ကိုယ်ပိုင်တဲ့လမ်းကလေး

manawphyulayJuly 15, 20101min1010

လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘဝတုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘဝကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။
အင်း… ဘဝမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။
ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ဝယ်ရမှာ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအဝန်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ဝန်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ဝန်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ဝန်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ဝန်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ဝန်းကျင်သစ်ရဲ့ နွေးထွေးလှုှိက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။
ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘဝ၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘဝက ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ဝန်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘဝခရီးကို ကျွန်မဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးမှာတော့ ပြဿနာပေါင်းစုံ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……