တောင်ပြာတန်းမှာ မိုးတွေရွာ

 

 


လေတဖြူးဖြူး တိုက်နေသောကြောင့် လတ်ဆတ်သော လေ၏ ရနံ့နှင့်အတူ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများဆီသို့ အကြည့်က ရောက်သည်။ ပတ်ဝန်းကျင်သည် စိမ်းမြလွန်းနေသည်။ သူ ရောက်ရှိနေသော နေရာမှ ပတ်ဝန်းကျင် တစ်ခွင်ကိုကြည့်လိုက်လျှင် မြူခိုးများဝေနေသော တောင်တန်းကြီးများနှင့် မှိုင်းပျပျသာမြင်နိုင်သော လယ်ကွင်းပြင်များကို တွေ့ရမည်။ ထိုသည်ကပင် လွမ်းစရာ ကောင်းနေတော့သည်။ ကောင်းကင်ပြင်တွင် မိုးသားတိမ်လိပ်များ ဆင်လာလေပြီ။

စောစောတုန်းက ပြာလဲ့လဲ့ကောင်းကင်ပြင်သည် ရုတ်ချည်းပြောင်းလဲသွားချေပြီ.။ လေနှင့်အတူ မိုးစက် မိုးမှုန်ကလေးများ တစ်စက်တစ်လေ လွင့်ပါးလာကြသည်။ မိုးစက်များ၏ အထိအတွေ့သည် အေးမြလွန်းလေသည်။ သည်နေရာလေးသည် သူ့အတွက် ကြည်နူးခြင်းများကို အတိဖြစ်စေသည်။

“ဆရာ မိုးရွာတော့မယ်…“

နောက်ကျောဆီမှ တပည့်တစ်ယောက်၏ နှိုးဆွမှုကြောင့် အတွေးများ ပြတ်တောက်သွားရသည်။ ဟိုးဝေးဝေး လယ်ကွင်းပြင်များဆီတွင် မိုးရွာနေလေပြီ။ ကောင်းကင်ပြင်မှ သက်ဆင်းနေသော အဖြူရောင် မိုးတန်းကြီးသည် တရွေ့ရွေ့ သူရှိနေရာ တောင်တန်းဆီသို့ ရွေ့လျားလာနေပြီ။

“ဆရာ“

တပည့်၏ ထပ်မံ အသိပေးသံ။

“အေး ပြန်တာပေါ့ကွာ…“

တပည့်လေးက ခုမှ စိတ်ပေါ့သွားသည့်နှယ် သက်ပြင်းတစ်ချက် ချ၏။ သူတို့ တောင်ပေါ်က ဆင်းလာချိန်နှင့် မရှေးမနှောင်းမှာပင် မိုးသည် တဝေါဝေါနှင့် အငြိုးဖြင့် သည်းလေပြီ။

          သူသည် အပြင်းဖျားလျှက်ရှိသည်။ခန္ဓာကိုယ်သည် ခြစ်ခြစ်တောက်ပူနေသည်။ သတိသည် လွတ်တစ်ချက် မလွတ်တစ်ချက်။ သူ့အားနှိပ်စက်နေသော အဖျားသည် မည့်သည့်အဖျားဖြစ်သနည်း။ တစ်ချက်တစ်ချက် အသည်းခိုက်သမျှ ချမ်းလာတတ်သေးသည်။ ပါးစပ်မှလည်း ချမ်းတယ် ချမ်းတယ်ဟု အဆက်မပြတ် ညည်းညူမိသေးသည်။

“ဆရာ“

နားထဲသို့ တိုးဝင်လာသော အသံ..။ ထို အသံပိုင်ရှင်ကို ခွန်းတုံ့ပြန်ရန်အတွက် အားပင်မရှိ။ မျက်လုံးများကို အားယူဖွင့်ကြည့်မိသည်။ မရ..။ တစ်ကြိမ်၊ နှစ်ကြိမ်။ မရ..။

“ဆရာ….“

သူ ကြိုးစား၍ မျက်လုံးကို ထပ်မံဖွင့်ကြည့်လိုက်သည်။ မှုန်ဝါးဝါး မျက်နှာတစ်ခု။ တဖြည်းဖြည်း ကြည်လင် ပြတ်သားလာသော အခါတွင်မှ မျက်နှာပိုင်ရှင်ကို သူ သိလိုက်သည်။

“ခင်ကြည်“

“ဆရာ သတိရပြီလား…“

သူနုတ်က မဖြေဘဲ အသာအယာပင် ခေါင်းငြိမ့်ပြလိုက်သည်။

“ဆရာက ပြောစကားမှ နားမထောင်ပဲ…။ ဆရာ မိုးတွေ မိပြီး ဖျားတာလေ.။ မနေ့ညကဆို အပူတွေကြီးပြီး သတိလစ်နေလို့ စိုးရိမ်လိုက်ရတာ…ခုမှပဲ သက်ပြင်းချနိုင်တော့တယ်“

မိုးမိသောကြောင့်ဖျားသည်တဲ့။ သူ အိပ်ယာထက်မှ ထရန် ဟန်ပြင်လိုက်သည်သည်။

“အို မထနဲ့လေ ဆရာ။ သက်သက်သာသာ လဲနေပါ။ ဘာလိုချင်လို့လဲဟင်။ ခင်ကြည် ဘာလုပ်ပေးရမလဲ ဆရာ..။“

ဆရာ ဘာလိုချင်နေသလဲဆိုတာ ခင်ကြည်မသိနိုင်ပါဘူး ဟု စိတ်ထဲတွင်သာပြောနေမိသည်။ သူ့အပေါ် ဂရုစိုက်လွန်းသော ခင်ကြည်ကို အားတုံ့အားနာဖြစ်မိသည်။ သူက ဘာမှ ပြန်လည်၍ မပေးနိုင်သောကြောင့် မျက်နှာပူမိရပြန်သည်။ သူ့တွင် အခွံသက်သက်သာ ကျန်ရစ်သော နှလုံးသားတစ်စုံရှိသည်။ နှလုံးသားတွင် ယခုလောလောဆယ်၌ နေရာလစ်လပ်လျှက် ရှိသော်လည်း မည်သူ့ကိုမျှ အစားထိုးချင်စိတ်မရှိပေ။ ထိုသည်ကို ခင်ကြည် မသိ။ ထို့ကြောင့်လည်း မျှော်လင့်ချက်များဖြင့် သူ့အနားတွင်ရှိနေသည်ဟု မထင်ချင်။ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေအဆင့်ထက် ပိုမိုရင်းနှီးပတ်သက်ရန် သူ လမ်းမခင်းပေးလိုပေ။ ထိုသည်ကို ခင်ကြည် နားလည်ချင်မှ နားလည်ပေလိမ့်မည်။ သူ့နှလုံးသားသည် မကြာလှသေးသော ကာလတစ်ခုတွင် သေဆုံးသွားခဲ့ရပေပြီ။ ပြန်လည်၍နိုးထရှင်သန်စရာ အကြောင်းသည် သည်တစ်သက် မရှိနိုင်တော့သည်ကို ခင်ကြည်တစ်ယောက် မသိသည်ကိုတော့ သူ သနားမိနေတော့သည်။

တစ်ခါတစ်ရံတွင် စောင့်စည်းအပ်သော အကြောင်းတရားများကြောင့် မိမိတို့လုပ်ခွင့်ရှိလျှက်သားနှင့် အချို့သော အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးခံရလေ့ရှိကြသည်။ ထိုအထဲတွင် သူလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

ကျေးဇူးတရားဟူသည် နွယ်တစ်ပင်လို ရစ်ပတ်လာသောအခါတွင်မူ ဖြေလျော့ရန် ခက်ခဲတတ်ပါသည်။ ရုန်းကန်ရန် ခွန်အားရှိရဲ့သားနှင့် ငြိမ်သက်စွာ နေလိုက်မိခြင်းကပင်လျှင် သူ့အတွက် ရှုံးနှိပ်ခြင်းများ ဖြစ်လာရသည်မှာ မဆန်းပေ။

သို့သော် အရှုံးဟူသည် အောင်ပန်းသဖွယ် ပန်ဆင်ထိုက်သော ပန်းမဟုတ်သည်ကို သူ သိပါသည်။ ပြီးခဲ့သော အတိတ်ကာလများသည် သူ့အတွက် အိပ်မက်ဆိုးကြီးများအဖြစ် ကျန်ရစ်ခဲ့ပြီ။ အိပ်မက်ဆိုးကြီးများမှ အလန့်တကြားနိုးထလာရတိုင်း မောဟိုက်နေသော ခံစားချက်မျိုးသည် ယခုအချိန်တွင် ထူးဆန်းစွာဖြင့် ပြန်လည်ဝင်ရောက်လာချေပြီ..။

(အတိတ်)

“နင် ကျောင်းဆက်မတက်တော့ဘူးဆို“

“ဟုတ်တယ် နှင်းရည်…“

“ ဘာဖြစ်လို့လဲ….ပိုက်ဆံမရှိလို့လား“

ထိုစကားသည် နားတွင် ခါးသက်လွန်းလှသည်။ သူ နှင်းရည်ကို စူးရဲစွာကြည့်ပစ်လိုက်သည်။

“နင် အဲလိုမကြည့်နဲ့။ နင့်ကိုနှိမ်ချင်လို့မဟုတ်ဘူး။ ငါပြောတာ နင့်အတွက် မှားနေတယ်ဆိုရင်တော့ ဝမ်းနည်းပါတယ်   ရဲမွန်“

နှင်းရည်သည် ထိုကဲ့သို့သော မိန်းကလေးမျိုးဖြစ်သည်။ အပြစ်တစ်ခုကျူးလွန်မိလျှင်မိခြင်း ချက်ခြင်းဆိုသလို တောင်းပန်လိုက်ရမည်ကို ဝန်မလေးတတ်ပေ။သူနှင့် နှင်းရည် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးနှစ်ခုဆီဖြင့် အောင်ကြသည်။ တစ်ရွာလုံးက ဝမ်းပန်းတသာ ရှိကြသော်လည်း နှင်းရည်မှအပ သူတစ်ယောက်သာ ဝမ်းနည်းလျှက်ရှိနေသည်။ အဘယ့်ကြောင့်မူ သူ့အတွက် ရှေ့ဆက်လျှောက်ရန် လမ်းမှာ ဆူးများနှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ နှင်းရည်အတွက်မူ ရှေ့ဆက်ရမည့်လမ်းသည် ပန်းပေါင်းစုံဖြင့် ခင်းကျင်းထားသည်နှယ် ရှိချေသည်။

“နင် တောင်းပန်စရာမလိုပါဘူး…။ နင်ပြောတာ မှန်နေတာကိုး။ ဟုတ်တယ် ပိုက်ဆံမရှိလို့“

“လုပ်တော့မယ်..။ဒါ ပြဿနာလား ရဲမွန်“

“ငါ့အတွက် ပြဿနာပဲ နှင်း..။ ပြဿနာမှ သေးသေးမဟုတ်ဘူး ကြီးကြီးမားမား ပြဿနာပဲ။ အဲဒါ နင်သိလား“

“သိတာပေါ့..။ဒီမယ် ရဲမွန် အဲဒါ နင် တစ်ယောက်တည်းနဲ့ ဆိုင်တဲ့ ပြဿနာလား။ ငါနဲ့ရော မဆိုင်ဘူးလား..။ ငါရော ဝေမျှဖြေရှင်းလို့ မရဘူးလား“

နှင်းရည်ကို သူ သေသေချာချာကြည့်လိုက်သည်။

“နင်…အဲလို လွယ်လွယ်လေးမတွေးနဲ့ နှင်း..။ ခုဟာက ဘဝနဲ့ဆိုင်တယ်..။ ဟိုတုန်းကလို မုန့်ဖိုးမရှိလို့ ဝေမျှစားသုံးလို့ရတဲ့ သရေစာ ပြဿနာမဟုတ်ဘူး.။“

နှင်းရည်သည် ခဏသာမျှ ငြိမ်သက်သွားသည်။ သူ့အတွက် နှင်းရည်သည် မိန်းကလေးပင်ဖြစ်သော်ငြား ရဲဘော်ရဲဘက်လည်းဖြစ်သည်၊ မိတ်ကောင်းဆွေကောင်းလည်းဖြစ်သည်။ သူ ငယ်စဉ်တစ်လျှောက်လုံး သူ့အနားတွင် မည်သူမျှမရှိခဲ့။ နှင်းရည်သာလျှင် အစဉ်အမြဲရှိနေခဲ့သည်။ မုဆိုးမသားတစ်ယောက်ဖြစ်သော သူသည် နှင်းရည်လို သွက်သွက်လက်လက် မရှိသည်မှာ အမှန်။ မဝံ့မရဲဖြစ်တတ်သော၊ သိမ်ငယ်တတ်သော၊ လူကြောက်တတ်သော သူသည် နှင်းရည်ဆိုသော မိန်းကလေးနှင့်တွေ့မှ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်လာခဲ့ရသည်။

အိမ်ချင်းကပ်လျှက် နေရသောကြောင့်လည်း နှင်းရည်နှင့် သူမဝေးခဲ့။ ကျောင်းသွားအတူတူ၊ ကျောင်းပြန်အတူတူ နေ့စဉ်တတွဲတွဲ။ ညဘက် စာကျက်ချိန်များတွင်ပင် နှင်းရည်က သူ့အတွက် ဆရာမတစ်ယောက်လေအလား သင်ပြတတ်ပြန်သေးသည်။ ထိုသို့ မခွဲအတူ တပူးတွဲတွဲရှိနေကြသော နှင်းရည်နှင့် သူသည် အမှန်တွင်မူ ကွဲပြားခြားနားသော ဘဝများကို ပိုင်ဆိုင်ထားကြသည်။ နှင်းရည်၏ မိဘများက သူတို့ရွာရှိ လယ်ယာ အတော်များများကို ပိုင်ဆိုင်ထားသော ပြည့်စုံကုန်လုံသည် လယ်ပိုင်ရှင်များဖြစ်သည်။ သူ့တွင်မူ မိခင်ကြီးတစ်ယောက်သာရှိပြီး ပြည့်စုံခြင်းဟူသည် ငေးမောအားကျရုံသာ သက်နိုင်သော အခြေအနေတွင်ရှိနေသည်။ မုဆိုးမ မိခင်ကြီး၏ တစ်နေ့စာ ဈေးရောင်းရငွေသည် နှင်းရည်၏ မိဘများ မုန့်ပဲသရေစာ ဝယ်စားသလောက်ပင်ရှိလေသည်။

ထို့အတွက်ကြောင့် အမြဲတမ်း သိမ်ငယ်နေရသည်မှာ မထူးဆန်းပေ။ သို့သော် ထိုသိမ်ငယ်ခြင်းများသည် နှင်းရည်၏ ကုသမှုများကြောင့် အားတက်စရာများဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း သူ ယခုလို တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး နှစ်ဘာသာနှင့် အောင်ခဲ့ခြင်းဖြစ်သည်။

“ဒါဆို နင်က တက္ကသိုလ် ဆက်မတက်တော့ဘူးပေါ့“

“ဒါပေါ့…“

“နင်က ..ဘာလုပ်မယ်လို့စိတ်ကူးထားလို့လဲ“

“ ငါ အဝေးသင်တက်မယ်..အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဟာ…“

နှင်းရည် သူ့ကို စိုက်ကြည့်နေ၏။ နင် အဲလို မကြည့်ပါနဲ့။ ထိုကဲ့သို့ နှင်းရည်ကြည့်ပြီဆိုလျှင် တစ်ခုခုကို အလေးအနက်ပြောတော့မည့် သဘောဖြစ်သည်။ သူ နှင်းရည်၏ မျက်လုံးများကို မကြည့်တော့။ မျက်နှာကိုလွဲပစ်လိုက်သည်။ ခပ်ဝေးဝေးက တောင်ပြာတန်းများကို ငေးမောပစ်လိုက်သည်။

“နင့်အရည်အချင်းတွေကို ဒီလိုပဲ ရေစုန်မျော လိုက်တော့မလို့လား ရဲမွန်။ နင် ဘာဖြစ်ချင်ခဲ့တာလဲဆိုတာ ငါ သိတယ်။ နင့် ဘဝမှာ အဖြစ်ချင်ခဲ့ဆုံး ဆန္ဒကိုလည်း ငါသိတယ်။ နင်က မြင့်မြင့်ကို မပျံသန်းချင်ဘူးဆိုတာလည်း ငါသိပါတယ်။ ဒါပေမယ့် ရဲမွန်ရယ် တစ်ချို့ကိစ္စတွေမှာ ရင်လောက်မှန်းမှ ခါးလောက်ကျတာ.. နင်သိပါတယ်နော်.။“

“ဒါပေမယ့် အဲဒီ ခါးလောက်ကိုပဲ ခုချိန်မှာ ငါမှန်းရဲတော့ဘူး နှင်း။ မှန်းရလောက်အောင်လည်း အခြေအနေတွေ မပေးတော့ဘူးဆိုတာ နင် သိနေသင့်ပါတယ် နှင်း။“

ဘဝတွင် အချို့သော ရည်မှန်းချက်များသည် မြင့်မားနေတတ်ကြသည်။ ရည်ရွယ်ချက် ပန်းတိုင်ဟူသည်  အိပ်မက်နေရုံနှင့် ခရီးမရောက်နိုင်မှန်း သူ သိပါသည်။ ကြိုးစားအားထုတ်မှုသည် လက်ချည်းဗလာသက်သက်ဖြင့် အားထုတ်၍ ရကောင်းရနိုင်သော်လည်း ဘဝသည် ထိုမျှအခြေအနေကိုပင် သူ့အား မပေးပါ။ သနားသက်ညှာခြင်းကို သူ မုန်းနေခဲ့သည်မှာပင် ကြာခဲ့ပြီ။ နှင်းရည်၏ ဂရုဏာသက်သော မျက်ဝန်းများ၏ အကြည့်ကိုပင် သူသည် ယခုအချိန်တွင် မလိုချင်တော့ပေ။ ဟိုယခင်တုန်းကတော့ ထိုမျက်ဝန်းများကို သူလိုအပ်ချင် လိုအပ်ခဲ့ပါလိမ့်မည်။ ယခုအချိန်တွင်မူကာ နားကျည်းစွာဖြင့်ပင် သူ ပယ်ချပေရလိမ့်မည်။ သို့မှသာ သူ့ထံတွင် တိမ်မြုပ်ပျောက်ကွယ်နေသော ယောကျာ်းမာနသည် ရှင်သန်နိုးထလာလိမ့်မည်ဖြစ်သည်။

“ဒီမှာ ရဲမွန် ..နင့်အတွက်ဆိုရင် ငါပေးဆပ်နိုင်သလောက်ကို ပေးဆပ်ခဲ့ပြီးသားပါ.။ နင်ဖြစ်ချင်တာကို  ငါ သိနေရက်နဲ့တော့ ငါ တကိုယ်ကောင်းဆန်ဆန် မျက်နှာမလွဲသွားချင်ဘူး။ တကယ်တော့ ပန်းတိုင်ဟာ နီးနီးလေးပါ နင်ဘာကိုတွေးကြောက်နေတာလဲ.။ ရဲဝံ့လိုက်စမ်းပါ..။ “

မည်ကဲ့သို့ ရဲဝံ့ရမည်နည်း။ လက်ချည်း ဗလာသက်သက်ဖြင့် ရဲဝံ့ရမည်တဲ့လား။ တွန့်ဆုပ်ခြင်းသည် သူ့အတွက် အမြဲလိုလိုလိုက်နေခဲ့သော အရိပ်တစ်ခု။ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက အဖော် အဖြစ်ပါခဲ့ပြီးသား။ ဘဝကိုချိုးနှိမ်ထားသော ထိုတွန့်ဆုပ်ခြင်းသည် သိမ်ငယ်မှုကိုပါ တပါတည်း ခေါ်ဆောင်လျှက် ယခုအချိန်တွင်လည်း အဟန့်အတား တစ်ခုအဖြစ် ရှိနေချေသည်။

“ငါ့အတွက်နဲ့တော့ နင် စိတ်ဆင်းရဲမနေပါနဲ့တော့ နှင်းရည်။ ခုချိန်မှာ နင်တို့ငါတို့ဟာ မိဘတွေကိုမှီခိုနေရတဲ့သူတွေပါ။

ကိုယ့်ဘဝကိုတောင် မတည့်မတ်မရပ်တည်နိုင်သေးပဲနဲ့တော့ သူတစ်ပါးရဲ့ ဒုက္ခတွေကို လစ်လျူရှုသင့်ရင် ရှုူလိုက်ပါ နှင်း။ ခုချိန်မှာ နင့် ရှေ့ဆက်လျှောက်မယ့်လမ်းကို နင်တစ်ယောက်တည်း ဆက်လျှောက်နိုင်အောင် ကြိုးစားပါ နှင်းရယ်။ ငါ ဒါပဲပြောနိုင်တယ်။“

နှင်းရည်သည် သူ့အား စိမ်းစိမ်းကားကားကြီးကြည့်ပါသည်။ ထိုအကြည့်သည် သူ့အတွက် တစ်သက်သာ ဝေးကွာခြင်းကို ယူဆောင်ခဲ့မှန်း သူ မသိလိုက်ပါချေ။ ထိုနေ့မှ စ၍ နှင်းရည်သည် သူ့ဘဝအတွက် အရေးပါသော မိန်းကလေးသူငယ်ချင်းအဖြစ်မှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

နီးရက်နှင့်ဝေးနေရသော ဒုက္ခသည် လူတစ်ဦးတစ်ယောက်အတွက် ဆိုးရွားသော ဝေဒနာများကို ခံစားရစေသည်ဆိုသည်မှာ မှန်လှသည်။ မြင်လျှက်နှင့် နုတ်ဆိတ်နေရသော အဖြစ်မျိုးထက် ဝေးကွာနေရသည်ကပင် ပို၍ကောင်းနေမည် ဟု သူထင်သည်။ တစ်ဖက်နှင့်တစ်ဖက် အိမ်ချင်းကပ်နေလျှက်သားနှင့် နှင်းရည်၏ စိမ်းကားသော ဆက်ဆံမှုအောက်တွင် သူနှင့် ဝေးကွာခဲ့ရသည်။ သူသည် ဒါကိုပင် ကျေနပ်သည်အထင်နှင့် ယုံမှားသံသယဖြစ်စွာ ပီတိဖြစ်နေခဲ့လေသည်။ ထိုပီတိသည် တစ်ရက်တွင်တော့ ကျဆုံးရလေတော့သည်။

“ ငါ နင့်ကိုလာနုတ်ဆက်တာ ရဲမွန်..။“

“ဪ နင်သွားတော့မယ်ပေါ့“

“ဒါကို နင်သိပြီးသားလား..ဒါနဲ့များတောင်“

နှင်းရည် ဘာကိုဆိုလိုချင်မှန်း သူ သိပါသည်။ လူတွေဟာ တစ်နေ့ မဟုတ်တစ်နေ့ ခွဲခွာကြရမည်ကို သူကြိုတင်သိထားသည်။ သေကွဲမကွဲလျှင် ရှင်ကွဲတော့ ကွဲရမည်ပင်။ ချစ်သော သူငယ်ချင်း၏ နုတ်ဆက်ခွဲခွာခြင်းတွင် သူ ကြွေကွဲနေမိသည်။ ထိုသည်ကို နှင်းရည်မသိအောင် သူ အတတ်နိုင်ဆုံး ဖုံးဖိရလိမ့်မည်။ မည်သို့မျှ မခံစားရသော ပုံစံမျိုးနှင့် သူနေပြနိုင်ရမည်။

“နှင်း နင့် ရည်မှန်းချက်တွေကို အောင်မြင်အောင်ကြိုးစားစမ်းပါ။ ငါ့အတွက်နဲ့ နင် ဝမ်းနည်း ကြေကွဲနေစရာမလိုဘူး။ ငါဟာ မြက်ပင်ကလေးတစ်ပင်နဲ့တူတယ်..။

နင်က ပင်မြင့်ကြီးတစ်ပင်နဲ့တူတယ်ဟ။ နင့်ရဲ့အရိပ်ဟာ ငါ့ဘဝအတော်များများကို ကြီးစိုးခဲ့ပြီးပြီ။ ငါ အေးမြခဲ့ပါတယ်ဟာ..။ဒါပေမယ့် ငါဆိုတဲ့ မြက်ပင်ကလေးက နင့်လို သစ်ပင်ကြီးအတွက် ပြန်လှန် အကျိုးမပြုနိုင်သေးတာတော့ နင် ခွင့်လွတ်ဟာ“

“ဒီမယ် ရဲမွန် နင့် ငါ့ကို ပြန်လှန် အကျိုးပြုနိုင်တာတွေ ရှိနေပါသေးတယ်..ကမ်းလင့်နေတဲ့ လက်ကို မသိကျိုးကျွန်ပြုပြီး ရေစုန်မျောမယ့် နင့်ဘဝကိုတော့ ငါနှမြောနေမိတာ အမှန်ပဲ..နင် ကတိပေးစမ်းပါ..နင် ဒီရွာရဲ့ အကျိုးကို သယ်ပိုးနိုင်တဲ့ ယောကျာ်းတစ်ယောက်၊ နင့်ကိုယ်နင် တည့်မတ်နိုင်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် နင်ကြိုးစားမယ်ဆိုတဲ့ ကတိ ငါ့ကို ပေးစမ်းပါ.. “

ကတိ..။ ယောကျာ်းတစ်ယောက်အတွက် ကတိတစ်ခုသည် မီးစတစ်ခုကို ရှို့ရတာထက်ပင် အရေးကြီးပါသည်. ။

နှင်းရည် တောင်းဆိုနေသော ကတိသည် သူ့အတွက် ဖြစ်လာနိုင်မလား ဆိုသည်ကို မသေချာလှသော်လည်း နှင်းရည် စိတ်ချမ်းသားစေရန် ပေးလိုက်မိသည်။ သို့သော် ထိုကတိသည် လေးနက်စွာဖြင့် သူ့ရင်ထဲတစ်နေရာကို အခိုင်အမာ အမြစ်တွယ်သွားသည်ကိုတော့ သူမသိလိုက်ပါပေ။

ယခုပင်လျှင် နှင်းရည်သည် ဘောဂဗေဒ ဘာသာအဓိကနှင့် တက္ကသိုလ်တွင် တက်ရောက်နေသည်မှာ နှစ်နှစ်မြောက်ခဲ့ချေပြီ။

အချိန်ကာလ ဟူသည် ပြောင်းလဲတတ်စမြဲဖြစ်သည်။ နေ့ရက်၊ နာရီ၊ လနှစ်များသည် ရာသီစက်ဝန်းအတိုင်း လည်ပတ်မြဲ လည်ပတ်လျှက်ရှိသည်။ ပြောင်းလဲမှုများစွာထက်တွင် သူသည်လည်း လိုက်ပါစီးမျောရင်းဖြင့် နှင်းရည်ကို တစ်ခါတစ်လေ သတိရမိသည်မှ တစ်ပါး မေ့ပျောက်နေမိခဲ့လေသည်။

(ဒုတိယအတိတ်)

သူသည် သည်ကျောင်းလေးတွေ အလုပ်ဝင်ခဲ့သည်မှာပင် သုံးနှစ်ကြာခဲ့ပြီ။ အဖြူ အစိမ်းကိုယ်စီဖြင့် မြူးကြွ သွက်လက်နေကြသော ကလေးများကိုကြည့်ပြီး နေ့စဉ် ပီတိဖြစ်နေရသည်။ သူ ငယ်ငယ်တုန်းက မခံစားခဲ့ရသော ပျော်ရွှင်မှုမျိုးကို ယနေ့ခေတ်ကလေးများသည် ပျော်ပျော်ကြီး ခံစားနိုင်ကြသည်။ ထိုသည်ပင် သူနှင့်ကွာခြားလေသည်။ သူ ကြီးပြင်းလာရာ ငယ်ဘဝတစ်လျှောက်တွင် သာယာပျော်ရွှင်မှုများနှင့် ကင်းဝေးခဲ့သည်။ ကလေးတွေ ဖြတ်သန်းနေရသော မိသားစုရိပ်မြုံများသည် ဘဝ၏ တစ်စိတ်တစ်ပိုင်းကို ထိခိုက်တတ်သည် ကတော့ အမှန်ပင်ဖြစ်သည်။ သူ့ကိုပဲကြည့်။

ကျောင်းပရဝဏ်တွင် ပျော်ပျော်ပါးပါး ကစားနေကြသော ကလေးများကိုကြည့်ပြီး သူ့ ငယ်စဉ်ဘဝနှင့် နှိုင်းယှဉ်ကြည့်ကာ တမ်းတ ကြေကွဲနေရဆဲ။ သူ မရရှိသော ပျော်ရွှင်မှုမျိုးကို သူ တတ်နိုင်သလောက် ပေးစွမ်းနိုင်အောင် အမြဲတမ်းကြိုးစားနေမိသည်။ ငယ်ငယ်တုန်းကမရခဲ့သော ရဲဝံ့မှုမျိုး၊ တက်ကြွမှုမျိုး၊ သူ ကလေးများကိုပေးရမည်။

“ဆရာ ဧည့်သည်ရောက်နေတယ်..။“

“ဟုတ်လား ဆရာမ..ဘယ်သူတဲ့လဲ“

“အမျိုးသမီးတစ်ယောက်ပဲ ဆရာ..နားနေဆောင်မှာ စောင့်နေတယ်“

“အိုကေ ကျေးဇူးပဲ သွားတွေ့လိုက်ဦးမယ်“

“ရပါတယ် ဆရာ.. “

သူလှည့်ထွက်မည်အပြုတွင် ဆရာမ မခင်ကြည်က

“ဆရာက တော်တော်လေး လျှို့ဝှက်တတ်တယ်နော်“

“ဗျာ ဘာဖြစ်လို့လဲ ဆရာမရဲ့“

“သွားတွေ့လိုက်ပါဦး ပြန်လာမှပြောမယ်လေ“

သူ ဇဝေဇဝါဖြစ်သွားရသည်။ ဧည့်သည်..။ သူ သည်ကျောင်းတွင် အမေတစ်ယောက်မှအပ တွေ့စရာလူမရှိပါ။

ရပ်ဝေးမှ လာမည့် ဧည့်သည်ဟူသည် မျှော်လင့်စကောင်းသည်မဟုတ်။ သူ မျှော်လင့်ခဲ့ဖူးသော ဧည့်သည်ဟူ၍လည်း မရှိခဲ့သည်မှာ ကာလအတော်ကြာခဲ့ပြီ။ ကျောင်းကော်ရစ်တာ တစ်လျှောက် ကွေ့ပတ်လျှောက်ပြီးမှာ ဆရာများနားနေဆောင် စံပယ်ဆောင်ကိုတွေ့လိုက်ရသည်။ သူ့ခြေလှမ်းများသည် အနည်းငယ် မဆိုစလောက်လေး သွက်လက်နေသည်။

ရုတ်တရက် ဝမ်းသာခြင်းက အတိုင်းအစ မရှိ ဖြစ်ပေါ်သည်။ လောကတွင် သူက အတွေ့ချင်ဆုံး ဖြစ်ပါလျှက် သူတွေ့ခွင့်မရခဲ့သော သူသည်လည်း တစ်ယောက်တည်း။ တွေ့ခွင့်ရခဲ့လျှင်တောင် တွေ့ရဲသည့် သတိ္တ သူ့မှာမှရှိ၍ အကြိမ်ကြိမ် ဦးလှည့်ပြန်ခဲ့ရသည်မှာလည်း ထိုတစ်ယောက်သောသူကြောင့်ပင်။ နှစ်ကာလများသည် ပျိုမြစ်နုနယ်မှုများကို တိုက်စား ဝါးမြိုတတ်သည်ဆိုသည်ကို ဆန့်ကျင်စွာဖြင့် ယခုတစ်ကြိမ်တွင်  သူ ငြင်းရဲပါသည်။ ထင်မှတ်မထားသော ဧည့်သည်တစ်ယောက်သည် သူ့အား နှစ်လိုဖွယ်ပြုံးပြနေသည်။ သူ့ကိုယ်သူ ပြုံးမိသလား မပြုံးမိဘူးလားပင် သတိမရအောင်ဖြစ်နေရသည်။

“မင်္ဂလာပါဆရာ အံ့ဩသွားသလား ရဲမွန်“

“ငါ ဘယ်လိုပြောရမလဲ နှင်း..။ နင်က ငယ်ငယ်တုန်းကလိုပဲ တစ်ဘက်သားကို အံ့ဩအောင် ခုထက်ထိ လုပ်တတ်နေတုန်းပဲကိုး..။ “

“ကဲ ဆရာ ကျွန်မကို ဒီအတိုင်း ဧည့်ခံတော့မလို့လား။ တစ်နေရာရာကိုခေါ်သွားပြီး ဧည့်ခံဖို့ စိတ်ကူးမရှိဘူးဆိုရင် ကျွန်မကပဲဖိတ်ခေါ်ပါရစေ..ဆရာ ။အပြင်ကို လိုက်ခဲ့လို့ရမလား“

“ခဏလေးစောင်။့ ကျောင်းအုပ်ကြီးဆီကို ခွင့်တောင်းလိုက်ဦးမယ်။ ခဏနေရင်ပဲ နေ့လည် ကျောင်းဆင်းတော့မှာ ရတယ်မလား“

“သိပ်ရတာပေါ့ ။ အဝေးကြီးကနေ လာခဲ့ပြီးမှ ဒီလောက်အထိမှ ကျွန်မ မစောင့်နိုင်ရင် နှင်းရည်ရယ်လို့ ဘယ်ပီသ ပါ့မလဲနော်။ ဟုတ်လား ရဲမွန်“

နှင်းရည်သည် ယခင်ကလို မဟုတ်တော့။ ပိုမို သွက်လက်လာသည်။ တက်ကြွလာသည်။ နောက် ပိုလှ လာသည်။ ဟုတ်သည်။

ရုံးခန်းထဲရှိ ကျောင်းဆရာ ဆရာမအားလုံး၏ အကြည့်များသည် သူနှင့် နှင်းရည်ထံတွင်သာ ဝဲလျှက်ရှိနေသည်။ တစ်စုံတစ်ယောက်သော ဧည့်သည် ကြွေရုပ်ကလေးလို ခေတ်ဆန်စွာ လှပနေခြင်းကြောင့်လည်း ပါမည်ဟု သူ တထစ်ကျလောင်းရဲပါသည်။ ထိုနေ့သည် သူ့အတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာခဲ့သည်ဟု သူ ထင်မိလိုက်လေသည်။

အချိန်သည် နေ့လည် (၁)နာရီဖြစ်နေသော်လည်း သိပ်ပြီး ပျင်းစရာမကောင်းချေ။ ခါတိုင်းနေ့လည် (၁)နာရီသည် သူ့အတွက်တော့ ငိုက်မြည်းစအချိန်များ ဟုပြော၍ရသည်။ ယနေ့တွင်မူ အိပ်ငိုက်ရန်ပင် အချိန်မရပေ။ အဘယ့်ကြောင့်မူ နှင်းရည်သည် အနားတွင် ရှိနေသောကြောင့်တည်း။

ရှေ့စားပွဲတွင်ရှိနေသော လက်ဘက်ရည်ခွက်များသည် အေးစက်နေကြပြီ။ နှစ်ဦးသား သတိပင်မထားမိပဲ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည် စားမြုပ်ပြန်နေကြသည်မှာ ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံးကို လုံးလုံး မေ့ထားလိုက်ကြသည်။

“ပြောပါဦး နင်က ဘယ်လိုကနေ ဘယ်လို ကျောင်းဆရာ ထ ..လုပ်ဖြစ်ရတာလဲ ။ ငါဖြင့် အံ့ဩလို့မဆုံးဘူး။ အရီးနဲ့တွေ့တော့ နင့်အကြောင်းတွေကိုပြောပြတယ်။ ငါ ဝမ်းသာတယ် ရဲမွန်။ နင် ဒီလိုဖြစ်လာတာကို အားလည်းရတယ်..သိလား“

နှင်းရည်က အားတက်တရောပြောနေသည်။ သူကတော့ ပြုံးနေရုံသာ။ ပြောစမ်းပါစေ။ နှင်းရည်နှင့် တွေ့လျှင် ထိုသို့ပြောလိမ့်မယ်ဟု သူတွေးပြီးသား။

“ငါက အစကတော့ ရိုးရိုး အဝေးသင်နဲ့ ကျေနပ်လိုက်ဖို့ပါပဲ ။ ဒါပေမယ့် ငါ့ ဆုံးဖြတ်ချက်တွေ ပြောင်းသွားတယ် သိလား နှင်း။ ဘာကြောင့် ပြောင်းသွားတယ်လို့ နင်ထင်လဲ“

“ဘာ့ကြောင့်လဲ ငါ သိချင်တယ်“

“ငါ ဆရာ ဦးမြတ်သူနဲ့တွေ့တယ်..အဲဒီမှာ ငါ့ ဆုံးဖြတ်ချက်တွေပြောင်းသွားရတာ“

“ဆရာ ဦးမြတ်သူ ရူပဗေဒသင်တဲ့ ဆရာမလား“

“ဟုတ်တယ် အဲဒါ ငါ့အတွက် ကံကောင်းတာပဲ နှင်း“

~~~~~~~~~

နှင်းရည်ရွာမှ ထွက်သွားပြီး နောက်များတွင် သူရှိနေသော ရွာသည် ခြောက်ကပ်လွန်းလှသည်ဟု တွေးမိသည်။ ပြည့်စုံစွာဖြင့် ဘဝကို လျှောက်လှမ်းရမည့် သူငယ်ချင်းမလေးအတွက် ဝမ်းလည်းသာမိရသည်။ သူ့ကိုယ်သူသာ သိမ်ငယ်ပြီးရင်း သိမ်ငယ်နေမိသည်။ အမေကတော့ ပြောပါသည်။ တက္ကသိုလ်တက်ချင် တက်ပါတဲ့။ အမေ့ကို မငဲ့ပါနဲ့တဲ့။

သူက အမေနှင့်သူ နှစ်ယောက်တည်းရှိသော မိသားစု ဘဝတွင် မုဆိုးမ အမေအား မှီခိုမနေချင်တော့။ အရွယ်ရောက်ပြီး သားယောကျာ်းလေးတစ်ယောက်ကို ဈေးရောင်းပြီး ကျောင်းစရိတ်ထောက်နေရမည့် အမေကို သူ နားလည်ပါသည်။ တစ်ပြန်တစ်လှန်အားဖြင့် သူပြန်လည်လုပ်ကျွေး ပြုစုခွင့်ရသည်ဟုသာ တွေးမိပါသည်။ သို့သော် အမေက လက်မခံချင်ပေ။

သူ တက္ကသိုလ်ဆက်တက်ရေး မတက်ရေးကို အမေနှင့် အငြင်းအခုံလုပ်ရင်း နောက်ဆုံးတွင် ကျိုးကြောင်းဆီလျှော်စွာ သူ အလျှောက် ကောင်းသောကြောင့် မသက်သာစွာဖြင့် အမေ ခေါင်းငြိမ့် ရလေတော့သည်။

သို့နှင့် သူသည် အချိန်များကို သူ့ဘာသာသူရော မသိလိုက်မသိဘာသာရော ကုန်လွန်စေခဲ့သည်။ တစ်ရက်တွင်တော့ အမှတ်မထင် ဆရာ ဦးမြတ်သူနှင့် သူဆုံစည်းလေသည်။

“ဟေး မောင်ရဲမွန်“

“ဟာ ဆရာ….“

သူအပြေးအလွှား ဆရာ့ထံသို့သွားရောက် ဂါရဝပြုလိုက်သည်။

“ဆရာ ကို ကျွန်တော် လက်ဘက်ရည်တိုက်ပြီး ပြုစုပါရစေ ဆရာ“

“ဟာ မလုပ်ပါနဲ့ကွာ ဆရာက လက်ဘက်ရည်သောက်ချင်လို့ မင်းကို နုတ်ဆက်တာမဟုတ်ပါဘူး“

“လာပါဆရာ ကျွန်တော် ပြုစုပါရစေ ဆရာ့ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ များလွန်းနေပါပြီ ။ ဒီတစ်ကြိမ်တော့ ခွင့်ပြုပါ ဆရာ.“

ထိုအခါတွင်မှာ ဆရာက ပြုံးပြီး သူ့နောက်သို့လိုက်လာသည်။ ထိုနေ့သည် ဈေးနေ့ဖြစ်သည်။ အမေ့ထံသို့ ကုန်စိမ်းများလာပို့ခိုက် ဆရာနှင့် ဈေးတံခါးဝတွင် တွေ့လိုက်ရခြင်းဖြစ်သည်။ နီးနီးနားနားတွင်ရှိသော ဈေးလက်ဘက်ရည်ဆိုင်သို့သူ ဝင်ချလိုက်သည်။

“ဆရာ သောက်ပါဆရာ.. “

“အေးသောက်တာပေါ့ကွာ…အေးဆေးပေါ့ ဟုတ်လား ။ ဒါနဲ့ မင်းအခု ဘာတက်နေလဲ.. “

“ဗျာ“

“ မင်း ဘယ်တက္ကသိုလ်တက်နေသလဲလို့မေးတာ“

“ကျွန်တော် အဝေးသင်ပဲရွေးထားတယ်ဆရာ“

“ အဝေးသင်“

“ ဟုတ်ကဲ့ ဆရာ ကျွန်တော့်အခြေအနေနဲ့ အဝေးသင်ကပဲ အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော် ရွေးလိုက်တာ“

ဆရာက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ ပြီးတော့

“ဘာမေဂျာလဲ…သမိုင်းပါ ဆရာ“

“နှင်းရည်ကရော.. “

“သူကတော့ မိတ္ထီလာမှာ စီးပွားရေးတက္ကသိုလ်တက်နေပါတယ် ဆရာ“

“ မင်းက ဒီရွာမှာ ဒီလိုပဲ ကိုယ့်ဘဝကို မျောလိုက်တော့မလို့လား။ တိုးတက်မှုမရှာချင်တော့ဘူးလား။ မင်းအနေနဲ့ ဆက်လျှောက်ခွင့်ရှိတဲ့ လမ်းတွေ အများကြီးပါ။ အဲဒါ သေချာ စဉ်းစား။ မင်းဖြစ်နေတာတွေကို ဆရာသိတယ်။ ဒီမှာ မောင်ရဲမွန်ရ..လူဟာ ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ်နေရမှာမဟုတ်ဘူး။ စိတ်ပျက်စရာအခြေအနေကနေ ဘယ်လို ရုန်းကန်ရမလဲလို့ နည်းလမ်းရှာနေရမှာ။ ရောက်နေတဲ့ဘဝမှာ ရပ်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး“

“ဒါပေမယ့် ဆရာ ကျွန်တော့်မှာ“

“ဆရာ နားလည်တယ်။ ဆရာပြောချင်တာ ဒါပဲပေါ့…ကိုယ့်မှာမရှိတဲ့လိုအပ်ချက်ကို ဘယ်လို ရှာဖွေရမလဲလို့ မင်းမှ အဖြေမရှာတာ။ ခု ဆရာ မေးမယ်..။ မင်းဖြစ်ချင်တာဘာလဲ…ဆိုပါစို့ကွာ မင်း ဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုမေးတာ“

“ကျွန်တော် ဆရာ့လို့ ကျောင်းဆရာ တစ်ယောက်ဖြစ်ချင်တယ်“

“အေး အဲဒါပဲ လူဆိုတာ ကိုယ်ဖြစ်ချင်တာကို ချိုးနှိမ်ထားပြီး ဘဝဆုံးသွားရမှာ မဟုတ်ဘူးကွ။ လူညွှန့် လူတုံးတွေရဲ့ အလုပ်လို့ဆရာမြင်တယ်။ ဖြစ်ချင်တာကို လူတိုင်းကြိုးစားလာကြတာပဲ။ မင်းကို ဆရာပြောမယ်.မင်း ခု တက္ကသိုလ်ဝင်စာမေးပွဲကို အောင်အောင်ဘာဖြစ်လို့ဖြေခဲ့တာလဲ“

“စာမေးပွဲအောင်ချင်လို့ပါဆရာ“

“ပြီးတော့ရော “

“ကျွန်တော်ဖြစ်ချင်တာကို တက်လှမ်းခွင့်ရမယ့် လှေကားတစ်ခုလို့မြင်ခဲ့လို့ပါ“

“ဒါပဲလားကွ“

“မင်းက မြင်ရုံပဲ မြင်ခဲ့တာလား။ ကြိုးစားချင်စိတ်ကို ဘယ်နားသွားထားလိုက်တာလဲ။ မောင်ရဲမွန် မင်း စာမေးပွဲအောင်ချင်လို့ဆိုတာ ဖြစ်ချင်ခဲ့တာလေ။ မင်းကြိုးစားတော့ ဂုဏ်ထူးနှစ်ခုနဲ့အောင်တယ်။ အဲဒါ ကြိုးစားမှုရဲ့ရလာဒ်တစ်ခုပေါ့။ ခု ဆရာမေးမယ် မင်းကျောင်းဆရာဖြစ်ချင်တယ်ဆိုတာ သေချာလား“

“သေချာပါတယ်ဆရာ.. “

“ဒါဆို ပြီးပြီ ပေါ့“

“ဗျာ“

“မင်းကို ဆရာ မနက်ဖြန်ပဲလာတွေ့တော့မလို့..။ မင်းရဲ့ အကြောင်းတွေကိုလည်း ဆရာ သိထားတယ်လေ။ ဆရာ သင်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ မင်းဟာ ထူးခြားတယ်။ ခု မင်းမတက်နိုင်တဲ့ အခြေအနေတစ်ခုကို ဆရာ တွန်းပို့နိုင်တယ်ဆိုတာ မင်း ယုံလား“

သူ ဆရာ့ကို နားမလည်တော့ပါ။ ဆရာကတော့ ရွှန်းရွှန်းစားစားကြီးနှင့် ပြုံးပြီးကြည့်နေသည်။ ပြီးတော့ ဆက်ပြောသည်။

“မင်းလို ကြိုးစားပြီး ရိုးသားတဲ့ ထူးချွန်ကျောင်းသားတစ်ယောက်ကို ဆရာတို့ ထောက်ပံ့ရကျိုးတော့ နပ်အောင်တော့ ကြိုးစားကွာ“

“ဆရာပြောနေတာတွေ နားမလည်ဘူး.။“

“ဒီလိုကွ ကျောင်းကဆရာတွေနဲ့ မင်းတို့ရပ်မိ ရပ်ဖတွေနဲ့တိုင်ပင်ပြီး မင်းကို ပညာသင်စရိတ် ထောက်ပံ့ပေးပြီး ကျောင်း ဆက်တက်ခွင့်ပေးမလို့ အားလုံး တိုင်ပင်ပြီးသွားကြပြီ။ မင်းကို နောက်မှပြောပြမလို့ကွ။ ခုတော့ ကြုံတုန်းပြောလိုက်တာ။ ညနေကျရင် မင်းအမေနဲ့တွေ့ပြီး ပြောရဦးမယ်။ ဘယ်လိုလဲ မင်းဆက်တက်မယ်မလား“

သူ ဘာပြန်ပြောရမှန်းမသိချေ။ ဝမ်းသာလုံးဆို့နေသည်။ ပြီးတော့ မျက်ရည်တွေ ဝဲလာမိသည်။ ဆရာက သူ့ပခုံးကို ဖွဖွလေးလှမ်းကိုင်ရင်း

“ မင်း ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကွာ ။မင်းကို ဆရာ ယုံတယ်“

~~~~~~~~~~

“ဒါနဲ့ပဲ နင် ရွာမှာ ကျောင်းဆရာဖြစ်လာတယ်ဆိုပါတော့“

သူ နှင်းရည်ကို အံ့ဩနေသည်မှာ တစ်ခုရှိသည်။ သူ့အကြောင်းတွေကို ခုမှ သိသည့်ပုံစံမျိုးဖြင့် ဂရုတစိုက် နားထောင်နေခြင်းကို ကြည့်ခြင်းဖြင့် နှင်းရည်ဘာမှမသိခဲ့သည်ကို ရိပ်မိလိုက်သည်။

နှင်းရည် မြို့သို့ ကျောင်းသွားတက်ချိန်မှ စ၍ အဆက်အသွယ်ဟူ၍ စာတိုလေးတစ်စောင်တောင်မှ ရေးဖော်မရခဲ့ပေ။ နှင်းရည်ကို သူနားလည်သည်က သူ့အား စိတ်ခုသွားသည်ဟုသာဖြစ်သည်။

“နင့်ကို မေးရဦးမယ် နှင်း နင် ငါ့အကြောင်းတွေကို ခုမှ သိတာလား“

“ဟုတ်တယ် ရဲမွန်..။ ငါအခု ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတယ်။ ခွင့်တင်ပြီး မရောက်တာလည်းကြာလို့ ပြန်လာလည်တာ။ ရွာကိုရောက်မှ နင် ဆရာဖြစ်နေတယ်တဲ့။ ငါလေ အစက မယုံဘူး။ အရီးနဲ့တွေ့တော့မှ ငါ ယုံသွားတာ။ ဒီကြားထဲလည်း နင်နဲ့ငါ အဆက်အသွယ်မှ မရတာကိုး။ နင်က နေနိုင်တယ်နော် ငါ့ဆီ စာမရေး ဖုန်းမဆက်ဘူး။“

နင်ကရော ငါ့ဆီကို ဆက်သွယ်ဖို့ ကြိုးစားလို့လား ဟု သူ မမေးဖြစ်ပါ။

“အမှန်က နင့်ကို စိတ်ဆိုးလို့ မဆက်သွယ်တာ နင်သိဖို့ကောင်းတယ်။ ငါ့ကလည်း ငါ့ရည်မှန်းချက်နဲ့ ငါ ။ နင်ကလည်း နင့် ရည်မှန်းချက်နဲ့နင်ဆိုတော့ စာတွေ အလုပ်တွေနဲ့ပဲရှုပ်နေခဲ့တယ် ထင်ပါရဲ့။

နောက်မှ ပြန်တွေ့ရင် တောင်းပန်တော့မယ်လို့ တွေးထားတာ။ နင် ခွင့်လွတ်ပါတယ်နော် ရဲမွန်။ တကယ်တော့ ငါ တစ်နေ့မှ နင့်ကို မမေ့ဘူးဆိုတာ နင်ယုံလား“

“ယုံပါတယ် နှင်းရယ်“

တစ်နေ့မှ နင့်ကို မမေ့ဘူးဆိုသော စကား၏ အဆုံးတွင် သူ့ရင်ဘတ်ကြီး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ထိုနေ့က နှင်းရည်နှင့် သူ စက်ဘီးလျှောက်စီးကြသည်။ ငယ်ဘဝကို တမ်းတ လွမ်းဆွတ်စွာဖြင့် အမှတ်တရ ပုံရိပ်များကို တူးဖော်ကြသည်။ ငယ်စဉ်တုန်းက ရောက်ခဲ့ဖူးပြီး မရောက်သည်မှာ ကြာပြီးဖြစ်သော အထင်ကရနေရာများသို့လည်း ရောက်ဖြစ်ကြသည်။ တောင်ပေါ်ရှိ လွမ်းစေတီ ဘုရားသို့ရောက်ချိန်တွင် ညနေ(၄)နာရီ။

စေတီရင်ပြင်တော်မှ မြင်နေရသော မြင်ကွင်းသည် လှပလွန်းနေသည်။ နေရောင်သည် မကြာမီတွင် ပျောက်ကွယ်ခါနီးသဖြင့် ပုဇွန်ဆီရောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ ထိုနေရောင်အောက်တွင် နှင်းရည်သည် အပြစ်ကင်းစွာဖြင့် လှပနေသည်။ နှင်းရည်၏ ဆံနွယ်များသည် လေအလျင်တွင် လှုပ်ရှားယိမ်းနွဲ့နေသည်။ မြို့ကြီးတွင် အနေများတစ်ဖြစ် မြို့သူတစ်ယောက်၏ ပြင်ဆင်ခြယ်သပုံမျိုးနှင့် ကျေးလက်ညနေဆည်းဆာအား ပေါင်းစပ်လိုက်သောအခါ ငေးမော၍မဝနိုင်သော ပန်းချီကားတစ်ချပ်ပမာ ဖြစ်သွားလေတော့သည်။

မျက်စိတဆုံးမြင်နေရသော တောင်ပြာတန်းကြီးသည် နှင်းရည်နှင့်ပင် အပြိုင်လှနေသေးတော့သည်။ ခြားနားသည်မှာ ပြောင်းလဲမှုများစွာတွင် သူနှင့် နှင်းရည်သာ ပြောင်းလဲသွားကြပြီး တောင်ပြာတန်းကြီးမှာ ယခင်ကအတိုင်းပင်။

~~~~~~~~~~

 

နောက်တစ်နေ့ကျောင်းတက်ချိန်တွင် သူမျက်နှာ ပူနေရတော့သည်။ အဘယ့်ကြောင့်မူ လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများက သူနှင့် နှင်းရည်ကို ဝိုင်းဝန်း စနောက်နေကြသောကြောင့်ဖြစ်သည်။

“အမယ် ဆရာရဲကတော့ ရှက်နေပြန်ပါပြီ မျက်နှာကြီးကို နီမြန်းနေတာပဲ။ ပြော ပြော မနေ့က မဒီလေက ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ၊ “

“ဒေါ်သီရိကတော့ လုပ်တော့မယ်ဗျာ ကျွန်တော်တို့ ဆရာလေး ရှက်လွန်းလို့ မြေကြီး ထဲရောက်နေပါဦးမယ်။“

“ လူပျိုကြီးတော့ စွံတော့မယ်နဲ့တူပါရဲ့ နော်  ခင်ကြည်“

ထိုနေ့တစ်နေ့လုံး နှင်းရည်၏ အကြောင်းကို သူ မနားတမ်းပြောပြနေရသည်။ သူကလည်း ထိုသို့ပြောနေရသည်ကိုပင် မောသည်ဟု မထင်ပေ။ သို့သော် ဆရာမ ဒေါ်သီရိပြောလိုက်သော နောက်ဆက်တွဲစကားသည် သူ့အတွက်တော့ ရင်မောစရာဖြစ်လို့သွားသည်။

“လူပျိုကြီးကတော့ စွံတော့မယ် အပျိုကြီးကတော့ ကျန်ရစ်ကြီးဖြစ်ပြီဟေ့“

“အာ ဒေါ်သီရိကလည်း ဘာတွေလျှောက်ပြောနေတာလဲ ဗျာ“

သူသည် ထိုစကားကို ဆရာမဒေါ်ခင်ကြည် အားကြည့်ပြီး အားနာနာနှင့် ပြောမိရသည်။ ခင်ကြည်သည် သူ့ကို အလွန်ဂရုစိုက်လျှက်ရှိကြောင်း ဘဝတူ ဆရာ ဆရာမများ အားလုံးလိုလို သိကြသည်ကိုး။ သူက နှမလေးတစ်ယောက်လို သံယောဇဉ်ရှိရသော အိန္ဒြေရှင် ဆရာမလေးဖြစ်သည်။ သူ သည်ကျောင်းတွင် စတင် အလုပ်ဝင်စက မည်သူနှင့်မျှ မရင်းနှီးသော အစိမ်းသက်သက် ကျောင်းဆရာလေးတစ်ယောက်။ မုဆိုးမ အမေတစ်ယောက်လုံးရှိသော်လည်း တစ်ကိုယ်ရည် တစ်ကာယ သမားတစ်ယောက်ဖြစ်နေသော သူ သည် ကျောင်းတွင် ပိုသီဖတ်သီနိုင်လွန်းသော ဆရာတစ်ယောက်အဖြစ် နာမည်ကြီးသည်။ သပ်သပ်ရပ်ရပ်မရှိ။ ကျောင်းသို့ ထမင်းချိုင့် ဆွဲလာသည်ပင် ဖြစ်သလို ထမင်းပါသည်လည်းရှိ မပါသည်လည်းရှိသည်။

ခင်ကြည်နှင့် ခင်မင်လာခဲ့ပြီး နောက်ပိုင်းတွင် သူ့ ထမင်းချိုင့် ဆွဲစရာမလိုတော့။ ခင်ကြည်က ထမင်းချိုင့်ကိစ္စနှင့်ပတ်သက်၍ အမြဲတမ်းပြောသည်။

“ဆရာကတော့ ဒီလိုသာ ရှေ့ဆက်သွားရင် အစာအိမ်ရောဂါဖြစ်တော့မှာပဲ။ ထမင်းပါရင် ထမင်းစားတယ်။ မပါရင် စားပြီးသလိုလိုနဲ့နေလိုက်ရော။ ဆရာ့ကို ပြောထားသားပဲ အားမနာပါနဲ့လို့ ။ ခင်ကြည် ဆရာ့တစ်ယောက်စာကို နောက်နေ့တွေမှာ ပိုထည့်ခဲ့မယ်။

တဆိတ် ကျေးဇူးပြုပြီးငြင်းမယ်လို့ မကြံပါနဲ့ ဆရာ။ ဆရာမှာ အမေတစ်ယောက်တည်းရှိတယ် ။ သားအမိနှစ်ယောက်တည်းမို့ အမေ့ကို ဆရာ့ အလုပ်မရှုပ်ချင်လို့ ဒီလို ဖြစ်လို နေတာမဟုတ်လား..။ကဲ ဒီတော့ ဆရာ ထမင်းချိုင့်ကိုနောက်နေ့တွေမှာ ယူမလာတော့နဲ့။ ဟုတ်ပြီလား။“

“ မဟုတ်တာ ဆရာမရယ် ကျွန်တော့်အတွက်နဲ့ ဆရာမ ဝန်ပိုနေပါမယ်။ “

“မပိုပါဘူး ဆရာရဲ့။ အားမနာပါနဲ့။“

“ဟိုလေ ဆရာမကို တစ်မျိုးထင်ကြမှာမို့ပါ“

“လုပ်ပြီ ဆရာနဲ့ ကျွန်မ အကြောင်းကို မသိတဲ့ သူတွေမှ မဟုတ်ကြတာ။ မငြင်းနဲ့တော့။ “

အဲဒီနောက်ပိုင်းမှ စ၍ သူ ထမင်းချိုင့်အတွက် မပူရတော့။ ခင်ကြည်သည် သူ့ကို အမြဲတမ်း ဂရုတစိုက်ရှိနေတတ်သည်။ သူ့အဝတ်အစားများ သပ်သပ်ရပ်ရပ်မရှိလျှင်

“ဆရာကို ကျွန်မမပြောချင်လို့ ကြည့်နေတာကြာပြီ။ ဆရာ့ကို ဆရာ သူငယ်တန်းကျောင်းသားလေး မှတ်နေလား။ ကြည့်ပါဦး။ ပိုသီဖတ်သီ နေတတ်လိုက်တာ။ ဆရာသင်နေတာ နှပ်ချေးတွဲလျောင်း သူငယ်တန်းလည်းမဟုတ်ဘူး။ ကော်လံက တစ်ခါတစ်လေ အောက်ထဲဝင်နေသေးတယ်။ လုံချည်ကလည်း နှစ်ရက်နေမှ တစ်ခါလောက်ပဲ လျှော်တယ်ထင်တယ်။ ဟုတ်လား“

“ဒါတော့“

“ဒါတော့မနေနဲ့ဆရာ။ ရော့ ဆရာ့အတွက်“

“ဘာတွေလဲ ဆရာမရဲ့“

“စတစ်ကော်လံအကျီအဖြူနဲ့ ပန်ဒါတံဆိပ် လုံချည်စိမ်းလေ။ ဆရာအတွက် ဝယ်ထားတာ။ သပ်သပ်ရပ်ရပ် ဝတ်ပါ ဆရာရယ်။ ကိုယ့်ကိုကိုယ်လည်း ကျောင်းဆရာတစ်ယောက်လို့ အမှတ်ကောရရဲ့လား“

“မဟုတ်တာ ဆရာမရဲ့ မယူပါရစေနဲ့“

“ယူရမယ် ဆရာ။ ကျွန်မရဲ့ စေတနာကို အသိအမှတ်ပြုရင် လက်ခံလိုက်ပါ။ နောက်နေ့က စပြီး ဆရာကျောင်းလာရင် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းဝတ်စုံကို ဝတ်လာတာပဲ မြင်စေချင်တယ်။ “

ထိုသို့ ဂရုစိုက်တတ်ပါသော ခင်ကြည်နှင့် သူ့ကို လုပ်ဖော်ကိုင်ဖက်တွေက တီးတိုး ဝေဖန်ကြသည်ကိုလည်း သူ သိသည်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး စ..ကြ နောက်ကြသည်။

သူက မည်သို့မျှမနေသော်လည်း ခင်ကြည်က တစ်ခါတစ်ရံ မျက်နှာကြီး နီမြန်းလျှက် ခေါင်းငုံကာနေရင်း ရှက်စနိုးနှင့် သူမ၏ သူငယ်ချင်းများအား ထုနှက်နေတတ်သည်။ မိန်းကလေးတစ်ယောက်၏ အတွင်းစိတ်ကို သူမသိသော်လည်း ဘဝတူ သူငယ်ချင်း ကြည်မောင်ကတော့ ပြောပြရှာသည်။

“ဒီမှာ ကိုရဲ..ကိုရဲသာ မသိတာ။ ခင်ကြည်က ဆရာ့ကို သဘောကျနေပုံရတယ်။ “

“ ဟာဗျာ မဟုတ်နိုင်ပါဘူးဗျာ။ ပြန်ကြားသွားရင် မကောင်းပါဘူး“

“ ကောင်းတာပေါ့။ ဟုတ်ကို ဟုတ်တယ် ကိုရဲ။ ကျွန်တော်တို့ လောင်းရဲတယ်။ ကိုရဲက ကာယကံရှင်ဆိုတော့ သိချင်မှ သိမယ်။ ဘေးက ပွဲကြည်ပရိသတ်တွေကတော့ ဇာတ်လမ်းကို ဘယ်လိုသိမ်းမလဲလို့ ကြိုတင် တွက်ဆနေကြပြီ။ ဘယ်လိုလဲ ကိုရဲကရော“

“ကျွန်တော်က တော့ ရိုးရိုးသားသားပါဗျာ။ အဲလိုပဲ သူ့ဘက်ကလည်း ရိုးသားလောက်ပါတယ်ဗျာ။ တလွဲမတွေးကြပါနဲ့ ဟုတ်ပြီလား။“

သူက ထိုသို့သာ ပြောနေရသော်လည်း ခင်ကြည်၏ မျက်ဝန်းများကိုတော့ ဖတ်တတ်နေပါပြီ။သို့သော်လည်း နှမလေးတစ်ယောက်ထက် မပိုမိသော မေတ္တာသည်သာ ရှိလေသည်။ ထိုမေတ္တာသည် အေးမြလွန်းသော ၅၂၈ မေတ္တာမျိုးပင်ဖြစ်သည်။ သူ့ရင်ထဲတွင် တစ်ယောက်သော သူအတွက်သာ နေရာရှိလေသည်။ ထိုသည်ကိုတော့ သူ ကောင်းကောင်းကြီး သိပါသည်။

ယခုတွင်မူ သူ့အတွက် လမင်းတစ်စင်း သာနေလေပြီ။ ထို အေးမြသော လမင်း၏ အလင်းရောင်အောက်တွင် နိုးထလာသော စိတ်သည် အချစ်စိတ်လား။ လရောင်၏ ဖျားယောင်းဆွဲခေါ်ရာ လိုက်မိသည်တွင် သူ လှမ်းရာ ခြေလှမ်းများသည် နှင်းရည်ဆီသို့သာ ဦးတည်နေတော့သည်။ ထို့အတွက် ခင်ကြည်ကိုမူ အားတုံ့ အားနာဖြစ်မိသေးသည်။

ခင်ကြည်သည် နှင်းရည်သူ့ကို လာရောက်တွေ့ဆုံပြီးကတည်းက ရှောင်ခွာခွာဆက်ဆံနေသည်။ ယခင်လို ဝတ္တရား မပျက်ကွက်သော်လည်း မျက်နှာချင်းဆိုင်ခြင်းမပြုတော့ချေ။

သူသည် နားလည်ရခက်နေသော်လည်း ဖွင့်မမေးဖြစ်။ ခင်ကြည်အနေရခက်နေမည်ဆိုသော ကြောင့်လည်း သူ မမေးဖြစ်ပေ။ သူငယ်ချင်းများကတော့ ရိပ်ဖမ်း သံဖမ်းပြောပြကြသည်။ ထိုအခါ ခင်ကြည်ကို သနားမိရသေးသည်။ သူ့စိတ်ထဲတွင်တော့

“ ခင်ကြည်ရယ် ဆရာမကို ကျွန်တော် မမုန်းသေးပါဘူး“ ဟုသာ စိတ်မသက်သာစွာဖြင့် ညည်းညူနေမိတော့သည်။

~~~~~~~~~~

        နှင်းရည်သည် ညနေစောင်းသည်နှင့် သူ့အိမ်ဖက်သို့ ကူးလာတော့သည်။ သူကလည်း ကျောင်းကပြန်သည်နှင့် အိမ်သို့သာ အလျှင်အမြန်ပြန်လာမိနေတော့သည်။ ခါတိုင်းတွင်မူ ကျောင်းကပြန်လျှင် ခင်ကြည်ကိုလိုက်ပို့ပြီးမှ ပြန်လာလေ့ရှိခဲ့သည်။ ယခုမူ လိုက်မပို့ဖြစ်တော့။ လိုက်မပို့ဖြစ်ရသည့် အကြောင်းကလည်း အခြားမဟုတ်။ ခင်ကြည်ကိုယ်တိုင်က

“ဆရာ ကျွန်မကို ဒီရက်ပိုင်းလိုက်မပို့လဲရတယ်နော်။ ကျွန်မ မသီရိတို့နဲ့ စာသင်ဝိုင်းတစ်ခု လက်ခံထားတာရှိတယ်။ ညနေ ကျောင်းဆင်းရင် တစ်ခါတည်း လိုက်သွားပြီး သင်နေတာ။ ပြီးမှဆိုတော့ မိုးကချုပ်ခါနီးပြီလေ။ ဆရာလည်း တကူးတက လိုက်မပို့ရတော့ဘူးပေါ့။“

ခင်ကြည် ထို့သို့ပြောလာသောအခါတွင် သူသည် ဟန်ဆောင်စကားပင်မပြောမိတော့ပဲ ရပါတယ် ဟုသာ တစ်လုံးတည်းပြောဖြစ်ခဲ့သည်။ ထို့အတွက် အားနာမိနေသည်ကိုတော့ နောက်မှပဲ တောင်းပန်တော့မည်ဟု စိတ်ထဲတွင် တေးထားမိလေသည်။

“ဟော ပြန်လာပါပြီ ကျောင်းဆရာကြီး“

နှင်းရည်က ပြောတော့ အမေက ပြုံးပါသည်။

“ဘာ ကျောင်းဆရာလဲ အမှန်က နင်က ကျောင်းဆရာမလုပ်ရမှာ သိလား နှင်း။ “

“ဘာဆိုင်လို့တုန်း ရဲမွန်။“

“ငါတို့ ကိုးတန်း ဆယ်တန်းတုန်းက နင်ပဲ ငါ့ကို မသိတာတွေ မတတ်တာတွေကို ကျောင်းဆရာမတစ်ယောက်လို သင်ခဲ့တာလေ။ တကယ်က ငါကျောင်းဆရာဖြစ်ချင်ခဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က နင့်ဆီက မြစ်ဖျားခံခဲ့တာ ဟ။“

“ ဘာဆိုင်လို့လဲ ရဲမွန်ရယ်။ နင် ဆရာတစ်ယောက်ဖြစ်လာရတာကိုပဲ ငါက အဓိက တရားခံကြီးလိုလို။ အမှန်က နင် စိတ်ထဲမှာ မခံချင်ဖြစ်ခဲ့လို့ နေမှာပေါ့“

“ဘာရယ် နှင်း မခံချင်ဖြစ်လို့ဟုတ်လား..။ မခံချင်စိတ်က နင့်ကြောင့်ပဲလို့ ငါပြောရင် နင် ငြင်းမလား နှင်း။“

နှင်းရည်သည် ငြိမ်သက်သွားပါသည်။ မည်ကဲ့သို့ပြန်ဖြေမည်နည်းဟု သူ စောင့်နေလိုက်သည်။ နှင်းက

“ငါ ငြင်းတယ် ရဲမွန်။ ဘာကြောင့်လဲ ဆိုတော့ လူဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို သူသာလျှင် ကြိုးစားယူခဲ့မှ  ပန်းတိုင်ဆိုတာကို ဆိုက်ရောက်မှာမို့လေ။ ကနဦးက မခံချင်စိတ် ကနေ ဖြစ်တတ်တယ် ဆိုပေမယ့် အဲဒီ မခံချင်စိတ်ကို မွေးမြူဖို့ရာကတော့ ကိုယ်တိုင်နဲ့ပဲဆိုင်တယ်လေ ဟုတ်တယ်မလား “

နှင်းရည်က လူ၏ အဓိကရည်ရွယ်ချက်ကို ကိုယ်ကိုကိုယ်တိုင်သာလျှင် ပြုစုပျိုးထောင်ရင်း ကြိုးစားလာရ၍ ပန်းတိုင်ကို ဆိုက်ရောက်သည်ဟု တစ်ဖက်လှည့်နှင့် ငြင်းလေသည်။ သူသည် ငြိမ်သက်စွာဖြင့်ပင် လက်ခံယူလိုက်ပါသည်။

“ငါ ဘာကြောင့် ကျောင်းဆရာ ဖြစ်ချင်ခဲ့လဲ နင်သိလား“

“ မသိဘူး.။ နင်ပြောပြရင်တော့ ငါသိချင်ပါတယ်“

“ငါ ငယ်ငယ်က ကျောင်းတက်ခဲ့ရတာတွေကို ဒဏ်ရာတစ်ခုလို မြင်တယ် နှင်း။“

“ဒဏ်ရာ …နင်ပြောတာ နင် ခံစားခဲ့ရတဲ့ အကြောင်းတွေရှိခဲ့တယ်ပေါ့ ဟုတ်လား ရဲမွန်။ တစ်ခါမှလည်း နင် မပြောပြဖူးပါလား“

“ဟုတ်တယ် နှင်း။ ငါ့ ခံစားချက်တွေအားလုံးကို နင့်ကို မပြောပြဖြစ်ခဲ့ဘူး။ ကျောင်းဆရာဖြစ်ချင်ခဲ့တယ် ဆိုတာတောင် ငယ်သူငယ်ချင်းဖြစ်တဲ့ နင်တောင်မရိပ်မိခဲ့ဘူးမလား“

“ တော်တော်လေးကို လျှို့ဝှက်ကောင်းတာပဲ။ နင် သူလျှိုလုပ်စားဖို့ကောင်းတယ်“

“ထားပါတော့။ ချို့ချို့တဲ့တဲ့ ကျောင်းတက်ခဲ့ရတယ်။ ကျောင်းအပ်ချိန်ဆို ပိုက်ဆံမရှိလို့နောက်မှ ပေးရတာကို နင်လည်း သိပါတယ်။ စာအုပ်ဖိုး၊ ခဲတံဖိုး၊ မတက်နိုင်လို့ အမျိုးတွေဆီမှာ လက်ဖြန့်ခဲ့ရတယ်။ အမျိုးတွေက ကြည်ဖြူလို့ပေးခဲ့တာက နည်းနည်းပါ။ အမေက နောက်တော့ အမျိုးတွေဆီကို လက်မဖြန့်တော့ဘူး။ ငါ့ကို ဖြစ်အောင်ကျောင်းထားခဲ့တယ်။ မုဆိုးမတစ်ယောက်ရဲ့အားကို အမေ ကောင်းကောင်း ပြနိုင်ခဲ့တယ်။ သူများတွေ ကျောင်းဝတ်စုံ သစ်သစ်လွင်လွင်နဲ့ကျောင်းတက်နေနိုင်ချိန်မှာ ငါက အဖာရာဗလပွနဲ့လွယ်အိတ်ကို လွယ်ရတုန်း။ နင်ပေးခဲ့တဲ့ လွယ်အိတ်ကလေးကို ခုထက်ထိ ငါသိမ်းထားတယ် နှင်း။ အဲဒီလွယ်အိတ်ဟာ ငါရဲ့ အိပ်မက်တစ်ခုပေါ့။“

ငယ်ရွယ်စဉ်က သူ့အတွက် ဘဝသည် ကြမ်းလွန်းလှသည်။ ကျောင်းသို့လာရသည်ကပင် သူ့အတွက် စွန့်စားခန်းကြီးတစ်ခု။ မပြည့် မစုံနှင့် ကျောင်းတွင် မျက်နှာငယ်ရသည်။ မျက်နှာရှိသော ပိုက်ဆံရှိ ကလေးများကတော့ နေရာလည်းရသည် ။ ဆရာ ဆရာမများ၏ ဂရုစိုက်ခြင်းကိုလည်း ခံကြရသည်။ အခန်းတွင်း စာမေးပွဲများတွင်လည်း ပထမ၊ ဒုတိယ၊ တတိယဆုများကို ထိုကလေးများပင်ရလေ့ရှိသည်။ သူကတော့ အဆင့် တစ်ဆယ်ကျော်သည်လည်းရှိသည်။ နှစ်ဆယ်ကျော်သွားသည်လည်း ရှိသည်။

စာမေးလျှင်ပင် ထိုကလေးများ၏ စွာကျယ်ကျယ် အသံများကိုသာကြားချင်ကြ၍ ဆရာများက မေးတတ်ခဲ့သည်ဟု သူထင်သည်။ ကျောင်းမုန့်ဖိုးပင် မရသော သူသည် ကျောင်းအချိန်ပိုကြေးကို နောက်ဆုံးမှ သွင်းရသော ကျောင်းသားအဖြစ် တစ်တန်းလုံးက သိကြသည်။

နှင်းရည်ဆိုသော မိန်းကလေးတစ်ယောက်နှင့် ခင်မင်ခဲ့ပြီးနောက်ပိုင်းမှသာ သူ မျက်နှာမငယ်မိတော့ပေ။ ဖေးမကူညီမှုအစား မြေနှိမ့်ရာလှံစိုက်သလို၊ ရေနစ်သူ ဝါးကူထိုးသလိုမျိုးသာ ကျင့်သုံးခဲ့ကြသည်ဟု သူထင်သည်။

ကျူရှင်ဆိုတာကို သူ မတက်ဖူးခဲ့။ ကျူရှင်ဆိုသည်မှာ ငွေကြေး သက်နိုင်သူများအဖို့ တက်ရောက်ရာ သင်တန်းတစ်ခု အဖြစ်သာ မြင်ခဲ့သည်။

ကျောင်းတွင် သူ သေချာ နားမလည်ခဲ့သော သင်ခန်းစာများက ကျူရှင်တွင် အထူးတလည်ရှင်းပြသော သင်ခန်းစာများ ဖြစ်သည်ဟု သူသိသည်။ ကျူရှင်တက်သော သူ့ သူငယ်ချင်းများ က မျက်နှာရသည်။ ထိုအထဲတွင် နှင်းရည်လည်း ပါသည်။ နှင်းရည်ပြောပြသော ကျူရှင်အကြောင်းသည် သူ့အတွက် ထူးခြားဆန်းကျယ် နေသလိုလို။

သူ့အတွက် ကျူရှင်သည် အိပ်မက်ပမာပင်။ မျက်နှာအလွန်ငယ်ခဲ့ရသော ငယ်စဉ်ကျောင်းသားဘဝကို သူတစ်နေ့မှ မေ့မရခဲ့ပေ။ ခုတော့လည်း သူခံစားခဲ့ရသမျှ ကို ကလေးတွေအတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးချင်စိတ်တွေ ပြည့်ခဲ့ပြီ။ ကျောင်းနေစဉ်တလျှောက်လုံး သိမ်ငယ်စွာ ခံစားခဲ့ရသော သူ့ စိတ်ထဲက ဝေဒနာများသည် တဖြည်းဖြည်းနှင့် ပြေလျော့ခဲ့ပြီ။

“ဒါကြောင့်မို့ နင်က ကျောင်းဆရာဖြစ်ချင်ခဲ့တာပေါ့“

“ဟုတ်တယ် နှင်း..။ဒါပေမယ့် ခုတော့ အဲဒီစိတ်တွေထက် ပိုလာတဲ့ ခံစားချက်ကလေးတွေလည်း ရှိလာတာပေါ့။ ငါ့ ကလေးတွေအတွက် ငါ ဘာတွေ လုပ်ပေးနိုင်သလဲ၊ သူတို့လေးတွေရဲ့ လိုအပ်ချက်၊ ရည်ရွယ်ချက်ပန်းတိုင်တွေကို ငါဘယ်လိုရောက်အောင် ပို့ဆောင်ပေးနိုင်မလဲဆိုတာက အဓိကဖြစ်လာတယ်။ ငါ မရခဲ့တဲ့ ပျော်ရွှင်မှုတွေကိုပေးပြီး ငါခံစားခဲ့ရတဲ့ ဝေဒနာမျိုးတွေ ကလေးတွေ မရလေအောင် ငါ အတက်နိုင်ဆုံး ကြိုးစားနေတယ် နှင်း။“

နှင်းရည်သည် သူ့ကို ပြုံးပြုံးကြီး ကြည့်နေလေသည်။

“ နင် ဒီလိုပဲ ဘစကို မြုပ်နှံတော့မှာလား ရဲမွန်။ နင့်အတွက် ပါရမီဖြည့်ဖက်ကလေး ဘာလေး မရှာတော့ဘူးလား။ မလိုတော့ဘူးလား“

“ဘယ်လို ပါရမီဖြည့်ဖက် ဟုတ်လား။ နင်က ဘယ်လိုထင်လို့လဲ“

“သိဘူးလေး ခုထိ လူပျိုကြီးလုပ်နေတုန်းဆိုတော့ ဒီလိုပဲ ငှက်ပျောတုံးဖက်သေတော့မလို့လားလို့“

“ငါက ရှာစရာမှမလိုတော့တာ“

“ဟယ် နင့်မှာ ရှိနေပြီလား ရဲမွန်။ ပြောပြလို့ရရင် ပြောပြစမ်းပါ။ ငါ သိချင်တယ်“

“ခု ငါနဲ့ စကားပြောနေတယ်လေ“

“အို“

“ဟာ နှင်း နေဦးလေ..။ နှင်း….“

နှင်းရည်သည် ပြေးထွက်သွားတော့သည်။ ရုတ်တရက် ပြောလိုက်မိသော သူ့ပါးစပ်ကိုပင် အံ့ဩနေမိပြန်သည်။ သူ နှင်းကို ချစ်နေမိပါပြီကော။

~~~~~~~~~~

          နှင်းရည် ပြန်တော့မည်ဟု ရုတ်တရက်ပြောလာတော့ သူ အံ့ဩရသည်။ ဆိုင်းမဆင့် ဗုံမဆင့်ဖြစ်နေသောကြောင့် သူ မနေ့က ပြောလိုက်သော စကားတစ်ခွန်းကြောင့်လားဟု မေးချင်နေမိသည်။ သို့သော် နှင်းရည်က မနေ့က အကြောင်းကို ဘာမှမဖြစ်ခဲ့သလိုမျိုး။ သူကသာ ပြောခဲ့မိသော စကားတစ်ခွန်းကြောင့် နောင်တပဲ ရနေသလိုလို။

“ နင် ပြန်တော့မယ်ဆို“

“ဟုတ်တယ် ရဲမွန်။“

“ဘာမပြော ညာမပြောနဲ့ ရုတ်တရက်ကြီး နင်က ဘာဖြစ်ရတာလဲ“

“တကယ်က ငါလည်း မပြန်ချင်သေးပါဘူး။ ဒါပေမယ့်….ငါ ပြန်ရတော့မယ်..။ ဒီတစ်ခေါက် မြို့ကိုပြန်သွားတာပြီးရင် နောက်တစ်ခေါက် ရွာကို ပြန်လာလည်ဖို့ဆို သေချာပါဦးမလား မသိတော့ဘူး။“

“နင် ဘာတွေပြောနေတာလဲ နှင်း။ ဒီရွာမှ နင့် မိဘတွေရှိနေသ၍ နင် ပြန်လာနေရဦးမှာပဲလေ“

“ နင် မသိတာတွေ အများကြီးရှိတယ် ရဲမွန်။ တစ်ခါတစ်ရံမှာ ငါတို့ မသိလိုက်တဲ့အကြောင်းတွေက လျှို့ဝှက်စွာရှိနေတတ်ကြတယ် ဟ။ တကယ်တော့ နင်ရော ငါရော ဘာမှ မသိကြဘူး။ အဲဒါ ဟာလည်း ငါနဲ့ နင့်ရော မှားခဲ့ကြတာ မဟုတ်ပါဘူး။ မှားယွင်းဖို့အကြောင်းဖန်လာကြတာပါ။ လူတွေဟာ ပြောင်းလဲလာမှုတွေကို ကြိုတင်ပြီး စိုးရိမ်ပူပန်လေ့ရှိကြတယ်တဲ့။ အဲဒီအထဲမှာ ငါ့ မိဘတွေက ထိပ်ဆုံးက ပါခဲ့ကြတယ်။ နင်သိလား ရဲမွန်..နင်နဲ့ငါဟာ ဆန့်ကျင်စွာရပ်တည်နေကြတဲ့ လူသားနှစ်ဦးပါ။ ဒါပေမယ့်ဟယ် အဲဒီ ဆန့်ကျင်နေတဲ့ ဘဝနှစ်ခုကိုပဲ ဝေးလွင့်သွားအောင် ဘယ်သူတွေလုပ်နေသလဲဆိုတာ နင် သိရင် သိပ်အံ့ဩမှာပဲ“

နှင်းရည် ဘာတွေပြောနေမှန်း သူမသိချေ။ နားလည်းမလည်။ သို့ပေမယ့် ခံစားချက်တစ်ခုခုကြောင့် နှင်းရည် ထိုစကားများကို လေးလေးနက်နက်ပြောနေခြင်းဖြစ်မည်မှန်း သူသိသည်။ နှင်းရည်ပြောသော စကားများထဲတွင် ဒီရွာကို ပြန်လာဖြစ်ဖို့မသေချာဟု သဘောသက်ရောက်သော အနက်အဓိပါ္ပယ်ကိုရနေသည်။

“နင် ဘာတွေပြောနေတာလဲ နှင်း“

“ နင် မသိတာပဲ ကောင်းပါတယ် ရဲမွန်။ ဒါပေမယ့် နင် သိလာရတဲ့အခါ..ဘယ်သူ့ကိုမှ စိတ်မနာလိုက်ပါနဲ့နော်။ငါ နင့်ကို နုတ်ဆက်တယ် သူငယ်ချင်း“

“နင် ပြောနေတာတွေကို နားမလည်ပါဘူး။ နင်က လွတ်လပ်စွာပျံသန်းခွင့်ရှိတဲ့ ငှက်ကလေးတစ်ကောင်ပါ။ ငါက လှောင်ချိုင့်ထဲက ငှက်ကလေးဆိုပါတော့။

နင်ဘယ်လိုပျံပျံ ငါကတော့ လှောင့်ချိုင့်ထဲကနေ သဘောကျနေမှာပါ။ မနေ့က ငါပြောတဲ့ စကားတစ်ခွန်းမှာ နင် ဟာ ငါ့ဘဝအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာ နင်သိမှာပါ ။ နှင်း နင့်ကို ငါ ချစ်တယ်“

နှင်းရည်သည် မနေ့ကလို ထွက်ပြေးမသွား။ သူ့အား တစိမ့်စိမ့်ကြည့်သည်။ ထို့နောက် မျက်ရည်များကျလာသည်။ သူ ဘာလုပ်ပေးရမှန်းမသိ။

“ဝမ်းသာပါတယ် ရဲမွန်။ နင်က ငါ့ကိုချစ်တယ်ပြောတယ်။ ဒါပေမယ့် ခွန်းတုံ့မပြန်နိုင်တော့တဲ့ ငါ့ကိုတော့ နားလည်ပါ။ သွားမယ်နော်.. “

ထိုနေ့သည် နှင်းရည်နှင့် သူ တစ်သက်သာအတွက် နောက်ဆုံးတွေ့ခြင်းကို သူ မသိလိုက်ပါပေ။ ထိုနေ့ နေရောင်ကွယ်ပျောက်နေသော နေ့တစ်နေ့ဖြစ်ခဲ့သည်။ သို့သော် မိုးမရွာပါ။ လေပင်မတိုက်ပဲ ငြိမ်သက်လျှက်။ ပူလောင်စွာ ခံစားနေရသော ရင်ခွင်သည် အမျိုးအမည်သတ်မှတ်၍မရသော ဝေဒနာများနှင့် ပြည့်နှပ်လျှက်ရှိသည်။ တစ်ခါတစ်ရံတွင် လောကကြီးသည် ထိုကဲ့သို့ ကျယ်စားတတ်သတဲ့လား။

~~~~~~~~

          အမေပြောပြသော သူမသိသော အကြောင်းများကို သိရှိပြီးဖြစ်၍ ယခု နှင်းရည်၏ သတင်းစကားကိုကြားရသောအခါတွင် သူသည် မတုန်လှုပ်တော့ပေ။ ကြိုတင်မျှော်လင့်ထားသော အချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာလေသည်။ သူ့လက်ထဲတွင် ရောက်ရှိနေသော စာအိတ် အပြာနုရောင်လေးသည် ရေမွေးနံ့သင်းထုံလျှက်ရှိသည်။ အပေါ်ယံ ကြွေသားစက္ကူပေါ်တွေ ငွေမှင်ရောင်ဖောင်းကြွစကားလုံးလေးတွေက သိပ်ကိုလှပလွန်းနေသည်။ မျှော်လင့်ခဲ့ဖူးသော်လည်း မရရှိနိုင်တော့သည့် ဆုံးရှုံးမှုသည် နှလုံးသားကို ခိုးလို့ခုလုဖြစ်စေလေသည်။

မင်္ဂလာဖိတ်စာတစ်စောင်သည် သည်မျှလောက်အထိ သူ့ကို စိတ်ကသိ ကအောက်ဖြစ်အောင်ပြုလုပ် တတ်လိမ့်မည်ဟု ဘယ်တော့အခါမှ မတွေးခဲ့မိပေ။

“နင် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သင့်တာပေါ့ နှင်း“

နှင်းရည်ပြန်သွားပြီး တစ်လလောက်အကြာတွင် နှင်းရည်၏ မိဘများ အိမ်ပြောင်းကြမည်ဟု ရုတ်တရက်ကြီး သိလိုက်ရသည်။ သူသည် အမောတကောဖြင့် အမေ့အား ထိုအကြောင်းကိုမေးဖြစ်ခဲ့သည်။

“ မသိချင်စမ်းပါနဲ့ သားရယ်.. သား သိလို့လည်း ဘာမှမထူးသွားပါဘူး..လူတွေကသာ ထူးအောင်လုပ်တတ်ကြတာ“

အမေ့မျက်နှာတွင် မချိပြုံးတစ်ခုကို မြင်နေရသည်။ သူက

“သားတော့ သိချင်တယ် အမေ..နှင်း မပြန်ခင်ကလည်း သားကိုပြောသွားတဲ့ စကားတွေက ဘာတွေမှန်းကို နားမလည်ဘူး.တစ်ခုခုတော့ လွဲနေတယ်ထင်တယ်အမေ“

“ခုတော့ ပြောပြရမှာပေါ့။ ဒီလို သားရဲ့ ။ သား ပညာရေးတက္ကသိုလ် တက်ဖို့ သားရဲ့ဆရာ ဦးမြတ်သူ အမေ့ကိုလာတွေ့တာ သားမှတ်မိဦးမလားမသိဘူး။ သားဆရာပြောတဲ့  ပညာသင်စရိတ်ကိုထောက်ပံ့ပေးမယ့်  ရပ်မိရပ်ဖဆိုတာ တစ်ခြားမဟုတ်ဘူး..လှလှခင်တို့ ကိုမောင်မောင်တို့ပဲ“

“ဗျာ နှင်းရည် အမေနဲ့အဖေ ။ဟုတ်လား“

“ဟုတ်တယ် သား။ သူတို့တွေက သားကို ပေးမသိဖို့ပြောတယ်။ အမေကလည်း သားတက္ကသိုလ်တက်ရမယ့်အရေးဆိုတော့ ကတိပေးလိုက်မိတယ်။ တကယ်တော့ သူတို့တောင်းတဲ့ ကတိရဲ့နောက်မှာ သားနဲ့ မိနှင်းတို့ရဲ့ ရင်းနှီးပတ်သက်မှုကို ရိုးရိုး သူငယ်ချင်းအဆင့်ထက်က မပိုမိစေဖို့လည်း ပါတယ်သား။ မိနှင်းလေး က သား ကျောင်းဆရာဖြစ်တာမသိတာလည်း အကြောင်းတော့ မဟုတ်ဘူး။ သူ့ရဲ မိဘတွေကမှ မပြောပြကြတာ။ ခုတော့ ရွာကိုပြန်လာလည်တယ်။ သားနဲ့ ရင်းရင်းနှီးနှီးနေတာတွေရှိလာတော့ မကြိုက်တော့ဘူးထင်ပါရဲ့။ မိနှင်းလေးကို အမြန်ပြန်ခိုင်းပြီး သူတို့တွေပါ ပြောင်းကြတော့မယ်လေ။ တကယ်လို့ သားနဲ့ မိနှင်းလေး နီးစပ်သွားခဲ့ရင်တောင် သူတို့ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားလေးကိုတော့ ထောက်ရှုပြီး တားဆီးပေးပါတဲ့။ ဒါဆိုရင် သားလည်း နားလည် သဘောပေါက်သင့်ပြီလို့ အမေထင်တယ်သား။ ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားတွေကို အမေ မပြစ်မှားချင်ဘူး သားရယ်..။“

အမေ့စကားတစ်ခွန်းသည် သူ့ရင်ကို ထိမှန်စေပါသည်။ ထိုသည်နှင့် တပြိုင်နက် သူ ဘာလုပ်ရမည်ဆိုတာကိုလည်း သိရှိလိုက်တော့သည်။

ပျံသန်းသွားသော ငှက်တစ်ကောင်ကို သူကြည့်ပြီး ပျော်ရွှင်မိပါသည်။ လှောင့်ချိုင့်တစ်ခုထဲတွင် သူ့ကိုသူ အပိတ်မိခံလျှက် ထိုအထဲမှ ပြင်ပ ကမာ္ဘကိုငေးမောကြည့်နေရသည်ကို ကျေနပ်ခဲ့ပြီ။ ချည်နှောင်ထားခဲ့သော ကြိုးတစ်ချောင်းတွင် ဖြတ်တောက်၍မရနိုင်သော ကြိုးမျှင်တွေပါသည်..။  ရုန်းထွက်၍ ရနိုင်သော်လည်း ရုန်းထွက်ရန်အတွက် အင်းအာသည် ပျက်လုလုအခြေအနေတွင်သာရှိနေတော့သည်။

သူ ရောက်ရှိနေသော လွမ်းစေတီ ရင်ပြင်ကလေးသည် တိတ်ဆိတ်ငြိမ်သက်လျှက်။ နောက် သူ တစ်ယောက်တည်း။ ထို စေတီမှ ဆင်းလာသောအခါ ကောင်းကင်ပြာကြီးသည် မိုးတိမ်များနှင့် မည်းမှောင်လာသည်။

“ဆရာ ပြန်ကြရအောင်လေ“

“ ပြန်တာပေါ့ ခင်ကြည်“

“မိုးတွေရွာတော့မယ် ဆရာရဲ့ “

သူသည် ခင်ကြည့်ကိုလှည့်ကြည့်လိုက်သည်။ ခင်ကြည်က သူ့အား မကျေမနပ်သည့်ဟန်ဖြင့် နုတ်ခမ်းစူစွာ ရပ်စောင့်နေသည်။

“မိုးရွာတော့ရော ဘာဖြစ်လဲ ခင်ရယ်.. “

“အိမ်မှာ သားလေးနဲ့ အမေနှစ်ယောက်တည်းလေ….ဆရာ့သားက မိုးရွာရင် ကြောက်တတ်တာလဲ သိသားနဲ့ အမေကလည်း စိတ်ပူနေတော့မှာ သူ့မြေးကို မိုးရွာရင် သူမှ မထိန်းနိုင်တာ“

“ဟုတ်ပါပြီ ခင်ရယ် လာ ပြန်ကြရအောင်“

စက်ဘီးလေးတစ်စီး တောင်ကုန်ပေါ်မှ ဆင်းလာသည်။ သူ့ခါးကို ခင်ကြည်က နောက်မှ ဖက်ထားလျှက်။ သူသည်လည်း ညင်သာသော လက်၏ အတွေ့အထိတွင် အတိတ်တစ်ခုကိုမေ့ဖျောက်လျှက် ညာဘက်လက်ဖြင့်အုပ်မိုးကာ တစ်ပြီး တစ်စက်ကျလာသော မိုးထဲတွင် စက်ဘီးကို ခပ်မြန်မြန်လေးသာ နင်းလာမိတော့သည်။

နောက်ကျောဆီတွင် ကျန်ရစ်ခဲ့သော တောင်ပြာတန်းကြီးတွင်မူ မိုးသည် ထစ်ချုန်းစွာဖြင့် တဖြည်းဖြည်း ရွာနေလေပြီ။

~~~~~~~~~~~~~

သော်ဇင်(လွိုင်ကော်)

 

 

15 comments

  • အလင်းဆက်

    November 22, 2012 at 7:18 pm

    အရှည်ကြီး ပဲ..

    တစ်ထိုင်တည်း.. မဖတ်နိုင်တော့လို ့..
    သိမ်းဆည်း. ယူ ငင်သွားပါတယ် ။ကိုသော်ဇင်…

    ပြန်ဖတ်ပါ့မယ် ။

  • Mobile

    November 22, 2012 at 10:46 pm

    ကူးယူထားလိုက်ပါတယ်ဗျာ။
    ဖတ်ပြီးမှပဲ ဝေဖန်ချက်ပေး တော့မယ်။

  • စိုင်း ကွမ်းခေး

    November 23, 2012 at 4:53 am

    တောင်ပြာတန်းမှာတော့ မိုးတွေရွာနေပါပြီလေ..
    စာဖတ်သူရင်ထဲမှာလဲ နင့်နင့်နဲနဲ စိုရွှဲနေတာပါပဲ..
    ထားရက်လေသူကိုတမ်းတရင်း လက်ရှိအနားကသူကို
    မေ့ပျောက်သလိုဖြစ်နေတာကိုတော့ အားမလိုအားမရပါဘူး

    ဒါပေမယ့်လည်း…

    ခံစားတတ်သူမို့ ခံစားမိသွားကြောင်းပါ

  • Foreign Resident

    November 23, 2012 at 9:16 am

    ရသ စာပေလေးပါ ၊
    အားပေးသွားပါတယ် ။

  • မိုချို

    November 23, 2012 at 9:37 am

    ဟွန်း ….ယောက်ျား တွေ က ဒီ လို ပဲ ။ တစ်ယောက် ကို သေ လောက် အောင် ချစ်၊ ပြီး ရင် မရ နိုင် တော့ ဘူး ဆို ရင် လည်း အနားရှိတဲ့ နောက် တစ်ယောက် အစား ထိုး ဖို့ အဆင်သင့် ။
    ဆရာ ရဲ မွန် ကို သာ ဆို လို သည်။
    ဝတ္ထု ရှည် အစ အဆုံး ကို အား ရ ပါး ရ ဖတ် သွားပါ သည်။

  • ရွာသူ jujuma .

    November 23, 2012 at 11:29 am

    မျက်စေ့ ညောင်းသွားအောင် တော်တော် ဖတ်လိုက်ရပါတယ်… :hee:
    အားပေးသွားပါတယ် ဂျာ …

  • juu juu

    November 23, 2012 at 1:46 pm

    ဖတ်ရတာ မောလို့ ရေသောက်ဖတ်သွားပါတယ်………..

  • ခင်ခ

    November 23, 2012 at 2:18 pm

    အချိန်လေးပေးပြီး သေချာဖတ်လိုက်ရတယ် အရေးအသားတင်ပြချက်လေး
    ကောင်းသောပိုစ့်လေးပါဗျာ။ နောက်စာကောင်းလေးတွေလည်း မျော်နေပါတယ်နော်။

  • Ma Ei

    November 23, 2012 at 3:02 pm

    ရဲမွန် နဲ့ နှင်းရည် တို့ဇာတ်လမ်းပေမဲ့
    ဆရာမ ခင်ကြည်လေးအတွက်
    စိတ်မကောင်းဖြစ်မိရပါတယ်…

  • jullies cezer

    November 23, 2012 at 3:43 pm

    ဇာတ်လမ်းက ရိုးရှင်းပေမဲ့ဆွဲဆောင်မှုရှိလွန်းလို့ မနားပဲမထိုင်ထဲကိုဖတ်သွားပါတယ် ဗျို့……

  • nozomi

    November 23, 2012 at 4:14 pm

    ဖတ်သူ ရင်ထဲလဲ အလွမ်းမိုးတွေ ရွာသွားရဲ့

  • kyeemite

    November 23, 2012 at 4:14 pm

    ကိုသော်ဇင် ရဲ့ လက်ရာကောင်းလေးကို
    ဖတ်ပြီး…ရသကောင်းလေးခံစားသွားပါဂျောင်း…
    ခင်တဲ့..

  • Novy

    November 23, 2012 at 4:26 pm

    ဖတ်ရှု့ခံစားသွားတယ်
    နှင်းကို ရက်စက်သူလို့မပြောချင်ပါဘူး
    အဖြည့်ခံဆရာမလေး မခင်ကြည်ကို သနားသွားပါတယ်
    ဆရာရဲမွန်ရဲ့ နှလုံးသားကို မရခဲ့တဲ့အတွက်

  • Shwe Ei

    November 23, 2012 at 4:29 pm

    ဇာတ်လမ်းဆုံးတော့ ငိုချင်သွားတယ်။
    မိန်းကလေးနှစ်ယောက်လုံး ကို်ယ်စား။
    ဆရာကတော့ အချစ်ကိုငွေနဲ့လဲခံရတာ အတော်စိတ်နာရှာမှာဘဲ။
    ဇာတ်လမ်းဆုံးမှသိလိုက်ရပေမဲ့ အနီးနားကလူကို မြင်တတ်သေးတာ
    မဆိုးပါဝူး။

    ဖတ်ရှုခံစားရပါကြောင်း
    မရွှေအိ

Leave a Reply