“ဦးရှံစားနှင့် ထူးဆန်းပွေလီ ရေကူးမှုကြီး”

etoneJuly 14, 20101min1913

တနေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ထဲသို့ရောက်ခိုက် မြို့ထဲတိုက်ခန်းတခုတွင် နေထိုင်လျက်ရှိသော ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားထံသို့ အလည်ဝင်ရန် စိတ်ကူးရလေသည်။ သို့နှင့် အုတ်လှေကားအတိုင်းတက်သွားပြီး ဒုတိယထပ်ရှိ ဦးရှံစား၏ တိုက်ခန်းရှေ့တွင် ရပ်လျက် အခန်းတံခါးကို လက်ဖြင့် အသာခေါက်လိုက်သော် အထဲမှ…..

“ကိုဒိန်းဒေါင်လား၊ တံခါးဖွင့်ထားတယ်ဗျ။ ဝင်ခဲ့လေဗျာ”

ကျွန်ုပ်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလျှင် အခန်းတွင်း၌ ပက်လက်ကုလားထိုင်တလုံးဖြင့် သတင်းစာတစောင်ကို ဖတ်ရှုလျက်ရှိသော မိတ်ဆွေကြီး ဦးရှံစားကို တွေ့လိုက်ရသည်။

ကျွန်ုပ်လည်း အတန်ငယ် အံ့အားသင့်စွာဖြင့်…..

“တံခါးခေါက်တာ ကျုပ်မှန်း ခင်ဗျားဘယ်လိုလုပ်သိသလဲ”

ထိုအခါ ဦးရှံစားသည် ငါးသလောက်ပြုံး တချက်ပြုံးလိုက်ပြီး…..

“မခက်ပါဘူးဗျာ။ စောစောက ကျုပ် ဝရန်တာမှာထွက်ပြီး လမ်းမပေါ်ကို ကြည့်နေတုန်း ခင်ဗျား လမ်းလျှောက်လာတာကို မြင်ရတယ်။ ကျုပ်တိုက်ရှေ့ရောက်တဲ့အခါ လှေကားဆီကို ချိုးကွေ့သွားတာကို မြင်လိုက်ရတော့ ခင်ဗျားကျုပ်ဆီလာတာဆိုတာ သေချာသွားပြီ။ ဒါကြောင့် တံခါးကို အထဲကနေ ဂျက်ဖွင့်ပြီး စောင့်နေတာပေါ့”

ထိုအခါ ကျွန်ုပ်စိတ်ထဲတွင် ဂိန်ကနဲ မြည်သွားပြီး ကျွန်ုပ်၏ အတွေးခေါင်ပုံကို နောင်တရသွားလေသည်။ သို့နှင့်…..

“မှားပါတယ် ကိုရှံစားရယ်။ ဒါနဲ့ ဘာသတင်းတွေများ ဖတ်နေသလဲဗျ”

“ဂျွန်ဝီလျံယက်တောရဲ့ ထူးဆန်းသော ရေကူးမှုကြီး အကြောင်းပေါ့ဗျာ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲမဟုတ်လား”

ဦးရှံစားသည် စကားပြောရင်းက ပါးစပ်မှ ဆေးတံကို အသာချွတ်လိုက်ကာ ဆေးပြာများကို အနီးရှိ ပြာခွက်ထဲသို့ တဒေါက်ဒေါက် ခေါက်ချလိုက်ပြီး ဆေးတဆုံအသစ်ဖွာရန် ပြင်ဆင်လျက်ရှိလေသည်။

ကျွန်ုပ်လည်း နီးရာ ခုံတလုံးတွင် ဝင်ထိုင်လိုက်ရင်း….

“ဟုတ်တယ်ဗျ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ။ ဒါပေမယ့် ထူးဆန်းသော ရေကူးမှုကြီးလို့ ပြောရအောင် ဒီအမှုက ဒီလောက်ရိုးရှင်းနေတာပဲဗျာ။ ဒီအမေရိကန်နိုင်ငံသားက ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ရေကူးဝင်တယ်။ ပြီးတော့ နှစ်ညအိပ်ပြီး နောက်တော့ ရေကူးပြန်ထွက်အလာမှာ သက်ဆိုင်ရာတွေက ဖမ်းမိတာမို့လား။ ဘာများထူးဆန်းတာပါလို့လဲ”

ဦးရှံစားသည် ဆေးတံကို မီးညှိရင်းမှ…..

“ဟုတ်ပါတယ်။ မထူးဆန်းတာကိုက ထူးဆန်းနေတာပေါ့ဗျ။”

(ကျွန်ုပ်) “ဘာ… ဘယ်လို။ မထူးဆန်းတာကိုက ထူးဆန်းနေတာဟုတ်လား။ ကျုပ်တော့ နားရှုပ်သွားပြီဗျာ”

(ဦးရှံစား) “ဒီလိုဗျ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တဝိုက်က အင်းလျားကန် ဆိုတာ လုံခြုံရေးအစောင့်အရှောက် တင်းကြမ်းပြည့် ချထားတာတဲ့ဗျ။ အဲသည်နေရာ တဝိုက်မှာ အစိုးရအရာရှိကြီးတွေလည်း နေထိုင်ကြတယ်ဆိုပဲ။ ဒီတော့ အင်းလျားကန်ထဲက ငါးတွေတောင်မှ အဲသည်ဖက်ခြမ်းကို ရေကူးချင်ရင် မှတ်ပုံတင်ပြပြီးမှ ကူးခွင့်ရှိတယ်လို့ တချို့က ရယ်စရာအဖြစ် ပြောကြတယ်။ အဲသည်လို နေရာမျိုးမှာ ဂျွန်ဝီလျံယက်တော ရေသန့်ဘူးကြီး တကားကားနဲ့ ကူးတာကို ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာက ထူးဆန်းနေတော့တာပေါ့ဗျ။ လုံခြုံရေးတွေက မျက်စိမှိတ်နေလိုက်မှ ကူးလို့ ဖြစ်မှာမျိုးကိုး”

(ကျွန်ုပ်) “အေးဗျ။ ဒီလိုတော့လည်း အဟုတ်သားပဲ။”

(ဦးရှံစား) “နောက်တခုက ဝီလျံယက်တောရဲ့ ဇနီးက သတင်းစာတွေကို ပြောပုံအရ ဝီလျံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါရှိတယ်။ ဆီးချိုလည်းရှိတယ်တဲ့။ သည်ပုံအတိုင်းဆို သူ့အသက်အရွယ်နဲ့ အင်းလျားကန်ကို ကူးဖြတ်ရမယ်ဆိုရင် လမ်းတဝက်မှာကတည်းက ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ်ဗျ။ ကျုပ်တို့လူက ကြောက်လည်း ကြောက်တတ်သတဲ့။ အခုကျတော့ သူလုပ်ပုံက 007 (ဂျိမ်းစ်ဘွန်း)လို စွန့်စားခန်းကို လုပ်သွားတာမဟုတ်လား။”

(ကျွန်ုပ်) “ဒါဆိုရင် ဂျွန်ဝီလံယက်တောဟာ အင်းလျားကန်ထဲကတဆင့် ရေကူးသွားတာ မဖြစ်နိုင်ဘူးပေါ့”

ထိုအခါ ဦးရှံစားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး……

“ကျုပ်တော့ မထင်ဘူး… ကိုဒိန်းဒေါင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တောင် ကဗျာတပုဒ် အပြောင်အပျက် စပ်ထားပါသေးတယ်ဗျ”

ဟုဆိုကာ ကဗျာတပုဒ်ကို အောက်ပါအတိုင်း သံနေသံထားဖြင့် ရွတ်ပြလေသည်။

ယက်တောက အပြန်
ကန်လယ်မှာ ရေသန့်ဘူးဆိုလို့
မောင်ကူးကာပြေး။

မနက်ခင်းဆီက
ထောင်တွင်းကို မောင်ဝင်တော့
သူ့ဆံပင် ဒိုက်ပင်ဖတ်တွေနဲ့
အနေကြပ်တယ်လေး။

ထိုကဗျာကို ကြားရသောအခါ ကျွန်ုပ်လည်း ဝီလျံယက်တောခေါင်းတွင် အင်းလျားကန်မှ ဒိုက်များ ကပ်ငြိနေပုံကို မြင်ယောင်ကာ တက်မတတ် ချက်မတတ် ရယ်မောမိသည်။

အတန်ကြာမှ ကျွန်ုပ်က…..

“ယက်တောက အင်းလျားကန်က ဖြတ်လာတာ မဖြစ်နိုင်ဘူးဆိုရင် ဘယ်ကနေ အိမ်ထဲကို ဝင်မလဲဗျာ။ သတင်းတွေအဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယက်တောကို တွေ့တယ်ဆိုတော့ အိမ်ထဲကို ရောက်တယ်ဆိုတာကတော့ အသေအချာပဲ”

(ဦးရှံစား) “နောက်ဖေးပေါက်က မဝင်ရင် အိမ်ရှေ့က ဝင်ဖို့ပဲ ရှိတော့တာပေါ့ဗျာ။ အခုနောက်ပိုင်း ထွက်လာတဲ့ သတင်းတွေအရ ဝီလျံယက်တောဟာ အစိုးရသတင်းစာထဲမှာ ဖော်ပြသလို ဟိုတယ်ကနေ အင်းလျားကန်ကိုသွား၊ အင်းလျားကန်က ရေကူးပြီး ဝင်တာမဟုတ်။ သတင်းစာထဲမှာ ယက်တောပုံကို မြင်တော့ တက္ကစီသမားတယောက်က မှတ်မိသွားပြီး ဒီလူကို သူလေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကိုတိုက်ရိုက် သူ့တက္ကစီနဲ့ ခေါ်သွားပေးရတယ်။ ဟိုရောက်တော့ လုံခြုံရေးအစောင့်တွေကို ယက်တောက ကဒ်အနီတခုပြလိုက်တော့ အစောင့်တွေက အိမ်ထဲကို ခေါ်သွားတာ မြင်လိုက်ရတယ်လို့ ပြောတယ်ခင်ဗျ။ ဒီသတင်းသာ မှန်မယ်ဆိုရင် ဒီအမှုဟာ အာဏာပိုင်တွေဖက်ကနေ အတင်းအကြပ် လုပ်ဇာတ်ခင်းတယ်ဆိုတာ ပေါ်လွင်နေတာပေါ့ဗျာ။”

(ကျွန်ုပ်) “ဒါပေမယ့် တက္ကစီသမားကို သက်သေခေါ်နိုင်ဖို့တော့ လွယ်မယ်မထင်ဘူးဗျို့။ အာဏာပိုင်တွေက သူတို့ ခြေနဲ့ရေးထားတာကို လက်နဲ့ဖျက်ဖို့ ကြိုးစားသူမှန်သမျှကို ချမ်းသာပေးမယ်မထင်ဘူး”

(ဦးရှံစား) “သေချာတာပေါ့ဗျာ။ ဒီအမှုမှာ ဘယ်သူဟာ တရားခံလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်ဗျ။ ဒီအမှုမှာမှ မဟုတ်ပါဘူး။ အခြား ဖြစ်ရပ်တော်တော်များများမှာ သူခိုးက လူလူဟစ်နေတာတွေကို တွေ့နိုင်ပါသေးတယ်။

(ကျွန်ုပ်) “အလို…. တခြားဖြစ်ရပ်တွေ ရှိသေးတယ် ဟုတ်စ၊ လင်းစမ်းပါဦးဗျာ”

(ဦးရှံစား) “ကိုဒိန်းဒေါင်တယောက်မလဲ တယ်လဲ အမှတ်သညာ နည်းသကိုးဗျာ။ ဒီလိုဗျာ…. ပထမဦးဆုံးအနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့အနိုင်ရတော့ နအဖ အစိုးရဟာ သူ့ကတိအတိုင်း အာဏာလွှဲမပေးပဲနဲ့ လူထုက ရွေးချယ်တင်မြှောက်သူတွေကို ဟောသည်လို စွတ်စွဲသဗျ။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာကို ဖြတ်လမ်းနည်းနဲ့ ယူဖို့ ကြိုးစားနေပါတယ်။” တဲ့။

(ကျွန်ုပ်) “အေးဗျ။ ဟုတ်သဗျ။ သူခိုးက လူလူ ဟစ်တာမျိုးပေါ့။”

(ဦးရှံစား) “နောက်တခါ မတ္တရာအမတ်ဦးသန်းလွင်ကို ကြံဖွံ့အဖွဲ့သားတယောက်က သံလက်သီးနဲ့ မျက်နှာကို ထိုးတဲ့အမှုမှာ ထိုးတဲ့လူကို အရေးမယူပဲ အထိုးခံရတဲ့ လွှတ်တော်အမတ်ကို ထောင်ထဲထည့်တယ်လေဗျာ”

(ကျွန်ုပ်) (တောက်တချက်ခေါက်လိုက်ပြီး)…“မိုက်ရိုင်းလိုက်တာဗျာ”

(ဦးရှံစား) “ဒါ… ဘာဟုတ်သေးလဲဗျ။ ဒီပဲယင်းလူသတ်ပွဲမှာလည်း လူသတ်တရားခံတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက လွတ်နေပြီး အရိုက်ခံရတဲ့ အပြစ်မရှိတဲ့လူတွေကိုသာ ထောင်ဒဏ်တွေ၊ နေအိမ်အကျယ်ချုပ်တွေ မတရားချမှတ်ထားတာမို့လား”

(ကျွန်ုပ်) “အေးဗျာ။ တွေးမိတိုင်း နာကျည်းမိတယ်။”

(ဦးရှံစား) “ဒါတွင် ဘယ်ကမလဲဗျာ။ ရွှေဝါရောင်တော်လှန်ရေးမှာ အေးချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးအကျဉ်းချ၊ အတင်းလူဝတ်လဲခိုင်းပြီး ရိုက်နှက်သတ်ဖြတ်သူတွေကိုတော့ သူကောင်းပြုထားသဗျ”

(ကျွန်ုပ်) “တူသောအကျိုးပေးပါစေဗျာ”

(ဦးရှံစား) “နောက်တခါ နာဂစ်မုန်တိုင်းတိုက်တော့ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာတို့ကို ထောင်ထဲထည့်ပြီး ကူညီလှူဒါန်းတဲ့ပစ္စည်းတွေကို ကြားကဖြတ်ခုတ်တဲ့လူတွေကိုတော့ လွှတ်ပေးထားတာလည်း ရှိသေးသဗျ”

(ကျွန်ုပ်) “အံမယ်လေး၊ ကိုရှံစားရယ်။ ခင်ဗျားပြောပြမှ ဆင်ဆင်တူတဲ့ အမှုတွေက အများကြီးပါလားဗျာ”

(ဦးရှံစား) “ဟုတ်တယ်ဗျိုး။ အခုနောက်ဆုံး ဂျွန်ဝီလျံယက်တောအမှုမှာလည်း အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အမှုဆင်ပြီး ဒုက္ခပေးဦးမယ်လို့ ယူဆရတယ်။”

(ကျွန်ုပ်) “အေးဗျာ။ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ဒါထက် ခင်ဗျားတယောက်လည်း အခုတလော ငြိမ်ချက်သားကောင်းလိုက်တာဗျာ။ အမှုတွေ ဘာတွေ လိုက်လံ မဖော်ထုတ်တော့ဘူးလား”

(ဦးရှံစား) “အင်း… ကျုပ်ရဲ့ အလုပ်က ဒီခေတ်ကြီးနဲ့ မသင့်တော်လို့ ရပ်ဆိုင်းထားလိုက်ပါပြီ။ အခုခေတ်ကြီးမှာ အပြစ်မရှိသူက ထောင်ကျပြီး တကယ့်တရားခံတွေက လွတ်နေတာမျိုးဆိုတော့ ကျုပ်က အမှုမှန်ဖော်ပေးရင် အပြစ်မရှိသူတွေ နေရင်းထိုင်ရင်း ဒုက္ခရောက်ကုန်မှာ စိုးရသဗျ။ ဒါကြောင့် ကျုပ်ပညာကို ထုတ်မပြဝံ့တော့ပဲ အိမ်ထဲမှာ ဘာမှမသိသလို ငြိမ်နေရတာပေါ့ဗျာ။

(ကျွန်ုပ်) “အေးဗျာ။ ခေတ်ကြီးက မကောင်းတော့လည်း ဒီလိုပဲပေါ့။ ကဲ…. နေတောင် အတော်စောင်းနေမှပဲ။ ပြန်တော့မယ်ဗျို့။ မဟုတ်ရင် ကျုပ်တို့ကိုပါ ဧည့်စာရင်းမတိုင်မှုနဲ့ ဆွဲထည့်နေမှ ထောင်ထဲမှာ ဝီလျံယက်တောနဲ့ ဆုံနေရဦးမယ်။ သွားပြီဗျိုး။”

သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားကို နှုတ်ဆက်လျက် အင်းစိန်လော်ကယ်ကို ကြပ်ကြပ်ညပ်ညပ် တိုးစီးကာ ပြန်ခဲ့သည်။ လမ်းတွင် လမ်းဘေး၌ ထောင်ထားသော ဆိုင်းပုဒ်ကြီးတခုကို ဖတ်လိုက်ရသောအခါ ကျွန်ုပ်၏ သွေးများ ဆူဝေသွားလေတော့သည်။

“ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဟူသတည်း။

————— got from fwd msg

3 comments

  • fatty

    July 14, 2010 at 7:13 am

    If NLD cannot fall in to boiling water ….they will say that YOU ARE BIG….TRY AGAIN… ( my article ah! joke )

  • intro

    July 14, 2010 at 1:57 pm

    ကောင်းလိုက်တဲ့ Post ဗျာ… ဖတ်ရတာ တော်တော့်ကို ကောင်းတယ်… အသိဉာဏ်တွေပါ လင်းခနဲ၊ လင်းခနဲ ပဲ… 😀

  • sususan

    July 14, 2010 at 3:37 pm

    အော်ဂလိုကြီးလားတွေးလေတွေးလေ..
    ရေးရေးပေါ်လေ..မတွေးတာမှကောင်းမယ်
    ယုံတမ်းစကားတွေကို..ပေါက်သင်ညိုလုပ်ရတာပဲ
    အနေချောင်.အစားချောင်ပါတယ်လေ..

Leave a Reply