“လုပ်သက်က စကားပြောတယ်” (ဝတ္ထုတို)
(၁)
ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ကျောင်းလည်း မတက်ရသဖြင့် အားလပ်နေပါတယ်။ ဒါကြောင့်ပဲ ဦးလေးအသိ ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ အကြောင်းရင်းက တကယ်လို့ တက္ကသိုလ်ကိုတက်ရရင် ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကိုင်သုံးချင်တာလည်း ပါတာပေါ့။
ဆိုင်ဆိုလို့ ပြောရအုံးမယ်။ ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်က ကြီးကြီးမားမား ဆိုင်ကြီးတစ်ဆိုင်လည်း မဟုတ်ပါဘူး။ အသင့်အတင့်အကျယ်နဲ့ အိမ်ဆိုင်လေး တစ်ခုသာဖြစ်ပါတယ်။ အိမ်ရှေ့ဘက်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အဓိကရောင်းချပြီး နောက်ဘက်မှာတော့ ဆိုင်ပိုင်ရှင်မိသားစု နေထိုင်ကြပါတယ်။
ဝန်ထမ်းဆိုလို့လည်း ကျွန်တော့်ရှေ့အရင် ဝင်လုပ်တဲ့ ကောင်လေးတစ်ယောက်ရယ်၊ ကျွန်တော်ရယ် စုစုပေါင်း နှစ်ယောက်သာရှိပါတယ်။ အဲ့ဒီကောင်လေးက ကျွန်တော့်ထက် တစ်နှစ်ခန့်ငယ်ပါတယ်။ သူ့အပြောအရဆို ဒီဆိုင်ကိုရောက်တာ ၂နှစ်လောက်ရှိပြီဆိုပဲ။
ဆိုင်ရှင်က ကျွန်တော့်ကို သူ့ဆီ အပ်ပါတယ်။ ဒါကိုတော့ ကျွန်တော် သိပ်မကျေနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူကို ဆရာတင်သလိုမျိုးဆိုတော့ အောက်တယ်လို့ ထင်မိတာကိုး။ ဒါပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားဆိုတော့ ကျွန်တော်လည်း မကျေနပ်တာ ပြောခွင့်မသာဘူးပေါ့။
ဒီဆိုင်ရဲ့အလုပ်ချိန်က မနက်(၇)နာရီခွဲကနေ ည(၈)နာရီထိပါ။ ည(၈)နာရီဆိုတာလည်း ပုံသေမရှိပါဘူး။ တစ်ခါတစ်ခါ ဝယ်သူကျရင် ကျသလောက် (၉)နာရီလည်း ကျော်သွားတတ်ပါတယ်။
ဆိုင်ရဲ့ အလုပ်နဲ့ပတ်သက်ပြီး သိပ်ထွေထွေထူးထူး မရှိပါဘူး။ မနက်ပိုင်းဆိုင်ဖွင့်၊ သန့်ရှင်းရေး အနည်းအကျဉ်းလုပ်၊ ဝယ်သူလာရင်ရောင်း၊ ငွေစာရင်းပြ၊ ညဆိုင်သိမ်း အဲ့ဒီလောက်ပါပဲ။
(၂)
ကျွန်တော် အလုပ်ဝင်စ ပူပူနွေးနွေးဆိုတော့ ဆိုင်ဈေးနှုန်းတွေ မသိသေးဘူးဗျ။ ဒီတော့ ဟိုကောင်လေးကိုပဲ မေးရတယ်။ သူကလည်း ရိုရိုသေသေ ပြန်ဖြေရှာပါတယ်။ ခက်တာက ကျွန်တော်ပဲ။ အလုပ်ရှင် ကျွန်တော့်ကို သူ့ဆီအပ်တည်းက သူ့ဆိုရင် အလိုလိုနေရင်း ကြည့်မရဘူးဖြစ်နေတယ်။ ဒါကြောင့် ဆိုင်ဈေးနှုန်းတွေကို သူ့ကို ထပ်မမေးရအောင် အသေကျက်ဖြစ်တော့တာပဲ။ မခံချင်စိတ်လည်းပါတာပေါ့။
တစ်ပတ်လောက်ကြာတော့ သူ့ကို မေးစရာမလိုဘဲ ဆိုင်ထဲက ပစ္စည်းတော်တော်များများကို ကျွန်တော် ဈေးနှုန်းပြောတတ်နေပြီလေ။ ဒါကြောင့် ဝယ်သူလာရင် ကျွန်တော်က ဦးအောင် လုမေးတော့တာပဲ။ အစွမ်းပြချင်နေတာလည်း ပါတာပေါ့။ ဟိုကောင်လေးကတော့ ကျွန်တော့်ကို နားလည်ပေးရှာတယ် ထင်ပါရဲ့။ ဘာမှဝင်မပြောဘူး။ ကျွန်တော့်ကိုကြည့်ပြီး ပြုံးနေရှာတယ်။
အခုလည်း ဝယ်သူတစ်ယောက် ရောက်လာလို့ အစွမ်းပြချင်သူပီပီ ကျွန်တော် ထိုသူ့ဆီ ပြေးသွားတယ်။ နှုတ်ကလည်း အရင်တုန်းက မေးနေကြအတိုင်း မေးလိုက်မိတာပဲ။
“ဘာလို့ချင်လို့လဲ…အန်တီ”
ဒီလိုလဲ ကျွန်တော် မေးလိုက်ရော ဝယ်သူအဒေါ်ကြီးရဲ့မျက်နှာက ရက်လွန်သစ်သီးလို ပုပ်သိုးသွားတယ်။ ကွှန်တော် ဘာများမှားလို့လဲ မသိဘူး။ ထိုအချိန်မှာ ဟိုကောင်လေးက ကျွန်တော်တို့အနားကို ရောက်လာပါတယ်။
“ဘာများလိုချင်လို့လဲ…အစ်မ”
သူလည်း အဲ့ဒီလိုပြောလိုက်ရော ခုနက ဝယ်သူရဲ့မျက်နှာဟာ ပြန်လည်ကြည်လင်ပါတယ်။ ဒီတော့မှ ကျွန်တော် ရိပ်မိတော့တယ်။ လက်စသတ်တော့ ဝယ်သူအဒေါ်ကြီးက သူ့ကို အန်တီလို့ခေါ်တာ မကြိုက်တာကိုး။ အဲ့ဒီမှာ ကျွန်တော် သင်ခန်းစာတစ်ခုရသွားတယ်။ ဒါက ပြင်ထား၊ ဆင်ထားတဲ့ အဒေါ်အရွယ်တွေဆို သူတို့အကြိုက် အစ်မလိုခါ်ရမယ်ဆိုတာပဲ။
အဲ့ဒီနေ့က ဟိုကောင်လေးရဲ့ အပြောအဆိုပါးနပ်မှုကြောင့်ပဲ ဝယ်သူလွတ်မသွားပါဘူး။ ကျွန်တော်ချည်းသာဆို မဝယ်တဲ့အပြင် ရန်တောင်တွေ့အုံးမလား မသိဘူး။ အခုတော့ သူရဲ့ကျးဇူးကြောင့် ဒီအဒေါ်ကြီးက တီဗွီတစ်လုံးနဲ့ အောက်စက်တစ်လုံးကို အားပေးသွားပါတယ်။ သူက ကျွန်တော့်ကို အရောင်းအဝယ်မှာ စကားအပြောအဆို လိမ္မာပါးနပ်ဖို့လိုကြာင်း လက်တွေ့သင်ခန်းစာပြလိုက်သလိုပဲ။
(၃)
“ညီလေး…ဒီက အစ်ကို့အသိတွေကို တီဗွီကောင်းတဲ့အမျိုးအစားထဲက ဘာယူသင့်တယ်ဆိုတာ ရှင်းပြလိုက်ပါအုံး”
ဒါကတော့ ဆိုင်ထဲဝင်ဝင်ချင်း ကျွန်တော့်ကို ဆိုက္ကားသမားအစ်ကိုကြီးတစ်ယောက်က မျက်စိတစ်ဘက်မှိတ်ရင်း ပြောတာပါ။ သူ့နောက်မှာလည်း လင်မယားဖြစ်ပုံရတဲ့ လူနှစ်ယောက် ပါလာပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ဘေးနားကို ဟိုကောင်လေးရောက်လာပြီး လက်ကုတ်ပါတယ်။ ဒါ တစ်ခုခုကို အချက်ပြတာလို့ ကျွန်တော်ရိပ်မိလိုက်တယ်။ ဘာလဲဆိုတာတော့ ကျွန်တော်လည်း ဂဃနဏ မသိဘူး။ ဒါပေမဲ့ ကျွန်တော် အရင်လို ပစ္စည်းဈေးတွေ လုမပြောဘဲ ငြိမ်ငြိမ်နေလိုက်တယ်။
ကျွန်တော့်အစား ဟိုကောင်လေးက ပြောပါတယ်။ ဘယ်ပစ္စည်းတွေကတော ဘယ်နိုင်ငံကဖြစ်ကြောင်း၊ အာမခံလည်းပေးကြောင်း၊ ယူမယ်ဆို ဆိုင်မှာစမ်းပြမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြနေတာပါ။ အဲ့ဒီထဲမှာ ကျွန်တော် သတိထားလိုက်မိတာက ဆိုင်ဈးနှုန်းတွေ ပြောတဲ့အချိန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ပစ္စည်းတွေကို ရှိရင်းစွဲတန်ဖိုးထက် သုံးထောင်စီပိုပြောနေတာ ကျွန်တော်သိလိုက်ရတယ်။ ဒီလိုသိလိုက်ရတော့ ကျွန်တော် မျက်လုံးပြူသွားတာပေါ့။
ဒါ ဘာဖြစ်လို့လဲဆိုတာ မသိတော့ နောက်မှမေးမယ်လို့ ကျွန်တော် တေးထားလိုက်တယ်။ နောက်ဆုံးမှာ ဝယ်သူတွေက ဆမ်ဆောင်းတံဆိပ်ပါ တီဗွီကို ရွေးချယ်လိုက်ကြပါတယ်။ ထိုသူတွေ ငွေရှင်းပြီး ထွက်သွားတော့ ကျွန်တော့်ကိုကြည့်ရင်း ဟိုကောင်လေး ရှည်လျားစွာ သက်ပြင်းချတယ်။ ပြီးတော့မှ ကျွန်တော် ဘာမှမမေးရသေးခင် သူကပဲ အရင်ပြောပါတယ်။
“တော်သေးတယ်…အစ်ကိုရာ၊ အစ်ကို ဈေးတွေ ကြိုပြောမထားလို့ နောက်မို့ဆို မလွယ်ဘူး”
“ဘာဖြစ်လိုလဲ…ငါ့ညီ”
“ဒီလို… အစ်ကိုရ၊၊ ခုနက အစ်ကို့ကို ဆိုက္ကားသမားက မျက်စိမှိတ်ပြတာက ကျွန်တော်တို့ကို အချက်ပြတာပဲ
ဒါက သူ ဝယ်သူကို ဒီဆိုင်ခေါ်လာခ၊ အင်း အစ်ကို နားလည်အောင် ဘယ်လိုပြောရမလဲဆိုတော့
ပွဲခတောင်းသလိုမျိုးပေါ့၊ အဲ့ဒါက သူ့အတွက် ကျွန်တော်တို့က ငွေပိုတောင်းထားဖို့ အချက်ပြတာပဲ”
“ဟင်…ဒီလိုတွေလည်းရှိတယ်လား”
ကျွန်တော် အတော်အံ့ဩသွားတယ်။ ဒီလိုမျိုးရှိတယ်ဆိုတာ ကျွန်တော် တကယ်မသိတာပါ။ ပြီးတော့ သူက ဆက်ပြောသေးတယ်။ ဒါမျိုးတွေသာမက တချို့ဆို ပစ္စည်းဝယ်ပြီးရင်း ကုန်ကျငွေကို စာရင်းရေးခိုင်းပြီး ပိုတင်ပေးဖို့ ပြောတာလည်းရှိတယ်တဲ့။ အကြံအဖန်ကတော့ အမျိုးမျိုးပါပဲ။ ဆိုင်တွေကလည်း မိတ်မပျက်အောင်ဆိုပြီး သူတို့အလိုကို လိုက်နေရတော့တာပဲတဲ့။
သူပြောချက်အရဆို အဲ့ဒီလိုဖြတ်ခုတ်ယူတာကလည်း အချင်းချင်းတွေအပါ် ပိုများသတဲ့။ သူငယ်ချင်း၊ ဆွေးမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ အကြီးအကဲတို့အပေါ်မှာ ဖျံကျတာမျိုးပေါ့။ အဲ့ဒီအကြောင်းကို ကျွန်တော်နားထောင်ရင်း ဘယ်သူ့ကိုမှ ယုံဖို့မသင့်ကြောင့် သင်ခန်းစာတစ်ခု ထပ်ရပါတယ်။ ဒါတွေကလည်း သူပြောလို့ သိရတာပါ။ အလုပ်ဝင်စ ကျွန်တော့်အတွက်တော့ ဒါတွေဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။
(၄)
နဂိုကဆို ကျွန်တော် ဒီကောင်လေးကို တော်တော်ကြည့်မရ ဖြစ်ခဲ့ပါတယ်။ ဆိုင်ရှင်က ကျွန်တော့်ကို သူ့ဆီအပ်တာကိုလည်း လုံးဝကျေနပ်ခြင်း မရှိခဲ့ပါဘူး။ အခုမှ ကျွန်တော် လုပ်သက်နဲ့ အသက် ကွာခြားကြောင်း နည်းနည်းနားလည်လာတော့တယ်။ ဒီတော့ ကျွန်တော် သူ့ကို လေးလေးစားစား ဆက်ဆံလာမိပါတယ်။
အခုလည်းကြည့်လေ။ သိပ်မကြာခင်ကမှ ဝယ်သွားတဲ့ တီဗွီပြဿနာတက်လို့ အဲ့ဒီအိမ်ကိုလိုက်သွားပြီး ကျွန်တော် သွားရှင်းရတယ်။ တီဗွီဖြစ်တဲ့ ပြဿနာက ရီမုဒ်နဲ့ တီဗွီကို ဘယ်လိုမှ ခိုင်းလို့မရတာပဲ။ ဝယ်သူတွေကလည်း ခုနက ဆိုင်မှာစမ်းတုန်းက အကောင်းမို့ ဒီရောက်မှ ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော်လည်း ဘာမှ မပြောပြနိုင်ဘူး။ ကျွန်တော်လည်း အမျိုးမျိုး စစ်ဆေးကြည့်တာပါ။ ဘာပြစ်ချက်မှ မတွေ့တာကိုး။ ဘယ်လို ပြန်ပြောနိုင်မှာလဲ။ ဒါနဲ့ နောက်ဆုံးတော့ ဆိုင်ကို ဖုန်းဆက်ပြီး ဟိုကောင်လေးကိုပဲ မေးရတယ်။ သူက အကြောင်းစုံကို နားထောင်ပေးပြီး ကျွန်တော့်ကို အကြံပြန်ပေးပါတယ်။
“အစ်ကို… တီဗွီမှာ ဘာချို့ယွင်းချက်မှ မတွေ့ရင် ရီမုဒ်ကို ဓာတ်ခဲအသစ်လဲပြီးနှိပ်ကြည့်လိုက် အစ်ကို၊ အရင်ဓာတ်ခဲက
တီဗွီဗုံးထဲက အသင့်ပါလာတဲ့ ဓာတ်ခဲမို့ လက်ကျန်အားရှိသလောက်ပဲသုံးနိုင်ပြီ နောက်မှ ဘာမှသုံးလို့မရတာလည်း ဖြစ်တတ်တယ်ဗျ”
ကျွန်တော်လည်း သူပြောတဲ့အတိုင်း ဓာတ်ခဲအသစ်လဲပြီး တီဗွီကို စမ်းကြည့်လိုက်တယ်။ တကယ်ပဲဗျာ။ အံဩဖွယ်ကောင်းအောင် အဆင်ပြေသွားတယ်။ ကျွန်တော်ကတော့ ရီမုဒ်ဓာတ်ခဲကို အသစ်ထည့်တားတာဆိုပြီး အဲ့ဒီအပိုင်းကို မတွေးခဲ့မိဘူး။ ဟိုကောင်လေးက ကျွန်တော့် မစဉ်းစားမိတဲအပိုင်းကို သူရဲ့လုပ်သက်အရ ထောက်ပြနိုင်ခဲ့တာပါ။ အဲ့ဒီတော့မှာ ဆိုင်ရှင်ဘာကြောင့် ကျွန်တော့်ကို သူ့ဆီ အပ်ရတာလဲဆိုတာ ကောင်းကောင်းကြီး နားလည်သွားပါတယ်။
အဲ့ဒါက ဘယ်နယ်ပယ်မှာမဆို အသက်အရွယ်ထက် လုပ်သက်က ပိုအရေးကြီးကြောင်း ကျွန်တော် လက်တွေ့သိသွားတာကိုပေါ့။
စေပိုင်ထွဋ်(ပုသိမ်)
5 comments
မောင်ပေ
January 16, 2013 at 8:44 pm
ကျုပ်တို ့ငယ်တုန်းက ကျောင်းစာအုပ်ထဲကပုံလိုပေါ့
ခေါင်းသုံးလုံးရှိတဲ့လူ ဆိုတာ လောကကြီးမှာ တော်တော်အရေးကြီးပါတယ် ကိုစေပိုင်ရေ
ဖတ်ရှုအားပေးသွားပါတယ်ဗျို ့
Mr. MarGa
January 16, 2013 at 9:21 pm
အသက်အရွယ်ထက်
အတွေ့အကြုံက ပိုလို့ စကားပြောတာပေါ့လေ
အသက် ဘယ်လောက်ကြီးကြီး
အလုပ်ထဲမှာတော့ အရင်ရောက်တဲ့သူက စီနီယာပါပဲဗျာ
ပန်းစံပါယ်
January 17, 2013 at 2:22 pm
ဟုတ်တယ် Mr MarGa ပြောသလိုပဲ လုပ်သက်ဆိုတာထက် အတွေ့အကြုံလို့ပဲ ယူဆတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့လုပ်သက်တော့များတယ်။ အတွေ့အကြုံမများတော့ သက်ဆိုင်ရာအပိုင်းမှာ သိပ်မသိ မကျွမ်းကျင်ကြတာတွေရှိတယ်။ ဆောင်ရွက်ရတဲ့အပိုင်းလည်းတူတယ် လုပ်သက်ခြင်းလည်း တူပေမယ့် အတွေ့အကြုံခြင်းကွာတော့ အတွေးအခေါ် အယူအဆတွေမတူ နားလည်တတ်ကျွမ်းမှု ဖြေရှင်းပုံတွေကွာပါတယ်။
မင်းနန္ဓာ
January 17, 2013 at 3:46 pm
အထာ = အတွေ့အကြုံ = လုပ်သက် .. ဆိုပါတော့
ရွှေတိုက်စိုး
January 17, 2013 at 4:26 pm
မှန်လိုက်တာ… ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို.စောင့်နေတုန်းက ဦးလေး တီဗွီဆိုင်မှာ အလုပ်လုပ်ခဲ့ဘူးတယ်…အဲလို အထာလေးတွေရှိတယ်ဗျ.. အရောင်းအဝယ်မှာ
တော်တော်တော့ ဗဟုသုတ ရခဲ့တယ်ဗျ..
တီဗွီရောင်းတာတွေရော စလောင်းချိတ်တာတွေရော… ဈေးဝယ်သူမျိုးစုံတွေ.ရတယ်..