မျက်ရည်လက်နက်
လက်ဖမိုးနဲ့သုတ်လို့မှ ဒီမျက်ရည်တွေမကုန်ရင် လက်ညိုးနဲ့ ကော်ထုတ်ပစ်လိုက်မယ်။ ဒီမျက်ရည်တွေက မိန်းမသားတွေရဲ့ လက်နက်ငယ် တစ်ခုတဲ့လား။ အလကားပြောကြတာ။ တကယ်လို့ လက်နက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တောင် ဖော့ဖယောင်းနဲ့လုပ်ထားတဲ့ ကစားစရာ လက်နက် တစ်ခုပဲဖြစ်လိမ့်မယ်။
၁။
ခြောက်ဆယ်ဝပ် မီးသီးကလေးက အခန်းထဲမှာ မိန်ပျပျလင်းနေတယ်။ ဒူးပေါ်မေးတင်လို့ မျက်ရည်တွေကျ ကျွန်မငိုနေမိတာ ဘယ်လောက်ကြာသွားပြီလဲ။ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကျွန်မတစ်ယောက်ထဲ။ မနေ့က မနက် ကျွန်မအဝယ်ထွက်ရင်း အမေ့အိမ်မှာ သမီးလေးကို ဝင်ထားခဲ့တယ်။ ဒီနေ့ည ကျွန်မတစ်ယောက်တည်း။
ကျွန်မ မီးဖိုချောင်ထဲ ဝင်ခဲ့တယ်။ မှောက်ထားတဲ့ ထမင်းအိုးကိုလှန်ပြီး ညနေက ဝယ်ခဲ့တဲ့ ဆန်လေးလုံးထဲက နှစ်လုံးကို ထည့်ပြီး ရေဆေးလိုက်တယ်။ လွှစာမီးဖိုးက မနက်ကတည်းကသိပ်ခဲ့လို့ အလွယ်ကောက်မွှေးလိုက်ရုံ။ ကျွန်မ ဈေးတောင်းထဲက ဆလားဗီးယားငါးခြောက်နှစ်ကောင်ကိုတော့ မီးဖုတ် သုပ်ရုံပေါ့။ ဒါပါပဲ။ ကျွန်မအတွက် ညနေစာ။ အိမ်ထရံမှာချိတ်ထားတဲ့ တရုတ်ဖြစ် တိုင်ကပ်နာရီက ည ကိုးနာရီဆိုတာကိုပြနေတယ်။ ကျွန်မ ထမင်းမစားရဲသေးပါဘူး။ ဈေးတောင်းထဲက ကြွပ်ကြွပ်အိတ်ထုပ်ကို ဆွဲယူလိုက်တယ်။ နွေးရုံသာရှိတော့တဲ့ ဝက်သားတုပ်ထိုးထုပ်က ကျွန်မကို လှောင်ပြုံးပြုံးနေတယ်။ ဝမ်းက တကျုတ်ကျုတ်မြည်လာတယ်။ အောက်အီးသည်းခံခြင်းနဲ့ နေသားကျနေတဲ့ ကျွန်မ ဝဋ်ရှိသလောက် စောင့်လိုက်ဦးပေါ့။
“မာလွင် ညည်း မအိပ်သေးဘူးလား။ မနက်ကျရင် ဈေးဝယ်စောစောထွက်မယ်ဆို ။ “
“အိပ်လို့မရသေးပါဘူး မခင်မာရယ်။တော်တော်ကြာ သူမလာခင် အိပ်နှင့်လို့ ကျွန်မကို ရိုက်နေပါဦးမယ်“
“ညည်းမလဲ တစ်ဒုက္ခ။ အဲဒီ လှထွန်းကလည်း တစ်မှောင့်။ပြောမရဆိုမရနဲ့။ အေးအေးဆေးဆေး နေနေရတာတောင် ဘာတွေများ မကျေမနပ်တွေဖြစ်နေရတာလဲ မသိဘူး။“
ကျွန်မရဲ့မျက်နှာကို ခင်မာက မြင်ဖြစ်အောင်မြင်သွားခဲ့တယ်။ ကျွန်မရဲ့မျက်နှာမှာ ဘယ်လိုတွေဖြစ်နေမှန်း ကျွန်မမသိချင်တော့ဘူး။
“ဟယ် မာလွင်ရယ်။ဖြစ်မှဖြစ်ရလေ။ ကြည့်စမ်းပါဦး ညိုမည်းနေတာပဲ။ အဲလောက်တောင်လုပ်ရလား။ အဲဒီ သေနာကျ ကာလနာ မြွေပွေးကိုက်က။ ညည်း ဘာဆေးလိမ်းထားလဲ။ နေဦး ငါ ဒဏ်ကျေ လိမ်းဆေး လေးပြေးယူလိုက်ဦးမယ်။“
ခင်မာတောင် ပြေးမယူလိုက်ရပါဘူး။ ကျွန်မက လမ်းခုလပ်မှ ဖြတ်တားလိုက်တယ်။
“နေပါစေတော့ ခင်မာရယ်။ မျက်နှာမှာ ဒီဒဏ်ရာတွေရလွန်းလို့လည်း မနာတတ်တော့ပါဘူး။ ကျွန်မ ရင်ထဲမှာသာ ကိုလှထွန်းအတွက် ဒဏ်ရာတွေ မများလာစေဖို့အရေးကြီးတယ်။“
ခင်မာ ခေါင်းကလေးရမ်းကာနေတယ်။
ချစ်တယ်ဆိုတဲ့ စကားဟာ လွန်ခဲ့တဲ့ ခြောက်နှစ်မှာကျန်ခဲ့ပြီ။ အနမ်းနုနုပေးခဲ့ဖူးတဲ့ မျက်နှာပြင်ထက်မှာ နာကျင်စရာဒဏ်ရာတွေ ပြည့်နှပ်လာခဲ့ပြီ။ ပုလင်းဝယ် ဒန်ဝယ်မလေး မာလွင်ရဲ့ရင်ထဲမှာ ရှင့်အတွက် နေရာလေးတွေ လျော့လျော့ကုန်တာ ရှင်မသိနိုင်ပါဘူးလေ။
၂။
ဘယ်သူက ထင်လိမ့်မလဲ။ သူ အဲဒီလောက်အထိ သွေးဆိုးမယ်ဆိုတာ။ လူပျိုတုန်းက ပိန်ပိန်ပါးပါး ဒေါင်ကောင်းကောင်းနဲ့ အရက်ဆိုတာ အနံ့တောင် မခံခဲ့တဲ့သူ။ ခုတော့လည်း ပုလင်းခါးကြားထိုးလို့ ကျွန်မက သူ့မယားမဟုတ်တော့။ သူရာက မယား။ ကျွန်မက ကျွန်လို့ အများကပြောကုန်ကြပြီ။
သူတကာယောကျာ်းတွေ သူ့လို့ပဲ သောက်ကြတယ်။ ဒါပေမယ့် သူ့လောက်သွေးမဆိုး။ သူ အရက်သောက်လာတဲ့ရက်တွေကို ကျွန်မကြောက်ပါတယ်။ အရက်သောက်လာပြီဆိုရင် ကျွန်မကို ပြဿနာရှာပြီး ရိုက်တတ်လာတယ်။ မနက်လင်းတော့ သူမဟုတ်သလို တောင်းပန်ရှာတယ်။
“ကို တောင်းပန်ပါတယ်ကွ.။ တစ်အားကြီးမူးနေလို့ရိုက်မိတာပါ ခွင့်လွတ်ပါ မိန်းမ နော် နော်။နော်လို့“
နော်လို့ဆိုတဲ့ စကားဆုံးတာနဲ့ ကျွန်မကလည်း နှစ်ခါတောင်မချော့လိုက်ရ။ သူ့ရဲ့ ပျော့ရွှဲနေတဲ့ ချောသံအောက်မှာ အနမ်းကြမ်းကြမ်းတွေကို ကျွန်မ နုတ်ခမ်းထက်မှာ နွေးနွေးထွေးထွေးရလိုက်တာနဲ့ ဒဏ်ရာတွေဆိုတာ ယူပစ်သလို ပျောက်ခဲ့ရတယ်။ သူ့အလုပ်က ပန်းရံအချော။ တစ်နေ့ ငါးထောင်ရတယ်။ ကျွန်မက ပုလင်းဝယ်ဒန်ဝယ်သယ်။ အဝယ်မဖြစ်တဲ့ရက်တွေလည်းရှိ ဖြစ်တဲ့ရက်တွေလည်းရှိ။ သူနဲ့အိမ်ထောင်ကျပြီး တစ်နှစ်လောက်နေတော့ သမီးလေး သီရိကိုမွေးတယ်။ အဲဒီသမီးလေး သီရိ တစ်နှစ်သမီးလောက်မှာပဲ သူ ဖောက်လာတယ်။ ဈေးဖိတ်ရက်တွေမှာ သူ ပိုက်ဆံထုတ်ရတယ်။ အိမ်အပြန်လမ်းမှာ သူ့ခြေလှမ်းတွေ ယှိုင်တိုင်တိုင်ဖြစ်လာတယ်။ အစကတော့ အလုပ်ပင်ပန်းလို့သောက်တာပဲလေဆိုပြီး ကျွန်မ ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် သောက်လေ သောက်လေ ငတ်မပြေဖြစ်လာတဲ့သူက အိမ်ကိုတောင် ပုလင်းတွေ ဆွဲလာတတ်ပြီ။ သူတကာတွေလို ချက်အရက်တွေသောက်တာမဟုတ်။ ရမ်တဲ့၊ ဝီစကီတဲ့။
စဉ်းစားလို့ကိုမရဘူး။ အဲဒီ ရမ်တွေ ၊ဝီစကီတွေဆိုတာ ဈေးကြီးတယ်။ သူ့တစ်ပတ်လုပ်ခက သူ့အရက်ဖိုးနဲ့တင်ကုန်တာပဲ။ နောက် သူအလုပ်မလုပ်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ အရက်ကျွန်ဖြစ်သွားပြီး။ အဲဒီအချိန်ကစလို့ ကျွန်မကို အရက်ဖိုးတောင်း။ မရရင် ရိုက်။
ကျွန်မ ရှက်တယ်။ ကျွန်မ ရှက်တတ်ပါသေးတယ်။ မနက်ဈေးဝယ်ထွက်တဲ့အခါ ဖူးယောင်နေတဲ့မျက်နှာနဲ့။ ဒါတွေ သူမသိပါဘူး။ ကျွန်မအတွက် ပုလင်းဝယ်ဒိုင်ကြီးတွေဆီကနေ အိမ်အပြန်ခရီးမှာ အလုပ်တစ်ခုပိုလာတယ်။ ကျွန်မနဲ့သမီးအတွက် ဘာမှမပါရင်နေ။ သူ့အတွက်တော့ ရမ်စိတ်ပြားကလေးတစ်ပြားလောက်တော့ ဝယ်ကိုဝယ်လာရတော့တယ်။ အရောင်းအဝယ်မဖြစ်လို့ မပါလာတဲ့ရက်တွေဆိုရင်
“မာလွင် ….မာလွင်“
“လာပြီ ကို….“
“ဘယ်မှာလဲ ပုလင်း.. “
“ဒီနေ့ အရောင်းအဝယ်မကောင်းလို့ သိပ်လည်းမမြတ်လို့လေ မဝယ်လာခဲ့ဘူး“
“မင်းတို့မိန်းမတွေ စကားတတ်တိုင်း ငါ့လာမလိမ်နဲ့။ ဘေးကဟာတွေကလည်း မြှောက်ထိုးပင့်ကော်ကြ။ သူများလင်မယားကြားထဲ တော်တော်ဝင်ချင်ကြဟုတ်လား။ ငါလုပ်ထည့်လိုက်ရ သေတော့မယ်။ကြည်ဦး ဒါက ဘာတွေလဲ။ ဆန်နဲ့ဟင်းချက်စရာတွေတော့ပါလာတယ်။ ရမ်ပြားတော့ ပါမလာဘူး။ မင်းတို့ သားအမိ ငတ်ဖို့တော့ ပါလာတဲ့ဟုတ်လား။ ဝယ်လာချင်ဦးကွာ။ ကဲကွာ။“
“မလုပ်နဲ့လေ..ကို…“
“ငါ့လာမဆွဲနဲ့ သွားစမ်းကွာ“
သမီးလေး ငိုနေပါပြီ။ကျွန်မကို ရိုက်နေတာ သမီးလေး မြင်နေရတယ်။ အိမ်ရှေ့မြေသလင်းမှာ ပျံ့ကျဲနေတဲ့ ဆန်တွေနဲ့ ကန်စွန်းရွက်စီးကလေးတွေက ရစရာမရှိတော့။ ဘေးပတ်ဝန်းကျင်ကို စော်ကားပြီး ကျွန်မကို နှိပ်စက်နေလို့ အိမ်နီးချင်းတွေက တောက်တစ်ခေါက်ခေါက်။ ဒါပေမယ့် ဘယ်သူက ဝင်ဆွဲရဲသေးလို့လဲ။
ကျွန်မရင်ခွင်ထဲက သမီးလေး ငိုနေတုန်း။
“မေမေ ဖေဖေက မေမေ့ကို ခဏခဏရိုက်တာ ဘာဖြစ်လို့လဲဟင်“
ဒီမေးခွန်းကို ကျွန်မမဖြေတတ်ပါဘူး။ မျက်ဝန်းကနေ မျက်ရည်တွေ တွေတွေကြီးကျနေတာပဲ သိတယ်။
တစ်ချိန်က ချစ်ပါတယ်ဆိုတာ။ ဒီလိုရိုက်ဖို့လား ကို။
၃။
“မေမေ့ဆီမှာ သမီးလေး သီရိကို ထားချင်တယ်။“
ကျွန်မ မေမေ အင်းမလုပ် အဲမလုပ်နဲ့ မျက်နာကြီးက တင်းမာနေတယ်။ ကျွန်မ ခေါင်းကလေးကို ငုံထားမိပါတယ်။ ကျွန်မ မျက်နှာထက်က အညိုအမည်းတွေကို မေမေမြင်ပြီးပြီပဲ။ မေမေ ကျွန်မသတင်းကိုကြားလိမ့်မယ်။ သားမက်တစ်ယောက်ရဲ့ ဆိုးသွမ်းခြင်းကို သိနေလိမ့်မယ်။
“လင်ဆိုးမယားဖြစ်နေပြီမို့လား။ အမိုက်မ။ သမီးအငယ်ဆုံးလေးမို့အလိုလိုက်ထားမိပါတယ်။ ကိုယ့်အိမ်ကို ပန်းရံလာလုပ်တဲ့ သူကိုမှ ကြိုက် မိုက်မိုက်ကြီးလိုက်သွားလိုက်တာ။ ခုတော့ ညည်းချစ်လှပါပြီဆိုတဲ့ ယောကျာ်းက အရိုးကွဲအောင်ရိုက်နေပြီလေ။ မနာဘူးလား။ အသည်းတွေ မနာဘူးလားဟဲ့။“
ကျွန်မအသည်းမှာ အသားမာတွေ တက်နေပြီ မေမေလို့တော့ ကျွန်မ ပြန်မပြောမိပါ။
“ခုတော့ ပုလင်းဝယ် ဒန်ဝယ်သယ်တဲ့။ အရပ်ကတော့ ငါ့ကို မိန်းမကြမ်းကြီးပေါ့။ သမီးတစ်ယောက်လုံး လမ်းဘေးဈေးသယ်ဖြစ်တာတောင် လှည့်မကြည့်တဲ့ မိခင်ရယ်လို့ လက်ညိုးတွေထိုးလို့။ မိဘ မျက်နှာ အိုးမည်းသုတ်ရုံတင်မကဘူး။ မီးသွေးဖြစ်အောင် ညည်းလုပ်ခဲ့တာ။ ငါလေ ငါ့ရင်တွေ နာလွန်းလို့အေ။ ကဲ ဘယ်လိုလုပ်မလဲ ညည်းယောကျာ်းကို ကွာမလားပြော“
ကျွန်မရင်ထဲမှာ အဖြေမရှိပါဘူး။ တည်မိတဲ့ ဘုရား ခုချိန်မှာ လင်းတပဲ နားနား။ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ပျက်ဘဝဆိုတာ တောင်းတအပ်တဲ့အရာမဟုတ်ဘူးလေ။ တစ်ခုလပ်ဆိုတဲ့မျက်နှာနဲ့ ကျွန်မ ကျော့ကျော့ရှင်းရှင်းလေး အမေ့အိမ်မှာ ဝင်မခိုချင်ပါဘူး။
“သမီးလေး သီရိကိုတာ မေမေတို့ဆီ အပ်ခဲ့ပါတယ်မေမေရယ်။ သမီး ဘဝနဲ့ သမီးကံသာ မှတ်လိုက်ပါတော့။ ပြန်ဦးမယ် ဈေးဝယ်ထွက်ရဦးမှာမို့။ သမီး သီရိ“
“ရှင် မေမေ“
“ ဘွားဘွားရဲ့ အိမ်မှာ ကောင်းကောင်းနေနော် ။ ဘွားဘွား ပြောသမျှ နားထောင်။ စာမှန်မှန်ကျက် ကြားလား။ မေမေ မကြာမကြာလာပြီး မုန့်ဖိုးပေးမယ်။ ဒေါ်ဒေါ်တွေရဲ့ စကားလည်းနားထောင်။ သမီး မေမေနဲ့အတူတူနေရင် သမီးဖေဖေရိုက်လိမ့်မယ်။ ကြားလား။“
သမီးလေး မျက်ရည်ဝဲနေတယ်။ ကျွန်မ မျက်ဝန်းမှာရော….ဝိုးတဝါးပဲလေ။
မေမေက မျက်ရည်လေး စို့နေရုံသာ။ မေမေ ထိန်းနေတာ ကျွန်မသိပါတယ်။ ကျွန်မ အစ်မတွေက ဈေးဖိုးဆိုပြီး ပိုက်ဆံ တစ်သောင်းပေးတယ်။ မေမေက
“ညည်းမျက်နှာ ဆေးထည့်ဖို့ ရော့ ယူသွား“ဆိုပြီး တစ်သောင်းထပ်ပေးတယ်။ ကျွန်မ ပိုက်ဆံအိတ် နွမ်းနွမ်းလေးထဲမှာ ဘာမှ မရှိတဲ့အတွက် အသာလက်ခံရုံသာ။ ဖေဖေ ကျွန်မကို စိမ်းစိမ်းကြီးကြည့်နေတယ်။ ဂျာနယ်ဖတ်ချင်ယောင်ဆောင်ပြီး ကျွန်မနဲ့မေမေနဲ့ပြောနေကြတဲ့ စကားတွေကို နားစွင့်နေလိမ့်မယ်ဆိုတာ သိတယ်။ ဖေဖေကိုတော့ ကျွန်မ စကားမပြောရဲဘူး။ ဈေးတောင်းကလေးယူပြီး ဒီကနေ့အတွက် အစ်မတွေနဲ့ မေမေပေးတဲ့ ပိုက်ဆံနှစ်သောင်းကို အရင်းလုပ်ဈေးဝယ်ထွက်ရဦးမယ်။
ဖေဖေနားမှာထိုင်ချပြီး လက်အုပ်ချီ ကန်တော့လိုက်တယ်။
တစ်ချိန်က မိဘတွေ စိတ်ဆင်းရဲအောင် ပြုလုပ်ခဲ့ဖူးတဲ့ အပြစ်တွေကို ဝန်ချတောင်းပန်တာပါ ဖေဖေ။
၄။
“ခလွမ်း.. “
“ရှင် ကျွန်မ စေတနာကို မစော်ကားနဲ့“
“မင်းကများငါ့ကို ပြန်အော်နေတယ် ။ ဘယ်လင့်အားကိုးနဲ့လဲ ကဲကွာကဲကွာ“
အိမ်ထဲမှာ ပစ္စည်းတွေ ဝုန်းဒိုင်းကျဲနေပြီ ခွေခေါက်လဲနေတဲ့ ကျွန်မကို ခင်မာက ပြေးလာပြီး ထူတယ်။ မျက်ရည်တွေ တလိမ့်လိမ့်ကျလာပြီး ငိုဖို့ပဲ သိတဲ့ ကျွန်မက သူပြောသမျှ ငုံခံပြီး သူလုပ်သမျှ ခံနေရတဲ့ဘဝ။ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်တယ်။ ထမီကိုပြန်ပြင်ဝတ်တယ်။ ဖြည်လျော့နေတံ ဆံပင် ဆုတ်ဖွာဖွာကို ပြန်ပြင်ထုံးတယ်။
ခင်မာက
“နင်တော်လောက်ပြီထင်တယ်နော် လှထွန်း။ ငါတို့ကြည့်နေတယ်ဆိုတာ အကောင်းမှတ်မနေနဲ့။ မာလွင်ကို နင်နှိပ်စက်နေတာတွေရပ်တော့။ “
“…………..ကောင်မ လာမရှည်နဲ့။ နင် မြှောက်ပင့်လို့ ငါ့မိန်းမ ရဲတင်းလာတာ ငါမသိဘူးမှတ်နေလို့လား။ ဟေ့ ဘယ်သူ့ကိုမှာ သောက်ဂရုမစိုက်လို့ ရိုက်တယ်ကွာ။ ဘာဖြစ်လဲ။ ဘယ်သူ့ကို သောက်ဂရုစိုက်ရဦးမလဲ။ ရိုက်တယ်…..ဖယ် ခင်မာ ဒီကောင်မကို ဒီနေ့ အသေသတ်မယ်“
“ဟဲ့ လှထွန်း..ပြောနေတာမရဘူးလား။ မဖယ်နိုင်ဘူး…လှထွန်း ပြောနေတာမရဘူးလား“
အိမ်နီးချင်းတွေ မနေနိုင်တော့ဘူး။ ယောကျာ်းသားတွေ ဒုတ်ဆွဲ ဓါးဆွဲကုန်ပြီ။ ဝိုင်းထဲကို ဝင်လာကြပြီ။ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ဘာလုပ်ရမလဲ။ ဆုံးဖြတ်ချက်က ဘာလဲ။ မိန်းမသားတစ်ယောက်ရဲ့ မျက်ရည်ဆိုတာ လက်နက်တစ်ခုတဲ့။
“ဟေ့ကောင် ချလိုက်စမ်း။ ဘာလဲကွာ အရပ်ထဲလာပြီး မိန်းမတစ်ယောက်ကို ခွေးရိုက် နွားရိုက်ရိုက်နေတာ။ ရှာလည်းကျွေးရသေး။ ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားနေတဲ့ကောင်။ ချကွာ။ ခေါင်းကွဲအောင်တာချ။“
ဝုန်း။ ဒိုင်းနဲ့ ကျွန်မ အိမ်ကလေး တစ်သိမ့်သိမ့်တုန်နေတယ်။ ခင်မာကိုဖက်ပြီး ကျွန်မ ငိုနေရုံသာ။ မျက်ဝန်းထဲမှာ ဒုတ်၊ဓါးဆွဲပြီး ဝင်လာတဲ့ ယောကျာ်းသားတွေထဲက လူတစ်ယောက် ကိုလှထွန်းကို တစ်ချက်ရိုက်ချလိုက်တယ်။ သွေးတွေ ဖြာခနဲ။ ကျွန်မ မျက်ဝန်းကို မှိတ်ချလိုက်ပါတယ်။
အခြေအနေက ပကတိအငြိမ်။ ထမီကို ဆန့်ဆန့်ရန့်ရန့်လုပ်ပြီး ကျွန်မ မတ်တပ်ထလိုက်တယ်။ ခင်မာက ကျွန်မကို တွဲလို့။ ကျွန်မ အရိုးတွေ ကျိုးကြေကုန်ပြီလား။ နာကျင်တာကို ကျွန်မ မသိဘူး။ ကျွန်မ သူ့ကို ပြောချင်တာတွေ တပုံတပင်ကြီးရှိနေတယ်။ သူ မသွားခင်လေးမှာပေါ့။ မေမေနဲ့ဖေဖေအပြင် အစ်မတွေ ဆွေမျိုးတွေ ကျွန်မ အိမ်ကျဉ်းကျဉ်းလေးမှာပြည့်နေတယ်။
မိန်းမသားတစ်ယောက်ကို နိုင်ထက်စီးနင်းပြုနေပါတယ်ဆိုပြီး အိမ်နီးချင်းတွေက အမျိုးသမီးရေးရာရော ရပ်ကွက်ကိုရော ရဲစခန်းကိုပါတိုင်လိုက်တယ်။ ကျွန်မ အတွက် သက်သေတွေက အိမ်နီးချင်းတွေ တပုံတပင်ကြီး။ နောက် မျက်နှာထက်က ဒဏ်ရာတွေအပြင် တစ်ကိုယ်လုံးမှာ ထမ်းပိုးဒဏ်ကြောင့်ထင်းနေတဲ့ အရှိုးရာတွေ။
လူကြီးတွေ ခေါ်ရာနောက် သူ မပါခင်လေးမှာ ကျွန်မတားလိုက်တယ်။
“ခဏနေကြပါဦး“
သူရော လူကြီးတွေရော ကျွန်မကို လှည့်ကြည့်တယ်။ ကျွန်မ လူကြီးတွေအနားကို တရွေ့ရွေ့သွားတော့ ခင်မာက တွဲပို့တယ်။ အနားရောက်တော့ ကျွန်မ မြေပြင်ကို ထိုင်ချလိုက်တယ်။ ခွေခွေခေါက်ခေါက် ပဆစ်တုတ်ကလေးနဲ့ လက်အုပ်ကလေးချီလိုက်တယ်။ သူ အံ့ဩနေလိမ့်မယ်။ အဲလိုပဲ အားလုံးလည်း အံ့ဩနေလိမ့်မယ်။ လက်အုပ်ချီနေရင်းက
“ကို ကျွန်မ ကို့အပေါ် ဘယ်လို အပြစ်တွေ ကျူးလွန်ခဲ့ဖူးသလဲမသိပေမယ့် တစ်စုံတစ်ခုသော အပြစ်ကိုလုပ်မိခဲ့ရင် ဒီနေရာမှာ ခွင့်လွှတ်ပေးပါ။ တကယ်လို ကျူးလွန်ခဲ့တာမရှိဘူးဆိုရင် ကျွန်မ ဝဋ်ကြွေးလို့ မှတ်ယူထားခဲ့ပါတယ်။ ကျွန်မ ချစ်လို့ အိမ်နဲ့ဆန့်ကျင်ပြီး လက်ထပ်ပေါင်းသင်းခဲ့တဲ့ ယောကျာ်းကို ခုလည်း ကျွန်မ မမုန်းဘူး ကို။ ကျွန်မအတွက် လင်ဆိုတာ အိမ်ထောင်ဦးစီးပါ။ အိမ်ဦးနတ်ပါ။ သမီးလေး သီရိအတွက် ဖခင်တစ်ယောက်ပါ။ ကို့ရင်ထဲမှာ ကျွန်မနဲ့ ပတ်သက်ပြီး မကျေမလည်တာများရှိခဲ့ရင် ခွင့်လွှတ်ပေးခဲ့ပါ။ စောစောကအခြေအနေအထိ ကျွန်မ ကို့ကို ကာယကံဖြင့် ဖြစ်စေ၊ ဝဇီကံဖြင့် ဖြစ်စေ၊ မနောကံဖြင့် ဖြစ်စေ ပြစ်မှားမိခဲ့တာတွေကို ခွင့်လွှတ်ပေးခဲ့ပါ။
ကို ထွက်လာတဲ့အထိ ဇနီးမယားကောင်းပီပီသသနဲ့ စောင့်နေမယ် ကို။ ကို့အတွက် ကျွန်မ ရှိသလို ။ သမီးလေး သီရိရှိတယ်။ ဘယ်တော့မှ ကျွန်မဘဝထဲက ကို ထွက်သွားလို့မရသလို ကို့ကိုလဲ မမောင်းထုတ်ပါဘူး။ ကျွန်မ ထူထောင်ခဲ့မိတဲ့ အိမ်ထောင်တစ်ခုကို သေတပန် သက်တဆုံးအထိ ခိုင်မာအောင် တည်ဆောက်သွားမယ်။ ထိန်းသိမ်းသွားမယ်။
ကို တစ်ခုပဲ ပြန်တွေးကြည့်ပေးပါ။
ကို ချစ်လို့ယူခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ရင်ထဲကို အနီးဆုံးဖြစ်တဲ့ ကိုပဲ နားလည်တတ်ခဲ့တယ်ဆိုတာလေ။ တစ်ခုပဲ မေးချင်ပါတယ် ကို။ ကိုက မုန်းပြီလို့ သတ်မှတ်လိုက်ပြီဆိုရင် ကို့ဘဝထဲကနေ ကျွန်မ ထွက်ခွာသွားပေးဖို့အဆင့်သင့်ပါပဲလို့။ ကို့ကိုလေ..ကျွန်မ..ကျွန်မ. “
စကားလုံးတွေ ကုန်ပြီလား။ အသံတွေ မထွက်တော့ဘူး။ ငိုချင်နေတာပဲ သိတယ်။ လက်အုပ်ကလေးချီပြီး မြေပြင်ပေါ် ဦးသုံးကြိမ်ချလိုက်တယ်။ သူ့ခြေဖမိုးလေးကို နဖူးလေးနဲ့ထိလိုက်တယ်။ ကျွန်မ သူ့ကို မော့ကြည့်လိုက်တယ်။
သူ့ မျက်ဝန်းမှာ မျက်ရည်တွေ ရွှဲလို့ပါလား။
သော်ဇင်(လွိုင်ကော်)
Date-27th-Nov-2012
Time-11:08Am
13 comments
Mobile
December 14, 2012 at 10:25 am
မျက်ရည်လက်နက်
အရိုးကွဲးအောင် ရိုက်မှ အသဲစွဲအောင်ချစ် တယ်ဆိုတဲ့ စကာပုံနဲ့လာညီနေတာလေးကို
တွေ့ရပါတယ်။ အရေးအဖွဲ့ လေးကောင်းပါ၏။ အပြင်မှာ တွေ့နိုင်ချေနည်းမယ်လို့ပြောချင်တယ်…….
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
December 14, 2012 at 11:06 am
နဲနဲလေးများ ကွန်ဆာဗေးတစ်ဆန်နေလားလို့… ဟိဟိ… ဘာရယ်မဟုတ်ပါဘူးဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဘဲဥ
December 14, 2012 at 12:03 pm
မိုက်တယ်ကွာ ရင်ထဲကို တည့်တည့်ပဲ
သများဒို့က အသဲငယ်တတ်တဲ့သူဆိုတော့ သွေးထွက်သံယိုတွေဖြစ်တာကို ကြောက်တယ်ချင့်
သွေးမြင်ရင်ကို မူးနေဒါ :harr:
Mon Kit
December 14, 2012 at 12:42 pm
အပြင်မှာ တစ်ကယ်ရှိလို့ ဒီစာစုလေး ထွက်လာတာပေါ့နော်……..
Thaw Zin Loikaw
December 15, 2012 at 10:21 am
ဟုတ်ပါတယ်…အပြင်မှာ ကြုံခဲ့ရတာလေးကို ပြန်ရေးတာပါ။ ဒါပေမယ့် ဇာတ်သိမ်းကတော့ ကိုယ့်ဖာသာကိုယ်ရေးထည့်လိုက်တာ။ အပြင်မှာ သေသွားတယ်ဗျ။
ဗုံဗုံ
December 14, 2012 at 12:49 pm
ဖတ်ပြီးမျက်ရည်တောင်လည်သွားတယ် ရေးတာကောင်းလိုက်တာ
ကိုယ်တွေ့ ဟုတ်ပါဘူးနော် :harr:
ပေးကလန်
December 14, 2012 at 1:20 pm
အဲ့လူကိုများ တောင်းပန်နေတယ်
မခင်မာ သနားပါတယ်
ကွာပစ် ကွာပစ်
မိန်းမတစ်ယောက်ကို ရိုက်နှက်တဲ့ယောက်ျား အဆင့်မရှိဘူး 😡
(တစ်လုံးချိုင့်) 😛
တခုလပ်ပဲဖြစ်ဖြစ် ကလေးတစ်ယောက်မက ၂ယောက်၃ယောက်ရှိရှိ
အဲ့လူကိုကွာပစ် 😡
အမျိုးသမီးရေးရာနဲ့တိုင် 👿
မှတ်လောက်အောင်ထောင်ချ 👿
ဟီးးးး 😀
jullies cezer
December 14, 2012 at 2:44 pm
အင်းဇာတ်သိမ်းကလည်း သိပ်တရားမမျှတသလိုပဲနော် ……
မောင်ပေ
December 14, 2012 at 9:26 pm
တောက်
အဲ့လို လူမိုက်တွေကြတော့လဲ ကလေးနဲ ့ဘာနဲ ့ဗျာ
ကိုယ့်ဆရာကြောင်ကြီးခဗျာ တစ်ကောင်တည်း
ကိုသော်ဇင်ရေ အားပေးသွားပါတယ်ဗျို ့
MaMa
December 14, 2012 at 10:08 pm
အဲလို အဖြစ်အပျက်မျိုး အပြင်လောကမှာ တွေ့ဖူးတယ်။
ဒါပေမယ့် သူများမိသားစု အိမ်ထောင်ရေး ဘယ်သူမှ ဝင်မစွက်ရဲဘူး။
တသက်လုံး ဒီအတိုင်းပဲ။
အရေးအဖွဲ့လေး ကောင်းလိုက်တာ။ :hee:
ရွာသူ jujuma .
December 15, 2012 at 2:51 pm
ဇာတ်သိမ်း မလှဘူးဗျာ …
Mr. MarGa
December 15, 2012 at 3:19 pm
ရင်ထဲကို ထိစေတဲ့ အရေးအသားပါဗျာ
အကြောင်းအရာရော အရေးအသားပါ ကောင်းမွန်ပါတယ်။
မြန်မာ အမျိုးသမီး အများစုဟာ လင်သားဘယ်လောက်ဆိုးဆိုး သည်းခံလေ့ရှိတယ်ထင်ပါတယ်။(သေချာ မလေ့လာရသေးလို့)
နောက်ဆုံး ရပ်ကွက်က မနေနိုင်လို့ ဝင်ပါရင်တောင် လက်မခံတဲ့ ဇနီးသည်တွေလဲ တွေ့ဖူးပါတယ်။
etone
December 15, 2012 at 8:18 pm
အဲတော့ … လင်ဆိုးမယား တဖားဖားဆိုတဲ့ အတိုင်းပါပဲလား ။
အိမ်ထောင်တစ်ခုတည်ပြီး .. အကြောင်းအမျိုးမျိုးကြောင့်ရှေ့ဆက်ဖို့ ခက်နေတယ်ဆိုလျှင်တောင် အကြောင်းပြချက်များစွာနဲ့ ပြိုခွဲခံရဲတဲ့ သတ္တိမရှိပဲ … ဆုပ်လည်းစူး ၊ စားလည်းရူးဆိုတဲ့ အခြေနေမျိုးတွေမှာကြိတ်မှိတ် နေကြရတယ် … ။ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို တွေးကြောက်နေတာမျိုးလည်းပါတာပေါ့လေ … ။ တကယ်တော့ … ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဆိုတာ … ဥပက္ခာပြုနိုင်သူတစ်ယောက်အတွက် ကြီးကြီးမားမား နာကျင်မှုကို မပေးစွမ်းနိုင်ပါဘူး ။ အသားနာခံရ ၊ အသည်းနာခံရတဲ့ ဒုက္ခတွေထက် အများကြီးသာပါတယ် ။
ကိုသော်ဇင်ရေ .. ကျွန်မတော့ … မိန်းမကို ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် ရိုက်တတ်တဲ့ ယောကျာ်းမျိုးကို အထင်သေးမိပါတယ် ။ ဒါ့ပြင် …. ယောကျာ်း အထုထောင်းခံပြီး ငြိမ်ခံနေတဲ့ မိန်းမမျိုးဆို ပိုလို့တောင် အထင်သေးမိတယ် ။ ငြိမ်ခံနေခြင်းက ၊ အလားတူ အခြေနေတရပ်ထပ်ဖြစ်ပါစေလို့ ရည်ညွှန်းလိုက်သလို ခံစားမိလို့ပါ …။ လင်နဲ့ မယား လျှာနဲ့သွားလို့ပြောကြပေမယ့် .. အိမ်ထောင်ဦးစီးအမည်ခံပြီး အကြောင်းမဲ့ အနိုင်ကျင့်ခွင့်တော့ မရှိဘူးမှတ်တယ် … ။
တဖက်ကတောင် ကိုယ့်ကို လုပ်ရက်သေးတာပဲ ..ကိုယ်ကလည်း ပါးရိုက်လျှင် .. နားပြန်ကိုက်သင့်တယ်လို့ ..ကျွန်မတော့ လက်ခံထားပါတယ် …. (အဟီး ..တိုက်ဆိုင်သူတွေကို မြှောက်ပေးတာတော့ မဟုတ်ဘူး … သဘောထားလေးပြောပြတာ… 😉 )