ အိမ်ကို ကြမ်းမှန်မှန် တိုက်ပေးတဲ့ ယောက်ျားမျိုးကော
ရှိပါရဲ့လား။ ရှိတယ်ဆိုလည်း တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပါလိမ့်မယ်။
အများစုကတော့ အိမ်ဦးနတ်ဆိုပြီး အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီး
ထိုင်နေကြတာ ချည်းပါပဲ။ အိမ်ဦးနတ်ဆိုတာ အိမ်ထောင်စု အတွက် အဓိကငွေရှာသူ
(Bread Winner) ဖြစ်တယ်ဆိုရင် မိန်းမတွေက ငွေရှာပေးနေရင်
မိန်းမတွေကိုလည်း အိမ်ဦးနတ်လို့ မသတ်မှတ် သင့်ဘူးလား။

မိအေးနှစ်ခါနာ

အခုတော့ မိန်းမတွေဟာ အလုပ်တွေ ဘယ်လောက် လုပ်လုပ်၊ ငွေတွေ ဘယ်လောက်
ရှာရှာ၊ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ထိုင်နိုင်ဖို့ ဝေးစွ၊
အိမ်သာထဲတောင် စိတ်ဖြောင့်ဖြောင့် ဝင်နိုင် ရှာကြတာ မဟုတ်ပါဘူး။
အိမ်ရှင်မ၊ အိမ်ရှင်မလို့သာ ခေါ်နေကြတာ တကယ်တော့ ဒီခေတ်မိန်းမ များဟာ
အိမ်သာကိုတောင် ပိုင်စိုးနိုင်ခြင်း မရှိပါဘူး။ စကားလုံး ကြမ်းတာကို
ခွင့်လွှတ်ကြပါ။ ဒီခေတ် မိန်းမသားများဟာ တကယ်တော့ “ဂုဏ်ထူးဆောင်
အိမ်ဖော်မကြီး”တွေ သာသာပါပဲ။ အိမ်အကူတို့၊ အိမ်ဖော်တို့ကမှ
စားပြီးသောက်ပြီး လခ အသားတင် ရကြသေးတယ်။ အိမ်ရှင်မခေါ် အိမ်ဖော်တွေကတော့
လခတစ်ပြားမှ မရတဲ့ စေတနာ့ ဝန်ထမ်းမို့ “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး”လို့
ခေါ်လိုက်တာပါ။ သူတို့ ခမျာမှာ အိမ်ဖော်အလုပ် မှန်သမျှ သိမ်းကြုံး
လုပ်ရတဲ့ အတွက် ပိုက်ဆံ မရရုံသာမက ကိုယ်ကတောင် ပိုက်ဆံ ရှာပြီး
ပေးရပါသေးတယ်။ တကယ့်ကို မိအေး နှစ်ခါနာဘဝပါ။ ဒီဘဝက လွတ်မြောက်ဖို့
အတွက်ဆိုရင် ယောက်ျားတွေရဲ့ အတွေးအခေါ်တွေကို ပြုပြင်ရုံ တစ်ခုတည်းနဲ့
မရပါဘူး။ မိန်းမတွေပါ ပြုပြင်ဖို့ လိုပါတယ်။ တချို့ အမျိုးသမီးများက
မိအေးနှစ်ခါနာ ဖြစ်ရတာဟာ ကံမကောင်း အကြောင်း မလှလို့ မိန်းမ
ဖြစ်လာရခြင်းရဲ့ မရှောင် လွှဲနိုင်တဲ့ အဖြစ်ပဲလို့ သဘောပိုက်ပြီး
“ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး” အဖြစ်နေရတဲ့ ဘဝကိုပဲ ကျေကျေနပ်နပ်
လက်ခံနေကြပါတော့တယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က လက်ခံနေသရွေ့တော့
ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မိအေးနှစ်ခါနာ မဖြစ်ချင်ရင်
အမျိုးသမီးတွေ ကိုယ်တိုင် အတွေးအခေါ်တွေ ပြောင်းလဲပစ်ဖို့ လိုပါတယ်။

ယောက်ျားကောင်းရရေး

ဒီလို အမျိုးသမီး မိအေးနှစ်ခါ ဖြစ်ရတဲ့ အကြောင်း များစွာထဲမှာ ရှေးအစဉ်
အဆက်က လက်ကိုင်ပြုခဲ့ကြတဲ့ “ဗိုင်းကောင်းကျောက်ဖိ” အယူအဆလည်း အဓိကနေရာက
ပါမယ် ထင်ပါတယ်။ ရှေးပဝေသဏီကတော့ အထက်မှာ ရေးခဲ့သလိုပဲ အမျိုးသမီးတွေ
အိမ်ပြင် ထွက်ပြီး ပိုက်ဆံရှာဖို့ မလိုကြဘူးလေ။ ဒီတော့ အိမ်မှာပဲ နေပြီး
“အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ” နေကြရတာပေါ့။ အဲဒီခေတ် အခါကတော့
မိန်းမတိုင်း အဖို့ အရေးကြီးဆုံး လိုအပ်ချက်ဟာ တစ်သက်လုံး မှီခို
အားကိုးနိုင်တဲ့ “ယောက်ျားကောင်း” ရရှိရေး ဖြစ်တယ်။ ဒီတော့ ယောက်ျားများ
အကြိုက် အချက်အပြုတ်၊ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးစတဲ့ အိမ်တွင်းမှု
အလုပ်တွေ ကျွမ်းကျင် တတ်မြောက်ပြီး “စီးတဲ့ရေ ဆည်တဲ့ကန်သင်း”
လုပ်နိုင်ဖို့ လိုပါတယ်။သမီး မိန်းကလေးများကို အဲဒီ အရည်အချင်းတွေနဲ့
ပြည့်စုံအောင် မိခင်များက ရင်အုပ်မကွာ ထားပြီး သင်ကြားပေးကြပါတယ်။
အဲဒီလို အိမ်တွင်းမှု ပညာတွေသာမက သွားတာ လာတာ နေတာ ထိုင်တာ ပြောတာ ဆိုတာက
အစ လူတကာ ချီးမွမ်းလောက်အောင်ဖြစ်ဖို့ သွန်သင် ဆုံးမကြပါတယ်။
“ခြေတစ်လှမ်း ကုဋေတစ်သန်း” တို့၊ “ဗိုင်းကောင်း ကျောက်ဖိ”တို့၊
“ယောက်ျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်းဆံထုံး” တို့ဆိုတဲ့
စကားတွေဟာ အဲဒီခေတ်အခါက အမေတိုင်းရဲ့ လက်သုံးစကား ဖြစ်ပါတယ်။

ပြားပြားဝပ်စိတ်ဓာတ်

အခုတောင် တချို့အမေများက အဲဒီ အတိုင်း သမီးများကို သွန်သင်ဆုံးမတာတွေ
ရှိနေပါသေးတယ်။ အဲဒီတော့ ဘာဖြစ် လာသလဲ ဆိုတော့ မန္တလေးကို အလုပ်ပြောင်းရတာ
ကိုတစ်ယောက်တည်း မသွားရဲတဲ့ တက္ကသိုလ် ဆရာမ၊ စစ်တွေကို ပြောင်းရလို့
ဆိုပြီး အလုပ်က ထွက်လိုက်တဲ့ ဆရာဝန်မ၊ ရေလမ်းမို့ စိတ်မချလို့ ဆိုပြီး
အမေက မလွှတ်လို့ တစ်ကျောင်းလုံး သန်လျင် အပျော်ခရီးထွက်တာ မလိုက်ရတဲ့
တက္ကသိုလ် ကျောင်းသူ ဆိုတာမျိုးတွေ ကျောင်းဆရာလုပ်နေတုန်းက အများကြီး
တွေ့ခဲ့ရပါတယ်။ ယဉ်ကျေး နူးညံ့ သိမ်မွေ့တာ ကောင်းပါတယ်။ ဒါပေမယ့်
သိမ်မွေ့လွန်ပြီး လူတော မတိုးရဲတာကတော့ မကောင်းပါဘူး။ ဒီခေတ်ကြီးက
မိန်းကလေးတွေလည်း ဘတ်စ်ကားတိုးစီးပြီး ကျောင်းသွား အလုပ်သွားလုပ်ကြရတာ
မဟုတ်လား။ ခြေတစ်လှမ်း ကုဋေတစ်သန်း လုပ်နေလို့ ဘယ်ဖြစ်မှာလဲ။
ဗိုင်းကောင်းစေဖို့ ကျောက်ဖိတာဆိုပေမယ့် အဖိလွန်ရင်တော့
ပြားသွားပါလိမ့်မယ်။ ပြားပြားဝပ် စိတ်ဓာတ်မျိုးနဲ့ ကမ္ဘာကို
ရင်ဘောင်တန်းဖို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။

ကမ္ဘာတစ်ဝက်ရွက်ထားသူ

ကမ္ဘာကြီးရဲ့ လူဦးရေ ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့
လုပ်အား မပါဘဲနဲ့ ကမ္ဘာကြီးဟာ ပုံမှန် လည်ပတ် မနေနိုင်ပါဘူး။ “အားနွဲ့တဲ့
မိန်းမ သား” ဆိုတဲ့ စိတ်ဓာတ်ကို အမျိုးသမီးများကိုယ်တိုင်က ဖျောက်ပစ်ဖို့
လိုပါ တယ်။ အမျိုးသမီးတွေလည်း လပေါ်တက်နေတဲ့ ခေတ်မှာ မိန်းမဆိုတာ
ယောက်ျားတွေရဲ့ အလုပ်အကျွေး မဟုတ်တော့ပါဘူး။ ဒါကြောင့်
အိမ်ဖော်တစ်ယောက်လို ယောက်ျားတွေ အလိုကျ ပြုစုပေးဖို့ မလိုပါဘူး။
“မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးမြန်မာ စကားအတိုင်း တာဝန် မှန်သမျှ
ယောက်ျား မိန်းမအတူ ခွဲဝေ ထမ်းဆောင်ကြရမှာပါ။ ယောက်ျားတွေကလည်း “အိမ်ဦး
နတ်ကြီး” နေရာက နေပြီး ”ပေါ်ကြော့” နေချင်တဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်ဖို့
လိုပါတယ်။ အမျိုးသမီးတွေဟာ ကမ္ဘာတစ်ဝက်ကို ထမ်းရွက်ထားသူတွေ ဖြစ်တယ်ဆိုတဲ့
အချက်ကို မေ့မထားကြဖို့ လိုကြောင်း သတိပေး နှိုးဆော်လိုက်ပါတယ်။

လူထုစိန်ဝင်း

2 comments

  • etone

    July 14, 2010 at 3:29 am

    ရေးထားတဲ့ပို့စ်လေးကောင်းတယ် ။

  • narziparty2009

    July 29, 2010 at 12:05 pm

    တော်တော်ကောင်းတဲ.ပို.စ်လေးပါဗျာ။ကျွန်တော်လည်းအဲလိုပဲတွေးမိထားပါတယ်အိမ်ထောင်ကျခဲ.ရင်ပေါ.။ခက်တာကယောကျင်္ားတွေကလည်းအဲလိုနေရင်မယက(မယားကြောက်)တဲ.ကဲဘယ်လိုလုပ်မလဲ။ကောင်းပါတယ်ဆရာလူထုစိန်ဝင်းရေးထားတာတွေကအမှန်တွေပါပဲ။

Leave a Reply