နိုင်ငံရေးကို နကန်းတလုံးမသိသူများလေ့လာရန်

အောင် လOctober 28, 20121min2196

မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင် မွတ်စလင်များ၊ ဟိန္ဒူ ဘာသာဝင် အိန္ဒိယ လူမျိုးများ၊ ခရစ်ယာန် ဘာသာဝင် အနောက်တိုင်းသားများ ရောက်ရှိ နေထိုင်ခဲ့ကြသည်။  မိမိတို့ ယုံကြည်ရာ ဘာသာကို တိုင်းရင်းသား ပြည်သူတိုင်း ကိုးကွယ်နိုင်ခဲ့ကြသည်။ မင်းတုန်းမင်းကြီးသည် ဗုဒ္ဓ ပိဋကတ်တော်များကို ပဉ္စမသံဂါယနာ တင်ကာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ခဲ့သည်။ မင်းမှုထမ်း၊ သုံ့ပန်း၊ ကုန်သည် စသည့် ဘာသာကွဲ၊ လူမျိုးကွဲများကိုလာည်း စောင့်ရှောက်ခဲ့သည်။ အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုဆုတောင်း (ဟတ်ဂျ်) လုပ်သည့် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာ (အစ္စလာမ်ဘာသာ၊ တမန်တော် မိုဟာမက် မွေးဖွားရာ) တွင် ဝတ်ပြုသွားသော မွတ်စလင်များ တည်းခိုရန် ဒေါင်းစုရပ် အမည်ဖြင့် ဇရပ် (တည်းခိုဆောင်) လုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ ဗလီပေါင်း ၅၀၀ဝ ကျော်၊ ခရစ်ယာန်ဝတ်ပြုကျောင်း Church ၄၀၀ဝ ကျော်၊ ဟိန္ဒူဘုရားကျောင်း ၁၁၀ဝ ကျော်ရှိနေသည်။ ရန်ကုန်မြို့တော် ခန်းမရှေ့ယာဘက်တွင် မွတ်ဆလင်ဗလီနှင့် ဆူးလေးဘုရား၊ ဝဲဘက်တွင် ဘုရားကျောင်း နှင့် ဟိန္ဒူဘုရားကျောင်း ဘာသာကြီးလေးခု၏ ဘာသာရေး အဆောက်အအုံလေးခု ယှဉ်တွဲ တည်ရှိနေသည်။ ဤသည်မှာ ကမာ္ဘတွင် မြင်ရခဲသော မြင်ကွင်း (ဝါ) မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ကိုးကွယ်ခွင့် သင်္ကေတ ဖြစ်သည်။ ရံဖန်ရံခါ နိုင်ငံရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ သွေးထိုးပေးမှု၊ သွေးခွဲရန် တိုက်ပေးမှုများ ရှိသဖြင့်သာ မလိုလားအပ်သော ပဋိပက္ခမျိုး ဖြစ်ရတတ်သည်။ မြန်မာလူဦးရေ၏ ၉ဝ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်၍ မြန်မာနိုင်ငံ၌ စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များ လက်ညှိုးထိုးမလွဲ ရှိနေခြင်းကိုလည်း အခြားဘာသာဝင်များက မုဒိတာ ပွားနိုင်ကြပေသည်။ ပြည်တွင်း နိုင်ငံရေးသမား၊ ပြည်ပ နိုင်ငံရေးသမားများက ရည်ရွယ်ချက်ရှိရှိ သွေးထိုးပေးလျှင် မလိုလားအပ်သည်များ ဖြစ်တတ်သဖြင့် ဘာသာရေးအဖွဲ့ အစည်းများက နိုင်ငံတော်နှင့် လက်တွဲကာကွယ် စောင့်ရှောက်နေအပ်ပေသည်။

ပထမအစိုးရ၏ လက်ထက်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းခြင်းနှင့် ပတ်သတ်၍ ထောက်ခံသူများလည်း ရှိသည်။ ကန့်ကွက်သူများလည်း ရှိကြသည်။ ဗုဒ္ဓဘာသာဝင် အများစုကမူ သာသနာတော်ကို ချီးမြှောက်ရာ ရောက်၍ ကျေနပ် ထောက်ခံကြသည်။ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားလိုသူများ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်လိုက်လျှင် မိမိတို့ အခြား ဘာသာကိုးကွယ်သူများအတွက် ခွဲခြားဆက်ဆံ ခံရလေမလားဟု စိုးရိမ်သည့် ဘာသာရေး မတူကွဲပြားသူများ ကမူ ၁၉၄ရ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသော ဘာသာရေးဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်ပင် ဗုဒ္ဓဘာသာဝင်များအတွက် လုံလောက်ပါပြီ၊ အခြေခံဥပဒေကို ပြင်ဆင်ပြီး နိုင်ငံတော် ဘာသာပြဋ္ဌာန်းရန်မလိုဟု ရှုမြင်ကြသည်။ ဖဆပလ၊ ပထစအစိုးရ အဆက်ဆက်ကို အတိုက်အခံလုပ်လာခဲ့သည့် အတိုက်အခံခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ဆိုရှယ်နီ အလုပ်သမား၊ လယ်သမား ပါတီခေါင်းဆောင်နှင့် ပမညတသဘာပတိ အဖွဲ့ဝင်လည်းဖြစ်သော ဝိဓူရ သခင်ချစ်မောင်ခေါ် သာယာဝတီသခင်ချစ်မောင်က ဤသို့ ဝေဖန်ခဲ့သည်။

“ဦးနုသည် ၁၉၅၈ ခုနှစ်မှစ၍ တစ်စတစ်စ မြင့်၍မြင့်၍ ခေါ်ဆောင်လာခဲ့သော နိုင်ငံရေး၊ ဒီမိုကရေစီ တိုက်ပွဲကြီးကို ဘာသာရေး တိုက်ပွဲကြီးအဖြစ်သို့ လမ်းပြောင်းပစ်လိုက်ပေသည်။ ဤသို့ဖြင့် သယ်လာသော နိုင်ငံရေးတိုက်ပွဲကြီးသည် ခါးပြတ်ထွက်သွားကာ တစ်ပြည်ထောင်လုံးတွင် ‘နိုင်ငံတော်ဘာသာဟူ၍ ပြဋ္ဌာန်းသင့်သလော’ ဟူသော ဝါဒငြင်းခုံမှုများ၊ ထောက်ခံသူများ၊ ကန့်ကွက်သူများ စသည်ဖြင့် ဆူညံထွက်လာခဲ့လေသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သူ ဦးရေသုံးသန်းကျော်အတွင်းတွင် မကျေနပ်မှုများ ဖြစ်ပွားလာခဲ့သည်။ ဂယက်ရိုက်သွားပေသည်။ စစ်တပ်များ အတွင်းတွင်လည်း အနည်းနှင့်အများ ဂယက်ရိုက်ပြန်သည်။ နောက်ဆုံး ကတ်ဘိနက် (အစိုးရဝန်ကြီးအဖွဲ့) အတွင်း ဗုဒ္ဓဘာသာဝင် မဟုတ်သော ဝန်ကြီးများ၊ အမတ်များအတွင်းတွင်ပင် ကန့်ကွက်မှု၊ ကွဲအက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အစိုးရအဖွဲ့၏ စုပေါင်းတာဝန်ခံယူမှုမှာ ပျက်ပြားခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဦးနု၏ (ပထစ) အစိုးရသစ်သည် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်စုံ ကျင်းပ၍ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ကာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ပိုင် ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဤသို့ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူရင်း၏ ‘နိုင်ငံရေးနှင့် ဘာသာရေး စည်းခြားထားမှု ပုဒ်မ ၁၃၊ ၂၀၊ ၂၁(၃)’ တို့၏ အနှစ်သာရကို လက်တွေ့တွင် ဖျက်သိမ်းရာ ရောက်၍ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာကြီးကို ဆန့်ကျင်ရာရောက်ခဲ့ပေသည်။”

ပထစ ဝန်ကြီးချုပ် ဦးနုသည် သန့်ရှင်း ဖဆပလ ဘဝက တည်မြဲဖဆပလကို အနိုင်ရပြီး ဖဆပလ အစိုးရ အာဏာကို သန့်ရှင်း ဖဆပလက ဆက်လက်ရရှိနိုင်ရန် အတိုက်အခံ (ပမညတ) လက်ဝဲဝါဒီအမတ် ၄၄ ယောက်၏ ထောက်ခံမှုကို ယူခဲ့ရသည်။ ထိုစဉ်က သန့်ရှင်းဖဆပလတွေ ကွန်မြူနစ် ဖြစ်သွားပြီးဟုပင် စွပ်စွဲခဲ့ရသည်။ ပမညတကလည်း လက်ယာအယူဝါဒ ပြင်းထန်သော ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့၏ ဆွေငြိမ်း (တည်မြဲဖဆပလ) နှင့် စာလျှင် ဦးနု-သခင်တင်တို့၏ နုတင် (သန့်ရှင်း ဖဆပလ) ကမှ တော်ဦးမည်။ သန့်ှရှင်းဖဆပလ အာဏာရလျှင် မိမိတို့ ချယ်လှယ်နိုင်မည်ဟု မျှော်လင့်ကာ ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ဦးနုက ပမညတခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုံ (၁ရ အုပ်စု စုပေါင်းဖွဲ့ထားသည်) ထဲမှ တရားမျှတ ပါတီဥက္ကဋ္ဌ ဝတ်လုံတော်ရ၊ ဥပဒေပညာရှင်ကြီး ဒေါက်တာ အေးမောင်ကို သန့်ရှင်း ဖဆပလအစိုးရအဖွဲ့တွင် ဝန်ကြီးနေရာပေးခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ ပမညတက မိမိတို့ အမတ် ၄၄ ယောက် (၄၄ မဲ)ကို ဝန်ကြီးရာထူး တစ်နေရာနှင့် အလဲအလှယ် (အရောင်းအဝယ်) လုပ်သည်ဟု ဝေဖန်စွပ်စွဲသံများ ပေါ်ထွက်ခဲ့သည်။

ပမညတမှ ဆိုရှယ်နီတို့ မျှော်လင့်ထားသည်မှာ ပညာတတ်ကြီး ဒေါက်တာအေးမောင်ကို ဝန်ကြီးနေရာပေးဝေဖို့ မဟုတ်၊ မိမိတို့ ဆိုရှယ်နီ ခေါင်းဆောင်ထဲမှ တစ်ဦး တစ်ယောက်ကိုသာ ဝန်ကြီးဖြစ်စေချင်ပေသည်။ သို့မှသာ နိုင်ငံရေး အလှည့်အပြောင်းများ၊ နိုင်ငံရေးပရိယာယ်များဖြင့် သန့်ရှင်းဖဆပလအစိုးရကို မိမိတို့ လိုသလို သုံးနိုင်မည်ဟု ရှုမြင်ခဲ့ကြပေသည်။ ဦးနုက ဗိုလ်ချုပ်ကြီး နေဝင်းအား ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဝန်ကြီးချုပ်အာဏာလွှဲအပ်ကာ အိမ်စောင့်အစိုးရ ဖွဲ့စေသည့် အခါတွင် လည်းကောင်း၊ ၁၉၅၉ ခုနှစ်ဆန်းစတွင် ဗို်လ်ချုပ်နေဝင်း အိမ်စောင့်အစိုးရကို နောက်ထပ်ခြောက်လ သက်တမ်းတိုးပေးရန် အခြေခံဥပဒေပါ ပုဒ်မ ၁၁၄ ကို ပြင်ဆင်သောအခါတွင်လည်းကောင်း ပမညတက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

သို့ဖြင့် သန့်ရှင်း ဖဆပလနှင့်  ပမညတတို့ တစ်ဖက်တစ်လမ်း ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း ဦးနုက ရွေးကောက်ပွဲသစ် ကျင်းပပြီး သန့်ရှင်းဖဆပလက အမတ်နေရာ အများစုရရှိကာ ဗိုလ်ချုပ်ကြီးနေဝင်းအား ရွေးကောက်ပွဲ လုပ်ပေးမည်ဟူသော ကတိဖြင့် အိမ်စောင့်အစိုးရ ဖွဲ့စည်းစေခဲ့ခြင်း ဖြစ်သည်။ ဦးနုသည် အင်အားကောင်းနေသော တည်မြဲဖဆပလကိုလည်းကောင်း၊ အင်အားမသေးလှသော ပမညတကိုလည်းကောင်း၊ အနိုင်ရရာရကြောင်း (၁) ဘာသာရေးခုတုံး လုပ်မဲဆွယ်ကာ နိုင်ငံတော် ဘာသာပြဋ္ဌာန်းပေးမည်ဟု ကတိပြုခဲ့သည်။ (၂) ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များ ပေးမည် ဟူသော ကတိကိုပေးကာ တိုင်းရင်းသားမဲများ သဲ့ယူခဲ့သည်။ ဗုဒ္ဓဘာသာ ပြဋ္ဌာန်းရေးမဲဆွယ်ကာ ကတိကို ကန့်ကွက်ဆန္ဒပြမှုများဖြင့် ရင်ဆိုင်ပြီး အကောင့်အထည် ဖော်ပေးခဲ့၏။ ဆက်၍ ပြည်နယ်များ သတ်မှတ်ပေးရေး ကတိကိုလည်း အကောင်အထည် ဖော်ပေးရပေးဦးမည်။

တက္ကသိုလ်မြတ်သူ
နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနို်င်ငံကို ကျူးကျော်ရန်စ တိုက်ခိုက် သိမ်းပိုက်စဉ်က အလောင်းမင်းတရားကြီး စုစည်းခဲ့သည့် တတိယ မြန်မာ နို်င်ငံတော် ပိုင်နက် နယ်မြေ အားလုံးနှင့်  မြန်မာ့နန်းစဉ် ရတနာများကို သိမ်းယူခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး အတွက် ဘိလပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ ခေါင်းဆောင်များအား ဖိတ်ကြား ဆွေးနွေးသည့်အခါ တောင်တန်းဒေသ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း)တို့ကို လွတ်လပ်ရေး မပေးသေး၊ ခြွင်းချန်ခဲ့သည်။ မြန်မာ မြေပြန့်ဒေသ (စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်၊ ရန်ကုန် တနင်္သာရီတိုင်း) ကိုသာ လွတ်လပ်ရေး ပေးမည်ဟု မူးတင်းပဲတင်း လုပ်လာသည်။ မြန်မာတို့က ဖက်ဆစ်ဂျပန်များကို ၁၉၄၅ ခုနှစ် မတ်လ ၂ရ ရက်နေ့မှ စတင် တော်လှန် မောင်းထုတ်ပြီးချိန် ဒုတိယ ကမ႓ာစစ်ပွဲ ကာလတစ်လျှောက် အိန္ဒိယတွင် ခို်လှုံ နေထိုင်ခဲ့သည့် အင်္ဂလိပ်-စစ်ပြေးအစိုးရက မြန်မာနိုင်ငံသို့ ပြန်ဝင်လာသည်။ မြန်မာနိ်ုင်ငံဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ ဒေါ်မန်စမစ်သည် စက္ကူဖြူ စာတန်းခေါ် စစ်ပြီးကာလ မြန်မာနိုင်ငံကို စီရင် အုပ်ချုပ်မည့် ပုံစံကို ရေးဆွဲလာသည်။ ယင်းစာတန်းကို ၁၉၄၅ ခုနှစ် မေလ ၁ရ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းစာတန်းအရ မြန်မာတို့ကို မလွှဲမရှောင်သာ လွတ်လပ်ရေး ပေးရလျှင်ပင် မြန်မာပြည်မနှင့် တစ်သီးတစ်ခြားစီ ခွဲခြား အုပ်ချုပ်ခဲ့သည့် တောင်တန်း ဒေသများကို ချန်ထားခဲ့မည်ဟူသော အင်္ဂလိပ်တို့၏ မူဝါဒ ပေါ်လွင်နေပေသည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်တို့ ပထမအကြိမ် ကျူးကျော်သော စစ်ပွဲ၊ ၁၈၅၂ ခုနှစ် ဒုတိယအကြိမ် ကျူးကျော်သောစစ်၊ ၁၈၈၅ ခုနှစ် တတိယ ကျူးကျော်စစ်တို့တွင် ခေတ်မီ လက်နက် အသစ်များ သုံးနိုင်သည့် အင်္ဂလိပ်တို့ကို မြန်မာဘုရင်၏ တပ်မတော်သာမက တိုင်းရင်းသား မျိုးချစ်များက ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ကယား တောင်တန်းဒေသ၊ ရှမ်းကုန်းမြေမြင့်ဒေသ၊ ရခိုင်ဒေသ၊ မွန်ဒေသ၊ ကရင်ဒေသတို့တွင် ရွပ်ရွပ်ချွံချွံ၊ ပြောင်ပြောင်မြောက်မြောက် ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဤသို့ မြန်မာ တိုင်းရင်းသား လူမျိုးများ၏ မျိုးချစ်စိတ်၊ ဇာတိမာန်နှင့် သတ္တိဗျတ္တိတို့ကို နယ်ချဲ့ အင်္ဂလိပ်တို့ စိုးထိတ်ရွံ့ကြောက်ခဲ့ရသည်။ တိုင်းရင်းသားစုံး မျိုးချစ်များ၏ စည်းလုံး ညီညွှတ်မှုတို့အပေါ် စိုးရိမ်စိတ် ဝင်လာသည်။ ထို့ကြောင့် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသတို့ မဆက်သွယ်မိအောင်၊ တိုင်းရင်းသား လူမျိုးများ မစုစည်းနို်င်အောင် ဒေသတစ်ခု၊ တိုင်းရင်းသား တစ်မျိုးလျှင် အုပ်ချုပ်ရေး ပုံစံတစ်မျိုး၊ အုပ်ချုပ်ရေးမှူး တစ်ယောက်စီ ခွဲခြားကန့်သတ် တာဝန်ပေးခဲ့သည်။

အင်္ဂလိပ်တို့က မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်များကိုမူ ‘တောင်ပေါ် တိုင်းရင်းသားများ ပညာမတတ်၊ ဗဟုသုတမရှိ၊ သူတို့ကိုယ် သူတို့ မအုပ်ချုပ်တတ်သေး၊ ထို့ကြောင့် သူတို့က ဆက်အုပ်ချုပ်သွားမည်၊ မြေပြန့်ဒေသမှ ဗမာများသာ လွတ်လပ်ရေးယူကြပါဟု သွေးခွဲပြန်သည်။ ထို့ကြောင့် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသတို့ မဆက်သွယ်မိအောင်၊ တိုင်းရင်သားလူမျိုးများ မစုစည်းနို်င်အောင် ဒေသတစ်ခု၊ တိုင်းရင်သား တစ်မျိုးလျှင် အုပ်ချုပ်ရေး ပုံစံတစ်မျိုး၊ အုပ်ချုပ်ရေးမှူး တစ်ယောက်စီ ခွဲခြား ကန့်သတ် တာဝန်ပေးခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်များကိုမူ ‘တောင်ပေါ် တိုင်းရင်းသားများ ပညာမတတ်၊ ဗဟုသုတမရှိ၊ သူတို့ကိုယ် သူတို့က အုပ်ချုပ်သွားမည်၊ မြေပြန့်ဒေသမှ ဗမာများသာ လွတ်လပ်ရေ းယူကြပါဟု သွေးခွဲပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်သို့ မြန်မာ့ လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် သွားကြစဉ်ကလည်း အင်္ဂလိပ်တို့၏ မြန်မာတောင်တန်း ဒေသဆိုင်ရာ မဟာမင်းကြီး စတီဗင်ဆင်က စော်ဘွားများကို ဖိတ်ပါဟု အင်္ဂလန်သို့ ကြေးနန်းပြန်ရိုက်ခဲ့ရသည်။ ၁၉၄ရ ခုနှစ် ဖေဖော်ဝါရီလ ပင်လုံညီလာခံ၌ တိုင်းရင်းသား ခေါင်းဆောင်အများစုကြီးက ပြည်ထောင်စုကြီး တစ်ခုလုံး၏ လွတ်လပ်ရေး လိုလားကြောင်း ပြသကြသည်။ အင်္ဂလိပ် တောင်တန်း ဒေသမင်းကြီး စတီဗင်ဆင်၊ လန်ဒန်မှ အထူး စေလွှတ်လိုက်သော ကိုလိုနီဆိုင်ရာ အတွင်းဝန် ဘော့တွမ်လေတို့က စော်ဘွားအချို့ကို နှောက်ပြန်သည်။

ဗမာနဲ့ လွတ်လပ်ရေး အတူယူလျှင် ထိုင်ငတ်နေလိမ့်မည်။ မိမိတို့ အင်္ဂလိပ် ကိုလိုနီအောက်တွင် ဒိုမီနီယံ(ဖားတစ်ပိုင်း ငါးတစ်ပိုင်း၊ ကျွန်တစ်ဝက်-လွတ်လပ်ရေးတစ်ဝက်) အဆင့်ဖြင့် နေရစ်ပါ၊ ငွေဘယ်နှကုဋေပုံပေးမည်ဟု စည်းရုံးသည်။ စော်ဘွားအချို့က တွေဝေနေခဲ့ကြသေးသည်။ သို့သော် ၁၂-၂-၄ရ ရက်နေ့တွင်မူ ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးလျက် ဗမာ့လွတ်လပ်ရေး၊ မြေပြန့်လွတ်လပ်ရေးသာမက တောင်ပေါ်မြေပြန့် ပြည်ထောင်စုကြီး တစ်ခုလုံး၏ လွတ်လပ်ရေးကို သန္ဒိဋ္ဌာန်ချ ရယူနိုင်ခဲ့ပေသည်။ မြန်မာ့ လွတ်လပ်ရေး ဦးဆောင်ကြိုးပမ်းသူတို့ကမူ တောင်ပေါ် တို်င်းရင်းသား အားလုံး၏ တစ်စုတစ်စည်းတည်းသော လွတ်လပ်ရေးကိုသာ တောင်းဆို တိုက်ပွဲဝင်နေခဲ့ကြပေသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ရ ရက်နေ့က ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလ (ဖဆပလ မတိုင်မီက ဖွဲ့ခဲ့သည့် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့ လွတ်လပ်ရေးအဖွဲ့)၏ ပထမအကြိမ် နို်င်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဒီးဒုတ်ဦးဘချို (ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ၁၉-၇-၄ရ ရက်နေ့တွင် လုပ်ကြံခံရသည့် ပြန်ကြားရေး ဝန်ကြီးနှင့် ဒီးဒုတ်ဂျာနယ် အယ်ဒီတာချုပ်) တင်သွင်းသည့် ‘တိုင်းရင်းသား လူနည်းစုအရေး’ အဆိုတွင်-

“လွတ်လပ်သော မြန်မာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသား လူနည်းစု၊ လူများစုအာလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါသည်” ဟူ၍ တိုင်းရင်းသား လူနည်းစုများ (တိုင်းရင်းသား) အားလုံးနှင့်အတူ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင် ဖွဲ့စည်းလိုကြောင်း အတိအလင်း ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန် ဆွေးနွေးပွဲတွင် ဘုရင်ခံ၏ အမှုဆောင် (ဝန်ကြီး)အဖွဲ့တွင် တောင်တန်း ဒေသမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန် အရေးဆိုခဲ့သည်။ ထိုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းက အရေးဆိုခဲ့သဖြင့် အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုသည့်အခါ ဗြိတိသျှ (အင်္ဂလိပ်)အစိုးရနှင့် မြန်မာကိုယ်စားလှယ်များသည် နယ်ခြား ဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံကို ထိုဒေသများတွင် နေထိုင်သူများ၏ လွတ်လပ်သော သဘောတူညီချက်နှင့် ဆောလျင်စွာ ပေါင်းစည်းရေးကို လိုလားသည်ဟူသော အချက် ပါဝင်ခဲ့သည်။

၁၉၄ရ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ပင်လုံညီလာခံသို့ တက်ရောက်ပြီး မြန်မာပြည်မနှင့် ပေါင်းစည်းရေးကိစ္စ တောင်တန်းဒေသများ၏ ဆန္ဒသဘောထားကို ရယူခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်(၁၉၄ရ ခုနှစ်) ပင်လုံညီလာခံ၌ ရှမ်း၊ ကချင်နှင့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များသည် ပြည်ထောင်စု မြန်မာနို်င်ငံအဖြစ် ပူးပေါင်း ပါဝင်ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ရှမ်းနှင့် ကချင်တို့က ပြည်နယ် အလိုရှိကြောင်း အတိအလင်း တောင်းဆိုခဲ့ကြသည်။ ချင်းတိုင်းရင်းသားတို့ကသာ အထူးခရိုင်၊ သို့မဟုတ် အထူးတိုင်းအဖြစ် သတ်မှတ်ပေးရန် တင်ပြကြသည်။ ပင်လုံ ညီလာခံ ကျင်းပပြီးသည့်နောက် အင်္ဂလိပ်အစိုးရက မြန်မာနို်င်ငံ တောင်တန်းတိုင်းရင်းသား မြန်မာနို်င်ငံ တောင်တန်းဒေသ တိုင်းရင်းသားတို့၏ လွတ်လပ်ရေးဆန္ဒ၊ ဗမာနှင့်ပေါင်းလို မပေါင်းလို ဆန္ဒသဘောထား စုံစမ်းရန် ရီးစ်ဝီလျံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့သည် တောင်တန်းဒေသများမှ တိုင်းရင်းသားများအား တွေ့ဆုံမေးမြန်းကာ အစီအရင်ခံစာတွင် မြန်မာနို်င်ငံကို ပြန်ထောင်စု မြန်မာနို်င်ငံအဖြစ် ထူထောင်ရန်၊ ရှမ်းပြည်နယ်နှင့် ကချင်တောင်တန်းဒေသတို့သည် ဤပြည်ထောင်စုအတွင်း ပြည်နယ်များအဖြစ်ပါဝင်ရန်၊ ချင်းတောင်တန်းနှင့် သံလွင်ခရိုင်တို့လည်း မြန်မာပြည်မနှင့် ပူးပေါင်းလိုက ပူးပေါင်းရန် အကြံပြုခဲ့သည်။

၁၉၄ရ ခုနှစ် ဧပြီလတွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ၌ ဖဆပလ အမတ်များက အမတ်နေရာ ၂၅၅ ယောက်တွင် ၂၄၈ ယောက် အရွေးခံခဲ့ရကာ ပြည်ထောင်စု မြန်မာနို်င်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲကြသည်။ ဖဆပလ အဖွဲ့ချုပ်က ပြုစုသည့် အခြေခံ ဥပဒေမူကြမ်းတွင် “ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်တွင်မည့် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ” တည်ထောင်ရန် ရည်ရွယ်ကြောင်း ပါရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း “လူမျိုးကြီးတစ်မျိုးထဲဆိုတဲ့ နို်င်ငံမျိုးတော့ တည်ထောင်လို့မဖြစ်ဘူး၊ ပြည်ထောင်စု သဘောမျိုးပဲဖြစ်ရမှာပဲ”ဟု မိ်န့်ကြားခဲ့သည်။ ဖဆပလ ကပြုစုသည့် အခြေခံ ဥပဒေမူကြမ်းတွင် ပြည်နယ်အမျိုးအစား သုံးမျိုးသတ်မှတ်ခဲ့သည်။ ၎င်းတို့မှာ ပြည်ထောင်စု ပြည်နယ်၊ ကို်ယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့် လူမျိုးစုပြည်နယ် ဟူ၍  ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝင် ပြည်နယ်ဖြစ်ထို်က်သည့် ဂုဏ်အင်္ဂါရပ်များကိုလည်း သတ်မှတ်ပေးခဲ့သည်။ ၎င်းအင်္ဂါရပ်များကိုလည်း သတ်မှတ်ပေးခဲ့သည်။ ၎င်းအင်္ဂါရပ်များမှာ-

၁။ ပထဝီ အနေအထားအရ နယ်နိမိတ်များ အထင်အရှားရှိခြင်း၊
၂။ ဗမာစကားနှင့်မတူသော ဘာသာစကား တစ်မျိုးတည်း ရှိခြင်း၊
၃။ ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း၊
၄။ ရာဇဝင် (သမိုင်း) အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုရှိသော လူစုရှိခြင်း၊
၆။ လူဦးရေ အတော်အတန်ရှိခြင်း၊
၇။ ပြည်ထောင်စုအဖွဲ့ဝင် သီခြားဒေသတစ်ခု အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်းတို့ဖြစ်သည်။

တက္ကသိုလ်မြတ်သူ
၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ပါလီမန် အထွေထွေ ရွေးကောက်ပွဲတွင် ပြိုင်ဘက် တည်မြဲ ဖဆပလ၊ ပမညတတို့အပေါ် အပြတ်အသတ် အနိုင်ရရှိသော သန့်ရှင်း ဖဆပလတစ်ဖြစ်လဲ ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ)သည် အစိုးရဖွဲ့ပြီးစ ၅-၄-၆ဝ ရက်နေ့မှာပင် လွှတ်တော်၌ ပထစ ဝန်ကြီးချုပ် ဦးနုက ရခိုင်လူထုမှ ဆန္ဒရှိလျှင် ရခိုင်ပြည်နယ် ပေးမည်ဟု  ကြေညာသည်။ အတိုက်အခံ (တည်မြဲ) ခေါင်းဆောင် သခင်သာခင်က ကန့်ကွက်သည်။ ဝန်ကြီး ဦးဘစောကလည်း ကန့်ကွက်သည်။ ဝန်ကြီးချုပ် ဦးနုသည် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အစိုးရ အဖွဲ့အား အကြံပေးရန် ဒေါက်တာ ဘဦး (နိုင်ငံတော် သမ္မတဟောင်းနှင့် ဝတ်လုံတော်ရ ဥပဒေ ပညာရှင်) ခေါင်းဆောင်သော နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အကြံပေး အဖွဲ့ကို ဖွဲ့စည်းပေးသည်။ ယင်းအတိုင်ပင်ခံ အကြံပေး အဖွဲ့တွင် နိုင်ငံတော် တရားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဦးသိမ်းမောင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတင်၊ တရားလွှတ်တော် တရားဝန်ကြီးဟောင်း ဦးအုန်းဖေနှင့် ဝန်ကြီးဟောင်း (အိမ်စောင့် အစိုးရလက်ထက် ဝန်ကြီးဟောင်းနှင့် ဓာတုဗေဒ ဝန်ကြီးဟောင်း) ဦးချစ်သောင်းတို့ ပါဝင်သည်။

ယင်းအကြံပေး အဖွဲ့ကို ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့တွင် စတင်၍ တာဝန် လွှဲအပ်သည်။ အကြံပေး အဖွဲ့သည် မေလ ၆ ရက်နေ့မှစ၍ ရန်ကုန်မြို့၌ နေထိုင်ကြသော ရခိုင် အမျိုးသား ခေါင်းဆောင်ကြီးများ၊ ကုန်သည်များ၊ နိုင်ငံရေး သမားများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ကျောင်းသားများပါ မကျန် ဖိတ်ကြား၍ တိုင်ပင် နှီးနှောသည်။ သဘောထားများ ရယူသည်။ အကြံပေးအဖွဲ့ ဥက္ကဋ္ဌက ရခိုင် အမျိုးသားများအား ရခိုင်ပြည်နယ် ရထိုက်၊ မရထိုက် ပြဿနာ မပေါ်ကြောင်း၊ ရခိုင်တိုင်းရင်းသား (အများစုကြီး)တို့က ပြည်နယ် လိုလားကြောင်း ဆန္ဒရှိလျှင်  ပြည်နယ်ပေးရန် အစိုးရက ဆုံးဖြတ်ထားကြောင်း၊ ယခု မိမိတို့ လေ့လာနေသည်မှာ ရခိုင်လူထု အများစု၏ ဆန္ဒမှန်ကို မည်ကဲ့သို့သော နည်းဖြင့် စုံစမ်းမေးမြန်း ရယူရမည် ဟူသော နည်းလမ်းဖြစ်၍ အကြံပေးကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

တရားဝန်ကြီးဟောင်း ဦးသာကျော်နှင့် အငြိမ်းစား အိုင်စီအက်စ် (အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း) ဦးညိုထွန်းတို့က ရခိုင်ပြည်နယ် အကောင်အထည် ဖော်ရာတွင် လူထုဆန္ဒ ခံယူသင့်သည်ဟု တင်ပြသည်။ ရတည အဖွဲ့ခေါင်းဆောင် အမတ် ဦးလှထွန်းဖြူကမူ ရခိုင်ပြည်နယ်ကို ရခိုင်လူထုက အမှန်တကယ် အလို ရှိမရှိဆိုသည့် အချက်ကို မဲဆန္ဒယူရန် မလိုပါ။ ပြီးခဲ့သော ရွေးကောက်ပွဲတွင် မဲပေးပုံ အခြေအနေ (ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ရရှိရေး ကြွေးကြော် အရွေးခံရသည့် ရတည အမတ်ကြီး ၆ ဦးကို ရည်ညွှန်း ပြောကြားသည်)ကို ကြည့်လျှင် သိသာ ထင်ရှားနေပါပြီဟု တင်ပြသည်။ ရာထူးဝန် အဖွဲ့ဝင် ဦးအောင်ဇံဝေက ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ မဲဆန္ဒ ယူရမည်ဆိုလျှင် တရားမျှတ၍ လွတ်လပ်သော မဲဆန္ဒ ပေးနိုင်စေရန် ကြီးကြပ်ရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ရန် လိုအပ်မည်ထင်ကြောင်း တင်ပြ အကြံပြုသည်။ ဦးဘစိန် (အမျိုးသား စီမံကိန်းဌာန အတွင်းဝန်)ကမူ ရခိုင်ပြည်နယ်ပေးပါက သံတွဲခရိုင်၊ စစ်တွေ စသည်ဖြင့် မခွဲဘဲ အားလုံးကို ပေးစေလပါသည်၊ လူထုဆန္ဒ ခံယူပါက အဓိက ရုဏ်းဖြစ်နိုင်ခြေ ရှိပါသည်ဟု တင်ပြသည်။

ရန်ကုန် တက္ကသိုလ်မှ ရခိုင်လူငယ်အဖွဲ့ ကိုယ်စားလှယ် ကိုမောင်ဦးကျော်နှင့် ကိုရဲအောင်တို့ကလည်း လူထုဆန္ဒ မယူဘဲ ပြည်နယ်ပေးသင့်ကြောင်း၊ ရခိုင်ပြည်နယ် ရယူနိုင်သော အင်္ဂါရပ်များ ပြည့်စုံနေကြောင်း၊ ပြည်နယ်ပေးရာတွင် ဆန္ဒယူဖူးသည့် အစဉ်အလာ မရှိခဲ့ပါဟု တင်ပြကြသည်။ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ အသင်းမှ ကိုယ်စားလှယ် ကိုဘထွန်းနှင့် ရှာအလာမ်တို့ကို အကြံပေးအဖွဲ့က မေးမြန်းရာ ၎င်းတို့က ရခိုင်လူမျိုးနှင့် ဗမာလူမျိုးတို့မှာ ဘာသာစာပေ၊ ဝတ်ပုံစားပုံ ယဉ်ကျေးမှု အစစ အရာရာတွင် တူညီနေသည်က တစ်ကြောင်း၊ ရခိုင်တိုင်း ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့မှာ အထူးပင် နောက်ကျလှသည်က တစ်ကြောင်းကြောင့် ပြည်နယ်ပေးလျှင် အုပ်ချုပ်နိုင်မည်မဟုတ်၊ ရခိုင်အမျိုးသားနှင့် ရိုဟင်ဂျာများ အမျိုးသားတို့ မသင့်မတင့်ဖြစ်မည်ကို စိုးရိမ်ပါကြောင်း တင်ပြကြသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာ ကထိက ဦးကျော်ရင် (နောင်မန္တလေးတက္ကသိုလ် ကျောင်းအုပ်ကြီး)ကမူ မဲဆန္ဒ ကောက်ယူ၍ ပြည်နယ် ပေးသင့်ပါသည်ဟု အကြံပြုသည်။

ဝန်ကြီး ဦးဘစောက ပြည်နယ်ပေးရေး လူထုဆန္ဒ ကောက်ယူသင့်ပါသည်၊ ရခိုင်ပြည်နယ် ရရှိရေး ကြွေးကြော်သံဖြင့် ရတည အမတ်များ အနိုင်ရခဲ့သည် ဆိုခြင်းမှာ မမှန်ပါဟု တင်ပြသည်။ ရခိုင်ပြည်နယ်ပေးရေး အတွက် နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့က ရန်ကုန်မြို့ရှိ ရခိုင် အမျိုးသားများကို တွေ့ဆုံ ဆွေးနွေးသဘောထား၊ အကြံဉာဏ် ရယူနေဆဲ (၃၁-၅-၆၀)ရက်နေ့မှာပင် ဝန်ကြီးချုပ် ဦးနုက နိုင်ငံတော် အစိုးရ၏ သဘောထား တင်ပြလိုက်ကြောင်း ၁-၆-၆ဝ ရက်နေ့ထုတ် ခေတ်သစ္စာ သတင်းစာ (ရတည ဦးလှထွန်းဖြူက လူထုဦးချို၊ ဦးပွင့်ကောင်းတို့ လက်မှ ယင်းခေတ်သစ္စာကို ဝယ်ယူပြီး နောင်အမျိုးသား နေ့စဉ်သတင်းစာဟု နာမည်ပြောင်းသည်)တွင် ဖော်ပြထားသည်။ ဦးနုက ရခိုင်ပြည်နယ် ကိစ္စနှင့် ပတ်သက်၍ ပြည်နယ် လိုလားသည့် ပုဂ္ဂိုလ် အချို့စိတ်ထဲတွင် အစိုးရ အနေနှင့် ပေးထားသော ကတိတည်ပါ့မလားဟု သံသယ ဖြစ်နေကြသည်ဟု သိရှိရကြောင်း ပြောကြားသည်။ ဦးနုက-

(၁) ပြည်နယ် လိုချင်တယ်လို့ သူတို့ဆိုင်ရာ ဒေသတွေက ဆန္ဒ ပြပေးပါမယ်လို့ ပြောခဲ့တဲ့ ကတိဟာ တည်ပါတယ်။ ဘယ်သူမှ ဖျက်လို့ မရဘူးဆိုတာ တိတိလင်းလင်း ကြေညာလိုက်ပါတယ်။
(၂) အဲဒီလူထုဆန္ဒ ဘယ်လိုပြရင် ကောင်းမယ်ဆိုတာကို ဆုံးဖြတ်ပြီး ဆန္ဒပြပွဲ (လူထုဆန္ဒ ခံယူပွဲ) လုပ်ပေးမယ်လို့ တိတိလင်းလင်း ကြေညာပါတယ်။
(၃) ဆန္ဒပြပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒပြပွဲ ဖြစ်ရပါစေ့မယ်လို့ ကြေညာပါတယ် ဟူ၍ ကတိပြု ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်ပေးရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိနေသော ကျောက်ဖြူ ဇာတိသားများကို တွေ့ဆုံ မေးမြန်းခဲ့ရာ ဗိုလ်ဘတင်က လူထုဆန္ဒ ကောက်ယူမည်ဆိုလျှင် (သာမန် လူများစု) ၅၁ ရာခိုင်နှုန်းက ပြည်နယ် လိုချင်သည် ဆိုရုံနှင့် ပြည်နယ်မပေးဘဲ (အများစုဆန္ဒ) ၇၅ ရာခိုင်နှုန်းက ဆန္ဒပြုမှ ပြည်နယ်ပေးရေး စဉ်းစားသင့်ကြောင်း တင်ပြသည်။ ဒေါက်တာ ထွန်းလှအောင်က ပြည်နယ်ပေးမည် ဆိုသည့် အစိုးရက ပေးသည့်တိုင် ယူသည့်ဘက်က မယူသင့်ပါ။ ထိုသို့ ရခိုင်ပြည်နယ် ယူလိုက်လျှင် ပင်လုံညီလာခံ စည်းလုံးညီညွတ်မှု ပျက်ပြား စေနိုင်သည်ဟု တင်ပြ အကြံပြုသည်။ နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့က ရန်ကုန်မြို့ရှိ သံတွဲခရိုင် အသင်းဥက္ကဋ္ဌ ဦးကျော်ခင်အား မေးမြန်းရာ ဦးကျော်ခင်က ရခိုင်ပြည်နယ်ပေးက စိုးရိမ်ဖွယ်ရှိပြီး ရခိုင်လူထု နစ်နာဖွယ်ရာများကို အကျယ်တဝင့် ပြောကြားကာ ရခိုင်ပြည်နယ် မပေးသင့်ကြောင်း ကန့်ကွက် ပြောဆိုသည်။ ရန်ကုန်မြို့ရှိ ရခိုင် တိုင်းရင်းသားများစွာက နိုင်ငံတော် အစိုးရ အကြံပေးအဖွဲ့သို့ ၎င်းတို့၏ ဆန္ဒသဘောထားများ လာရောက် တင်ပြကြရာတွင် အယူအဆ အမျိုးမျိုး ကွဲလွဲထွေပြားခဲ့သည်။ ပြည်နယ်ပေးရေး အတွက် လူထုဆန္ဒ ခံယူသင့်သည်ဆိုသူ၊ လူထုဆန္ဒ ခံယူမှု မပြုလုပ်သင့်ဟု ဆိုသူ စသည်ဖြင့် ကွဲလွဲ တင်ပြကြသည်။ ရခိုင်တိုင်းတွင် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရိုင် ဟူ၍ ခရိုင်သုံးခု ရှိသည့်အနက် ကျောက်ဖြူနှင့် သံတွဲခရိုင်မှ ပုဂ္ဂိုလ် အချို့က ပြည်နယ် မယူလိုသည့် သဘောထားများ ရှိနေခဲ့ကြသည်။

ထိုသို့ သဘောထား အမျိုးမျိုး တင်ပြနေကြစဉ်မှာပင် စစ်တွေခရိုင် ဖဆပလ အဖွဲ့က ဝန်ကြီးချုပ် ဦးနု၏ ရခိုင်ပြည်နယ် ပေးရေးနှင့် ပတ်သက်သော ဆောင်ရွက်မှုများ အပေါ် ဝေဖန်လာသည်။ စစ်တွေခရိုင် ဖဆပလ အဖွဲ့က လူထုဆန္ဒ ခံယူပြီးမှ ရခိုင်ပြည်နယ် ပေးမည်ဆိုခြင်းကို လုံးဝ လက်မခံ၊ ပထစ အစိုးရသည် ရခိုင်ပြည်နယ် ပေးလိုသော စေတနာ ဆန္ဒ အမှန်တကယ် ရှိသည်ဆိုလျှင် ပါလီမန် လွှတ်တော်သို့ ပြည်နယ်ပေးရေး ဥပဒေကြမ်း တိုက်ရိုက် တင်သွင်းပေးနိုင်ပါလျက် နည်းပရိယာယ် အမျိုးမျိုးဖြင့် ရခိုင် အချင်းချင်း မသင့်မတင့် ဖြစ်လာစေရန် ဖန်တီးနေခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးနုကို သံသယ ဖြစ်မိသည်ဟု ဝေဖန်လာကြသည်။ ၁၉၆ဝ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ရတည အဖွဲ့ (ရခိုင်တိုင်းရင်းသား ညီညွတ်ရေး အဖွဲ့)က သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ ပထစ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ရခိုင်ပြည်နယ် ပေးမည်ဟူသော မူကို လက်ခံပြီး ဖြစ်သည်၊ အကြံပေး အဖွဲ့က လူထုဆန္ဒ မည်သို့ ခံယူမည် စသည့် နည်းလမ်း အကြံပေးရုံသာ ဖြစ်ပါလျက် ယခု ပြည်နယ် လိုချင်သူ၊ မလိုချင်သူ ခွဲခြား ဖော်ထုတ်နေခြင်းသည် ရခိုင်အချင်းချင်း စိတ်ဝမ်းကွဲစေသည်ဟု ဝေဖန် ပြောကြားခဲ့သည်။

တက္ကသိုလ်မြတ်သူ
၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ၌ ကျင်းပသည့် လွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ဦးနုခေါင်းဆောင်သည့် သန့်ရှင်း ဖဆပလသည် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) ဟု  အမည်ပြောင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းသည်။  ဦးနုပင် ပထစအစိုးရ ဝန်ကြီးချုပ် ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရက ဦးနုခေါင်းဆောင်သော ပထစ အစိုးရလက်သို့ နိုင်ငံတော်အာဏာ ပြန်လည်လွှဲအပ်သည်။ ဧပြီလ ၅ ရက်နေ့ တတိယ ပါလီမန်ဆိုင်ရာ ပြည်သူ့လွှတ်တော် ပထမညီလာခံတွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုက မိန့်ခွန်း ပြောကြားရာ၌ ပြည်နယ် ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အဖွဲ့ချုပ်(ပထစ)အစိုးရ သဘောထားကို ဤသို့ ပြောကြားသည်။ “…သက်ဆိုင်ရာ တိုင်းရင်းသား တွေရဲ့စိတ်မှာ ပြည်နယ်လိုချင်တဲ့ ဆန္ဒ တကယ်နှစ်နှစ်ကာကာ ရှိကြတယ်ဆိုရင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို စီမံပေးပါ့မယ်လို့ ကျွန်တော်တို့ ကတိပေးဖူးပါတယ်။ ဒီမိုကရေစီနှင့် အညီလည်းကောင်း၊ ဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူ လူထုအတွက် အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် အကျိုးရှိရှိ ဖြစ်စေမယ့် နည်းနှင့်အညီလည်းကောင်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူလူထုရဲ့ တကယ့်ဆန္ဒကို သိရအောင် ပြုပြီးတဲ့နောက် သိရတဲ့အချက်ကို မူတည်ပြီး ကတိအတိုင်း အစောဆုံး စီမံဆောင်ရွက် ပေးပါ့မယ်။ သက်ဆိုင်ရာ လူထုရဲ့ဆန္ဒကို သိရအောင် ပြုရမယ့်ကိစ္စမှာ ပြုပုံပြုနည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ခေါင်းဆောင်များနဲ့ တိုင်ပင်ပါ့မယ်” ယင်းမိန့်ခွန်းဖြင့် ပထစအစိုးရသစ်က ပြည်နယ်ပေးရန် ဆန္ဒသဘောထား ရှိကြောင်း ပြသလိုက်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့သော မဲဆွယ်ကတိကို အကောင်အထည်ဖော်ရန် အစပျိုးလိုက်ခြင်းလည်း ဖြစ်ပေသည်။ ပထမစအစိုးရ အနေဖြင့် ပြည်နယ်ပေးရေးတွင် သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား ပြည်သူလူထု ဆန္ဒကို သိရှိအောင် လုပ်မည်။ တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒကို ခံယူပြီး အများစုက ပြည်နယ် သတ်မှတ်ပေးမည်ဟူသော သဘောဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို မည်သို့ အကောင်အထည် ဖော်မည်ကို သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တိုင်ပင်သွားမည် ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၈ ရက်နေ့ ပါလီမန်လွှတ်တော် အစည်းအဝေးတွင် အတိုက်အခံခေါင်းဆောင် (ဆွေငြိမ်းအုပ်စုခေါ်၊ တည်မြဲအုပ်စု ဖဆပလခေါင်းဆောင်) သခင်သာခင်က ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးနှင့် ပတ်သက်သော ဝန်ကြီးချုပ်ဦးနု၏ မိန့်ခွန်းကို ဝေဖန်ပြောကြားသည်။ သခင်သာခင်က ပြည်နယ်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ ဖဆပလ အဖွဲ့ချုပ်(တည်မြဲ-ဆွေငြိမ်းအုပ်စု)၏ သဘောထားကို အကြိမ်ကြိမ် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်နယ်ပေးခြင်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမို ခိုင်မာလာမည်ဆိုလျှင် အားရကျေနပ်စရာ ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပြည်နယ်ပေးလိုက်ပြီး နောက်ပိုင်း ပြည်ထောင်စု စိတ်ဓာတ်များ လျော့ပါးပြီး သီးခြားစိတ်၊ ခွဲထွက်လိုသည့် ဆန္ဒမျိုး ပေါ်ပေါက်လာမည်ဆိုလျှင် ပြည်ထောင်စုကြီး ပျက်စီးဖို့ ဖန်တီးသည်နှင့် အတူတူပင်ဖြစ်ကြောင်း ပြောကြားသည်။ သခင်သာခင်က ၎င်း၏ ဝေဖန်တင်ပြမှုကို ဆက်လက်ပြောကြားရာ၌ မိမိတို့ ဖြစ်စေလိုသည့်မူမှာ ပြည်နယ်ပေးခြင်းဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို အထောက်အပံ့ပြုရမည်၊ သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ လူမျိုးစု အသီးသီး၏ အခြေအနေများ တိုးတက်ဖြစ်ထွန်းနိုင်မည်ဟု မိမိတို့ယူဆကြောင်း၊ ယခုခေတ်တွင် နိုင်ငံအသီးသီးမှာ မိမိတို့အားကို မိမိတို့ ပိုမိုဖြည့်တင်းနိုင်ရန် အတွက် နိုင်ငံအချင်းချင်း စုပေါင်းပြီး ပြည်နယ်က ပြည်ကြီးဖြစ်အောင် ကြိုးစားနေရသည့် အချိန်အခါ ဖြစ်ပါကြောင်း၊ နိုင်ငံတကာက မိမိတို့အားကို ကြီးပွားအောင် ပြုလုပ်နေသည့် အချိန်တွင်မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ သကဲ့သို့ မိမိတို့အင်အားကို မိမိတို့ ခွဲစိတ်နေကြမည် ဆိုပါက အချိန်အခါ အခြေအနေနှင့် မဆီလျော်ဟု မိမိတို့ ယူဆပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။

ပြည်နယ်ပေးရေး ပြဿနာကို မည်သို့ ဖြေရှင်းသင့်ကြောင်း ဖဆပလ၏ သဘောထားကို အောက်ပါအတိုင်း တင်ပြသည် “မွန်အမျိုးသားများ၊ ရခိုင် အမျိုးသားများဟာ စင်စစ်မြန်မာ အမျိုးသားတွေနဲ့ ယဉ်ကျေးမှု အစဉ်အလာချင်း၊ လူမျိုးချင်း ရောထွေး ယှက်တင်နေတဲ့ သွေးတူသားတူတွေ ဖြစ်ပါတယ်။ သည်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းကာကွယ်ပြီး လူမျိုးစုအလျောက် တိုးတက်မှု အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ မွန်ရေးရာ ကောင်စီတို့၊ ရခိုင်ရေးရာ ကောင်စီတို့ ဖွဲ့စည်းပေးခြင်းဖြင့် သည်ပြဿနာဟာ ပြေလည်သွားနိုင်စရာ ရှိပါတယ်။ ရှေ့အခါကဆိုရင် ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအနေနဲ့လည်း ချို့ယွင်းချက်တွေ ရှိခဲ့တဲ့အတွက် ယခုလို မကျေနပ်မှုတွေကို အကြောင်းပြုပြီး ပြည်နယ်ကိစ္စတွေကို ပေါ်ပေါက်ခဲ့ ရတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါ့ကြောင့် ယခုအခါမှာ ပြည်ထောင်စု အစိုးရ အနေနဲ့လည်း လူမျိုးစုတွေ အပေါ်မှာ ထားရှိတဲ့ ဝါဒလမ်းစဉ်တွေကို ပြုပြင်သွားမယ်၊ လူမျိုးစု အသီးသီးကလည်း ပြည်ထောင်စု အစိုးရနဲ့ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက် သွားကြမယ်ဆိုရင် ပြည်နယ်ပြဿနာဟာ အလိုလို အေးချမ်းသွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လွတ်လပ်ရေး ပြန်လည်ရရှိသည့် ၁၉၄၈ ခုနှစ်မှာပင် မြန်မာနိုင်ငံရေး လောက၌ အကွဲအပြဲများ အလျှိုအလျှို ပေါ်လာခဲ့သည်။

လက်ဝဲ – လက်ယာကွဲ၊ လက်ဝဲချင်းကွဲ၊ လက်ယာချင်းကွဲကြသည်။ အုပ်စု၊ အင်အားစု၊ ဂိုဏ်းဂဏ၊ ပါတီအသီးသီးကလည်း ပြည်ပမှ တင်သွင်းလာသော နိုင်ငံရေး အယူအဆ ဝါဒအစွဲ ကိုယ်စီနှင့် ဖြစ်လာသည်။ မိမိတို့ပါတီ၊ အဖွဲ့အစည်း အာဏာရမှ ဖြစ်မည်ဟူသော နိုင်ငံရေးအတ္တ လွန်ကြသဖြင့် အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ကြ၊ အစိုးရကို ပုန်ကန်ကြ လုပ်ခဲ့ကြသည်။ ဖဆပလက လွတ်လပ်ရေး ရသည်နှင့် အာဏာရခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော လွတ်လပ်ရေးအကြို ကာလတွင် ဖဆပလသည် စုစည်းခိုင်မာသည်။ ညီညွတ်သည်။ ဖဆပလက အင်နှင့်အားနှင့် နယ်ချဲ့အင်္ဂလိပ် အစိုးရကို အတိုက်အခံ ပြုခဲ့သည်။ လွတ်လပ်သည်နှင့် ဖဆပလသည် အာဏာရပါတီ အဖွဲ့အစည်း ဖြစ်လာသည်။ ဖဆပလက အတိုက်အခံ လုပ်ရမည့် နယ်ချဲ့အင်္ဂလိပ် အစိုးရလည်း မြန်မာနိုင်ငံတွင် မရှိတော့ပေ။ ဖဆပလကို အတိုက်အခံ ပြုမည့်သူဆို၍ တောခိုသွားသော သောင်းကျန်းသူများသာ ရှိသည်။ မြေပေါ် အတိုက်အခံဟူ၍ ၁၉၅ဝ ပြည့်နှစ်၌ ဖဆပလ ကျောရိုးမဏ္ဍိုင် ဖြစ်နေသော ဆိုရှယ်လစ် ပါတီမှ မာ့က်စ်ဝါဒ (ကွန်မြူနစ်ဝါဒ) ယုံကြည်သော ဆိုရှယ်နီများ ခွဲထွက်လာပြီးနောက် ဖဆပလ အစိုးရကို အတိုက်အခံ ပြုလာသည်။ အာဏာရ ဖဆပလကလည်း အတိုက်အခံများ လွှတ်တော်သို့ ဝင်မလာနိုင်အောင် နည်းစုံသုံး၍ ဟန့်တားသည်။

လိုအပ်လျှင် ဖမ်းဆီးထောင်ချသည်။ သတ်ဖြတ်သည်။ ဖဆပလ အဖွဲ့ကြီးအတွင်း ၁၉၅၅ ခုနှစ် ခန့်မှစပြီး အက်ကြောင်း ပေါ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နုတင် (သန့်ရှင်းဖဆပလ)၊ ဆွေငြိမ်း (တည်မြဲဖဆပလ) ဟု ကွဲထွက်သွားသည်။ အတိုက်အခံ ဆိုရှယ်နီတို့ကလည်း ပါတီ၊ ပုဂ္ဂိုလ် ၁ရ ခုဖြင့် ပမညတခေါ် လက်ဝဲတပ်ပေါင်းစု(ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) တည်ထောင်အားဖြည့်ခဲ့ရာ လွှတ်တော်တွင် ပမညတ အတိုက်အခံ အမတ် ၄၈ ယောက်အထိ ရှိလာခဲ့သည်။ တည်မြဲ-သန့်ရှင်း ဖဆပလ နှစ်ခြမ်း အာဏာလုရန် ပါလီမန်၌ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်က အားပြိုင်ကြရာ၌ ဦးနု၏ သန့်ရှင်းဖဆပလတွင် အမတ် ၈ဝ ကျော်၊ ဦးဗဆွေ၏ တည်မြဲ ဖဆပလတွင် အမတ် ၁၂ဝ ခန့်၊ ပမညတတွင် ၄၄ ယောက် ရှိနေခဲ့သည်။ ပမညတ ၄၄ မဲက ထောက်ခံ၍ သန့်ရှင်း အာဏာရခဲ့သည်။ သုံးလနှင့် ၁ရ ရက်အကြာ၌ အိမ်စောင့်အစိုးရ တက်လာရသည်။ အိမ်စောင့်အစိုးရ ကျင်းပပေးသည့် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ဦးနု၏ သန့်ရှင်းဖဆပလက အမတ်နေရာ ၁၆ဝ ခန့် အရွေးခံရပြီး တည်မြဲ ဖဆပလက ၄ဝ ကျော်ရုံသာ အရွေးခံရတော့ကာ ပမညတက အမတ်တစ်နေရာမှ အရွေးမခံရပေ။ သန့်ရှင်းက အာဏာရ၊ တည်မြဲက အတိုက်အခံ ဖြစ်သွားသည်။ ပမညတတို့၏အသံ ပါလီမန် လွှတ်တော်တွင် ဆိတ်သုဉ်းသွားသည်။

သန့်ရှင်းဖဆပလက ပထစဟု အမည်ပြောင်းကာ ဖဆပလနာမည် မခံတော့သဖြင့် တည်မြဲက ဖဆပလ အမည်ကို လွတ်လွတ်ကျွတ်ကျွတ် ခံယူခဲ့သည်။ ဤသို့ဖြင့် ပထစအာဏာရ အစိုးရကို အတိုက်အခံ ဖဆပလ (ဆွေငြိမ်း) က ကန့်ကွက်ဝေဖန် ပြစ်တင်ခြင်းများ လုပ်လာသည်။ အတိုက်အခံ ခေါင်းဆောင်  သခင်သာခင်က ဝန်ကြီးချုပ်ဦးနု၏ ခုစာကလေးကြော်၊ ခုဆီထမင်း လုပ်ကာ အပြောင်းအလဲများသည့် ပြည်နယ်ပေးရေး သဘောထား မတည်ငြိမ်ပုံကိုလည်း ပါလီမန် လွှတ်တော်၌ ထောက်ပြ သွားသည်။ သခင်သာခင်က ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်က ပြည်နယ်ပေးရေး ကိစ္စနှင့်ပတ်သက်ပြီး ၎င်းလုံးဝ ယုံကြည်မှု မရှိကြောင်းကို လွှတ်တော်တွင် ရခိုင် အမတ်မင်းများကို ပြန်ကြားရာ၌ လည်းကောင်း၊ ၁၉၅၈ ခုနှစ် ဧပြီလတွင် ကျင်းပသည့် မော်လမြိုင် မွန်ရေးရာ ညီလာခံ၌ မိန့်ခွန်း ပြောကြားရာ၌ လည်းကောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ကြောင်း၊ ဝန်ကြီးချုပ်ဦးနု အနေနှင့် ပြည်နယ်ပေးရေး ကိစ္စတွင် တိုင်းသိပြည်သိ ခါးခါးသီးသီး ငြင်းပယ်ပြီးကာမှ ယခု ၎င်းကိုယ်တိုင် မယုံကြည်သည့် ကိစ္စကို ပြန်ဖော်ခြင်းမှာ ရွေးကောက်ပွဲတုန်းက ကတိလွန်ခဲ့မိသဖြင့် မိမိသိက္ခာ ထိန်းသည့်အနေနှင့် ပြည်နယ်ကိစ္စကို ရှေ့တန်းတင်ခြင်း ဖြစ်မည်လားဟု သံသယ ဖြစ်မိကြောင်း တင်ပြသည်။
ဝန်ကြီး ဦးဘစောကလည်း လွှတ်တော် အမတ်တစ်ဦး အနေဖြင့် ၎င်း၏သဘောထားကို တင်ပြရာတွင် ရခိုင်ပြည်နယ်ပေးရေး ကိစ္စနှင့် ပတ်သက်၍ လူထုဆန္ဒ ခံယူသင့်ကြောင်း၊ မိမိသည် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ရယူပေးမည်ဟု မဲမတောင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ရရှိရေး ကြွေးကြော်သံဖြင့် ရတည အမတ်များ အနိုင်ရရှိသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဆွေးနွေး တင်ပြသည်။

တက္ကသိုလ်မြတ်သူ
Northern Star Journal ပါဆောင်းပါးများစုစည်းချက်။

6 comments

  • Mr. MarGa

    October 28, 2012 at 3:18 pm

    လေ့လာ သွားပါသည်။

  • Mobile

    October 28, 2012 at 6:49 pm

    အတော်ကိုဗဟုသုတရစေခဲ့ပါတယ်။
    စိတ်ဝင်တစားဖတ်ရှုလေ့လာသွားပါတယ်။

  • Thanlwinoo

    October 28, 2012 at 8:56 pm

    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်က ပြည်သူတွေအနေနဲ့ သူတို့လိုလားတဲ့သူတွေကို လွတ်လပ်စွာရွေးချယ်နိုင်တာ..၊ မလိုလားတဲ့သူတွေကို လွတ်လပ်စွာ ဖြုတ်ပယ်နိုင်တာ အလွန်အင်မတန်ကံကောင်းပါ။ ပါလီမန်မှာလည်း ပြည်သူကရွေးချယ်တဲ့သူတွေကဘဲ ပြည်သူတွေအကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ကြရတယ်…။ (ပြည်သူတွေကို ကိုယ်စားမပြုတဲ့) ဘယ်အုပ်စုကမှ လက်ဝါးကြီးအုပ်၊ အချောင်နေရာယူခွင့် မရှိခဲ့ဘူး..။ ပါလီမန်ခေတ်မှာ နိုင်ငံရေးလွတ်လပ်ခွင့်အတော်များများ ရရှိခဲ့ပေမယ့် စစ်မှန်တဲ့ပြည်ထောင်စုစနစ် အကောင်အထည်မဖေါ်နိုင်သေးခင် အာဏာသိမ်းခံရလို့ တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့ရတယ်…။

    ရာစုနှစ်ဝက်ကျော်ကြာပြီးတဲ့နောက် ယနေ့မြန်မာနိုင်ငံနဲ့ တိုင်းသူပြည်သားတွေဟာ အဲ့ဒီခေတ်လောက် အခွင့်အရေးမရ၊ ကံမကောင်းကြဘူး။ ဒီနေ့ ဒီမိုကရေစီအပြည့်အဝ မဖေါ်နိုင်သေးခင်၊ ပြည်ထောင်စုစနစ်မဖေါ်နိုင်သေးခင် အာဏာရှင်အရိပ်ဆိုးတွေထိုး၊ မိုးမှောင်ကျမယ့်အရိပ်အယောင်တွေ မြင်နေရတယ်…။

  • ဘရားသား

    October 29, 2012 at 7:27 pm

    ဘာဘာ ဘာမှ သိဘူး ဟိုဒင်း ၅၀၀ဝ ထဲက ၄၅၀ဝ ဖြုတ်ပေး
    အာ့ဆို ကျေနပ်ပီ ဒါ ဗြဲ

  • မမလေး

    October 30, 2012 at 2:01 am

    ကျေးဇူးတင်ပါတယ် … နကန်းတစ်လုံးကိုဖတ်လိုက်တာ … နလုံးတစ်ကန်းတဲ့ ဟားဟား … တစ်ကယ့်ကို ဘာမှမသိသူလေးပါရှင် … သေသေချာချာဖတ်သွားပါတယ်နော် …

  • အေးဝတီ ကြီး

    January 4, 2013 at 3:37 pm

    – Deleted by Admin —

Leave a Reply