မိမိပြုတာ ကုသိုလ် တစ်ပါးသူအတွက် အကုသိုလ်။
မိမိပြုတာ ကုသိုလ် တစ်ပါးသူအတွက် အကုသိုလ်။
ကုသိုလ်ဆိုတာ ကောင်းသောအမှု့ကိစ္စရပ်ကို လုပ်ဆောင်ခြင်းလို့ဆိုကြပြီး အကုသိုလ်ဆိုတာ မကောင်းသော အမှု့ကိစ္စရပ်ကို လုပ်ဆောင်ခြင်းပါ။ အဲဒီတော့ ကောင်းတာတွေလုပ်ရင် ကုသိုလ်ကောင်းမှု့ပြုကြတယ်လို့ ချီးမွှမ်းကြတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံ မိမိကောင်းတာတွေ ကောင်းမှု့ပြုလုပ် တာတွေဟာ မိမိအတွက် ကုသိုလ် ရတယ်လို့ဆိုနိုင်ပေမယ့် မိမိပြုတဲ့ ကုသိုလ်လုပ်ရပ်သည် တစ်ပါးသူအတွက် အကုသိုလ် ဖြစ်နေတာ တွေကိုတွေးမိလာတော့ အဲလိုတစ်ပါးသူအတွက် အကုသိုလ်ဖြစ်စေတဲ့ မိမိကုသိုလ်ပြုမှု့တွေကိုရော လုပ်သင့် သလား တွေးမိတာနဲ့ ရေးမိပြန်ပါတယ်။
တစ်ခုကတော့ ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့ ဓမ္မာရုံက မြန်မာလို လဆန်း ၆ ရက်မနက်ဆိုအာရုံဆွမ်း ဘုံဆွမ်း လောင်းတယ်။ အဲဒီအတွက်ကို ဘုံဆွမ်းမလောင်းမှီ ၂ ရက်လောက်အလိုမှာ မနက် ၅နာရီခွဲလောက်ကထဲက လော်စပီကာက ၂ လုံး၊ အလွန်ကြီးသော ဆောင်းဘောက်က ၄ လုံးနဲ့ ဓမ္မတေးသီချင်းတွေဖွင့်၊ အလှုဒါနပြုခြင်း ရဲ့အကျိုးအပြစ်တွေဟောပြောနဲ့ စတင်ပြီးအလှုခံကြတာ ည ၁ဝ နာရီလောက်အထိဘဲ၊ အဲဒီပတ်ဝန်းကျင်နားက အိမ်တွေဆိုရင် ဘုံဆွမ်းလောင်းလို့ ပိတိပွားကုသိုလ်ယူကြဖို့ထက် မနက်ဖြန်မနက် အလှုခံဖို့ အသံချဲ့စက်တွေ တပ်ဆင်နေပြီဆိုရင်ကို အလိုက်မသိတတ်ဘူး ဒီဓမ္မာရုံဒီနားရှိတာ မကောင်းဘူး တစ်နေကုန်နားကိုညီးနေတာ ဘဲ၊ စသည့်ဖြင့်မခံရပ်နိုင်တော့လည်း ဒေါသဖြစ်ကြ ဝန်တိုစိတ်ပွားကြနဲ့ မိမိပြုတာတော့ ကုသိုလ်ရေးအလုပ်ပါ ဒါပေမယ့် တစ်ပါးသူတွေအတွက် အကုသိုလ် ဖြစ်နေတာဆိုတော့ ဘယ်လိုပြောရမလဲဟင် လုပ်သင့်ပါသလား။
နောက်တစ်ခုက သူငယ်ချင်းတစ်ယောက်ရဲ့အဖေအကြောင်းပါ၊ ခင်ခ အရမ်းခင်တဲ့သူငယ်ချင်း တစ်ယောက်ရဲ့ အဖေက အရက်သောက်တတ်တယ်၊ အဲဒီဦးကြီးက စိတ်ကောင်းတော့ရှိတယ် အခြားသူကို ကူညီပေးတတ်တဲ့ အကျင့်ကောင်းလေးရှိတယ်၊ သူအရက်သောက်ပုံကျတော့ တစ်မျိုးဗျ၊ နေ့ခင်းဘက်ကို အမူးသောက် ပြီးတော့ မှောက်ဆိုသလို နေ့လည်သောက်ပြီးအိပ်တယ်၊ ညကျရင်တော့ အရက်သောက်ပေမယ့် မအိပ်သေးဘဲ တရား ခွေတွေဖွင့်ပြီး နားထောင်နေတတ်တာ၊ တရားခွေဖွင့်တာလည်း တိုးတိုးမဟုတ်ဘူး အိမ်ထဲအကျယ်ကြီးဆိုတော့ ညဖက် ခင်ခ သူငယ်ချင်းတွေ ကျောင်းကပြန်ရောက်ပြီး စကျက်ချင်ရင် စာကျက်မရဘူး ကတ်ဆက်တရားဖွင့်သံ ကဆူနေလို့လေ၊ အဲဒီကျသူငယ်ချင်းနဲ့ သူအဖေအမြဲရန်ဖြစ်ကြရတယ် အဲလိုရန်ဖြစ်တဲ့အခါတိုင်း အဲဒီဦးကြီးက “နင်တို့က တရားသံကို မခံနိုင်ရအောင် ပြိတ္တာတွေ ဒိဌိတွေလား´´ လို့ပြောရင် သူငယ်ချင်းကလည်း ပြန်ပြော မိတယ် “ သူ့ကြည့်တော့ကျ အရက်သောက်ပြီး တရားနာတယ်´´ လို့၊ ဦးကြီးကလည်းပြန်ပြောတယ် “အရက်သောက်သူ တရားမနာရမရှိဘူးလေ´´ အဲလိုဘဲ အဖေနဲ့စကားနိုင်ပြော ကြရတော့ရယ် မိဘအရက် သောက်တာကို အပြစ်မြင်တတ် ဝေဖန်ကဲ့ရဲ့တော့ သားသမီးအနေနဲ့ ဘယ်ကောင်းပါ့မလဲလေ၊ ကိုယ်က တရားဖွင့်ပြီး တရားနာတယ်ဆိုပေမယ့် တစ်ခါတလေတော့လည်း အချိန်အခါ ဝန်းကျင်အနေအထားကလည်း ရှိသေးတယ်မလား၊ တစ်ချို့ရုံးတွေမှာလည်းရှိတတ်တယ် အသက်အရွယ်ကြီးသူတွေက ရုံးခန်းထဲကွန်ပျူတာ သုံးရင်း တရားဖွင့်နာနေတတ်ကြတယ် အဲလိုဆို မိမိဝန်းကျင်မှာရှိနေတဲ့ အခြားဝန်ထမ်းငယ်တွေခဗျာ မပြောရဲ လို့သာနေကြပေမယ့် ဘာတွေဖွင့်နေမှန်းမသိ နားကိုညဉ်းနေတာဘဲ လို့စိတ်လေးဖြစ်ရင်ကို ကိုယ်က လုပ်တာ ကုသိုလ်ဆိုပေမယ့် တစ်ပါးသူအတွက်ကျတော့ အကုသိုလ်စိတ်ဖြစ်တတ်လို့ ဘယ်လိုပြောရမလဲဟင် လုပ်သင့် ပါသလားလို့။
နောက်တစ်ခုက အလှုခံတဲ့အခါမှာ တန်းညှိပြီးအလှုခံကြတဲ့ကိစ္စပါ၊ ဒါန အလှုဆိုတာ မလှုမှီကာလရယ်၊ လှုနေ တဲ့လက်ရှိကာလရယ်၊ အလှုပြီးသွားတဲ့ကာလရယ် အဲဒီကာလ၃မျိုးစလုံး သဒ္ဒါကြည်ညိုစိတ်ရှိနေမှ အကျိုးပိုရှိ တဲ့အကြောင်းတော့ ဘာသာရေးစာပေတွေမှာဖတ်ဖူးပါတယ်၊ အဲဒီတော့ အလှုဒါနပြုခြင်းဆိုတာ မိမိပိုင်အရာ တစ်ခုကို ပေးကမ်းစွန့်ကျဲခြင်းပါဘဲ၊ ငွေကြေးဖြစ်နိုင်သလို အခြားအရာဝတ္တုပစ္စည်း သက်ရှိ၊ သက်မဲ့လည်း ဖြစ်နိုင်ပါတယ်၊ ဘာဘဲဖြစ်ဖြစ် လှုတဲ့သူကို လှုချင်လာအောင် လှုံဆော်တဲ့နိဗ္ဗာန်ဆော်ကလည်း ကုသိုလ်ရပါ တယ်၊ သို့ပေမယ့် တစ်ခါတစ်လေ ကြုံရတဲ့အဖြစ်က အလှုအင်အားကြီးအောင် ဘယ်သူတော့ ဘယ်လောက်လှု တယ်၊ မင်းတို့တော့ ဘယ်လောက်လှုကွာ ဒါမှကောင်းမှာ အဲလိုယှဉ်ပြိုင်နိုင်းယှဉ်ပြီး အလှုခံတဲ့အခါကျတော့ လူဆိုတာ အမြဲအဆင်ပြေနေ ကြသူတွေ မဟုတ်ဘူးလေ အကယ်လို့အခက်အခဲရှိနေချိန်ဆိုရင် မျက်နှာမငယ် ချင်လို့လှုလိုက်ပေမယ့် လှုလိုက်သူရင်ထဲမှာတော့ သဒ္ဒါမပြတ်သမို့ မိမိ ကတော့ ကုသိုလ်ရေး တိုက်တွန်းတယ် ဆိုပေမယ့် တစ်ပါးသူအတွက်ကျတော့ နှမျောပြီး အကုသိုလ်စိတ်ဖြစ်တတ်လို့ ဘယ်လိုပြောရမလဲဟင် လုပ်သင့်ပါသလားလို့။
နောက်တစ်ခု ခင်ခ ရန်ကုန်ရောက်စဉ်ရွှေတိဂုံဘုရား မနက်ပိုင်းတက်ရောက်ဖူးတုန်းကတွေ့ခဲ့တဲ့မြင်ကွင်း လေးပါ၊ အဆင်သင့်ပြင်ပေးတဲ့ ဆွမ်းတော်ပွဲလေးကို ဝယ်ယူပြီးဘုရားကပ်ကြပါတယ်၊ ကောင်းမွန်တဲ့အလေ့ အထ ကြည့်ညိုဖွယ် ကုသိုလ်ပြုလုပ်ရပ်လေးပါ၊ ဒါပေမယ့် ဆွမ်းတော်ကပ်လို့ ဘုရားရှစ်ခိုးကောင်းမှု့ပြုပြီး ဆွမ်းတော်တင်ကပ်တဲ့ဗန်းကို ထားခဲ့တော့ ခိုတွေ ကျီးတွေက လာပြီးတဝဲဝဲနဲ့စားသောက်ကြတယ်၊ အဲဒီနား ရေသပ္ပါယ်တဲ့သူတွေ ဘုရားရှစ်ခိုးနေတဲ့သူတွေ အခက်အခဲဖြစ်ကြရတယ်၊ ဆွမ်းတော်ဗန်းကို ဒီအတိုင်းထားခဲ့ပြီး သိမ်းတဲ့သူကလည်း ချက်ခြင်းမသိမ်းနိုင်တော့ မိမိကကုသိုလ်ပြုလုပ်တာဆိုပေမယ့် တစ်ပါးသူမှာ အခက်အခဲ ဖြစ်ြ့ပီး စိတ်ထဲမတော်ရာတွေးပြောဆိုမိတော့ မကောင်းဘူးပေါ့၊ ဆွမ်းတော်ကပ်ပြီး ပြုဖွယ်ကိစ္စလေးပြီးရင် ဆွမ်းတော်ဗန်းလေး ပြန်ကာ စွန့်လို သိမ်းပေးခဲ့သင့်တယ်လို့ ထင်မိတာဘဲလေ။
နောက်တစ်ခုက ဘုရားမှာ ရှင်လောင်းလှည့်တော့ သဒ္ဒါကြည်ဖြူပိတိဖြစ်လို့ ငွေဖလားထဲ အဿပြာငွေစက္ကူ တွေကိုထုတ်ကျဲတဲ့အပြုအမူလေးပါ။ တစ်ချို့က ငွေစက္ကူလေးတွေကို ခေါက်ပြီးကျဲကြပေမယ့် တစ်ချို့ကတော့ ငွေစက္ကူအတိုင်း ကျဲလိုက်ကြတာလေ အဲဒီတော့ လေတိုက်လိုက်ရင်ဘဲ ရင်ပြင်ပေါ်မှာ ဘုရားရှစ်ခိုးနေတဲ့သူ တွေကြားထဲလည်းကျရော ငွေစက္ကူကောက်သူတွေက အတင်းတိုးဝှေ့ကောက်တဲ့အခါ အေးဆေးထိုင်ကာ ဘုရား ဝတ်ပြုဖူးသူတွေခဗျာ ရုတ်ရုတ်သဲသဲဖြစ်ကြတာပေါ့၊ မိမိက သဒ္ဒါပိုလို့လှုတယ်ဆိုပေမယ့် တစ်ပါးသူ အတွက်ကြတော့ ဘယ်လိုပြောရမလဲဟင် လုပ်သင့်တယ်လို့ထင်ပါသလားဗျာ။
နောက်တစ်ခုက မန္တလေးဘုရားကြီးဖြစ်တဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်မှာ ရွှေသင်္ကန်းကပ်လို့ ကုသိုလ်ယူ တတ်ကြပါတယ်၊ အမျိုးသားများသာ ဆောင်ရွက်ခွင့်ရှိတာပါ။ အဲဒီလို အမျိုးသားများရွှေသင်္ကန်း ဘုရာကြီးကို ကပ်နေတဲ့အချိန်မှာဘဲ ဘုရားကြီးကို ဖူးမျှော်ကြည်ညိုလို့ ဘုရားရှစ်ခိုးနေသူ အာရုံပြုကောင်းမှု့ပြုနေသူ ဘုရား ကြီးမျက်နှာတော်ကို ဖူးမျှော်ဦးခိုက်နေသူ သံယာတွေ အမျိုးသား အမျိုးသမီးတွေကလည်း များစွာဘုရားကြီး အရှေ့ကျောင်းတိုက်ရင်ပြင်မှာ ရှိနေကြပါတယ်၊ အဲဒီမှာ တစ်ခါကကြုံခဲ့တာ ယူနီဖောင်းဝတ်အမျိုးသားနှစ်ဦးက ဘုရားကြီးကိုရွှေသင်္ကန်းကပ်တော့ ဘုရားကြီးရဲ့အရှေ့တည့်တည့်မှာ မတ်တတ်ရပ်လို့ကပ်တော်မူကြတယ် လေ၊ အဲဒီတော့ သူတို့က ဘုရားကြီးကိုရွှေလှမ်းချတဲ့အခါ ခုနအရှေ့ရင်ပြင်မှာ ဘုရားကြီးကိုကြည်ညိုဖူးမျှော် ဘုရားရှစ်ခိုးနေတဲ့ သံယာတွေ အမျိုးသား အမျိုးသမီးတွေကို အပေါ်က ဖင်ကုန်းပြနေသလိုဖြစ်ပြီး ဘုရားကြီး မျက်နှာတော်လည်း ကောင်းစွာဖူးလို့မမြင်နိုင်ဘူးလေ၊ ဂေါ်ပကနဲ့ ဘုရားလုံခြုံရေးတွေကလည်း ကျန်တဲ့အရပ် ဝတ်နဲ့ အမျိုးသားတွေဆို ဘုရားကြီးအရှေ့က ထိုင်ပြီးတော့ ရွှေသင်္ကန်းကပ်ပေးပါလို့ သတိပေးပြောဆိုတတ် သော်လည်း ယူနီဖောင်းဝတ်တွေကိုတော့ ဘာလို့ထိုင်ကပ်ဖို့မပြောကြတာလဲမသိ အဲဒီယူနီဖောင်းဝတ်တွေက လည်း အမှန်ဆိုဘုရားကြီးရှေ့ရင်ပြင်မှာ ဖူးမျှော်ကြည်ညိုဘုရားရှစ်ခိုနေကြသော သံယာတော်တွေအပါအဝင် ဘုရားရှစ်ခိုးသူတွေကို လေးစားသဖြင့်ထိုင်ပြီး ဆောင်ရွက်သင့်ပါတယ်လေ။ အဲလိုမဟုတ်တော့ မိမိက ကုသိုလ် ပြုရွှေသင်္ကန်းကပ် ဆောင်ရွက်တာမှန်ပေမယ့် တစ်ပါးသူအတွက်ကြတော့ ဘုရားရှစ်ခိုးရင်း ဘုရားကြီး မျက်နှာတော်ကိုသေချာဖူးခွင့်မရလို့ စိတ်တိုမှု့များဖြစ်သွားခဲ့ရင် မခက်ပေဘူးလားဗျာ။
တွေးမိတာလေးတွေကို လျှောက်ရေးလိုက်တာပါ ဆိုလိုချင်တာကတော့ မိမိပြုတာ ကုသိုလ် တစ်ပါးသူအတွက် အကုသိုလ် များဖြစ်နိုင်မယ်ဆိုရင်ဖြင့် ကုသိုလ်ပြုလုပ်တာဘဲ ဘာဖြစ်လဲဆိုပြီးပြုသင့်ပါသလား မိမိရော တစ်ပါး သူရော ကုသိုလ်မျှဝေနိုင်မယ့် လုပ်ရပ်မျိုးစဉ်းစားလုပ်ကြရင် မကောင်းပေဘူးလားလို့———–။
ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။
ကိုခင်ခ
18 comments
လုံမလေးမွန်မွန်
November 6, 2012 at 11:16 am
တို့လေးလေးကတော့ မြင်တတ်တွေးတတ်တယ်နော်… သမီးတို့လည်း အဲ့ဒါတွေကို ကြုံနေရတာပဲ…စာရေးဖို့အထိတော့ အတွေးမရှိခဲ့ဘူး…. 🙂
အမှန်ပါပဲ လေးလေးရေ… သတိထားရမယ့် ကိစ္စပါပဲ… ကိုယ်ကသာ ကိုယ့်အာရုံနဲ့ကိုယ် ကုသိုလ်စိတ်ဖြစ်နေတာ… တစ်ခြားသူအတွက်တော့ အနှောင့်အယှက်ဖြစ်စရာဖြစ်နေနိုင်တယ်နော်… ကိုယ့်ဘက်ကလည်း ဆင်ခြင်ရမှာဖြစ်သလို တကယ်လို့ အနှောင့်အယှက်ဖြစ်ရတဲ့သူက ကိုယ်ဖြစ်နေမယ်ဆိုရင်လည်း နားလည်ပေးနိုင်အောင် ကြိုးစားကြည့်ပါမယ်….
အလုပ်လုပ်ရင်း တရားခွေဖွင့်နေတတ်သော
တူမ မွန်မွန်
ကိုခင်ခ
November 6, 2012 at 11:52 am
လုံမလေးမွန်မွန်ရေ ဦးဆုံးကွန်မန့်အတွက်ကျေးဇူးပါနော်။
ခင်ခ ဒီတစ်ခါပိုစ့်လေးကို ဘာသာရေးနဲ့ဆိုင်တဲ့ အရေးလေးရေးမလို့ အတွေးလေးရှိနေတုန်း
သမီးနဲ့ဂျီတော့ပြောဖြစ်ရင်းက မမျော်လင့်ဘဲ အရေးလေးတစ်ခုကို
အခြေပြုပြီး အတွေးနယ်ချဲ့ကာရေးလိုက်မိတာလေ။
Khaing Zar Win
November 6, 2012 at 11:31 am
အဓိက ကတော့ ကိုယ်ချင်းစာတတ်ရမှာလား ဟင်။
အရင်ကဆို ကျနော်ကိုယ်တိုင်က သိပ်စိတ်မတိုတတ်၊ အနှောင့်အယှက် မဖြစ်တတ်တော့ သူများလည်း ဖြစ်တတ်မယ် မထင်ဘူးဗျ။
ခုတော့ အသက်ကြီးလေ ဆင်ခြင်ရမှာ များလေလေပါလားနော်။ ခက်ပေါ့ ကိုခရယ်၊ ခက်ပေါ့။ ..
jullies cezer
November 6, 2012 at 11:55 am
ဖတ်သွားပါတယ်ကိုခင်ခရေ အဲဒီအလှူခံတွေအသံကျယ်တဲ့အကြောင်းညီမလဲ
ပြောချင်နေတာကြာပြီ အခုအစ်ကိုကပြောပေးတော့အတော်ဖြစ်သွားတာပေါ့
ညီမတို့မြန်မာလူမျိုးတွေဟာ အင်မတန်ဆူညံတာကြိုက်ကြတယ်ထင်တယ်
လှူချင်လို့ကုသိုလ်စိတ်ကလေးဖြစ်နေရင်တောင် သူတို့အသံချဲ့စက်အသံကို
နေ့မနားညမနား နှိပ်စက်တာကြောင့် ရှိပြီးသားသဒ္ဒါစိတ်လေးတောင်ပျက်ပျက်
သွားသလိုခံစားရပါတယ် ……..
ကိုခင်ခ
November 6, 2012 at 12:01 pm
မခက်လိုက်ပါနဲ့ မခိုင်ဇာဝင်းရေ တစ်ခါတလေကျတော့လည်း သတိမမူဂူမမြင်ဆိုလား
ဆိုရိုးစကားရှိတယ်လေ။ ခင်တဲ့ ခင်ခ။
jullies cezer ရေ အမှန်ဘဲဗျာ တစ်ခါတလေလှုမယ်လို့ စိတ်ကူးပြီးမှ ကိုယ်လှုလိုက်လို့ အသံချဲ့စက်ကြီး
နဲ့ကိုယ်အမည် အလှုငွေဘယ်လောက်လို့များ အော်လိုက်ရင်ဖြင့်ဆိုပြီး မလှုဖြစ်တာလည်း
ခင်ခ လုပ်ဖြစ်သေးသဗျှ၊ သဒ္ဒါမပြတ်တာနေမှာပေါ့နော်။
pooch
November 6, 2012 at 2:34 pm
အဲ့ဒီ အသံချဲ့စက် ပြသာနာကတော့ ဘာဆိုးသလဲ မမေးနဲ့ ။ တခါတလေ တိုင်ချင်စိတ်တောင် ပေါက်တယ် ။ ဘယ်တိုင်လို့ တိုင်ရမှန်းမသိလို့ ။ နေပူရတဲ့ အထဲ နားတွေကို အူပြီး ထွက်တောင် ပြေးချင်တယ်။ တကယ်က အဲ့လောက်လည်း အကျယ်ကြီး ဖွင့်စရာမလိုပါဘူး ။ တော်ရုံတန်ရုံဆို ရပါပြီ။
ဦးခ ဘုရားကြီးက ယူနီဖောင်းဝတ်တွေ မျက်နှာသစ်တော်ရေ ညာရောင်းတာ မကြုံရသေးဘူး ထင်တယ်။ မသိနားမလည်တဲ့နယ်ဝေး ဘုရားဖူးတွေကို နားလှည့်ပါးရိုက် လုပ်တာလေ။
Ma Ei
November 6, 2012 at 2:51 pm
ကိုခင်ခရေ…
မန ္တလေး ဘုရားကြီးဖူးရတာများကတော့
သံတခါးတစ်ထပ်၊ သံဃာတော်များသာ တစ်ထပ်
အရေးကြီးပုဂိ္ဂုလ်များ..ပြီးမှ နောက်ဆုံးက အများပြည်သူတဲ့လေ…
အဲ့တော့ ဘုရားလုံခြုံရေးဆီကနေ စစ်မစစ်မသိတဲ့
မျက်နှာသစ်တော်ရေ သနပ်ခါးလုံး နဲ့ သင်္ဃန်းစလေးဝယ်ပြီးတော့
အရေးကြီးပုဂိ္ဂုလ်ခြံဝန်းထဲ ရှေ့ဆုံးမှာ အေးအေးလူလူ ဖူးခဲ့ပါတော့တယ်…
နောက်ကသူတွေများ အကုသိုလ် ရကုန်ကြမလားဘဲနော်…
Khaing Khaing
November 6, 2012 at 3:31 pm
သီတင်းကျွတ်လပြည့်နေမှာ ကုသိုလ်လိုချင်စိတ်နဲ့ဘုရားသွားချင်ပေမယ့် လမ်းတွေပိတ် လူတွေများတာကြောင့် စိတ်ဆင်းရဲမှာ စိုးတာနဲ့ လပြည့်နေ့မတိုင်ခင်က ညနေပိုင်း မီးထွန်းလှည့်လည်ပွဲရှိလို့ ဘုရားကိုသွားဖြစ်ခဲ့ပါတယ် … မီးထွန်းလှည့်လည်မယ် ကောင်လေးတွေက မီးပုံးလေးတွေကိုင်ပီး ဘုရားရင်ပြင်မှာ အသီးသီးနေရာယူနေကြပါတယ် … သူတို့မလာခင်ကတည်းက ညီမက သားဆုပန်ရုပ်တု ရှေ့မှာ ဆုတောင်းနေမိတယ် …. သူတို့အုပ်စုက ညီမကိုမကြည့်ပဲ အနောက်ကို တဖြည်းဖြည်းဆုပ်လာတာ သူ့ရဲ့တင်ပါးနဲ့ညီမခေါင်းကိုတိုက်မိမလို ညီမကိုခလုတ်တိုက်မိတော့မှာ ညီမလည်း ဘုရားကို ကဗျာကရာ ဆုတောင်းရှိခိုးပြီး သူ့ကိုမော့ကြည့်မိတယ် … ကိုယ်က ကုသိုလ်စိတ်ကြောင့် ဒေါသကို ချက်ချင်းထိန်းသိမ်းခဲ့ပါတယ် …. နောက်တော့ တနင်္လာဒေါင့်မှာ ဘုရားဝတ်ပြုတော့လည်း ညီမဘေးမှာ ဘုရားဝတ်ပြုပြီးသွားတဲ့ အမျိုးသားကြီးတစ်ဦးက လမ်းလျှောက်တာ ညီမကိုသူ့ခြေသည်းတွေနဲ့ခလုတ်တိုက်လိုက်တာ ခြေထောက်ပဲ့သွားအထိပါပဲ … ဘုရားလာတော့လည်း ကုသိုလ်ကနေ အကုသိုလ်စိတ်မဖြစ်အောင် ထိန်းထားခဲ့ပါတယ် …. လူတွေက ဘုရားပေါ်သွားလာရင် ကိုယ်ရှိခိုးပြီးပြီးရော တစ်ခြားဘုရားဝတ်ပြုသူတွေကို ရိုသေမှုမရှိတာတွေ အများအပြားတွေ့နေရပါတယ် …
ကိုခင်ခ
November 6, 2012 at 4:02 pm
ဘုရားကြီးမျက်နှာသစ်တော်ရေနဲ့ မျက်နှာသုတ်ပဝါ မန်းရောက်ခါစနှစ်က ရောင်းလို့ဝယ်မိပါသေးတယ်
မမယ်ပုရေ၊ ကိုယ်ကလည်းမန်းရောက်ခါစမို့ မသိဘူးလေ၊ ခုတော့ ကိုယ်လည်းမဝယ်တော့သလို
လိုက်ပို့တဲ့ ဧည့်သည်ကဝယ်မယ်လို့လုပ်လည်း ရှင်းပြလိုက်တယ်လေ။
မအိလည်းဒါဆို အရေးကြီးပုဂိ္ဂုလ်စာရင်းမှာ မှတ်ထားလိုက်တော့မယ်နော်။( စတာပါနော် )
မမခိုင်ရေ ဟုတ်ပဗျာ တစ်ခါတလေ ရှေ့ဘုရားကြည့်မရှစ်ခိုးရဘူး ဘေးကိုခဏခဏကြည့်ဖြစ်နေလို့
နောက်ပိုင်းတော့ ရွှေတိဂုံဖူးရင် တန်ဆောင်းတွေထဲကဘဲ ဖူးဖြစ်တာများတယ်လေ။
Shwe Ei
November 6, 2012 at 5:16 pm
ဂေါ်လံနဲ့ အလှူခံတာကို တော့ စိတ်ညစ်ဆုံးဘဲ အန်ကယ်ခရေ။ ကျန်တဲ့ကိတ်စတေကတော့ ကျိရှောင်ရမှာပေါ့။ သမီးတော့ ဘုရားစုံသာ လှည့်ဖူးတာ အလှူခံမထည့်မိခဲ့ဘာလားလို့ အခုမှ စဉ်းစားမိတယ်။
(စကားမစပ်) မန်းလေးရောက်တုန်း တကူးတကန့်လာတွေ့ပေးတဲ့ အန်ကယ်ခ နဲ့ လေးပေါက်ကို ကျေးဇူးအများရီးတင်ပါဂျောင်း။
candle .
November 6, 2012 at 6:37 pm
အင်း..သူများလုပ်လို ့ကိုယ်စိတ်အနှောက်အယှက်ဖြစ်မိတာ အမှန်ပါဘဲ..
ဒါ့ကြောင့် ကိုယ်လုပ်လို ့သူများစိတ်အနှောက်အယှက်မဖြစ်အောင် အတတ်နိုင်ဆုံး
သတိထားရှောင်ရှား မိပါတယ်….
အားပေးလျှက်….
အလင်းဆက်
November 6, 2012 at 7:20 pm
ဟုတ်တယ်နော် ။ ကိုယ် လုပ်လိုက်တဲ ့ အလုပ်ကို..
လုပ်မိတိုင်း..လုပ်မိတိုင်းမှာ…
ပြန်စဉ်းစားရမယ်…။
🙂
kolumbus
November 6, 2012 at 7:39 pm
Bravo ပါကိုခင်ခ။ ဒါမျိုးတွေကို ကျနောလည်း ဘဝင်မကျဖြစ်တာကြာပါပြီ။ အခုလိုရေးပြပေးတာ ဖတ်ရလိုကျေးဇူးတင်ပါတယ်။ နောက်ထပ်ရှိသေးတယ်….
လမ်းဘေးမှာ ခိုစာကျွေးတာတွေ၊ ခွေးလေ ခွေးလွင့်တွေကို အစာကျွေးတာတွေ…
ကိုယ် ကုသိုလ်ရဖို့ သူတပါး ဒုက္ခခံ ရတာတွေ တတ်နိုင်သမျှ နည်းစေချင်တယ်။
ဘုရားတွေမှာ ကန်ထရိုက်စနစ်သုံးတာတွေ မရှိသင့်ဘူးလို့ထင်တယ်။ ဘုရားတွေမှာ ကြီးကြပ်ကွက်ကဲဖို့ ဂေါပကအဖွဲ့တွေရှိတယ်… နာယက ဆရာတော်တွေ ရှိတယ်… သန့်ရှင်းရေး… လုံခြုံရေး… အဖွဲ့မျိုးစုံ အပြင် စေတနာဝန်ထမ်းတွေ နေ့ အလိုက် ဘုရားဝေယျာဝစ္စ ဆောင်ရွက်ပေးတဲ့ အဖွဲ့ တွေရှိတယ်။ ဒါကြောင့် ကန်ထရိုက်ပေးပြီး လုပ်ခိုင်းစရာ မလိုဘူး။ ကန်ထရိုက်တွေကြောင့် ဘုရားဖူး တွေ စိတ်အနှောင့်အယှက် မကြာခဏဖြစ်ရတယ်။ ဂေါပက အဖွဲ့ ကိုယ်တိုင် လိုအပ်တဲ့ ဝန်ထမ်းတွေ ရွေးချယ်ခန့်အပ်ပြီး ဆောင်ရွက်တာ ပိုသင့်တော်မယ်ထင်တယ်…
ကိုပေါက်(မန္တလေး)
November 6, 2012 at 10:28 pm
ဒီအကြောင်းတွေ ပြောလဲပြော ရေးလဲရေးခဲ့ပေါင်းများပေါ့။
သို့သော်လည်း ထိုးနည်း၎င်း ဒုံရင်း ဒုံရင်းအတိုင်းပါဘဲ ကိုခရေ
မိုချို
November 7, 2012 at 9:19 am
ဦးခင်ခ ရေ
ကျမ စိတ်နဲ့ ထပ်တူ ထပ်မျှ ရှိတဲ့ ပိုစ့်လေး ပါပဲ။ မန်းတေလေး ကို တစ်ခေါက်ပဲ ရောက်ဖူးတယ်၊ ဘုရား ကြီး ဖူးခဲ့ ရတဲ့ အတွေ့ အကြုံ ကို ပြန် စဉ်း စား လိုက် ရင် အပေါ် မှာ ရေးခဲ့ ၊ မန့် ခဲ့ကြတဲ့ အတိုင်း ပဲ ကုသိုလ်စိတ်ထက် အကုသိုလ် က ပို များ နေခဲ့ တယ်။
ရန်ကုန် က ရွှေ တိဂုံမှာလည်း ဘုရား ပေါ် စတတ် ပြီး ဆို တည်း က ဖိနပ် ၁ ရံ ပဲ ဆံ့ တဲ့ အိတ် ၁ လုံး ကို ၁၀ဝ ယူတယ်။ စိတ် က စ ပြီး ညစ်နွမ်း သွား ရ ပြီ။ ကိုယ့် ဘာ ကိုယ် သဒ္ဒာ သလောက်လှူ ဆိုရင် ၅၀ဝ လည်း ဖြစ်ချင် ဖြစ် မယ်၊ ၁၀၀ဝ လည်း ဖြစ်ချင် ဖြစ်မယ်၊ သိပ် အဆေင် မပြေတဲ့ သူ ဆိုရင် အိတ် ၃ လုံး ယူ ရ ပေမယ့် ရှိ တဲ့ အကြွေလေး ၁၀ဝ ပဲ ထည့် ရင် ထည့် သွား မယ်။ ဒါပေမယ့် အဲဒါ က တကယ် စေတနာ ပါတဲ့အလှူ ငွေပါ ။
ငှက်ပျောပွဲ ၊ အုန်း ပွဲ ရောင်း တာ တွေ ကန်ထရိုက် ပေးတာ ပြောစရာ မလိုပေမယ့် ဘုရား ဖူး လာသူတိုင်း နဲ့ သက်ဆိုင် နေတဲ့ ဖိနပ်အိတ် ကန် ထရိုက် ကိုတော့ မထား သင့် ဘူး ထင်ပါတယ်။
ဆောင်းတန်း ၄ခု မှာဘိနပ် ကို အိတ်ထဲ ထည့် ဖို့ သတိပေး စာတန်း ကပ်၊ အလှူ ခံ ပုံးလေး ထား ပြီး ဖိနပ် အိတ် ကလေးတွေ ချိတ် ထား ပေး ရင် ဘုရား ဖူး လာသူ တွေ စိတ်ချမ်းမြေ့ မှာ အမှန်ပဲ။ ဘုရား ဖူး လာသူတိုင်း က ဘုရား မှာ တနေရာ မဟုတ် တနေရာ မလှူ ပဲ ပြန်တဲ့ သူမရှိပါဘူး။ ဘုရား ရင် ပြင် တစ်ခု လုံး အလှူ ခံ ရငွေ က တစ်ရက်တစ်ရက် မနည်း လောက် ပါဘူး။
ဒါတောင်မွေးနံ ထောင့် တွေ မှာ ရေ ကန် ထရိုက် တွေ မရှိတော့ လို့ ။
Novy
November 7, 2012 at 10:26 am
လော်စပီကာကြီးတွေဖွင့်ပြီး အချိန်မတော်သီချင်းဖွင့်တာ အလှူခံတာ
အရမ်းစိတ်ကုန်ပါတယ် တရားခွေတွေကို အကျယ်ကြီးဖွင့်တာလည်းပါတယ်
သူတို့ကုသိုလ်က တစ်ခြားလူတွေအတွက်အကုသိုလ်မဖြစ်သင့်ပါဘူး
ထောက်ခံသွားတယ် ကိုခင်ခေ၇….
Hnin Hnin
November 7, 2012 at 12:52 pm
နားဒဏ်၊စိတ်ဒဏ် ခံရတာတွေကတော့ အများကြီးပါ….
သည်းမခံနိုင်တဲ့အသံတွေကတော့ စုံလို့…အခုထက်ထိ မရိုးနိုင် မိနေတာတွေကတော့….
နှင်းနှင်းကတော့….
မီးပျက်တိုင်း မီးစက် ထထဖွင့်ပြီး ၃ကြိမ်၃ခါတိတိ မနားတမ်း စပီကာအကျယ်ကြီးနဲ့
‘အိမ်ရာမိသားစုဝင်များခင်ဗျား…500KVA မီးစက်ကြီးနဲ့ မီးပေးနေပါပြီ….blah..blah..’
အော်တတ်တဲ့ အိမ်ရာကအသံကို မကြိုက်ဆုံးပါ…ကြွားလုံးပဲ ထုတ်သလိုလိုနဲ့…
တော်ပါပြီ..နားပူလို့ပါလို့…ဘေးအိမ်ရာကဆို အမြဲ ဘာအသံမှ မကြားရဘူး..
ဒါပေမယ့် မီးပျက်ရင် သူ့ဘက်က အရင်ဆုံးလာတာ 🙂 ….
ဒီဘက်ကတော့ နောက်လည်းကျသေး..အသံကလည်းကျယ်သေး 😀
နောက်မြန်မာမုန့်မျိုးစုံအသည်..လိုက်ရေထားတာ ၈မျိုး…သူအော်တာ နားယဉ်
သွားလို့ နောက်ပြီး လိုက်လိုက်အော်တာနဲ့ အစီအစဉ်လိုက် အလွတ်တောင်ရနေပြီ… 🙂
အဲ့အသည်လည်း လာပြီဆို အသံပြဲပြဲနဲ့ဆွဲဆွဲငင်ငင် အနည်းဆုံး ၁ဝခါမက အော်တတ်
ပါတယ်….အဲ့အသံကြားတိုင်း စိတ်လေတယ်…
နောက်ဘိန်းမုန့်သည် ရှိသေးတယ်…သူက လာပြီဆို..တီးလုံးလေးနဲ့…တီလုံးသံ
ကြားရင် ဘိန်းမုန့်သည်ဖြစ်ရမယ်ဆိုတဲ့ Trademark ..ဒါပေမယ့် သူ့တီးလုံးက
နားစည်မြှေးထိ ရိုက်တဲ့တီးလုံးဖြစ်နေတော့ ဒီနားကမသွားမချင်း မနားတမ်းဖွင့်နေ
တော့ သိပ်သည်းမခံချင်ဘူး…ခေါင်းကိုက်လာတယ်…ဒီဘိန်းမုန့်သည်တော့ တစ်နေ့
တစ်နေ့ နာရီပေါင်းများစွာ ဒီတီးလုံးနားထောင်ပြီးတော့ နားများလေးနေသလား..
နားယဉ်နေပြီလားပေါ့..
နောက် လမကုန်ခင် တစ်ရက်၊နှစ်ရက်မှာမှ လာရောင်းတဲ့ ‘ဘူ-ထီသည်’ တွေပါ…
တစ်လလုံးလုံးပျောက်နေပြီး ရောင်းမကုန်တော့မှ ညဘက်ကျရင် တစ်သည်ပြီး
တစ်သည်လာပြီး တောသီချင်း၊မြို့သီချင်း၊နတ်ဒိုး အမျိုးမျိုးနဲ့ဂိတ်ပေါက်ဝမှာ
လာရောက်အသံနဲ့နှိပ်စက်တတ်လို့ အဲဒီနာမည်ပေးထားတာပါ…
‘အမလေး…အကျိုးဆောင်မယ့် ၉စောင်တို့ရေ..သွားကြပါတော့’ လို့…
နောက် ဝါဝင်၊ဝါထွက် အလှူခံပြီး အလှူရှင်နာမည် ကြေငြာရင်လည်း စပီကာနဲ့
ဘေးအိမ်ရာနဲ့အပြိုင် အော်ကြတဲ့ကိစ္စ…ဒီဘက်က အော်နေရင်…ဟိုဘက်ကလည်း
အားကျမခံ..ဒီဘက်က အသံမဆုံးသေးဘူး..လိုက်အော်..ဟိုဘက်က အော်နေရင်လည်း
ဒီဘက်ကလည်း နောက်လိုက်လုပ်…အသံက နှစ်ထပ်..စပီကာနှစ်လုံးကလည်း ကပ်နဲ့
အသံတွေက အရောအနှောနှော…လှူပြီးသား သဒ္ဓါစိတ်က ခဏပဲပေါက်လိုက်တယ်..
နှစ်သံပြိုင်အော်တာကြာလာရင်..စိတ်က အနှောင့်အယှက်ဖြစ်ချင်လာတယ်…
တစ်အိမ်ရာပြီးမှ တစ်အိမ်ရာ နားလည်မှုယူပြီး အော်ရင် ဒီလိုခံစားမိမှာ မဟုတ်ပါဘူး…
မလိုအပ်ဘဲ energy တွေ အကုန်ခံ၊အကြိမ်ရေများစွာ အသံကျယ်နဲ့အော်နေတာ၊
လွှင့်နေတာတွေဟာ အချိန်ကုန်၊လူပင်ပန်း၊မီတာတက်ပါတယ်….
ဒါဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါအသံနဲ့နှိပ်စက်၊စိတ်အနှောင့်အယှက်
ပေးနေတာပါ..မလေးစားတာပါ…သူများလည်း အကျိုးမရှိ၊ကိုယ်လည်း အကျိုးမရှိပါဘူး..
မောင်ပေ
November 7, 2012 at 1:41 pm
လူသွားလူလာထူတဲ့နေရာများမှာ
ခိုစာကျွေးတဲ့ အကျင့်လုပ်တာလဲ
လမ်းသွားလမ်းလာများကို အလုပ်ရှူစေတာကလား