ဘယ်သူတရားခံ
” ဖွတ်ထွက်မှတောင်ပို့မှန်းသိတယ် ဆိုတာငါတို့အဖြစ်မှအစစ်ဟေ့”
ရောက်ကတည်းက တစ်တွတ်တွတ်ပြောဆို နေကြသော လန်းဆန်းနဲ့နေနေ့ကိုကြည့်ပြီး တကယ်ပဲ ဒီကိစ္စကြီးက ဆရာ့ရဲ့မသမာမုှလားဆိုတာ စဉ်းစားမိလာသည်။
“ဒီလောက် ဘွင်းဘွင်းကြီးပေါ်နေတဲ့ညစ်ညမ်းမှုကို လက်မခံတဲ့လူကရှိသေးတယ်.. ”
ဒါကတော့ နေနေဆိုတဲ့စွာတေးမက မိုးအေးကိုစောင်းသလိုချိတ်သလိုနဲ့ ဒဲ့ရှုံ့ချလိုက်တာပင်။
“သူကိုယ်တိုင်က ဒါတွေကိုသာယာနေလားမှမသိတာ”
“ဒါတော့ နည်းနည်းများသွားပြီငလန်း ငါကလား ဒါမျိုးတွေကို ဘယ်လောက်ရွံတတ်တယ်ဆိုတာ ညည်းတို့အသိ”
“ငါတို့ရှေ့မှာ ရွံတတ်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ ညည်းကျိတ်သဘောတွေ့ရင်တွေ့နေမှာပေါ့..အဲဒါ ကြောင့်လည်း
ငါတို့ပြောသမျှကိုနင်လက်မခံချင်ချင်ဖြစ်နေတာမဟုတ်လား”
“ငါက လူတစ်ယောက်ကို ဘလိုင်းကြီး အထင်မှားမိကုန်မှာစိုးလို့ စဉ်းစားချင့်ချိန်နေတာပဲ နောက်ပြီးတစ်ခြား လူလည်းမဟုတ်..အခုဟာက ရှင်းရှင်းကြီးပေါ်နေတော့ ငါ့စိတ်ထဲမှာလဲ လက်မခံလို့မရဖြစ်နေပါပြီ နင်တို့ကို ထုတ်မပြောဖြစ်တာက နင်တို့တွေရောင့်တက်ပြီး တအားသွားချဲကုန်မှာစိုးလို့ နားလည်တဲ့လူတွေဘာတွေ မေးမြန်းကြည့်ကြမလားလို့ ဆွေးနွေးချင်တာ”
မိုးအေးစကားကြောင့် ဒေါသအိုးကွဲနှစ်ယောက် ဇီးကွက်နှစ်ကောင်ကဲ့သို့ မျက်လုံးမျက်ဆန်တွေပြူးပြဲကုန် လျက်
“ဘယ်လို ဘယ်လို နင်က ငါတို့အားလုံးအရှက်ဗြန်းဗြန်းကွဲအောင်လုပ်ဦးမလို့လား အခုခေတ်အကြောင်းလဲ သိသားနဲ့ တော်တော်ကြာ မိန်းကလေး၃ယောက်အား ဒီလိုဒီလိုဆိုပြီး တက်လာရင် ငါတို့တို့အပါမခံနိုင်ဘူး”
မိုးအေးမှာ နဂိုတည်းက ခပ်ငြိမ်ငြိမ် ခပ်တွေးတွေးသမားဖြစ်တာမို့ သူငယ်ချင်းမနှစ်ယောက်နဲ့အပြိုင် စကား မကြွယ်နိုင်တော့ ဘယ်လိုစုံစမ်းရင်ကောင်းလဲဆိုတာပဲ တစ်ကိုယ်တော်တွေးနေမိလိုက်သည်။
“ငါကတော့ ဒီနေ့တစ်ခါတည်းအပြတ်သွားပြောလိုက်တော့မယ် နင်တို့ဘယ်လိုလဲ အဓိကကတော့ မိုးအေး နင်ဘယ်လိုလုပ်မှာလဲ”
“တစ်ရက် နှစ်ရက်လောက် စဉ်းစားကြပါဦးလားဟာ..လုပ်ပါဟာ နင်တို့ဒေါသတွေကိုငါသိပါတယ်.. ငါအေးအေးဆေးဆေးစုံစမ်းကြည့်ပါဦးမယ် ဒီရက်ထဲ နင်တို့ မသွားရင်မသွားနဲ့လေ ”
လန်းဆန်းနဲ့နေနေက တစ်ယောက်ကိုတစ်ယောက် တိုင်ပင်သလိုကြည့်လျက် ပြီးမှ သဘောတူညီမှုရသွား သလိုပုံစံများဖြင့် မိုးအေးဘက်လှည့်ကာ
“ကောင်းပြီလေ နင့်စိတ်တိုင်းကျ နှစ်ရက်အချိန်ပေးမယ် နှစ်ရက်ကျော်လို့မှ အဖြေက ဒါပဲဆိုရင်တော့ ဒီကိစ္စ ကိုငါတို့ ဘီလူးဆိုင်းတီးပြီး ဖြေရှင်းလိုက်တော့မယ် အဲ့ကျရင် နင်ဝင်မပါနေနဲ့ရတယ်..ဟုတ်ပြီလား”
“‘အေး အေးပါဟာ အခုလို အချိန်လေးရတော့ ငါတို့အတွက် ပိုအဆင်ပြေတာပေါ့..ပြဿနာတစ်ခုကို ဆိုးဆိုးရွားရွားကြီးအဆုံသတ်ရတာ မကာင်းပါဘူးဟာ”
မိုးအေးရဲ့ လေပြေအေးတရားကြောင့် သူငယ်ချင်းမနှစ်ယောက်သား မိုးအေးထံ မျက်စောင်းပြိုင်တူ ပစ်လိုက်ကြတော့၏။
########################################################
“လန်းဆန်းနဲ့နေနေတို့ မပါကြပါလားမိုးအေးရဲ့”
ဆရာက ထုံးစံအတိုင်းအပြုံးချိုချိုဖြင့်မေးလေသည်။
“တစ်ကောင်ရဲ့ကိစ္စကို တစ်ကောင်ကအဖော်လိုက်သွားပေးတယ်ဆရာ”
ဆရာက ဆက်မမေးတော့ပဲ သင်တန်းစရန်သာ ပြင်ဆင်နေတော့သည်။မိုးအေးက ဆရာလှုပ်ရှားသမျှတွေ အားလုံးကို မျက်ခြေမပြတ် လိုက်ကြည့်နေမိသည်။
ကွန်ပျူတာ သင်တန်းစတာနဲ့ ဆရာက ဆရာကပုံမှန်အတိုင်း သေသေချာချာ ရှင်းလင်းသင်ကြားပေးနေ သည်။
မိုးအေးအတွက်ကတော့ ဒီနှစ်ရက်အတွက် ပို့ချသမျှတွေ နားမလည်လည်းအကြောင်းမဟုတ်။ယခင်က သင်တန်းချိန်တိုင်း ဆရာပို့ချသမျှကို မျက်တောင်မခတ်စတမ်းနီးပါး အာရုံစိုက်တတ်တဲ့မိုးအေး အခုတော့ ဆရာ့ရဲ့မျက်နှာအပြောင်းအလဲ ဘယ်လိုရှိမလဲပဲ လိုက်လေ့လာနေမိတော့သည်။ ဆရာက ပြဿနာတစ်ရပ် ကိုဖန်တီးထားသူတစ်ယောက် မဟုတ်သည့်နှယ် ဟန်ဆောင်ကောင်းနေတာလား၊မျက်နှာပြောင်နေတာ လားဆိုတာကို မိုးအေးမခန့်မှန်းတတ်တော့။
ဆရာလုပ်ခိုင်းထားတဲ့ ကျူတိုရီရယ်တွေကို အာရုံတစ်စိုက်ဖန်တီးနေရင်းက မိုးအေးတစ်ယောက် ဆရာ့ရဲ့ စားပွဲသို့လှမ်းအကဲခတ်လိုက်သည်။
အင်တာနက်သုံးနေပုံရသောဆရာက ကွန်ပျူတာထဲသို့ စိတ်ကိုလုံးလုံးထည့်ထားသည့်နှယ် သိသာမြင်တွေ့ နေရသည်။
မိုးအေးလည်း လုပ်လက်စကိစ္စကို ခဏရပ်ရင်း အိတ်ထဲကဖုန်းကိုထုတ်ကာ လျင်မြန်တဲ့လှုပ်ရှားမှုနဲ့ ဂျီမေးလ် ကိုဖွင့်ကြည့်လိုက်မိသည်။
ဟော တွေ့ပါပြီ ဆရာ့အကောင့်နဲ့ထင်ရှားစွာရောက်ရှိနေသော ညစ်ညမ်းပုံများနှင့်ဗွီဒီယိုLinkများ။
စိတ်တည်ငြိမ်ပါတယ်ဆိုသော မိုးအေးလို မိန်းကလေးပင် ထောင်းခနဲနေအောင် ဒေါသထွက်သွားမိသည်။
အရင်က အင်တာနက်သုံးတိုင်း ဒီလိုညစ်ညမ်းပုံတွေတွေ့ရင် ပုံတောင်ပြည့်အောင်မပွင့်သေးခင် အမြန်ပိတ် လိုက်မိနေကျ။
တစ်ခြားအကောင့်တစ်ခုခုက ပို့ထားရင်လည်း ထိုအကောင့်ပိုင်ရှင်ကို ဘလော့ပစ်၊စပမ်းလုပ် ပစ်ထားတတ်တဲ့မိုးအေး အခုလိုပုံတွေကို ဆရာ့အကောင့်နဲ့မှ ထင်ထင်ရှားရှား မြင်ဖူးရတော့သည်။
မိုးအေးအနေနဲ့ ကြိုက်နှစ်သက်လို့ လက်ခံနေခြင်းမဟုတ်ပဲ ဒေါသထောင်းထောင်းထနေသော သူငယ်ချင်းမ နှစ်ယောက်အတွက် အဖြေရှာချင်လို့ အခြေအနေကို စောင့်ကြည့်နေရတာပင်။
ဒီလိုညစ်ညမ်းပုံတွေ၊ဗွီဒီယိုဖိုင်တွေ၊Linkတွေ မိုးအေးတို့ ၃ယောက်ထံ ဆရာ့အကောင့်မှ ရောက်ရောက်လာ တာ အခုနဲ့ဆို၅ကြိမ်လောက်ရှိပြီ။
ရောက်ခါစကတော့ ၃ယောက်လုံးကိုယ်စီ အံ့အားတွေသင့်လျက် ကိုယ့်ဆီတစ်ဦးတည်းရောက်နေတာလား၊ ဆရာက ဘယ်လိုသဘောနဲ့ ငါ့ဆီဒီလိုပုံတွေပို့နေတာလဲ။မှားပို့မိတာလား ဆိုပြီး ရှက်စိတ်၊ဝေခွဲမရစိတ်၊ အံ့ဩစိတ်တွေနှင့် တစ်ယောက်ကို တစ်ယောက် ဖွင့်မပြောမိကြသေး။ကိုယ်စီရင်ထဲမှာတော့ ဆရာ့အပေါ် ရွံသလိုလို ဖြစ်ရမလိုလို ဘယ်လိုစိတ်ခံစားရမှန်းမသိဖြစ်နေကြတာပင်။
ဘယ်လိုမှ လက်မခံနိုင်တော့တဲ့အဆုံး တတိယအကြိမ်အပို့မှာ စိတ်အဆတ်ဆုံး နေနေက စတင်ပေါက်ကွဲ ပြောဆိုလာတော့တာပင်။
အားလုံးအချင်းချင်းပွင့်လင်းအပြီး စတုတ္ထအကြိမ် အပို့မှာ လုံးဝသီးမခံနိုင်တော့တဲ့ လန်းဆန်းနဲ့နေနေက ဆရာ့အကောင့်ကပို့နေတာဆိုတာ တစ်ထစ်ချသချာပြီဆိုပြီး ဆရာ့ထံ တိုက်ရိုက် ပွင့်ပွင့်လင်း သွားချဲကြရန် တာဆူနေကြတာပင်။
သုံးယောက်လုံးရဲ့စိတ်မှာ တစ်ခြားတစ်ပါးယောက်ျားများက ပို့တာဆိုလျှင် နောက်ရောက်မလာနိုင်အောင် လုပ်ပစ်ကြမှာဖြစ်ပေမယ့် ကိုယ့်တပည့်မတွေအပေါ် ဒီလို ယုတ်မာကောက်ကျစ်စွာ ပြုမူလာတဲ့ဆရာအပေါ်မှာတော့ ဘယ်လိုမှ သီးမခံနိုင်ကြ။
မိုးအေးမျက်စိထဲမှာ ဆရာက ပတ်ဝန်းကျင်သို့ အာရုံမစိုက်နိုင်လောက်အောင် အသည်းအသန် ဖြစ်နေခြင်း ဟာ မိန်းကလေးတွေကို ညစ်ညမ်းပုံတွေပို့နေတဲ့အတွက်လို့ မြင်သည်ထက်မြင်လာကာ ဆရာ့ မော်နီတာ ကိုပင် ကိုယ်တိုင်သွားကြည့်နေရသည့်နှယ် ဆရာပို့ထားတဲ့ ပုံများက မျက်စိထဲအလုံးအရင်းလိုက် ဝင်လာ တော့သည်။
ပတ်ဝန်းကျင်က သင်တန်းသူသင်တန်းသားတွေက ကျူတိုရီယယ်အပေါ် အာရုံစိုက်နေကြသဖြင့် တစ်ခန်းလုုံး ဆိတ်ငြိမ်နေသည်။တစ်ချို့ကလည်း မသိနားမလည်တာရှိရင် ဆရာ့ ဆိုပြီး အသံပြုချက် တစ်ချက်တစ်ချက် ထွက်လာတာကလွဲလို့သာရှိသည်။
မိုးအေးတစ်ယောက် အတည်ပြုချက်တစ်ခုကိုရယူရန် အကြံထုတ်ရင်း မျက်စိက ဟိုဟိုသည်သည်ကစား မိတာ့ ဆရာ့ကွန်ပျူတာအရှေ့ စားပွဲခုံစွန်းလေးမှာရှိနေတဲ့ မန်မိုရီစတစ်လေး တစ်ချောင်းကိုတွေ့လိုက် ရသည်။ချက်ချင်းပဲ အကြံတစ်ခုကခေါင်းထဲကထွက်လာလျက် ထလျှောက်လာမိတော့သသည်။
ဝါတာကူလာရှိတဲ့ အခန်းပေါက်ဝနားသို့ အနောက်ဘက်က ပတ်မထွက်ပဲ ဆရာ့စားပွဲအနီးကကပ်လျှောက် ရင်း အားလုံး အလုပ်များနေတဲ့အချိန်မို့ မိုးအးရဲ့ ဘယ်ဘက်ကလေးက စားပွဲစွန်းထက်က စတစ်ကိုအသာ လေး ဆွဲယူချလာမိတော့သည်။ဟန်မပျက် ရေတစ်ခွက်သောက်ကာ အနောက်ဘက်ကနေပတ်ပြီး ကိုယ့် နေရာကိုယ် ပြန်ရောက်လာခဲ့သည်။တစ်ခါမှ မလုပ်ဖူးတဲ့ကိစ္စတစ်ခုအတွက် မိုးအေးရဲ့နှလုံးက တဒိုင်းဒိုင်း ခုန်နေတော့သည်။သွက်လက်စွာဖြင့် စတစ်ကို ကွန်ပျူတာမှာထိုးကြည့်မိသည်။
PDF တွေနဲ့၊Software တွေရှိတဲ့ Folder တွေကိုထားကာ၊ဓာတ်ပုံတွေပါတဲ့ Folder တစ်ခုကိုဖွင့်ကြည့်လိုက် မိသည်။Folder တစ်ခုလုံးမှာ မိုးအေးတို့ထံပို့ထားတဲ့ ညစ်ညမ်းပုံတွေအပါအဝင် ညစ်ညမ်းပုံတော်တော်များ များနဲ့ဗွီဒီယို ဖိုင်တစ်ချို့ကိုတွေ့လိုက်ရသည်။
မိုးအေးတစ်ယောက် လက်ဖျားတွေပင်အေးစက်လာကာ တစ်ယောက်တည်း ဘယ်လိုဆုံးဖြတ်ရမှန်းပင်မသိ တော့။ဒီကိစ္စကို တစ်ယောက်တည်း ချဲရန်အလို့ငှာ ဘယ်လိုမှ သတ္တိမကောင်းတာ ကိုယ့်ကိုယ်ကိုအသိဆုံး။ ဘာပဲဖြစ်ဖြစ် သတ်သေဖြစ်တဲ့ ဒီမန်မိုရီစတစ်ကိုတော့ မိုးအေးယူဆောင်သွားမှဖြစ်မည်ဟု ဆုံးဖြတ်ကာ ထိုင်ရာမှထလိုက်သည်။
“ဆရာ သမီး ဗိုက်နည်းနည်းအောင့်လာလို့ ဒီနေ့စောပြန်လိုက်ချင်တယ် ရမလား”
ရုတ်တရတ် သူ့ရှေ့မှာရပ်လာကာ ပြောလိုက်တဲ့ မိုးအေးရဲ့အသံကြောင့် ဆရာက လန့်သလိုဖြစ်သွားကာ မော့ကြည့်လာသည်။သေချာနေပါပြီ ဒီလူကြီး မဟုတ်တာတွေလုပ်နေတာ။
နေနှင့်ဦးပေါ့ လို့ကြိမ်းဝါးလျက် ဆရာ့မျက်နှာကို ရွံရှာသလို ကြည့်ပြီး ဟန်လုပ်ကာပြောနေရသည်။
“ဘယ်လိုဖြစ်တာလဲ မိုးအေးရဲ့ တော်တော်အောင့်နေတာလား”
“ဟို ဟို မိန်းမရောဂါပါဆရာ ပြန်မှဖြစ်မယ်”
မတတ်နိုင်တော့ မြန်မြန်ပြန်လွှတ်စေရန် မဟုတ်တရုတ်ကို မရှက်မကြောက်လီဆယ်လိုက်သည်။ထိုအခါမှ ဆရာက ချက်ချင်းပင်
“ဪ အဲလိုလား အေးအေး ပြန်ပြန် ဖြစ်ရဲ့လား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဖြစ်တယ် သွားပြီ”
မိုးအေးလည်း ခြေကုန်သုတ်လာရင်း တိုက်အောက်ရောက်သည်နှင့် နေနေတို့နှစ်ယောက်လုံးကို ဖုန်းခေါ် ကာ တစ်အိမ်အိမ်မှာ စုစည်းကြရန် မှာလိုက်သည်။
သုံးယောက်လုံး လန်းဆန်းကွန်ပျူတာကို ဝိုင်းအုံကြည့်ရင်းက တစ်ယောက်တစ်ပေါက် ထောပနာပြုနေကြ သည်။
“ကဲ..ဘယ်လိုလဲ မရွှေမိုး ရှင်ပြောထားတဲ့ ၂ရက်တောင်မပြည့်သေးဘူး ရှင်ကိုယ်တိုင်သိလာပြီမို့လား ဒီလောက်လယ်ပြင်မှာ ဆင်သွားသလို ပေါ်နေတာအေ ကြည့်ပါလား”
“ဟုတ်တယ် ကြည့်ပါဦး Folder name တွေတော်တော်များများကလည်း သူ့နာမည်တွေပေးထားတာပဲ..ဒီလောက်ရှင်းနေတဲ့ ကိစ္စ သူငြင်းလို့ကိုမရဘူး”
“အခု ငါတို့တွေ ဘယ်လိုစလုပ်ကြရင်ကောင်းမလဲ..သူ့ကို ငါတို့သိနေတယ်ဆိုတာပြောပြီး မဆက်ဆံတော့ပဲ နေတော့လိုက်ကြရင်ကောင်းမလား”
မိုးအေးကတော့ မိမိဖြစ်စေချင်သလောက်ကိုပဲ အဆိုတင်သွင်းလိုက်သည်။ထင်တဲ့အတိုင်း နှစ်ယောက်လုံးက သွားရောက်ရန်တွေ့ရန်သာ စိတ်အားသန်နေကြသည်။
သူငယ်ချင်းမနှစ်ယောက်ရဲ့ဆန္ဒကို မလွန်ဆန်နိုင်၍ သွားရန်တွေ့ကြပြီဆိုရင်တောင် မိုးအေးကတော့ နောက်ကနေ ငြိမ်နေမိမှမလွဲ။
၃ယောက်သား စကားဆက်မပြောမိအောင် အတွေးကိုယ်စီနဲ့ခဏငြိမ်သွားတုန်းမှာပဲ။
ကြားနေကျ Ring Tone သံချိုချိုတစ်ခုက နေနေ့အိတ်ထဲမှ မြည်လာသည်။
ဖုန်းနံပါတ်ကိုကြည့်ပြီး နေနေ့မျက်နှာထား တစ်မျိုးပြောင်းသွားသဖြင့် လန်းဆန်းနဲ့မိုးအေးက ဖုန်းနံပါတ်ကို ဝိုင်းကြည့်လိုက်ကြရာ ၃ယောက်သား တအံ့တဩနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြ တော့သည်။
နေနေက ဘာလုပ်ရမလဲဆိုတဲ့သဘောနှင့် မိုးအေးနဲ့လန်းဆန်းကိုမေးဆတ်ပြရာ မိုးအေးက ကိုင်လိုက်ဟုပြောလျက် နေနေ့အနီး တိုးကပ်လိုက်မိသည်။
“ဟဲလို…ရှင်…အင်းအင်း ဟုတ်ကဲ့ဆရာ ဖွင့်ကြည့်လိုက်မယ်…ဟုတ်ကဲ့ ဗေဒင်သွားမေးတာပါ…ဟုတ်ကဲ့ ဟုတ်ကဲ့”
နေနေတစ်ယောက် တကယ့်တကယ်ဆရာနဲ့ဖုန်းပြောချိန်မှာ တင်ထားတဲ့အတိုင်း မဟုတ်ပဲ ပုံမှန်လေသံဖြစ် နေသဖြင့် မိုးအေးတို့အံ့ဩရသေးသည်။
“တကယ့်တကယ် ပြောရတော့မယ်ဆိုတော့ သူ့အသံကြားလိုက်တာနဲ့ ငါမပြောရဲပြန်ဘူး ဘာအတွက်ဆက် တာလဲဆိုတော့ ငါတို့ဆီ ကျူတိုရီယယ်တွေကို မေးလ်နဲ့ပို့ထားတယ်တဲ့၊ဘယ်တွေသွားနေကြတာလဲ ဘာညာပေါ့…ကဲကဲ သူပို့ထားတာ ဖွင့်ကြည့်စမ်းလန်းဆန်း ဟိုအကောင့်ပဲလားမသိဘူး”
လန်းဆန်းက ချက်ချင်းပင် အင်တာနက်ကောက်ဖွင့်ကာ ဂျီမေးလ်စစ်လိုက်တော့သည်။
“ဟဲ့ ဟိုအရင်အကောင့်မဟုတ်တော့ဘူးဟ”
မိုးအေးအတွေးထဲ တစ်ခုစဉ်းစားလိုက်မိသည်။ဆရာဟာ သူမတို့၃ယောက်ကို ညစ်ညမ်းပုံတွေပို့နေတဲ့ ရည်ရွယ်ချက်ကဘာလဲ နောက်ပြီး သူကပို့တာကိုမသိမသာဖြစ်အောင်လဲလုပ်မထား ကျောင်းသားတကာ နဲ့ဆက်သွယ်နေကျ သူ့နာမည်အရင်းနဲ့အကောင့်ကြီးကိုပဲသုံးပြီးပို့တာဖြစ်သည်။
ဒီလိုမျိုးပို့တယ်ဆိုကတည်းက မိုးအေးတို့၃ယောက်လုံးက ဆရာပို့နေတာပဲဆိုတာ တန်းသိမှာပင်။သိစေချင် လို့ပို့ပြီဆိုတည်းက မိုးအေးတို့အပေါ် မသိမသာဆိုသလို စကားနဲ့တစ်မျိုး၊အမူအယာနဲ့တစ်ဖုံ သွေးတိုးစမ်း ကြည့်လာနိုင်ချေရှိနေပြီပဲ။
သို့သော် ဆရာ့ကြည့်ရတာ လုံးဝဟန်မပျက်၊သူလုပ်ထားတာမဟုတ်သလို ဖြစ်နေ တာက ဆရာ့အဖို့ စားနေကျကြောင်ပါးသဘောမျိုးဖြစ်ကာ သရုပ်ဆောင်ကောင်းနေ၍လား။ဒါမှမဟုတ် အချိန်တက်လာချိန်အထိ တအိအိစောင့်နေပြီး အရင်ဆုံးကျလာတဲ့ တစ်ယောက်ကို အပီလက်တည့်စမ်းဖို့ လား။တုတ်တုတ်မှမလှုပ်နိုင်အောင် အတွေးတွေထဲမျောသွားမိပြန်သည်။
၃ယောက်သား ခေါင်းချင်းပြန်ဆိုင်မိကြပြီ မနက်ဖြန် ဆရာ့ထံသွားကြဖို့စီစဉ်လိုက်ကြသည်။ဒီနေ့တော့ တနင်္ဂနွေနေ့မို့ ဆရာက သင်တန်းတွေဆက်နေဦးမည်။မနက်ဖြန်ဆိုရင်တော့ ဆရာတစ်ယောက်တည်း နေတတ်တဲ့ သင်တန်းနဲ့တွဲလျက် အခန်းသို့သွားရောက် ဖြေရှင်းနိုင်ချေမည် ဟုဆုံးဖြတ်လိုက်ကြကာ လမ်းခွဲ လိုက်ကြတော့သည်။
နေနေနဲ့လန်းဆန်းက လမ်းသင့်တာကြောင့် သင်တန်းသို့အတူလာခဲ့နိုင်ပေမယ့် လမ်းမသင့်တဲ့ မိုးအေးက သီးသန့်လာပြီး သင်တန်းအောက်က အအေးဆိုင်မှာဆုံကြဖို့ ချိန်းထားကြသည်။
အန်ကယ်လေးရဲ့နဲ့လမ်းကြုံလိုက်လာမိသည်မို့ အစောကြီးရောက်နေတဲ့မိုးအေး အအေးဆိုင်မှာထိုင်စောင့် ရင်းအချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။
အအေးဆိုင်ထဲတွင် သင်တန်းဆင်းလာတဲ့လူတစ်ချို့ထိုင်နေကြသည်။တနလာင်္မနက်ပိုင်း ဒီသင်တန်းပြီးရင် ဆရာက ညနေဘက်မှ သင်တန်းရှိတော့တာမို့ တစ်နေကုန်အားနေတာ မိုးအေးတို့သိထားသည်။
ဆိုင်အတွင်းဘက်ကျကျက ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပြီး ထောပတ်သီးတစ်ခွက်မှာလိုက်သည်။
အနည်းဆုံး နာရီဝက်လောက် စောင့်ရဦးမည်ဆိုပြီး ဂိမ်းဆော့ရန် ဖုန်းကိုထုတ်လိုက်သည်။
ဖုန်းထုတ်လိုက် စဉ် အိတ်ထဲက ဆရာ့စတစ်လေးထွက်ကျသွားတာကြောင့် ခုံအောက်ကိုငုံ့ပြီး ကောက်လိုက်စဉ် ခုံရဲ့ခြေ ထောက်ဘေးမှာ ဟန်းဖုန်းလေးတစ်ခုကိုတွေ့လိုက်ရသည်။
ကမန်းကတန်းကောက်ယူလိုက်ပြီး ဖုန်းပိုင်ရှင်တော့စိတ်ပူနေတော့မှာပဲလို့ ပထမထင်မိသည်။ပြီးတော့မှ သူ့ဖုန်းကျကျန်ခဲ့တာမသိလို့သာ လှမ်းမခေါ်တာပေါ့လို့တွေးမိပြီး ဖုန်းထဲမှာ တစ်စုံတစ်ရာ ဆက်သွယ်နိုင် စရာပါမလားလို့ စပ်စုမိလိုက်သည်။သူများရဲ့ဖုန်းကို မစပ်စုသင့်ပဲ ဖုန်းရှင်ကလှမ်းအခေါ်ကို စောင့်နေသင့် မှန်းသိပေမယ့် လောလောဆယ် ပျင်းနေ တာကြောင့်ကလိချင်တာလဲပါသည်။
ဖုန်းက လော့မချထားသဖြင့် လွယ်လွယ်ကူကူ ဖွင့်ကြည့်လို့ရသွားသည်။သင်တန်းကတစ်ယောက်ယောက် ရဲ့ဖုန်းများလားဆိုပြီး ဖိုတိုတွေကိုကြည့်မိတော့ သင်တန်းထဲမှာရိုက်ထားတာတစ်ချို့လဲပါသည်။
သေသေချာချာကြည့်မိမှ မိုးအေးတို့နဲ့တစ်ဆက်ရှင်တည်း တက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံတွေကို တွေ့လိုက်ရသည်။
သေချာတာပေါ့။ဒီကောင်လေးက နောက်ဆုံးရိုးမှာထိုင်တဲ့ မိုးအေးတို့ထက်ငယ်လောက်တဲ့ကောင်လေး။
ဓာတ်ပုံတွေကြည့်ပြီး ဖုန်းကလည်းလှမ်းမခေါ်သေးတာနဲ့ ဟိုဟိုသည်သည်စပ်စုရင်း
နုတ်ပတ်တစ်ခုကိုတွေ့တာနဲ့ ဘယ်သူမှမသိတဲ့နေရာမှာ ယဉ်ကျေးမှုမရှိစွာပဲ ဖွင့်ကြည့်မိတော့သည်။
မယဉ်ကျေးမိသည့်အတူတူ ဆက်မယဉ်မကျေးလုပ်လိုက်ဦးမည် ဟုလဲ ပြောင်ချော်ချော်တွေးလိုက်မိသေး သည်။
နုတ်ပတ်မှာ ဂျီမေးလ်အကောင့်တွေ၊လျို့ဝှက်နံပါတ်တွေ၊ဝက်ဘ်ဆိုဒ်ပေါင်းစုံရဲ့ လျို့ဝှက်သင်္ကေတတွေ မှတ် သားထားတာပင်။အပေါ်ယံ စပ်စုရုံမို့ သူများလျို့ဝှက်နံပါတ်တွေကို သေသေချာချာပင်မကြည့်ပဲ အပေါ်ယံ ရှပ်ကြည့်ရင်းက မိုးအေးတို့ထံ ညစ်ညမ်းပုံတွေပို့ထားတဲ့ ဆရာ့နာမည်နဲ့အကောင့်ကို လျို့ဝှက်နံပါတ်နဲ့တကွ တွေ့လိုက်ရသည်။
မိုးအေးတစ်ယောက်တည်း မျက်လုံးကျယ်သွားလျက် ဒီအကောင့်က ဒီဖုန်းပိုင်ရှင်ရဲ့အကောင့်လားလို့ ပြန်သုံးသပ်မိပြန်တော့လည်း မဟုတ်ပြန်သေး။ဒီအကောင့်နဲ့ အရင်က မိုးအေးတို့ထံ PDF စာဖိုင်တွေပို့ပေး လေ့ရှိဖူးတာမို့ ဆရာ့အကောင့်ဆိုတာ သိနေတာပင်။
ဒါဖြင့် ဒီကောင်က ဟတ်ကာလား။
ရှေ့ဆက်တွေးမနေတော့ပဲ အအေးဖိုး ကမန်းကတမ်းရှင်းကာ ဆရာ့အခန်းလှေကားပေါ်သို့အပြေးအလွှား တက်လာမိတော့သည်။
“ဟဲ့ မိုးအေး တစ်ယောက်တည်းလား ဘာကိစ္စလည်းသမီး”
ဆရာက အမောတကောပြေးတက်လာသော မိုးအေးကိုတွေ့သည်နှင့် အခန်းဝမှာဟိုရှာသည်ရှာလုပ် နေရာက မေးတော့သည်။
“ဆရာ့ကိုမေးစရာရှိလို့..ဆရာ သမီးတို့ဆီမေးလ်ပို့တာလေ ဘာလို့အရင်အကောင့်နဲ့မပို့တာလဲလို့”
“အမလေးကလေးမရယ် ဘာများလဲလို့ အဲဒါအရေးကြီးလို့လား ဆရာ့အရင်အကောင့်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ဆရာ့အဖေ နိုင်ငံ ခြားက သူ့သမီးနဲ့ဆက်သွယ်ဖို့ အကောင့်တစ်ခုအလျင်လိုတာနဲ့ အဲဒီအကောင့်ကိုပေးထားတာ နောက်ကျ တော့ အဖေက သူ့ကိုအသစ်ထပ်မဖွင့်ပေးနဲ့တော့ အဲဒီအကောင့်နဲ့ပဲအဆင်ပြေတယ် ထပ်ဖွင့်နေရင် သူ့သမီး နဲ့ တခြားသူငယ်ချင်းကြီးတွေကို ထပ်ပြောနေရမယ်ဆိုပြီး ပေးသုံးလိုက်တာ။ဆရာကတော့ အကောင့် အသစ်တွေ ဖွင့်ဖွင့်သုံးတာပေါ့။ဘာလို့လဲ အရေးတကြီး”
“ဟိုလေ ဟို ဘာမှမဖြစ်ပါဘူးဆရာရဲ့ သမီးတို့က ဆရာ့အကောင့်မဟုတ်ဘူးလားလို့ မဖွင့်ကြည့်ရဲလို့ အခုခေတ်က ဗိုင်းရပ်စ်တွေကပေါပါဘိနဲ့ ဟိဟိ…ဒါနဲ့ ဆရာခုနက သမီးတက်လာတော့ ဘာလိုက်ရှာနေတာ လဲ”
“ညည်းတို့ဆက်ရှင်က မင်းဝေဆိုတဲ့ကောင်လေးလေ သူ့ မန်မိုရီစတစ်လေး ဆရာ့ကိုပေးပြီး ကျူတိုရီယယ်အီးဘုတ်တွေ ထည့်ခိုင်းထားတာ ထည့်ပေးပြီးကာမှ ဘယ်နားကျပျောက်သွားတယ်မသိဘူး”
“ဒါလေးလားဆရာ သမီးမနေ့က ရေသောက်တဲ့နားကတွေ့လို့”
“အမလေး ဟုတ်တယ် ဟုတ်တယ် ဘယ်လိုလုပ် ရေသောက်တဲ့နားရောက်နေတာပါလိမ့် ညည်းဘယ်နေ့ကတွေ့တာလဲ”
“ ဆရာ ထွက်ကျတာနေမှာပေါ့ မနေ့ကတွေ့တာ ပေးမလို့ မေ့သွားလို့ ..ဒါနဲ့လေ ခဏနေရင် နေနေတို့လည်းလာမှာ သမီးတို့ စာနည်းနည်းမေးချင်လို့ သမီး အောက်ကဆင်းစောင့်လိုက်ဦးမယ် သိလား’’
“ဪ အေးအေး ဟဲ့ ဖြေးဖြေးဆင်းဦးကောင်မလေး”
ဆရာက အူတိအူကြောင်ဖြစ်ကာကျန်ခဲ့တော့သည်။မိုးအေးကတော့ တစ်ဖုန်းဖုန်းမြည်အောင် ပြန်ပြေးဆင်း လာရာ လှေကားအောက်ဆုံးတွင် နေနေတို့နဲ့ဆုံမိသည်။
“အအေးဆိုင်က ကောင်လေးကပြောတယ် နင်တစ်ယောက်တည်းအပေါ်တက်သွားတယ်ဆိုလို့ ဘယ်လိုဖြစ် လာတာလဲ ပြောပါဦး”
သိချင်စိတ်ပြင်းပြနေပုံရသော မချောနှစ်ယောက်ကို ဆွဲကာ အအေးဆိုင်ထဲ ပြန်ခေါ်လာပြီး ဖြစ်ကြောင်းကုန် စင် ရှင်းပြလိုက်သည်။
“ငါကတော့ ဆရာက သူ့အဖေကြီးကို အရှက်ကွဲခံပြီး မလိမ်လောက်ဘူး ထင်တာပဲ”
ထိုစဉ် ကောင်လေးရဲ့ဖုန်းက ထမြည်လာချေပြီ။
“ဟိုကောင်လေးဖုန်းဖြစ်မယ်”
နောက်ဆုံး နေနေကပင် ဆုံးဖြတ်ချက်ချလိုက်တာက
“ဒီကိုလာခိုင်းလိုက် ငါတို့ဆိုတာမသိစေနဲ့”
ဖုန်းပျောက်တဲ့ဇောနဲ့ ကောင်လေးက ချက်ချင်းပေါက်ချလာသည်။မိုးအေးတို့၃ယောက်ကိုတွေ့တော့ ပထမ မျက်နှာပျက်သွားသည်။ထိုစဉ်ထဲက မိုးအေးတို့က ပါးနပ်စွာရိပ်မိလိုက်ချေပြီ။
သို့ပေမယ့် ကောင်လေးက သူလုပ်ထားတာ ဘယ်သူမှမသိသေးဘူးအထင်နဲ့ ဟန်လုပ်ပြုံးလျက် ခပ်တည်တည်ပဲ ဝင်ထိုင်လိုက်သည်။
ချက်ချင်းပင် နေနေက
“နင်ဘာသဘောနဲ့ငါတို့ဆီကို မဟုတ်ကဟုတ်ကပုံတွေပို့ပို့နေတာလဲပြောစမ်း”
နေနေ့ရဲ့ရုတ်တရတ်အမေးကြောင့် မင်းဝေဆိုတဲ့ကောင်လေး အံ့အားတသင့်ဖြစ်သွားပုံရသည်။ချက်ချင်းပဲ ငြင်းဆန်လိုက်တာက
“ခင်ဗျား ဘာတွေပြောနေတာလဲ ”
နေနေက မင်ကောင်းကောင်းနဲ့ပဲဆက်၍
“နင်ဘာမှ မုန်လာဥလုပ်မနေနဲ့ ငါတို့ နင့်ဖုန်းထဲကနေအကုန်စစ်ကြည့်ပြီးပြီ သေချာအောင်လို့ ငါ့ဦးလေးဟတ်ကာတစ်ယောက်ကိုလည်း စစ်ခိုင်းပြီးပြီ အခုလေးတင်သူပြန်သွားတာ နင်ဆရာ့အကောင့် ကိုဘယ်ကရပြီး Password ပြောင်းသုံးလိုက်တာလဲ”
ကောင်လေးက အခုမှ ဆယ်တန်းအောင်စငယ်ရွယ်သူလည်းဖြစ် အင်တာနက်မှာ အပျော်လိုက် လုပ်တတ်ကာစလည်း ဖြစ်ပုံရမည်။ဟတ်ကာလို့ပြောလိုက်တာနဲ့ နည်းနည်းအောင့်သီးအောင့် သက်ဖြစ်သွားပုံပင်။
“မှန်မှန်မပြောရင် နင့်ကို ငါတို့ရဲစခန်းမှာ အမှုဖွင့်မယ်”
စခန်းမှူးသမီး လန်းဆန်းက ထိုသို့ခြိမ်းခြောက်လိုက်စဉ် ကောင်လေးရဲ့ မျက်လုံးတို့က အဆမတန်ပြူးသွားလျက် လက်နှစ်ဖက်ကိုကာ ကာ
“ဟာ ဒါအပျော်လုပ်မိတဲ့ကိစ္စလေးပါ အဲ့လောက်ကြီးကျယ်ရအောင် ကျွန်တော် ကိုယ်ထိလက် ရောက်ကျူးလွန်တာလဲမဟုတ်”
“ဟဲ့ ကိုယ့်ဆရာသမားရဲ့သိက္ခာကို တစ်ပြားသားမှမကျန်အောင်လုပ်ထားတာ ကိုယ်ထိလက် ရောက်ကျူးလွန်တာထက်ပိုနေပြီ နင်ဒီလောက်မှနားမလည်ဘူးလား။ပြောစမ်း နင်ဆရာ့အကောင့် နဲ့ Password ကိုဘယ်လိုသိလဲဆိုတာ”
ကောင်လေးက ခေါင်းကိုငုံ့ကာဖြင့်
“ဆရာ့အဖေကြီး ဟိုတစ်ခါ သင်တန်းလာရင်းကျွန်တော်ကိုင်နေကျစက်ကနေ အင်တာနက်ဖွင့်သုံး သွားတာ ပြန်သွားတော့ သူ့အကောင့်ကို Sign out လုပ်မသွားဘူးလေ အဲ့ကတည်းက ကျွန်တော် Password ပြောင်းပြီး အပျော်လုပ်လုပ်နေမိတာပါ.. ပြီးတော့ ဆရာ့မေးလ်တွေထဲမှာပို့ထားတာ အများဆုံးတွေ့ရတဲ့ အစ်မတို့၃ယောက်ကိုပဲ လှမ်းပြီးးးးး”
မိုးအေးတို့၃ယောက်သား ကောင်လေးကို ထပ်ဖန်တလဲလဲ ပြောဆိုထိုးနှက်လို့အားရတာနဲ့ ရဲစခန်းပို့မယ်ဆိုတဲ့ခြိမ်းခြောက်မှုကို တစ်ထစ်လျှော့ကာ အကောင်းဆုံးဖြစ်မည့်နည်းကို ဆုံးဖြတ်လိုက်ကြသည်။
ထိုဆုံးဖြတ်ချက်ဖြင့် အသက်၁၆နှစ်အရွယ်ကောင်လေးကို မထွက်ပြေးနိုင်အောင်ခြံရံပြီး ဆရာရှိရာသို့ ဆွဲခေါ်လာလိုက်ကြတော့သည်။
တပည့်မတွေကြား ကိုယ့်သိက္ခာတွေ ဘယ်လောက်တောင်ကျနေလဲဆိုတာ မသိရှာသည့် အကောင့် အခိုးခံရသောဆရာကိုယ်တိုင် ဒီကောင်လေးရဲ့အမှားအပေါ် ဆုံးဖြတ်ချက်ချစေဖို့ရန် အတွက်ရယ်ပါ။
###############################################################################################################
“နန်းတော်ရာသူ”ရေးသားသည်။
7-1-2013
8:50(PM)
16 comments
Mr. MarGa
January 8, 2013 at 9:26 pm
အစ
အလယ်
အဆုံး
တစ်ဖြည်းဖြည်း
အရှိန်တက်လာတယ်
နောက်ဆုံးမှာမှ ရှင်းတော့တယ်
သို့သော်
အစကတည်းက အဆုံးကို မှန်းလို့ ရနေသလိုပဲဗျို့
ဇာတ်သိမ်းကို နည်းနည်း ချဲ့ကြည့်ပါလား
အဲဒီကောင်လေးမဟုတ်ဘဲနဲ့ တခြားသူထားကြည့်လေ :hee:
တော်သေးတာပေါ့နော်
စတစ်လေးကြောင့်သာ
ဒါနဲ့
အဲဒီထဲက ဖိုင်နာမည်တွေက ဘာလို့ ဆရာ့နာမည်တွေ ဖြစ်နေတာလဲ
အဲဒါလေး
အဟီး
•*¨နန်းတော်ရာသူ •*¨
January 8, 2013 at 9:32 pm
ခမည်းခမက်ရေ ပထမဆုံးအားပေးတာကျေးကျေးပါ။
ဇာတ်က ကိုယ်လုပ်ချင်သလို လုပ်လို့သိပ်မဖြစ်တဲ့ဇာတ်မို့ပါ။
နောက်ပြီး စတစ်မှား ဖိုလ်ဒါအားလုံးဆရာ့နာမည်နဲ့မဟုတ်ဘူး။
ဆရာထည့်ပေးလိုက်တဲ့ အီးဘုတ်တွေမှာသာ ဆရာက သူထည့်ပေးတာမှန်းကွဲပြားအောင် သူ့နာမည်တပ်ထားတာပါ။
ခင်ခ
January 8, 2013 at 10:22 pm
ဒီပိုစ့်ကို မန့်ဖို့ အကြိမ်ကြိမ်ဝင်ခဲ့တာ ခုမှဘဲမန့်ရတော့မယ်။
သတိထားစရာလေးပါ အများအသုံးပြုနိုင်တဲ့ ကွန်ပျူတာမှာ အင်တာနက်သုံးလို့ပြီးရင် အကောင့်တွေ အားလုံး lon out သေချာစစ်ရဖို့ လိုတယ်ဆိုတာလေးပါ။ အင်တာနက်ဆိုင်မဟုတ်ဘူး ရုံးဘဲ ကျောင်းဘဲ လို့ စိတ်မချရတော့ဘူးပေါ့နော်။ ကိုယ်တစ်ယောက်ထဲသုံးတဲ့ ကွန်ပျူတာကလွဲလို့ သတိထားတော့မယ်ဗျို့။
surmi
January 9, 2013 at 12:02 am
ကွန်ပြူတာတွင်မက လူပါသတိထားရမယ်ထင်တယ် ဦးခ ရဲ ့ …..
နဂိုကတည်းက အနေအထိုင် မတည်တန် ့ခဲ့ရင် ဒီဆရာတော့ ရှင်းမရတော့ဘူး ….
ဪ ……. ဖြစ်တတ်တယ် …..ဖြစ်ခဲတယ် ……
………. ဖြစ်ခဲ့ဖူးတယ် ….. လို့ထင်ပါတယ် ….
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 11:17 am
ဦးခင်ခရေ မန့်လို့မရတာကို နောက်နေ့ညနေ ဦးဆာမိလှမ်းပြောမှသိတာ။ သိသိချင်းပဲ ဒိတ်ပြောင်းတင်လိုက်တာပါ။
လှမ်းသတိပေးတဲ့ ဦးဆာမိကိုလဲကျေးဇူးတင်ပါတယ်။
ဘယ်နေရာမှာသုံးသုံး ဂျီမေးလ်သုံးသုံး၊ဆိုရှယ်ဆိုဒ်ပေါင်းစုံသုံးသုံး sign out လုပ်ဖို့အပြင်၊
History တွေအားလုံးကိုလဲ clear လုပ်ခဲ့သင့်ပါတယ်။
ကိုယ်တစ်ယောက်တည်းသုံးတဲ့ကွန်ပျူတာမှာတော့ မကလီးယားတာကောင်းတယ်။နို့မို့ ပြန်ဝင်ရတာ ကြာတယ်။
ဦးဦးပါလေရာ
January 9, 2013 at 12:04 am
ဖတ်လို့လဲကောင်းသလို သတိထားစရာလေးတွေလဲပါတာမို့
အကျိုးပြု story လေးလို့ ဆိုချင်ပါတယ်..။
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 11:20 am
ကျေးဇူးတင်ပါတယ်ဦးဦးပါရှင့်။ဖြစ်တတ်တဲ့သဘောလေးကို မီးမရတဲ့ကြားက ကြိုးစားပမ်းစားရေးထားတာပါ။
:kwi:
Link များနဲ့တကွ အားပေးထားတဲ့တဂျီးကိုလဲ ကျေးကျေးပါ။
:harr:
kai
January 9, 2013 at 5:48 am
Scarlett Johansson Nude Photo Hacker Sentenced to 10 Years in …
http://www.hollywoodreporter.com/…/scarlett-johansson-nude-photo-hack...
Dec 17, 2012 – … who pleaded guilty to hacking into the e-mail accounts of Scarlett Johansson and other celebrities, has been sentenced to 10 years in federal prison. … Lawsuit Over Steven Tyler’s ‘American Idol’ Deal Now Involves Mötley …
=
Cable Modem Hacker Draws Three-Year Prison … – SANS NewsBites
http://www.sans.org/newsletters/newsbites/newsbites.php?vol=14…Y
Jun 29, 2012 – FTC Files Lawsuit Against Wyndham Hotels Over Data Security … Want Prison Time for Man Who Hacked Celebrities’ eMail Accounts Calif.
မောင့်ကျက်သရေ ဂီ့
January 9, 2013 at 6:25 am
ဘာာာာာာ……
စကားလက် က နျု ဖိုတို ထွက်တယ်…
သများ ဘာဂျောင့် မမြင်ဖူး ရတာတုန်း …
ဖြဲယဲ ရှာအုံးမှ….
:528:
ဒက်ဂလောက် ဒက်ဂလောက်…
မောင့်ကျက်သရေ ဂီ့
January 9, 2013 at 8:18 am
လာအုံးမယ် … လာအုံးမယ်…
ခွက်ဒစ်ကတ်တွေ လာရင် အဲ့ဒါတွေ ပါလာဦးမယ်..
အွန်လိုင်းကနေ ခွက်ဒစ်ကတ်လျှောက်တယ်..
လျှို့ဝှက်နံပါတ်အပါအဝင် ပါဆင်နယ် အင်ဖော်မေးရှင်းအသေးစိတ်ကို
ဘဏ် (ဖိုင်နန်ရှယ် အင်စတီကျူးရှင်း)ကနေ မေးလ် နဲ့ ပို့ပေးတယ်..
အဲ့… အနှီ မေးလ်ရဲ့ ပါ့စ်ဝါ့ဒ်ကို သူတပါး ရသွားလို့ကတော့
ပြောင်ပြီသာမှတ်ပေတော့ …
:byae:
တကယ်တော့ ကျနော်တို့ လူမျိုးမှာ … ပါ့စ်ဝါ့ဒ် မေ့သွားလို့
အကောင့် သုံးမရတော့ဘူး တို့ … သူများကို ဝင်ခိုင်းပြီး ရီကာဗာ တာတို့ .
အလွယ်တကူ ချိုးလို့ ဖျက်လို့ရမယ့် ပါ့စ်ဝါ့ဒ်မျိုး ပေးထားတာတို့ …
(ဥပမာ အကောင့်နာမည်အတိုင်း ပါ့စ်ဝါ့ဒ် ပေးထားတာ) သိပ်သိပ် ကို များလွန်း
နေသေးတယ်… ပေါ့လျော့ နေကြသေးတယ်…
ကိုယ့်ခရက်ဒစ်ကတ် နဲ့ သူများက သိန်းတရာဖိုးလောက် (အမြင့်ဆုံးလစ်မစ်
ထားထားရင် ထားထားသလောက်) ဝင်သုံးသွားတာ ခိုးသွားတာ မခံရဖူးသေးတော့
မေ့-လျော့-ပေါ့-ဆ နေကြဆဲ ပါလို့ …။
:chee:
တော်သေးတာပေါ့ အောပုံ ဖြန့်တဲ့လူနဲ့ ပဲ တိုးလို့ အဲ့ဆြာ….
နိုင်ငံရေး အကြောင်းဖြန့်တဲ့လူနဲ့ တိုးရင်ဖြင့် အနှီဆြာ အီးဥ (အီလက်ထောနစ်ဥပဒေ )
နဲ့ နားကားဖို့ရှိရဲ့…။
ဘယ်သူမပြုမိမိမှု ပါဗျာ…. အသက်လည်းကြီး အတွေ့အကြုံလည်းများ
နိုင်ငံရပ်ခြားနဲ့လည်း အဆက်ဆံရှိ .. ဆရာလည်းဖြစ်… ဆိုတော့….
ဘယ်သူ့အပြစ်မှမဟုတ် …သူ့အပြစ်… ကိုယ့်အိမ်ကိုယ် သော့ခတ်ဖို့မေ့လို့
သူခိုး ဝင်ခံထိတာတော့ မသနားဘူးဗျို့…
:kwi:
တော်သေးဘီ
ခင်တဲ့
ဂီ
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 11:30 am
ကိုဂီ့လိုတွေးမိရင် ဘယ်လိုလုပ်ဇာတ်လမ်းလုပ်ရေးလို့ရတော့မှာလဲဗျ။
ပေ့ါလျော့တဲ့လူတွေဆင်ခြင်ဖို့အတွက်ပါဆို။
နောက်ပြီး အပေါ်မှာမန့်သလို
“လာအုံးမယ် … လာအုံးမယ်…
ခွက်ဒစ်ကတ်တွေ လာရင် အဲ့ဒါတွေ ပါလာဦးမယ်..
အွန်လိုင်းကနေ ခွက်ဒစ်ကတ်လျှောက်တယ်..
လျှို့ဝှက်နံပါတ်အပါအဝင် ပါဆင်နယ် အင်ဖော်မေးရှင်းအသေးစိတ်ကို
ဘဏ် (ဖိုင်နန်ရှယ် အင်စတီကျူးရှင်း)ကနေ မေးလ် နဲ့ ပို့ပေးတယ်..
အဲ့… အနှီ မေးလ်ရဲ့ ပါ့စ်ဝါ့ဒ်ကို သူတပါး ရသွားလို့ကတော့
ပြောင်ပြီသာမှတ်ပေတော့ …
:byae:
တကယ်တော့ ကျနော်တို့ လူမျိုးမှာ … ပါ့စ်ဝါ့ဒ် မေ့သွားလို့
အကောင့် သုံးမရတော့ဘူး တို့ … သူများကို ဝင်ခိုင်းပြီး ရီကာဗာ တာတို့ .
အလွယ်တကူ ချိုးလို့ ဖျက်လို့ရမယ့် ပါ့စ်ဝါ့ဒ်မျိုး ပေးထားတာတို့ …
(ဥပမာ အကောင့်နာမည်အတိုင်း ပါ့စ်ဝါ့ဒ် ပေးထားတာ) သိပ်သိပ် ကို များလွန်း
နေသေးတယ်… ပေါ့လျော့ နေကြသေးတယ်…
ကိုယ့်ခရက်ဒစ်ကတ် နဲ့ သူများက သိန်းတရာဖိုးလောက် (အမြင့်ဆုံးလစ်မစ်
ထားထားရင် ထားထားသလောက်) ဝင်သုံးသွားတာ ခိုးသွားတာ မခံရဖူးသေးတော့
မေ့-လျော့-ပေါ့-ဆ နေကြဆဲ ပါလို့ …။”
အဲ့ဒီလိုဖြစ်တတ်မယ့်ပြဿနာလေးတွေနဲ့ပတ်သတ်ပြီး ပညာပေးလေးတွေရေးပေးကြဖို့လည်းတောင်းဆိုပါတယ်။
တော်တော်ကြာ ကျွန်မတို့လူမျိုးတွေကို လှည့်ပတ်ကုန်မှာစိုးလို့ပါ။
အခုက တန်ဖိုးနည်းဖုန်းတွေပေါလာတော့ အင်တာနက်သုံးတဲ့လူတွေတော်တော်ကြီးများနေပြီ။
တော်တော်များများက အင်တာနက်ဆိုင်မှာ အကောင့်ဖွင့်ခိုင်းပြီး ပတ်စ်ဝက်ကိုပြန်မပြောင်းကြဘူး။
ကျွန်မအသိ အင်ဂျင်နီယာဘွဲ့ရဆရာမတစ်ယောက်ဆိုရင် ဆိုင်ကဖွင့်ပေးတဲ့အတိုင်းပဲတဲ့။
ပြန်ပြောင်းပါ။လုံခြုံရေးတွေလုပ်ပါဆိုတော့ “ဆိုင်က ပတ်ဝက်ကို ကိုယ့်ဖာသာရိုက်ဆိုပြီးခိုင်းတာတဲ့ သူတို့မသိရဘူးတဲ့”
လုပ်ပေးမယ့်လူတောင် ဆက်မပြောဝံ့တော့ဘူး။သူကမှ ထပ်မမှတ်ချင်တော့တာ။
အွန်လိုင်းဆိုင်ရာ ပညာပေးလေးတွေများများလုပ်သင့်တယ်ထင်တယ် ကိုဂီရေ။
ပရော်ဖက်ရှင်နယ်ကြီးတွေအနေနဲ့လည်း ကိုယ့်လူမျိုးအချင်းချင်းအပေါ် ပညာပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
တော်သေးဘီ
kokothandar
January 9, 2013 at 8:48 am
ဘယ်လိုညစ်ညမ်းပုံတွေပါလိမ့် ကြည့် ကြည့်ချင်လိုက်တာ မမြင်ရတာကြာပြီ
mamanoyar
January 9, 2013 at 9:50 am
အင်း မလွယ်ဘူးနော် သူများအကောင့်ကိုခိုးပြီး
အဲလိုတော့မလုပ်သင့်ပါဘူး
တော်သေးတာပေါ့ အဖြေပေါ်သွားလို့
မဟုတ်ရင်ဆရာ့ကို အထင်ဆက်လွဲနေကြဦးမယ်
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 11:33 am
kokothandar နဲ့ mamanoyar တို့ကိုလည်း အားပေးမှုအတွက် ပီတိဖြစ်ရပါတယ်ရှင်။
နောက်လဲ ဝင်မန့်ပေးကြပါဦး။
မောင်ပေ
January 9, 2013 at 8:41 pm
အေးဗျာ
ပက်ဘလစ် အဆက်စင်တာတွေမှာပဲ သုံးတာဆိုတော့
မနန်းတော်ရာသူစာထဲကလို မဖြစ်အောင်
သေချာလော့အောက် လုပ်ရမှာပါကလား
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 8:54 pm
ကိုပေရေ ပက်ဘလစ်သုံးရင်တော့ တော်တော်လေးဂရုစိုက်ပါ။
အရင်ကဆိုတောင်ငူမှာ ခဏရောက်တုန်း အင်တာနက်ဆိုင်တွေကကွန်နက်ရှင်မကောင်းတော့ ပြန်ထွက်ဖို့တော်တော်ခက်တာကြောင့်
ဘယ်ဆိုဒ်မှာမဝင်ရဲအောင်ပဲ။အရမ်းအသုံးလိုမှ ဂျီမေးလ်လေးသွားစစ်ကြည့်ခဲ့ဖူးပါတယ်။
ကိုယ်ဝင်ဖို့ ဖွင့်လိုက်တာနဲ့ သူမျာအကောင့်ကြီးက အလိုလိုတက်တက်လာတယ်။