စိတ် စေတသိက်အား အေးမြပါရစေသား..။

koyin sithuDecember 27, 20121min19610

တစ်နေ့သ၌ ကျွန်ုပ်သည် ကိုယ်ရေးကိုယ်တာ အကြောင်းအရာတစ်ခုကို အကြောင်းပြု၍  လွန်စွာ စိတ်ပျက်ခြင်း စိတ်ဓာတ်ကျခြင်း အားငယ်ခြင်း သိမ်ငယ်ခြင်းစသော စိတ်ခံစားချက်တို့ကို အကြောင်းပြု၍ လောကကြီးတွင် ဆက်လက် အသက်ရှင်သန်ချင်စိတ်တို့ ကုန်ခမ်းလျှက် ရှိလေတော့၏။ မည်သည့်အလုပ်ကိုမျှ လုပ်ကိုင်ချင်စိတ်လည်း မရှိဖြစ်နေ၏။ ထိုကြောင့် ဘာဆက်လုပ်ရမယ်မှန်း မသိသဖြင့် ကျွန်ုပ်စိတ်နေကျ အဓိဌာန်ပုတီး၊ တားရော့အိတ်၊ Red Ruby ဆေးလိပ်တစ်ဘူး အိပ်ကပ်ထဲထည့်၍ ကျွန်ုပ်နေထိုင်ရာ အိမ်ခန်းကလေးမှ ထွက်လာခဲ့လေ၏

ခြေဦးတည့်ရာ လမ်းလျှောက်ထွက်လာရင်းဖြင့် ကျွန်ုပ်သည် မျက်စိထဲတွင် ရှိသမျှ အရာဝတ္ထုအားလုံးတို့ကို မြင်သလိုလို မမြင်သလိုလို ဖြစ်နေ၏ တွေ့သမျှ လူတိုင်းကိုလည်း မမြင်သကဲ့သို့ ဖြစ်နေလေတော့၏ ကျွန်ုပ်သည် လမ်းရှိသမျှကို ဆက်လျှောက်၍သာနေမိတော့၏ ထိုကဲ့သို နာရီဝက်လောက် လမ်းဆက်လျှောက်နေရာမှာ ခဏရပ်ပြီး ဘယ်ရောက်နေလဲ ကြည့်မိလိုက်ရာ ကျွန်ုပ်ငယ်စဉ်က ကျောင်းဆင်းချိန် အပြန်လမ်းတွင် လမ်းလျှောက်ရင် ဂေါ်လီပစ်ရင်း ပြေးလွှားဆော့ကစားနေကျ အင်းစိန်ထောင်နား တဝိုက်သို့ပင် ရောက်ရှိနေလေသည်။ ထိုအနားတွင်လည်း စေတီလေးတစ်ဆူ တွေ့မိလေသည်။ ရှေ့တည့်တည့်ဆက်လျှောက်လျှင် စီအိုင်ဒီဝင်းအတွင်းသို့ရောက်မည်ဖြစ်ပြီး ဘယ်ဘက်သို့ လှမ်းလျှောက်ပါက စေတီလေးသို့ရောက်မည့် လမ်းနှစ်သွယ်ရှိလေ၏

ကျွန်ုပ်သည် မတ်တပ်ရပ်၍ စေတီလေးနားတွင် ခဏနားရမည်လား။ စီအိုင်ဒီဝင်းကိုဖြတ်ပြီး မီးရထားသံလမ်းဘေး လက်ဖက်ရည်ဆိုင် သွားထိုင်ရင်ကောင်းမလားဟု တွေးမိနေလေ၏ ကျွန်ုပ်သည် မည်သည့် လမ်းကိုမျှ ဆက်မလျှောက်လိုတော့သဖြင့် စေတီတော်လေးနားက မြက်ခင်းပေါ်ရှိ သစ်ပင်ရိပ်တစ်ခုတွင် ခြေပစ်လက်ပစ်ထိုင်ချ မိလိုက်တော့သည်။ ထို့နောက်ကျွန်ုပ်သည် ကောင်းကင်ကြီးနှင့် စေတီတော်လည်းကို လွှမ်းခြုံပြီး ရည်ရွယ်ချက်မရှိ ငေးကြည့်မိလေသည်။  အသင့်ထည့်ယူလာသော ဆေးလိပ်ဘူးမှာ စီးကရက် တစ်လိပ်ထုတ်ယူကာ မီးညှိဖွာရှိူက်လိုက်၏ ထို့နောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားသော အခိုးအငွေ့များကို ကြည့်ရင်း ကျွန်ုပ်ငယ်ဘဝမှစတင်၍ ဖြတ်သန်းလာသော အကြောင်းအရာများကို ပြန်ပြောင်းကာ တွေးတောနေမိလေတောသည်။ ထိုသို့တွေးတောရာတွင် ကျွန်ုပ်သည် စိတ်ချမ်းသာမှု ဆိုသော အရာကို အဓိကတွေးတောမိနေမိ၏ စိတ်ချမ်းသာမှုသည် မည်သည့်အရပ်တွင် ရှိပါသနည်း။ ဘာတွေကို ရင်းနှီးပေးဆပ်ရမည်နည်း။ ငွေကြေးသည် စိတ်ချမ်းသာမှုအကြောင်းအရင်းလော။ ဘယ်ကိုသွားလျှင် စိတ်ချမ်းသာမှုကို ရမည်နည်း။ စသဖြင့် တွေးတောနေမိလေ၏

ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကျောဘက်မှ သစ်ကိုင်းခြောက်တစ်ခုကို တက်နင်းလိုက်သဖြင့် ဖြောက်ခနဲ သစ်ကိုင်းကျိုးသံ ကြားလိုက်သဖြင့် ဖြတ်ခနဲ လှည့်ကြည့်လိုက်လေရာ သက်ရွယ်ကြီးရင့်လှပြီဖြစ်သော ဘုန်းကြီးအိုတစ်ပါးကို တွေ့လိုက်ရလေတော့၏။ ဘုန်းတော်ကြီးလည်း ကျွန်ုပ်နှင့် မလှမ်းမကမ်း သစ်ပင်ရိပ် မြက်ခင်းပေါ်တွင်ပင် အသင့်ပါလာသော အနေကထိုင်ကို ခင်းကာ သီတင်းသုံးလေ၏။ ကျွန်ုပ်လည်း ချက်ချင်းဆိုသလို ဘုန်းတော်ကြီးအား ရိုသေစွာ ရှိခိုးကန်တော့လိုက်မိ၏။ ဘုန်းကြီးအိုကြီးလည်း ကျွန်ုပ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီးလျှင် “စိတ်အေးချမ်းသာမှု ရှိပါစေ ဒကာလေး ” ဟု ဆုပေးလေ၏။ ကျွန်ုပ်လည်း ပေးတဲ့ဆုနဲ့ ပြည့်စုံပါရစေဟု ရိုသေစွာပြန်၍ လျှောက်တင်လိုက်မိ၏။

0015

ထို့နောက် ဘုန်းကြီးအိုကြီးသည် သူ၏ ဟောင်းနွမ်းလွန်းပြီး အဖာအထပ်ထပ် ဖြစ်နေသော ယောဂီလွယ်အိပ်အတွင်းမှ အသင့်ထုပ်ယူလာသော ကျွတ်ကျွတ်အိပ် အတွင်းမှ ကွမ်းယာကိုယာ၍ ပါးစောင်တွင် ထည့်လိုက်ရင်း ကျွန်ုပ်ဘက်သို့လှည့်ကာ ဒကာလေးက ဘယ်အရပ်ကလာတာလဲ ဟုမေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က တပည့်တော်က ခြေဦးတည်ရာ လျှောက်လာရင်း ဒီစေတီတော်နားလေးရောက်မှ မောလာလို့ လာထိုင်နေတာပါဘုရားဟု လျှောက်လိုက်မိ၏ ထိုအခါ ဘုန်းကြီးအိုကြီးက အင်း… ရည်ရွယ်ချက်မရှိ ၊ ရည်မှန်းချက်မရှိ ခြေဦးတည်ရာ လျှောက်သွားနေရင်း ဆိုတဲ့ စကားကို နားထောင်ကြည့်ရတာနဲ့ လူကလေးဟာ စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေ ဝမ်းနည်းစရာတွေနဲ့ ကြုံဆုံနေခဲ့တဲ့ သူတစ်ဦး ဖြစ်ပုံရတယ်ဟု ပြန်မိန့်လေ၏။ ထိုအခါ ကျွန်ုပ်က မှန်ပါတယ်ဘုရား၊ တပည့်တော်ဟာ စိတ်ညစ်နေပါတယ်ဘုရား။ ဘာလုပ်လုပ် အဆင်မပြေလို့ စိတ်ဓာတ်လည်း ကျနေပါတယ်ဘုရား။ ဒါကြောင့် စိတ်အေးချမ်းသာ နေချင်ပါတယ်ဘုရား။ တပည့်တော်အတွက် စိတ်အေးချမ်းသာစေမယ့် နည်းလေးရှိရင် စွန့်တော်မူပါဘုရားဟု ပြန်လည်လျှောက်လိုက်မိ၏။

ထို့အခါ ဘုန်းကြီးအိုကြီးက… လူကလေးက တကယ့်အစစ်အမှန် လိုချင်နေတဲ့ အရာက ဘာလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က ချက်ချင်းမဆိုင်းမတွ စိတ်ချမ်းသာမှု့ကို လိုချင်ပါတယ်ဘုရားဟု ပြန်လည် လျှောက်တင်လိုက်၏။ ထိုအခါ ဘုန်းကြီးအိုကြီးက

ဟုတ်ပြီ…။ လူကလေးက စိတ်ချမ်းသာမှု့ကို လိုချင်တယ် ဟုတ်လား။ ဒါဆိုရင် ဘုန်းဘုန်းက လူကလေးကို ပြောပြမယ်။ လူသားတွေက ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှု့ရမယ်လို့ ထင်လို့ လုပ်ကြတာ လူကလေးရဲ့။ ဥပမာကွယ်..။ ပိုက်ဆံရှာတယ်ဆိုပါတော့။ ဘာဖြစ်လို့ ပိုက်ဆံရှာသလဲ ဆိုတော့ ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ် ထင်လို့ပဲ လူကလေး။ TVတွ VIDEOတွ ဘာလို့ ကြည့်တယ်။ ဘာကြောင့်ကြည့်သလဲ ဆိုတော့ အဲဒီလို ကြည့်နေရရင် စိတ်ချမ်းသာတယ် ထင်လို့ပဲ လူကလေး။ အဲဒီလိုပဲ စိတ်ချမ်းသာမယ်ထင်လို့ တခြား အကြောင်းအရာ အမျိုးမျိုးကို လုပ်ကြတယ် လူကလေး။ တချို့လူတွေကြတော့လည်း စိတ်ဆင်းရဲမှု့တွေ ကို ဖုံးထားချင်လို့ မေ့ထားချင်လို့ လုပ်ကြတယ်။

အဲဒီတော့ လူကလေး စဉ်းစားကြည့်။ လူတွေ နေ့စဉ်နှင့်အမျှ လုပ်ကိုင်နေတဲ့ အလုပ်တွေကို အခြေခံကျကျ ကြည့်ကြည့်ရင် လူတွေဟာ ကိုယ်လိုချင်နေတဲ့ စိတ်အခြေအနေဖြစ်အောင် ဖန်တီးယူနေတာပဲ ဆိုတာကို တွေ့ရတယ် လူကလေး။ အမှန်တော့ ကိုယ်တကယ ်ပြန်ခံစားနေရတာ ကိုယ့်ရဲ့ စိတ်အခြေအနေ ၊ ကိုယ့်ရဲ့ Mood ဖြစ်တယ် လူကလေး။

ကြည်လင်အေးချမ်းတဲ့ စိတ်ကို လိုချင်လို့ ကြည်လင်အေးချမ်းတဲ့ စိတ်ကို ခံစားချင်လို့ ၊ ကြည်လင် အေးချမ်းအောင် လုပ်တယ်။ ပျော်ရွှင်မြူးတူးတဲ့ စိတ်ကို လိုချင်လို့ ပျော်ရွှင်မြူးတူးစေမယ့် အကြောင်းတွေကို လုပ်တယ်။ နောက်ဆုံး တကယ်လိုချင်တာ ဘာလဲဆိုတော့ စိတ်အခြေအနေ ကလေးပဲ လူကလေးရဲ့။ တကယ်တော့ ကိုယ့်စိတ်ကို ကိုယ်ခံစားတာပါကွာ။ ကိုယ့်စိတ်ကို ကိုယ်အရသာခံတာပဲ မဟုတ်လား လူကလေးဟု အေးချမ်းစွာပြောလေ၏။ ထို့နောက် ဘုန်းကြီးအိုကြီးသည် လွယ်အိပ်အတွင်းမှ ကွမ်းအိပ်ကို ထုပ်ကာ ကွမ်းတစ်ယာကို အေးအေးဆေးဆေး ယာ၍ ပါးစောင်အတွင်းသို့ သွင်းလိုက်၏။ ထို့နောက် ဆက်လက်၍….

ဒီမှာ လူကလေး။ ဒီစကားကို လူကလေး သေသေချာချာ နားထောင်ပါ။ “ တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှု့ကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်လူကလေး။ ကိုယ့်ကိုယ့်ကို လေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့ စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ့်ကို မလေးစားတဲ့သူဟာ စိတ်ချမ်းသာနိုင်ပါ့မလား လူကလေး။ စစ်မှန်တဲ့ စိတ်ချမ်းသာမှု့မျိုးကို ဘယ်လိုမှ မရနိုင်ဘူး လူကလေး”ဟု ဆက်လက်၍ အေးချမ်းသော အင်အားကြီးသော အသံဖြင့် ပြောလေ၏။ ထိုအခါ ကျွန်ုပ်က…

စစ်မှန်တဲ့ လေးနက်တဲ့ စိတ်ချမ်းသာမှု့ကို လိုချင်ရင် ကိုယ့်ကိုယ့်ကို လေးစားရမယ်ဆိုတာကို တပည့်တော် သဘောပေါက်ပါပြီ ဘုရား။ တပည့်တော်ကို ကိုယ့်ကိုယ့်ကို လေးစာရအောင် ဘယ်လိုနေထိုင်ရမလဲ ဘုရား။ နောက်ပြီး ကိုယ့်ကိုယ်ကိုလည်း ဘာဖြစ်လို့ မလေးစားနိုင်တာလဲ ဆိုတာကို ထပ်ပြီး မိန့်ပါဦးဘုရားဟု ဆက်လက်လျှောက်လိုက်ရာ ဘုန်းကြီးအိုကြီးက ….

ဒါကတော့ လူကလေးရာ။ မလုပ်သင့်တာတွေ လုပ်မိလို့ပေါ့ လူကလေး။ မလုပ်သင့်တာတွေကို လုပ်မိတဲ့ အခါမှာ “ငါမှားသွားလေခြင်း” ဆိုတဲ့ နောင်တဖြစ်တယ်။ နောက် လူတွေမှာ အမှားအမှန်ကို ခွဲခြမ်းနိုင်တဲ့ အသိညာဏ် ရှိပါတယ်။ ကလေးတွေတောင် တော်တော်သိတယ် လူကလေးရဲ့။ ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါ လူတွေဟာ ရှက်သွားတယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ့်ကို သူများလည်း အထင်သေးတော့ မှာပဲလို့ တွေးပြီး ရှက်သွားတယ်။ ကြောက်သွားတယ် လူကလေး။ အဲဒါက တော်တော်ဆိုးတယ်နော်။ တော်တော်လေးကို အခံရခက်တယ်။ အဲဒါ စိတ်ဆင်းရဲမှု့ပဲ၊ ဒုက္ခပဲ ။ ရှက်နေတာ ကြောက်နေတာ ၊ ကိုယ့်ကိုယ့်ကို မလေးစားတော့တာဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခဖြစ်တယ် လူကလေး။

ဒါကြောင့် လူကလေးဟာ အမှန်တကယ် စိတ်ချမ်းသာမှု့ကို လိုချင်တယ်ဆိုရင် အမှားနည်းအောင် နေဖို့လိုတယ်။ ရှက်နေရတာ၊ ကြောက်နေရတာ နည်းအောင် ကိုယ်လုပ်တာ ၊ ကိုင်တာ ၊ ပြောတာ ၊ ဆိုတာတွေမှာ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို လေ့ကျင့်ပြီး အမြဲ သတိကပ်ထားရမယ် လူကလေး။ မတော်တဆ နည်းနည်းပါးပါး မှားတာတော့ လူတိုင်း မကင်းပါဘူး။

တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲ သတိထားပြီး ထမ်းသိမ်းဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို လေးစားမှု့ကို ပြင်းပြင်းထန်ထန် ဖျက်စီးမယ့် ကိစ္စမျိုးဟာ ကြောက်စရာအကောင်းဆုံး ဖြစ်တယ်ဆိုတာကို လူကလေး လေးလေးနက်နက် မှတ်ထားပေတော့ လူကလေးရေ။ ကဲကဲ ဘုန်းဘုန်းလဲ ခရီးဆက်လိုက်ဦးမယ်။ လူကလေးလည်း စိတ်အေးချမ်းသာမှု ရှိပါစေလို့ ဘုန်းဘုန်း ဆုတောင်းပေးခဲ့ပါတယ် လူကလေးဟု ဆုပေးလေ၏။ ကျွန်ုပ်လည်း မည်သည့်အရပ်က လာ၍ မည်သည့်ဒေသတွင် သီတင်းသုံးနေသည်ကို မသိရသော ဘုန်းကြီးအိုကြီးအား ထိုခြင်းငါးပါးဖြင့် ကန်တော့လိုက်လေတော့သတည်း….

ကိုရင်စည်သူ… (မေတ္တာများဖြင့်)

10 comments

  • MaMa

    December 27, 2012 at 5:07 pm

    စိတ်နဲ့ စေတသိတ် ကို ခွဲခြားပြီး နားမလည်ဘူး။
    စိတ်အေးချမ်းမှုကို လိုချင်လို့ လိုက်လုပ်နေရာကနေ …..
    စိတ်မအေးချမ်းမှုတွေရလာတတ်တယ်ဆိုတာတော့ တကယ်မှန်တယ်။
    အမှန်တကယ် စိတ်အေးချမ်းချင်ရင် ဆုပ်ကိုင်ထားတဲ့ အရာတော်တော်များများ (တော်တော်များများ) ကို လွှတ်ချဖို့ ကြိုးစားရပါမယ်။ :hee:

  • ခိုင်ဇာ

    December 27, 2012 at 5:51 pm

    မကောင်းမှုရှောင်၊ (ဒုစရိုက် ၁ဝ ပါး ရှောင်)
    ကောင်းမှုဆောင်၊ (ပုညကြိယာ ၁ဝ ပါး ဆောင်)
    ဖြူအောင်စိတ်ကိုထား၊ (ကိလေသာ ၁ဝပါး ကင်းပါစေ)

    သံယောဇဉ် ၁ဝပါး တတ်နိုင်သမျှ လွှတ်ချ။

    ဟိဟိ။ ကြားဖူးသလောက် ဝင်အော် သွားတာပါ။ :kwi:

  • aye.kk

    December 27, 2012 at 5:59 pm

    အရမ်းနှစ်သက်မိပါတယ်။။

  • ဗုံဗုံ

    December 27, 2012 at 6:53 pm

    ဦးလေးရဲ့ ပိုစ့်ကိုဖတ်ပြီး စိတ်ချမ်းသာရာရှာဖို့အတွက် စစ်ကိုင်းချောင်ကို ထွက်သွားပါပြီ
    အင်း သံယောဇဉ် သံယောဇဉ် ခွဲစိတ်ခန်း ဝင်တာတောင် မပြတ်နိုင်တဲ့ဘဝ ဦးလေးလဲ အေးရာအေးကြောင်း သဘောင်္မောင်းပြီး ဗေဒင်ဟောပါလားဟင် :kwi:

  • koaung

    December 27, 2012 at 7:14 pm

    ကွန်းယာကြိုက်တဲ့ အူးလေးရေ ဆိတ်ကချက်ရင်တော်တော်နဲ့မနူးဘူးဗျ စိတ်ကအလင်းထက်မြန်
    တယ်ဗျ ဆိတ်ကိုနိုင်အောင်ထိမ်းနိုင်ပေမဲ့ စိတ်ကိုထိမ်းဘို့က စစ်မှန်သောတရားသည်သာ ဧကန်ဖြစ်၏ :mrgreen:

  • မောင်ပေ

    December 27, 2012 at 8:48 pm

    မှန်လိုက်တဲ့ ကရင်စည်ပါပေတကား
    စိတ်…စိတ်…စိတ် ပါကွယ်

  • မဟာရာဇာ အံစာတုံး

    December 27, 2012 at 10:07 pm

    ကိုရင်စည်ရေ …
    ဖတ်ရှု အားပေးသွားပါတယ်ဗျို့ ….။

    ကိုယ့်ကိုယ်ကို လေးစားနိုင်ဖို့အတွက်
    အမှားနည်းအောင် ပြုမှု ကျင့်ကြံရမယ် …
    ဒီအခါ လေးနက်တဲ့ စိတ်ချမ်းသာမှုကို ရနိုင်မယ် …
    ဆိုတဲ့ အချက်ကို ပြောချင်တာပေါ့နော် ….။
    ဒါကို ဖတ်ပြီး …….
    ကိုယ့်ကိုယ်ကို လေးစား နေရာကနေ ဘဝင် ဆိုတဲ့ အဆင့်ကိုတော့
    ရောက်မသွားလို့ လိုအပ်တယ်လို့တော့ ….
    ထပ်ပြီး တွေးလိုက်မိပါသေးတယ် ကိုရင်ရေ ….။

    • Nyo Win

      December 28, 2012 at 12:07 pm

      ဟုတ်ပ အမောင်ဆဌဂီရိ ရေ လေးစားလွန်ရာကနေ ဘဝင်အဆင့်ရောက် သွားရင် ဖြင့်…….

  • Shwe Tike Soe

    December 28, 2012 at 9:59 am

    ဖတ်ရှုမှတ်သားသွားပါတယ် ကိုရင်..
    လူတစ်ယောက်မှာ စိတ်ကအဓိကဆိုတာ သေချာတယ်ဗျ.. စိတ်မပါရင်ဘာမှလုပ်လို.မရသလို…
    စိတ်အားထက်သန်နေရင်လဲ ဘာဖြစ်ဖြစ်လုပ်လို.ရနေပြန်ရော…
    လူကိုဆိုးအောင်လုပ်တာလဲ စိတ်ပဲ… ကောင်းအောင်လုပ်တာလဲ စိတ်ပဲဗျ..နော် ကိုရင်..

  • min min san

    February 3, 2013 at 2:04 am

    ko yin
    peaceful inspirations !

Leave a Reply