Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွဲမှားခြင်းနိယာမ

          နေပူကျဲတဲအောက်တွင်တချိန်လုံး လမ်းလျှောက်နေရရင်းမှ ရုတ်တရက် နေရိပ်အောက်ထဲ ဝင်လိုက်သဖြင့် မျက်စိတို့ပြာဝေသွားရသည်။

“ အောင်မလေး သေပါပြီတော့် “

သူ သည်လောက်အော်နေတာတောင် မည်သူမျှ လာရောက်ဖေးမထူခြင်းမရှိ။ ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရင်း ခပ်လှမ်းလှမ်းကမြောင်းထဲသို့ကျသွားသော ဗန်းကို ပြေးကောက်ရသည်။ နီရဲစွာ ကျဲပြန့်နေသော ဖရဲသီးစိတ်များကတော့ ရစရာမရှိတော့။ သူ့ရင်ဘတ် အိတ်ထောင်ထဲတွင် ငွေနှစ်ရားငါးဆယ်ထဲရှိသေးသည်။ သည်နေ့အဖို့ အရင်းရဖို့မပြောနှင့် အမြတ်ပင် စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။

ဖရဲသီးစိတ်များကို နှမြောတသစိတ်ဖြင့် ကြည့်နေရင်းက ပတ်ဝန်းကျင်ကို မျက်စိက ကစားဖြစ်သည်။ သူ့အား ရယ်ကျဲကျဲဖြစ်ကြည့်နေသော ကောင်လေးတွေ၊ ကောင်မလေးတွေကိုတွေ့ရသည်။ ရယ်ရက်လိုက်လေခြင်း။

သူ သိမ်ငယ်စွာခံစားလိုက်ရသည်။

(၁)

          “မနေ့က နင် ဖရဲသီးဗန်းမောက်ကျလို့ဆို“

အမေးနှင့်အတူ ဗြန်းခနဲထိုင်ချလိုက်သော ခင့်ကို သူမုန်းပါသည်။ နုတ်သွက်အာသွက်နှင့် စပ်စုလွန်းလှပါသော ခင်သည် သူ့အတွက်တော့ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်နေပြန်ပါသည်။

“ဟုတ်တယ်ဟဲ့။ “

“နင်ကလည်း နင်ပဲ နေရာတကာ နမော်နမဲ့နဲ့ကိုး“

“နေပူကနေ နေရိပ်ထဲအဝင် မျက်စိတွေ ပြာသွားလို့ပါဟယ်။ ဒါတောင် ဖေးမမယ့်သူ တစ်ယောက်မှ မရှိဘူး“

ခင်က စိတ်မကောင်းသည့်ဟန်နှင့် သူ့ကိုကြည့်သည်။ ထိုအကြည့်တွေကိုလွဲဖယ်ရင်း ကောက်လက်စ စပါးလုံးတွေကိုသာ ခေါင်းငုံ့ပြီး ရွေးနေလိုက်တော့သည်။ ခင့်မျက်ဝန်းဆီက အားပေးနှစ်သိမ့်နေသည်ကို သိသည်နှင့် သူလည်း အလိုလို အားငယ်လာရသည်ပဲ။ သူ သည်နေ့ဈေးမထွက်ဖြစ်။ မနေ့က မောက်ကျသွားခဲ့သော ဖရဲသီးဗန်းက အမြတ်ရော အရင်းပါ ပါသွားခဲ့သဖြင့် သူ သည်နေ့ ဈေးမထွက်နိုင်ခြင်းဖြစ်သည်။

ဖရဲဆိုင်က လက်လီစိတ်သည်တွေကြားထဲ သူ အမြဲနောက်ကောက် ကျန်ခဲ့ရသည်ချည်း။ တခြားသူတွေ အရင်းမပေးနိုင်လည်း နောက်တစ်ရက်နှင့်ပေါင်းပြီး ရောင်း၍ပေးလို့ရသည်။ သူ ဆိုလျှင်။

သူ ထိုအကြောင်းတွေ မတွေးချင်တော့။

“နင် ဈေးမထွက်နိုင်ဘူးဆို သန်းအေးပြောတယ်။ ရော့“

သူ မယူချင်ပါဘူး။ ခင့်လက်ထဲက ငွေတစ်ထောင်တန်ကလေးသည် သူ့အတွက် ဈေးရင်းလို့ရသည်။ သူ ခင့်ဆီက အကူအညီမယူချင်။

“ရပါတယ်ဟာ။ မနက်ဖြန်တော့ ငါဈေးထွက်နိုင်မှာပါ“

“နင် နေ့ပြန်တိုးချေးဦးမလို့မလား။ လုပ်မနေပါနဲ့။ ဒီက ယူလိုက် ။ အတိုးရော၊ အရင်းရော နင်ပြန်ပေးစရာမလိုပါဘူး။ နင့်ကို ကူချင်လို သက်သက်ငါလာခဲ့တာ။ ကဲ ငါသွားမယ်။“

ငွေတစ်ထောင်က ဆန်ဗန်းထဲမှာ။ ဘာလုပ်လုပ် တင့်တယ်နေသော ခင်နှင့် သူသည် တစ်ရက်ပြီးတစ်ရက် ဝေးကွာနေခဲ့ပြီဟု သူထင်လိုက်သည်။

(၂)

          ည သန်းခေါင်ကျော်နေပြီ။ မေမေ ချောင်းဆိုးနေဆဲ။ ရာသီဥတု အကူးအပြောင်းကြောင့် မေမေ တစ်နေ့က စဖျားသည်။ နေကုန်နေခမ်း အဝတ်လျှော်နေရသော မေမေကို့ သူသနားသည်။ သူ ဖရဲသီးစိတ် ရောင်းရသည့် အမြတ်ငွေလေးက မစို့မပို့။ မနေ့က သူ ဖရဲသီးဗန်းမောက်ကျသည်။ သူ့လက်ထဲတွင် ဈေးရင်းမရှိတော့။ ဖရဲသီးဆိုင်ကို အရင်းမပေးနိုင်သည့် အကြောင်း မျက်ရည်ခံထိုး၍ ပြောရသည်။ မယုံချင် ယုံချင်နှင့် နောက်နေ့ ဈေးရင်းပါလာမှ လာခဲ့ဟု ဆောင့်ကြီးအောင့်ကြီးပြောလွှတ်သည်။ ထို့ကြောင့် သည်နေ့ဈေးမထွက်နိုင်။ ညနေကမှ ခင်က ဈေးရင်း ငွေတစ်ထောင် လာပေးသွားသည်။ တစ်နေကုန်တစ်နေခမ်း ဗန်းရွက်ဖရဲသီးရောင်းပါမှ တစ်ထောင့်ရှစ်ရာ နှစ်ထောင်လောက်ရသည်။ ဒါသည်ပင် ဆန်ဝယ်လိုက်လျှင် ငွေနှစ်ရာပျော့ပျော့သာကျန်၏။

“အဟွတ်…အဟွတ်….အဟွတ်“

မေမေ ချောင်းတွေ တရစပ်ဆိုးလာသည်။ သူ ဖယောင်းတိုင်မီးညှိလိုက်သည်။ မေမေ နဖူးပြင်ကိုစမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူနေသည်။ မေမေ အဖျားတွေတက်နေသည်ကော။ မေမေ့ခေါင်းရင်းက ပလပ်စတစ်ခြင်းထဲတွင် မနေ့က ဝယ်ထားသော ငန်းဆေးထုပ်ပင်မရှိတော့။ မေမေဆေးမရှိတော့သည်ကို သူ့ကိုမပြော။ ကျိတ်မှိတ်နေခဲ့သည်ကော။

တရုတ်ဖြစ်တိုင်ကပ်နာရီကလေးကိုကြည့်တော့ ဆယ့်နှစ်နာရီခွဲ။

သည်အချိန် သူ့တို့ရပ်ကွက်ကလေးထဲရှိ မည်သည့်ဈေးဆိုင်မျှ မဖွင့်တော့သည်ကို သူသိသည်။ သူတို့ရပ်ကွက်နှင့် တစ်လမ်းကျော်တွင် ရှိသော ဆေးဆိုင်ကြီးတစ်ဆိုင်ကို အမှတ်ရသည်။ သူ့ ခေါင်းဦးအောက်ကို လက်နှင့်စမ်းပြီး နှိုက်လိုက်သည်။ ညနေက ခင်ပေးသွားသော ငွေတစ်ထောင်။

နက်ဖြန်မနက်..ဈေးရင်းရမည် ငွေတစ်ထောင်။ နက်ဖြန်မနက် ဈေးမထွက်နိုင်လျှင် ထိုနေ့အဖို့ ချက်စရာဆန်ကလွဲ၍ ဟင်းစားမရှိ။ ညနေကတည်းက မီးဖိုချောင်ထဲတွက် ပြောင်သလင်းခါနေသော ဆားဗူး၊ အချိုမှုန့်ဗူးတွေကိုတွေ့ရသည်။ လက်တစ်လုံးသာကျန်သော ဆီပုလင်းကိုလည်းတွေ့သည်။

ခု နေမကောင်းသော မေမေ့ကိုတွေ့သည်။ မရှိသာချင်းအတူတူ မေမေမရှိလို့ သူ့ဘဝမဖြစ်။ လက်နှိပ်ဓါတ်မီးကိုကိုင်ဆွဲပြီး အိမ်ကထွက်လိုက်သည်။ မထွက်ခင် မေမေ့ကိုယ်ပေါ်သို့ သူခြုံသည့်စောင်ကို ထပ်ပေးခဲ့သည်။

ညကောင်းကင်ယံတွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းနေသည်။

(၃)

          ခွေးများ ဟောင်လွန်းလှသည်။ ခွေးကြောက်တတ်သော  သူ့အဖို့ ချွေးတွေတောင်ပြန်လာရသည်။ တစ်ချို့အိမ်တွေ ခြံစည်းရိုးမလုံသဖြင့် ခွေးတွေက ခွေးတိုးပေါက်တိုင်းကနေ ပြေးပြေး ထွက်လာလိုက်ကြသည်များ တစ်ကောင်ကပင် နှစ်ကောင်အထက် များလာသည်။ လက်နှိပ်မီးလေး ထွန်းလျှက်က လမ်းဘေးတွင် တွေ့ရသော ဒုတ်တစ်ချောင်းကို လက်နက်သဖွယ် ကောက်ကိုင်လိုက်ရသည်။

သူ့လက်ထဲတွင် မေမေ့အတွက် ချောင်းဆိုးပျောက်ဆေးနှင့် အပူကျဆေးတွေပါလာသည်။ သည်ဆေးတွေသည်ပင် သူ အောက်ကျ နောက်ကျခံ၍ဝယ်လာရသော ဆေးတွေဖြစ်သည်။

ရှုပ်ရှုပ်ယှက်ယှက်တွေဟူသော အကြည့်တွေနှင့် သင်ကာမကင်းရှိနေသော အကြည့်တွေက သူ့ စာရိတ္တတွေကို မထီမဲ့မြင်ပြုနေသည်။ ပိတ်ထားသော ဆေးဆိုင်ရှေ့တွင် မယောင်မလည်နှင့် မတ်တပ်ရပ်နေရင်း သူ့အသံနွဲ့နွဲ့ကလေးဖြင့် ဆိုင်ရှင်တွေကိုအသံပြုနေရသည်။ တိတ်ဆိတ်သော ညသည် သူ့အသံကြောင့်နိုးထမလာ။ ကံကောင်းထောက်မစွာဖြင့် ကားတစ်စီး ဆေးဆိုင်ရှေ့ထိုးဆိုက်လာသည်။

ကားပေါ်ကလူတွေ ပျာယာခတ်နေကြသည်။ ဆေးဆိုင်တံခါးကို တဘုန်းဘုန်းထုသည်။ အော်ခေါ်သည်။ အထဲက ချောက်ဟူသော ချက်ချသံကိုကြားလိုက်ရသဖြင့် သူပါ ဝမ်းသာသွားရသည်။

“ဘာလဲ“

“ဆေးလိုလိုပါ။ “

“ဘာဆေးတွေလဲ“

“ဒီမှာ ဆေးရုံက ဆရာဝန်တွေရေးပေးလိုက်တဲ့ ဆေးစာပါ“

လိုချင်သည့်ဆေးတွေရသည်နှင့် ကားငယ်လေးသည် မြှားတစ်စင်းပမာ လစ်ခနဲမြင်ကွင်းမှပျောက်သွားသည်။ ခုမှ သူ ဆေးဆိုင်ရှေ့သို့ရောက်နေရခြင်းအကြောင်းကို အမှတ်ရသည်။ ကပျာကယာဖြင့်ပင် တံခါးကို ဆွဲပိတ်နေပြီဖြစ်သော ဆေးဆိုင်ရှင်ကို လှမ်းတားလိုက်ရသည်။

“ဟို ချောင်းဆိုးပျောက်ဆေးနဲ့ အပူကျဆေးလိုချင်လို့ပါ“

သူ့ကိုကြည့်သော အကြည့်တွေ သူမကြိုက်ပါ။

“ပိုက်ဆံဘယ်လောက်ပါသလဲ“

“တစ်..တစ်ထောင်ပါ“

“ပေး သုံးကြိမ်စာကြည့်ထည့်ပေးလိုက်မယ်“

ဆေးဆိုင်ကအပြန် သူ့ခြေလှမ်းတွေ သွက်နေသည်။လမ်းတွင် လူသူလေးပါး ကင်းမဲ့နေသည်။ တစ်ချက်တစ်ချက် လမ်းသွယ်လေးဆီမှာ ပြေးပြေးထွက်လာသော ခွေးလေ ခွေးလွှင့်များမှာလွဲ၍ မည်သည့် သက်ရှိမျှ မတွေ့မိ။ ရပ်ကွက်ထိပ် ကင်းတဲနားသို့ သူရောက်လာသည်။ ကင်းသမားတွေ သံသေးသံကြောင့်ဖြင့် ညသန်းခေါင်ကိုနှိပ်စက်လျှက် သီချင်းအော်ဆိုနေကြသည်။ ကင်းတဲတွင် လူ လေးယောက်ခန့်ရှိမည်ဟု သူသိသည်။ သူတို့ရပ်ကွက်ထိပ်သည် မှောင်မည်းနေသည်။ မီးမပါ ရေမပါသော အိမ်ဌားတွေ သည်ရပ်ကွက်ကလေးတွင် စုပြုံနေသည်။

“ဟေ့ ရပ်လိုက်စမ်း“

သူ ထိတ်ခနဲဖြစ်သွားရသည်။ ကင်းသမားက လက်နှိပ်မီးဖြင့် သူ့ကိုထိုးကြသည်။ ပြီးတော့

“ဟေ့ကောင်တွေ ရှေ့က ဘယ်သူများလဲ မှတ်တယ်..။ ဖရဲသီးစိတ်သည်ကလေးပါလားဟေ့“

သူ့ မျက်နှာတွင် ချွေးသီးချွေးပေါက်များ သီးထလာသည်။ သူနှင့် ခြေဆယ်လှမ်းအကွာတွင် ကင်းသမားတစ်စု…။

(၄)

          မေမေဆေးသောက်ပြီး ပြန်အိပ်ပျော်သွားပြီ။ သူလုပ်ခဲ့သော လုပ်ရပ်သည် မှန်သလား မှားသလား ခုချိန်ထိ ဝေခွဲမရဖြစ်နေသည်။ အချိန်သည် မနက် သုံးနာရီကိုပြနေသည်။ လှိုက်ဖိုနေသော ရင်ဘတ်ကြီးသည် ခုထိ ဖုလိုက် ဖောင်းလိုက်ဖြစ်နေဆဲ။ စောစောက မေမေ့ကိုဆေးတိုက်သည်ပင် တုန်ယင်နေသော လက်အစုံကို သတိကြီးစွာထားလျှက် ရေခွက်ကို မနည်းမနှောကိုင်ထားခဲ့ရသည်။ အဖျားကြီး၍ မျက်လုံးပိတ်လျှက် မှိန်းနေရသော မေမေ့ကို သူကျေးဇူးတင်သည်။ သို့မဟုတ်လျှင် သူ့မျက်နှာထက်ဆီမှ စိုးရိမ်ပူပန်မှုများ၊ ကြောက်ရွံ့အားငယ်စိတ်များကို မေမေ တွေ့သွားပေလိမ့်မည်။ နံနက်မိုးသောက်လျှင် ခင်နှင့် သူမတွေ့နိုင်တော့။ ရခဲလှသော ဘဝကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ကပြောင်းသိ ကပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့ပါသော သူ။ သည်ရပ်ကွက်ထဲတွင် ရှိမနေလောက်တော့။

ခင်ပေးသော ငွေတစ်ထောင်သည် မေမေ့အတွက် ဇီဝိတဒါနတစ်ခုဖြစ်သွားခဲ့သည်ဆိုလျှင် ခင်ကျေနပ်နိုင်ပါလိမ့်မည်။ ခင် သူ့ကိုခွင့်လွှတ်လိမ့်မည်ဟု သူ ထင်သည်။

နားထဲတွင်

“ဟေ့ကောင်တွေ ရှေ့က ဘယ်သူများလဲ မှတ်တယ်..။ ဖရဲသီးစိတ်သည်ကလေးပါလားဟေ့“ ဆိုသည်ကိုပြန်ကြားယောင်မိသည်။

 

 

(၅)

          လူလေးဦး သူ့အနားရောက်လာကြသည်။ သူ့နှာခေါင်းဝတွင် အရက်နံ့ကချဉ်ချဉ်စူးစူးဖြင့် ထောင်းခနဲ။ ခြေလှမ်းတွေက ယှိုင်တိုင်တိုင်အခြေအနေ။

“ဪ ဘယ်သူများလဲမှတ်တယ် မိအုန်းကြည်သား အခြောက်ကလေးကို၊ ဟေ့ကောင်တွေကြည့်စမ်း ဒီကောင်က ဒီလိုတော့လည်း မိန်းမချောချောသားဟ၊ ကြည့်စမ်း၊ ကြည်စမ်း“

သူ့မေးစေ့ကို လက်ကြမ်းကြမ်းကြီးဖြင့် ကင်းသမားအဖော်တွေကို ဆွဲပြနေသည်။ သူကြောက်နေပြီ။ တစ်ကိုယ်လုံး တုန်ရီလာခဲ့ပြီ။ သွေးတို့ ခေါင်းတွင် လာလာဆောင့်နေပြီ။

“ဟုတ်သားဟ၊ ကြည့်ဦး ကိုယ်လုံးကိုယ်ပေါက်ကလဲ မိန်းမတစ်ယောက်လိုပဲကွ။ နေပါဦး မင်းက ဒီအချိန်ကြီး ဘ.ယ်က ပြန်လာတာလဲကွ။ ပြောစမ်းပါဦး ၊ ကိုကြီးတို့ကို“

သူ့ပခုံးကိုသိုင်းဖက်လာသည်။ သူတစ်ဘက်ကိုယှိုင်သွားခဲ့သည်။

“ဆေး…ဆေး..ဆေးဆိုင်ကပါ။“

“ဘာဆေးဆိုင်ဟုတ်လား။ မင်းကွာ လာလိမ်နေသေးတယ်။ မင်းတို့အထာတွေ ငါတို့နှပ်နေပြီကွ“

“တ….တကယ်…တကယ်ပြောတာပါ ဒီ …ဒီမှာ ဆေးတွေပါ“

သူပြသော ဆေးထုတ်တွေကိုကြည့်ပြီး တစ်ယောက်က အော်ရယ်သည်။

“ဟား……ဟား…ဟား…..ဟား ဟေ့ကောင်တွေ “

“ဟေ “

“မလောက်လေး မလောက်စား အခြောက်က ငါတို့ကို လာလိမ်နေတယ်ဟေ့။ ငါတော့ သိပ် စိတ်မရှည်ချင်တော့ဘူး…။“

“ဒီတော့“

သူတို့မျက်လုံးတွေ ခက်ထန်နေသည်ဟု သူထင်လာသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေမြဲ တိတ်ဆိတ်နေ၏။ သူ့တစ်ကိုယ်လုံး ပူထူလွန်းလှသည်ဟု ခံစားမိသည်။

“ဇာတ်တူသားချင်းစားရင် ပိုချိုတယ်ဆိုကွ“

“သဘောပေါက်ပြီကွာ လာစမ်း“

သန်မာသော လက်ကြီးနှစ်ဖက်က သူလက်မောင်းသေးသေးလေးကိုဆွဲပြီး ကင်းတဲအနောက်ဘက် ခြုံစပ်သို့ဆွဲခေါ်သွားခဲ့သည်။ သူ ရုန်းကုန်ပြီး ပြေးဖို့ကြိုးစားသည်။ ပါးစပ်ကလည်း။

“လင်း  လင်းကို ဘာမှမလုပ်ပါနဲ့။ လင်းအဲလို လူမဟုတ်ဘူး။ လင်းကို လွှတ်ပေးပါ မေမေ မေမေ ဖျားနေတယ် လင်းကိုလွှတ်ပေးပါ ဟီး…ဟီး..ဟီး“

သူတို့ ရမ္မက်သွေးများသည် ဆာလောင်မွတ်သိပ်နေကြလျှက် သူ့စကားသံကိုမျှ မကြားတော့ပဲ အရှက်တရားကင်းမဲ့လျှက် အတွေ့ထူးတစ်ချို့ကို ဝိုင်းဝန်း စားသောက်ခဲ့ကြသည်။လူလေးဦးနှင့် လူတစ်ဦး ဘယ်မှာ အင်အားမျှမည်နည်း။

(၆)

          မျက်စိရှေ့ သွေးအိုင်ထဲတွင် မှောက်ယက်လဲနေကြသော လူလေးဦး။ ထင်းခွဲပုဆိတ်ကိုကိုင်ထားသော သူ မလှုပ်မယှက်ကြီးကြည့်နေမိသည်။ သူ့ပုဆိုးလေးတစ်ထည်လုံး အညစ်အကြေးများနှင့် ပေကျံနေသည်။

စောစောတုန်းက သူ ထိုလူလေးဦးလက်မှ ရုန်းထွက်လာခဲ့သည်။ ကင်းတဲနားအရောက် သူ မီးပုံဘေးရှိ ထင်းခွဲပုဆိန်ကိုတွေ့လိုက်ရသည်နှင့် ခြေလှမ်းများတုန့်ခနဲရပ်သွားခဲ့သည်။ ဘဝတွင် ဝဋ်ကြွေးရှိခဲ့၍ ပြန်လည်ပေးဆပ်နေရသော သူ့အဖြစ်က ခုတော့ ရှက်ခြင်းကြောက်ခြင်း၏ အခြားတစ်ဖက်မှာ အစွန်းရောက်ခဲ့ရပြီ။ လက်ထဲတွင် မေမေ့အတွက်ပါလာသော ဆေးထုပ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

သူ စိတ်ထဲတွင် တစ်ခါမှ မဖြစ်ဖူးသော မပေါ်ပေါက်ခဲ့ဖူးသော စိတ်ဓါတ်တို့ရှင်သန်လာသည်ဟု ထင်နေသည်။ ယုံကြည်မှုတစ်ခုသည် ခုမှ ဖြစ်တည်လာရသည်။

မျက်ဝန်းများဆီမှာ မျက်ရည်တွေ တစိမ့်စိမ့်ထွက်လာနေသည်။ သူ့အကျီင်္တစ်ခုလုံး စုတ်ပြဲနေသည်။ မက်မောစရာမရှိသော ပုရိသယောကျာ်းတစ်ယောက်၏ ရင်ခွင်တစ်ခုကို အဆန်မရှိသော ဟန်ဖြင့် ခုဖြည့်ဝတ်ထားခဲ့သော ဇာဘော်လီပင် တစ်ပိုင်းတစ်စပေါ်နေ၏။ သူ အကျီကို ဆွဲချွတ်လိုက်သည်။ ထို့နောက် ဘော်လီကို ..။

ပုဆိုးကို ပုဆိုးလို သူဝတ်သည်။ မိန်းမပုံပုဆိုးဝတ်ပြီး မှောက်ယက်လဲခဲ့သောနေ့လည်ခင်းတစ်ခု။ ဖရဲဆိုင်က မဲ့ကာရွဲ့ကာဖြင့် နောက်နေ့မလာနဲ့ဟုပြောသော မြင်ကွင်းတစ်ခု။ ဆေးဆိုင်က ကြည့်သော အကြည့်။ ပြီး ခင်၏ မျက်ဝန်းဆီမှာ ရိပ်ရိပ်ပြေးနေသော အကြင်ပါသော စာနာနှစ်သိမ့်နားလည်မှု..။

သူ ပုဆိန်ကိုကိုင်မိလိုက်ချိန်တွင် ဘာကိုမှ မသိတော့။

စောစောက ခြုံထဲကို တရှိန်ထိုးပြေးဝင်ပြီး မူးငိုက်နေသော လူလေးဦးကို အပိုင်းပိုင်းခုတ်ချလိုက်သည်။ သွေးတို့ဖျာခနဲ။ သူ့ပါးစပ်က

“ဇာတ်တူသားစားရင် ပိုချိုတယ်ဆိုတာ မဟုတ်ဘူး..အဲဒါ ဇာတ်တူသားစားလို့ ဟင်္သာ ကိုးသောင်း ပျက်စီးတာကွ..။အဲဒါဟင်္သာကိုးသောင်းဒီလိုပျက်စီးတာကွ။ဇာတ်တူသားစားလို့ကွ…ကဲ..ကွာ…ကဲကွာ..ဟီး…ဟီး..ဟီး“သော်ဇင်(လွိုင်ကော်)

Date-14th-Dec-2012

Time-02:26PM

10 comments

  • ခိုင်ဇာ

    December 21, 2012 at 11:24 am

    ဘုရား။ ဘုရား။ မဖတ်လိုက်မိရင် ကောင်းမယ်ကွယ်။
    စိတ်မချမ်းသာလိုက်တာနော်။
    အရေးကောင်းတော့ ပိုဆိုး သလားပဲ။ 🙁

  • Mon Kit

    December 21, 2012 at 12:01 pm

    ကိုသော်ဇင်..
    ဒီလို ဇာတ်လမ်းမျိုး ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား စဉ်းစားမိတယ်…
    လောကကြီးက အဆန်းတကြယ်တွေ ကြုံနေတော့ ဖြစ်နိုင်တယ်လို့ဘဲ ဆုံးဖြတ်လိုက်တယ်…
    ခံစား ဖတ်ရှုသွားပါတယ်…..

  • juu juu

    December 21, 2012 at 1:01 pm

    ထူးထူးခြားခြားလေးပါပဲ ကိုသော်ဇင်

  • kyeemite

    December 21, 2012 at 2:48 pm

    အရေးအသားကောင်းလို့ ဖတ်သွားပါတယ်ဗျာ..

  • Thuyazaw

    December 21, 2012 at 4:02 pm

    ဇာတ်လမ်းက တော်တော်လေးကောင်းသဗျာ……ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်တာကွ……မိုက်တယ်ဟေ့….

  • MaMa

    December 22, 2012 at 6:52 am

    တစ်လျှောက်လုံးဖတ်လာတာ ဇာတ်ကောင်က မိန်းကလေးလား၊ ယောကျင်္ားလေးလား မသဲကွဲတာ…
    ဇာတ်သိမ်းတော့မှပဲ ဖွင့်ချပြလိုက်တော့တာကိုးးးးး
    အဲလို ရေးနည်း ရေးဟန် တမျိုးဆန်းတာကို သဘောကျတယ်။
    ဇာတ်လမ်းလေးကလည်း ကောင်းးးးး
    အရေးအဖွဲ့ကလည်း ကောင်းးးးးးး :hee:

  • padonmar

    December 22, 2012 at 11:23 pm

    အကြောင်းအရာရွေးချယ်ပုံလေးရော၊တင်ပြပုံဆန်းတာလေးရော သဘောကျပါတယ်။
    ဒီစာလေးဖတ်ပြီး ငယ်ငယ်က မြန်မာ့အသံ ဇာတ်လမ်းပမာကလာလာနေတဲ့ ရှောက်သီးဆေးပြား၊မရမ်းပြားတွေ ရောင်းရဖို့အရေး မိန်းမရှာယောင်ဆောင်ရတဲ့ လူကြီး သူ့သားလေးက အဲဒီ မရမ်းပြားစားချင်လို့ ပူဆာတော့ ဆိုးဆေးတွေသုံးထားတဲ့ မရမ်းပြားမစားဖို့ ရိုက်ဆုံးမတဲ့ ဇာတ်လမ်း(စန္ဒယားဦးအောင်ခင် လို့ထင်ပါတယ်)၊အဲဒါလေး သတိရမိတယ်။
    လောကကြီးက ဆန်းကြယ်တော့ ဒီထဲက ကင်းသမားတွေလို ယုတ်မာတဲ့သူတွေလည်း အပြင်လောကမှာတကယ်ရှိမှာပါပဲ။
    …………
    ဖရဲသီးဗန်းမှောက်ကျလို့ ရေးရပါမယ်။(မောက်=ပြည့်မောက်၊ဂုဏ်မောက်၊မြင့်မောက်/ မှောက်=အောက်ကို မှောက်ကျတာပါ)
    မှောက်ရက်လဲရပါမယ်။(မှောက်လျက် ဆိုလည်း မှန်ပါတယ်)
    မှောက်ယက်လဲရင် မှောက်ပြီးတော့ ယက်ယက်သွားပြီးမှ လဲကျသလိုဖြစ်ပါမယ်။

    ပတ္တမြားလေးဆိုတော့ အနာစင်စေချင်တဲ့ စေတနာပါ။
    အော်ဒရေးဟက်ဘန်းရဲ့ မျက်နှာပေါ်က မှဲ့ခြောက်တွေလို မှဲ့စွန်းပါမှလှတယ်လို့ပြောတဲ့ မြတွေလိုနေချင်ရင်တော့ သတ်ပုံ ဂရုမစိုက်နဲ့ပေါ့။

  • kai

    December 23, 2012 at 2:08 am

    တကယ်တော့.. အလိုမတူပဲကာမဆက်ဆံရင်.. မိန်းမဖြစ်ဖြစ်.. ယောက်ျားဖြစ်ဖြစ်.. ဂေးဖြစ်ဖြစ်.. မုဒိန်းမှုပါပဲ..။
    လင်မယားခြင်း.. အလိုမတူပဲဆက်ဆံလဲ.. မုဒိန်းမှုပါပဲ..။
    လူသတ်မှုလောက်ကိုအပြစ်ကြီးပါတယ်..။

    မုဒိန်းမှုကို.. လူသတ်မှုနဲ့ပြန်ဖုံး.. ရုန်းထွက်သွားတာပေါ့..။
    ဇတ်လမ်းထဲမှာ.. ကင်းသမား(ယုံကြည်လို့အပ်နှံခံထားရသူ) တွေက.. မုဒိန်းမှုကို..Hate crime ( မုန်းတီးမှုနဲ့လုပ်တဲ့ရာဇဝတ်မှု) နဲ့ရောလုပ်ကြတာမို့.. တော်တော့ကို့လူ့သားစည်းကမ်းဖေါက်တယ် တွေးမိတာပဲ..။

    အင်း..
    အယ်ဒီတာ့ အမြင်နဲ့ပြောကြည့်ရရင်..
    ဒီရသက.. အင်မတန်ဒေါသသင့်တယ်ထင်မိတယ်..
    ရသထဲ..တခုခုပေးကျန်ရစ်နိုင်ရမယ်တွေးရင်တော့.. ခေတ်စနစ်အခြေအနေကိုထင်ဟတ်နေသလား.. လို့ပါပဲ..
    ကြောက်စရာ… :harr:

  • လုံမလေးမွန်မွန်

    December 23, 2012 at 2:13 pm

    ကိုသော်ဇင်ရေ..
    ဖတ်သမျှစာတွေကို ကောင်းလိုက်တာလို့ပဲ ပြောတတ်တော့တယ်…

    ဒီဇာတ်လမ်းလေးကတော့ တစ်မျိုးလေးပဲ… ဇာတ်သိမ်းက လှည့်ကွက်လေးကို ပိုသဘောကျတယ်…

    ဒါနဲ့ အပေါ်က စာလေးက တစ်မျိုးလေးပဲ..

    သည်နေ့အဖို့ အရင်းရဖို့မပြောနှင့် အမြတ်ပင် စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။

    အမြတ်ရဖို့ မပြောနှင့် အရင်းပင် စုန်းစုန်းမြုပ်နေပြီ ..အဲလိုထင်တယ်..

    ခင်တဲ့
    လုံမလေး

    • လူကလေး

      January 17, 2013 at 10:01 am

      အယ်.. လုံမလေးနဲ့ အမှားမြင်တာခြင်း တူနေပြီ.. ထည့်မရေးတော့ဘူး

      အင်း ဒုတိယ ဒုတိယ.. ထို်က်ပါတယ်. . တော်တော်ကောင်းသကိုး..

Leave a Reply