“မာနနဲ့အပြိုင်”
(၁)
ကျွန်တော့်အတွက် ချစ်သူအိမ်က အပြန်လမ်းဟာ မလှပခဲ့ပါဘူး။ အခုဆို အနုပညာသမားတစ်ယောက်ရဲ့ မာနနဲ့ ချစ်သူကို စွန့်လွှတ်ရတော့မယ်။ ဒါပေမဲ့ ကိုယ်ရဲ့ ချစ်ခြင်းမေတ္တာကတော့ အသက်ရှူသံမရပ်သရွေ့ ဆက်လည်တည်ရှိနေအုံးမှာပါ။
“မင်း… ဒီအနုပညာအလုပ်သာ ဆက်လုပ်နေမယ်ဆိုရင်
ငါ့သမီးနဲ့ ပတ်သက်မှုကို ရပ်တန်းက ရပ်ရလိမ့်မယ်။
ငါချစ်ရတဲ့သမီးကို မင်းနဲ့အတူ ဆင်းရဲတွင်းထဲ တွန်းမချနိုင်ဘူးကွ”
ချစ်သူအဖေနဲ့ တွေ့ဆုံးခန်းဟာ ဒီလိုနဲ့ပဲ တစ်ခန်းရပ်ခဲ့ပါတယ်။ သူ့လုပ်ငန်းမှာ ဝင်လုပ်ဖို့ ဆွေးနွေးတာ မအောင်မြင်တာရယ်၊ ကျွန်တော်ဟာ စာသမား၊ ကဗျာသမားတစ်ယောက်ဖြစ်နေတာရယ်က အဓိကပြဿနာပဲ ဖြစ်ပါတယ်။ သူ့သမီးအပေါ် ချစ်ခြင်းကြောင့် ကျွန်တော့်ကို လက်မခံတာကို နားလည်ပေးလို့ရပါတယ်။
ဒါပေမဲ့ အနုပညာသည်တွေကို နောက်ဆက်တွဲ အကြမ်းတမ်းဆုံး နှိမ့်ချစကားတွေနဲ့ စော်ကားလိုက်တာကိုတော့ ကျွန်တော် လက်ခံလို့မရဘူး။
“မင်းတို့ အနုပညာသည်တွေဟာ တစ်လဝင်ငွေ ဘယ်လောက်ရမှာမို့
ဒီအလုပ်ကို လုပ်နေရတာလဲ။ အေး မင်းလို စာရေး၊ ကဗျာရေးသမားဆို
ပိုတောင်ဆိုးသေး။ မင်းတို့အောင်မြင်မှုဟာ အလကားပဲ။ မင်းတို့ကွာ အလုပ်မလုပ်ဘဲ
မွဲဆေးဖော်ချင်တဲ့ကောင်တွေ”
အနုပညာသည်တစ်ယောက်ရဲ့ အောင်မြင်မှုကို ချစ်သူအဖေက ငွေရှင်၊ ကြေးရှင်ပီပီ ဈေးကွက်တွက်နည်းနဲ့ တွက်ချက်ပြတယ်။ ငွေကြေးဆိုတဲ့ ပေတံနဲ့တိုင်းတာပြတယ်။ ကျွန်တော့်စိတ်ထဲမှာ မျက်ကနဲ့ပဲ။ တော်တော်ခံစားရတယ်။
အနှိမ်ခံရတဲ့ စကားလုံးတွေအောက် ချစ်သူမျက်နှာကို ကြည့်ရင်း ကိုယ်ထောင်ထလာတဲ့ မာနတွေကို ကြိတ်မှိတ်မျိုသိပ်ရတယ်။ ဒါတောင်မှ ရင်ထဲကစကားတွေက ကျွံထွက်သွားသေးရဲ့။
“ဦးလေး ဘယ်လိုပဲပြောပြော ကျွန်တော် ဒီဟာကို သေတဲ့အထိ
ဆက်လုပ်သွားမှာပါ။ ဒါ အနုပညာအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သစ္စာပဲ။
ဒါတွေကြောင့် ဦးလေးသမီးနဲ့ ဝေးရမယ်ဆိုလည်း သဘောပါပဲ။
ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး”
အတတ်နိုင်ဆုံး ယဉ်ကျေးသမှုနဲ့ ချစ်သူအိမ်က ထွက်ခွာလာခဲ့တယ်။ ချစ်သူရဲ့ တမောင်မောင်ခေါ်သံကိုလည်း ကျွန်တော် မကြားချင်ယောင်ဆောင်လာခဲ့ပါတယ်။ ချစ်သူအဖေရဲ့ တောက်ခေါက်သံကြီးကတော့ ကျွန်တော်အိမ်အပြင်ရောက်တဲ့အထိ ရင်ထဲမှာကြားနေရတုန်းပဲ။
ထုံးစံအတိုင်း မိဘစကားနားထောင်လေ့ရှိသူ ချစ်သူနဲ့ အနုပညာကို အသက်လောက်ချစ်သူ ကျွန်တော်တို့ ပြတ်စဲခန်းက ရက်စက်စွာ ကျရောက်လာပါတယ်။
(၂)
ချစ်သူနဲ့ ကွေ့ကွင်းပြီးနောက် ကျွန်တော်တစ်ယောက်တည်း နေမထိ၊ ထိုင်မသာဖြစ်နေရတယ်။ ဘာပဲလုပ်လုပ် စိတ်မပါနိုင်တော့ဘူး။ တစ်လကျော်ကျော်လောက် ကျွန်တော်လေနေတာကို တဆောင်တည်းနေသူ ငယ်သူငယ်ချင်း လင်းခက်က မကြည့်ရက်ဘူးထင်ပါရဲ့။
“အေးချမ်း… မင်းဒီလိုပဲ နေသွားတော့မှာလား။ မင်းတို့နှစ်ယောက်အကြောင်းကို ငါလည်းကြားရပါတယ်။ မင်းလည်း ခွဲခွာရတဲ့ဒဏ်ရာကြောင့် ဝမ်းနည်းနေရမယ်ဆိုတာ ငါကိုယ်ချင်းစာပါတယ်။
ဒါပေမဲ့ မင်းချစ်ရတဲ့ အနုပညာတွေကို ဒီလိုနဲ့ ရေစုန်မြောလိုက်ရမှာလား။
ဒီလိုခံစားရတာ မင်းတစ်ယောက်ထည်းမှ မဟုတ်တာကွာ။ ဒါကို နားလည်ပြီး မင်းရဲ့
ခံစားချက်တွေကို အနုပညာတွေအဖြစ် ပုံဖော်လိုက်စမ်းပါ။
ငါ.. ဒါပဲ အကြံပေးတတ်တော့တယ်… သူငယ်ချင်း”
လင်းခက်ရဲ့ စကားအဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိတယ်။ အသိဉာဏ်လည်း ပွင့်သွားတယ်။ ဖြေသာစရာလည်း ရသွားရဲ့။ အင်း လောကမှာ ချစ်တိုင်းလည်း မညားတာ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်တာ။ ချစ်သူကို ရယူခွင့်မရှိပေမဲ့ တစ်သက်လုံးလည်း ချစ်သွားနိုင်တာပဲ မဟုတ်လား။ ပြီးတော့ ကျွန်တော်ခံစားရတဲ့ ဝေဒနာတွေကို သက်သာလို သက်သာငြား အနုပညာတွေ ဖန်တီးမယ်။ ဒါ ကျွန်တော့်အတွက် တွန်းအားပဲ။ ထွက်ပေါက်တစ်ခုလည်းဖြစ်ရဲ့။ ဒါကြောင့်ပဲ လင်းခက်ကို နှစ်နှစ်ကာကာ ကျေးဇူးတင်မိတယ်။
“ကျေးဇူးပါပဲ… သူငယ်ချင်းရာ
ငါဘယ်လို ဆက်လက်ရှင်သန်ရမလဲဆိုတာ မင်းစကားကြောင့်
နားလည်သွားပြီကွာ။ မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပါပဲ…လင်းခက်”
(၃)
အဲ့ဒီနောက်ပိုင်း ကျွန်တော် ကဗျာတွေ၊ စာတွေ ဖိရေးဖြစ်တယ်။ စာပေလောကမှာ ခြောက်နှစ်ကျော်ကျော်လောက် ကျင်လည်ပြီးနောက် ကျွန်တော်ကလောင်နာမည်ဟာ မဂ္ဂဇင်းတော်တော်များများမှာ တွေ့နေရပါပြီ။ ဒီကြားထဲ အချိန်အားရင် အားသလို လုံးချင်းဝတ္ထုလေးတွေ ရေးဖြစ်တယ်။ ကျွန်တော့်စာအုပ်က သုတနဲ့ ရသ ရောမွှေထားတာကြောင့် လူငယ်တော်တော်များများကလည်း အားပေးကြတယ်။
အောင်မြင်မှုတွေနဲ့ ချစ်သူကို သတိမရဘူးလားမေးရင် ကျွန်တော် မညာပါဘူး။ အရင်လောက်တော့ မရူးသွပ်တော့တာ အမှန်ပဲ။ အချိန်နဲ့ အသက်အရွယ်က စကားပြောလာပြီထင်ရဲ့။ ဒါတောင် တစ်ခါတရံ ယောင်ရမ်းပြီး လွမ်းမိသား။ ငယ်ချစ်ဦးဆိုတော့ အပြီးတိုင်တော့ ဘယ်မေ့နိုင်အုံးမလဲ။
သူမ သတင်းတွေတော့ မစုံးစမ်းလည်း ကြားနေရပါတယ်။ သူမဟာ ကျွန်တော်နဲ့ ကွဲပြီးနောက် ဖခင်ပေးစားသူနဲ့ လက်ထပ်လိုက်ရကြောင်း၊ ထိုသူဟာ သူမထက်ငယ်ပြီး ထက်ထက်မြက်မြက် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တယ်လို့ ကြားသိရတယ်။ နောက်ပိုင်းလည်း အိမ်ထောင်ရေးသာယာကြောင်း ကြားသိရတော့ မုဒိတာပွားမိပါတယ်။ သူ့ဖခင်က သမက်လောင်းရွေးချယ်တာ တော်ပါပေရဲ့။
ကျွန်တော်လည်း ဒီလမှာ စာပေဟောပြောပွဲတွေ စိပ်လာတယ်။ အဓိကကတော့ ကျွန်တော့်စာကို ချစ်ကြတဲ့ လူငယ်တွေ ဦးစီးကြတာပါ။ ဖိတ်တဲ့နေရာ ဘယ်လောက်ပဲဝေးဝေး ကျွန်တော်လူငယ်တွေကိုချစ်တဲ့စိတ်နဲ့ ရောက်အောင် သွားဖြစ်တယ်။ ဒီလိုပါပဲ။ ရေးသူနဲ့ ဖတ်သူဆိုတာ တစ်ဦးမေတ္တာ၊ တစ်ဦစေတနာပဲ မဟုတ်လား။
(၄)
ဒီလို လူငယ်တွေအတွက် ဟောပြောပွဲပင့်ရာသွားရင်း ကျွန်တော့်ဘဝမှာ အမှတ်ရစေမဲ့ ကိစ္စတစ်ခုကြုံခဲ့ရတယ်။
အဲ့ဒါက တောင်ကြီးမြို့စာပေဟောပြောပွဲတစ်ခုမှာပေါ့။ ထိုပွဲဖြစ်မြောက်ရေးကို ကျွန်တော့်ကို ခရေဇီဖြစ်လွန်းတဲ့ လူငယ်တစ်ယောက်က ဦစီးပြီး ကျင်းပတာပါ။ ဒီဟောပြောပွဲပြီးတော့ အဲ့ဒီလူငယ်က ကျွန်တော့်ကို လာနှုတ်ဆက်တယ်။
သူ့ဘဝ ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာ ကျွန်တော့်ကျေးဇူးမကင်းဘူးလို့လည်း ပြောသေးတယ်။ အကြောင်းစုံက သူငယ်ငယ်ကဆို ပေါ့ပေါ့နေ ပေါ့ပေါ့စားလူတစ်ယောက်တဲ့။ ကျွန်တော့်စာအုပ်တစ်အုပ်ကို အပျင်းပြေဝတ္ထုလိုဖတ်မိရာမှ ဒီထဲမှာပါတဲ့ဒဿနစာကြောင်းလေးတစ်ခုဟာ သူ့ဘဝကို လုံးဝ ပြောင်းလဲသွားစေတာတဲ့။ ဒါကြောင့် အခုလို ကျွန်တော့်ကိုမြင်ဖူးချင်တာရယ်၊ ဒီက လူငယ်တွေကိုလည်း လမ်းပြစေချင်တာရယ်ကြောင့် ဖိတ်လိုက်ရတာပါလို့လည်း ပြောသေးတယ်။
နောက်တော့ သူ့အိမ်ကို ဖိတ်တယ်။ ကျွန်တော်လည်း ငြင်းလို့မကောင်းတာကြောင့် ဒီလူငယ်ခေါ်ရာကားနဲ့ လိုက်သွားပါတယ်။ သူအိမ်ကို ရောက်တော့ ကျွန်တော့်ကို မိသားစုနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး အိမ်ဖော်ကို ခေါ်ခိုင်းတယ်။ အဲ့ဒီတော့ ဘယ်သူတွေ ရောက်လာတယ်များမှတ်လဲ။
ကျွန်တော့် ဟိုတစ်ချိန်က ချစ်ရသူနဲ့ သူမအဖေရယ်ပဲ ဖြစ်ပါတယ်။ ဘေးနားမှာ ကလေးနှစ်ယောက်လည်း ရှိသေးရဲ့။ သူမတို့နှစ်ယောက်က ကျွန်တော့်ကို အံဩသလိုကြည့်နေကြတယ်။ လူငယ်ကတော့ ဘာမှမသိပါဘူး။ ကျွန်တော့်ရဲ့ ဂုဏ်တွေကိုဖော်ပြီး ညွှန်းနေလေရဲ့။
“အဖေနဲ့ မိန်းမ…
ဒါ ကျွန်တော် ခဏခဏပြောတဲ့ စာရေးဆရာ မင်းရောင်စဉ်ပေါ့။
ဒီဆရာကြောင့် ကျွန်တော် ဒီလိုဘဝမျိုး ရရှိပိုင်ဆိုင်ရတာပါ။ ကျွန်တော့်တို့
လူငယ်တွေအတွက်တော့ ဒီဆရာက လမ်းပြဓူဝံကြယ်ပါပဲ။ ဒီဆရာ နာမည်ရင်းက
အေးချမ်းတဲ့။ ကဲ..သားတို့လည်း မှတ်ထားကြနော်”
“ဟုတ်ကဲ့…ဖေဖေ”
လူငယ်စကားကို ကလေးနှစ်ယောက်က သွက်သွက်လက်လက်ဖြေနိုင်ပေမဲ့ လူကြီးနှစ်ယောက်ခမျာတာ့ စကားတောင် ပြန်မပြောနိုင်ရှာဘူး။ သူမရဲ့ အဖေဆိုတာ ကျွန်တော့်ရှေ့မှာ ခေါင်းကြီး ငုံထားလေရဲ့။ တစ်ချိန်တုန်းက ခေါင်းမော့ပြောတတ်တဲ့ ဓာနရှင် မာနတွေ ဘယ်ရောက်သွားလဲ မသိပါဘူး။ သူမကတော့ အဝေးကိုကြည့်ရင်း ဘာတွေတွေးနေလဲ မသိဘူး။
ဒီလို အဖြစ်အပျက်မှာ ကျွန်တော်က ပုထုဇဉ်ပီပီ သာယာမိတာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ဓာနရှင်အဖြစ် တစ်ချိန်က မာနတံခွန်ထူခဲ့ဖူးသူ သူမအဖေကို ဒီလိုအချိန်မှာ ကျွန်တော် အသံတိတ် အနိုင်ရရှိသွားသလို ခံစားရတယ်။ အနုပညာအောင်ပွဲလို့ တင့်စားခါ်ရမလား မသိပါဘူး။
ဒါကြောင့် ဒီတစ်ခါ သူမအိမ်က ပြန်လာရချိန်ဟာ အရင်တုန်းကနဲ့ မတူပါဘူး။ ကျွန်တော်ဟာ မာနချင်းပြိုင်ပွဲမှာ ကိုယ့်အနုပညာနဲ့ အနိုင်ရရှိသူပီပီ လွတ်လွတ်လပ်လပ် ပျှော်ရွှင်နေမိတယ်ဆိုတာ…. ။ ။
ခင်မင်လေးစားလျှက်…
စေပိုင်ထွဋ်(ပုသိမ်)
6 comments
Mr. MarGa
January 2, 2013 at 9:39 pm
ဇာတ်လမ်းလေးက တော်တော်ကောင်းပါတယ်
ကိုယ်ယုံကြည်ရာကို လုပ်ခဲ့တဲ့ သူတစ်ယောက်ရဲ့ အောင်ပွဲပေါ့ဗျာ
Foreign Resident
January 3, 2013 at 8:11 am
” သူမ ရဲ့ အဖေဆိုတာ ကျွန်တော့်ရှေ့မှာ ခေါင်းကြီး ငုံထားလေရဲ့ ”
အဖိုးကြီးက ဘာဖြစ်လို့ ခေါင်းငုံထားရတာတုန်း ၊
သူ က ဘာ အမှား လုပ်ခဲ့လို့တုန်း ။
အဖိုးကြီး ပြောတာတွေက နဲနဲ ရိုင်းချင် ရိုင်းမယ် ၊
ဒါပေမယ့် အမှားတွေ ပြောခဲ့တာမှ မဟုတ်တာ ။
သူသူ ကိုယ်ကိုယ် ကိုယ့် သမီး ကို ၊
ပိုက်ဆံ မရှာနိုင်တဲ့ သူ ( or ) ပိုက်ဆံ မရှာမယ့်သူ ၊
( အနုပညာ သမား ဆိုပါတော့ ) နှင့် ၊
ဘယ် သဘောတူမှာလည်း ။
အဘ သမီး ဆိုရင်လဲ သဘောမတူနိုင်ပါဘူး ။
စေပိုင်ထွဋ် (ပုသိမ်)
January 3, 2013 at 2:40 pm
ကျွန်တော်က ယှဉ်ပြတာပါ။
သူတို့ ငွေရှင်၊ကြေးရှင်တွေရဲ့ အောင်မြင်မှုလှေကားထစ်တွေဟာ
အနည်းနဲ့အများဆိုသလို အနုပညာသည်တွေရဲ့လမ်းညွှန်ရေးသားမှု အပေါ် မှီခိုနေရတယ်ဆိုပြီး တစ်ချိန်က ပြောခဲ့တာကို
ရှက်မိတဲ့အမူအရာနဲ့ ခေါင်းငုံ့ပုံကို ဆိုလိုခြင်းဖြစ်ပါတယ်။
လုံမလေးမွန်မွန်
January 13, 2013 at 5:55 pm
ဘာပဲပြောပြော သူတစ်ချိန်က နှိမ်ခဲ့တဲ့သူက သူအထင်ကြီးလှပါတယ်ဆိုတဲ့ သမက်ကို အသိတရားပေးတဲ့သူ ဖြစ်နေတယ်လေ… မရှက်ရင်တောင်၊ အမှားလုပ်ခဲ့တာမဟုတ်ရင်တောင် မျက်နှာပူသင့်ပါတယ်.. လူတစ်ယောက်ကို အထင်သေးတယ်ဆိုရင်တောင် သူ့တက်လမ်းကို မမြင်ရသေးဘဲနဲ့ အထင်နဲ့ စွတ်မပြောသင့်ဘူးလေ.. သဘောမတူရင်နေပါ…ပိုက်ဆံမရှာနိုင်တဲ့သူ (or) ပိုက်ဆံမရှာမယ့်သူလို့တော့ တရားသေပြောလို့မရဘူးလေ….
ကိုပေါက်(မန္တလေး)
January 14, 2013 at 8:51 am
လောက မှာ ငွေရအောင်ရှာနိုင်သူနဲ့ငွေရအောင်ရှာတဲ့လမ်းကိုပြတဲ့သူကြားမှာခြားနားချက်တော့ရှိပါမယ်။
ကိုယ်ယုံကြည်ရာကိုယ်လုပ်ကြတာပါဘဲ.။
အဓိက ကိုယ်ကျေနပ်ဘို့ဘဲလိုပါတယ်။
mamanoyar
January 14, 2013 at 9:54 am
ဇာတ်လမ်းလေးထဲမှ လူငယ်ရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့
ဝတ္တုထဲမှ ဒဿန စာကြောင်းလေးကိုဖတ်ချင်မိပါရဲ့