ကံကောင်းခြင်းလား ကံဆိုးခြင်းလာ;
(၁)
“ငါ ကံကောင်းပါတယ်”ဟုပြောလာသူက သူဇာအေး။
“ကိုမောင်က ငါ့ဆို သိပ်ဂရုစိုက်တာ အမှန်အတိုင်းပြောရရင် ငါအခု စိတ်ချမ်းသာတယ်”
အဲဒီလို စကားပြောနိုင်ဖို့ သူမ အချိန်ယူရဦးမည်ဆိုတာတော့ သိလိုက်သည်။ သူဇာအေးတို့ အတွဲကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်ရသည်မှာ အမြဲ။ အမြဲပြုံးရွှင်နေပြီး စိတ်ဆိုး စိတ်ကောက်ခြင်း အလျှဉ်းမရှိသော သူဇာအေးတို့အတွဲကို သူမ အားကျသည်။ သူမက ကံဆိုးခဲ့သည်လားဆို ခေါင်းငြိမ့် ခေါင်းခါ ရေရေရာရာ ပြောလို့မရသေး။ သော်မင်းဦးက သူမကို တကယ်မချစ်ဟု အများကပြောကြသည်။ သံသယနွ.ယ်ပင်သည် သူမနှလုံးသားကို ရစ်ပတ်တွယ်ပြီးနောက် သူမသည်လည်း အများနည်းတူ ထင်မြင်ခဲ့မိသည်မှာ မဆန်း။ လတ်သလော အချိန်တွင် သူမသည် သူဇာအေးတို့အတွဲကိုကြည့်ပြီး သူမနှင့် သော်မင်းဦး၏ အခြေအနေများကို ပြန်လည် သုံးသပ်နေရသည်။
သူဇာအေးနှင့် သူမက မနှစ်ကမှ ခင်ခဲ့ကြသည့် သူငယ်ချင်းတွေ။ အလုပ်တစ်ခုတည်းမှာ စိတ်တူ ကိုယ်တူတွေမို့တွဲမိကြသည်။ အလုပ်ထဲမှကလည်း ရှားရှားပါးပါး အသက်အရွယ် ငယ်သူဆိုလို့ သူမနှင့် သူဇာအေးပဲရှိသည်ကိုး။ နှစ်ယောက်လုံးက ရည်းစားသနာမရှိ အပျို။ သူမတို့အလုပ်က လုပ်သား200စာ ချက်ကျွေးရသည့် စားဖိုမ အလုပ်။ အလုပ်က ပင်ပန်းလှသည်မဟုတ်။ မနက်ပိုင်းချက်ပြီးလျှင် ကျန်သည့်အားလပ်ချိန်များတွင် ထွေလီကာလီများပြောရင်း အချိန်ကုန်ရသည်ကများသည်။ ယောကျာ်းသားများသော ကုမ္ပဏီဆိုတော့ နှစ်ဦးတည်းသာရှိသော သူမနှင့် သူဇာအေးကို ရိသဲ့သဲ့ လုပ်သည်များလည်းရှိသည်။ တစ်ချို့က မိကောင်းဖခင် သားသမီးပီသစွာ ပိုးပန်းကြသည်။ တစ်ချို့က လွယ်လွယ်ရမလား ဟု လက်တည့်စမ်းသည့်သဘော။
သူဇာအေးနှင့် သူမတို့၏ အကြည့်များကဖြင့် ကိုမောင်နှင့်သော်မင်းဦးတို့ ဆီများသာ ရစ်ဝဲနေသည်။ ကိုမောင်က သူဇာအေးကိုကြိုက်လှသော်လည်း လူရိုးကြီးတစ်ပိုင်းမို့ အနားသို့ တော်တော်နှင့်မရောက်နိုင်။ သူဇာအေးက သွက်လက်ချက်ချာသူမို့ ရေလာမြောင်းပေးစကားဆိုသည်ု့တိုင် မြောင်းသာဖောက်ပြီးသော်လည်း ကိုမောင့် ဘက်က ရေမလာ။ တစ်ခါတစ်ခါ သူဇာအေးက ဤသို့ရင်ဖွင့်ရှာသည်။
“သိလား ခိုင်လေးနွယ်ရဲ့ အဲဒီကိုမောင်ဟာလေ ကားသမားသာပြောတယ် သွက်သွက်လက်လက်လည်းမရှိဘူး ၊စကားနည်းလိုက်တာလည်း လွန်ပါရော စကားနည်းတဲ့ ကားသမားဆိုလို့ သူ့ပဲတွေ့ဖူးတယ် ငါ့ဖက်က ညွှတ်ချင်နေတာကို အဲဒီ တေမိကိုမောင်က မဆွတ်ဘူး”
ကိုမောင်နှင့် သော်မင်းဦးကွာသည်များက ထိုအချက်များလည်းပါသည်။ ကိုမောင်က ကွမ်းမစား၊ဆေးလိပ်မသောက်၊ အရက်မသောက်တတ်။ စကားနည်းသည်။
(၂)
ထိုအချက်များနှင့် ဆန့်ကျင်သော သော်မင်းဦးကိုမှ သူမက ရွေးချယ်မိလျှက်သားဖြစ်နေ၏။ ”လှတာမက်လျှင် ညစာခက်၏”ဆိုသည့် စကားကို မကြားဖူးခဲ့ဘူးတော့ မဟုတ်။ သော်မင်းဦး၏ ပတ်ချွဲ နှပ်ချွဲ အပြောအဆိုများကြောင့် သူမ ယိမ်းယိုင်နွဲ့ကာ အရည်ပျော်ခဲ့ရသည်ဟုပြောလျှင်ရသည်။ ယောကျာ်းတစ်ယောက်မှာ ရှိသင့်သည်ရုပ်ရည်ထက် သာလွန်ကာ ချောမောလွန်းလှသည်။ သူဇာအေးကပြောသေးသည်..။
“ နင့်လူလိုတော့ ငါ့လူက မချောဘူးပေါ့ဟယ် ရုပ်ချောဖို့ထက် စိတ်လှဖို့လည်းလိုတယ်နော် နင့်လူက ခပ်ချောချော ဆေးလိပ်၊ကွမ်း၊ အရက်ကလည်းမလွှတ်ချင် နင်သူ့ကိုရွေးမယ်ဆို သေချာစဉ်းစား”ဟု သတိပေးလာသည်။
ကိုမောင်က စုတတ်ဆောင်းတတ်သည်။သော်မင်းဦးက ပေါ့ပေါ့နေ ပေါ့ပေါ့စားဟုပြောရမလိုပင်။ သူမနှင့်ချစ်သူဖြစ်ပြီးနောက်ပိုင်း ဘသနှင့်ပတ်သတ်သော ရှေ့ရေးကိုတိုင်ပင်လိုက်တိုင်း-
“ခိုင်လေးရာ ရှေ့ဘာဖြစ်မယ်ဆိုတာ မသိသေးရမယ့်အတူတူ တွေးပူမနေပါနဲ့ကွာ ခိုင်လေးနဲ့ကိုယ် တစ်သက်လုံး ချစ်နေနိုင်မယ်လို့ အတပ်မှပြောလို့မရတာ၊ အဲဒါ ခိုင်လေးကိုမချစ်လို့ပြောတာ မဟုတ်ဘူးနော်၊ ခိုင်လေးကို ချစ်တယ် ဒါပေမယ့် ကံကြမ္မာကိုတော့ မယုံဘူး ဒီတော့ အချိန်တန်ရင် ဖြစ်သင့်တာတွေ သူ့အလိုလိုဖြစ်လာလိမ့်မယ်၊ အလကားခေါင်းခြောက်ခံပြီး တွေးမနေနဲ့”ဟု စကားစကိုဖြတ် သွားတတ်သည်။
စိတ်ထဲတွင်တော့ အဖုအထစ်တို့ဖြင့် မတင်မကျ ကျန်ခဲ့သည်မှာ သူမသည်သာ..။
“ကိုမောင့်ကို ငါလက်ထပ်တော့မယ်”ဟု သူဇာအေးကပြောတော့ သူမရုတ်တရက် အံ့ဩမိသေးသည်။ မကြာလှသော အချိန်လေးတွင် တွေ့ဆုံချစ်ကြိုက်ပြီး ခုလို အိမ်ထောင်ပြုရေးကို မြန်မြန်ကြီးအကောင်အထည်ဖော်ဖြစ်လိမ့်မည်ဟု သူမ မထင်မိချေ။ တစ်ဦးကို တစ်ဦး နားလည်သည် ဆိုသော်လည်း အိမ်ထောင်ပြုဖို့ စဉ်းစားလိုက်သည်ကိုတော့ သူဇာအေးကို စိတ်တိုမိသေးသည်။ သူဇာအေးကတော့ သူမကို လေပြည် အေးလေးနှင့်ပြောရှာပါသည်။
“ငါ ကိုမောင့်ကို ရွေးချယ်လိုက်တာ မမှားဘူးလို့ ယုံကြည်မိလို့ပဲ၊ ခိုင်လေးနွယ် သူ့လို လူရိုးတစ်ယောက်ဟာ ငါ့ဘဝအတွက် အားကိုးရာ အမိုးအကာကြီးတစ်ခုပဲ”
“နင် ကိုမောင့်ကိုရွေးလိုက်တာ ငါ အပြစ်လို့မပြောပါဘူး ဒါပေမယ့် ကိုမောင့်အကြောင်းကို ဂဃနဏ မသိပဲရွေးလိုက်မိမှာကို စိုးလို့ပါ”
“ကျေးဇူးပါ သူငယ်ချင်းရယ် ခုလို စိတ်ပူပေးတဲ့အတွက်လေ”
သူမသည် သူဇာအေးအတွက် စိတ်ပူပေးမိပြီး သူမအတွက်တော့ စိတ်မပူတတ်ခဲ့ပေ။ လျှိုဝှက် သိပ်သည်းစွာဖြင့် ချုပ်တီးစွာနေတတ်ခဲ့သော သော်မင်းဦးကို သူမ နှစ်နှစ်ကာကာချစ်မိချိန်တွင်လွန်ခဲ့လေပြီ။
(၃)
သော်မင်းဦး၏ အကြောင်းတွေ ဂဃနဏမသိသူမှာ သူမပင်။ တစ်နေ့ တစ်နေ့ စားဖိုဆောင်မှာ ကော်ဖီတစ်ခွက် နှစ်ယောက်အတူသောက်နေရသည်ကို သူမ ကျေနပ်သည်။ တို့ကနမ်း ဆိတ်ကနမ်းဖြင့် ကြင်နာယုယမှုကို သာယာသည်။ သော်မင်းဦး၏ ချစ်ရည်စိုလဲ့နေသော အကြည့်တွေကို သူမနှစ်သက်သည်။ တကယ်တော့ သူမ ဖက်ကသာ အချစ်တို့ဖြင့်ထုံမွမ်းသော အကြည့်များဟု ဘာသာပြန်မိတာဖြစ်သည်။ သူဇာအေးတို့အတွဲ လက်ထပ်တော့မည်ဟု သူမ အားကျ ပါးကျပြောတိုင်း သော်မင်းဦးက စိတ်ဝင်စားသည့်ဟန် တစ်စက်ကလေးမှ မပြ။ သူမ၏ စိတ်ထဲမှာတော့ သော်မင်းဦး၏ ရင်အုံကို တဘုန်းဘုန်းထုရင်း မေးချင်နေသော စကားများသည် ရင်နှင့် မဆန့်အောင်ရှိလေသည်။
“ ကို ခိုင်လေးကို လက်ထပ်ဖို့ ရည်ရွယ်ချက်ရော ရှိရဲ့လား ဟင်”ဟု မေးတိုင်း
“ရှိတာပေါ့ ခိုင်လေးရဲ့ ဒါပေမယ့် အချိန်တွေ စောင့်ရဦးမယ် ကို့ဘက်က ဘာမှ အဆင်သင့်မဖြစ်သေးတာ”
“အဆင်သင့်ဖြစ်အောင်ရော ကို ကြိုးစားလို့လား”ဟုတော့ သူမ မမေးဖြစ်ပါ။ သောက်သောက် စားစား လူမင်းသားဟန်ဖြင့် နေချင်တိုင်းနေရရင်ပြီးရော ပုံစံက မပျောက်။ကုမ္ပဏီတစ်ခုလုံးကလည်း သူမတို့အတွဲကို မျက်စိနောက်လာပြီ။ မေးငေါ့တွန်းထိုးမှုများဖြင့် သူမတို့၏ အချစ်ရေးသည် ယိုင်လုလု အခြေအနေ။ သူမ ဖက်ကတော့ “အထုပ်ကလေးပိုက်လို့ မောင်ခေါ်ရာနောက်လိုက်မည်”ဟု အဆင်သင့်ရှိပေသော်လည်း သော်မင်းဦးကတော့ တုံနိဘာဝေ ပင်။ သူမ၏ သံသယ သည်ပင် စိတ်ထဲ၌ ခိုးလု ခုလုဖြင့် ငါးရိုးစူးသလို မျက်ရှိနေပြီ။
“ ကို ခိုင်လေးကို တကယ်ရောချစ်ရဲ့လား”
“ဘာဖြစ်လို့မေးတာလဲ ခိုင်လေး”
“ခိုင်လေး ကို့ကို မယုံချင်တော့ဘူး လက်ထပ်ဖို့ ကိစ္စပြောတိုင်း နေ့ရွေ့ ညရွေ့နဲ့ အဲဒီအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ ထပ်မပြောပါနဲ့ ကို၊ ခိုင်လေးကို ခိုင်လုံတဲ့ အကြောင်းပြချက်ပေးပါ ဘယ်နေ့ ဘယ်အချိန် မသေချာပဲနဲ့တော့ ခိုင်လေး မျှော်လင့်ချက်တွေ မကြီးထွားချင်ဘူး”
သူမသည် လူထဲက လူပဲမို့ ဒေါသကိုတော့ မထိန်းနိုင်ပါ။ လှိုက်ဖိုနေသော ရင်အစုံသည် ဒေါသကြောင့် နှိမ့်ချည် မြင့်ချည်။
“အမှန်အတိုင်းပြောရရင် ကို ဘယ်သူကိုမှ လက်မထပ်ချင်ဘူး ခိုင်လေးမှ မဟုတ်ဘူး ဘယ်မိန်းကလေးကိုမှ လက်မထပ်ချင်တာ”
“ဘာ”
(၄)
သူမ၏ အသံသည် အံ့ဩခြင်းကြီးစွာနှင့် နုတ်ဖျားမှ ဆောင့်ကြီးအောင့်ကြီးနိုင်စွာ ထွက်သွားသည်။ “ကို ခိုင်လေးကို ဘာကြောင့်ချစ်ခဲ့သေးလဲ”ဟုတော့ မမေးဖြစ်တော့။ သေချာပြီးသားအဖြေတစ်ခုကို သူမဖက်က ဖော်မြူလာအသစ်ချပြီး ညီမျှခြင်း ချစရာမလိုတော့ပေ။ ဘာကိုမှ အလေးအနက်မထားတတ်သော သော်မင်းဦးကို သူမ မျက်စိမှိတ်ရွေးခဲ့သည်ကိုက မှားမှန်း သူမ သိနေရမည်။ နောင်တဆိုသည်မှာ နောင်မှရတတ်သည် ့ ထုံးစံအတိုင်း ရင်ဝယ်ပိုက်နေရပြီ။
“ရပြီ ကို ခိုင်လေး လူရွေးမှားသွားတယ် ဒါပေမယ့် ကို့ကို ခိုင်လေး ကျေးဇူးတင်တယ် ဘာကြောင့်လဲ သိလား ကို့ရင်ထဲကအဖြေတစ်ခုကို ခိုင်လေးသိလိုက်ရလို့ပဲ ခိုင်လေးပဲ အပြစ်ရှိပါတယ် ခိုင်လေးနဲ့ကို ဒီမှာတင် လမ်းခွဲကြတာပေါ့”
တုန့်ပြန်မှုတစ်စုံတစ်ရာ သော်မင်းဦးမပေး။ တစ်စက်ကလေးမှ မတုန်လှုပ်ပုံမျိုး။ သော်မင်းဦးကို သူမကျောခိုင်းလိုက်သည်။ မျက်ရည်တစ်စက်က ပေါက်ခနဲကျ၏။ ဒါနောက်ဆုံးပဲ ဖြစ်ပါစေဟု …။
…………………………@@@@@@@@@@@@@………………………….
(၅)
“ငါကံဆိုးတယ်”ဟု သူမ သူဇာအေးကိုပြောတော့
“နင် ကံကောင်းတာပါ”သူမ နားမလည်။ ဖြစ်ကြောင်းကုန်စင်ကို သူမပြောပြတုန်းက စကားတစ်ခွန်းတစ်ပါဒမှ မပြောပဲ သူဇာအေး နားထောင်ပေးသည်။ သိသိရက်နှင့် အငေါ့တူးပြီးပြောခြင်း မဟုတ်မှန်းတော့ သူမ သိသည်။
“ငါ နားမလည်ဘူး သူဇာ”
“သူနဲ့ လမ်းခွဲလိုက်တာကိုက နင် ကံကောင်းတာလေ”
“ပြောပါဦး”
“ငါ့တို့ မြန်မာတွေမှာ ဆိုရိုးစကားတစ်ခုရှိတယ်လေ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်၊ စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုတာလေ နင် သူနဲ့ အိမ်ထောင်ပြုလိုက်ရင် စိတ်ချမ်းသာမယ်ထင်လို့လား ကဲ မထင်ဘူးမလား အဲဒါ နင် ကံကောင်းတာလေ မိခိုင်လေးရဲ့”
သူဇာအေးပြောတော့လည်း ဟုတ်သလိုပင်။ သိုပေမယ့် သူမ ရင်နှင့်မဆန့်အောင် ခံစားရသည်ကိုတော့ သူဇာအေး သိမည်မဟုတ်။ သူမ တကယ် ကံကောင်းခဲ့သည်လား ကံဆိုးခဲ့သည်လား သေချာ ဝေဖန်ဆန်းစစ်ကြည့်ရဦးမည် မဟုတ်လား….။
သော်ဇင်(လွိုင်ကော်)
Date-13th-May-2011……
Time-7;40PM
11 comments
ခိုင်ဇာ
December 27, 2012 at 9:11 pm
ကံကောင်းခြင်း။ ကံကောင်းခြင်း။
ယုံမှားသံသယမရှိနဲ့။ :harr:
ရေးတာကောင်းလို့ ဖတ်လို့ကောင်းတယ်။
ခိုင်ဇာ
December 28, 2012 at 7:55 am
အဲ။ လက်ထပ်ခြင်းနဲ့ ဆိုင်တဲ့ဘက်က ကြည့်ရင် ကံကောင်းခြင်း။
ချစ်ခြင်းတရားနဲ့ ဆိုင်တဲ့ဘက်က ကြည့်ရင် ကံဆိုးခြင်း။ :kwi:
ဘဝမှာ ကိုယ်က ချစ်ရတဲ့သူ တွေ့ဖို့ဆိုတာ လွယ်မှတ်လို့။ ပေါင်းရဖို့ ပိုခက်သေး။
အဲဒီတော့ ကိုယ်ကြိုက်တာကိုယ်လုပ်။ ကိုယ်ဖြစ် ကိုယ်ခံ။
လုံမလေးမွန်မွန်
December 28, 2012 at 12:10 am
ကံကောင်းပါတယ်…
တစ်ခါတစ်လေကျတော့လည်း ရှေးရိုးစွဲက ခက်သားလား… တွဲပြီးမှမယူဖြစ်တော့တာ မကောင်းသလိုလို… အဆင်မပြေလို့ လမ်းခွဲရင် ရည်းစားများတဲ့နာမည်ရမှာ ကြောက်သလိုလို..
🙂
တကယ်တော့ အဲ့ထဲမှာ မွန်မွန်လည်းပါတယ်.. :kwi:
kai
December 28, 2012 at 5:58 am
အရင်ကတော့..
“စိတ်ထားကောင်းရင် ကံကောင်းတယ်.” ထင်မိခဲ့ဖူးတယ်..
အခုတော့…
“စိတ်ထားမှန်မှ.. ကံကောင်းကြ” လို့ ပြင်တယ်ဗျို့..
မောင့်ကျက်သရေ ဂီ့
December 28, 2012 at 7:59 am
”ဝတာမက်လျှင် ခွတာခက်၏”
ဟိ…. ခွခေါင်းအုံးတို့ ဘာတို့ ပြောပါတယ်….
ဒက်ဂလောက် ..ဒက်ဂလောက်…
Mon Kit
December 28, 2012 at 8:50 am
မိန်းမသားများ အဆင်းကို မက်တာထက် အချင်းလှတာကို မက်မှ တော်ကာကျမယ်ထင်တယ်..
ခိုင်လေး ကံကောင်းတာပါ..” စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့” :hee:
ကြည်ဆောင်း
December 28, 2012 at 9:27 am
အသွင်တူမှအိမ်သူဖြစ်တယ်ဆိုဘဲ …
ကိုယ်လေးလေးနက်နက်တွေးလဲ သူကပေါ့ပေါ့နေချင်တော့…
လက်မထပ်ခင်သိရတာကံကောင်းတာပေါ့…
ဗုံဗုံ
December 28, 2012 at 10:20 am
အားပေးသွားပါတယ် ဦးလေး တော်ဂျင် ရေးတတ်လိုက်တာ ကိုယ်တွေ့များလား :kwi:
သော်ဇင် (လွိုင်ကော်)
December 28, 2012 at 10:34 am
ကိုယ်တွေ့လားလို့မေးရင် မဖြေတော့ပါဘူးဗျာ။ ကုန်ကြမ်းပေးတဲ့ သူငယ်ချင်းက စိတ်ဆိုးနေဦးမယ် ဗုံဗုံရဲ့။
mobile (mandalay)
December 28, 2012 at 12:57 pm
ကိုယ်ဒွေ့ဒွေ့ မဒွေ့ဒွေ့ နင်နဲ့ ဘာဆိုင်လဲ လမ်းဆုံဂ ဂျမ်းဗုံရဲ့။
:harr:
ကိုသာ်ဇင်ရေ အားပေးသွားပါတယ်ခင်ဗျ။
ခေါင်းစဉ်လေးကို နှစ်သက်လှပါ၏။
မင်းနန္ဓာ
December 28, 2012 at 6:06 pm
စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့
တည့်တည့်တိုးမှ ရိပ်မိလိုက်တာ ကိုယ်ညံ့လို့
ဘဝနဲ့ မရင်းလိုက်ရတာ ကံကောင်းလို့.. တဲ့ မေခလာ သီချင်းလေးရှိသား