မီတာစာရေး နဲ့ သနားစရာ့လူဆင်းရဲ
တကယ်ပြောတာပါဗျာ….
ကျုပ်ရွာထဲတဝဲလည်လည်လုပ်နေတာသာ တော်တော်ကြာပြီး ဘယ်လိုပိုစ့်ရေးရမှန်းကို မစဉ်းစားတတ်သေးဘူး…။
အဲဒါနဲ့ပဲ ပုံစံတစ်မျိုးရေးလိုက် tag တမျိုးပေးလိုက်နဲ့ – ကျုပ်လုပ်မိသမျှ tag တွေ ပွစိတက်ပြီး ကိုယ့်ဟာကိုယ်လဲ မမှတ်မိတော့ပါဘူး….။
ပိုစ့်မရေးရပြန်တော့ ကွန်မင့်ရေးဘို့လုပ်တော့လဲ ပိုစ့်တိုင်းကို ကွန်မင့်ပေးလို့မရ..။
အဲတော့ ဘယ်လိုစာရေးရမယ်လို့ စဉ်းစားလို့မရခင် ကိုယ့်ရောဂါနဲ့ကိုယ် အာသာပြေအနေနဲ့
တစ်နေ့တစ်နေ့ အတွေ့အကြုံလေးတွေက ဆင့်ပွားတွေးမိတာလေး တစ်တို့နှစ်တို့လောက်စီကို ပဲ
တစ်ပုဒ်နှစ်ပုဒ်လောက် စာဖြစ်အောင် အရင်ရေးနှင့်ပါရစေတော့ ……
ဒီနေ့မနက်လဲ ကျုပ်အိမ်ခန်းအတွက် မီတာဆောင်မလို့ စမ်းချောင်း မီတာရုံးရှေ့မှာ သွားတန်းစီမိတယ်…။
အရင်ကတော့ ဒီအလုပ်ကို သူများကိုခို်င်းထားတာဆိုတော့ ကျုပ်အဖို့တော့ ဒီမီတာရုံးကိုရောက်ဘူးတာ ဒါမှ ဒုတိယအကြိမ်ပဲရှိပါသေးတယ်။
မီတာရုံးရှေ့မှာတန်းစီလို့ ကိုယ့်အလှည့်မရောက်ခင်နှစ်ယောက်လောက်အလိုမှာ လူငယ်လေးတစ်ယောက် မီတာစာရွက်တထပ် နဲ့ ရှေ့ဆုံးကိုကြားဖြတ်ပြီးဝင်လာတယ်..။ မီတာစာရွက်တထပ်ဆိုတော့ ဒါတစ်အိမ်စာမဟုတ်ဘူး။ ငါးအိမ်ခြောက်အိမ်စာပေါ့။ ဒီလိုပဲ ကိုယ်တိုင်မဆောင်ချင်သူတွေက တစ်စောင် ၅၀ဝ လောက်ပေးပြီး ဆောင်ခိုင်းကြပါတယ်။ ဒီကောင်လေးဝင်လာတဲ့အချိန်မှာ လူတန်းက လူ ၂ဝ လောက်ရှိပါတယ်။
အဲဒါမဆန်းပါဘူး….
ဒီလို အဆင့်မရှိတဲ့ ယဉ်ကျေးမှု့မရှိတဲ့ စည်းကမ်းမရှိတဲ့လူတွေ ကျုပ်တို့နို်င်ငံမှာ များမှများ……
အားလုံးကလဲ မဆန်းတဲ့မြင်ကွင်းကိုကြည့်ရသလိုပဲ ဘာမှမပြောကြပါဘူး….
ရှေ့ဆုံးက အသက်ခပ်ကြီးကြီးလူကသာ “ညီလေး … နောက်ကတန်းစီရတယ်…” လို့ တစ်ခွန်းပြောတယ်။
အဲဒီစကားလဲကြားရော မီတာဆောင်တဲ့ကောင်လေးက တစ်ချက်လှည့်ကြည့်ပြီးမျက်နှာလွှဲသွားတယ်…
အဲဒီအထိမဆန်းသေးဘူး……
မဟုတ်တာတမင်လုပ်တဲ့သူဆိုတာ ကိုယ့်အမှားတော့ကိုယ်သိတာပဲ… ဘယ်စိတ်လုံမလဲ…
ဆန်းတာက-
မီတာကြေးငွေလက်ခံတဲ့အခန်းထဲက စကားတွတ်တွတ်ပြောနေတဲ့ မီတာစာရေးမိန်းကလေးသုံးယောက်
ပြောလက်စစကားတွေ တိ ကနဲ တိတ်သွားတယ် ….
ပါးစပ်တွေတင်းကနဲစေ့သွားတယ်….
မျက်စေ့တွေကလဲ ဘယ်မှမကြည့်ပဲ အောက်ငုံ့သွားတယ် ….
ပြီးတော့ ရှေ့ဆုံးက မီတာစာရွက်နဲ့ကျသင့်ငွေကို ချပေးနေတဲ့
အဲဒီလူကြီးရဲ့ မီတာစာရွက်ကိုကောက်မကိုင်ပဲ
ကြားဖြတ်ထိုးပေးတဲ့ ကောင်လေးလက်ထဲကမီတာစာရွက် တထပ်ကြီးကိုဆွဲယူပြီး
ပိုက်ဆံပေါင်း၊ ပိုက်ဆံရေ၊ တုံးထု လုပ်ပေးနေတယ်..။
အဲဒီကောင်လေးကိစ္စပြီးတော့မှ ခုနလူကြီးရဲ့မီတာစာရွက်ကို ခပ်ဆောင့်ဆောင့်ယူပြီး တုံးထုပေးတယ်။
လက်ခံဖြတ်ပိုင်းစောင့်ယူအပြီးမှာ ခုနကြားဖြတ်ဝင်တဲ့ကောင်လေးက အောင်မြင်တဲ့အပြုံးမျိုးပြုံးပြပြီး
အဲဒီလူကြီးရင်ဘတ်ကိုတောင် ပုခုံးနဲ့ တမင်ပွတ်သွားသေးတယ်…။
ကျုပ်ကတော့ ကိုယ့်ရှေ့ တစ်ယောက်ကျော်လောက်မှာ ဖြစ်ပျက်နေတာမို့ အစအဆုံးသေသေချာချာမြင်လိုက်ရပါတယ်။
ကျုပ်စဉ်းစားမိတာက
ဒီမီတာပွဲစားကောင်လေး နဲ့ မီတာစာရေးမလေးတွေ ဘယ်လိုအချိတ်အဆက်ရှိမှန်းမသိပေမယ့်
ဒီကောင်မလေးတွေဟာ လူကြားထဲ လူမြင်ကွင်းမှာ လူတွေရဲ့မျက်စေ့အောက်မှာ
ဒီလိုစည်းပျက်ကမ်းပျက်ကိစ္စမျိုးကို အားပေးရသလား….
ပူးပေါင်းလုပ်ဆောင်ရသလား….
မရှက်ဘူးလား …..
သူတို့အဆင့်က ဒါပဲ လား….
အဲဒါဆို တစ်နေ့သူတို့မွေးလာမယ့် နောက်မျိုးဆက်ကရော….
အင်း… စဉ်းစားရင် စိတ်ပျက်စရာပါဗျာ
ဒီအထဲ နောက်ထပ်စိတ်ပျက်စရာတခု ထပ်ကြုံရပြန်တယ်….။
မီတာဆောင်ပြီး ပြန်ထွက်လာတဲ့လူတယောက်က ရုံးရှေ့နားထိုးထားတဲ့သူ့ကားကို နောက်ဆုတ်အထွက်မှာ
လမ်းထဲက ကားတစီးက ဝင်လာနေတယ်..
အဲဒါမြင်တော့ လူတစ်ယောက်က “ ဟိုးထား…. နောက်ကားလာနေတယ်.. ” လို့လှမ်းအော်တယ်
အဲဒီမှာတင် အနားမှာရပ်နေတဲ့ စုတ်စုတ်ပြတ်ပြတ် ခပ်မွဲမွဲလူငယ်တယောက်က
“ အော်မနေနဲ့… တိုက်ပစေ…. ပိုက်ဆံရှိလို့ကားစီးတာ… တိုက်မိတော့အေးရော ” … လို့ဝင်ပြောပါလေရော…..
ကျုပ်… အံ့ဩလိုက်တာ…..
ဒီလူငယ်လေးရဲ့ရင်ထဲမှာ ပိုက်ဆံရှိတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်နေတဲ့ မစ္ဆေရမီးတောက်တွေ ဘယ်လောက်တောင် တောက်လောင်နေသလဲပဲ….။
သူများကား တိုက်မိမှာကို မတားနိုင်တာထားတော့-
အခြားလူက တားပေးတာကိုတောင် လိုက်ကန့်ကွက်ရအောင်ကို
အင်မတန်ကို စိတ်နေစိတ်ထား ယုတ်မာနိမ့်ကျ နေတာပါလား…..
ဒီလောက်အရွယ် ၂၅-၃ဝ ဆိုတာ ဘဝကို စထူထောင်ဘို့အရွယ်၊ စထူထောင်ရမယ့်အရွယ်
အဲဒီအရွယ်မှာ ဒီလောက် ယုတ်မာနိမ့်ကျနေပြီဆိုရင်
အဲဒီသူငယ်တော့ ရှေ့လျှောက် လူရုပ်ပေါ်ဖို့မလွယ်တော့ဘူး….
မတရားသဖြင့် ဥစ္စာရှာမှီးလို့ မတော်တဆ စီးစိမ်ဥစ္စာရလာရင်လဲ
လူလို ခံစားရဘို့ မဖြစ်နိုင်တော့ဘူး….
ကိုယ့်ရှေ့က အသက်ငယ်ငယ်လေးနဲ့ မစ္ဆေရစိတ်တွေပိပြီး အညွန့်တုံးနေတဲ့ ဆင်းရဲသားလေးကိုကြည့်ပြီး
စိတ်ထဲကပြောမိတယ်…..
“ ကိုဖေါရင်းရေ… ဒီဆင်းရဲသားလေးကိုတော့ သနားခွင့်ပြုပါဗျာ… မသနားပဲ မနေနိုင်လို့ပါ…..”
………
………
ဦးဦးပါလေရာ
(15.11.2012)
42 comments
blackchaw
November 15, 2012 at 3:23 pm
တက်တက်ကြွကြွပဲ စောစောဖတ်ပြီး စောစောကွန်းမန့်ရေးခဲ့ပါတယ် ကိုပါကြီးရေ…။
မဖတ်ရတာ ကြာပေါ့…။
သူတို့ ဖြတ်သန်းကျင်လည်ရတဲ့ ပတ်ဝန်းကျင်က
သူတို့ စိတ်တွေကို ပြဌာန်းလိုက်တာပဲ ရယ်လို့
တွေးမိပါတယ် ခင်ဗျာ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…
ဦးဦးပါလေရာ
November 16, 2012 at 12:23 am
အဲဒီပတ်ဝန်းကျင်ကို ပြောင်းစေချင်တာကိုချောရေ
အဲဒီပတ်ဝန်းကျင်ထဲမှာ ကျူပ်တို့လဲပါတယ်လေ…
ကိုပေါက်(မန္တလေး)
November 15, 2012 at 3:33 pm
ဒီပြဿနာက ဆိုရှယ်လစ်ခေတ်က စတယ်ပြောရမှာဘဲ။
ဖြစ်သင့်ဖြစ်ထိုက်တာကို မလုပ်ဘဲ ဘဝသရုပ်မှန်ဆိုပြီး ဆင်းရဲတာကိုဇောင်းပေးခဲ့တာ
ဖြစ်လာရင် အင်အားနည်းတယ်ဆိုတဲ့သူဖက်က တစ်ဖက်သတ် ဝင်ပါကြတာကနေ
အလုပ်မလုပ်လို့ ဆင်းရဲနေတဲ့သူက အလုပ်လုပ်ပြိးချမ်းသာနေတဲ့သူကိုရန်သူလိုမြင်ကြတော့တာဘဲ။
မပြောမရှိနဲ့ အခုအဲဒီခေတ်တစ်ပါတ်လည်အောင်ဝိုင်းဖန်တီးနေကြတယ်ဆိုတာပါဘဲ။
မီတာရုံးလို ကြားဖြတ်ဝင်ရင် ကျနော်ကတော့ ပြတ်ပြတ်သားသားကွိုင်တာဘဲ။
မကောင်းသတင်းလေးကြေငြာရရင် အပြင်လောက မှာ ကိုပေါက်နဲ့ ပြဿနာမတက်ဘူးတဲ့ရုံးခပ်ရှားရှားပါဘဲ။
လက်တွေ့ကွိုင်ရဲပါတယ်။
ဒါပေမယ့် ကိုယ်ဘက်ကလဲ လက်ဆုပ်လက်ကိုင်ပြစရာ သေချာမူ့တစ်ခုတော့ရှိမှ ကွိုင်လို့ရတာလေ။.
ဦးဦးပါလေရာ
November 16, 2012 at 12:26 am
အရင်တုန်းကတော့ အရင်ခေတ်အလျှောက်ပေါ့ကိုပေါက်ရေ
အခုအချိန်မှာတော့ လူတွေ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားတွေ
ပြောင်းစေချင်မိတယ်
ပျှမ်းမျှအားဖြင့်ပြောရရင် အစိုးရဝန်ထမ်းဆိုတာ ပညာအတတ်ဆုံးအလွှာမဟုတ်လား…
ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ကို သူတို့က စရှိသင့်တာ….
ခိုင်ဇာ
November 15, 2012 at 3:33 pm
ဦးဦးပါလေရာရယ်။ သနားစရာ လူဆင်းရဲ ဆိုလို့ သနားချင်လို့ ဝင်ဖတ်မိပါတယ်။
ခုတော့…………
ကျနော်တို့နိုင်ငံမှာ ရုပ်ဝတ္ထုအဆင့်အတန်းထက် စိတ်ဓာတ်အဆင့်အတန်းလေးတွေအရင်ပြင်ရမှာပေါ့နော်။
မရှိတာထက် မသိတာခက်ဆိုသလို သူ့ဆင်းရဲမှုထက် သူ့ စိတ်ဓာတ်မသိမှုလေးကို သနားရမှာပေါ့။ 🙁
ဦးဦးပါလေရာ
November 16, 2012 at 12:31 am
မခိုင်ဇာရေ
အဲဒီလိုလူငယ်လေးတွေဟာ တခြားလူမဟုတ်ဘူး၊ ရန်သူမဟုတ်ဘူး၊ တစိမ်းတွေမဟုတ်ဘူး…
ကျုပ်တို့ရဲ့ သွေးရင်းသားရင်း မြန်မာနိုင်ငံသား တိုင်းရင်းသား တွေဖြစ်တယ်…
ကျုပ်တို့နို်င်ငံရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်…
ဒါ့ကြောင့် အဲဒီလို စိတ်ဓါတ်နိမ့်ကျနေတာမျိုးကို မုန်းတဲ့မျက်စေ့နဲ့မမြင်မိပဲ
သနားတဲ့မျက်စေ့နဲ့ပဲ မြင်မိပါတယ်။
အရီးခင်လတ်
November 15, 2012 at 3:39 pm
မနေ့က အဘဖော မှာ ဆွေးနွေးတာရဲ့ အဆက်ဖြစ်မလားဘဲ။
ပျင်းလို့ ဆင်းရဲ တဲ့သူတွေ နိုင်ငံတကာမှာလဲ ရှိကို ရှိပါတယ်။
မြန်မာနိုင်ငံ မှာမှ မဟုတ်ပါဘူး။
တစ်ခါတစ်ခါ ပျင်းလို့ အလုပ်မလုပ်တာလား၊ ဒီပရက်ရှင် ကြောင့်လား ဆိုတာ ခွဲသိပေးနိုင်ရမယ်။
ဥပမာ –
ကိုယ့်လက်အောက်က လူတစ်ယောက် အလုပ်ကောင်းကောင်း မလုပ် ရင် ဘာအကြောင်းကြောင့် ဆိုတာ ကို သိပြီး သူ့ကို ကူညီ ဖို့ သူ့ရဲ့ အထက် လူကြီး မှာ တာဝန် အပြည့်ရှိတယ်။
ပြင်းပြင်းထန်ထန် သတိပေးလိုက်တိုင်း လဲ အလုပ် မဖြစ်တာတွေ လက်တွေ့ဘဲ။
အဖြစ်မှန်ကို ရှာ၊ သူ နဲ့စကားပြော၊ သူ့မှာ ရင်ဆိုင်နေရတာ ကို အဖြေရှာပေး။
တစ်ချို့ ပျင်းတယ် ထင်ရတာဟာ တကယ်တော့ သူတို့မှာ လုပ်နိုင်စွမ်းရည်မရှိတော့ တဲ့ အချိန် ဆက်မသွားချင်တော့ ဘဲ ရပ်လိုက်တာ။
ဒီလို လူတွေ ကို ဘယ်လို နည်းပညာ အထောက်အပံ့မလဲ။
တစ်ချို့ စိတ်ဓာတ်အောက်တန်းကျကျ ပြုမူ နေတာတွေ ဟာ သူတို့ ရဲ့ သိမ်ငယ်စိတ် နဲ့ ဒီပရက်ရှင် တွေ က ဦးဆောင်သွားတာ။
ဒီလို လူတွေ ကို စိတ်ဓာတ်ရေးရာ ဘယ်လို ပံ့ပိုးပေးမလဲ။
ကိုယ့် လုပ်ငန်း မှာ၊ ကိုယ့် လက်အောက် မှာ ဒီလိုဖြစ်နေတဲ့သူတွေ ကို ဘယ်လို ပြုပြင်အားပေးမလဲ။
ဒီလို လူ့စွမ်းရည် တွေ မဆုံးရှုံး အောင် ဘယ်လို ဆွဲဆောင် သိမ်းသွင်း မလဲ။
Management ဆိုတာ ဒီ အတွက် သူများတွေ ထက် ပို ပေးပြီး ခန့်ထားတာ။
နိုင်ငံ ဆိုတာလဲ အဖွဲ့အစည်း အကြီးစား တစ်မျိုးပါဘဲ။
နိုင်ငံ ရဲ့ အဓိက လူ့အရင်းအမြစ် စွမ်းအား ကို ဘယ်လို မြှင့်တင်ပေးမလဲ။
ကျွန်မလို လေ နဲ့ ရွှီး နေချင်ရင် ကျွန်မလို အပြင်ကနေ ရွှီးပါ။
အထဲ မှာတော့ တကယ်ဘဲ အလုပ်ဖြစ် ကိုဖြစ်အောင် လုပ်ပေးရပါမယ်။
ဘယ်လို လုပ်ရမယ် ဆိုတာ မသိရင် ခေါင်းဆောင် မလုပ်ဘဲ နောက်လိုက် သာ လုပ်ဖို့ သင့်ပါ၏။
ဒီတော့
အားလုံးထွက်။ 👿
:kwi:
ဦးဦးပါလေရာ
November 16, 2012 at 12:38 am
ပုစ္ဆာရှိရင် အဖြေရှိရပါမယ် မခင်လတ်ရေ…
ကျုပ်တို့ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ
ရုပ်ပိုင်းရော စိတ်ပိုင်းရော ဆင်းရဲခြင်းမကဆင်းရဲသွားတာ လက်တွေ့ပါ
နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲ သက်သေ အပြည့်ရှိပါတယ်…။
ဒါကို အဖြေရှာဘို့မကြိုးစားရင်
အဲဒီလူမျိုးတွေ ခေါင်းဆောင်မဖြစ်ထိုက်တော့ပါဘူး
ဒီနိုင်ငံကို ဆက်ပြီး စီမံခွင့် မရထိုက်တော့ပါဘူး…
kyeemite
November 15, 2012 at 3:43 pm
ကိုပါလေရာရေ….
ဟုတ်တယ်ဗျာ…အဲလိုကောင်မျိုးလေးတွေကို ကျနော်လည်းတော်တော်သနားသွားပါတယ်…
လတ်တလောဆင်းရဲနေတာ ကိစ္စမရှိပေမဲ့
အဲဒီအရွယ်မှာ စိတ်ဓါတ်က ဒီလောက် ယုတ်မာနိမ့်ကျနေပြီဆိုရင်…
သွားပီပေါ့ဗျာ… :bar: :buu:
ဦးဦးပါလေရာ
November 16, 2012 at 12:51 am
ကိုမိုက်ရေ
တော်ရုံတန်ရုံထက်ပိုပြီး စိတ်ဓါတ်နိမ့်ကျသွားရင်
တိုးတက်ဘို့ အခွင့်အလမ်းမရှိတော့ပါဘူး..
သူလဲ သူ့အနာဂါတ်ကို ဆုံးရှုံးမယ်
တိုင်းပြည်ကလဲ လူငယ်တယောက်ဆုံးရှုံးမယ်
ကံဆိုးရင် လူဆိုးတယောက်လဲ ပိုလာဦးမယ်…. 🙁
မိုချို
November 15, 2012 at 3:44 pm
ူလူတွေ စိတ် ဓါတ် နိမ့် ကျတာ ၊ စည်း ကမ်း မရှိ တာ၊ တွေ ကတိုင်း ပြည် ဆင်း ရဲ စေကြောင်း အဓိ က အချက် တွေ ပဲ။ အမျိုး သား စည်း ကမ်း အစ စာသင် ကျောင်း က တဲ့ ကျောင်းတွေ မှာတော့ ကပ် ထား လိုက်တာ ဟည်းနေ တာ ပဲ။ တကယ် တန်း မှာတော့ ကလေးတွေ စိတ်ထဲ စွဲ နစ်နေ အောင် လိုက် နာကျင့် သုံး နိုင် အောင် မပေး လိုက် နိုင် ဘူး။ ဒါကြောင့် ဒေါ် စု ပြော သ လို ထိုက် တန်တဲ့ အစိုး ရ ကို ရထားတာ။
ဦးဦးပါလေရာ
November 16, 2012 at 12:54 am
မိုချိုရေ
ဦးပါကတော့ ဒါမျိုးတွေကို နိုင်ငံဦးဆောင်သူတွေ သတိထားမိစေချင်တယ်
တကယ့်အဖြစ်မှန်ကို ရဲရဲ အသိအမှတ်ပြုစေချင်တယ်
နိုင်ငံသားတွေထဲမှာ ဘယ်လောက်များများ နိမ့်ကျပျက်စီးနေပြီဆိုတာကို အထိတ်တလန့်သိနေမှ
လျှော့ပါးပပျောက်အောင် ဇောင်းပေးလုပ်ကြမှာ….
စိန်ဗိုက်ဗိုက်
November 15, 2012 at 3:54 pm
ဦးပါတို ့ကို ကြာဂျီးစောင့်ခိုင်းတာ ဘယ်မီတာရုံးက စာရေးမ လဲ
ဦးပါကားဖင်စုတ်တာကို အတင်းတိုက်ခိုင်းတာ ဘယ်ငမွဲလဲကွ..
ပြော..ကြုတ်ကိုပြော..ကြုတ်သွားရှင်းမယ်
ဦးပါကိုထိရင် မခံဘူးဟေ့…
:harr:
ဦးဦးပါလေရာ
November 16, 2012 at 12:56 am
အိုက်ဒါကြောင့် စိန်ဗိုက်လေးကို အားကိုးရတာ 😀
မစိုးရိမ်ပါနဲ့စိတ်ဗိုက်ရယ်..။ ကျုပ်ကားမဟုတ်ပါဘူး…
ကျုပ်က စမ်းချောင်းရပ်ကွက်တွေထဲ ဘယ်တော့မှကားမမောင်းဘူး…
ပိုမြန်အောင် လမ်းပဲလျှောက်တယ်… 😀
Ko Khin Kha ( သရီးကေ )
November 15, 2012 at 4:19 pm
ဦးဦးပါရေ
ချိ့နဲ့ကာ ပျက်နေပြီး ရွဲ့စောင်းနေတဲ့
ခုံကို မပြုပြင်ဘဲ ထိုင်ကောင်းတိုင်းထိုင်နေရင်
တစ်နေ့ကျိုးကျရုံမှတစ်ပါး အခြားမရှိပါဗျာ။
အဲဒီထိုင်နေတဲ့သူကရော မသိလို့လားလို့မေးစရာရှိမယ်ဆိုရင်
သူလည်းစဉ်းစားဉာဏ်ရှိသူမို့ သိပါတယ်ဗျာ။
သိသိကြီးနဲ့ကို မဖယ်ချင်လို့ မပြင်ချင်သေးလို့
ခုံနေရာဦးကာထိုင်နေတာလေဗျာ။
အဲဒီခုံ ကျိုးပြီလားလို့ တစ်နေ့တစ်နေ့ကြည့်လိုက်ရတာလဲ
မောနေတာဘဲဗျာ။
ဘာလို့လဲဆိုတော့ အဲဒီခုံကျိုးမှ ခုံသစ်အစားထိုးလို့ရမှာလေ
ဒီပြင့်ဆို ထိုင်တဲ့သူသာပြောင်းသွားတာ ခုံကဖြင့်
ချိ့နဲ့ကာ ပျက်နေပြီး ရွဲ့စောင်းနေပါရဲ့ဗျာ။
ဦးဦးပါလေရာ
November 16, 2012 at 1:00 am
ကိုခင်ခရေ
ဒီတိုင်းပြည်မှာတော့
ဘယ်အရပ်ကိုလက်ညှိုးထိုးထိုး အပေါ်ကိုရောက်ရောက်သွားတော့တာပဲ….
အင်း…..
jullies cezer
November 15, 2012 at 5:05 pm
မီတာရုံးကစာရေးမတွေရဲ့အကျင့်ထဲမှာ ကြားဖြတ်တာကိုလက်ခံပေးတာ
တစ်ခုထဲလို့မထင်လိုက်ပါနဲ့ ဗျို့ အလုပ်လုပ်ရင်း စကားများတာ အတင်း
ပြောတာ ညကကြည့်ခဲ့တဲ့ကိုရီးယားကားအကြောင်းပြောတာ အပြင်မှာတန်းစီ
ပြီးအကြာကြီးစောင့်နေရတဲ့ နေပူမိုးရွာထဲက လူတွေကို ကိုယ်ချင်းမစာတာ
အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်ပဲ အချိန်ဆွဲတာ ပိုတဲ့အကြွေအစွန်းထွက်တွေဆို
ပြန်မအမ်းတာမသိတာကိုမေးမိရင်အပြစ်လုပ်မိသလိုမျိုးဟိန်းဟောက်တာ
မီတာကိုမှန်အောင်မဖတ် (လူမရှိအိမ်များမှအပ) နှစ်ကုန်မှကြွေးကျန်ဆိုပြီး
တလုံးတခဲအများကြီးကောက်တာ ပြည်တွေရဲ့အခွန်အခပေးထားတဲ့လစာကိုစားပြီး
ပြည်သူကိုစိတ်ဒုက္ခပေးတဲ့အထဲ မီတာစာရေးတွေ စာရေးတွေလဲပါတယ်ဗျို့
ပြောချင်နေတာကြာပြီ အခုဦးဦးပါလေရာပြောမှပဲအတော်ဖြစ်သွားတော့တယ်
ခံစားခဲ့ရတာတွေ …….
ဦးဦးပါလေရာ
November 16, 2012 at 1:04 am
jullies cezer ရေ
မီတာစာရေးမှလဲ မဟုတ်ပါဘူးကွယ်
ပြည်သူနဲ့ဆက်ဆံရတဲ့ ဌာနဆိုင်ရာ အကုန်လိုလိုပါပဲ….
ဦးပါတို့က မဆလ/နအဖ ခေတ်နှစ်ဆက်လုံးမီလိုက်တာမို့
ခံရပေါင်း မရေနိုင်တော့ပါဘူး….
အရင်ခေတ်တွေတော့ ထားတော့
ဒီခေတ်မှာတော့ ပြင်စေချင်ပါပြီ
uncle gyi
November 15, 2012 at 5:11 pm
မီတာရုံးကစာရေးမတွေတနေ့ဝင်ငွေဘယ်လောက်ရှ်ိမယ်
မှန်အောင်ဖြေနိုင်သူအတွက်ဆုငွေထုတ်လိုက်ချင်ပါဘိ
ဦးဦးပါလေရာ
November 16, 2012 at 1:08 am
အခုတော်သေးတာပေါ့ အန်ကယ်ကြီးရဲ့
အရင် ၂၀၀၂ လောက်တုန်းက မီတာတလုံးရဖို့ ခွန်နှစ်သိန်း ပေးရဘူးတယ်….
အဲ… ကြမ်းကြားလေကြား…. လာဘ်ပေးမှု့နဲ့ လာစိနေမှဖြင့်
:harr:
MaMa
November 15, 2012 at 9:09 pm
ဘာပြောလို့ ပြောရမှန်းမသိတော့ဘူး။
ဒါမျိုးလေးတွေများ ကြုံဖူးတာများလို့ ထုံနေတာ ကြာပေ့ါ။ :buu:
ဒါ့ထက်..
ဦးဦးပါရဲ့ ရှားရှားပါးပါး ပိုစ့်နဲ့အတူ ခုရက်ထဲ ရွာထဲမှာ လူဟောင်းတွေ လက်စွမ်ပြနေကြတာ အားရစရာ :hee:
ဦးဦးပါလေရာ
November 16, 2012 at 1:09 am
အဲဒါ မမ ကျန်သေးတယ်..
စောင့်နေတယ်ဗျို့…. 😀
မောင်ပေ
November 15, 2012 at 9:18 pm
ဦးပါရေ
ကျုပ်ကတော့ ဟိုဘက်မှ ၊ နန်းတော်ရာသူ ပို ့စ် ထဲမှာ မန် ့ခဲ့တာလေးပဲ ကော်ပီပြန်ကူးလာချင်ပေမယ့်
တော်ပါပြီဗျာ
ပုံ
မောင်လေ
ဦးဦးပါလေရာ
November 16, 2012 at 1:10 am
ကိုပေရေ
ဒါဆိုလဲ ဟိုဖက်ပိုစ့်မှာသွားဖတ်လိုက်တော့မယ်… 🙂
Foreign Resident
November 16, 2012 at 1:16 am
ပထမ အချက်ကတော့ ။
တန်းစီတာကို ကြားဖြတ်တဲ့ ကိစ္စမှာ ၊
ဦးပါ ကိုယ်တိုင်ပါ ဝင်ပြောသင့်တာပေါ ။
ဒုတိယ အချက်ကတော့ ။
အမေစုက မြန်မာတွေဟာ ဝန်တို မစ္ဆိရစိတ် များကြတယ် လို့ ၊
အမျိုးသား ခေါင်းဆောင် တစ်ယောက်အနေနှင့် လူမုန်းခံပြီး ၊
တရားဝင် ပြောခဲ့တာ အလကား မဟုတ်ပါဘူး ။
အဘ အမြင် ၊ မြန်မာပြည်ကြီး တိုးတက်ဖို့အတွက်က ၊
စစ်တပ် ၊ ကြံ့ဖွံ့ ၊ တရုတ် ၊ ကုလား ၊ ဘင်္ဂါလီ စတာ တွေဟာ အတားအဆီး မဟုတ်ပါဘူး ။
မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ၊
ဝန်တို မစ္ဆိရစိတ် ကသာ ၊ အဓိက အတားအဆီး ဖြစ်ပါတယ် ။
မြန်မာလူမျိုးတစ်ယောက် ကြီးပွားလာလို့ ရဲ အတိုင်ခံရပြီဆိုရင် ၊
သေချာပြန်ကြည့်လိုက် ၊ တိုင်တဲ့သူက ၊
မောင်နှမတွေ ၊ သူငယ်ချင်း အရင်းတွေ ၊ ဖြစ်တာများပါတယ် ။
ဝန်တို မစ္ဆိရစိတ် အရင်းခံပါ ။
အဲလို ဆင်းရဲသားမျိုးတွေကို ၊ တွေ့ဖန်များလာတော့လဲ ၊
အော် ၊ သူ နှင့် ထိုက်တန်တဲ့ ဘဝ မျိုးကို ရထားရှာတာပဲလို့ မြင်မိပါတယ် ။
အရီးခင်လတ်
November 16, 2012 at 4:05 am
အဘဖော quote လုပ်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်စကား
{{ အမေစုက မြန်မာတွေဟာ ဝန်တို မစ္ဆိရစိတ် များကြတယ် }}
မနာလို ဝန်တို မစ္ဆိရစိတ် ဆိုတာ ငွေကြေးချို့တဲ့ တဲ့၊ ပညာမရှိတဲ့ သူတွေမှာမှ စုပုံနေတာမဟုတ်ပါဘူး။
ပြသနာက ဆင်းရဲသူ တွေ မှာ အဲဒီ စိတ်ဖြစ်ရတာက သူတို့မှာ ငတ်နေတဲ့ အချိန် သူတို့ရှေ့မှာ ကိုယ်ချင်းစာစိတ်မရှိစွာ နဲ့ သုံးဖြုန်းပြနေသူတွေ၊ ကားကို ဝေါကနဲ မောင်းသွားပြီး လမ်းဘေး ကသူတွေ ကို ပွတ်ဟာသီကာ ဆွဲရင်ဆွဲ မဟုတ်လဲ မိုးရွာချိန် ရေတွေစင်အောင် မောင်းသွားကြတဲ့ ဆင်ခြင်တုံတရားကင်း တဲ့သူတွေကြောင့် များပါတယ်။
အင်မတန် ကြွယ်ဝပြီး ပညာတတ်သူ တွေမှာ ဖြစ်တဲ့ မနာလို ဝန်တို မစ္ဆိရစိတ် က ပိုပြီးဆိုးပါတယ်။
တစ်ယောက် နဲ့ တစ်ယောက် မလိုတဲ့ နေရာတွေမှာ အပြိုင်အဆိုင် ကြွားဝါ ရင်း သူသာရင် ကိုယ်က မကျေနပ်၊ ကိုယ်သာရင်သူက မကြိုက် နဲ့ အဲဒီလို အသိုင်းအဝိုင်း တွေလောက် စိတ်ပျက်စရာကောင်းတာမရှိဘူး။
သူတို့ က ငတ်နေလို့ မနာလိုတာမဟုတ်ဘဲ ကြွားဝါ ရာမှာ ကိုယ်နိုင်ဖို့ မနာလိုဖြစ်ရတာ။
ဆင်းရဲတဲ့သူတွေ က သူတို့ ပုံမှန် စားသောက်နေထိုင် ရရင်ကို အဲဒီစိတ်တွေကို ဖျောက်ဖို့ လွယ်မယ်။
ရာထူး ရာခံ တွေ အမြိန့်သားနဲ့ ပိုက်ဆံတွေ ပေါနေသူ တွေ ကတော့ အချင်းချင်း သူဘာဝတ်တယ်၊ ဘာစားတယ်၊ ဘယ်သွားတယ် ပြိုင်နေကြတော့ ဘယ်တော့မှ အတောမသတ်နိုင် အဆုံးမရှိ။
ဒီတော့ အဲဒီ သူတွေရဲ့ ဝန်တို မစ္ဆိရစိတ် ကပိုပြီး စိုးမယ်။
ဖျောက်ဖို့ခက်မယ်။
အဘဖောရေ
ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတွေရဲ့ ဝန်တို မစ္ဆိရစိတ် တွေအကြောင်း
လက်တွေ့ကျကျ သက်သေပြခဲ့တာ
လမ်းဘေးက ဆင်းရဲသားတွေ မဟုတ်တာကိုတော့
ရှင်သိမှာပါနော်။
:kwi:
•*¨နန်းတော်ရာသူ •*¨
November 16, 2012 at 8:14 pm
ဒီတစ်ခါတော့အဘဖောပြောတာကိုကျွန်မအပြည့်အဝထောက်ခံတယ်။
ဦးပါက ကြားဖြတ်တဲ့ကောင်လေးကိုရော၊ တိုက်ပစေ ဆိုတဲ့ကောင်လေးကိုကော၊စာရေးမတွေကိုပါ ပြောသင့်တယ်။
ဦးပါမှမဟုတ်ဘူး။ကျန်တဲ့တန်းစီနေတဲ့လူတွေထဲကလည်း ဝင်ပြောကြသင့်တယ်။
အဲဒီနေရာမှာ ကျွန်မသာဆိုရင်လုံးဝကွက်တိဝင်ပြောမှာ။
ကျွန်မက ဆင်းရဲသားတွေကိုကူညီတာစေတနာရှိလို့ကူညီတာပါ။
သနားလို့ချည့်မဟုတ်ပါဘူး။
တစ်ချို့ဆင်းရဲသားတော်တော်များများကတော်တော်လေးစိတ်ဓာတ်လေးတွေသိမ်ဖျင်းကြတယ် ဆိုတာကျွန်မသိပါတယ်။
လူချမ်းသာတွေပဲဖြစ်ဖြစ်၊လူဆင်းရဲပဲဖြစ်ဖြစ် စိတ်ဓာတ်သိမ်ဖျင်း ညစ်ကျယ်ကျယ်နိုင်၊မိုက်တိမိုက်ရိုင်း လူတွေကို ကျွန်မကတော့ တစ်တန်းစားတည်းသတ်မှတ်တယ်။
သူတို့ကောင်းသည်ဆိုးသည်ကို ဝေဖန်ခြင်းမရှိပေမယ့်။
ကိုယ့်ရှေ့မှာမကောင်းတာလာလုပ်ရင်ပြောဆိုဖို့ဝင်မလေးတတ်ဘူး။
•*¨နန်းတော်ရာသူ •*¨
November 16, 2012 at 8:21 pm
နောက်တစ်ခု ကျန်ခဲ့လို့ ဝန်တိုစိတ်ဆိုတာ ဆင်းရဲချမ်းသာမရွေးရှိပါတယ်။
မြန်မာတွေချည့်မှလည်းမဟုတ်ပါဘူးဘယ်လိုမျိုးမဆိုရှိပါတယ်။
လူရယ်လို့ဖြစ်လာမှတော့ လောဘ၊ဒေါသ၊မောဟ မကင်းသူချည့်ပါ။
မြန်မာတွေမှ လောဘ၊ဒေါသ၊မောဟ အားကြီးနေတာမဟုတ်ပါဘူး။
ဥပမာ-
ယနေ့ ကမာ္ဘအကျော်ကြားဆုံးဖြစ်တဲ့ ဖုန်းကုမ္ပဏီနှစ်ခုပြိုင်ဆိုင်နေကြပါတယ်။
တရားစွဲဆိုမှုတွေပြုကြပါတယ်။
ဆမ်ဆောင်းနဲ့အက်ပဲလ်
အဲဒီကုမ္ပဏီနှစ်ခုစလုံးဟာမြန်မာလူမျိုးပိုင်မဟုတ်ပါ။
pooch
November 16, 2012 at 1:39 am
မီတာအကြောင်းဆိုလို့ ဒီနေ့ပဲ ကျမတို့ အိမ်မှာ ပြသာနာ အကြီးတခု တက်လေရဲ့။
စက်ရုံက မီတာကို လာဖတ်တဲ့သူက မှားဖတ်လိုက်တာ ကျမတို့ ဆောင်ရမဲ့ ပိုက်ဆံနဲ့ ရ သိန်းလောက်ကွာနေတာ။ မနည်းကို ပြောခဲ့လိုက်ရတယ်။ ဒါတောင် သူ့အမှားပါဆိုတာ ဝန်မခံချင်ဘူး ။ စကားကို ကပ်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ မီတာက နောက်ပြန်လည်သွားလား မသိဘူး ဆိုတာထိတောင် အရှက်မရှိတဲ့ စကားမျိူး ပြောတယ်။ နောက်လ ကို ပြန်နုတ်ပေးမယ်တော့ ပြောလိုက်တာပဲ။ ။ စောင့်ကြည့်ရသေးတာပေါ့ ။
စိတ်တိုရပေါင်းလည်း များပြီး အထက်တိုင်တော့လည်း အထက်နဲ့ အောက်နဲ့ ပလဲပနံသင့်နေတော့ ကျမတို့က ငပေါတွေကို ဖြစ်လို့ ။
ကျမတို့ရဲ အဓိက ပြသာနာကတော့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ ရှိတဲ့ လူတော်တော်များနေတာလို့ ထင်တာပဲ ။ အထူးသဖြင့် ဌာနဆိုင်ရာတွေမှာပေါ့။ သူတို့ ဂွင်ထဲ ဝင်လာလို့ကတော့ နည်းမှန်လမ်းမှန် ဆိုတာ မရှိဘူး ။ ဘယ်လို ကျစ်ရမလဲ ညစ်ရမလဲ ဆိုတဲ့ စိတ်မျိုးပဲ ရှိနေတတ်တာ။ ပြင်လို့လဲ ရမယ် မထင်ပါဘူး။
ဆင်းရဲခြင်းရဲ့ အဓိက ပြသာနာကတော့ မရှိတာထက် မသိတာခက်နေကြလို့ ဒီတွင်းထဲက မလွတ်နိုင်ပဲ ဂျာအေး သူ့အမေရိုက်နေတာမျိုးပါ။ ( ကျမအထင်ပါ )
အဲ့ဒီတော့ မသိတာကို သိအောင် လုပ်ပေးလိုက်ရင် မျက်စိနားဖွင့်ပေးလိုက်ရင် တဖြည်းဖြည်းချင်း စိ်တ်ဓာတ်ပိုင်းကို ပြင်ယူမှ ရမယ် ထင်ပါတယ်။ မစ္ဆေရ စိတ်များတတ်တဲ့ သူတွေ ဆိုတာကလည်း အမှန်ပါပဲ ။ ကိုယ့်ပတ်ဝန်းကျင်မှာကို နေ့တဓူဝ တွေ့နေတတ်တာ မျိုးမို့ပါ။
Inz@ghi
November 16, 2012 at 7:20 am
တန်းစီနေတဲ့အထဲက ကျန်တဲ့လူတွေ မှန်တဲ့လူဘက်က ဘာကြောင့်
မပူးပေါင်းမပါဝင်ကြသလဲ သိပ်သိချင်တာပဲ…
စာရေးမ အကျင့်ပျက်တာကိုလည်း ဒီတိုင်း ငြိမ်ခံတာ အားမလို အားမရ
ဖြစ်မိရဲ့ … (စာရေးမလောက်ကိုတောင် ပြန်မပြောဝံ့ကြတော့ဝူးလားကွယ်..)
ဝင်းဖြဲ ..အဲ့လေ ..ဝိုင်းဝန်း ကန့်ကွက် အရေးဆို ရမှာ …
ကိုယ် အလုပ်မပျက်ချင် အမုန်းမခံချင် ကိုယ်နဲ့ မဆိုင်သလို လုပ်ချင်
တာဝန်ယူစိတ်မရှိချင် သမျှတော့ …ဒက်မိုခွေစီနဲ့ မတန် သမှ မတန်…
ဟုတ်ပါတယ် … အောက်ခြေ မပြောင်းတာကို အထက်ကသာ တာဝန်ရှိတာမဟုတ်ပါ။
တကယ် ထိတွေ့ဆက်ဆံနေသူ စားသုံးသူ ခေါ်မလား လူထုမှာလည်း တာဝန်
ရှိကြောင်းပါ…။
တော်သေးဘီ
ခင်တဲ့
ဂီ
Mလုလင်
November 16, 2012 at 9:45 am
ကျန်ခဲ့တဲ့ နှစ် ဖုန်း ဘီလ် ကို လမ်းသုံးဆယ် ရုံးမှာ ဆောင်ရတဲ့ ခောတ် ပေါ့ …။ ဖုန်းဘီလ် သွားဆောင်တော့ ထုံးစံ အတိုင်း လူတန်းကြီး ပေါ့ဗျာ … တစ်ခုက တန်းစီ ရတာ တော်တော် သက်တောင့်သက်သာ မရှိတာပါ ..။ ဟို ခေါ်တော (ကုလား လို့ ခေါ်တာမကြိုက်ကြလို့) က ကြားဖြတ် လိုက် ဒီ ခေါ်တောမ(ကုလားမ) က ကြားဖြတ်လိုက် နဲ့ ….. စိတ်ကတော့ အချဉ်ပေါက် စ ပြုလာပြီ …။ ကိုယ့်အလှည့်လဲ ရောက်ရော … ခေါ်တော တစ်ယောက် ကိုယ့်ရှေ ့ ကနေအတင်း စာရေးမ စီ ဝင်ကော …. ဗျို ့ .. ဘယ်ရမလဲ ….. အတန်း ရဲ့ အပြင်ကို ထွက် ပြီး စာရေးမ ကော အဲ့ဒီ့ ခေါ်တော ကို ကော ဓာတ်ပုံ ရိုက်တော့တာ ပဲ .. .. စာရေးမ က ပြန်ခေါ်ပြီး တုံးထု ပေးပါတယ် .. ခေါ်တောကိုလဲ မလုပ် ပေးလိုက်ပါဘူး .. ကျွန်တော် ပြန် သွားရင်တော့ မသိဘူး ပေါ့လေ ……..
ဦးကြောင်ကြီး
November 16, 2012 at 10:24 am
စည်းကမ်းလိုက်နာမှု အကျင့်ပျက်ခြစားမှုဆိုတာ တိုင်းပြည်တခုရဲ့ စီးပွားဓနအင်အားနဲ့ အများကြီး သက်ဆိုင်တယ်။ ချမ်းသာရင် စိတ်ပိုင်းရုပ်ပိုင်း အခြေခံကျကျ ပြုပြင်နိုင်စွမ်းပိုရှိတယ်။ အခရာကျတာက နိုင်ငံအစိုးရ ဖြစ်ပါတယ်။ စီးပွားရေး မူဝါဒရေးဆွဲရာမှာ ဆင်းရဲချမ်းသာ ကွာဟမှု မကြီးထွားအောင် (ဥရောပနိုင်ငံများမှာလို လူမှုဖူလုံရေးအစီအစဉ်များ)၊ ကြီးထွားလည်း အခြေခံလူတန်းစား ချောင်လည်အောင် (ယူအက်စ်မှာလို လုပ်ခများများပေး၊ အခွန်လျော့) ကြံဖန်လုပ်ဆောင်ရတယ်။ ဒါမှ မျှော်လင့်ချက်မဲ့ရာကနေ ဖြစ်လာတဲ့ ဆင်းရဲသားဝါဒ တားဆီးနိုင်မှာပေါ့။ စည်းကမ်းရှိဖို့လည်း ထိုနည်းတူစွာပဲ။ ခေါင်းဆောင်မှု မပေးနိုင်ရင် ကိုယ့်တာဝန်ကိုယ်သိ လုပ်နိုင်သူကို တာဝန်လွှဲပေး။ အစိုးရနဲ့ ပြည်သူ နှစ်ဖက်တာဝန်ရှိတာ မှန်ပေမဲ့ အုပ်ချုပ်သူဆိုပြီး နေရာပေးထားတာ ဆလံသဖို့ ဘုရားထူးဖို့မှ မဟုတ်တာ။ အဓိက သူတို့မှာ ခေါင်းဆောင်မှု ပေးနိုင်ဖို့ တာဝန်ရှိတယ်။ မယူနိုင်ရင် ထွိုက်………. :buu:
Shwe Ei
November 16, 2012 at 10:42 am
ဘေလ်ဆောင်တဲ့ကိတ်စတွေအားလုံးကို အွန်လိုင်းဆားဗစ်ပေးရင်
ကောင်းမယ်ဗျာ။ တန်းစီခိုင်းတာကိုက မဟုတ်သေးတာ။ အများပြည်သူရုံးဖွင့်ရက်မှာလဲ
အခွန်ဆောင်ရသေး မအားလို့မဆောင်နိုင်တော့ သွားဆောင်ပေးမဲ့လူကို မီတာဆောင်ခအပိုပေးရသေး
အချိန်ရလို့ သွားဆောင်တဲ့လူကျ နေကုန်နေခန်းတန်းစီခိုင်းသေး။
စိတ်ပျက်စရာ 🙁
Inz@ghi
November 16, 2012 at 10:49 am
အွန်လိုင်းဆားဗစ် မပေးတောင် ဘဏ်နဲ့ချိတ်ဆက် တဲ့ စနစ်လောက်ဆို အတော်ကြီး ဟုတ်နေပြီဗျ…
ဘဏ်အကောင့်ဖွင့်ပြီး လကုန်တိုင်း ဘဏ် ကဖြတ်တဲ့ စနစ်ပေါ့..
😛
ဦးဦးပါလေရာ
November 16, 2012 at 2:02 pm
ဟောဒီမှာ အင်မတန်အရေးကြီးတဲ့ အချက်တွေရလာပါပြီ….
nozomi
November 16, 2012 at 2:35 pm
မှန်တယ် ဦးပါ ကိုယ်တိုင် ဝင်ပြောသင့်တယ်
ဒါမျိုး လက်မခံ ဆိုတာမျိုးဖြစ်လာမှ အချောင်ခိုချင်တဲ့သူ ရှားလာမှာ
ဟို ရက်က ပို့စ် တစ်ခု တင်ဘို့ စဉ်းစားတာ ( စာ မပါပဲ ဓါတ်ပုံလေးတွေပဲ တင်ချင်တာ)
တန်းစီခြင်း အနုပညာ ဆိုပြီတော့
လူ တစ်ယောက်ထက် ပိုတာနဲ့ အားလုံးက အလိုအလျှောက် ဝင်တန်းစီသွားကြရော
ဘယ်သူမှ ပြောစရာ မလိုဘူး ဘယ်သူမှ ကျော်မတက်ဘူး
မြန်မာက လွဲလို့ တခြားနေရာတော်တော်များများမှာ တန်းစီတဲ့ အနုပညာကို နားလည်နေကြပြီ
မြန်မာပြည်မှာ လိုနေတဲ့ အခြေခံအဆောက်အဦးဆိုတာက ပေးမဲ့သူ ရှိရင် ကာလတိုလေး တစ်ခုနဲ့ ပြည့်စုံအောင် လုပ်ပေးလို့ ရနို်င်တယ်
လူ တွေ ရဲ့ အခြေခံ စိတ်ဓါတ်တွေ တည့်မတ်ပေးနိုင်ဘို့ကတော့ အချိန်တွေ အများကြီး ယူရဦးမှာ
တစ်ခါ အိုးရှင်းမှာ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဘို့ တန်းစီနေတဲ့အချိန်မှာ
မင်းသမီး(လတ်) တစ်ယောက်ရောက်လာပြီး ထိပ်ကတန်းဝင်ရော
အမ အရေးမကြီးရင် ဝင်တန်းစီ ပေးပါဆိုတော့
တို့ က စီ ရမှာလားတဲ့
သူ့ အဖော်ကောင်မလေးကို နောက်ကဝင်တန်းစီခိုင်းတယ်
ပြည်သူတွေကို ထိရောက်အောင် နမူနာပြနိုင်တဲ့ သူတို့လို အနုပညာရှင်တွေကစ လူ့ အခြေခံ စည်းကမ်းတွေ နားမလည်တော့ ဘယ်လို လုပ်မလဲ
စိတ်ပျက် နေဘို့ မဟုတ်ပါဘူး
လုပ်လို့ ရပါတယ်
ကိုယ်က စလုပ် ပတ်ဝန်းကျင်ကို ပြင်ပေး
ကျောင်းတွေမှာ နားလည်အောင် ခေါင်းထဲစွဲအောင် လုပ်
ချက်ခြင်းကြီးတော့ မရနိုင်ဘူး စိတ်ရှည်ဘို့ လိုမယ်
လူ့ကျင့်ဝတ် နဲ့ ပတ်သက် ပြီး ဘယ်ဟာက အမှန် အမှား အရင်ဆုံး သိအောင်လုပ်
တစ်ခါတည်း လိုက်နာကျင့်သုံး
အကြောင်းကြောင်း ကြောင့် အမှားလုပ်မိရင်တောင် အမှားမှန်းသိတယ် မလုပ်ချင်ဘူး ပြင်မယ် ဆိုတာမျိုးဖြစ်ရမယ်
ဆရာအောင်သင်း ပြောတယ်လို့ ထင်တယ်
ခြင်္သေ့ ဆိုတာမြက်မစားဘူး အခြေအနေအရ မြက်စားရရင်တောင်
ငိုပြီတော့ ရှက်ရှက်နဲ့စား
မြက်လဲစားသေး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆိုရင်တော့မဟုတ်တော့ဘူး
အပြင်မှာ က ခြင်္သေ့စားမြက်တောင် တီထွင်ပေးနေကြတော့ ခက်သားကလား
Foreign Resident
November 17, 2012 at 1:07 am
” မင်းသမီး(လတ်) တစ်ယောက်ရောက်လာပြီး ထိပ်ကတန်းဝင်ရော
အမ အရေးမကြီးရင် ဝင်တန်းစီ ပေးပါဆိုတော့
တို့ က စီ ရမှာလားတဲ့ ”
ဆဲရင်ကောင်းမလား ???
ပြုံးပြီး စိုက်ကြည့်လိုက်ရင် ကောင်းမလား ???
MaMa
November 16, 2012 at 4:45 pm
လုင်ပြောသလို သူတို့လည်း ကြောက်တတ်ကြပါတယ်။
ရလို့သာ ရသလို လူလည်ကျနေကြတာ။
ခုရက်ထဲ သူများဖြစ်ခဲ့တာကို အငှားခံစားပြရရင်…….
ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေထုတ်ပြီး နောက်ပုဂ္ဂလိက ဘဏ်တစ်ခုမှာ သွားသွင်းတယ်။
တချို့ ဘဏ်စီးတွေမှာ စလစ်မပါဘူး။
အဲဒီစလစ်မပါတဲ့ငွေထုပ်တွေက ငွေလျော့လို့ ပြန်ပြောတော့ ပထမထုတ်ပေးလိုက်တဲ့ဘဏ်က သူတို့ဆီမှာ ငွေကို ရေတွက်ယူမသွားလို့ဆိုပြီး မပေးနိုင်ကြောင်းပြောတယ်။
ငွေသွားသွင်းတဲ့ဘဏ်ကလည်း ၁၀၀ဝ တန်၊ ၅၀ဝ တန် ဘယ်နှစ်စီးစီဆိုတာတွေ၊ စလစ်မပါတာတွေ သက်သေခံပေးပေမယ့် ဘယ်လိုမှ ပြောမရဘူး။
မန်နေဂျာနဲ့ ပြောမယ်ဆိုတော့လည်း မအားဘူးဆိုပြီး ဖုံးပေးမပြောဘူး။
နောက်ဆုံးတော့…
ကဲ ဒါဆို ငွေလျော့တာကို ပြန်မပေးလဲရတယ်။ အင်တာနက်မှာ ဖွမယ်လို့ ပြောပြီး ဖုံးချလိုက်တယ်။
အဲဒီတော့မှ ဖုံးပြန်ခေါ်ပြီး လျော့တဲ့ငွေကို ပြန်ပေးပါ့မယ်။ လာယူပါလို့ ပြောတယ်။
အဲဒါလည်း နိုင်နည်း တမျိုးပေ့ါ။ 😀
ငွေသွင်းတဲ့ဘဏ်ကလည်း
kai
November 17, 2012 at 4:13 am
မဆလခေတ်က… စစ်သားတွေဟာ.. အရပ်ဖက်အုပ်ချုပ်ရေးစနစ်ထဲ.. မိုးပေါ်ကကျသလို.. “ဘုန်းဒိုင်း”နဲ့ဝင်ပြီး.. အာဏာယူ..ရာထူးယူကြတယ်..။
နို်င်ငံရေးနဲ့ဆိုတဲ့.. ပေါ်လစီပိုင်ဆိုင်ရာရာထူးအဆင့်တင်မဟုတ်.. အရပ်ဖက်အုပ်ချုပ်ရေးရဲ့.. မန်နေဂျာရာထူးလောက်အထိ..အောက်ကနေ.. လုပ်သက်.. ကျွမ်းကျင်မှု… အဆင့်အတိုင်းတန်းမစီပဲ.. စစ်အာဏာနဲ့.. အနိုင်ကျင့် ရာထူးယူခဲ့ကြတာပေါ့..
အဲဒီအကျင်ဆိုးက.. လူထုယဉ်ကျေးမှုထဲ…မျောဝင်သွားပြီး.. အခုလို.. တန်းစီတာကို.. ဖြတ်အုပ်ကျော်တက်တဲ့.. အကျင့်ယုတ်တွေတွေ့နေရာတာပဲဖြစ်တယ်လို့.. သုံးသပ်မိပါတယ်..။
–
မဆလခေတ်က.. စာမတတ်တဲ့ အောက်ခြေတန်း ဆင်းရဲသားတွေကို.. မြှောက်ပေးပြီး.. လွှတ်တော်ကိုယ်စားလှယ်.. ရပ်ကွက်မြို့နယ်၊ပြည်နယ်တိုင်း.တွေမှာ.. ပါတီအကြီးအကဲနေရာတွေပေးတယ်..
အဲဒီလူတွေက.. ဆိုရှယ်လစ်စနစ်ကို တကယ်သဘောမပေါက်ပဲ.. သူဌေးဆို.. နှိပ်ကွပ်ရမယ်.. အမြတ်ကြိးစားတွေ.. ဂုတ်သွေးစုပ်တွေဆိုတဲ့.. လက်ဝဲစွန်းအယူတွေနဲ့လုပ်ကုန်တာပေါ့…
အဲဒီအကျင့်ဆိုးက.. လူထုယဉ်ကျေးမှုထဲ…မျောဝင်သွားပြီး.. အခုလို.. ငွေချမ်းသာသူကို.. ဖျက်စီးနှိမ့်ချရမယ်ဆိုတဲ့.. အကျင့်ယုတ်တွေတွေ့နေရာတာပဲဖြစ်တယ်လို့.. သုံးသပ်မိပါတယ်..။
အနိစ္စ… ဒုက္ခ..အနတ္တ…
လုံမလေးမွန်မွန်
November 17, 2012 at 3:04 pm
လုံမကတော့ ဆင်းရဲသားလူတန်းစားထဲကဆိုတော့ ကိုယ့်ဘက်က ကိုယ်ပြောကြည့်ချင်ပါတယ်….
မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုတဲ့ စကားတစ်ရပ်ကြောင့် အခွင့်အရေးကွာဟမှုဆိုတဲ့ကြားမှာ ဆင်းရဲသားတွေရဲ့ စိတ်မှာ ဒဏ်ရာတွေရလာရာက လူချမ်းသာတွေကို မုန်းတီးမှုတွေ ဝင်လာတယ်လို့ မြင်ပါတယ်။
ပုဂ္ဂလိကဆိုင်ရာပိုင်းတွေမှာ ကိုယ့်စိတ်နဲ့ကိုယ့်ကို ချမ်းသာတဲ့သူကိုပဲ ရွေးပေါင်းမယ်တို့၊ ချမ်းသာတဲ့သူကိုပဲ ဦးစားပေးမယ်လို့ လုပ်လို့်ရပေမယ့် သာတူညီမျှရပိုင်ခွင့်ရှိတဲ့ နေရာမျိုးတွေမှာ လူချမ်းသာတွေက ငွေမျက်နှာ၊ ဂုဏ်မျက်နှာတွေနဲ့ နေရာဝင်ယူပြီး ဆင်းရဲသားတွေကို ဖိနှိပ်ပစ်လိုက်တဲ့အခါမှာ… အဘဖောရဲ့ စကားကို ကောက်မယ်ဆိုရင် အလိုလိုမှ တုံးလို့၊ နုံလို့၊ အသိဉာဏ်နည်းလို့ ဆင်းရဲပါတယ်ဆိုတဲ့ ဆင်းရဲသားလူတန်းစားတွေက လူချမ်းသာတွေကိုမုန်းတာ၊ မနာလိုဖြစ်မိတာကို နားလည်ပေးနိုင်မယ် ထင်ပါတယ်….
အတင်းဝင်စပ်ရမယ်ဆိုရင် ဦးပါလေရာရဲ့ ပထမဇာတ်ကောင် ကောင်လေးက ဒုတိယဇာတ်လမ်းထဲက ကားပိုင်ရှင်အိမ်က ကောင်လေးဖြစ်နေပြီးတော့ ဒုတိယဇာတ်လမ်းထဲက ဆင်းရဲသားက မီတာတန်းစီတာကို ဖြတ်အဝင်ခံရတဲ့တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီကောင်လေးရင်ထဲက မနာလိုစိတ်ကို (အားပေးတာမဟုတ်ဘဲ) ကရုဏာစိတ်နဲ့ နားလည်ပေးလိုက်လု့ိရပါတယ်…
ထပ်ပြီး စကားအတင်းစပ်ပြီး ပြောရမယ်ဆိုရင် တုံးလို့၊ ပျင်းလို့၊ နုံလို့ ဆင်းရဲတယ်လို့ အပြစ်တင်နေမယ့်အစား ဆင်းရဲချမ်းသာ လူတန်းစားကွာဟချက် နည်းပါးစေဖို့၊ ဆင်းရဲသားလူတန်းစားတွေ ချောင်လည်လာဖို့ သူတို့ရင်ထဲက အပျင်းစိတ်တွေကို ဘယ်လိုဖျောက်ပေးလို့ရမလဲ…သူ့တို့ရဲ့ တုံးနေတဲ့ဦးနှောက်တွေကို ဘယ်လိုသွေးပေးလို့ ရမလဲဆိုတာကို စဉ်းစားကြည့်ရင်ကောင်းမယ်လို့ ထင်ပါတယ်…
လုံမကတော့ တကယ်မှ တကယ့်ကို ဘာမှမဟုတ်တဲ့ လူပိန်းတစ်ယောက်ဖြစ်တဲ့အတွက် အပြောကလွဲလို့ ဘာမှမတတ်နိုင်သေးပါဘူးဆိုတာလည်း ပြောပါရစေ…
တစ်ချိန်တည်းမှာပဲ ချမ်းသာမှုနဲ့ ဂုဏ်အရှိန်အဝါကို အသုံးပြုပြီး ဆင်းရဲသားလူတန်းစားကို ဖိနှိပ်တတ်တဲ့ လူချမ်းသာတွေရဲ့ စိတ်ဓာတ်တွေကိုလည်း ပြုပြင်ဖို့ရာလည်း အရေးကြီးလှပါတယ်လို့…
ဦးဦးပါလေရာ
November 17, 2012 at 1:40 pm
တော်တော်အရေးပါ အကျိုးများတဲ့ ဆွေးနွေးချက်တွေပါပဲ…..
ဒီတပိုစ့် ရေးရတာ တန်လိုက်တာနော 🙂
Shwe Ei says:
ဘေလ်ဆောင်တဲ့ကိတ်စတွေအားလုံးကို အွန်လိုင်းဆားဗစ်ပေးရင်
ကောင်းမယ်
pooch says:
ကျမတို့ရဲ အဓိက ပြသာနာကတော့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ ရှိတဲ့ လူတော်တော်များနေတာလို့ ထင်တာပဲ ။ အထူးသဖြင့် ဌာနဆိုင်ရာတွေမှာပေါ့။ သူတို့ ဂွင်ထဲ ဝင်လာလို့ကတော့ နည်းမှန်လမ်းမှန် ဆိုတာ မရှိဘူး ။ ဘယ်လို ကျစ်ရမလဲ ညစ်ရမလဲ ဆိုတဲ့ စိတ်မျိုးပဲ ရှိနေတတ်တာ။
•*¨နန်းတော်ရာသူ •*¨ says:
ဦးပါမှမဟုတ်ဘူး။ကျန်တဲ့တန်းစီနေတဲ့လူတွေထဲကလည်း ဝင်ပြောကြသင့်တယ်။
အရီးခင်လတ် says:
ဆင်းရဲသူ တွေ မှာ အဲဒီ စိတ်ဖြစ်ရတာက သူတို့မှာ ငတ်နေတဲ့ အချိန် သူတို့ရှေ့မှာ ကိုယ်ချင်းစာစိတ်မရှိစွာ နဲ့ သုံးဖြုန်းပြနေသူတွေ၊ ကားကို ဝေါကနဲ မောင်းသွားပြီး လမ်းဘေး ကသူတွေ ကို ပွတ်ဟာသီကာ ဆွဲရင်ဆွဲ မဟုတ်လဲ မိုးရွာချိန် ရေတွေစင်အောင် မောင်းသွားကြတဲ့ ဆင်ခြင်တုံတရားကင်း တဲ့သူတွေကြောင့် များပါတယ်။
nozomi says:
ဒါမျိုး လက်မခံ ဆိုတာမျိုးဖြစ်လာမှ အချောင်ခိုချင်တဲ့သူ ရှားလာမှာ
MaMa says:
သူတို့လည်း ကြောက်တတ်ကြပါတယ်။
ရလို့သာ ရသလို လူလည်ကျနေကြတာ။
Mလုလင် says:
ဒင်း တို့ ကြောက်တာ …………………… ကင်မရာ …………… ဗျ ….
ဦးကြောင်ကြီး says:
ဒါမှ မျှော်လင့်ချက်မဲ့ရာကနေ ဖြစ်လာတဲ့ ဆင်းရဲသားဝါဒ တားဆီးနိုင်မှာပေါ့။ စည်းကမ်းရှိဖို့လည်း ထိုနည်းတူစွာပဲ။ ခေါင်းဆောင်မှု မပေးနိုင်ရင် ကိုယ့်တာဝန်ကိုယ်သိ လုပ်နိုင်သူကို တာဝန်လွှဲပေး။ အစိုးရနဲ့ ပြည်သူ နှစ်ဖက်တာဝန်ရှိတာ မှန်ပေမဲ့ အုပ်ချုပ်သူဆိုပြီး နေရာပေးထားတာ ဆလံသဖို့ ဘုရားထူးဖို့မှ မဟုတ်တာ။ အဓိက သူတို့မှာ ခေါင်းဆောင်မှု ပေးနိုင်ဖို့ တာဝန်ရှိတယ်။
kai says:
……အဲဒီအကျင်ဆိုးက.. လူထုယဉ်ကျေးမှုထဲ…မျောဝင်သွားပြီး.. အခုလို.. တန်းစီတာကို.. ဖြတ်အုပ်ကျော်တက်တဲ့.. အကျင့်ယုတ်တွေတွေ့နေရာတာ
……အဲဒီအကျင့်ဆိုးက.. လူထုယဉ်ကျေးမှုထဲ…မျောဝင်သွားပြီး.. အခုလို.. ငွေချမ်းသာသူကို.. ဖျက်စီးနှိမ့်ချရမယ်ဆိုတဲ့.. အကျင့်ယုတ်တွေတွေ့နေရာတာ
………………
အဖြေတစုံတစ်ရာကို လှစ်ကနဲ တွေ့လိုက်ရသလိုပဲ
အင်း…. ဒါပေသိ ကျုပ်တွေ့တော့ ဘာထူးမှာလဲ…. 🙁
နွေဦး
November 17, 2012 at 4:01 pm
ဥပဒေသ ။ ။
မသိနားမလည်ခြင်းသည် ဆင်းရဲတွင်းကို နက်စေ၏ ။