ပန်းသုံးပွင့်နဲ့ သုံးရာသီ (၂)

ေ႐ႊဂ်ဴးNovember 14, 20121min2114

အဲ့နေ့ည ခရေတို့ခြံထဲက ကွပ်ပြစ်မှာ သူငယ်ချင်းတွေ ထိုင်ပြီး စကားတွေ ထိုင်ပြောဖြစ်ကြပါတယ်… ကိုကြီးဆောင်းလူတော့ မပါဘူး သူက သူ့ကျောင်းက သူငယ်ချင်းတွေ လာခေါ်လို့ လက်ဘက်ရည်ဆိုင်သွားထိုင်ပါတယ်… အဲ့တော့ ကျန်တဲ့သူတွေပဲ ကျန်ခဲ့ပါတယ်…  ည ၁ဝ နာရီလောက်မှာ လူစုခွဲဖြစ်ကြပါတယ်… အဲ့ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်ကုန်သွားပြန်ပါတယ်… နောက်နှစ်နွေကျောင်းပိတ်ရက်လည်း ဒီလို ထူးမခြားနားအဖြစ်လေးတွေနဲ့ပဲ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်… အင်း ပျော်ရွှင်စရာဆိုပေမယ့် အဲ့နွေရာသီမှာ နွေဦး ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီ ဆိုတဲ့ သတင်းကို ဝဿန်ဆီက ကြားရပါတယ်… ခရေကတော့ ထုံးစံအတိုင်း နွေဦးနဲ့ တွေ့တော့ ပြောလိုက်မိသေးရဲ့ ခုမှ ၈ တန်းစတက်မယ်… မထင်ရဘူးနော် လို့ ပြောတော့ အေးပေါ့ နင် ဘယ်သိမလဲ ငါ့အဲ့ကောင်မလေးကို ဘယ်လောက်စိတ်ဝင်စားနေသလဲဆိုတာကို တဲ့ ပြန်ပြောပါတယ်.. အဲ့တော့ ခရေလည်း နည်းနည်းစိတ်ဝင်စားသွားပါတယ်… ဟဲ့ ဘယ်ကလဲဟေ နင်နဲ့ တစ်တန်းထဲလား ဘယ်မှာနေတာလဲ ငါ စုံစမ်းပေးဖို့ လိုသေးလား အားမနာနဲ့ ပြောနော်လို့ ပြောတော့ နွေဦးက ခရေ့မျက်လုံးထဲကို သေချာကြည့်ပြီး အေး ငါ အကူအညီလိုရင် ပြောမယ် ငါပြောတဲ့ အချိန်ကျရင် နင် မငြင်းရဘူးနော်တဲ့ ခရေက အေးပါဟာ နင်ကလည်း ဒီလောက်ကတော့ ကူညီပေးနိုင်ပါတယ် နင်နဲ့ငါကဘာလဲ ငယ်သူငယ်ချင်းအရင်းရင်းခေါက်ခေါက်တွေလေ မဟုတ်ဘူးလား… ဆိုပြီး ပြန်ပြောပြီး လှည့်အတွက်မှာ ရင်မောပြီးကျန်ခဲ့တဲ့  နွေဦးအဖြစ်ကို သတိမထားလိုက်မိပြန်ပါဘူး…

ခရေ ၉ တန်းနှစ်မှာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ တော်တော်ရင်နှီးသွားပါတယ်… သူတို့တွေကတော့ လေလုံးအမြဲကြီးတတ်တဲ့ ပိုင်ပိုင်ရယ်… အမြဲတမ်း စားဖို့တွေးနေတဲ့ လုံးတင်ရယ် သူ့ကိုယ်သူ အမြဲတမ်းသနေတတ်တဲ့ ကိုကိုရယ်ပါ… ပိုင်ပိုင်၊ လုံးတင်၊ ကိုကိုတို့လည်း ခရေနဲ့ ပတ်သက်ပြီး တကယ့်ကို ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာတွေဖြစ်ခဲ့ကြပါတယ်… အဲ့တော့ ကျောင်းဖွင့်ရက်တွေဆို သူတို့ သုံးယောက်နဲ့ ကျောင်းပိတ်ရက်တွေဆိုရင် နွေဦးတို့နဲ့ အဖွဲ့ကျနေတတ်ပါတယ်.. အဲ့လိုနဲ့ ပညာသင်နှစ် ကုန်သွားပါတယ် စာမေးပွဲကြီးဖြေပြီး နွေကျောင်းပိတ်ရက် ထုံးစံအတိုင်း ခရေတို့တတွေ အဖိုးတို့အိမ်ကို ယွန်းကြပါတယ်… ဒါပေမယ့် ခရေကတော့ သိပ်မပျော်နိုင်ရှာပါဘူး ဘာဖြစ်လို့လဲဆိုတော့ ခရေ ၁ဝ တန်းအတွက် ပြင်ဦးလွင်မှာ ဘော်ဒါသွားထားဖို့ အိမ်က ဆုံးဖြတ်လိုက်ကြလို့ပါပဲ… ခရေကိုယ်တိုင်လည်း သဘောတူလက်ခံခဲ့ပေမယ့် တကယ်တမ်းသွားရတော့မှာပါလားဆိုတဲ့ အချိန်မှာ ဝမ်းနည်းမိပါတယ်… ကိုကြီးဆောင်းလူနဲ့ နှင်းဆီကတော့ ဘာမှ အထွေအထူးမပြောပေမယ့် စံပယ်နဲ့ နွေဦးကတော့ သိတဲ့အတိုင်း ဘာလို့သွားမှာလဲ ဒီမှာ ကျူရှင်ဝိုင်းတွေအများကြီး ဂိုက်တွေလည်း ခေါ်သင်လို့ ရရဲ့သားနဲ့ဆိုပြီး နွေဦးက ပြောပါတယ်… စံပယ်ကလေ အေးလေ ဟုတ်သားပဲ ငါလည်း ဒီလိုပဲ တက်ပြီး အောင်သွားတာပဲဟာကို နင်ကလည်း မသွားပါနဲ့ ဆိုပြီးတားပါတယ်… ဒါပေမယ့် မရတော့ဘူးလေ ခရေ့အဖေက အားလုံးစီစဉ်ပြီးသွားပြီ… နွေဦးတစ်ယောက်ကတော့ တားမရတဲ့အဆုံးတော့ အပြင်ထွက်ခွင့်ရတိုင်း ဖုန်းဆက်နော် ကြားလားဆိုပြီး ခရေ့ခေါင်းလေးကို ပုတ်ပြီး အမြဲတမ်းမှာပါတယ်… အဲ့လိုနဲ့ မေလ ၃ ရက်နေ့ အမှီ သွားရမယ့် ခရေ ရန်ကုန်မြေကို မေ ၁ ရက်နေ့မှာ ထွက်ခွာခဲ့ပါတယ်… မေ ၁ ရက်နေ့ မနက်ပိုင်းကို ပိုင်ပိုင်၊ လုံးတင်နဲ့ ကိုကိုတို့လည်း အပြေးရောက်လာပြီ မုန့်တွေ လက်ဆောင်တွေ အများကြီးလာပေးသွားပါတယ်… ပိုင်ပိုင်တစ်ယောက်ကတော့ စကားတောင် မပြောဘူး သူတို့ကို မပြောရကောင်းလားဆိုပြီးတော့ ဒါပေမယ့် သူပဲ မုန့်အများဆုံးဝယ်လာခဲ့ပါတယ် ပြီးတော့ စာခေါက်လေးပါလာတာကို ခရေ ဘော်ဒါအရောက်မှ တွေ့မိတယ်… စာထဲမှာတော့

‘ခရေ

နင်ကတော့ ငါ့ကို မမှတ်မိဘူးလေ ထင်ပါတယ် အမှန်တကယ်တော့ ငါနင့်ကို ၂ တန်းနှစ်ကတည်းက သိတာ.. နင် မမှတ်မိဘူးလား နင် ခေါ်ခေါ်နေတဲ့ မျက်ကွင်းသရဲကငါလေ… ငါက နင့်ကို အမြဲတမ်းစတော့ နင်ငါ့ကို ပေးခဲ့တဲ့နာမည်လေ… ဒါပေမယ့် ငါ ၂ တန်းပြီးတော့ ၃ တန်းနဲ့ ၄ တန်းကို ကျောင်းပြောင်းရတယ်…ဒါပေမယ့် ငါးတန်းအရောက်မှာ နင်တို့ကျောင်းကို ပြန်ပြောင်းလာတဲအချိန် ငါက အေခန်း နင်က စီခန်းက အတန်းခေါင်းဆောင်… ငါ နင့်ကို ပထမ ငါစခဲ့တဲ့ ကောင်မလေးလို့ မထင်မိဘူး… ဒါပေမယ့် နောက်မှာ နင်မှန်းသေချာလာခဲ့တယ် ဘာဖြစ်လို့လည်းဆိုတော့ နင့်ကိုစတဲ့သူတွေကို နာမည်တွေ ပြန်ပေးတတ်တဲ့အကျင့်က ခုချိန်ထိ ရှိနေခဲ့လို့လေ… ငါ နင်နဲ့ ခင်ချင်ပေမယ့် နင့်နားမှာ သူငယ်ချင်းတွေ ဝိုင်းနေတော့ ငါ မပြောရဲခဲ့ဘူး… အဲ့လိုနဲ့ ၁ နှစ်ကုန်သွားတယ်… ကံကောင်းချင်တော့ နောက် ၆ တန်းနှစ်မှာ နင့်တို့ အဖွဲ့ထဲက ကောင်မလေးကို ငါ့သူငယ်ချင်း ညီညီနဲ့က စိတ်ဝင်စားနေတာပဲ ပြီးတော့ ညီညီနဲ့ နင်က ခင်ပြီးသား ဖြစ်နေတော့ ငါ အရမ်းပျော်သွားတယ်… ငါ နင်နဲ့ ပြန်ခင်လို့ရပြီဆိုပြီးတော့လေ… ကံကောင်းစွာပဲ နင်က နင့်မွေးနေ့ကို ညီညီကို ကူညီတဲ့အနေနဲ့ ကစားကွင်းမှာ ချိန်းလိုက်တယ်… သူငယ်ချင်းတွေအားလုံးကလည်း ပျော်ရွှင်စွာပဲ သူတို့ စိတ်ဝင်စားနေတဲ့  ကောင်မလေးတွေနဲ့ အဖွဲ့ကျအောင်လိုက်စလိုက်ကြနဲ့ ပျော်စရာကြီး… ဒါပေမယ့် ငါ သတိထားမိတာက နင့်နားမှာ ဘယ်သူမှ မရှိတော့တာကိုပဲ… ငါ နင့်ကို သနားသွားတယ် ဪ သူများတွေကြတော့ ပျော်အောင် လုပ်ပေးပြီး နင့်ကို ပျော်အောင် လုပ်ပေးမယ့်သူ မရှိပါလား ဆိုပြီးတော့လေ အဲ့တော့ ငါ နင့်နားကို ရောက်မှန်းမသိ ရောက်သွားတယ်… ပြီးတော့ ငါ နင့်ကို ဟဲ့ ခရေလာ ငါနင့်ကို ပြစရာ တစ်ခုရှိတယ်ဆိုပြီး ခေါ်တော့ နင်က စိတ်ဝင်တစားငါ့နောက်လိုက်လာတော့ ငါလေ ဘယ်လိုပျော်မှန်းမသိ အဲ့တော့ ငါလည်း ငါတွေ့ထားတဲ့ နေရာကောင်းလေးဆီကို ခေါ်သွားတယ် အဲ့ဒါကတော့ ကစားကွင်းရဲ့ ပန်းခြံအလယ်မှာ အလှထားထားတဲ့ ကျောက်ဆောင်ကြီးထိပ်ကိုပါ အဲ့ပေါ်ရောက်တော့ နင်က ကလေးပေါက်စလေးကျနေတာပဲ ပျော်စရာကြီး ဟယ်… ဟိုကောင်တွေ ကြည့်စမ်း ငါ့ကိုထားခဲ့ပြီး ဟိုမှာ သွားပျော်နေကြတာကိုး ရက်စက်လိုက်ကျတာ ဟား ဟား နဲ့ နင် ရယ်ပြီး ပြောနေတာကို ငါ မျက်လုံးထဲမှာ ခုထိမြင်နေတယ်… အဲ့အချိန်ကနေစပြီး ငါ နင့်နားမှာ အမြဲရှိခဲ့တယ်… နင်နဲ့ ပြောမနာဆိုမနာ သူငယ်ချင်းအဆင့်ထိ ငါရောက်အောင် ကြိုးစားခဲ့တယ်.. နင့်ကို ကိုးတန်းအထိ ငါ ကျောင်းအကြိုအပို့ မပျက်ခဲ့ဘူး… ကိုးတန်းမှာတော့ ငါ တော်တော်စိတ်ဆိုးတယ် နင့်ကို ဘာ ၁ဝ တန်းကကောင်ကိုများ စိတ်ဝင်စားသေးတယ် တယ် ငါ ထိပ်ထုပြစ်ချင်တာ လက်ကိုယားနေတာပဲ… ဒါပေမယ့် ငါလည်း ငါ့နည်းငါ့ဟန်နဲ့ နင် အဲ့ကောင်ကို စိတ်မဝင်စားအောင် လုပ်ခဲ့မိတာ ဝန်ခံတယ်… ခုတော့ နင်က ငါ့ကို နင် ဘော်ဒါသွားမှာ အသိတောင် မပေးတော့ စိတ်တော့ဆိုးချင်မိသား… ကဲ့ထားပါလေ ခု ငါ့ကို မှတ်မိတော့နော် … စာကြိုးစားနော်… အိပ်ရေးဝအောင် အိပ်နော်… အစားလည်း မှန်အောင်စား.. ပြီးတော့ ငါ့ကို မမေ့သွားနဲ့နော်… ပြီးတော့ စာလည်းရေးနော် နင့်မောင် ဝဿန်ကို ငါသိတယ် သူနဲ့ ထည့်ပေးနော်… နင့်ကို ငါတို့ လွမ်းကျန်ခဲ့မှာဟ…

နင့်ကိုချစ်တဲ့ သူငယ်ချင်း

ပိုင်ပိုင်’  တဲ့…

စာလေးကို ဖတ်ပြီး ပိုင်ပိုင့်ကို သနားသွားတယ် ဪ ငါ အနိုင်ကျင့်သမျှ သူ ခံရလေခြင်းဆိုပြီးတော့လေ… အဲ့အချိန် ပိုင်ပိုင့်ကို ပြေးတွေ့ချင်စိတ်တောင် ပေါက်မိတယ်… ဒါပေမယ့် ဒီအချိန်က ဘဝကို အဆုံးအဖြတ်ပေးမယ့် အတန်းဆိုတော့ ငါ စာကိုကြိုးစားရမယ်ဆိုပြီးတော့ စာကိုပဲ ကြိုးစားခဲ့ပါတယ် ဪ ခရေက စာအတော်ကြီးမဟုတ်ပါဘူး.. ကိုးတန်းအထိတော့ အဆင့် ၁ဝ အောက်တော့ ရောက်မသွားပေမယ့် အဆင့် ၁ ကိုလည်း တခါမှာ မရခဲ့ဖူးဘူးတဲ့ သူပါ… ခရေနေတဲ့ ဘော်ဒါဆောင်မှာ မိန်းကလေးဆောင်တွေဆိုရင် ပန်းနာမည်လေးတွေနဲ့ အဆောင်တွေ အများကြီး မြို့ရဲ့ နေရာအနှံ့မှာ အိမ်လေးတွေနဲ့ ထားပါတယ်… အဆောင်နာမည်လေးတွေက လှပါတယ် ယုဇန၊ သရဖီ၊ ကံ့ကော်၊ ခိုင်ရွှေဝါနဲ့ မာလာဆောင်တွေပါ… ခရေက မာလာဆောင်မှာနေရပါတယ်… ပြောမယ့်သာပြောတာ ခရေ့ရဲ့မာလာဆောင်လေးက တစ်ထပ်တိုက်လေး ရှေ့မှာ ပန်းခြံလေးနဲ့ ခြံတော်တော်ကျယ်ကျယ်နဲ့ စိတ်ငြိမ်တဲ့ရပ်ကွက်ဘက်မှာ ရှိပါတယ်… ခရေ့အဆောင်မှာ လိုက်ချီးသီးပင်၊ တည်သီးပင်၊ မက်မန်းသီးပင်၊ ပန်းသစ်တော်သီးပင်တွေ ရှိပါတယ်… ပျော်စရာကြီးပါ… ခရေကတော့ အစားမက်တဲ့သူဆိုတော့ အဲ့အသီးပင်တွေလည်းတွေ့တော့ ဝမ်းသာချက်က ပြောမပြနိုင်လောက်အောင်ပါပဲ… အဲ့လိုနဲ့ စာသင်နှစ်ကြီး စတင်ပါတယ်… ပထမအရည်အချင်းစစ်စာမေးပွဲမှာ ခရေက ဂုဏ်ထူးတန်းခွဲ ၂ ကို ရောက်သွားပါတယ်… ခရေ့ကို ဆရာတွေ တော်တော်သိကြပါတယ်… စာတော်လို့တော့ မဟုတ်ပါဘူး အမြဲတမ်း အိပ်ငိုက်နေလို့ပါ… J .. ခရေ့တို့ ဘော်ဒါပိုင်ရှင်က ဆရာဝန်ပါ ခရေတို့ တပည့်တွေကတော့ ဒေါက်တာလို့ပဲ ခေါ်ဖြစ်ကြပါတယ်… ဒေါက်တာကိုယ်တိုင်က ခရေက စာလည်းရ အိပ်လည်းငိုက်တဲ့အတွက် အမြဲတမ်း သူ့အချိန်ဆို စာအမေးခံရပါတယ်…မေးတိုင်းလည်း ဘယ်တော့မှ မရတာ မရှိတဲ့အတွက် ခရေ့ကို ဒေါက်တာက ချစ်ပါတယ်… ပြီးတော့ nick name တောင် ပေးသွားသေးတယ် Fatty Acid ဆိုပြီးတော့လေ… ခရေက နာမည်ကြီးပါတယ် ဂုဏ်ထူး ၂ က Fatty Acid ဆိုရင် အကုန်သိပါတယ်…. အဆောင်မှာ ညဘက် night study အချိန်မှာ ကျောင်းက ဆရာမကြီးတွေက အလှည့်ကျလာကြည့်လေ့ရှိပါတယ်… အဲ့ဆရာမကြီးတွေကတောင် fatty acid ဆိုတာ ဘယ်သူလဲလို့ မေးယူရအောင် ခရေက နာမည်ကြီးပါတယ်… နာမည် ဘယ်လောက်ပဲ ကြီးကြီး အိပ်ငိုက်တဲ့မူကတော့ ရိုးရာမပျက်ပါဘူး… ငိုက်မြဲ ငိုက်ဆဲ ငိုက်လတ္တံ့ပါပဲ…

ထူးဆန်းတာကတော့  ပိုင်ပိုင်တို့ဆီကစာအလာမပျက်ခဲ့ပေမယ့် နွေဦးတစ်ယောက်ဆီကတော့ စာတစ်စောင်မှ ရောက်မလာတာပါပဲ… ပထမတော့ ဝမ်းနည်းပြီး ငိုမိသေးတယ် နောက်တော့ စာတွေပိပြီး မမျှော်မိတော့ပါဘူး… နှင်းဆီတို့ဆီက စာထဲမှာ သူ့အကြောင်းတွေ ပါလာတော့ သူ့ကို ပိုပြီး သတိရမိပါတယ်… နွေဦးကတော့ နင့်အကြောင်းအမြဲတမ်းပြောနေတာတဲ့ ပြီး ဆောင်းလူကပြောတယ် ဒီကောင်နင့်ကို တော်တော်သတိရတာတဲ့ … ဖတ်ရင်းနဲ့ မဲ့ပြုံးပြုံးမိပါတယ်… သွားပါ စာတစ်စောင်မှ မရေးဘဲနဲ့ မယုံဘူးလို့…. နှင်းဆီကို စာပြန်ရေးတဲ့အထဲမှာလည်း အဲ့ဒါကို ထည့်ရေးဖြစ်အောင် ရေးပေးလိုက်ပါတယ်… အဲ့လိုနဲ့ ၁ဝ တန်း စာမေးပွဲကြီးကို အောင်မြင်စွာဖြစ်ကျော်နိုင်ခဲ့ပါတယ်… သေဖော်သေဖက်သူငယ်ချင်းတွေလည်း အများကြီးရလိုက်ပါတယ်… ဌာနေကို ပြန်ရတော့မယ်အချိန် ဆရာတွေ အားလုံးကို ကန်တော့ ငိုကျ ဖက်ကျ ဓာတ်ပုံတွေ တွဲရိုက်ကြ ပျော်ခဲ့ရပါသေးတယ်…. ခရေကတော့ ၁ဝ တန်းဆိုတာကြီး ပြီးသွားတဲ့အတွက် အတော့်ကို ပေါ့ပါးစွာနဲ့ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်… ပြန်ရောက်ရောက်ချင်းတစ်ပတ်ကတော့ ရှိသမျှ အမျိုးတွေက သတိရလို့ လာခဲ့ပါဦးဆိုတဲ့အတွက် သွားတွေ့ရပါသေးတယ်… ခရေကတော့ အဖိုးတို့အိမ်ကိုအတော်သွားချင်လှပါပြီ… ခေါ်သမျှအမျိုးတွေအိမ်ကိုသွားပြီးတဲ့အချိန် ခရေတစ်ယောက် ခုန်ပေါက်ပြီး အဖိုးတို့အိမ်ကို သွားပါတော့တယ်… အဖိုးတို့က ခရေကို ငါ့မြေးလေး ထွားလာလိုက်တာ ကြည့်စမ်း… စာမေးပွဲဖြေနိုင်တယ် မဟုတ်လား… နဲ့ ဖက်ပြီး မေးပါတော့… ပြောမယ့်သာ ပြောတာ ခရေ အတော့်ကို ထွားလာပါတယ်… ခရေ ၁ဝ တန်းဖြေအပြီးမှာ အရပ်က ငါးပေငါးလက်မလောက်ရှိနေပြီဆိုတော့ ဘာပဲပြောပြော ထွားတယ်တယ်လို့ ပြောရမယ့်ပုံပါ…

အဖိုးတို့အခန်းထဲကအထွက်မှာ ဖြုန်းခနဲလှမ်းဖက်လိုက်တာကိုခံလိုက်တော့ လှန့်သွားပြီး အော်မိပါသေးတယ် ကြည့်မိတော့ စံပယ်မရယ်… အမလေး မိန်းမ ကြည့်စမ်း ထွားလာလိုက်တာ… ညည်းအေ ခုမှ လာရသလား ငါတို့မှာ နင် ဘယ်နေ့များလာမလဲလို့ မျှော်ရတာ လည်ပင်း သစ်ကုလားအုတ်ဖြစ်တော့မယ်… လို့ပြောပြီး ပခုံးကို ရိုက်ပြန်ပါတယ်.. ပြီးတော့ ဟုတ်ပါ့ ငါတို့မှာတော့ လွမ်းလိုက်ရတာ လို့ ပြောတဲ့ အသံလာရာဖက်ဆီကြည့်လိုက်တော့ ကိုကြီးဆောင်းလူ … စိတ်ထဲမှာတော့ နွေဦးရော… လို့ မေးမိပေမယ့် အပြင်မှာတော့ မသိချင်ယောင်ဆောင်လိုက်ပါတယ်… ကိုကြီးဆောင်းလူကိုတော့ မဟုတ်ပါဘူးဗျာ အဖေ့အမျိုးတွေရယ်လေ သတိရလွန်းလို့ မျက်နှာလေး လာပြပါဆိုလို့ သွားတွေ့နေရလို့ပါ… ခရေ့စိတ်အတိုင်းသာဆိုရင် အဖိုးတို့အိမ်ကို အရင်လာတယ်ဗျ… ဒါပေမယ့် ခရေ မနေနိုင်ပါဘူး… မေးမိပါတယ် ဟိုနွေဦးတစ်ယောက်ရော အသက်ရှိသေးရဲ့လား လို့ မေးလိုက်မိတဲ့အချိန် နောက်ကနေ ဖြုန်းဆို မျက်လုံးလှမ်းမှိတ်လိုက်တာကို ခံလိုက်ရပါတယ် ပြီးတော့ လုပ်သံကြီးနဲ့ ကဲ ဘယ်သူလဲ မှန်အောင်ပြောစမ်းလို့ ပြောတဲ့ နွေဦးအသံကို ကြားလိုက်ရတယ်… ခရေက နွေဦး နင်နော်… နင့်အသံကို ဟိုအကောင်ဆွဲသွားတာတောင်မှတ်မိတယ်လို့ ပြောပြီး လက်ကို ဖယ်ထုတ်လိုက်ပြီး သူဘက်ကို လှည့်လိုက်တော့ ခရေ မတ်တပ်ခဏမေ့သွားတယ်… နွေဦး ဒီကောင် တော်တော်ချောလာတာပဲလို့ အရပ်က ခရေ့ကို မိုးချင်နေပါပြီ… နွေဦးက ဟဲ့ ဘာဖြစ်သွားတာလဲ … ငါပါဟ တဲ့ အေး သိတယ် နင့်ပုံစံကို မိုးကြိုးပစ်ပြီး ကားတက်ကြိတ်သွားတောင် မှတ်မိတယ် ဟွန့် ပုံကိုက မပြောလိုက်ချင်ဘူး ဆို ပွစိပွစိနဲ့ ခရေ ပြန်ပြောတော့ နွေဦးက အေးပါ ဘယ်လိုလဲ အားလုံးအိုကေတယ် မဟုတ်လား… လို့ ပြောပြီး ဧည့်ခန်းထဲကို ထွက်သွားပါတယ်… စိတ်ထဲမှာ မေးချင်တာတွေက ‘နင် ဘာလို့ ငါ့ဆီ စာမရေးတာလဲ.. နင် နေနိုင်လိုက်တာ’ ဆိုတာပါပဲ…

နောက်နေ့နောက်နေ့တွေမှာ သတိထားမိတာက နွေဦးတစ်ယောက် မိုးလင်းတာနဲ့ စံပယ်တို့အိမ်ကိုရောက်နေတတ်တာကိုပါပဲ… တခါတလေ ခရေသွားခေါ်ရင်တောင် စံပယ်နားမှာပဲနေခဲ့တယ် စံပယ်လာမှ လိုက်လာတတ်တာတွေကို သတိထားမိတယ်… စံပယ်ကတော့ ဒုတိယနှစ်ကျောင်းသူကြီးဆိုတော့ တော်တော်လှလာပါတယ်… စိတ်ထဲမှာတော့ မဟုတ်လောက်ပါဘူးလို့ အကြိမ်ကြိမ်ပြောနေပေမယ့် ဟုတ်နေလောက်ပြီဆိုတော့ကိုလည်း သိနေတယ်… သေချာအောင် နှင်းဆီကို မေးကြည့်တော့ အေး ဖြစ်နိုင်တယ်ထင်တယ် နင်သိတဲ့အတိုင်း ဆောင်းလူကလည်း သူ့ကျောင်းနဲ့ သူ့သူငယ်ချင်းနဲ့ ငါနဲ့ ဝဿန်ကလည်း အဖိုးတို့အိမ်ကို သိပ်မသွားဖြစ်ဘူး.. အဲ့တော့ နွေဦးခမျာ ပေါင်းစရာဆိုလို့ စံပယ်ပဲရှိတော့တာလေ အဲ့တော့ နင် မရှိတဲ့ ၁ နှစ်တာအတွင်း သူတို့ ၂ ယောက်ပိုခင်သွားတယ်ထင်တယ်… နွေဦးကြည့်ရတာလဲ စံပယ့်ကိုများ စိတ်ဝင်စားနေသလားလို့တဲ့… အဲ့လိုကြားတော့ သူပြောတဲ့စကားတွေကို သွားသတိရမိတယ် ငါ အကူအညီတောင်းတဲ့အခါ နင် မငြင်းရဘူးနော် ဆိုတဲ့စကား… သူ အကူအညီတောင်းပြီးပြောခိုင်းမှာ စံပယ်များ ဖြစ်နေမလား… ဆိုတဲ့အသိက တော်တော်ခြောက်ခြားသွားပါတယ်… စံပယ့်မှာ ခုလက်ရှိ ချစ်သူရှိနေတာလည်း ခရေ့ကို ပြောပြထားလို့ ခရေသိတယ် နွေဦးတစ်ယောက်များ မသိလေသလား… တော်ကြာ စံပယ်ငြင်းရင် သူ ခံစားသွားရမှာကို စိတ်ကြိုပူမိပါတယ်… စံပယ်ကလည်း တခါလာပြောပါတယ် နွေဦးတစ်ယောက် ချောလာလိုက်တာနော်တဲ့ ခရေကတော့ ဟုတ်လား သတိမထားမိပါဘူး… ဒါနဲ့ စံပယ်က ဟိုနေ့ကလေ နွေဦးရယ် ဒီကောင် ငါ့များ ကြိုက်နေသလား မသိဘူးတဲ့ နွေဦး ဖွင့်ပြောရင်တော့ ကောင်းမယ်တဲ့ ငါ ချက်ချင်း ပြန်အဖြေပေးလိုက်မှာတဲ့ ခရေ ခေါင်းကြီးသွားပါတယ်… အံ့လည်း အံ့ဩသွားတယ်… စံပယ် နင့်မှာ ရည်းစားရှိတယ်လေ ပြီးတော့ နွေဦးက နင့်မောင်အရွယ်ကို နင်ကလည်း ပြီးတော့ ငါတို့တွေက ငယ်သူငယ်ချင်းတွေဟာကို … ဆိုပြီး စကားတွေက အစပ်ဆက်မရှိဘဲ ထွက်လာပါတယ်… စံပယ်က ရယ်ပါတော့တယ် ဟား ဟား ခရေရယ် ငါက စတာပါ ငါ သူ့ကို ငါမောင်လေးထက် ပိုလို့မရပါဘူး… ပြီးတော့ သူကြိုက်နေတာ တစ်ယောက်တဲ့ ငါသိတယ်တဲ့… ပြောသွားပြန်ပါတယ်….

အဲ့နေ့ညနေ စက်ဘီးလျှောက်ဆီးကြတော့ နွေဦးက စံပယ့်ကို တင်နင်းတယ် ကိုကြီးဆောင်းလူက ခရေ့ကို တင်နင်းတယ်… ပြီးတော့ ကိုကြီးဆောင်းလူက ခရေ့ကို ထူးထူးဆန်းဆန်း အတော်လေးကို ဂရုစိုက်ပါတယ်… နတ်ရေကန်ဘောင်မှာ ထိုင်ကြတော့ ခရေထိုင်မယ့် နေရာကိုသေချာရှင်းလင်းပေးပြီး ထိုင်စေပါတယ်… လေတိုက်လို့ ဆံပင်တွေ လွင့်ပြီး ရှုပ်သွားရင် ရှင်းပေးရတာနဲ့ ရေဆာလိုက်တာလို့ ပြောလိုက်မိတော့ ရေပြေးဝယ်ပြီး တိုက်ရတာနဲ့ ပြာယာခတ်အောင် ဂရုစိုက်နေတော့ ခရေကသိတဲ့အတိုင်း သူ့ကို သူများက ဂရုတစိုက်ရှိရင် သိပ်ပျော်တဲ့အတွက် မျက်နှာကို ဖြီးနေတာပါပဲ… ပြီးတော့ ကိုကြီးဆောင်းလူက ခဏနော် ဆိုပြီး ထထွက်သွားပါတယ်… ပြီးတော့ စံပယ်လည်း ကိုကြီးဆောင်းလူနောက်ကို ပါသွားတာ တွေ့လိုက်တော့ မုန့်များသွားဝယ်တာလား မသိဆိုပြီး ကန်ဘောင်မှာ လေညှင်းဆက်ခံနေမိပါတယ်… လေအဝှေ့မှာ ခရေဆံပင်တွေ လွင့်သွားတဲ့အခိုက် ခရေကလည်း မျက်လုံးမှိတ်ပြီး ဆံပင်တွေ ပိုလွင့်အောင် ခေါင်းကို အခါမှာ ဗြုန်းဆို ခရေ့ခေါင်းကို လှမ်းကိုင်တာ ခံလိုက်ရတော့ လန့်ပြီး မျက်လုံးဖွင့်ကြည့်တဲ့အခါ နွေဦးဖြစ်နေပါတယ်… ကဲ ပြန်မယ် ထတော့ ကိုဆောင်းလူနဲ့ စံပယ်က ကျောင်းလမ်းဘက်မှာ ဝယ်စရာရှိလို့ ထွက်သွားပြီ လာ ပြန်မယ်ဆို… ဆိုပြီး အတင်း လက်ကိုကိုင်ပြီး ဆွဲခေါ်သွားပါတယ်… လမ်းမှာ သူမေးတယ် ခရေ နင့်ကို စံပယ် ဘာပြောသေးလဲတဲ့… ခရေကလည်း ဘာမှမပြောပါဘူး… ဪ ဒါပေမယ့် နင်ကြိုက်နေတဲ့ ကောင်မလေးရှိနေပြီဆိုတာတော့ ပြောတယ် ဘယ်သူလဲမေးတော့ နင်သိလာမှာပါ ခုတော့ မဟုတ်ဘူးတဲ့ အဲ့ဒါ ဘယ်သူလဲဟေ… ပြောပြပါလား … ငါ သိလား အဲ့ကောင်မလေးကို… လို့ မေးတယ် အင်း နင်သိတာပေါ့ ရင်းရင်းနှီးနှီးကို သိတာတဲ့ အဲ့တော့ မေးလိုက်တယ် စံပယ်လား… ဆိုတော့ အာ နေပါဟာ နင်ကလည်း သူ့ကြိုက်စရာလား … ဒါဆို နှင်းဆီလားဆိုတော့ ဟာ နင်တော့လား ငရဲတွေတော့ ကြီးတော့မှာပဲ… နှင်းဆီကို ငါက အစ်မရင်တစ်ယောက်လိုချစ်တာ နင်နော် တော်ပြီ တော်ပြီ လျှောက်မပြောနဲ့တော့… နောက်ကြုံတော့ ငါပြမယ်နော်… နင်ကလည်း တော်တော်ဝေးတယ်နော်…တဲ့ ခရေက နောက်က လိုက်ရတာဆိုတော့ ပြုံးစိစိဖြစ်နေတဲ့ နွေဦးမျက်နှာကို ခရေ သတိမထားလိုက်မိပြန်ဘူး….

4 comments

  • လုံမလေးမွန်မွန်

    November 14, 2012 at 5:07 pm

    အဟွန်း အဟွန်း…
    ဇာတ်လမ်းကတော့ စလာပြီ… တော်တော်ပိန်းတဲ့ ခရပါလားနော်… :kwi:
    ငယ်သူငယ်ချင်းတွေရဲ့ မေတ္တာကို ဖတ်မိတော့ ကြည်နူးစိတ်နဲ့ ပြုံးနေမိပါတယ်..ဂျူဂျူးရေ…

  • ဂျူဂျူး

    November 14, 2012 at 5:35 pm

    ဟုတ်တယ် လုံမရေ…
    ပြန်တွေးကြည့်ရင် ဪ ငါ တော်တော်ကို ရိုးသားပါလားလို့ :harr:

  • padauk moe

    November 14, 2012 at 7:28 pm

    အားပေးသွားပါတယ်ဗျာ ဆက်လက်တင်ပြနိုင်ပါစေနော် သူငယ်ချင်း

    • ဂျူဂျူး

      November 15, 2012 at 10:41 am

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်….

Leave a Reply