ရင်ခွဲ ရုံ သရဲ (ကြောက်တတ်သူများ မဖတ်ရ)
ရင်ခွဲရုံ ဆိုတဲ့ စကား လုံး ဟာ သာမန် လူ တွေ အတွက် အနိဌာရုံ နဲ့ တွဲ လို့ ထိတ်လန့် ကြောက့် ရွံ့ ဖွယ် နေရာ တစ်ခု လို့ သိ ထား ကြ ပါ လိမ့် မယ်။ တကယ်တော့ ရင်ခွဲ ရုံ ဆိုတာ သူများ ပရော ဂ နဲ့ သေဆုံး သွား ရ တဲ့ သုူတွေ အတွက် တရား မျှတ မှု ကို ဖေါ် ထုတ် ရာ မှာ အကူ အညီ ပေးတဲ့ နေရာ ၊ဘာကြောင့် မှန်း မသိ သေဆုံး သွား သူတွေ ရဲ့ အကြောင်း ဇစ်မြစ် ရှာဖွေ ပေး တဲ့ နေရာ တစ်ခု ပဲ ဖြစ်ပါတယ်။
ကျမ အတွက် ရင်ခွဲ ရုံ ဆိုတဲ့ စကား လုံး ကို ၅ နှစ် အရွယ် ထဲ က စ ရင်း နှီး နေပါပြီ။ ဂမ္ဘီရ ဇာတ်လမ်း တွေ ထဲ မှာ နာမည် ကြီး ခဲ့ တဲ့ သန်လျင် ဆေး ရုံ ရဲ့ နာမည်ကျော် ရင်ခွဲရုံ နဲ့ အနီး ဆုံး အိမ် မှာ ကျမတို့ နေခဲ့ ဖူး ပါတယ်။ ခြံ ပြင် ထွက် လိုက် တာနဲ့ မျက် နှာချင်း ဆိုင် မှာ တစ်ခု တည်း ရှ်ိတဲ့ အဆောက် အအုံ က အုတ်တိုက် နီနီ ရဲရဲ ရင် ခွဲ ရုံ ပါပဲ။ ရင် ခွဲ ရုံ ရဲ့ တံခါးတွေ ဟာ အမြဲ တမ်း သော့ ခပ် ထား ပြီး တံခါး ဖွင့် ထား ရင် တော့ ကျိန်းသေပေါက် အထဲ မှာ အလောင်း တစ် လောင်း ရှိ နေပါတယ်။
သူငယ်တန်း ကျောင်း သူ ကျမ က ရင်ခွဲ ရုံ တံခါး ဖွင့် ထားတာ တွေ့ ရင် သွား စပ်စု တတ် ပါတယ်။ ကျမ အဖေ ဂျူ တီ ကျလို့ PM ( post – mortem) လုပ်ရရင် (အလောင်း ခွဲ စိတ် စစ်ဆေး ရရင် ) တော့ ကျမ အနီး ကပ် သွား ကြည့် တတ်ပါတယ်။ တစ်ရက် မှတ်မှတ်ရရ မိန်း မကြီး တစ်ယောက် သူ့ ယောက်ျား ရိုက်လိုက် လို့ သေသွား တာ စစ်ဆေး ဖို့ ခေါင်း ခွံ ကို နဖူး စပ် ကနေ ခွာ ထား တာကို အဖေ နဲ့ လိုက်ကြည့် တဲ့ ကျမ လည်း လူ ဦးနှောက် ဖြူဖြူ ဖွေးဖွေး ကြီး ကို အသည်း တယားယား နဲ့ ကိုင် ကြည့်ဖူး ပါတယ်။ အဲဒီတုန်း က ၅ နှစ် ဆိုတဲ့ ကျမ အရွယ် က တကယ့် ကလေး ပဲ ရှိ သေးတောင် အဲလောက် စပ်စပ်စုစု နိုင်ခဲ့ သူပါ။
သန်လျင် ဆေး ရုံ ကနေ အဖေ တာဝန်ကျ ရာ နေ ရာ အနှံ ကျ မတို့ ပါ လိုက် ပြောင်း ရင်းနဲ့ ကျမ ၅ တန်း နှစ် ၊ အရေး အခင်း ကာလ ကျောင်းတွေ ပိတ် ထားတဲ့ အချိန် မှာ ရခိုက် ပြည် နယ် ထဲက တိုက်နယ် ဆေးရုံ တစ် ရုံ ကို ပြောင်း ရ ပါတယ်။ အဲဒီ တိုက် နယ် က ပြီးခဲ့ တဲ့ လ က အကြမ်း ဖက် မှုတွေ ပြန် စ ဖြစ်ခဲ့ တဲ့ နေ ရာ နဲ့ အနီးလေး မှာ ပါ။ ဆရာဝန်အိမ်နဲ့ ရင်ခွဲ ရုံ ဆို တာ ဆေးရုံ တဝန်း ထဲ မှာပဲ အမြဲ ရှိ နေတတ်တော့ ရင်ခွဲ ရုံ ဟာ ကျမတို့ ကစား ကွင်း ထဲ အလိုလို ရောက်နေ ပါ တယ်။
တော ဆေး ရုံ ဖြစ်တဲ့ အတွက် ရင်ခွဲ ရုံ ဟာ မြေစိုက် ၊ ထရံ ကာ လေးထောင့် စပ်စပ် အဆောက် အအုံ ပါ။ အထဲမှာ အလောင်း တင် ဖို့ သစ်သား ကုတင် တစ်လုံး ရှိပြီး ကုတင် ခေါင်းရင်း နဲ့ ခြေ ရင် း မှာ ပြတင်းပေါက် တစ်ပေါက် စီ ရှိ ပါတယ်။ ထုံး စံ အတိုင်း ပုံမှန် အချိန် တံခါး ပိတ် ထား ပြီး အလောင်း ရှိ ရင် တံခါး ဖွင့် ထား တယ် ပေါ့ ။ ….အဲ…တံခါး ဖွင့် ထားတဲ့ အချိန် ဆိုရင်တော့ ကျမ တို့ မောင် နှ မ တွေ တူတူ ပုန်း တမ်း ကစားတဲ့ အခါ ပုန်း စရာ နေရာ တစ်ခု ရ တာ ပေါ့ ။ ကျမ တို့တွေ ရင်ခွဲ ရုံ ထဲ အလောင်း ဘေးနား မှာ ပုန်း နေ ရင် တခြား ကလေး တွေ ကျမ တို့ ကို ရှာ မတွေ့ ပဲ အရှုံး ပေး ရ ပါတယ်။ ကျမ တို့ ကို အပြင် မှာ သူတို့ ပတ်ရှာ နေတာ ကို ထရံ ပေါက် က ချောင်း ကြည့် ပြီး တခွီးခွီး သဘော ကျ နေ တတ်ပါတယ်။
အဲဒီ အချိန် တွေ မှာတော့ အဖေ့ ရဲ့ အားပေး မှု ကြောင့် ကျမ ရဲ့ စပ်စု တတ်တဲ့ အကျင့် က လေ့ လာတဲ့ အဆင့် ကို ရောက် သွား ပါပြီ။ ကျမ စိတ် ဝင် စား မှန်း သိလို့ အဖေ က သေမှု သေခင်းတွေ စစ်ဆေး ရတိုင်း ကျမ ကို ခေါ် ပြ တတ် ပါတယ်။ လူ့ ခန္ဓာ ကိုယ် ထဲ က အစိတ် အပိုင်း တွေ ရဲ့ အခေါ် အဝေါ် ၊ တည်ဆောက်ပုံ ၊ အလုပ်လုပ် ပုံ တွေ ကို တစ်ခု ချင်း ပြလည်း ပြ ၊ ရှင်းလည်း ရှင်းပြ ပါတယ်။ အဲဒီ အချိန် မှာ အဖေ နဲ့ ၅ တန်း ကျောင်း သူ ကျမ ဟာ ဆေး တက္ကသိုလ် က ပါမောက္ခ ဆရာ ကြီး နဲ့ ဆေး ကျောင်း သူ အလား လူသေ အလောင်း ရှေ့ ထား ပြီးတော့ ကျမ က သိချင်တာမေးလိုက် ၊ အဖေက ဖြေ လိုက်၊ တခါ တလေ များ စာမေး သလို ကျမ ကို ပြန်မေး တတ်သေးတယ်။ ကျ မ အတွက် ခန္ဓာ ဗေဒ ကို ၅ တန်း ကတည်း က လေ့ လာ ဖူး ခဲ့ တယ် ပေါ့ ။ တကယ်တော့ ကျမ အဖေ က ကျမကို ဆရာဝန် အရမ်း ဖြစ်စေချင် သလို ကျမ ရဲ့ ငယ် ဘဝ အိမ်မက် ကလည်း ဆရာဝန် တစ်ယောက် အရမ်း ဖြစ်ချင်ခဲ့ တယ်။
ကျမ တို့ နေခဲ့ တဲ့ အဲဒီ ဒေသ မှာ အမှု အခင်းတွေ မကြာ ခဏ ဖြစ်တတ် ပါတယ်။ ပျမ်း မျှ ၁ လ တစ်ခါလောက် သေမှု သေခင်း စစ်ဆေး ရ ပါတယ်။ မသေ ရင်တောင် ဒဏ် ရာ အကြီး အကျယ် နဲ့ ရောက်လာတတ် တယ်။ အဲဒီ မှာ ဒေါ သ အလျောက် ဖြစ်တာ ထက် စာရင် အငြိုး အတေး ကြောင့် ဖြစ် တာ ပို များ တယ်။ ကိုယ့် ဆွေ မျိုး သားချင်း ထဲက အသတ် ခံရရင် သတ်သူ အဖမ်း ခံ ရ ပြီး ရင်တောင် သူ့ ဆွေ မျိုး သားချင်း ထဲ က တစ်ယောက် ကို ပြန် သတ်လေ့ ရှ ိတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တာ မရှိ သလောက် နည်း တယ်။ အိမ်ထောင်ရှိ ယောက်ျား တစ်ယောက်က တခြား မိန်း မ တစ်ယောက် ကို ဖောက်ပြန်ခဲ့ ရင် နောက် မိန်း မရဲ့ သားချင်း တွေ က ဖြစ်စေ၊ မူလ မိန်း မရဲ့ သားချင်းတွေ က ဖြစ်စေ သင်ခန်းစာ ပေး ပစ်လိုက် ကြတယ်။ ကျမ တို့ နေတုန်း က အခြေ အနေ တွေ ပါ၊ ခုတော့ ဘယ် လို နေသေးလဲ မသိတော့ ဘူး။ နောက်ပြီး အခု ဖြစ်နေ တဲ့ အတိုင်း လူမျိုး စု ၂ ခု ကြား လည်း မကြာခဏ ဖြစ်ကြတယ်၊ ဆေး ရုံ ဆိုတော့ ၂ ဘက် လုံး က ရောက် လာ တတ် လို့ သိခဲ့ တာပါ။
တစ်ရက် မှာ တော့ နေဝင်ရီ တရော အချိန် ဓါးခုတ် ခံ ရတဲ့ အလောင်း တစ်လောင်း ရောက် လာ လို့ အဖေ စစ်ဆေး ပေး ရ ပါတယ်။ အမျိုး သား အလောင်း ပါ။ အိပ်ပျော်နေတဲ့ အချိန် ရည်းစား လု ဖက် က ရင်ဘက်ကို ဓါးမနဲ့ ခုတ် လိုက် တာ၊ ဓါး ဘယ်လောက် ထက် သလဲ ဆိုရင် သေသူရဲ့ ရင်ဘက်ပေါ် ခြေတင်ပြီး အိပ်နေတဲ့ သူ့ ညီ ၊ ၈ နှစ် ကလေး က ခြေကျင်း ဝတ် ကနေ ပြတ်ထွက် သွား ပြီး အကို ကတော့ ရင်ဘက် ပွင့် ထွက် သွားတယ်။
စစ်ဆေး ပြီးတော့ အလောင်း လာ ပြန် မယူသေးလို့ ရင်ခွဲ ရုံ ထဲ မှာ ပဲ ထား ပြီး တံခါး ဖွင့် ထား ပါတယ်။ အဲဒီ ည က လ သာ ည ဆိုတော့ ကျမတို့ မောင်နှမ နဲ့ ရွာထဲက ကလေးတွေ ရင်ခွဲ ရုံနဲ့ မလှမ်း မကမ်း မှာ ဆော့ နေကြ ပါတယ်။ ရင်ခွဲ ရုံထဲ မှာ မီး မရှိတော့ မှောင် မဲ နေပြီး ပြတင်းပေါက် က ဝင်တဲ့ လရောင် ကြောင့် ရင်ဘက် ဟတ်တက် အလောင်း ကောင် ကြီး ကိုတော့ ခုတင်ပေါ် မှာ စန့်စန့် ကြီး တွေ့ နေရ ပါတယ်။ ရွာထဲက သူငယ်ချင်း တွေ က အရင်တုန်း က လာမဆော့ ရဲ ကြပေမယ့် ကျမရဲ့ လူသေဆိုတာ လူရှင်လောက် ကြောက် စရာ မကောင်း ဘူး ဆိုတဲ့ တရား ကို ကြား နာပြီး သကာ လ ကျမ တို့ နဲ့ လာ ကစား ရဲ လာ ကြပေမယ့် ရင် ခွဲ ရုံ ဘက် ကိုတော့ ရဲရဲ မကြည့် ရဲ ကြပါဘူး။
အဲဒီ အချိန်မှာ ရင် ခွဲ ရုံ ဘက် ကနေ ဘုတ်ခနဲ ဘုတ်ခနဲ ထရံ ကို ရိုက် တဲ့ အသံနဲ့ အသက်ရှူ သံ ပြင်းပြင်း ကြီး ကို ကြား လိုက် ရ ပါတယ်။ ကြားကြား ချင်း မကြောက် တတ်တဲ့ကျမတောင် လန့်သွား တယ်။ ကြောက်တတ် တဲ့ သူငယ်ချင်း တချို့ အိမ် ပြန်ပြေး ကြ ပါတယ်။ အဲဒီ တဘုတ်ဘုတ် အသံ ကို ခဏ ခဏ ကြား ရတော့ ကျမ တို့ လည်း ကြောက် စိတ် ထက် သိချင် စိတ် က ပို လာ ပြီး အနား ကို တိုးကြည့် ကြ ပေမယ့် မှောင်မှောင်မဲမဲ ထဲ လရောင် မှုန်မှုန် အောက် က အလောင်းကောင်ကြီး ကလွဲ လို့ မတွေ့ ပါဘူ။နီးလာလေ အသံ ကလဲ ပို ကျယ် လာ လေ ဆိုတော့ ကျမ လည်း ရှင်းရှင်းလင်းလင်း သိချင်တာနဲ့ အထဲ ကို စမ်း တဝါးဝါး ဝင်သွား လိုက် တယ်ပေါ့ ။ အထဲလဲ ရောက်ကော ကိုယ်လုံး ကြီး တစ်ခု ကို ရုတ်တရက် ခလုက် တိုက်မိ် ပြီး အလောင်း တင်ထားတဲ့ ခုတင်ဘေး ပစ်လဲ ပါတော့ တယ်။
တကယ့် ကို ကြောက် စရာ ကြီး ပါ၊ ချို ကြီး တွေ ဆို တာ ကားနေ တာပဲ၊ ပြော မပြ တတ်အောင်ကို ကြောက် စရာ ကောင်း ပါတယ်။ ကျမ ဆို အူတွေ အသည်းတွေ ပွင့် သွား မတတ် ကို ကြောက် ပါ တယ်။ ကျမလည်း ဘယ်လို က ဘယ် လို အပြင်ရောက် သွား မှန်းတောင် မသိဘူး။ အဖေ့ ကို အော်ခေါ် ပြီး ပြေး တာ ဖနောင့် နဲ့ တင်ပါး တစ်သား တည်း ပါပဲ။ သတ္တိခဲ ကျမ တောင် ပြေး တယ် ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဘုမသိ ဘမသိ သရဲ သရဲ နဲ့ အော် ပြီး ပြေး လာ လိုက် ကြတာ ဆေး ရုံ တဝန်း လုံး ကမ္ဘာ ပျက် မတတ် ပါပဲ။
လူနာတွေ၊ လူနာစောင့် တွေ ၊ ဝန်ထမ်း မိသား စု တွေ အားလုံး ထိတ်လန့် တကြား ဖြစ်ကုန် ပြီး အဖေ ထွက် လာတော့ ကျမ မှာ မော လွန်း လို့ စကားတောင် မပြော နိုင်ပဲ လက်ညှိုး ပဲ ထိုး ပြ နိုင် ပါတယ်။ ဆေး ရုံ ဝန်ထမ်း တွေ လည်း ရင်ခွဲရုံ ဘက် သွား ကြည့် ကြတာပေါ့ ။ သူတို့ လည်း တွေ့ သွား ပြီး အဲ ဒါ ကြီး ကို ဆွဲ ထုတ် လာ ပါတယ်။ တခြား ဟုတ်ပါ ရိုး လား ….ချို ကြီး ၂ ဘက် ကားနေ တဲ့ ကျွဲ ကြီး တစ် ကောင် ပါ။
တံခါး ဖွင့် ထားတဲ့ ရင်ခွဲ ရုံ ကို သူ့ တင်းကုတ် အမှတ် နဲ့ ဝင် အိပ်နေ တာ၊ နှာ မှုတ်သံ က တရှူးရှူး မြည်လို့ အမြှီး တရမ်းရမ်း က လည်း ထရံ ကို တဘုတ်ဘုတ် ပုတ် လို့ ။ ကျမ က ခလုက် တိုက် မိ တာ ကျွဲ မှန်း သိလို့ အကြောက် လွန်ပြီး ပြေး တာ ကို သူငယ်ချင်းတွေက သရဲ လို့ ထအော်ပြီး လိုက် ပြေး တာ။ ကျမ က သရဲ မကြောက် တတ် ပေမယ့် ကျွဲ၊ နွား ၊မြင်း တိရိစ္ဆာန် တွေ ဆို အရမ်း ကြောက်ပါတယ်၊ တိရိစ္ဆာန် ဆိုတာ အစိုး မှ မရတာ။ သူတို့ က ကျွဲ၊ နွားတွေ နဲ့ ဖက်ပြီး ကြီး လာ တာဆိုတော့ ကျမ ကျွဲ ကြောက် လို့ ပြေး တာ ကို ဟား လို့ မဆုံးဘူး။ ဒါပေမယ့် တိုက်နယ် တကြော မှာတော့ ဆရာဝန်သမီး ကို ရင်ခွဲ ရုံ သရဲ ခြောက်လို့ ဆို ပြီး ပြောစမှတ် ကို ပြု လို့။
43 comments
Mon Kit
November 9, 2012 at 1:10 pm
ဟယ်.. မမိုချိုရယ်..
စပ်စုချက်ကတော့ ကမ်းကုန်ဘဲ…
တကယ်ဘဲ သတ်ဒိခဲ မမိုချိူလို့ ခေါ်လိုက်တော့မယ်…
:hee:
မိုက်ကယ်ဂျော်နီအောင်ပု
November 9, 2012 at 1:13 pm
အန်တီချိုကတော့ လုပ်ချဘလိုက်ပြီဟေ့
ဒဂယ့်သရဲဂျီးအောင့်မေ့ဒါ ကျွဲဂျီးဒဲ့တော့
…………………………………………………….
( စပ်စု တတ်တဲ့ အကျင့် က လေ့ လာတဲ့ အဆင့် ကို ရောက် သွား ပါပြီ။ )
( ကြောက် စိတ် ထက် သိချင် စိတ် က ပို လာ )
may flowers
November 9, 2012 at 1:13 pm
ကြောက်တတ်သူများ မဖတ်ရဆိုလို့ ကြောက်ကြောက်နဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်လာလိုက်တာ
လက်စသတ်တော့ ဂျိုကားကားနဲ့ ကျွဲကြီးကိုး…………. :kwi:
မိုက်ကယ်ဂျော်နီအောင်ပု
November 9, 2012 at 1:16 pm
အန်တီချိုကတော့ လုပ်ချဘလိုက်ပြီဗျို့
ဒဂယ့်သရဲဂျီးအောင့်မေ့တာ ကျွဲကြီးဖြစ်နေဒယ်တော့
………………………………………………………………………….
( စပ်စု တတ်တဲ့ အကျင့် က လေ့ လာတဲ့ အဆင့် ကို ရောက် သွား )
( ကြောက် စိတ် ထက် သိချင် စိတ် က ပို လာ )
Khaing Zar Win
November 9, 2012 at 1:19 pm
အေးလေ။ အေးလေ။ သတ္တိခဲ မမိုချိုပဲ။
ကျနော်တို့တွေက ငယ်တုန်းက သတ္တိပိုကောင်းကြသလားပဲနော်။
မောင်နှမတွေကစားရင် သရဲချောက်တယ်ဆိုတဲ့ နေရာတွေမှာ။ ဘာမှ မဖြစ်ခဲ့ဖူးဘူး။
အသက်ရတော့ ကြောက်ပြီး အဲ့ဒီဘက်ကို မသွားရဲတာ။ 🙂
Ma Ei
November 9, 2012 at 1:24 pm
ကျွဲကြောက်တဲ့သူ
သရဲကြောက်သူတွေနဲ့
ဒို့တော့ နှစ်မျိုးလုံးကြောက်တယ်…
:eee:
Wow
November 9, 2012 at 1:53 pm
ကျွဲနဲ့ သရဲ ကျွဲကိုပိုကြောက်တယ်ပေါ့… :kwi:
Shwe Ei
November 9, 2012 at 1:54 pm
အရေးအသားကောင်းတဲ့ မမိုချိုရေ ဖတ်လို့လဲကောင်းပါဂျောင်း။
ငယ်ဘဝအမှတ်တရကတော့ အဆန်းဘဲတော် :harr:
weiwei
November 9, 2012 at 1:55 pm
သန်လျင်ဆေးရုံက ရင်ခွဲရုံကိုတော့ ကောင်းကောင်းရင်းနှီးနေတယ် … ရင်ခွဲရုံးနားက သူနာပြုတွေနေတဲ့အိမ်ခန်းမှာ သူငယ်ချင်းတစ်ယောက်နေခဲ့ဖူးတယ် … ကျောင်းနဲ့လဲနီးတယ်ဆိုတော့ အဲဒီနားမှာ သွားကစားနေကျ … မကြောက်ပေမယ့် အဲဒီနားဖြတ်ရင် တစ်မျိုးကြီးခံစားရလို့ ခပ်မြန်မြန်ပဲ လမ်းလျှောက်ဖြစ်တယ် …
ဟိုတလောက အသားစားတဲ့သားရဲရှိတယ်ဆိုပြီး နံမည်ကြီးလိုက်သေးတယ် … နောက်တော့ CCTV တပ်ပြီး စောင့်ကြည့်လိုက်တော့မှ ကြွက်တဲ့ …
Wow
November 9, 2012 at 2:05 pm
ဒါနဲ့ရင်ခွဲရုံနဲ့နီးစပ်သူဆိုတော့မေးရဦးမယ်… ရင်ခွဲရုံက အူတွေ၊ အသဲတွေကို ကြေးအိုးဆိုင်တွေကို ရောင်းတယ် ဆိုတာ ဂယ်လားဟင်င်င် :harr:
jullies cezer
November 9, 2012 at 2:50 pm
ကြောက်တတ်ပါတယ် ဒါပေမဲ့ဖတ်ရှုအားပေးသွားတယ်ဗျာ စာအရေးအသားလေးလဲ
ကြိုက်ပါတယ် ……..
မိုချို
November 9, 2012 at 3:09 pm
တချို့ တွေ က သရဲ နဲ့ မတွေ့ ကြုံ ဖူး ပါ ပဲ တွေး ပြီး ကြောက် နေတတ် ကြတယ်။ ကျမ သရဲ မကြောက်တတ်လို့ ထင်ပါရဲ့ အမှန် တကယ် သရဲ (ကျွဲမဟုတ်) နဲ့ မကြာခဏ ကြုံဖူး ပါတယ်။ အဲဒီ အကြောင်း ရေး ပြ ချင်ပါသေး တယ်။ ဒါပေမယ့် နှုတ်ခမ်း မွှေးကြီးနဲ့ နှစ်လုံး ပြူး ကြီး နဲ့ (သေနတ်ပြောပါတယ်) လူကြီး က အဲဒါ မျိုး တွေ ရေး ရင် မကြိုက် တတ်လို့ တော်ကြာ သူ့ ဆိုဒ် မှာ ရေး ခွင့် လေး ပိတ် လိုက် မှာ စိုး လို့ ၊ သူခွင့် ပြု ရင်တော့ ရေး မယ်။
Mon Kit ရေ
မိုချို ကတော့ စပ်စုတဲ့ နေရာတော့ ၂ ယောက် မရှိဘူး။
အဘပု
ဒဂယ့် တာရဲမ ကြီး အကြောင်း ရေး အုံး မှာ။ စပ်စု တတ်လွန်း လို့ လူ ခန္ဓာ အကြောင်း (အထီးရော၊ အမရော) တွေ ကို ၁ဝ နှစ် သမီးလောက် ထဲက ကောင်းကောင်း သိတယ်။
may flowers၊ မအိ နဲ့ Wow ရေ
သရဲ ခြောက်လို့ သေတာတော့ မသိဘူး ၊ကျွဲ ခတ်လို့ သေတာ တွေ့ ဖူး တော့ ကြောက် တာပေါ့။
ခိုင်ဇာရေ
ခုချိန် မှာတော့ မိုချို လည်း ငယ်ငယ် ကလောက် သတ္တိမကောင်းတော့ ဘူး။ သရဲ တော့ မကြောက် ပေမယ့် သွေးထွက် သံ ယို တွေ၊ ရုပ်ပျက်ဆင်း ပျက်တွေ မကြည့် ရဲတော့ ဘူး။ ဆရာဝန် မဖြစ် ခဲ့ တာလည်း ပါမှာပေါ့။
မမဝေရေ
မိုချိုလည်း ဖတ်ဖူး လိုက် ပါတယ်၊ သန်လျင် ရင်ခွဲ ရုံ ကတော့ အင်တာနက် မှာ တောင် ဟော့ ဖြစ်ခဲ့ တာ။
မဝေ လည်း သန်လျင် မှာ ကျောင်း တတ်ခဲ့ဖူး တာ လား ၊ အမှတ် ၄ ကျောင်း လား။
kai
November 9, 2012 at 3:11 pm
ရေးပါဗျာ..
လွတ်လပ်စွာရေးခွင့်ရှိပါတယ်..။
ကျုပ်က..သရဲကိုယ်တိုင်လည်းတွေ့ဖူးတယ်..။ ယုံလည်းယုံတယ်..။
ဆိုတော့..
အားပေးဦးမှာပါ.. :kwi:
aanyar thar
November 9, 2012 at 5:35 pm
ကိုကြီ်းစိုး…က တကယ်တွေ့ဘူးတယ်ပေါ့..အကောင်အထည်တွေ့တာလား အရိပ်အယောင်လား အနံ့အသက်လား အတွေ့အကြုံလေး သိ့ချင်လို့ပါဗျာ
အင်္ဂ ါZ
November 9, 2012 at 5:44 pm
အလဲ့
ကြောင်းအရာကလည်း စိတ်ဝင်စားဖို့ကောင်းသလို
သဂျီးကို ကလောင်နာမည် တပ်ခေါ်သူပေါ်လာတာလည်း.
ပိုတောင် စိတ်ဝင်စားဖို့ကောင်းလာသေးသဗျာ
ဟေးဟေးးး
မိုချို
November 10, 2012 at 7:54 am
အင်္ဂ ါZ
နာမည်က လည်း ကျောချမ်း စရာ…ဂီဂီ ပဲ ခေါ်မယ်။
သဂျီး ကို ကလောင် နာမည် တပ်ခေါ် တယ် ရယ်လို့ တော့ ဟုတ်ပါဘူးကွယ်။ သူက ကျောင်းတော်တူ ထွက် ညီ မ တစ်ယောက်အနေနဲ့ မိုချို့ ဆီက တန်ဖိုး ရှိတဲ့ စာတွေ ရေး လာဖို့ မျှော်လင့် ထားတယ်လို့ ထင် ပါတယ်။ ဒါပေမယ့် ကိုယ် က အဲလောက် မှ အဖြစ် မရှိတာ၊ စိတ်ကူးတည့် ရာ အရေမရ၊ အဖက်မရ တွေ ပဲရေးတတ်တော့ ခွင့် ပြု ချက် ထပ်တောင်း တဲ့ သဘောပါပဲ။
စကား မစပ် အစ်မ က ဆရာ ဝန် မဖြစ်ရ လို့ အရူး တစ်ပိုင်း ဖြစ်ခဲ့ ရသူ ဆိုတော့ ညဉ်းတို့ လို ဆရာဝန် ဖြစ်ခွင့် ရရဲ့သားနဲ့ မလုပ် ဖြစ်တဲ့ သူ တွေ တွေ့ ရင်အသည်းယားတယ်။ နေရာချင်း လဲ လိုက်ချင်တယ်။
အင်္ဂ ါZ
November 10, 2012 at 6:51 pm
အွန် လွဲပါပေါ့ အစ်မမိုချိုရေ
ကျနော်က ကိုအညာသားကို ညွှန်းတာဗျ. သူခေါ်တဲ့ ကို ကြီးစိုးဆိုတာ
သဂျီးကလောင်နာမည်မို့ပါဗျာ.
သဂျီးသာမေးကြည့်ပေတော့ဗျို့.
လစ်ပီ. တာ့တာ
ဒက်ဂလောက်. ဒက်ဂလောက်
မိုချို
November 9, 2012 at 3:21 pm
Wow ရေ
အဲဒါတော့ မိုချိုတို့ ငယ်ငယ် က ကြား ဖူး ခဲ့ ပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်လည်း မသိဘူး။ အဲဒါ က ရန်ကုန် ဆေး ရုံ ကြီး ပါ။ နယ် မှာတော့ ကြေးအိုး လည်း မရှိ ပါဘူး။ တစ်ခု ရှိတာ က နယ်တွေ မှာ အအေးခန်း မရှိ တော့ အလောင်း တွေ ကို ဝေးဝေး ပြန်သယ် ဖို့ လိုရင် ၊ နဲနဲ ရက် ကြာကြာ ထား ဖို့ ဆို ရင် အလောင်း စစ်ဆေး ပြီး တာနဲ့ မိသားစု ဝင်တွေ ကို ပြောပြပြီး ဝမ်းတွင်း ကလီစာတွေ ကို အရင် ဖယ်ပြီး မြှုပ်ခိုင်း ရ ပါတယ်။ ဝမ်းတွင်း ကလီစာတွေ ရှိ ရင် အပုတ် မြန်ပါ တယ်။
ရွှေအိနဲ့ jullies cezer ရေ
အရေး အသား ကောင်းတယ် ဆိုလို့ ကျေး ဇူး တင်ပါကြောင်း ၊ ခုခေတ် က မြန်မာသရဲ ကားတွေ ခေတ်စား နေတော့မိုချိုလည်း ခေတ်နဲ့ အမီ ပေါ့ လေ။ မိုချို ရေး သမျှ ကတော့ ကိုယ်တွေ့ အစစ် တွေ ပါ ပဲ။
မိုချို
November 9, 2012 at 3:29 pm
သဂျီး ဆီ က ခွင့် ပြု ချက် ရပြီးဆိုတော့ တကယ့် သရဲ နဲ့ တွေ့ တဲ့ အကြောင်း တွေ လာပါအုံး မယ်။
စကား မစပ် သဂျီး ကို မြှောက်လိုက် အုံး မယ်။ မိုချို တောင် နောက် တစ်ခု အကြောင်း ပြန် လို့ မပြီးသေး ဘူး၊ သဂျီး က ချက်ချင်း ကို အကြောင်း ပြန် တာ ၊ တော်တော် မြန်တာ၊ သူ့ ရွာ ကို တချိန်လုံး စောင့် ကြည့် နေတာလား မသိဘူး။
ရေး ခွင့် ပေးလို့ ကျေးဇူး ပါ သဂျီးရေ။
Hnin Hnin
November 9, 2012 at 3:41 pm
မမိုရေ…တစ်ကယ့် သရဲကြီးလားလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်ရတာ..
ပြီးမှ…….
နောက် သရဲ ဇာတ်လမ်းတွေလည်း ရေးပါအုန်း..အားပေးနေပါတယ်…
စိန်ဗိုက်ဗိုက်
November 9, 2012 at 4:05 pm
သရဲဆိုတာ ချိုနဲ ့ဗျ
အဲတာ ကျွဲအယောင်ဆောင်ထားတဲ့ သရဲပဲ
ကျွဲသမ္မတကတောင် အဲဒီသရဲကို အယောင်ဆောင်မှုနဲ ့ တရားစွဲထားတယ်ပြောတယ်
လူ ့စည်း ဘီလူးစည်း ရှိသလို
ကျွဲစည်း သရဲစည်းဆိုတာလဲ စိတယ်ဗျ
မယုံမစိနဲ ့
cobra
November 9, 2012 at 5:07 pm
တကယ်ကြီးများလားလို့ သရဲဆိုတာမဲမဲကြီးတဲ့
ကျွဲကလည်းမဲတော့ သရဲနဲ ့ကျွဲ အရောင်တော့တူတယ်။
မိုး မင်းသား
November 9, 2012 at 6:34 pm
ကြောက်စရာများလားလို ့…မိုချိုရယ်…
အအေးခန်းထဲမှာ…ဆိုတော ့ခြေဖျားလက်ဖျားတွေတောင်အေးလာရပါတယ်လေ….
ကော်ပရာပြောသလိုပဲ….အရောင်တူတာကတော ့သရဲနဲ ့ကျွဲ……
candle .
November 9, 2012 at 7:31 pm
အမရေ ကြောက်လို ့ကျော် ကျော် ဖတ်ပေမဲ့နောက်ဆုံးတော့မနေနိုင်လို ့ဖတ်လိုက်တာ အတော်သတ္တိကောင်းပြီးစပ်စုတတ်တဲ့ အမရဲ ့ငယ်ဘဝလေးကစိတ်ဝင်စားစရာနော်..
အရေးအသားကောင်းတဲ့ အမရဲ ့ကိုယ်တွေ ့လေးတွေ ဆက်အားပေးနေပါမယ်..
pooch
November 9, 2012 at 7:40 pm
သတိ္တကောင်းလိုက်တာ ကိုယ်သာဆို သွေးပျက်နေမှာ။ အလောင်းနားတောင် ကပ်ရဲမှာ မဟုတ်ဖူး။
နောက်ရေးမယ် သရဲကြောင်းလေးလည်းမျှော်နေပါတယ်။
ရွာဘက်တွေ ရန်ဖြစ်ကြပြီ ဆို သူသေ ကိုယ်သေ ဓားနဲ့ အသေခုတ်ကြတာ အလေ့လို ဖြစ်နေကြပြီ။
အရီးခင်လတ်
November 9, 2012 at 8:23 pm
မဖတ်ရဲ လို့ မဖတ်ရဲကြောင်း မှတ်ချက် ဘဲ ကျော်ပေးသွားတယ် မိုချိုရေ့။
နောက်တာပါ။
မရဲ တရဲလေး ခိုးပြီး ဖတ်သွားတယ်။
ကံကောင်း လို့ပါလား သတ္တိခဲ မစပ်စု ရယ်။
အဲဒီ ကျွဲ က မခတ် ထည့်လိုက်တာ တော်သေး။
တကယ်တော့ အဲလို ရင်ခွဲရုံ တွေကို သရဲရှိမယ် အထင်နဲ့ ကြောက်တာ။
မကျွတ်တဲ့ အစွဲရှိတဲ့ စိတ်ကြောင့် သရဲဖြစ်မှတော့ ရင်ခွဲရုံမှာ အစောင့် ဂျူတီ ယူပါ့မလားနော်။
သူစွဲ တဲ့ အိမ်၊ ရုံး တွေမှာဘဲ (ကွန်ပူတာ စွဲလွန်းရင်လဲ ကွန်ပူတာ) စောင့် ပြီး နေတော့ မပေါ့။
ကီးဘုတ်လေး တစ်ချောက်ချောက် နဲ့။
ဒါမှမဟုတ်
screen လေး ကို တစ်တို့တို့ နဲ့။ 😆
candle .
November 9, 2012 at 8:28 pm
အမလေး အရီးပြောမှ သတိထားမိပြီ..ခုချိန်ထိ ရုံးခန်းထဲက ကွန်ပျူတာကို တစ်ယေက်တည်းသုံးနေတာ..
အဆောင်အမြန်ပြန်လစ်မှ….
မဟာရာဇာ အံစာတုံး
November 9, 2012 at 8:38 pm
သရဲနဲ့ ကျွဲ ..
ကျွဲနဲ့ သရဲ ….
အဲ .. အစဂဒေါ့ ..
ရင်ဒွေ တဒိတ်ဒိတ်နဲ့ ဖတ်လိုက်ရတာ ..
သရဲဆိုတာ ဒဂယ်ဘဲ ဂျိုဂျီးနဲ့ပေါ့ ဆိုပီးဒေါ့ …..
ပီးဒေါ့မှ ဘယ်ဟုတ်မလဲ ..
ကျွဲဂျီး ဖစ်နေဒါဂိုးဂျ …..
nozomi
November 9, 2012 at 8:53 pm
မမိုချို အရေးအသားကတော့ ကိုယ်တိုင် ကြည့်နေရသလို လန့်ပြေးရသလို ခံစားရအောင် ရေးနိုင်တယ်
မ မိုချို ပို့စ် အားလုံး ဖတ်ဖြစ်ပါတယ်
တချို့တော့လဲ အခြေအနေမပေးတာနဲ့ မမန့်ဖြစ်ဘူး
ဆက်ရေးပါဦးနော အားပေးနေပါတယ်
သတ္တိကတော့ ချီးကျူးပါတယ်
သွေးသံရဲရဲ ဆို ကြည့်ကို မကြည့်ရဲဘူး ဗျ
moemakha
November 9, 2012 at 9:39 pm
ကြိုက်တယ်ဗျို့ ဒီတပုဒ်ကိုတော့
မိုးတိမ်
November 10, 2012 at 8:14 am
ကဲကျုပ်လဲဝင်ဖောကြည့်မယ်။တစ်ကယ်ကြုံခဲ့ရတာပါဗျာ။ကိုယ့်ကိုယ်ကို suicide လုပ်သွားတဲ့လူတစ်ဦးရှိခဲ့တယ်ခင်ဗျ။သူသေတုန်းက အပင်မှာ ဦးဏှောက်တွေကိုဖွေးနေတာပါပဲ။စစ်ဆေးရတဲ့သူထဲ ကျုပ်ပါခဲ့ပါတယ်။သေနတ်နဲ့ ပါးစပ်ထဲငုံပြီးပစ်ထည့်လိုက်တာပါ။AIDS ဖြစ်နေပြီဆိုပြီးသူငယ်ချင်းတွေကနောက်တာကို တစ်ကယ်ထင်သွားလို့ပါ။ကျုပ်ကတော့မကြောက်တတ်လို့ သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းသောက်ရင်း သူတို့ပေးတဲ့ကြိုးကို အဲဒီအပင်ကို သွားချည်ဖို့အလောင်းအစားလုပ်မိပါတယ်။အရက်ကလဲသောက်ထား၊မူးကလဲမူး၊သိပ်မယုံသေးတဲ့အပြင် ငယ်ကလဲငယ်သေးတော့ ဂရုကိုမစိုက်ဘူးဗျို ့။သွားချည်တုန်းကတော့မကြောက်ဘူးဗျို ့။ကြိုးချည်နေတုန်းနောက်ကျောကို လက်နဲ့ လာတို့တာခင်ဗျ။လှည့်ကြည့်လိုက်တော့ ကျုုပ်ထက်(၂)ဆလောက်မြင့်တယ်ခင်ဗျ။မည်းမည်းကြီးအမွှေးကြမ်းကြီးတွေနဲ့ သတ္တိခဲမောင်မိုးတိမ်လဲ ဘာပြောကောင်းမလဲ ပြေးလိုက်တာ အခန်းထဲ ဘယ်လိုရောက်လာမှန်းမသိ။အရက်တစ်ဝိုင်းတော့ နိုင်ပါရဲ ့။ကံကောင်းလို့မသေတာခင်ဗျ။တစ်ဂယ်ရှိတယ်ဆိုတာ အဲဒီညကျမှယုံတာခင်ည။အရင်တုန်းက တရုတ်သချိုင်းတွေမှာအိပ်လာတော့ကြောက်ဖူးဗျ။တစ္စေကြီးပွဲတွေဆို လိုက်တောင်စားသေး အုတ်ဂူအကျယ်ကြီးတွေပေါ်မှာအိပ် ဘာမှမဖြစ်ဘူးဗျ။နောက်မှသိတာက အဲဒီအပင်ကြီးက ဆိုင်ကယ်နဲ့သွားရင်တောင် ဆွဲထားလို့ ဆိုင်ကယ်တောင်ထားပြီးထွက်ပြေးရသတဲ့။ညဆိုဘယ်သူမှမသွားရဲတာ ကျုပ်ကမူးမူးနဲ့ကြိုးတောင်သွားချည်လိုက်သေး။နောက်ပိုင်းတော့ကျုပ်က အဲဒီအပင်ကို နေ့ခင်းပိုင်းသွား အမျှအတန်းပေးဝေလိုက်ပါတယ်။ဘုန်းကြီးဆွမ်းကပ် အလှူလုပ် အမျှအတန်းပေးလို့ အခုတော့ဘာသံမှမကြားရတော့ဘူးခင်ဗျ။အခုတော့ ဘာမှသွားမစတော့ပါဘူး သူတို့ဘာသူတို့ ရှိနေရင်လဲ အေးအေးနေကြပါစေ၊ကျုပ်တို့လဲ အေးအေးနေကြပါစို့။ကျုပ်တို့သေရင်လဲ ဘယ်ဘဝရောက်မယ်ဆိုတာမှမသိတာဗျနော။သူတို့ဘဝက တစ်ကယ်တော့သနားစရာပါဗျာ။ကောင်းမှု့ကုသိုလ်လေးလုပ် အမျှအတန်းလေးပေးဝေရင် ကိုရင်မိုးတိမ်က ခင်ဗျားတို့ကိုကျေးဇူးတင်နေမှာပါဗျာ။
မိုချို
November 10, 2012 at 8:20 am
နှင်းနှင်း၊ cobra ၊ မိုး မင်းသား နဲ့ အံဇာတုံး တို့ ရေ
တကယ့် သရဲ အကြောင်း လာပါအုံး မယ်။ တကယ့် သရဲ နဲ့ တွေ့တဲ့ အတွေ့ အကြုံ ကတော့ မိုချို အတွက် ကျွဲ လောက် ကြောက် စရာ မကောင်း ဘူး။ စိတ်တို စရာ ပဲ ကောင်းတယ်။
စိန်ဗိုက် ရေ
တချို့ လူတွေ က ကျွဲ ကို ပရ လောက နဲ့ တွဲ ပြီးမှ ကြောက်တတ် ကြတယ်။ ဘာတဲ့ ….အနော် ရထာ ကို ခတ်တာ ကျွဲ ယောင်ဆောင်ထားတဲ့ နတ်တဲ့ ။ အမှန် မှာတော့ ကျွဲ ကိုယ် တိုင် က ကြောက် စရာ ကောင်းနေ ပါပြီ။ တောဘက် မှာ ကျွဲတွေ ၊ နွားတွေ မြိုင် ထတဲ့ အချိန် ဆို ဝေးဝေးသာ ရှောင်ပေတော့။
မယ်ပု့ချ် ရေ
အမတို့ နေခဲ့ တဲ့ တောဘက် မှာ ဆို ယောက်ျား မှန်သမျှ ခါးကြား မှာ ဓါး ပါတယ်။
အရီး လတ်
ကျွဲ က အိပ်ငိုက်နေ လို့ နေမှာ။ သူ့ ဘာသူ နေတဲ့ ကျွဲ ကို သွား ခလုတ် တိုက် တာ၊ အခတ် ခံ ရရင်တောင် ဘယ်သူမှ သနား မှာ မဟုတ်ဘူး။
အရီး ပြော သလိုပါပဲ ၊ မကျွတ် မလွတ်တဲ့ သူတွေ က ရင်ခွဲရုံမှာ ပျင်းခြောက်ခြောက် ကြီး ဘယ်နေပါ့ မလဲ။ ကိုယ့် အိမ် ကိုယ့် ယာ ကိုယ့် မိသားစု နား ပဲ နေမှာပေါ့။
ကိုနိုဇိုမိ
မိုချို့ ပိုစ့် တွေ ဖတ်ဖြစ်တယ်ဆိုလို့ ကျေးဇူးပါ။ ကိုယ် တွေ လည်း အသက် ရလာတဲ့ အချိန် မှာ သွေးသံ ရဲရဲ တွေ မကြည့် ရဲ တော့ ပါဘူး။
candle ၊ မိုး မခ
ဘယ် လို ပဲ ဖတ်ဖတ် ၊ ဖတ် တယ်၊ ကြိုက် တယ် ဆိုလို့ ကျး ဇူး ပါ။
မိုချို
November 10, 2012 at 8:36 am
ကိုမိုးတိမ်
ရင်တုန်စရာ အတွေ့ အကြုံ ပါပဲလား ။ စိတ်ဓါတ် မကြံ့ ခိုင်တဲ့ သူတွေ သေ နတ် ကိုင် ရ တဲ့ အခါ ကိုယ့် ကို ယ် ကို သေနတ်နဲ့ suicide လုပ်ဖို့ စိတ်ကူးတွေ ပေါ်တတ်ကြတယ်။ သရဲ တကယ် ခြောက်တတ် တာ ကိုယ်တွေ့ ကြုံဖူးလို့ ယုံ ပါတယ်။ အတွေ့ အကြုံ များတဲ့ သူ အနေနဲ့ ကိုယ့်အတွေ့ အကြုံ တွေ ကို ပိုစ့် အဖြစ် ရေး တင် ပါအုံး ။ စောင့် ဖတ်နေပါ့ မယ်။
Shwe Tike Soe
November 10, 2012 at 9:44 am
ကြောက်တတ်သူများမဖတ်ရဆိုလို……… မျက်စိလက်ကွယ်ပီး လက်ကြားက ကုန်းရုံးဖက်လာတာ…….
ဟွန်. ကျွဲ ဒဲ့ ကျွဲ……..
မုန်းထာအေ……………..
Novy
November 10, 2012 at 10:25 am
သဲထိပ်ရင်ဖိုနဲ့ ဝင်ဖက်လိုက်တာ
တော်သေးတယ် ကျွဲနဲ့ ဇာတ်လမ်းဆုံးသွားလို့
မကြောက်လိုက်ရတော့ဘူး :harr:
မိုချိုရဲ့ သတ္တိကို ချီးကျူးပါတယ်တော်
ရွာသူ jujuma .
November 10, 2012 at 12:02 pm
သရဲများကြောက်စရာမှတ်လို့ .. :hee:
လူနဲ့ သရဲ နဲ့ လူကပိုကြောက်စရာကောင်းတာဗျ …
မိုချို
November 10, 2012 at 2:05 pm
တိုက်တိုက်၊
ငယ်ငယ်တုန်း က အိမ်က မောင်လေးတွေ သရဲ ကား ကြည့် သလိုပေါ့ ။
မနိုရေ
မိုချို ကတော့ အဲတုန်း က ကြောက် လိုက်တာ အသက်ထွက် မတတ်ပဲ။
ဂျူဂျူး မရေ
ဟုတ်ပ …လောက မှာ လူ က ကြောက် စရာ အကောင်း ဆုံး ပဲ။ အသိညဏ် ရှိ လျက်နဲ့ ဒုက္ခပေးတတ်တာ လူတွေ ပဲလေ။
etone
November 10, 2012 at 4:49 pm
အစ်မမိုချိုရေ .. ညီမဒီပို့စ်ကို ဖတ်နေချိန် တရုံးလုံးမှာ တယောက်တည်းကျန်ပြီး အလုပ်လုပ်နေခဲ့တဲ့ အချိန်နဲ့တိုက်ဆိုင်နေတာမို့ … ဖတ်ရင်းတန်းလန်း … အဆုံးထိမရောက်ခင်ကော့မန့်ရေးပြီး လစ်ခဲ့ပါတယ် .. နောက်နေ့ ပြန်လာပါဦးမယ် .. ဟီး … :kwi:
မိုချို
November 10, 2012 at 6:34 pm
အိတုံ ညီမရေ
မိုချို ရွာထဲ စာမရေးခင် ညီမရဲ့ ချစ်ချစ်ဒေါက်တာ ကြီး ရေးတဲ့ အပိုင်း အစ လေး များ ဆို လား (ခေါင်းစဉ် လွဲ ရင် ခွင့် လွှတ်) လူသေ အပိုင်း အစ တွေ စစ်ဆေး တဲ့ အကြောင်း ဖတ်ရ ကတည်း က ငယ်ငယ် တုန်း က ဘဝ ကို ပြန်သတိရပြီး တွေး ဖြစ်သေး တာ။ ခုမှ ချရေး ဖြစ်တာ။
ရွာစားကျော်
November 10, 2012 at 6:56 pm
သရဲအကြောင်းရေးရင် ဆရာမက ဆရာမပါ ဆရာမရယ်
သရဲအတွေ့အကြုံကလည်း စုံမှစုံ ဆိုတော့လေ…
တကယ့် ကိုယ်တွေ့အဖြစ်အပျက်ကိုလည်း စောင့်ဖတ်မယ်နော်..
မောင်ပေ
November 10, 2012 at 9:29 pm
မိုချိုလေးရေ
ကိုပေ က အသဲနုလွန်းလို ့ပါကွယ်
မဖတ်ရဲ လို ့
မန် ့ပဲ မန် ့သွားပါတယ်နော
ဟီဟိ
မိုချို
November 11, 2012 at 8:58 am
ကို ရွာစားရေ
နေပြည်တော် မှာ ဘယ်နား မှာနေလဲ၊ ဘူးကွဲလား ၊ ခရေ လား ။
မိုချို ဝန်ထမ်း လုပ်ခဲ့ တုန်း က ခရေ အိမ် ယာ မှာ ဆောက်ပြီး ကာစ အခန်းစေ့ လူ မရှိသေးတဲ့ အချိန်၊ ညဘက်ဆို ခွေး တစ်ကောင် ထထ အူ တာ ၊ တခြားခွေးတွေ လိုက် မအူ ကြဘူး၊ တစ်ကောင်ထဲ ပတ် အူ တာ၊ ကြား ရ တာကြောက် စရာကောင်း တယ်။ ကိုယ် ဝရံ တာ က ထွက်ကြည့် တော့ ဘာမှ မတွေ့ ပေမယ့် ည သန်းခေါင် ဂါဝန် ပွပွ ကြီး ဝတ်လို့ အမှောင်ထဲ ထွက် ရပ် နေတဲ့ ကို်ယ့် ကို တွေ့ တဲ့ သူတွေ က သရဲလို့ ထင်ပြီး ရုံး မှာ ပြောနေ ကြရော။
နေပြည်တော် က လူ လာမန့် လို့ နေပြည်တော် က အကြောင်း လေး အမှတ် ရ သွား တာပါ။
ကိုပေ
အသဲနုရင် အသောက်လျှော့ ။
surmi
November 11, 2012 at 10:25 am
မမိုချိုရေ
စာရေးကောင်းချက်ကတော ့ ဘယ်လိုပြောရမှန်းတောင်မသိဘူး
ရွာထဲမရောက်နိုင်ခဲ ့လို ့ခုမှပြန်ဖတ်နေရတာ။ အတွေ ့အကြုံလေးတွေဆက်ရေးပါဦး
ယုန်ထင်ကြောင်ထင်ဖြစ်ရတာတွေကကျနော်လည်းကြုံခဲ ့ဘူးတယ်
တစ်ယောက်တစ်မျိုးမရိုးနိုင်အောင်ရေးပေးကြတာ ဖတ်လို ့ကောင်းမှကောင်း
ဆက်မျှော်နေမယ်နော