ဖေဖေ့ကိုချစ်တယ်…

Yin Nyine NwayJuly 20, 20101min480

ကျွန်မတို့နေထိုင်ရာ တိုက်ခန်းကို အချိန်မတော် ရောက်ရှိလာတဲ့ ယာဉ်ထိန်းရဲအရာရှိရဲ့ မျက်နှာအမူအရာကို မြင်လိုက်ထဲက ဆိုးဝါးတဲ့သတင်းကို ကြားရတော့မယ်ဆိုတာ သိလိုက်မိပါတယ်။

“ မစုစု ရဲ့ အဖေ ယာဉ်တိုက်မှုဖြစ်လို့ပါ..။ သူတို့မောင်းလာတဲ့ ကားကို တစ်ဖက်ကကားက ဝင်တိုက်တာပါ။ စိတ်မကောင်းပါဘူးခင်ဗျာ..။ မစုစုရဲ့ အဖေက အခြေအနေစိုးရိမ်ရလို့ အတွင်းလူနာ အနေနဲ့ဆေးရုံမှာ ထားခဲ့ရပါတယ်။ ခင်ဗျားအမေကတော့ သိပ်မစိုးရိမ်ရပါဘူး၊ ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးပါမယ် “ သူငယ်ချင်းဖြစ်သူ စုစုတော့မသိ။ ကျွန်မကတော့ ရဲအရာရှိရဲ့ စကားကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ခေါင်းထဲမှာ မူးရီဝေလာမိတယ်။

ကျွန်မနဲ့ စုစု တို့ဒီတိုက်ခန်းကို ပြောင်းလာခဲ့တာ မကြာသေးပါဘူး။ ကျွန်မတို့ LCCI ဖြေမယ်ဆိုတော့ စုစု က “ နင်..မြောက်ဒဂုုံကနေ နေ့တစ်ဓူဝ ကျောင်းလာတက်ရတာ မလွယ်ဘူး.. ငါတို့စာလည်း အတူတူကျက်ရအောင် ဖေဖေသော့ပိတ်ထားတဲ့ မြို့ထဲက တိုက်ခန်းမှာ ငါတို့နှစ်ယောက် အတူနေကြမယ်.. မကောင်းဘူးလား “

ဒါနဲ့ဘဲ ကျွန်မလည်း မြောက်ဒဂုံအိမ်က ကျွန်မအခန်းလေးကို ထားခဲ့ပြီး ဒီတိုက်ခန်းမှာ စုစုနဲ့အတူ နေဖြစ်နေခဲ့တာပါ။ ဖေဖေက ပထမတော့ ကျွန်မဒီလို သွားနေဖို့ သဘောမတူဘဲ တားခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ချင်တာရှိရင် မဖြစ်မနေ လုပ်တတ်တဲ့ ကျွန်မရဲ့ဉာဉ်ကြောင့် နောက်ဆုံးမှာ ဖေဖေခွင့်ပြုခဲ့ရပါတယ်။ ဖေဖေ့ကတော့ မြောက်ဒဂုံက ခြံလေးထဲမှာ ဖေဖေ့အစ်မဖြစ်သူ ကြီးကြီးနဲ့ အတူကျန်နေခဲ့ရပါတယ်။ ကျွန်မေမေက ကျွန်မငယ်ငယ်လေးထဲက ဆုံးပါးသွားသူမို့ ဖေဖေသာကျွန်မရဲ့အမေ၊ ဖေဖေသာ ကျွန်မရဲ့အမေပါ။


ကျွန်မနဲ့ စုစု ဒီတိုက်ခန်းကို ပြောင်းလာစရက်က စုစုဖေဖေနဲ့ ကျွန်မဖေဖေတို့ နှစ်ယောက် တော်တော် အလုပ်များခဲ့ရပါတယ်။ စုစုဖေဖေက မီးကြိုးတွေဆင်၊ ရေပိုက်တွေစစ်ဆေး၊ ကျွန်မဖေဖေက ဆေးတွေသုတ်၊ အခန်းကို အလှအပဆင်ပေးနဲ့ ပင်ပန်းခဲ့ကြပါတယ်။ ဖခင်နှစ်ယောက်က အခန်းလေးကို နေချင့်စဖွယ် ဖန်တီးပေးခဲ့ပေမယ့် ကျွန်မတို့ နှစ်ယောက်ကတော့ မဖျော်တတ် ဖျော်တတ်နဲ့ ဖျော်ပေးခဲ့တဲ့ကော်ဖီနဲ့ ရယ်ဒီမိတ်ကိတ်မုန့်လေးသာ ပြင်ကျွေးနိုင်ခဲ့ပါတယ်။ ကျွန်မဖေဖေ့ အကြောင်းစဉ်းစားလိုက်တော့ ဖေဖေက အသားဖြူဖြူ ပိန်ပိန်နဲ့ အမြဲလိုမျက်နှာမှာ အပြုံးပန်းကို ဆင်မြန်းထားတတ်သူ။ တစ်ခါတစ်ခါ ကျွန်မကို စိတ်မဆိုးဆိုးအောင် နောက်ပြောင်တတ်ပြီး ကျွန်မစိတ်ဆိုးသွားမှ စတာကိုရပ်သူ။ ကျွန်မအတွက် ကြက်တောင်ရိုက်ဖော်၊ ကျွန်မနဲ့ စစ်တုရင်ဆော့ဘက်၊ စဉ်းစားလိုက်ရင် ကျွန်မဘဝမှာ ဖေဖေမပါဝင်ခဲ့တဲ့ အစိတ်အပိုင်းဆိုတာမရှိခဲ့။

လာခေါ်တဲ့ ရဲကားရဲ့အနောက်ခန်းမှာ လိုက်လာရင်း ကျွန်မ စုစုရဲ့လက်ကိုဆုပ်ကိုင် အားပေးလာခဲ့ပါတယ်။ “ အဖေသေပြီ… အဖေသေပြီ “ လို့ သူက သနားစဖွယ် တတွတ်တွတ် ရေရွတ်နေရှာတယ်။

ကျွန်မငယ်ငယ်က ဖေဖေက ကျွန်မကို သူ့ပခုံးထက်မှာ တင်ပြီး သိပ်မှအိပ်တယ်လို့ ပြောဘူးတယ်။ ကျွန်မကျောင်း ပထမဆုံးတက်တဲ့နေ့ကလည်း ဖေဖေကအပြင် ပြူတင်းပေါက်ကနေ တနေကုန်အောင် ကိုယ်ယောင်ပြ နေပေးခဲ့ရတယ်တဲ့။ ကျွန်မ ကျောင်းကပွဲမှာ ပါဝင်ကပြရတုန်းကလည်း ဖေဖေက လက်ခုတ်လက်ဝါးတီး အားပေးနေခဲ့တာ ပြန်မြင်ယောင်နေမိတယ်။ ကျွန်မကို ဖေဖေကားမောင်း သင်ပေးတုန်းက သူသိပ်နှစ်သက်တဲ့
ကားလေးရဲ့ မှန်ကို ကျွန်မခွဲပစ်ခဲ့လည်း ဖေဖေက အပြုံးမပျက်ခဲ့။ ကျွန်မ ပြသနာတစ်ခုခုတက်ရင် ကျွန်မလက်ချောင်းတွေက ဖေဖေ့ရဲ့ ဖုန်းနံပါတ်ကို ချက်ခြင်း နှိပ်မိလျှက်သားပါဘဲ။

ကျွန်မ စိတ်တွေ ဒီအချိန်ကြမှ ဘာလို့များ ဖေဖေ့ကို အရမ်းကို သတိရ နေရတာလည်း။ စုစုကို ကြည့်လိုက်တော့ အစုံပိတ်ထားတဲ့ မျက်ဝန်းအစုံက မျက်ရည်တွေ တ်တွေတွေစီးကျလို့။ ကျွန်မ ဂရုဏာသက်စွာ စုစုကိုထွေးပွေ့ထား လိုက်မိတယ်။ စုစုက ကျွန်မရင်ခွင်ထဲမှာ တသိမ့်သိမ့်ငိုလျှက်။

ဆေးရုံရောက်တော့ ရဲအရာရှိ ဦးဆောင် ခေါ်သွားရာနေရာနောက် ကျွန်မတို့ လိုက်သွားရင်း ကျွန်မကို ဖေဖေ ချစ်ခင်ကြင်နာတဲ့အကြောင်း နောက်ဆုံး ဘယ်အချိန် ပြောခဲသလဲဆိုတာ စဉ်းစား နေမိပြန်တယ်။ ကျွန် ဘယ်လိုစဉ်းစားပေမယ့် မမှတ်မိပါဘူး။ ဖေဖေ့ကို မချစ်လို့ မဟုတ်ပေမယ့် တကယ့် လက်တွေ့ဘဝမှာ ကျွန်မ စဉ်းစာဘို့ကို အချိန်မရှိခဲ့ပါဘူး။ ကျွန်မမှာ ကျွန်မရဲ့ သင်တန်းတွေ၊ ကျောင်းသင်ခန်းစာတွေနောက် အလောတကြီး လိုက်နေရတာနဲ့သာ အချိန်ကုန်နေရတာပါ။ ဖေဖေ့အတွက် ကျွန်မ ပေးတဲ့ အချိန်က သိပ်ကို နည်းလွန်းခဲ့ပါတယ်။

ဆေးရုံက အခန်းတစ်ခန်းမှာ စောင့်ဆိုုင်းနေချိန် ဆရာဝန်တစ်ဦး ရောက်လာပြီး စုစုကို “ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားပါတယ်။ ဒါပေမယ့် သူဟာ သတိပြန်လည် မလာနိုင်ရှာတော့ပါဘူး “ လို့ ပြောပါတယ်။ စုစုရဲ့ ဟီးချပြီး ငိုကျွေးလိုက်သံဟာ ကျွန်မရင်ထဲ စူးနင့်သွားခဲ့ပါတယ်။


ဖေဖေ့အကြောင်းတွေ ကျွန်မခေါင်းထဲကို တစ်သီတစ်တန်းကြီး ရောက်လာပြန်ပါတယ်။ ဖေဖေ့ရဲ့ ပုံကို စိတ်ကူးထဲ ပုံဖော်ကြည့်မိတယ်။ ဖေဖေဟာ ဘယ်လို အပြုံးပိုင်ရှင်မျိုးလည်း? ဖေဖေ့မျက်နှာမှာ ဘယ်လောက် အရေးအကြောင်းတွေ ခိုတွယ်နေပြီလည်း? ဖေဖေ့ နားသယ်စပ်မှာ ဆံပင်ဖြူတွေ တော်တော် များနေပြီလား? တကယ်ဆို ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ကျွန်မတို့ တိုက်ခန်းကို ဖေဖေလာခဲ့သေးတာ။ ကျွန်မဘယ်တော့မှ သေခြာ မစဉ်းစားခဲ့မိတဲ့ ဖေဖေ့ အကြောင်းတွေက အခုလိုအချိန်ကြမှ ဘာလို့ ကျွန်မအတွေးထဲ တန်းစီ ဝင်ရောက်လာပါလိမ့်..။

ကျွန်မနဲ့ဖေဖေ တစ်ယောက်တစ်ခွန်း အခြေအတင် ငြင်းခုံဘူးကြတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်ကျွန်မ အိမ်ခဏပြန်ဖြစ်တော့ ဖေဖေက ” ခြံထဲက ပန်းအိုးတွေ ရေလောင်းဘို့ မမေ့နဲ့နော် ” လို့ သတိပေးတာကို ” သမီးက ကလေးမှမဟုတ်တာ.. သမီး အိမ်ပြန်လာတိုင်း လုပ်နေကြအလုပ်ပါ.. ဖေဖေကလေ နေရာတကာ သမီးကို လိုက်ပြော နေတော့တာဘဲ..” လို့ ခွန်းတုန့်ပြန်ခဲ့ဘူးတယ်။ အဲ့လိုပြောလည်း ဖေဖေကမမှုပါဘူး ” ဖေဖေ့အတွက်တော့ သမီးက ဘယ်အချိန်ဖြစ်ဖြစ် ကလေးလေးဘဲ” လို့ အပြုံးမပျက် ပြန်ပြောခဲ့တယ်။ အခု ပြန်တွေးကြည့်လိုက်တော့ ကျွန်မအဲ့ဒီလို ပြန်ခံပြောလိုက်တိုင်း ဖေဖေ့မျက်နှာ ရုတ်တရက် ပျက်သွားခဲ့ရတာတွေ ..ကျွန်မ ဖေဖေ့ကို ပြန်မတောင်းပန် မိလိုက်တာတွေ အားလုံးဟာ ကျွန်မရဲ့ အတွေးမြင်ကွင်းထဲမှာ တစ်ခုပြီး တစ်ခု ပြန်မြင်ယောင် လာတော့တယ်။

မရှေးမနှောင်းမှာဘဲ စုစုတို့ ဆွေမျိုးသားချင်းတွေ ဆေးရုံကို ရောက်ချလာကြတယ်။ သူတို့အားလုံး ပူဆွေးငိုကြွေးနေကြတာကို ကျွန်မရင်ထဲ မချိလို့ အပြင်ကို အသာလေး လျိိုထွက်လာခဲ့တယ်။ လက်နာရီကို ကြည့်လိုက်တော့ မနက် ၃နာရီတောင် ရှိနေပြီ။ အပြင်မှာ အမှောင်ထုက ဖုံးလွှမ်းနေဆဲ။ ကျွန်မခြေလှမ်းများ ဆေးရုံရဲ့အများသုံး တယ်လီဖုန်းတစ်ခု ရှိရာသို့ ဦးတည်သွားနေမိတယ်။ ဖေဖေ့ဆီကို ကျွန်မ ဖုန်းဆက်နေမိပြီ။

ဖေဖေက အိပ်ချင်မူးတူးအသံနဲ့ ဟယ်လိုလို့ ထူးလိုက်တယ်။ ” ဖေဖေ.. သမီးပါ ” ..လို့ ပြောလိုက်တာနဲ့ ဖေဖေ့ မျက်လုံးတွေ ချက်ခြင်းကျယ်သွားပုံ ရပါတယ်။ ” သမီး.. ဘာဖြစ်လည်း.. ဖေဖေ့ကိုပြော ” ..လို့ စိုးရိမ်တကြီး မေးရှာတယ်။ အချိန်မတော်ကြီး ကျွန်မအသံကို ကြားလိုက်ရတော့ ဘယ်လောက်တောင် စိုးရိမ်သွားမယ်ဆိုတာ ဖေဖေ့ အသံကိုကြားလိုက်တာနဲ့ ကျွန်မသိလိုက်ပါတယ်။

” စုစု အဖေနဲ့အမေ ကားအက်စီးဒင့်ဖြစ်လို့ ဆေးရုံပေါ်မှာ။ သူ့ဖေဖေကတော့ ဆုံးရှာပြီ။ သမီးကို ဆေးရုံမှာ လာခေါ်ပါဖေဖေ ” ကျွန်မအသံတွေက ပြောနေရင်းက ဆို့နင့်စွာနဲ့ လည်ချောင်းထဲ ပြန်လည်တိုးဝင် သွားခဲ့တယ်။

” အခုချက်ခြင်း ဖေဖေလာခဲ့မယ်။ သမီးဆေးရုံကစောင့်နေ။ ခဏဆို ဖေဖေရောက်မယ် ” လို့ ဖေဖေက အလောတကြီးပြောရှာတယ်။

” ဖေဖေကားကို အရမ်း မောင်းမလာနဲ့ဦးနော် ” လို့ ကျွန်မ နှုတ်က ထွက်သွားတယ်။

” စိတ်ချသမီး.. ဖေဖေ ဂရုစိုက်မှာပါ ” လို့ ဖေဖေက ပြောတယ်။

ဆေးရုံရဲ့ဧည့်ခန်းဆောင်ထဲမှာ ကျွန်မထိုင်နေရပေမယ့် ကျွန်မ ဂဏှာမငြိမ် ထိုင်လိုက်ထလိုက် ဖြစ်နေမိတယ်.။ ကားမောင်းလာမယ့် ဖေဖေ့အတွက် စိုးရိမ်စိတ်တွေ ထူးထူးခြားခြားဖြစ်နေမိတယ်။ တစ်နာရီလောက်အကြာမှာတော့ ဆေးရုံထဲ ဖေဖေဝင်လာတာကို လှမ်းတွေ့လိုက်ရပါတယ်။ ဖေဖေ ကျွန်မအနားကို ရောက်တဲ့အထိ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ကျွန်မကိုယ် ကျွန်မ သတိမပြုမိလိုက်ခင်မှာဘဲ ကျွန်မခြေထောက်များက ဖေဖေ့ဆီကို အလျှင်အမြန် ဆွဲခေါ်သွားပါတော့တယ်။


လက်ကမ်းပြီး ကြိုနေတဲ့ ဖေဖေ့ရင်ခွင်ထဲ ကျွန်မခေါင်းဝှက်ပြီး တိုးဝင်လိုက်တော့ ဖေဖေက ကျွန်မကို ကြင်နာစွာနဲ့ ထွေးပွေ့ထားလိုက်ပါတယ်။ ကျွန်မရဲ့ မျက်လုံးအိမ်ထဲကနေ မျက်ရည်တွေ တသွင်သွင် စီးကြလာပါတော့တယ်။ ကျွန်မနှုတ်က စကားတစ်လုံးမှ မထွက်ပေါ်လာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရင်ထဲမှာ အဆက်မပြတ် ရေရွတ်နေမိတာကတော့..

“ ဖေဖေ့ကို ချစ်တယ် “ “ ဖေဖေ့ကို ချစ်တယ် “ “ ဖေဖေ့ကို ချစ်တယ် ” “ ဖေဖေ့ကို ချစ်တယ် “

ကမာ္ဘပေါ်ရှိ ဖခင်တိုင်းသို့ လေးစားစွာဂါရဝပြုလျှက်..

ဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျကြပါစေ။