ဗင်းဆင့်နှင့်အတူလွှင့်ခဲ့တဲ့ ပင်လယ်

 

(၁)

ကြယ်တွေစုံပြီလား။

ရယ်ပွဲဖွဲ့ လောကတီးဝိုင်းကြီးဆုံးသွားတော့ အိပ်မက်ကနိုးလာတယ်။ ခွေးတွေ ဟောင်လိုက်တာကိုပဲ ရင်ခုန်မိတဲ့ လူတစ်ယောက်က ညနေခင်းပန်းချီကားတစ်ခုမှာ ခွေခွေလေးအိပ်မယ်ဆိုပဲ။ လက်ဆွဲ နှုတ်ဆက်လိုက်၊ လက်ပြ နှုတ်ဆက်လိုက်နဲ့ နောက်ဆုံးလက်မြောက်အရှုံးပေးခဲ့ရ။

`ကဲပါ၊ မီးခြစ်ခြစ်၊ ငါဆေးလိပ်သောက်မယ် မိန်းကလေး´

မအိပ်ပဲမက်တဲ့ အိပ်မက်မို့ ခင်ဗျားတို့ အလေးမထားကြဘူးမလား။ တဆိတ်လောက် မေးဦးမယ်။ ကြယ်တွေ စုံပြီလား။

 

လေးထောင့်ဆန်တဲ့ လူတစ်ယောက်ရောက်လာတယ်။ အဝိုင်းဆန်တဲ့ စကားတွေကိုတော့ ခင်ဗျားမပြောသင့်ဘူး။ ညနဲ့မတူတဲ့ ညမို့ မအိပ်မိတာ ကျွန်တော့်အပြစ်လားဗျာ။ ပြောကြစမ်းပါဦး။

အရက်တစ်ခွက်ထဲကို ဒိုက်ပစ်ရေးကူးလိုက်တော့ ခြောက်ကြိုးလုံးပြတ်သွားတယ်။ လေကိုအလေးမထားပဲ ပျံသန်းနေတဲ့ ငှက်လားခင်ဗျားက။ ရေကိုမသောက်တတ်ဘဲ ကူးနေတဲ့ ငါးလားခင်ဗျားက။ ခုနေများ ကြယ်တွေကြွေသွားရင် ဘာကိုမှ မပြောတော့ဘူး။

စုံသွားပြီ။ အားလုံးပေါင်းလိုက်တော့ အတောင်နှစ်ဖက်ရတယ်။ ခင်ဗျားပျံသန်းမလား။

ရောမမြို့ရဲ့ ကောင်းကင်မှာ ဒီညဒီရေတက်တယ်။ လမင်းက ပြူထွက်လာခဲ့ပေမယ် ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး။ ငါ …..။ ငါ ….။ တောင်တန်းတွေကအဆုံးအစမဲ့ အူလိုက်တယ်။ ပြန်လည်စတင်ဖို့ လုပ်နေတဲ့ မြစ်တစ်စင်းမှာပဲ ကလေးတစ်ယောက်ရဲ့ ငိုသံဟာကီးအပြည့်နဲ့ ဘဝတစ်ခုလို ကြားလိုက်ရတယ်။ ဒါသည်ပဲခရီးတစ်ခုလို့ ငှက်တစ်ကောင်ကထပြန်သွားတယ်။ ကျန်သေးတာက ရမ်တစ်ပက်။ ဒါပေမယ့် ငါ ..။ ကော်ဖီဆိုင်က ထပြန်ခဲ့တယ်။

ပျော်စရာတွေ မပါလာတဲ့ ကျောပိုးအိတ်ကို လုံခြုံရေးက စစ်လားဆေးလားမလုပ်ပါနဲ့။ ငါရှက်လို့ပါ။ ကောင်းကင်က ရုတ်တရက်ကြီးချောင်းဆိုးလိုက်တယ်။ ဘဝဆိုတာ ဘာညာဆိုပြီး ကဗျာဆရာက အရက်သောက်တယ်။ ကဲ၊ အိပ်တော့၊ ဆယ့်နှစ်ထိုးပြီ။

ဖယောင်းတိုင်တစ်တိုင်ကို စိုက်ပျိုးလိုက်တယ်။ အလင်းတွေ မဖူးပွင့်သေးဘူး။ ဒါပေမယ့် ချစ်ခြင်းတရားကို ခံစားတတ်ခဲ့ပြီ။ ငါရယ်နေလိုက်တာသုံးဆယ့်ခြောက်နာရီ။ ခုနေများ ကြယ်တွေစုံခဲ့ရင် ငါမရယ်တော့ပါဘူး။

ဟုတ်တယ်။ ငါမရယ်တော့ပါဘူး။

မိုးကတစိမ့်စိမ့် ရွာတယ်။ ရေကတပေါက်ပေါက်ကျတယ်။ ပြီးတော့ ငါ ရွှဲနစ်သွားတယ်။

 

ကြိုတင်ထင်ထားတဲ့အတိုင်း မီးပွိုင့်မိမှတော့ ငါ တောက်မခေါက်တော့ဘူး။ ဘဝမှာ တောက်ခေါက်သံတွေနဲ့ ရော့ခ်သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပြီးပြီ။ ခုတော့ သေတဲ့လူလဲသေပြီ။ ငိုချင်လည်းငိုဦးပေါ့ ခင်ဗျားက။ ရောမမြို့မှာ နှလုံးသားတစ်ခုရဲ့ အသက်ရှူသံကို ဝရမ်းထုတ်ထားသေးတယ်။ ခု။ ကျွန်တော် ရေကူးတတ်ပြီ။ နေကြာတွေက အစုလိုက်လား။

ငယ်ဘဝကိုလွမ်းလိုက်တာ။ ချစ်သူကပစ်သွားလို့ ရူးမတတ်ဖြစ်ခဲ့ရတာကို ပြန်လိုချင်နေသေးတဲ့ လူတစ်ယောက်က ခုပဲ နွားလှည်းစီး ပြန်သွားတယ်။ ငါ့ မာစီးဒီးမပျက်သေးဘူး။ ငါ့ အိုင်ပတ် ကောင်းနေတုန်းလို့ မပြောမိခင် ခင်ဗျားက ကျူပ်ဖိနပ်ကိုတော့ နင်းမထားသင့်ဘူးပေါ့။ ဆိုက်ပရပ်စ်လမ်းလယ်မှာ ကဗျာရွတ်ဖို့ ကြိုးစားနေတုန်းမှာပဲ ဘက်ထရီအားကုန်သွားတယ်။ ကဲ၊ ဒီညနဲ့ဆို မိုးမလင်းတာညပေါင်းလေးရာကျော်ခဲ့ပြီ။ ခုထိဖွာလို့မပြီးသေးဘူး။ ခက်ပေဘူးလား။ နောက်ဆို ငါ၊ ရေမကူးတော့ပါဘူး။ ဝေဖန်ရေးအားကောင်းတဲ့ ငါးတွေကိုကြောက်လို့။

ပန်းတွေ အသချေင်္ ပွင့်ကုန်ပြီ။ ငါကြောက်တယ်။ စတေးခြင်းဆိုတဲ့ စီးရီးတစ်ခုမှာတော့ ငါ ကီးဘုတ်မတီးချင်ဘူး။ ဒါဟာ ငါ့ အတ္တတစ်ခုပဲဆိုဆို။ ခုနာဂစ်မှ မဖြစ်ဘဲ။ အာလူးလည်းမစားချင်ဘူး။ ကြေကွဲသံစဉ်ဟာ ရင်ခွင်အောက်ကြေးတစ်ခုကိုပဲ အမြတ်ထွက်အောင် လောင်းချင်လောင်းပါစေတော့။ ခု၊ အိုဇုန်းလွှာကပေါက်သွားပြီ။

ကဲ၊ ဘယ်မှာလဲအမှန်တရား။ ဗင့်ဆင့်လည်း မရှိတော့ဘူး။ ငါဟာကြွေသွားတဲ့ ကြယ်တစ်ခုဖြစ်ပေမယ့် လင်းချင်နေတုန်းပါ။ အခန်းလွတ်တစ်ခုမှာ ငါ…….။ ငါ………။

 

(၂)

ကြယ်တွေစုံပြီလား။

မစုံတော့ပါဘူး။

ခု အားလုံးက ဘက်ဂီယာထိုးနေပြီ။ ခင်ဗျားက ဘာကြောင့်များ လေလွင့်လူ လုပ်နေဦးမလဲ။

 

နွေရာသီက ပေါ့ပေါ့ပါးပါး ပူပြလိုက်တယ်။ ရန်ကုန်မှာ ထမင်းစားရေသောက် မိုးရွာတယ်။ ဂျပန်မှာ အပျင်းပြေ ငလျင်လုပ်နေပြီ။ တကယ်တော့ ခင်ဗျားဖတ်နေတဲ့ ကျုပ်အက်ဆေးက ပျင်းစရာကြီး။ ဘာလို့များ အလုပ်ရှုပ်ခံ ထမင်းစားနေဦးမလဲ။ ဖေါက်ထွက်မယ်ဆို ခင်ဗျားလည်း ထမင်းမစား၊ အသက်မရှူဘဲ အသက်ရှင်ပေါ့။ ခုတော့ အားလုံးက နေကိုပတ်မှ ဂြိုလ်လို့ သတ်မှတ်နေကြတုန်း။ တစ်ခုပဲ။ ကြယ်တွေက စုံမှ မစုံတော့တာကိုး။

သံပုရာသီးတစ်လုံးကို ညစ်ချလိုက်တယ်။ လူတွေရဲ့ ငါ့အပေါ်ထင်မြင်ချက်တွေ ထွက်လာတယ်။ အနှစ်သာရ ဆိုတာကိုက အနှစ်တွေကို သာယာနေတာလား။ ကဲ။ ခုချိန်ဆို ချန်ပီယံလိဂ်တွေ စလေတော့မယ်။ ငါက ဘောလုံးတစ်လုံးကို လုံးမှန်းမသိသေးဘူး။ ရှက်ကီရာရဲ့ အကမှာ လွှင့်မျှောလို့နေတုန်း ငါဟာ ဖဲတစ်ချပ်ထဲက နှုတ်ခမ်းမွှေးကားယား ကင်းတစ်ကောင်ဖြစ်သွားရသလား။ မခံချင်ဘူး။ အားလုံးက ဘူဘူချင်း တစ်ဖြစ်ချင်နေကြတယ်။

ပန်းပွင့်တွေကို ကျဲလိုက်ပေမယ့် ကဗျာမဆန်ခဲ့ဘူး။ လေထန်ကုန်းမှာ အရင်လို လူတွေ မစည်တော့ဘူးလား။ အနုပညာဆိုတာ ကျောပိုးအိတ်ထဲထည့်ပြီး လူတွေကို ထုတ်ကြွားစရာ တစ်ခုပေလား။ ပြောကြစမ်းပါဦး။ ငါက ရေမြောင်းငါးတစ်ကောင်ဆိုတာ သိတယ်။ ဒါပေမယ့် ခု ငါပြောချင်တာက ကြယ်တွေမစုံတော့ဘူး။ ငါ့ပတ်ဝန်းကျင်မှာလည်း ကြယ်တွေ မရှိတော့ဘူး။ ငါ….။ ငါ ဝမ်းနည်းတယ်။ ဟား.. ဟား ..ဟားးး။

လရိပ်ကို ပြာတယ်လို့ ပြောရဲ့တဲ့ ထူးအိမ်သင်က မရှိတော့ချိန်မှာ ငါက အပေအတေ ကျောင်းဆင်းချိန်မှာ အသေအကြေ တိုက်ပွဲမဝင်တော့ဘူး။ သွားပြီ။ ဒါဆို အလွမ်းတွေ နေဝင်ချိန်မှာ ဘယ်ကဗျာကမှ တိမ်မတောက်နိုင်တော့ဘူးလား။ ငါက ချပြလိုက်တဲ့ ငါဆိုတဲ့ အရာထဲမှာ ငါ ဆိုတဲ့ အတ္တတွေ ပါသွားမိတာ ငါ မှားများ မှားသွားသလားဟင်။ ခက်တယ်။ လေတိုက်တိုင်း ငါက ခေါက်ရိုးကျိုးရမှာလား။ ပတ်ဝန်းကျင်ဆိုတဲ့ မီးကြွေအိုးတစ်အိုးရဲ့အောက်မှာတော့ ငါ ခေါက်ရိုးမကျိုးချင်သေးဘူး။ ငါ့ကို နားလည်ကြပါ။ ငါ့ကို နားလည်ပေးကြပါ။ ငါဟာ ဘာမှ မဟုတ်တဲ့ ကောင်ဖြစ်ပေမယ့် ငါက တောက်လောင်ချင်တုန်းပါ။

ပြီးသွားပြီ။ လေထုကို ကြိုးစားပမ်းစား ရှူသွင်းလိုက်ပေမယ့် ငါတို့ဟာ အယူအဆတွေချင်း မတူညီနိုင်သေးဘူး။ ခုဆို အရက်တစ်ခွက်ထဲကို ဒိုက်ပစ်လိုက်တာတောင် ဘဝက ကဗျာမဆန်တော့ဘူး။ ဒါပေမယ့် ငါဟာ အတိတ်မြက်ခင်းစိမ်းမှာ ကျက်စားချင်တုန်းပါ။ ပင်လယ်အော်သံမှာ ကခုန်ချင်တုန်းပါ။ ငါဟာ ဘာကိုမှ မတတ်သိသေးတဲ့ ငအ၊ငန တစ်ကောင်ဖြစ်ပေမယ့် သန်းခေါင်ယံနောက်၊ ကောင်းကင်အောက်မှာ ဂျစ်ပစီမိုးတိမ်လို လွှင့်ပါးချင်တုန်းပါ။ ပြောစမ်းပါဦး။ ငါက ခေတ်နောက်ပြန်ဆွဲနေတဲ့ ဆိုက်ကားတစ်စင်းပေလား။

ခုတော့ ကုန်သွားပြီ။ မီးညှိလိုက်ကတည်းက ငါက ဘာ စီးကရက်မှန်း မသိခဲ့တဲ့ကောင်။ ပိုက်ဆံရှင်းမှ အငြင်းမပွားတော့ဘူး။

ငါ့ပါးပြင်ပေါ်ကို ကျလာတဲ့ ကြယ်တစ်စင်းရဲ့ မျက်ရည်။ ဘာတွေလဲကွာ။ နှလုံးသားဗုံသံ ပွက်ပွက်ဆူနေတုန်းတော့ ငါ့ကို အနမ်းပန်းရဲ့ ကဗျာဆန်မှုတွေ ခဏခဏလာမပြောပါနဲ့။ ငါဟာ မိုးတိမ်တွေရဲ့နောက် တကောက်ကောက် လိုက်မယ့်ကောင်။ ငါဟာ ဆိုက်ပရက်စ်လမ်းလယ်မှာ ရှင်သန်နေတဲ့ အရိပ်မရှိတဲ့ သစ်ပင်တစ်ပင်။ ငါဟာ အာလူးစားဖို့ ကဗျာမရေးရဲ့တဲ့ကောင်။ ငါဟာ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ဟင်းလင်းပြင်ကို ကြယ်တွေ ချမပြရဲတဲ့ကောင်။ ခက်ပြီ။ ငါက လေထုအားကိုးနဲ့ သစ်ရွက်ကြွေတွေကို ပန်းချီမဆွဲရဲသေးဘူး။

 

ထားလိုက်ပါတော့ဗျာ။ ခုတော့ ဒီလောက်ပဲ။ ကနေတဲ့ ဇာတ်က မှားခဲ့ပေမယ့် ငါက ဘဝကို ရောယောင်ချ ကပြချင်သေးတဲ့ကောင်။ အဲဒီကတည်းက မှားနေပြီမဟုတ်လား။ ဟား…ဟား ….ဟား…။

ဟုတ်ပါပြီ။ ငါ..။ နားလည်ပြီ။ ငါသွားတော့မယ်။ ငါ့နားရွက်ကို ငါမဖြတ်ရဲသေးပေမယ့် ငါချပြရမယ့် ပင်လယ်တစ်ခုဆီကို ငါက ရွက်လွှင့်ရဲခဲ့ပြီ။

သွားချင်လည်း သွားပါတော့ဗျာ။ ပြီးသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဗင့်ဆင့်ကိုတော့ ငါက ။

 

(၃)

ကြယ်တွေစုံပြီလား။

ခွင့်လွတ်တတ်ရမယ်တဲ့။

အို.. အသင်လူသား..။ နိုးထလော့။ ငါတို့ရဲ့ အိပ်မက်ရင်ခွင်သည် လက်တွေ့ညဦးယံကို ကျော်လွန်စေသတည်း။

 

ညက ကြယ်တွေငိုတော့ မိုးတွေရွာတယ်။ ငါက မိုးရေချိုးရင်း လူ့ဘဝကို စလုံးရေပြန်စဖို့ ပြင်နေတုန်း။ ဒုက္ခဆိုတဲ့တရားက နောက်မကျပေမယ့် ညဉ့်နက်သန်းခေါင်မှာ လင်းဝေစွာ ထိုးသွင်းလိုက်လေပြီ။ အော် …. လွမ်းတယ်ကွဲ့ သမီးရဲ့။ ဝေးကွာမှုကို မနီးစပ်ပေးနိုင်တဲ့ ခင်ဗျားက အနည်းဆုံး သက်ပြင်းလေးတော့ချ၊ ပြီးတော့ စာနာဟန်လေးတော့ လုပ်ပေါ့ဗျာ။ ခုတော့ နှလုံးသားက တောင်းဆိုသမျှ ဘာကိုမှ မငြင်းဆန်ရဲသေးတဲ့ကောင်ဟာ ခုချိန်ထိ ဘယ်ညာ မခွဲတတ်သေးဘူး။

နောက်ကြောကို ဓါးနဲ့ထိုးမလို့လား။ ရင်ဘက်ကို ဓါးနဲ့ထိုးချင်လား။ ခေါင်းကိုပဲ အုတ်ခဲနဲ့ ရိုက်မလား။ ငါဟာ ခြေချော်လက်ချော် ဒီစာကို မရေးခဲ့လေဘူး။ ငါထုဆစ်ခဲ့တဲ့ အနုပညာမှာ ပါရမီတွေ မပါဘူး။ မှတ်ကျောက်တွေ မပါဘူး။ မိုင်တိုင်တွေ မလိုဘူး။ ချစ်ခြင်းမေတ္တာဟာ တယောမထိုးပါပဲ လွမ်းဖွဲ့ကို ဖော်ကြူးမလို့လား။ ဟာ…. ငါလွမ်းပါတယ်ကွဲ့။ ငါဟာ လွမ်းတတ်တဲ့ သတ္တဝါ။ ငါဟာ နှလုံးသားနဲ့ အသက်ရှုတဲ့ကောင်။ ငါဟာ ယုံကြည့်ချက်နဲ့ ဖိနပ်စီးတဲ့ကောင်။ တစ်ခုပဲ။ နေကြာတွေကို မသရော်ကြေး။

 

မတည်ငြိမ်နိုင်သေးဘူး။ ခုထိ။ မုန်တိုင်းလည်း မရှိတော့ဘူး၊ ဒီလှိုင်းလည်း မရှိတော့ဘူး ဆိုပေမယ့် ငါဟာ မတည်ငြိမ်နိုင်သေးဘူး။ လိပ်ပြာတွေသာ ခြေရာထင်နိုင်ရင် ပန်းတွေဟာ လှနိုင်ပါဦးမလားရယ်လို့ ငါက ……… မတွေးတော့ဘူး။ ဟုတ်တယ်။ တဆိတ်လောက် ဘယ်သူ့ကိုမှ မပြောပါနဲ့။ မုန်တိုင်းကိုမှ ငါဟာ ခလုတ်တိုက်မိခဲ့လေပြီ။ ငါ့မှာ ခန္ဓာကိုယ် မရှိတော့လေဘူး။ ဒါပေမယ့် ငါဟာ လွယ်လွယ်ဖြေလို့ရတဲ့ စာမေးပွဲလည်း မဟုတ်ခဲ့ပါဘူး။ ငါဟာ လူတွေအတွက် ဂငယ်ကွေ့လည်း မဟုတ်ခဲ့သလို လူတွေနားမလည်တဲ့ ခက်ဆစ်တစ်ပုဒ်လည်း မဟုတ်ခဲ့ပါဘူး။

ငါမှားများ မှားသွားသလား။ အဆိပ်တွေကို သောက်ခဲ့ပြီးမှ နောင်တမရပါနဲ့ ကိုယ့်လူ။

ငါဟာ မုန်းတတ်ခဲ့လေပြီ။ ငါဟာ အာလူးစားရင်းနဲ့ မေတ္တာတရားကို ခံစားတတ်ခဲ့လေပြီ။

လူကူးမျဉ်းကြားဆွဲနေတဲ့ ငါ့ကိုမှ လောကဟာ ကားနဲ့ ဝင်တိုက်ပစ် ..ရ ..သ …လား ….။

ငါ… စိတ်နာတယ်။

 

ငါလေ တုန်လှုပ်တယ်။ ကမာ္ဘကို ပိုင်သမျှ အကုန်မပေးနိုင်းသေးခင်။

ပန်းတွေ ဖူးပွင့်ဝေနေတဲ့ ဆောင်းဦးညတစ်ညရဲ့ ရင်ခုန်သံမှာ ငါ ကြေကွဲတယ်ကွဲ့ ညီမလေးရယ်။

ယိမ်းလုံးမှိုင်းဝေဆိုင်းနေတဲ့ ဆိုက်ပရက်စ်ညတစ်ညကို ငါက မလွမ်းပါဘူး။ ငါဟာ သာမန်လူတစ်ယောက်။ ငါဟာ သက်ပြင်းဝေဝေနဲ့ နှလုံးသားကစေစားရာ လက်မြောက်နေရသေးတဲ့ လူတစ်ယောက်။ ငါဟာ ဘာကိုမှ မစတေးနိုင်သေးတဲ့လူ။ အော် … တောင်တန်းတွေ ကွေ့ကောက်ကုန်ကြပြီလား။ မိုးတိမ်တွေ ဆွေးမြေ့နေကြပြီလား။ ချစ်ခြင်းကြယ်ဟာ နှလုံးသားကို ချန်ထားခဲ့ပြီး သူတစ်ကိုယ်တည်း ခရီးဆက်ခဲ့လေပြီလား။ အမှန်တရားဟာ လစာနည်းတဲ့ ဝန်ထမ်းတစ်ယောက်လို စိတ်ဓါတ်ကျကာ သူ့ကို်ယ်သူ အဆုံးစီရင်လိုက်တော့မှာလား။ ဟယ်။။။။။။။ ငါ့ကို တစ်ဆိတ်လောက် သည်းခံပါ။ ငါ ….။ ငါ။။။။။ ငါ…… ငို .. ပါ.. ရ ..စေ .. လား …။

 

အဖြူထည်သက်သက်ပဲ ငါဝတ်ခဲ့ပေမယ့် ငါဟာ ဆေးကြောလို့မရတော့တဲ့ အစွန်းအထင်းကောင်ပါ။ ဝေဒနာကို ဆေးဆိုးပန်းရိုက်မလုပ်လေနဲ့။ ငါဟာ အပေါစား ကြော်ငြာဆိုင်းဘုတ်လည်း မဟုတ်ခဲ့လေဘူး။ အော်….။ ကြယ်တွေ စုံကြပြီလား။ ကြယ်တွေစုံကြပြီလား။ ငါဟာ လွမ်းနေသေးတဲ့ကောင်။ တစ်ကောင်တည်း။ ဒါပေမယ့် ကြွက်တစ်ကောင်ရယ်လို့ ချမပြရဲသေးတဲ့ကောင်။ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ကြယ်တွေ ထွန်းလင်းချိန်တန်ပြီလား။ ငါပြန်တော့မယ်ကွယ် သူငယ်ချင်းရဲ့။ ရှင်းပြလို့ မရတဲ့ မသိကိန်းတွေနဲ့တော့ ငါ့ကို ခေါင်းမစားလေနဲ့။ ဘဝမှာ အိမ်ပြန်ချိန်ဆိုတာ ရှိရသေးတယ်ကွဲ့။ ကဲ။ ဗင်းဆင့်နဲ့ အတူ ငါဟာ ….။

 

ရင်နင့်အောင်

Beauty M@x (Jan/2013)

3 comments

  • surmi

    January 21, 2013 at 1:49 pm

    ဒီလိုအရေးအသားလေးတွေ
    ဒီလို အတွေးလေးတွေ
    ဒီလိုဖွဲ ့စည်းမှုလေးတွေက
    ဒီရွာကို ပိုပြီး လှပစေခဲ ့တာပါပဲ ………

  • မောင်ပေ

    January 21, 2013 at 9:46 pm

    “ကြယ်တွေစုံပြီလား…” ဆိုပြီး အင်ထရိုဝင်တဲ့ ကိုငှက်ကြီးကို သတိကြီးစွာရမိတယ်
    ကေတီဗီပြေးပြီဗျို ့

  • အရီးခင်လတ်

    January 22, 2013 at 4:09 am

    မောင်ပေ့လိုဘဲ စာသားလေးတွေ ညည်းရင်း အားပေးသွားပါတယ်။
    (ဒီတစ်ခါ မင်းနောက်လိုက်တယ်နော် မောင်ပေ) 🙂

    ကြယ်တွေစုံတဲ့ည အဝေး အိမ်ကိုလွမ်းတယ်
    ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားဆဲ
    ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း
    ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ် …..
    …..
    အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေနဲ့
    …..
    (ထူးအိမ်သင် – ကြယ်တွေစုံတဲ့ည)

    အရင်အိမ်နဲ့ အဝေးမှာတုန်း က အိမ်ပြန်ချိန် အတွက် အမြဲဆိုညည်းနေကျ သီချင်းလေး။
    အခုတော့ ဘယ်ဟာ ကိုယ့်အိမ်လဲ မဝေခွဲနိုင်တော့။ 😥

Leave a Reply