အချစ်ထက်ပိုသော
လေးဘက်လေတန် အလုံပိတ် အခန်းလေးအတွင်းမှာ ဂီတသံစဉ်တွေ ကျူးရင့်လို့နေတယ်။ ဒီအခန်းလေး အတွင်းမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံး တဒိတ်ဒိတ်လိုက်ခုန်နေလောက်အောင် ဂီတသံစဉ်တွေက ကျယ်ကျယ်လောင်လောင်ပေါ့။ တစ်ချက်တစ်ချက် မဆိုစလောက်လေး ဟနေတဲ့ အခန်းတံခါးဆီကနေ ပြင်ပ ပတ်ဝန်းကျင်ကို အဲဒီ သံစဉ်တွေ လွှင့်ပျံ့လာတတ်ပေမယ့် တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေး။
သူ့ ရင်ခွင်ကျယ်ကျယ်ကလေးကို မှီရင်း ရီမုတ်ကွန်ထရိုးတစ်ခုကိုကိုင်၊ လက်တစ်ဖက်ကတော့ ပန်းသီးစိတ်ကလေးတွေကို သူ့ပါးစပ်ဖျားဆီကိုအရောက်ပို့။ မျက်ဝန်းတွေက ရီဝေဝေဆိုတော့ အလင်းဖျော့ဖျော့ အခန်းလေးအတွင်းမှာ ဆန်ကျင့်ဘက်ဆွဲအားတွေနဲ့ မှိုင်းမိနေကြသလိုပေါ့။ တစ်ချက်တစ်ချက် သူ့လက်တွေ သူမရဲ့ ခန္ဓာကိုယ်လေးပေါ် ပွတ်သပ်ကစားတယ်။ အင်းလေ ခုချိန်မှာ သူမက သူ့ရင်ခွင်ထဲက အလှမွေးကြောင်ကလေးတစ်ကောင်။ ခံစားမှုကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာမှာ သခင့်အလိုကျ အလိုက်သင့်ကလေး စီးမျောကျေနပ်နေတယ်ဆိုတာ ပြရတယ်။ သူ့နှုတ်ခမ်းတွေ တီးတိုးတီးတိုးဆိုတယ်။ သူမ မကြားတစ်ချက် ကြားတစ်ချက်။ ဘာမှ တွေဝေမိန်းမောနေစရာမလိုပါဘူး။ သူ ခုချိန်မှာ ဘာပြောပြော ခေါင်းငြိမ့် နားထောင်ပေးရမှာ သူမရဲ့ တာဝန်။
ရုတ်တရက် သူမနှာခေါင်းဝမှာ စူးခနဲ့ ရနံ့တစ်ချို့ ဝှေ့ဝိုက်သွားတယ်။ သူမ နှုတ်ခမ်းမှာ နွေးခနဲ။ သူက သူမကို မွတ်သိပ်စွာ အနမ်းချွေတယ်။ယောကျာ်းတွေရဲ့ အနမ်းများစွာ သူမရဖူးပါရဲ့။ ဒီတစ်ခါ သူ့အနမ်းကိုတော့ သူမ အလိုက်သင့်ကလေး။
တီးလုံးတွေ ပိုပိုမြူးကြွလာတယ်။ သူ့ ဘော်ဒါတွေ ကကြခုန်ကြပြီ။ သူမလို မိန်းကလေး သုံးယောက်ကလည်း တွဲကနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်သွားလိုက်။ ပြန်ခွာသွားလိုက်နဲ့ မီးအလင်းရောင် ဖျော့ဖျော့ကလေးမှာ သွေးတွေ ဆူပွက်လာကြတယ်။
ကရင်းခုန်ရင် ဘီယာခွက်တွေ လာမော့ကြတယ်။ သူမ ရှေ့က ဘီယာခွက်ကို သူမ တစ်ချက်ကျိုက်လိုက်တယ်။ သူ ပြုံးပြီးကြည့်နေတာ သူမ မြင်တယ်။ ဒါပါပဲ။ ညတစ်ည ကုန်ဆုံးခြင်းဆိုတာ သူမအတွက်တော့ မျက်စိတစ်မှိတ်လျှပ်တစ်ပျက်အတွင်းလေးမှာပဲလေ။
၁။ ။
ညက လတ်ဆတ်ချိုမြိန်ခြင်းအတိနဲ့ အေးတိအေးစက်နိုင်နေသေးတယ်။ သူမ ခန္ဓာကိုယ်ပေါ်က စောင်ပါးပါးလေးတစ်ထည်ကို အသာဘေးဖယ်ရင်း ကုတင်ကြီးပေါ်ကထလိုက်တယ်။ ဗလာကျင်းနေတဲ့ သူမ ခန္ဓာကိုယ်ပေါ်ကို ညဝတ်အကျီတစ်ထည် ကောက်စွတ်လိုက်ရင်း ကုတင်ကြီးပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ရဲမျက်နှာဆီကို အကြည့်ကရောက်သွားသေးတယ်။ ဆန္ဒတွေပြီးမြှောက်သွားလို့ အိပ်ပျော်နေပုံများ။ အဲလိုပဲလား။ ယောကျာ်းတွေရဲ့ ဆာလောင်မွတ်သိပ်မှုက တစ်ကြိမ်မကရှိနေတာလား။
ပကတိအတိုင်းကြည့်ရင်တော့ ရိုးသားတဲ့ အသွင်သဏ္ဍာန်ကိုဆောင်နေတတ်ကြတယ်။ သူမ သူရဲ့ ပိုက်ကွန်မှာ ဘယ်အချိန်က မိသွားခဲ့မှန်းမသိဘူး။ နုပျိုချောမောတဲ့ ရုပ်ရည်နဲ့ ငွေကိုရေလိုသုံးနိုင်တဲ့ ယောကျာ်းတစ်ယောက်ကို သူမတို့လို ညဉ်ငှက်ကလေးတွေ သဘောကျ နှစ်ခြိုက်ကြတာ မဆန်းပါဘူး။
ဘယ်ယောကျာ်းကိုတော့ ဘယ်လိုချူမယ်၊ ဘယ်ယောကျာ်းကို ဘယ်လို ကြူမယ်ဆိုတာ ဘယ်သူမှ သင်ပေးစရာမလိုတဲ့ သူမတို့ရဲ့ မာယာလေးဆယ်ထဲက တစ်သွယ်ကို ထုတ်သုံးလိုက်ရုံနဲ့ ကောက်ကောက်ပါ လာတတ်ကြတာပဲ။
သူမတို့က သူတို့ယောကျာ်းတွေရဲ့ ဆန္ဒနဲ့ ရမ္မက်ဇောဟုန်တွေကို ငြိမ်သက်သွားအောင် ဒါမှမဟုတ် ပိုသွေးဆူအောင် ဖျားယောင်းရတာ ခက်လှတယ်လို့ကိုမထင်ဘူး။ သူတို့မျှော်လင့်နေတဲ့ အရာတစ်ရဖို့အတွက် စိတ်ဆန္ဒတစ်ခုတည်းကိုအလိုလိုက်ပြီး ငွေကို ဘယ်လိုသုံးမလဲ၊ ဒါမှမဟုတ် မိန်းမတွေရဲ့ မာယာကျော့ကွင်းကိုဘယ်လိုရှောင်မလဲ၊ လိုချင်တာ ရအောင်ဘယ်လို စကားတွေချွေမလဲ ဆိုတာလောက်ကိုသာ အခန်းကျဉ်းကျဉ်းလေးအတွင်းမှာ သူတို့ လျှပ်တပျက်အတွင်း ဉာဏ်ကိုလွှာသုံးတတ်ကြတာကိုတော့ သူမ ချီးကျူးတယ်။
သူ့ကိုပဲကြည့်.။
မျက်ခုံးထူထူထဲထဲ၊ မျက်ဆံနက်နက်၊ နှာခေါင်းသွယ်သွယ်နဲ့ ပိရိသေသပ်ပြီး ပန်းသွေးရောင်လွှမ်းနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ပဲ သူမကို ချွေသွားခဲ့တာ။ ခုပင်ပဲ သူမ သူ့ကုတင်ထက်မှာ သူနဲ့ ချစ်တင်းနှောအိပ်ခဲ့ရပြီးပြီပဲ။ ဒါပေမယ့် အပျော်ဆိုတာ တဒင်္ဂလေးဆိုတာ သူမသိလိုက်ရတယ်။ မိန်းမတို့ရဲ့ ပိုင်ဆိုင်လိုခြင်းကြီးမားမှုမှာ ယောကျာ်းတွေက ထိပ်ဆုံးကပါတယ်ဆိုတာ သူမ ယုံသွားတာပဲကြည့်တော့။ ကိုယ်ပိုင်ပစ္စည်းတစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းကို ပစ္စည်းပိုင်ရှင်ပဲ သိကြတယ်တဲ့။ ပစ္စည်းတစ်ခုကောင်းတယ်ဆိုတာ အသုံးပြုသူရဲ့ စည်းကမ်းကျမှု၊ သေသပ်မှု၊ ရိုသေမှုတွေလည်းပါရတယ်။ အဲဒီပစ္စည်းတစ်ခုပျက်ပြီဆိုတာနဲ့ ပြန်ပြင်ဖို့ အပိုပစ္စည်းတွေဆောင်ထားရသလို အပိုပစ္စည်းမရှိဘူးဆိုရင်တော့ စွန့်ပစ်လိုက်ရုံသာပဲရှိတယ်ဆိုတာ သူမ သိလိုက်တယ်..။
၂။ ။
သူမ ဆီကိုဖုန်းလာတယ်ဆိုတော့ အံ့ဩရတယ်။သူမမှာ ဆွေမျိုးသားချင်းဆိုတာ မြေမြုပ်သဂြိုဟ်ခဲ့တာပဲ နှစ်ကာလတွေကြာခဲ့ပြီ။ သူမက မေ့ခဲ့သော ဒါမှ မဟုတ် သူမကို မေ့သွားခဲ့သော ဆွေမျိုးသားချင်းတွေ အားလုံးဟာ လူသေတွေလိုပဲ။
“ဟယ်လို“
“မင်းက ကြည်နူး ဆိုတဲ့ မိန်းကလေးလား“
“ဟုတ်ပါတယ်ရှင် ဒါနဲ့ ခုပြောနေတာ ဘယ်သူလဲမသိဘူး“
“ဘယ်လိုပြောရမလဲ ။ မင်းနဲ့ တစ်ပတ်ကိုနှစ်ခါလောက် လာအိပ်နေတဲ့ ကိုသူရဇော်ရဲ့ မိန်းမဆိုပါတော့“
ရှင်ဆိုတဲ့ အာမေဋိတ်သံကို နုတ်က ထွက်မိတော့မလို့။ ဒါမျိုးတွေမှာ သူမ မအံ့ဩရအောင် အခါခါ သတိထားနေပါလျှက်နဲ့ တစ်ချက်တစ်ချက် လွတ်သွားချင်နေသေးတယ်။ ဖုန်းထဲက မိန်းမရဲ့အသံက မာခြင်းလည်းမရှိ။ နူးညံ့ခြင်းလည်းမရှိတဲ့အသံ။ အင်းလေ ခုချိန်မှာ ဘယ်မိန်းမကရော ကိုယ့်ယောကျာ်းရဲ့ အမြှောင်မိန်းမတစ်ယောက်ကို နူးနူးညံ့ညံ့ဘယ်ဆက်ဆံနိုင်ပါ့မလဲ။
“ဟုတ်ကဲ့ ဒီတော့“
“ကြည်နူးနဲ့ တို့ နှစ်ယောက်တည်း တစ်နေရာရာမှာတွေ့ချင်တယ်လို့ တို့ဘက်က တောင်းဆိုချင်တယ်“
တောင်းဆိုချင်တယ်။ အသံမထွက်ပဲ သံယောင်လေး လိုက်ရွတ်မိတယ်။ သူမ တစ်ဘက်က မိန်းမကို အံ့ဩလာတယ်။ တကယ်ဆိုရင် ပေါက်ကွဲနေတဲ့ ဒေါသ သံစဉ်တွေ တရစပ် ပစ်လွှတ်နေရမှာ။
“ကြည်နူးလို မိန်းကလေးမျိုးနဲ့ ရှင်တွေ့ရဲလို့လား။ “
“တို့ယောကျာ်းတောင် မင်းနဲ့တွေ့ဆုံပက်သက်ခဲ့ပြီးပြီဆိုမှာတော့ တို့ဘက်က မင်းကို မတွေ့ဆုံရဲစရာဘာမှ မရှိပါဘူး။ ကဲ..ညနေ လေးနာရီလောက်………. လမ်းက…………………အအေးဆိုင်လေးကို လာခဲ့ပါ။ တို့ကြိုစောင့်နေပါမယ့်။“
ဖုန်းချသွားပြီ။ သူမ အခန်းထဲကိုရောက်တော့ မော်လီနဲ့ လီလီရှိန်းက မေးခွန်းပါတဲ့အကြည့်တွေနဲ့ စောင့်ကြိုနေကြတယ်။ သူမ ရေတစ်ခွက်ကိုအရင်သောက်တယ်။ ပြီးတော့ …။
“ကဲ ဘာတွေသိချင်ကြသလဲ မော်လီနဲ့ လီလီရှိန်းရယ်။ ကြည့်နေလိုက်ကြတာ။ နင်တို့သိချင်တာ တစ်ခုမကျန် ငါပြောပြမယ်။ ဟုတ်ပြီလား“
“ဆိုစမ်းပါဦး စောစောစီးစီး ဘယ်က ဖုန်းလဲ။ “
“ကိုသူရ မိန်းမဆီက“
“ဘာ….ဘယ်လို…..ကိုသူရမှာ မိန်းမရှိတယ်။ဟုတ်လား။ သေချာလို့လား“
“မော်လီရယ်။ သေချာလို့မှ ဟိုဘက်က မိန်းမက ကြည်နူးဆီကိုပဲ ဖုန်းဆက်လာနေပြီ။ “
“မထင်ရဘူးနော်။ အဲဒီ ကိုသူရကြီးက။ ကြည့်တော့ ငယ်ငယ်ချောချောလေး။ ကိုသူရကို မိန်းမရှိမှန်း မသိစေရဘူးနော်“
“ကြည်နူးတော့ သိနေခဲ့တယ် လီလီရဲ့“
“ဘယ်လို ဘယ်လို“
“အရှင်းကြီးပါ မော်လီနဲ့ လီလီရယ်။ ဒီမယ် ကိုသူရရဲ့ အနူးအနှပ်၊ အချွဲအနွဲ့တွေကို ကြည်နူးက ဘယ်လမ်းကြောင်းကလာတယ်ဆိုတာ သိတယ်။ မော်လီတို့လီလီတို့လဲ သိတယ်မလား။ အတွေ့အကြုံရှိသူတွေရဲ့ လှုပ်ရှားပုံတွေက သာမာန် အရိုးလေးတွေထက်တော့ ပိုတတ်တယ်ဆိုတာ“
“အင်းနော်..။ ဒါတော့ မော်လီ ထောက်ခံတယ်။ ခု မော်လီ့ လူက ဘာမှမသိဘူးလေ။ မော်လီကတောင် ပြန်သင်နေရတယ်။“
“ကောင်မ ရွနေနော်။အဲဒီ အသစ်တွေက သမာရိုးကျမှုတွေကို မကြိုက်ဘူးဟဲ့“
“အမယ် လီလီ့လူလိုတော့ ကြောင်ပါးမဟုတ်တာတော်သေးတယ်ပြောရမှာ.။ တစ်ခါဆိုဆိုသလောက် လီလီတို့များ ဖလပ်ကိုပြလို့“
“ဒါနဲ့ ဘာတဲ့လဲ ပြောပါဦး“
“ငါ့ကိုတွေ့ချင်တာတဲ့..။“
“ဘုရားရေ အဲဒီ မိန်းမက…..“
ဒီနေ့ ညနေခင်း မလှပမှာကတော့ သေချာသလောက်ရှိနေပြီဆိုတာ သူမသိနေတယ်။
၃။ ။
သီချင်းသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖွင့်ထားတယ်။ ဆိုင်အတွင်းမှာ လူ သိပ်များများစားစားမရှိ။ သူမ မျက်စိက ဆိုင်ရဲ့အနောက်ဘက်ထောင့်အစွန်က စားပွဲကို ချက်ချင်းကြည့်မိတယ်။ အလွန်ချောမောလှပပြီး ကျက်သရေ ရှိတဲ့ မိန်းမတစ်ယောက်လို့ သူမ မှတ်ချက်ချမိတယ်။ သူမက ဟော့ရှော့လို့မဆိုတောင် ခေတ်နဲ့အသားညီ လိုက်ဖက်မယ့် ခပ်လန်းလန်းလေးဝတ်လာခဲ့တယ်။ အများအမြင်မှာတော့ မကလက်စေရဘူးပေါ့။ သူမ အဲဒီ စားပွဲကို တည့်တည့်ကြီးပဲလျှောက်သွားလိုက်တယ်။ ပြီးတော့
“ထိုင်မယ်နော်…“
“တစ်ခါမှ မမြင်ဖူးသေးပဲနဲ့ တို့မှန်း ကြည်နူး ဘယ်လိုသိလဲ“
“ကြည်နူးမှာ မှော်အတတ်ရှိတယ်လေ။ စိတ်ချင်းသိသလိုပဲပေါ့။ ကြည်နူးကို တွေ့ချင်နေတဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ကြည်နူး မြင်လိုက်တယ်လေ“
“တို့နာမည် မြသီရိပါ။“
“ဟုတ်ကဲ့…ဒါနဲ့တွေ့ချင်ရတဲ့အကြောင်းက“
“တို့ပြောစရာမလိုတော့ဘူးလို့ထင်နေတာ“
“အိုကေလေ ကြည်နူးကလဲ သိထားပြီးသားပါ။ ဒါဆို ခု တွေ့ဆုံခြင်းက ကြည်နူးဘက်က ရှောင်ပေးပါဆိုတဲ့ သဘောလား“
မြသီရိရဲ့ မျက်နှာတစ်မျိုးဖြစ်သွားတယ်။
“မြသီရိကိုတစ်ခုပြောချင်တယ်။ ကြည်နူးနဲ့ ကိုသူရနဲ့ကြားထဲက ပတ်သက်ဆက်နွယ်မှုကို ပြောပြချင်တာ။ “
“တို့ နားထောင်ပေးပါ့မယ်“
“ကိုသူရက ယောကျာ်းတစ်ယောက်။ ကြည်နူးက မိန်းမပျက်တစ်ယောက်။ တွေ့ကြတာ ဘာမှမဆန်းပါဘူး။ သူ ဆိုင်ကိုလာတယ်။ ကြည်နူးနဲ့တွေ့တယ်။ ပြီးတော့ ကြည်နူးတို့ ဆော်ရီး ဒီစကားမပြောသင့်ဘူး ဆော်ရီးပါ မြသီရိ“
“ဒါဆို ဆိုလိုချင်တာက ကြည်နူးတို့ဆီကိုလာလို့ ကြည်နူးက ပတ်သက်ရတယ်ဆိုတာလား။ ဒါဆို တစ်ခြား ဘာခံစားချက်နဲ့မှာ အပိုမပတ်သက်မိဘူးလို့ ပြောချင်တာလား။ ကိုသူရလို ယောကျာ်းတစ်ယောက်အပေါ် ကြည်နူး ဘာစိတ်ခံစားချက်မှ မဖြစ်ပေါ်ခဲ့ဘူးလို့ ပြောရဲမလား“
သူမ ပြုံးတယ်။ သူမ ဘဝမှာ ယောကျာ်းတွေဆိုတာ ဖြူစင်ခြင်းသက်သက်နဲ့ အချစ်တွေ အယုအယတွေကို ဘယ်တုန်းကမှ ပေးတတ်တာမဟုတ်။ သူမဆီက လိုချင်တဲ့ အတွေ့အထိတွေလောက်သာ မက်မောကြတာ။ ပြီးတော့ သူမတစ်ယောက်ထဲ။ သူမရလိုက်တာကတော့ ပေးဆပ်ခဲ့ရသလောက်နဲ့ ညီမျှတဲ့ ငွေကြေးအသပြာတွေ။
“ပြောရဲပါတယ်။ ကြည်နူးတို့လို့ မိန်းမပျက်တွေက ယောကျာ်းတစ်ယောက် အာသာငမ်းငမ်းနဲ့ ဆာလောင်မွတ်သိပ်နေတဲ့ ဆန္ဒရမ္မက်တွေကို ဇနီးမယားတစ်ယောက်နဲ့မခြား…“
“ဖြတ်ပြောပါရစေ…..ကြည်နူး။ တို့နဲ့ ကိုသူရဇော်နဲ့က အကြင်လင်မယားဆိုတဲ့ အမည်ကို ခေါင်းစဉ်တပ်ထားတာပဲရှိသေးတာ။ ခုချိန်ထိ သူနဲ့ တစ်အိမ်တည်းနေပြီး တစ်ခါမှာ တို့တွေ မအိပ်ဖူးခဲ့သေးဘူး။ သူ့ဘဝအတွက် လူပျိုတစ်ယောက်ရဲ့ ပြီးမြှောက်ခြင်းဆန္ဒကို ကြည်နူးတစ်ယောက်တည်းအပေါ်ကိုပဲ ယိုဖိတ်ဖူးသေးတာ။“
သူမ ကိုယ့်နား ကိုယ်တောင်မယုံနိုင်ဖြစ်နေမိတယ်။ ဒါဆို ကျင်လည် သွက်လက်လွန်းနေတဲ့ အယုအယတွေက ဘယ်ကနေ သူ တတ်မြှောက်ခဲ့ပါသလဲ။
“သူနဲ့ တို့ တစ်ကုတင်တည်း အိပ်ရလောက်အောင်လဲ ခုချိန်ထိ တို့မအားသေးဘူး။“
“ဒါဆို ခု မြသီရိက ဘာဖြစ်ချင်တာလဲ။ ဘာကြောင့် ကြည်နူးကိုတွေ့ချင်ရတာပါလဲ“
“အမှန်အတိုင်းပြောရရင် သူ ကြည်နူးတို့ဆီကိုလာသွားတာ တို့အသိုင်းအဝိုင်းက သိမှာ တို့သိပ်ရှက်တယ်။ ဒီတော့ ကြည်နူးဘက်က ဘယ်လို ခံစားမှုရှိသလဲသိရရင် သူ့ကို တို့ တရားဝင်ကွာရှင်းဖို့အထိ စဉ်းစားထားခဲ့တယ်။ ပြီးတော့ ကြည်နူးလက်ထဲကို သူ့ကို လွှဲပြောင်းလိုက်ချင်တာ။ “
“ဘယ်လို“
“ဟုတ်တယ်လေ…မိန်းမတစ်ယောက်ဆီက မျှော်လင့်ထားတဲ့ အချစ်တွေ ရမ္မက်တွေကိုမရတော့တာနဲ့ ငွေကြေးနဲ့ ဝယ်ယူစားသုံးတယ်ဆိုတာ ခပ်ညံ့ညံ့ယောကျာ်းတွေရဲ့ လုပ်ရပ်လို့တို့ထင်တယ်။ တို့ သူ့ဆီကမျှော်လင့်ဖူးခဲ့တာ ရမ္မက်မဟုတ်ဘူး။ အချစ်…။“
“အချစ်မှာရော ရမ္မက်တွေ ရောပြွန်းမပါနိုင်ဘူးလို့ မြသီရိ ပြောရဲမလား။“
သူမကို မြသီရိက သနားစဖွယ်အကြည့်နဲ့ကြည့်တယ်။ နှုတ်ခမ်းထောင့်ကွေးနှစ်ခုကို ကွေးတယ်ဆိုရုံလေး ပြုံးတယ်။
“ဘယ်တော့မှ အချစ်နဲ့ ရမ္မက်တွဲမလာဘူး။ အချစ်ဆိုတာကိုမွေးဖွားသန့်စင်ပြီးမှာ ဆန့်ကျင်ဘက် လူနှစ်ဦးရဲ့ ဆာလောင်မွတ်သိပ်မှုကိုဖြစ်စေတတ်တာပါ။ သူက အချစ်နဲ့ရမ္မက်ကို တစ်ပြိုက်နက်တည်းရချင်တာ။ တို့ သူလိုချင်တာ မပေးနိုင်ဘူး။ ဒီတော့ ကြည်နူးတို့ဆီ သူရောက်လာတယ်။ ပြီးတော့ ကြည်နူးနဲ့“
“တော်ပါတော့ မြသီရိ..။ မြသီရိဆိုလိုချင်တာတွေ ဒီမှာ ခဏရပ်ပါ။ ကြည်နူး သူ့ကို ဖြည့်ဆည်းပေးခဲ့တယ်ဆိုတာ ငွေကြေးတစ်ခုတည်းကြောင့်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကြည်နူးလက်ထဲကို လက်နှီးစုပ်တစ်ခုလို ထိုးထည့်မယ်ဆိုတာတော့ ကြည်နူးလက်မခံဘူး။ ယောကျာ်းတစ်ယောက် လမ်းမှားနေတယ်ဆိုတာ သိသိရက်နဲ့ မိန်းမပျက်တစ်ယောက်ရဲ့လက်ထဲကို စွန့်ပစ်မယ်ဆိုတာ မဖြစ်သင့်ဘူး။ ကြည်နူးကြည့်ရသလောက်တော့ မြသီရိ ကိုသူရကို မသတီတော့ဘူးမလား“
မြသီရိ သူမကို စူးခနဲကြည့်တယ်။ မြသီရိမျက်ဝန်းတွေထဲက ကိုသူရ အပေါ်မျှော်လင့်ချက်တစ်ခုကို သူမ မြင်လိုက်သလိုရှိတယ်။
“ကြည်နူးတို့က ပျက်ပြီးသားဘဝတွေဖြစ်နေလို့ ဘာမှ အရေးမကြီးဘူး။ ပိုက်ဆံရရင် ယောကျာ်းတွေနဲ့ ညအိပ်မယ်။ ပျော်မယ်။ ဒါလောက်ပဲစိတ်ရှိတာ။
ပျက်စီးစပြုနေတဲ့ ယောကျာ်းတစ်ယောက်ကိုတော့ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ တစ်ခါတစ်ရံ တစ်ခုထပ်မက လိုချင်တဲ့ ယောကျာ်းတွေရဲ့ စိတ်တစ်ခုကို အခကြေးငွေရလို့ လိုက်လျောတာ။
တစ်သက်လုံး သိမ်းပိုက်ဖို့မဟုတ်ပါဘူး မြသီရိ။ ဒီဘဝမှာ ကာမေသု မိစာ္ဆရကံကို စိတ်ရောကိုယ်ပါ ကျူးလွန်မိရက်သားဖြစ်နေလျှက်နဲ့ နောက်ထပ်သိသိရက်နဲ့တော့ သူများ ယောကျာ်းကို လုယက် ယူငင်ရလောက်အောင် ကြည်နူး မမိုက်ဘူး။ ကိုသူရက ခုချိန်မှာ မြသီရိရဲ့ အသုံးမတည့်တဲ့ ပစ္စည်းတစ်ခုဆိုရင် ကြည်နူးအတွက်တော့ မြသီရိဆီကနေ ခဏဌားသုံးတဲ့ ပစ္စည်းတစ်ခုလိုပါပဲ။ တစ်ခုပဲပြောချင်ပါတယ်။ အိမ်ထောင်သည်ဘဝမှာတော့ အချစ်ပြီးမှပဲ ရမ္မက်လာလာ။ ရမ္မက်ပြီးမှာပဲ အချစ်လာလာ တည်မိတဲ့ဘုရား လင်းတပဲနားနား ခံစားမှုချင်း မကွာတော့ပါဘူး။ မြသီရိက ကိုယ့်ချစ်နေတဲ့ယောကျာ်းတစ်ယောက်ကို စွန့်လွတ်ပြီး တစ်ဘက်သတ်ကြေကွဲနေတော့မလို့လား။ ကြည်နူးသာဆိုရင်တော့ ချစ်ရင်ချစ်တယ်။ မချစ်ရင်မချစ်ဘူး။ ဒါပဲ လိုအပ်တာ ပြတ်သားဖို့ပဲ။ ကိုသူရ မြသီရိဆီက လိုချင်တာ အချစ်၊ ပြီးတော့မှ စိတ်ခံစားမှုတစ်ချို့ တစ်ချို့တွေပါကောင်း ပါနိုင်ပါတယ်။ ဒါပေမယ့် အချစ်က အရင်လာတယ်ဆိုတာ မြသီရိ သိစေချင်တယ်။ ကြည်နူးကိုခွင့်ပြုပါဦး“
သူမ ညနေခင်းတစ်ခုကို မှောင်မည်းတဲ့အထိ စကားတွေနဲ့အသုံးချပစ်လိုက်တယ်။ အမှောင်ဆိုတာ သူမ ကြောက်တဲ့အရာမှ မဟုတ်ဘဲလေ။
၄။ ။
သူ သူမဆီကိုရောက်လာတယ်။ အခန်းတစ်ခန်းယူတယ်။ ပြီးတော့ အဆက်မပြတ် နမ်းတယ်။ ပြီးတော့…..။နောက်ဆုံးပါပဲ။ ဒါ နောက်ဆုံးပါပဲ။ သူ့ရဲ့အထိအတွေ့၊ အယုအယဆိုတာ နောက်များ ဘယ်တော့မှ ရနိုင်တော့မယ် မဟုတ်ဘူးဆိုတာ သူမ သိတယ်။ သူ့ရဲ့ ခရီးလွန်နေပြီးဖြစ်တဲ့ လက်တွေကို သူမ ဖယ်ခွာချလိုက်တယ်။
“ကို ကြည်နူးဆီကို နောက်မလာနဲ့တော့။“
“ဘာလိုလဲကွာ…..။“
“ကို့ရဲ့ အိမ်ထောင်သည်အပေါ်သစ္စာမရှိခြင်းတွေမှာ ကြည်နူးက ကြံရာပါ တရားခံတစ်ယောက်လို မဖြစ်ချင်တော့ဘူး။ ပြီးတော့ ကြည်နူး ဒီအလုပ်ကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ “
“ဘယ်လို..။ ဟုတ်တယ်။ ကို့မှာ အိမ်ထောင်ရှိတယ်။ သိပ်ကိုလှပယဉ်ကျေးတဲ့ ဇနီးချောချောလေး ရှိတယ်ဆိုတာကိုပေါ့။“
“သွားစမ်းပါကွာ..။ ကို သူ့ကို အရုပ်ကလေး တစ်ရုပ်ဝယ်ယူပိုင်ဆိုင်လိုက်ရသလိုပဲ သဘောထားတယ်။ “
“ဒါဆို ကြည်နူးလို မိန်းကလေးတစ်ယောက်ကို ကို လက်ထပ်ယူရဲလား“
အခန်းအတွင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ အဖြေမရှိ။ သက်ပြင်းချသံနှစ်ခုကို ခပ်ပြင်းပြင်းကလေးကြားနေရတယ်။
“ကို့ သဘောမှာ ကြည်နူးရဲ့ လိုက်လျောညီထွေ ပြုစု ယုယတာတွေကို သာယာတယ်ဆိုတာ ငွေကြေးနဲ့အတူပါ။ ကြည်နူးပြောချင်တာက မြသီရိကို မယားမှတ်မှတ် သားမှတ်မှတ်ပေါင်းပါ။ အိမ်ထောင်မှု သုခဆိုတာ ကို့တစ်နေ့ မလွှဲမသေခံစားလာရမှာ။ ကြည်နူးတို့ပေးနိုင်တာ အတွေ့အထိပါ။ အိမ်ထောင်သည်မိန်းမတွေပေးနိုင်တာက ကြည်နူးတို့ထက် အပျော်တွေ၊ အိမ်ရဲ့ဆည်းလည်းတွေ။ ကို သူ့ဆီက လိုချင်တာကို တစ်ခုပြီးမှ တစ်ခုတောင်းလို့ရပါတယ်။ ကလေးတစ်ယောက်လို လက်ထဲက မကုန်သေးပဲ နောက်မုန့်တစ်ခုကို လှမ်းရင်တော့ အမေရိုက်လို့ငိုရမှာပါပဲ။ ခုညတော့ ကို့ကို ကြည်နူး မလိုက်လျောနိုင်တော့ဘူး။ အနမ်းလောက်နဲ့ ကျေနပ်လိုက်ပါ။ မနက်ဖြန် ကြည်နူးရဲ့ မြို့ကိုပြန်မယ်။ ဒီလို အညီအဟောက်တွေကို ဒီနေရာမှာပဲ ထားခဲ့တော့မယ် ဆိုတာပြောချင်တယ်။“
သူမ အခန်းတံခါးလေးကိုဖွင့်လိုက်တယ်။ ကပိုကရိုနဲ့ သူ့ပုံက ရီဝေနေတယ်။ လက်နှစ်ဖက်က ကုတင်ကိုထောက်ပြီး ငူငူကြီးထိုင်နေတယ်။ နုတ်ဆက်ခြင်းဆိုတာ ဒီည နောက်ဆုံးလားကွယ်။ သူမရင်ထဲမှာ သူ့အပေါ် ဘာမှ မခံစားမိတာ သေချာလားဆိုတော့။
သော်ဇင်(လွိုင်ကော်)
Date- 22th-Dec-2012
Time-11:43AM
4 comments
nozomi
January 20, 2013 at 8:28 pm
ရွာထဲ ရောက်ရင် ကိုသော်ဇင့် ပို့စ် လေး တွေ ဖတ်ဖြစ်ပါတယ်
ဖတ်မိသမျှတွေထဲ ကချင်အကြောင်း ရေးထားတာတွေတော့ အကြိုက်ဆုံးပဲ
ကိုသူရဇော် အကြောင်းလဲ သိလိုက်ရတယ်
မိန်းမ ရှိတာကို ရွာထဲမှာကျ လူပြိုတဲ့ 😀
Thuyazaw
September 3, 2014 at 11:57 am
တစ်မျိုးပဲနော် သားမှာမိန်းမရှိဝူးလို့ ပြောမိပါဝူး
ကြည်နူးတို့ဘာတို့လဲ သားမသိရပါဘူး
သားမှာလေ သားမှာ အဟင့် ပြောရတော့မယ်
ကလေးပါရှိတယ်အေ့
ခင် ခ
September 3, 2014 at 1:20 pm
“သွားစမ်းပါကွာ..။ ကို သူ့ကို အရုပ်ကလေး တစ်ရုပ်ဝယ်ယူပိုင်ဆိုင်လိုက်ရသလိုပဲ သဘောထားတယ်။ “ အင်းးးးးးးးးးး တယ်ခက်တဲ့သူဘဲဗျာ၊ အဲဒီအရုပ်ကိုရောဖက်မအိပ်ဘူးလားလို့ မေးရမလိုလို…..။
alinsett
September 3, 2014 at 1:45 pm
စဂါးမစပ်… အရုပ်ကလေးတစ်ရုပ်လောက် လိုချင်လို့..ဘယ်မှာ ဝယ်လို့ရမလဲ..ဟင်..