သာဓုခေါ်ရမှာလားတရားစွဲရမှာလားမသိန်းကြည်
ဝါကျွတ်ပြီဆိုမှဖြင့် မင်္ဂလာဆောင်ဖိတ်စာတွေက တဖွဲဖွဲရောက်လို့လာသည်……..။
အရင်တုန်းကတော့ ဖိတ်စာတွေ ဒီလောက်များလာရင် ညည်းတွားချင်မိသည်….
ခွန်နှစ်ရက်သားသမီးတွေ ဆောင်နိုင်လွန်းလှချည့်လား…လို့ မျက်စောင်းထိုးမိသည်…။
အဲသည်တုန်းကတော့ ကိုယ်ကလဲ မအား…၊ ငွေကြေးကလဲမပြည့်စုံမလောက်ငှ၊ လူ မှု့ရေးတွေကလဲ နေ့စဉ်လိုလို….
အခုတော့ အဲဒါတွေကျော်လွန်သွားခဲ့ပြီ…..
အသက်ကရလာသလို၊ ကျင်လည်ရာလူမှု့အသိုင်းအဝိုင်းတွေဆီက ဖဲကျဉ်ဖြစ်လာတော့ အတော်လေးအထီးကျန်သလိုဖြစ်နေပါပြီ..။
လူထဲသွားချင်လွန်းလို့ ကိုယ့်ကိုအဖက်လုပ်ခေါ်ပြောတာခံချင်လွန်းလို့ တနေ့တနေ့ အလှူ၊မင်္ဂလာဆောင်တွေကိုသာမျှော်မိသည်..။
အခုရာသီလို် မင်္ဂလာဆောင်ဖိတ်စာလေးများလှိုင်လှိုင်ရတဲ့အခါမတော့ ဦးပါလေရာတို့ ပီတိဖြစ်လို့မဆုံး…….
ဒီနေ့လဲ မင်္ဂလာဆောင်တပွဲသွားဖို့ အဝတ်အစားသန့်သန့်လေးဝတ်ပြီး အိမ်ကဆင်းလေသည်……
ကားပါကင်ခက်မယ့်နေရာမို့ တက္ကစီပဲစီးမည်။ အခုနောက်ပိုင်းတော့ တက္ကစီကားသစ်သန့်သန့်လေးတွေကလဲ လက်ညှိုးထိုးမလွဲအောင် များလှသည်မဟုတ်လား…။ ဒီလိုအတွေးနဲ့ စမ်းချောင်းတိုက်ခန်းပေါ်ကဆင်းပြီး ကြွကြွရွရွလေး လမ်းမအလည်ကခပ်ဖွဖွလျှောက်ကာ လမ်းထိပ်သို့အသွား…..
“ ဗြန်း……………. ဖျောက်…ဖျောက်…ဖျောက်…ဖျောက်……”
ခေါင်းပေါ် ။ ကိုယ်ပေါ်။ လက်မောင်းပေါ်။ ပြီးတော့ မော့ကြည့်မိလို့ မျက်နှာပေါ်……
ထမင်းကျန်၊ ဟင်းကျန် အသိုးအပုပ်တွေ အရိအရွဲတွေ………..
ဘာဖြစ်တာလဲ …? အမှိုက်ပစ်တာလား……?
မဟုတ်ပါ….. လုံးဝမဟုတ်ပါ…..
ရှစ်ထပ်တိုက်ရဲ့ ခြောက်လွှာမှာစံမြန်းနေတဲ့ သူတော်ကောင်းမကြီးက နေ့စဉ်ပြုမြဲအတိုင်း ကျေးငှက်တို့ကို အာဟာရဒါနပြုတာပါ…..
အံမယ်… သေသေချာချာကြည့်……..
မျက်စေ့လေးမှိတ်ပြီးတောင် သူ့ဒါနကို အမျှဝေနေသေး………..
တခြားမှာတော့မသိ၊ စမ်းချောင်းတည်းဟူသော အထူအပြိန်းတို့စုစည်းရာ ခွေးတိုးဝက်ဝင်မြို့နယ်ကြီးမှာတော့
ဒီလို နိဗ္ဗာန်နဿ ပစ္စယောတွေ များလှပါသည်။
လမ်းမပေါ်ထမင်းကျန်ဟင်းကျန်တွေပစ်ကျဲပြီး ကျီးကန်းတွေခိုတွေကို ဒါနပြုသလို
လမ်းဘေးမကျတကျမှာ ကြွပ်ကြွပ်အိတ်ဖြန့်ခင်းပြီး ခွေးလေခွေးလွင့်တွေကို ဒါနပြုသူတွေကလဲ မရှား
တရပ်ကွက်လုံး ပိုးလောက်တလောင်းလောင်း ယင်တလောင်းလောင်းနဲ့နေတော့သည်…။
အဲဒီတော့ ဘာဖြစ်ချင်သလဲ ပါလေရာ…….
ဟုတ်ကဲ့… ဘာမှ မဖြစ်ချင်ပါဘူးခင်ဗျာ….
ဤသို့သော လူဖျင်းလူညံ့တွေကြားမှာ တိုက်ခန်းဝယ်ပြီးနေထိုင်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ…
ဘယ့်နှယ်….
တသက်တခါ တိုက်ခန်းလေးတခန်းဝယ်တဲ့ဟာကို
တိုက်လှတာလောက်ကြည့်ပြီးမဆင်မခြင်ဝယ်တာကိုး…..
ဒီလမ်းမှာ ခိုတွေကျီးတွေဘယ်လောက်များသလဲ၊ ခွေးလေခွေးလွင့် ခွေးချေးပုံတွေ ရှောင်လို့ရောလွတ်ပါ့မလားလို့
စဉ်းစားပြီးမှ မဝယ်ခဲ့တာကိုး……
အခုမှတော့ အချိန်နှောင်းလေပြီ….
အသက်လဲကြီးပြီ ၊ အလုပ်လဲမလုပ်နိုင်တော့၊ ပိုက်ဆံလဲမရှာနိုင်တော့….
နောက်တနေရာပြောင်းပြေးဘို့တော့ မစဉ်းစားလေနဲ့တော့ ပါလေရာရေ…..
ကြက်ငှက်တုပ်ကွေးနဲ့ ခွေးရူးပြန်ရောဂါ တခုခုနဲ့ အသေမစောအောင်သာ အသက်ဉာဏ်စောင့်ပြီး
ငပိအထပ်ထပ်စားလို့ သတိကြပ်ကြပ်ထားပေတော့………
ဦးဦးပါလေရာ
၄.၁၂.၂၀၁၂
56 comments
Mobile
December 5, 2012 at 1:00 am
၎င်းတိုက်ခန်းအား စိတ်ပျက်သည်ဆိုပါက အလဲအလှယ်ပြုလုပ်ရန် ကမ်းလှမ်းလိုက်ပါသည်။
အလဲအလှယ်ပြုလုပ်မည့်နေရာမှာ
ရေကူးရန် ကန်တစ်ကန်ပါဝင်သည်။
ပန်းခြံပါဝင်သည်။
ပေ ၁၀ဝ ပတ်လည်ထက်မကျဉ်းသော မြက်ခင်းပါဝင်သည်။
တစ်ထပ်အိပ်တစ်လုံးပါဝင်သည်။
နေရာမှာ ပဲခူရိုးမတေားတွင်းတစ်နေရာဖြစ်ပါသည်။
စုံစမ်းရန် . ကြုံတိုင်းရွာ ၊ ဦးတွတ်ပိ+ဒေါ်သေးမျှင် ထံ၌၎င်း
သူကြီး ဦးဘစီ နှင့် လူပျိုကြီး စောတင်မောင် တို့၏နေအိမ်အသီးသီး၌၎င်း
အသေးစိပ် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း။ ။ ။
ဦးဦးပါလေရာ
December 5, 2012 at 2:04 pm
ပဲခူးရိုးမဆိုရင် ဦးပိုင်က သိမ်းထားရောပေါ့
သေချာမှလုပ်ပါဟယ်…
:harr:
kai
December 5, 2012 at 4:03 am
မြန်မာဟာ.. ဘယ်စနစ်အောက်ရောက်ရောက်.. အဲဒီလိုဘာသာရေးအလွဲသုံးစားလုပ်တဲ့စရိုက်..ဓလေ့..ပြင်မယ့်ပုံမရှိဘူး..။ ဘယ်ခေါင်းဆောင်မှလည်း.. ပြင်ကြဖို့တိုက်ရိုက်ပြောရဲမယ်မထင်ဘူး..။
လွတ်လပ်ရေးမရခင်လည်း.. ဒီအတိုင်း..။ ရပြီးလည်းဒီအတိုင်း..။ နှစ် ၅ဝကျော်လည်း..ဒီအတိုင်း..။ နှစ်၁၀ဝလည်း ဒီအတိုင်းဖြစ်မှာပဲ..။
ဗိုလ်ချုပ်အောင်ဆန်းလည်း.. လွန်ခဲ့ပြီ..။ ဒေါ်အောင်ဆန်းစုကြည်လည်း.. ဒီလိုနဲ့လွန်မှာပဲ..။
လွှတ်ချသင့်ပြီဖြစ်ပါကြောင်း.. လွှတ်ချသင့်ပြီဖြစ်ပါကြောင်း..
စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်.. :buu:
=
“ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကိုပြောရအုံးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့ မယ်ဆိုရင် စိတ်ကူး က ဘယ့်နှယ့် စိတ်ကူးကြ သလဲ။ ပဒေသာပင် နေ့ချင်းညချင်း ပေါက် တော့မလို ခင်ဗျား တို့က ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက လွတ် လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြ သလဲဆိုရင် ဟင်္သာတနယ် ဘက်မှာ တွေ့ခဲ့တယ်။ လွတ် လပ်ရေး ရတယ်ဆိုပြီး လူတကာသွားတဲ့ လမ်းပေါ်မှာ ဆေးလှန်း တယ်။ အဲဒါလွတ် လပ်ရေး မဟုတ်ဘူး၊ အဲဒီဟာ ကလမ်းသွား လမ်းလာ လုပ်တဲ့ သူတွေကို နှောင့်ယှက်ရာ ရောက်တယ်။ လွတ်လပ်ရေး ဆိုတဲ့အဓိပ္ပာယ် က ကိုယ်တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ လူတစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ၊ အခြား သူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ် လပ်လပ် ကိုယ့်ကျိုး အတွက်လုပ်နိုင်တာလွတ် လပ်ရေးပဲ။ ကိုယ့်စီးပွားရေး လုပ်တဲ့နေရာမှာ အခြား လူတွေရဲ့ အနှောင့်အယှက် မရှိစေရ ဘူး။ တခြား လူတွေရဲ့ အကျိုးကိုလည်း မထိ ခိုက်ဘူး၊ တိုင်းပြည်ကို လည်း မထိခိုက်ဘူးဆို ရင် လွတ်လွတ် လပ်လပ်လုပ်နိုင်တဲ့ အခြေ အနေမျိုးရှိရမယ်။ အဲဒီတော့ တခြားလူတွေ ကိုနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ် လပ်ရေး မဟုတ်ဘူး။ အဲဒါကို (liconse) ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ် ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမ ဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါ တိုင်းပြည်မှာပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်”
ဗိုလ်ချုပ်အောင်ဆန်း – (၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သော လူထုအစည်းအဝေး ကြီး)
Pye Kun Zaw
December 5, 2012 at 8:22 am
ဘာသာရေးကိုနားမလည်ကျတာပါ။ ဒါနဆိုတာ သူများကိုပေးကမ်းတိုင်း ကုသိုလ်ရမယ်လို့မဆိုလိုပါဘူး။ ကာလဒါနဆိုတဲ့ အချိန်အခါပေးသင့်မပေးသင့်နှင့် အလှူခံပုဂ္ဂိုလ်ကိုရွေးချယ်ပြီး လှူရမှာပါ။ ပိုလျှံနေတဲ့သူတွေ အသုံးမဝင်တဲ့နေရာတွေကိုသွားလှူရင်လည်း ကုသိုလ်အကျိုးမရပါဘူး။ အမှိုက်ပစ်ရင်းရောပြီး လမ်းသွားလမ်းလာတွေကို အန္တရယ်ဖြစ်စေမယ့် ခွေးလေခွေးလွင့်တွေကိုကျွေးတာကို ကုသိုလ်ဖြစ်မယ်လို့ မထင်ပါဘူး။ ဆရာတော်တစ်ပါးရဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ရတယ်.. သီရိလင်္ကာက ဆိုက်ကားတက်စီမောင်းတဲ့ တကာတစ်ယောက် သူသွားတဲ့လမ်းတလျောက် ခွေးလေခွေးလွင့်တွေကို ပေါင်မုန့်တစ်ထုတ်ဝယ်ပြီး နေ့စဉ်ကျွေးမွေးလှူဒါန်းတယ်တဲ့.. ဒါကိုများဖတ်ရသိရရင် တစ်နိုင်ငံလုံးလူဦးရေထက်ခွေးဦးရေ ပိုများမလားဘဲ။
Mobile
December 5, 2012 at 12:03 pm
ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း …
(ဗိုလ်ချုပ်၏ မူရင်အသံကို နားမထောင်ဖူးသူများ တွံတေးသိန်းတန် လေသံဖြင့်ဖတ်ပါက
အနီးစပ်ဆုံးတူပါသည်)
ဦးဦးပါလေရာ
December 5, 2012 at 2:07 pm
ကျုပ်ထင်တာတော့ မြန်မာလူထုကြားက အကျင့်ဆိုးအကျင့်ဟောင်းတွေကို လူထုခေါင်းဆောင်စစ်စစ်ဖြစ်တဲ့ ဒေါ်စုကတော့ ပြင်မယ်ဆို ပြင်လို့ရမယ်ထင်တာပဲ…
ခက်တာက သူက အသက်၆ဝကျော်မှာ ထောင်ကထွက်ရတာဆိုတော့ အချိန်မရှိတော့ဘူး….။
Inz@ghi
December 5, 2012 at 6:40 am
စမ်းချောင်းသားပီပါပေ့ဗျာ …
လော်စပီကာ ကာလချာလေးပါ ထပ်ဖြည့်လိုက်ရင် ပိုပြည့်စုံသွားမယ်ထင့် …
ဒက်ဂလောက်ဒက်ဂလောက်…
(ဘာသာရေးသမားတွေ ဝိုင်းရိုက်မှာစိုးလို့ …ဝုန်းဒိုင်းခရီးကို ဒုန်းစိုင်းစီး ထွက်ပြေးသွားပါသည်)
:harr:
ဦးဦးပါလေရာ
December 5, 2012 at 2:10 pm
စမ်းချောင်းအကြောင်းပါဆိုမှ
လော်စပီကာ ကာလချာလေးလဲ ချန်ခဲ့လို့ဘယ်ဖြစ်မလဲ..
မေ့လောက်မှတစ်ခါ တစ်တို့နှစ်တို့ တို့ရဲတာဆိုတော့
တနေ့တော့ ရေးဦးမှာ ကိုဂီရေ… 😀
Foreign Resident
December 5, 2012 at 6:47 am
အဘ လူမှန်းသိစ အရွယ် ကတည်းက ၊
မိဘက အစိုးရဝန်ထမ်းဆိုတော့ ၊
အဲလို လူနေထူထပ်တဲ့ တိုက်ခန်း ရပ်ကွက်တွေမှာ ။
အလည် ၂ ရက် ၃ ရက် ကလွဲပြီး မနေဖူးဘူး ။
တကယ် နေကြည့်ချင်တယ် ။
အခု ၊ ဦးပါ လိုပဲ ရေးစရာ ဇတ်လမ်းတွေ အများကြီး ရမှာပဲ ။
အကောင်းဖက်က မြင်စမ်းပါ ၊ ဦးပါ ရဲ့ ။
” စမ်းချောင်းတည်းဟူသော အထူအပြိန်းတို့စုစည်းရာ ခွေးတိုးဝက်ဝင်မြို့နယ်ကြီး ”
ဦးပါ ရေးတဲ့စာထဲမှာ ဒေါသသံတွေ ပါနေတယ် ။
အဲလို ရေးရဖူးလေ ဦးပါ ရဲ့ ။ 😛
surmi
December 5, 2012 at 9:09 am
အဘဖောရေ
တကယ်ကြုံဖူးမှသိတာဗျ။ ကျနော်လည်း မနက်မနက် အလုပ်သွားရင်
ထမင်းလုံးတွေခင်းထားတဲ ့လမ်းကိုနင်းပြီးမှသွားရတာ။ ညဘက်ပြန်ရင်မမြင်မကန်းနဲ ့ ခွေးချီးနင်းမိတာပဲ
ဦးပါလေယာကြုံရတာနဲ ့တစ်ထပ်တည်းပဲ ။
နေတိုင်းကြုံရတာနဲ ့ တစ်ခါတစ်ရံ ဒါပဲကွာတယ် ။ ကျနော် ့အပေါ်ထပ်က
ဘွားတော်က အဲဒီလို လုပ်နေကျလေ ။ မကသေးဘူး ထမီတွေ အတွင်းခံတွေပါ
ဝရံတာမှာလှမ်းတတ်လို ့ အမြဲမောကြည် ့ပြီးမှ သွားရသဗျ ။
ခုတော ့ လမ်းလျောက်ရင်တောင် မော ့တော ့တော့ ဖြစ်နေပြီ။
အပေါ်ကလာတဲ ့ အန္တယ်တွေကိုကြောက်ရလွန်းလို ့………….
ဦးဦးပါလေရာ
December 5, 2012 at 2:19 pm
ကိုဖေါရိန်းရဲ့…
အဲဒီဒေါသသံက ဒါတောင် တော်တော်လျှော့ထားပြီးသား… 😀
စမ်းချောင်းသားတွေဘယ်လောက်ထူတယ်ဆိုတာ ဥပမာတခုပြောရရင်
ပြီးခဲ့တဲ့ကထိန်ရာသီမှာ လူတယောက်က ရိုးရိုးအဝတ်အစားနွမ်းနွမ်းနဲ့ရှေ့က က
နောကတယောက်က လက်ကိုင်အော်လံတဖက် ငွေဖလားအသေးတလုံတဖက်ကိုင်ပြီး
ငါးရက်လောက်ကထိန်အလှူလှည့်ခံတာ
ဝိုင်းထည့်လိုက်ကြတာ တရုန်းရုန်း…
ဘယ်ကျောင်းကထိန်လဲလို့ ဘယ်သူမှတခွန်းမမေးဘူး…..
weiwei
December 5, 2012 at 8:50 am
ခြံနဲ့ဝင်းနဲ့နေလည်း အဲဒီလို ဒုက္ခတွေကြုံရပါတယ် … လူတွေရဲ့ စေတနာတွေက အံ့ဩစရာတော်တော်ကောင်းတယ် … ထမင်းဟင်းအသိုးတွေကို လမ်းပေါ်က ခွေးလေခွေးလွင့်တွေကို ကျွေးတယ်လေ … ဒီအတိုင်း သူတို့အိမ်ရှေ့မှာမကျွေးပဲ … တစ်နေ့လုံးလူမရှိတဲ့ ကျွန်မတို့အိမ်(ခြံရှေ့) ကွန်ကရစ်ခင်းထားတဲ့အပေါ် အိုးလိုက်ကို မှောက်ချပြီး ကျွေးတာ … လက်ဆုတ်လက်ကိုင် ဖမ်းမမိလို့ ဘယ်အိမ်ကမှန်းမသိပေမယ့် အိမ်နီးနားချင်းကိုတောင် ဒုက္ခပေးတဲ့ စိတ်ဓါတ်တွေကို …
စနစ်ကြောင့်မဟုတ် …… စနစ်ကြောင့်မဟုတ် …
Inz@ghi
December 5, 2012 at 9:11 am
အင်း ….
ဟိုခွေးဝဲစားဂိုဏ်းထောင်ထားတဲ့ ဂျေပီလေးကတော့ မီးဒုတ်လာရှို့တော့မှာပဲ …
ပြောလက်စနဲ့ ပြောလိုက်ပါမယ်လေ….
စမ်းချောင်းက ခွေးဝဲစား ဂိုဏ်းဆြာတွေရဲ့ ဂိုဏ်းထောင်ရခြင်း ရည်ရွယ်ချက်က..
လမ်းဘေးရပ်တဲ့ သူတို့ကားတွေ မီးခွက်ဖြုတ်ခိုးခံရမှာ ကြောက်လို့
စကျူရတီ ခန့်တဲ့ သဘောပါပဲ…။ ညတိုင်ဆို သကောင့်သားများက
ကားဘောနပ်ပေါ် တက်အိပ်တတ်ကြတာပဲ …
ကားက တနေကုန် မောင်းထားတော့ အင်ဂျင် အဖုံးလိုဖြစ်နေတဲ့
ဘောနပ်က နွေးတာကိုး ဗျ ….ဆိုတော့ ဒင်းတို့လက်သည်းတွေနဲ့ ခြစ်မိ
အစင်းတွေဖြစ် …. စိတ်ညစ်ရ …အဲ … ဂိုဏ်းဆြာတွေကတော့ ဒါတွေ သိထားတယ်လေ…
ဆိုတော့ ညတိုင်ဆို သူတို့ ကားကို အပေါ်က စွပ်တဲ့ ကူရှင်မှာ သံမိုလေးတွေချိတ်လို့
တက်မအိပ်အောင် လုပ်တတ်တယ်… ဘယ်သူ့ကားပေါ်တက်အိပ်အိပ် ဆြာသမားများက
နိုးသောက်ဂရုပဲ ….။ ညဘက် စမ်းချောင်းထဲ လမ်းလျှောက်ထွက်ရင်း …
ကား ကူရှင် လေ့လာရုံနဲ့ ဂိုဏ်းဆြာ့ကားလား ..သာမန်ကားလား ခွဲသိနိုင်ပါရဲ့ဗျာ…
ဆက်ပြောရရင် ..ခိုစာကိစ္စကလည်း အင်း… အခုဆောင်းဝင်ပြီနော …. ပေါ့လို့မဖြစ်…
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဝူး လုပ်နေကြတာ …တကယ် လူထူထူမှာ ဘတ်စ်စကား
ကျပ်ကျပ်နဲ့ … ဖြစ်ရင် တားမနိုင်ဆီးမရ အောက်ဘရိတ်ဖြစ်မှာ စိုးတယ်.. စိုးမိတယ်.. စိုးထိတ်မိတော့တယ်…
:saut:
:chee:
ကြည်ဆောင်း
December 5, 2012 at 9:11 am
အရမ်းစိတ်ပျက်ဖို့ကောင်းလွန်းလို့
သာဓုခေါ်ရမှာလည်းမဟုတ်
တရားစွဲရမှာလည်းမဟုတ်
ဘယ်သူမှမကြားအောင်တိုးတိုးလေးကလော်တုတ်လိုက်
ဦးဦးပါလေရာ
December 6, 2012 at 7:02 am
တကယ်တော့ အဲဒီအမျိုးသမီးကြီးကို အောက်က လှမ်းဆဲသွားတာ တွေ့ဘူးတယ်…
ဒါလဲ ဘာမှမထူးဘူး
နေ့စဉ် ဝတ္တရာမပျက် ထမင်းစေ့ကျဲနေကျ
အမှိုက်ပစ်ရမှာ ပျင်းလို့လဲ မဟုတ်ဘူးနော်
အခြားအမှိုက်တွေကိုတော့ အောက်ဆင်းပြီး နေ့တိုင်းပစ်နေတာ…
MaMa
December 5, 2012 at 10:05 am
အကောင်းဆုံးအကြံပေးရရင်…
သူပြုနေတဲ့ ကုသိုလ်အတွက် သာဓုခေါ်လိုက်ပါ။
ပြီးမှ သူ့ရဲ့တာဝန်ယူမှုမရှိပဲ ပစ်စလက်ခတ်လုပ်မှုအတွက် တရားစွဲလိုက်ပါ။ :saut:
ဦးဦးပါလေရာ
December 6, 2012 at 7:04 am
သာဓုခေါ်လို့တော့လွယ်တယ် မမ ရေ
တရားစွဲဘို့ကတော့..
ရာအိမ်မှုးနေတဲ့ လေးလွှာကလဲ မနက်တိုင်း အဲသလို ဆွမ်းတော်စွန့်နေကျ
ဘယ်သူ့သွားတိုင်ရပါ့မလဲနော်….
🙁
kyeemite
December 5, 2012 at 10:17 am
ကောင်းပါလေ့..ဦးပါရေ
ကျနော်လည်း ခြောက်လွှာရှိသော တိုက်ခန်းနေလူသားတစ်ဦးဖြစ်သည့်
အားလျှော်စွာ..ဤဒုက္ခမျိုး နေ့စဉ်ကြုံတွေ့နေရပါဂျောင်း….သို့ပါ၍
ဆိုလျှင်ပြည့်စုံမည်မဟုတ်မူပဲ…
“မြန်မာပြည် တည်းဟူသော အထူအပြိန်းတို့စုစည်းရာ ခွေးတိုးဝက်ဝင်နိုင်ငံတော်ကြီး”
ဟုဆိုမှသာ ပြည့်စုံနိုင်မည်ဟု ယူဆပါဂျောင်းးးးးးး :harr: :harr: :harr:
ဦးဦးပါလေရာ
December 6, 2012 at 7:06 am
ကိုမိုက်လို့မပြောရဘူး…
ကျုပ်ဆိုလိုချက်ကို တန်း မိ တာပဲ….
:harr:
Novy
December 5, 2012 at 10:23 am
” စမ်းချောင်းတည်းဟူသော အထူအပြိန်းတို့စုစည်းရာ ခွေးတိုးဝက်ဝင်မြို့နယ်ကြီး ”
အမလေး လေးပါရဲ့ ဘဝတူတွေထဲ့မှာ နိုဗွီလဲ ပါနေတယ်လေ..:eee:
ကိုယ့်ထူလို့ထူမှန်းမသိ
ခွေးတိုးဝက်ဝင်မြို့နယ်ကြီးသူ
နိုဗွီ
ဦးဦးပါလေရာ
December 6, 2012 at 7:08 am
မနိုရေ-
တယောက်ချင်းရွေးမပြောရဲတော့
ဝါးလုံးရှည်နဲ့သိမ်းရမ်းရတာပေါ့…
:harr:
ဦးဖက်တီးကြားရင် ကျုပ်ကိုလာထုဦးမှာ
:harr:
P chogyi
December 5, 2012 at 10:26 am
အန်တီစုကတော့ပြောတယ်
အိမ်နီးချင်းမတည့်လို့ အိမ်ပြောင်းပြေးမယ့်အစား
အိမ်နီးချင်းနဲ့ အဆင်ပြေအောင်ပေါင်းပါတဲ့။
ဦးဦးပါလေရာ
December 6, 2012 at 7:11 am
တကယ်တော့ ကျုပ်ရဲ့အိမ်နီးချင်းတွေကတော့ အားလုံးနီးပါး ကောင်းတယ်ဗျ…
ဒီဟာက လမ်းပေါ်လျှောက်သွားလို့ လမ်းအလည်အထိ လှမ်းပစ်ကျဲတာကို ခံလိုက်ရတာ…
အိမ်နီးချင်းကောင်းရုံမက တရပ်ကွက်လုံးလဲကောင်းမှ …..
Moe Z
December 5, 2012 at 10:54 am
ဦးဦးပါလေရာရေ
အထပ်မြင့်တိုက်ခန်းတွေမှာနေပြီး အသိဉာဏ်နဲ့စိတ်ဓာတ်လေးတွေ နိမ့်ကျတာတော့စိတ်ပျက်စရာပဲနော်
စမ်းချောင်းသားမလာခင် ခွေးချေးနံ့အရင်ရတယ်ဆိုလား ပြောဖူးတယ်ဟုတ်
သူငယ်ချင်းတစ်ယောက်က စမ်းချောင်းဘက်ပြောင်းသွားလို့
မိုးစက်လည်း သိုင်းသင်တန်းလေးဘာလေး သွားတက်ထားရင်ကောင်းမလားလို့
ဦးဦးပါလေရာ
December 6, 2012 at 10:39 pm
သူတို့က အဲသလိုမလုပ်သင့်ဘူးလို့ သိကိုမသိတာ မိုးစက်ရဲ့
သူတို့စိတ်ထဲမှာ ကောင်းမှု့လုပ်နေတယ်ပဲ ထင်နေတာ
ခွေးချေးနံ့ကတော့ အခုလဲ ဒီဇင်ဘာဆိုတော့
မနက်စောစော လွှတ်တော်ရှေ့ကသာ စောင့်ကြည့်ပေတော့
:harr:
ဦးကြောင်ကြီး
December 5, 2012 at 11:17 am
အရင်ဘဝက ဘုန်းကြီးကို ကျောင်းလှူတာ သန့်ရှင်းရေးလေးမှ လုပ်မပေးပဲ ရော့အင့်ဆိုပြီး တန်းအပ်ခဲ့တာကိုးဗျ…
ဦးဦးပါလေရာ
December 6, 2012 at 10:42 pm
ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့ ကိုကြောင်ရေ….
သီဟသူရချာလတာအာပေတူး
December 5, 2012 at 11:34 am
အိုက်လောက်တောင်ဆိုးလား ဦးပါတင်စားတာလေးကြိုက်တယ်ဗျို ့….
လူအများ လူစိတ်မွေးပီး လူပီသအောင်နေပါလို့သာပြောချင်တော့တယ် ..
တစ်ပတ်လောက်ဖြစ်ဖြစ် တစ်ရက်လောက်ဖြစ်ဖြစ် သူတပါးကိုစိတ်ရောကိုယ်ပါ
မထိခိုက်အောင်နေပီး အသက်ရှင်ကြည့်ကြရအောင်ကွီ…..
ဦးဦးပါလေရာ
December 7, 2012 at 10:26 am
အင်မတန်ကောင်းတဲ့စာသားလေးပါလား
အဲဒါလေး ဆောင်ပုဒ်တခုအဖြစ်တောင် သုံးသင့်တယ်
ဟုတ်တယ်သမီးရေ
အဆင့်အတန်းရှိတဲ့ လူ့အသိုင်းအဝိုင်းလေးကို တောင့်တမိတယ်…
etone
December 5, 2012 at 12:40 pm
ဦးဦးပါလေရာရေ
တွေးတတ် ၊ ရေးတတ်လိုက်တာနော် မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပါပဲ ။
သမီးလည်း စမ်းချောင်းမှာ ငယ်မွေးခြံပေါက်ပါ ။တစ်မျိုးလုံး တစ်ဆွေလုံးနီးပါး ၊ တောင်ဘက် စမ်းချောင်းတခွင်ပြဲပြဲစင်အောင် ဖြန့် ပြီးနေကြပ့ါတယ် …. ။ ဟီး
ငယ်ငယ်ကတည်းက တဇွတ်ထိုး ၊ တဇောက်ကမ်းမို့ ၊ ခဏခဏလူကြီးမိဘတွေရဲ့ ဩဝါဒခံရပါတယ် ၊ အဲ့အခါ ပြန်မပြောနားမထောင်နဲ့ ဟိုဘက် အဘိုးဘွားအိမ်ဆီသွားနေလိုက် ၊ ဒီဘက် အဘိုးဘွားအိမ်ပြေးနေလိုက်၊ အဒေါ်တွေနဲ့ပြေးနေလိုက်နဲ့ မို့ စမ်းချောင်းက လူနေမှူစရိုက်ကို ၊ ခေါက်ရိုးကျိုးလောက်အောင် သိထားပါတယ် ။
လတ်တလောတော့ ဗားကရာလမ်း၊မင်္ဂလာလမ်း၊ဟုမ်းလမ်း၊အရှေ့ကုန်းလမ်း၊စမ်းချောင်းလမ်းတို့မှာ ဓါတ်ကျသလို လှည့်နေဖြစ်ပါတယ် ။
အခု ဦးဦးကြုံရသလို ၊ အစာတွေ ပစ်ကျွေးတာမျိုးအပြင် ၊ ဝရံတာတာမှာ ထမိန်အလံထူ လှမ်းတာတွေလည်း မြင်ခဲ့ဖူးတယ် ၊ အဲ့ဒီက ရေစက်လက်နဲ့ တတောက်တောက် ၊ အောက်က အခန်းကို ကျလို့ လက်သီးလက်မောင်းတန်းပြီး စကားတွေပြောခဲ့ရတာတွေလည်းရှိခဲ့ဖူးတယ် ။ဝရံတာဘောင်ပေါ် ပန်းအိုးကြီးတွေ တင်ပြီးအလှဆင်လို့ ၊ ခေါင်းအပြင်မထုတ်ရဲတဲ့ အဖြစ်တွေလည်း ရှိခဲ့တယ် ။နောက်ပြီး စာကလေးစားဖို့ စပါးတွဲကြီး တပြွတ်လိုက်ဝယ်ပြီး ဝရံတာ ထုတ်ချိတ်လို့ စပါးခွံတွေ ၊ ကျချင်တဲ့ အခန်းကျဆိုပြီး ဒါနပြုသူတွေလည်း ရှိတယ် ။ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ကြေးစည်ကြီးထုလို့ ၊ နတ်သံနှောအမျှဝေတဲ့လူတွေလည်းရှိတယ် ။ အပေါ်ထပ်ကနေ အမှိုက်ထုတ်နောက်ဖေးလမ်းကြားပစ်ချလို့ ၊ အောက်ဆုံး အခန်း နောက်ဖေး တံခါးဖွင့်မရအောင် အသေပိတ်ရတဲ့ အဖြစ်တွေလည်းရှိတယ် ။ အခု အဆိုးဆုံးကတော့ ကားပါကင်ပါပဲ ။ လမ်းတွေက ကျဉ်းတဲ့အပြင် ဘယ်ရော ညာမှာပါ ကားတွေ ရပ်ချင်သလို ရပ်တော့ ၊ ဆပ်ပြာခွက်သာသာကျယ်တဲ့ လမ်းထဲ ကားတွေကြပ်ကုန်ရော…. တကယ်ပါပဲ .. ပြောရလျှင်လည်း တစ်ထောင့်တစ်ည ပုံပြင်ထက်ရှည်သွားလောက်ပါရဲ့ …. ။ လူဆိုတာကလည်း ခက်သားလားရယ် … ဒီဒဏ်တွေကို စိတ်ညစ်လွန်းလို့ …. ဒီနယ်မြေက ပြောင်းထွက်ဖို့ ကြိုးစားပြီးမြို ့လည်ခေါင်က အမေ့အခန်းမှာ သွားနေကြည့်တယ် …. စိတ်က ကျင့်သားမရလို့လား မသိဘူး.. ၊အထူအပြိန်းတို့စုစည်းရာ ခွေးတိုးဝက်ဝင်မြို့နယ်ကြီးထဲမှာပဲ ပျော်နေမိတယ် .. အဟီး ။ :hee:
surmi
December 5, 2012 at 1:35 pm
ုဟုတ်ပြီဗျာ
အောက်မြန်မာပြည် မန်းဂဇက်ရုံးခွဲကို စမ်းချောင်းမှာဖွင် ့လို ့ရပြီပဲ…….
etone
December 5, 2012 at 2:53 pm
ဟီး .. ဟုတ်ပါရဲ့ …. ရွာထဲက မြို့နယ်တူသူတွေ … စမ်းချောင်းမှာ များသား … ။ ခိခိ … ခုတောင်ရေကြည့်တာ .. ခြောက်ယောက်လောက်ရှိတယ် ။ :harr:
ဦးဦးပါလေရာ
December 6, 2012 at 6:58 am
မကဘူး သမီးရဲ့..
ကိုယ့်ကိုယ်ကို ထုတ်ပြောထားတာတောင် (၈)ယောက်
နောက်ထပ်လဲ ရှိသေးတဲ့ပုံ..
:harr:
မင်းနန္ဓာ
December 7, 2012 at 10:47 am
အိုက်ဒါကြောင့် ထင်တယ်
ရွာထဲမှာ ခွေးချေးနံ့ ရသလိုလို ဖြစ်နေတာ..
myanmarcitizen
December 5, 2012 at 1:38 pm
တိုက်ပေါ်ကနေ ရေတွေဗျန်းကနဲကျလာတော့ အပေါ်ကို စိတ်တိုတိုနဲ့မော့ကြည့်လိုက်တယ်။ မိန်းမတစ်
ယောက် ဖန်ခွက်လေးကိုင်လို့ … “ဘုရားသောက်တော်ရေ ဘာမှမဖြစ်ဘူးတဲ့” အဲ့လိုပြန်ပြောပြီး ဝင်သွား
တယ်။
ကိုယ့်အခန်းအပေါ်ထပ်ကလူလား .. သွားမပြောနဲ့ … ပြောရင်ပိုလုပ်တယ်။
ကားပေါ်ကလူ ကွမ်းတံတွေးထွေးလို့ အကျီနောက်ကျော ရစရာမရှိအောင်ခံရဘူးတယ်။ စက်ဘီးပေါ်ကနေကွမ်းတံတွေးထွေးသွားတာ ဗိုက်မှာလဲပေခဲ့ဘူးဒယ်။
တစ်ခါတစ်ခါ အဲ့ဒီခိုစာကျွေးတဲ့သူတွေကို စိတ်တော်တော်ချဉ်မိတယ်။ မသကာဗျာစေတနာထားတယ်ဆို
ရင် ဖြောင်းဖူးစေ့လေးကျွေးပေါ့ ဒါတောင်လွတ်တဲ့နေရာမှာသွားကျွေး။ သောက်ပျင်းကြီးပြီး အိမ်ပေါ်ကနေ
အပုတ်အသိုးတွေ ပစ်ချတာတော့ ကောင်းတဲ့သောက်ကျင့်တော့မဟုတ်ဘူး။
ဒီနေရာမှာတော့ သဂျီးပြောတဲ့ “စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်.. ” ဆိုတာကိုချွင်းချက်မရှိလက်
ခံပါတယ်။
ဒို့မြန်မာတွေ သောက်ကျင့်ကောင်းအောင်၊ သောက်ဆင့်ရှိအောင်၊ စိတ်ဓါတ်လေးတွေကို မိမိကိုယ်တိုင်ပြင်
ဖို့လိုအပ်နေပြီ။
ဦးဦးပါလေရာ
December 7, 2012 at 10:32 am
ခိုတွေကိုစေတနာထားတယ်ဆိုရင် ခိုကျွေးခွင့်ရှိတဲ့နေရာ
ဥပမာပန်းခြံ လိုဟာမျိုးမှာ သွားကျွေးသင့်တာပေါ့ဗျာ…
လူနေရပ်ကွက်ထဲမှာ သူများအနှောက်အယှက်ဖြစ် ဘေးဒုက္ခအဖြစ်ခံပြီး စေတနာမထားရဘူးလေ
ခိုတွေကျီးတွေခွေးတွေကိုတော့ စေတနာထားကြပြီး
ကိုယ့်အိမ်နီးချင်း ကိုယ့်ရပ်ကွက်သားတွေကိုတော့ စေတနာမထားဘူး မငဲ့ညှာဘူးဆိုရင်တော့
အဲဒီလူမျိုး တိရ စ္ဆာန်ရုံမှာသာ သွားနေသင့်တယ်ထင်ပါကြောင်း…..
မဟာရာဇာ အံစာတုံး
December 5, 2012 at 2:25 pm
ဦးဦးပါ ဂလည်းဂျာ ..
အိုက် မသိန်းကြည်ဂျီးကို ကော်ဆဲ လိုက်ဒါ မဟုတ်ဘူး ..
ဘယ်နှယ့်ဂျာ ..
သူများဂ ရှိုးစမိုးနဲ့ ထွက်လာတာကို ..
ဘုမသိ၊ ဘမသိ .. ပတ်ဝန်းကျင်လည်း မရှိဘဲနဲ့ …
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာထဲမှာ ဒါမျိုးလည်း ပါချင်ပါမှာ …
ဦးဦးပါလေရာ
December 7, 2012 at 10:34 am
ဆဲလိုက်တယ်ဟဲ့…
ညည်းတို့မသိလို့…
သိတဲ့သူကသိတယ်…
:harr:
ဦးဦးပါလေရာ
December 5, 2012 at 2:28 pm
ကွန်အရမ်းဆိုးနေလို့ ညဖက်မှပဲ တဦးစီ ပြန်ပြောတော့မယ်….
လောလောဆယ် ပြောထားချင်တာလေးတခုတော့ ရှိပါသဗျာ…
ပေးကမ်းစွန့်ကျဲတယ်ဆိုတို်င်းလဲ ကုသိုလ်မရ (ကုသိုလ်မဖြစ်)ပါဘူး…..
ကုသိုလ်ရတယ်ဆိုဦးတော့ သူများကိုထိခိုက်နစ်နာစေပြီးမှရမယ့်ကုသိုလ်မျိုးကို ဘာလို့ယူရမှာလဲ…။
သူများအခွင့်အရေးကို ချိုးဖျက်ထိပါးပြီးမှရမယ့်ကုသိုလ်မျိုးကို ဘာလို့ယူရမှာလဲ…..။
ကျုပ်သာဆို
ကုသိုလ်မရရင်နေတော့-
သူများကိုတော့ ကိုယ့်ကြောင့်နစ်နာအောင်မလုပ်ဘူး….။
ကိုရင်စည်သူ
December 5, 2012 at 2:34 pm
ဦးဦးပါလေရာ.. အသက် ၄ဝမှ ဘဝကစတာဗျာ.. ရေးဟန်က
နည်းနည်းအထီးကျန်ဆန်နေသလားလို့ဗျ… ဦးပါ ရုပ်ခံနဲ့ နောက်ယူချင်ရင်တောင်
စမ်းချောင်းမှာ နှစ်အိုးနှစ်အိမ်ထပ်ထူတောင်လို့ရပါသေးတယ်နော့..
ကိုရင် ရန်ကုန်ရောက်လို့ရှိရင် ဦးပါကို ဂါရဝပြုတွေ့ချင်သေးတယ်ဗျာ..
ဦးဦးပါ တို့ နားက လူတွေ အဲ့လိုဖြစ်တာက ဒါနကို ဉာဏ်နဲ့ ယှဉ်ပြီး မသုံးတတ်ဘူးလို့
မြင်ပါတယ်ဗျာ.. ဒါတွေကလည်း အရိုးစွဲလာတဲ့ ပညတ်တွေဆိုတော့ နောက်မျိုးဆက်
နှစ်ဆက်အထိ စောင့်ရဦးမယ်ထင်တယ်ဗျာ..
ဒါနဲ့ စကားမစပ်
စမ်းချောင်းက ရှူပ်ပေမဲ့ စမ်းချောင်းသူလေးတွေလန်းတယ် ကြားတယ်.. ဟုတ်ရားဗျ..
လည်သည်။ကြွယ်သည်၊ တတ်သည်၊ နက်သည် ဆိုကြတာပဲ။ ။ အဲ့ဒါလေး.. အဲ့ဒါလေး..
ဦးဦးပါလေရာ
December 7, 2012 at 10:36 am
ကျုပ်ဘဝစတာက ကြာပြီကိုရင်
၈ နှစ်တောင်စွန်းသွားပြီ 🙁
စမ်းချောင်းသူလေးတွေလန်းသလားတော့မမေးနဲ့လေ…
ရွာထဲကကွမ်းတောင်ကိုင်က ဘယ်အရပ်သူမှတ်လို့တုန်း…
:harr:
jullies cezer
December 5, 2012 at 2:41 pm
အော်ဦးပါရယ် ကော်တုပ်လို့မရမဲ့အတူတူ ကြေပါတယ်မသိန်းကြည်ပဲပြောလိုက်ပါတော့
ရန်ကုန်မှာတိုက်ခန်းနေရတဲ့ဒုက္ခတွေ ကိုယ်ချင်းစာတယ် :gee:
ဦးဦးပါလေရာ
December 7, 2012 at 10:39 am
ကျုပ်တို့က နယ်ကလာတဲ့တောသားဆိုတော့
ရန်ကုန်က တိုက်ခန်းယဉ်ကျေးမှု့ကို ဘယ်လိုမှအသားမကျတာအမှန်ပါပဲ..
တနေ့တော့ တောပြန်ပြောင်းပြီး နေဦးမယ်..
Shwe Tike Soe
December 5, 2012 at 4:50 pm
သာဓု၊သာဓု၊သာဓု သုံးကြိမ်ခေါ်ကာ…
xxx?xxx?xxx? သုံးခွန်းဆဲပြီး..
သုံးခါ အုပ်ခဲကြိုးဖြင့် ထုပစ်လိုက်သည်………. ခိခိခိ
pooch
December 5, 2012 at 5:13 pm
ခိုတွေဆိုလို့ ဦးပါရေ ကျမတို့ ရပ်ကွက်ထဲက ဓာတ်ကြိုးတွေ ပေါ်မှာ အုပ်လိုက်လာနားပြီး အောက်ကြိုးနဲ့ ထိ ဓာတ်လိုက်ပြီးသေတာ တခါတခါဆို တအုန်းအုန်းနဲ့ ရက်ခြားမှန်မှန်သေလေ့ရှိတယ်။
သိပ်မကြာခင်ကတော့ ခိုကြောင့် ကြိုးငြိတာ ထရန်စဖော်မာပါ သွားထိလို့ အတော်လေး ယောက်ယက်ခတ်သွားဖူးတယ်။ အုန်းကနဲ့ဆို ထမြည်တာ ။ တချို့အိမ်တွေလည်း ထိတာပေါ့။ ကြိုးတွေက အိနေတာလည်းပါတယ်။
ပြီးကျုံးဘေးမှာလည်း ခိုတွေအုပ်လိုက်လာလာပြီး အစာကျွေးတဲ့သူ ရှိတယ်။ ကျုံးဘေး မနက်စောစော လမ်းလျှောက်သူတွေကတော့ ခိုချေးတွေကို ရှောင် နှာခေါင်းလေး ပိတ်ပြီး မြန်မြန်ပြေးရတာပဲ ။ အဲ့နားတဝိုက်ဆိုလည်း ညစ်ပတ်နေတာပဲ ။
ကားနဲ့လာပြီး မုန့်နေ့တိုင်းကျွေးတဲ့သူကလည်း မရှားဘူး ။ ဘယ်လိုပြောရမလဲဆိုတော့ ဘာမှကို မပြောချင်တော့ပါဘူး ဦးပါရယ်
ဦးဦးပါလေရာ
December 7, 2012 at 10:44 am
သူများဒုက္ခနဲ့ရင်းပြီး ကုသိုလ်ယူရင်
အဲဒါကုသိုလ်အစစ်ဖြစ်ရဲ့လားလို့လဲ စဉ်းစားကြပုံမပေါ်ဘူး…
သူများဒုက္ခနဲ့ရင်းပြီး စိတ်ကျေနပ်မှု့ ပျော်ရွှင်မှု့ကိုရယူရင်
အဲဒါ သင့်တော်ရဲ့လား တရားမျှတရဲ့လား လို့လဲ မစဉ်းစားကြဘူး နော်…..
ရဲစည်
December 5, 2012 at 5:46 pm
စိတ်ကို လျော့ပါ … စိတ်ကို လျော့ပါ
ဖြစ်တတ်တဲ့ သဘောမို့ တရားနဲ့သာ ဖြေပါလေ…။
ကျနော်လည်း တစ်ခါ ဖြစ်ဖူးရဲ့ .. ၅မိနစ်လောက် ခဏရပ်ပီး စိတ်ကိုဖြည်လိုက်တယ် ပီးမှ အဲ့အိမ်ပေါ်တက်သွားလိုက်တယ်။ တံခါးခေါက်ပီး ချိုချိုသာသာနဲ့ အန်တီရှိလားမေးလိုက်တယ်(အဲ့တုန်းကလည်း ဘွားတော်ပဲ) ။အူကြောင်ကြောင်နဲ့ တံခါးဖွင့်ပေးတဲ့ ဘောင်းဘီတိုလေးနဲ့ အလန်းဇယားလေးကိုလဲ တဝကြီး ရှုပလိုက်တယ်(ဒေါသတွေတောင် ပြေသွားတယ်)အဲ့ကလေးမက သူ့အမေ ဧည့်သည်အောက်မေ့လို့ ဖွင့်ပေးတာ။ အိမ်ရှေ့မှာ ကျကျနနထိုင် (ရေတောင်တောင်း သောက်လိုက်သေးတယ်) သူ့အမေလည်း(ကုသိုလ်ရှင်ဂျီး) ထွက်လာတော့မှ အင်္ကျီလေးပြပီး သူသမီး မျက်နှာတဝကြည့်ပီး တရားဟော သလိုလို ဘာလိုလိုနဲ့ မိနစ် ၂ဝလောက် မျက်နှာပြောင် တိုက်ပီး ပြောလိုက်တာ နောက်ပိုင်း တအားရယ်ချင်လို့ ပြုံးပြုံးလေး စကားစ ဖြတ်ပီး ဆင်ပြေးခဲ့တယ်ဗျ။ တခါက မှတ်မှတ်ရရပေါ့ဗျာ… အဟီး
အူးပါလည်း နောက်တခါဖြစ်ရင် အဲ့အတိုင်းလုပ် သိလား( သက်ငယ်စကား သက်ကြီးကြားပေါ့)
:kwl:
နည်းနည်းတော့ မျက်နှာပြောင်တိုက်ရမယ် ခွစ်..ခွစ်
ဦးဦးပါလေရာ
December 7, 2012 at 10:45 am
ဆိုင်ကယ်စီးဦးထုပ်လေးဆောင်းသွားဖို့ရော အကြံမပေးဘူးလား…
:harr:
uncle gyi
December 5, 2012 at 9:26 pm
ဒီလူတွေစည်းကမ်းရှိလာရင်
မြန်မာပြည်တကယ်ဒီမိုကရေစီရပြီဗျဦးဦးရ
ဒါပဲလေဗိုလ်ချုပ်ပြောတဲ့လမ်းပေါ်ဆေးရိုးလှမ်းတယ်ဆိုတာ
ဦးဦးပါလေရာ
December 7, 2012 at 10:50 am
အန်ကယ်ကြီးရေ
ကိုယ့်အိမ်နီးချင်းဆိုတာ ကိုယ့်ရပ်ကွက်သားဆိုတာ
တကယ်တော့ ကိုယ့်ဘဝရဲ့အစိတ်အပိုင်းပါ..
ဒါကြောင့် လက်သည်းဆိတ်တော့ လက်ထိပ်နာပါတယ်…
မုန်းလို့အပြစ်မြင်တာမျိုးမဟုတ်ပဲ
ချစ်လို့ ကောင်းစေချင် အဆင့်အတန်းရှိစေချင်မိပါတယ်….
ကျုပ်တို့ လုပ်ခဲ့သမျှကို ကျုပ်တို့ရဲ့နောင်လာနောက်သားတွေ ဆက်ခံ အမွေခံရမှာ မဟုတ်လားဗျာ…
myanmar oscar
December 6, 2012 at 12:32 am
အော်..ခေါင်းစဉ်လေးကြည့်ပြီး ဘာများလဲလို့……
ထူးလှချည်လားလို့ဝင်ကြည့်တာ ကိုယ်ထင်တာနဲ့တခြားစီဖြစ်သွားတယ်….
ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဦးချတဲ့လုပ်ရက်မျိုးတွေပေါ့….
Mr. MarGa
December 6, 2012 at 1:16 pm
လုပ်တာက ကုသိုလ်
ပတ်ဝန်းကျင်ကို ဂရုမစိုက်
ရူးမိုက်မိုက် လုပ်ရပ်တွေကြောင့်
ဖြစ်သွားတာက အကုသိုလ်
မောင်ပေ
December 6, 2012 at 9:23 pm
ပြီးခဲ့တဲ့ ကျိုက်ထီးရိုးအသွားနဲ ့အပြန် စမ်းချောင်းက အသိတိုက်ခန်းမှာ ၊ ခဏတဖြုတ် ရေချိုး အပေါ့အလေး ဝင်သွားခဲ့တာ ၊ ဦးပါလို အဖြစ်မျိုး မကြုံခဲ့ရပါဘူး
အတော်ကံကောင်းခဲ့တဲ့ မောင်ပေပါတကား
ဦးဦးပါလေရာ
December 7, 2012 at 10:53 am
ကိုပေ ဒီတခါရန်ုကုန်လာရင် ကျုပ်အိမ်လာတည်း…..
ဆိုင်ကယ်တော့မယူခဲ့နဲ့ ဦးထုပ်ကလေးတော့ယူခဲ့…..
:harr:
ကိုပေါက်(မန္တလေး)
December 6, 2012 at 10:53 pm
ကျနော်လဲ ဒီကိစ္စနဲ့ရန်ဖြစ်ရဘူးတယ်။
ကျနော်က အောက်ဆုံးထပ်.
နောက်ဖေးရေမီတာပုံးကို သံပြားဖုံးထားတဲ့အပေါ်နေ့တိုင်း ထမင်းတွေသွန်ချပြီးကျွေးတယ်ဗျာ။
မကုန်တော့ ပုတ်သိုးကုန်တာပေါ့။
အဲတော့ နောက်ဖေးတံခါးဖွင့်တိုင်းနံစော်နေတာပေါ့
ပထမတစ်ခါ ကောင်းကောင်းမွန်မွန်တောင်းပန်ပါတယ်။
ဒုတိယတစ်ခါ ခခ ယယ ပြောပါတယ်။.
တတိယတစ်ခါ ထပ်တောင်းပန်ခယပါတယ်။
လေးကြိမ်မြောက်မှာတော့ အင်မတန်အားရပါးရရှိလှပါသော မြန်မာဘာသာစကားဖြင့်
အာလုပ်သံအပြည့်ဖြင့် အော်ခွဲလိုက်သောအခါ နောက်ရက်ထမင်းတွေမချတော့ပါ။
သို့သော် ပြန်လာသည့် ပဲ့တင်သံမှာ
“ကိုယ်ကျွေးမှစားရမယ့် သတ္တဝါတွေကို အစာကျွေးတာတောင်မှ သေရင်ပြိတ္တာဖြစ်မယ့် ဒိဋ္ဌိကောင်
က လာတားနေတယ်တော့” လို့ ဖြစ်ပါကြောင်း။
သို့သော် တစ်ပါတ်သာခံ၍ အမှတ်မရှိပြန်ချမြဲ။
ထို့ကြောင့် ရေမီတာပုံးကို ဘာမှ မဖုံးဘဲထားလိုက်လေသတည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဦးဦးပါလေရာ
December 7, 2012 at 10:57 am
ကိုပေါက်ရေ….
အိုးရွဲ့ကို စလောင်းအကောင်းနဲ့ဖုံးလို့တော့ မလုံဘူးဗျာ…….
ကိုပေါက်လို ယဉ်ကျေးတဲ့လူမဟုတ်ပဲ စရိုက်ကြမ်းတဲ့သူသာအောက်ထပ်မှာရှိကြည့်…
အဲဒီတိုက်အောက်ခြေ သန့်ရှင်းနေတော့တာ….