Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လက်တွေ့ဘဝရယ်ဖြင့်မလွယ်ရေးချမလွယ်

(ကြိုတင်မေတ္တာရပ်ခံစာ-မန်းဂေဇက်အတွင်းသို့ဝင်ရောက် ဖတ်၊မန့်ရန် ကွန်နက်ရှင် အရမ်းအရမ်းကျနေပါသောကြောင့် ဒီရက်ပိုင်း ပို့စ်များအား မဖတ်ဖြစ်၊မမန့်ဖြစ်ခဲ့ပါ။
အရမ်းစိတ်ဝင်တစား စောင့်နေရသော ဆုပေးပွဲနဲ့ကွန်ဖရင့်ပို့စ်များ၊ဓာတ်သေများကိုပင် ဝင်မကြည့်နိုင်အောင် လိုင်းကကျလှပါသည်။
အဆင်ပြေတဲ့အချိန်ကို စောင့်စားကာ ပို့များကို အားပေးနေပါဦးမည် ဟုတောင်းပန်လိုက်ရပါသည်။ကျွန်မရဲ့ပို့စ်များကို ရီပလိုင်းပြန်တာနောက်ကျနေရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင် မေတ္တာရပ်သွားပါသည်။
ခင်မင်လျက်
နန်းတော်ရာသူ)
:gee:

:saut: “လက်တွေ့ဘဝရယ် မလွယ်ရေးချမလွယ်”(ပြိုင်ပွဲဝင် ဝတ္ထုတို) :saut:
———————————————————————————-
(နှလုံးသားမြို့တော် ရသစာပေ ဒုတိယဆုရ)

(နှလုံးသားမြို့တော်ဆိုဒ်မှ မှတ်ချက် ) အရေးအသားသေသပ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်လို့ကောင်းသလို လူရဲ့ မနောက ထိန်းရခက်တဲ့ဟာကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတာလေးကို သဘောကျပါတယ်။ကလောင်ရှင်ရဲ့ အရေးအသား ဇာတ်လမ်းဖွဲ့စည်းပုံ နဲ့
စာဖတ်သူကို သူပေးချင်တာလေးတွေ ပေးသွားပုံလေးက ကွက်တိကျတယ်တဲ့အတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။
ရှေ့ဆက်လက်ရေးသားမယ့် စာပေခရီးလမ်းအတွက် အကြံပြုချင်တာကတော့ ….. အခုလိုမျိုးပဲ ရေးချင်တဲ့အကြောင်းနဲ့ ပေးချင်တဲ့ အချက်အလက်တွေကို ပရိသတ်ရင်ထဲ တန်းရောက်အောင် အမြဲပေးနိုင်ဖို့ ထိန်းထားပါလို့အကြံပြုချင်ပါတယ်။

******************************************************

***လက်တွေ့ဘဝရယ် မလွယ်ရေးချမလွယ်***

ကျွန်တော်ဘဏ်ရှေ့ကိုရောက်တာနဲ့ ကျွန်တော့်မျက်လုံးတွေက ငွေသွင်းကောင်တာများပေါ်ရှိ ပိုက်ဆံ ပုံများဆီသို့ အလိုလိုရောက်သွားသည်။
ဘဏ်အတွင်းကိုဝင်လာပြီး ဆယ်သိန်းနှင့်အထက် ငွေသွင်းရန်ဆိုတဲ့ကောင်တာထဲမှ ကောင်တာ ခုံပေါ်မှာ ကျပ်တစ်သောင်းတန်ရာစည်းတွေ အများဆုံးရှိသော ကောင်တာအနီးရွေးချယ်ချဉ်းကပ်လိုက်စဉ်

“ဟာ…”

“ဟင်”

ရုတ်တရတ် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိဖုံးသွားသည်။
နေ့ခင်းကြောင်တောင်ကြီး အမှောင်အတိဖုံးသွားခြင်းက အံ့ဩဖွယ်ရာမဟုတ်လား။

လူတွေအံ့ဩမင်သက်စွာ ဘာမှမလုပ်မိကြသေးချိန်တွင် ကျွန်တော့်လက်တွေက အခုနက တစ်သောင်းတန်အစည်းတွေရှိလောက်မယ့်နေရာကိုမှန်းပြီး ပိုက်ဆံပုံကိုလက်ကစမ်းမိသည်နှင့်ပါလာသော လက်ဆွဲအိတ်ကြီးထဲ ကမန်းကတန်း လျင်မြန်စွာဖြင့် ပိုက်ဆံထုတ်များကိုထိုးထည့်
လိုက်ကာ သွက်လက်သောအဟုန်ဖြင့် ဘဏ်အပြင်ဘက်သို့ မှတ်ထားမိသော လမ်းကြောင်းအတိုင်း ထွက်လာလိုက်သည်။

လမ်းတစ်လျှောက် လူသုံးလေးယောက်ကို တိုက်မိသလိုလိုရှိပေမယ့် မှောင်ထဲမည်းထဲ တစ်ယောက် ကိုတစ်ယောက် အချင်းချင်းတိုက်မိနေကြချိန်မို့ ဘာမှတော့ မဖြစ်လောက်ပါ။
ဘဏ်ဝန်ထမ်းတွေ မီးစက်နှိုးပြီးချိန်မှာ ငွေထုတ်ကြီးကို လွယ်ထားသည့် ကျွန်တော်က ဘဏ်နှင့်ကိုက် တစ်ရာလောက်အကွာမှာ တက္ကစီတစ်စီးငှားပြီးလို့နေပြီ။
တက္ကဆီကို လှည်းတန်းလောက်မှာရပ်ခိုင်းသည်။ လှည်းတန်းဈေးအတွင်းမှာ လက်ဆွဲခြင်းကြီးတစ်လုံးနှင့် ကန်စွန်းရွက် ချဉ်ပေါင်ရွက်စည်းတွေ ဝင်ဝယ်လိုက်သည်။
ပိုက်ဆံအိတ်ကြီးကို ဆွဲခြင်းကြီးအောက်ဆုံးမှာထည့်ကာ အပေါ်က ဟင်းရွက်စည်းတွေနဲ့ဖုံးအုပ်ပြီး လှည်းတန်းဈေးရှေ့ကလိုင်းကားတစ်စီးစီးကို တက်စီးပြီး ဘုရင့်နောင်ဘက်သို့လိုက်လာခဲ့လိုက်တော့သည်။

ကားပေါ်မှာ လက်ဆွဲခြင်းကြီးကို ဒူးနှစ်လုံးကြားညှပ်ကာ ထိုင်နေရင်း အိတ်ထဲမှ တစ်သောင်းတန် ရာစည်းတွေကို စိတ်မှန်းနဲ့ရေတွက်မိသည်။
အနည်းဆုံး အုပ်၃ဝဆယ်လောက်တော့ရှိမည်။

အပါးပါး သိန်း၃၀ဝပါလား။
လှိုင်သာယာထဲမှာ အိမ်နဲ့ခြံလေးဝယ်ပြီး အိမ်ငှားဘဝနှင့် တစ်သက်လုံးနေလာရတဲ့ အမေနဲ့ညီမငယ်၊ ညီငယ်ကိုထားမည်။
တစ်ရှောင်ရှောင်ဖြစ်နေသော်လည်း လုံလောက်စွာဆေးကုသမှုမခံယူနိုင်သေးတဲ့ အမေ့ကို ဆေးကုပေး ရမည်။
ကျွန်တော့်လစာနှင့်မိသားစု မလောက်င၍ ချို့တဲ့စွာ ကျောင်းတက်နေရသော တက္ကသိုလ်ကျောင်းသူ ညီမလေးအတွက်လည်း ရွှေတို ရွှေစလေးတစ်ချို့ဝယ်ဆင်ပေးရမည်။
ဆယ်တန်းကျပြီး ကျူရှင်ကောင်းကောင်းမတက်နိုင်သဖြင့် ရပ်ကွက်ထဲ ယောင်ချာချာနဲ့စာမေးပွဲ ဆက်ဖြေရန် မသေချာဖြစ်နေသော ညီအငယ်ဆုံးကောင်ကို ဘာသာစုံကျူရှင် တစ်ခုခုမှာ အပ်နှံပေးရမည်။

ဒီလောက်ဆိုရင် ဖခင်မရှိသော ကျွန်တော်တို့မိသားစုဘဝ နည်းနည်းတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားလောက်ပြီ။
အနည်းဆုံးကတော့ အိုးပိုင်အိမ်ပိုင်ဖြစ်သွားရင်ပဲ တော်တော်လေး ဟန်ကျပန်ကျဖြစ်နေပြီ ဟုဆိုရမည်။
လှိုင်သာယာသို့ဝင်လာသည်နှင့် ဒီနေ့ရုံးကခွင့်ယူထားတာမို့ အိမ်ရောက်တာနဲ့ တနေကုန် အနားယူ ကာအိပ်ပစ်လိုက်ဦးမည်ဟုတေးလိုက်မိသည်။
စိတ်အရမ်းလှုပ်ရှားပြီး သေမတတ်ပင်ပမ်းသလိုဖြစ်လာတယ်မဟုတ်လား။
ကောင်းစွာအနားယူပြီးမှ အေးအေးဆေးဆေး ရှေ့ဆက်လုပ်ကိုင်သွားရမည်။

…………………………………..

“သား..ဟဲ့သားထပါဦး ဒီမှာ ဒီမှာကြည့်စမ်း”

အမေက အတင်းလုှပ်ကာနုှိးနေသည်မို့ အိပ်မှုံစုံမွှားနှင့် လူးလဲထလိုက်ရသည်။

“ဘာလဲအမေရာ အိပ်လို့ကောင်းနေတုန်း”

အမေက မျက်ကလဲဆန်ပြာနှင့် လက်ထဲက သတင်းစာကို ကျွန်တော့်ရှေ့ထိုးပြသည်။

“ဒီမှာ သတင်းစာကိုကြည့်ပါဦး”

အမေထိုးပြတဲ့ သတင်းစာကို ပြုးပြဲပြီးကြည့်မိတော့

“ဟင် ငါ့ပုံပါလား…မနေ့က တလောကလုံးရုတ်တရတ် အမှောင်ဖုံးသွားချိန်တွင်

(…)ဘဏ်တစ်ခုမှ ငွေများပျောက်ဆုံးသွားခြင်းနှင့် ဘဏ်အတွင်းဝင်လာသူများထဲမှ

မသင်္ကာသူများကို CCTV ကင်မရာ မှ ပုံများနှင့် ဖော်ပြလိုက်ရပါသည်”
ဆိုပါလား….ငါ ငါက ဝင်လာတာပဲရှိပြီး မှောင်သွားရာက ပြန်လင်းလာချိန်မှာ ရှိမနေတော့ …
အောင်မလေး ကိုယ်ကျိုးတော့နည်းပါပြီဗျာ”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဟားးးးးးဒီနည်းလဲမဖြစ်သေးပါဘူး….အခုခေတ် စီစီတီဗွီကင်မရာတွေက နေရာတိုင်းမှာရှိနေတာ အင်းပိုက်ဆံရဖို့ မကောင်းတဲ့နည်းလမ်းတွေတွေးရတာနဲ့ ငါလည်း မနောကံအကုသိုလ်တွေ တော်တော်များနေပြီ တကယ့်တကယ်ကော အခွင့်အရေးရရင် ငါလုပ်ရဲလို့လား..ငါ့ရဲ့ စိတ်ကူးယဉ် ဖြတ်လမ်းနည်းနဲ့ငွေရနည်းတွေကို ဆက်စိတ်မကူးတာကောင်းမယ်
ကြာရင်စိတ်ကူးယဉ်တွေလွန် ပြီးငါရူးသွားနိုင်တယ် …ဟူး”

ကျွန်တော်ကဒီလိုကောင်ပါ.။

ကျွန်တော့် မိသားစုက အထက်က စိတ်ကူးယဉ်အတွေးထဲကအတိုင်း မပြေလည်ကြဘူး။
တစ်မိသားစုလုံးရဲ့တာဝန်က သားအကြီးဆုံးဖြစ်တဲ့ကျွန်တော့်အပေါ်မှာ။
ဖခင်ရှိစဉ်ကတည်းက ဘွဲ့ရလိုက်တဲ့ ကျွန်တော် အခုအချိန်မှာ အလုပ်အကိုင်လေးနဲ့ဖြစ်နေတာကိုက တော်တော် ကံကောင်းသေးသည်။
မိသားစုအကြောင်းတွေးလိုက်ရင် အချိန်တိုင်းလိုလိုရင်မောနေရသည်။

ဘယ်လောက်ပဲအလုပ်ထဲမှာကြိုးစားပြီးလုပ်လုပ် အချိန်တန်တော့ မိသား
စုမှာ လစာလေးတစ်ခုတည်း နှင့် ကျပ်ကျပ်တည်းတည်းဖြတ်သန်းနေရတာကို စိတ်ကုန်လှပြီ။
ကိုယ့်အသက်အရွယ်နှင့်မမျှလောက်အောင် ဝန်ထုတ်ဝန်ပိုးကိုထမ်းနေရသလို တခါတရံအရမ်းကို စိတ်ပင်ပမ်းနွမ်းနယ်မိသည်။
အိမ်မှာကျပ်လွန်းမကကျပ်တည်းလာချိန်တွေတိုင်း အထက်ပါယုတ္တိလွန် စိတ်ကူးယဉ်မှုမျိုးတွေကို ကျွန်တော် စိတ်ကူးယဉ်မိတတ်လေ့ရှိတာ ငယ်ငယ်ကတည်းကပါ။
ဘယ်လိုဗီဇကြောင့်လဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မတွေးတတ်ပေမယ့် ထိုသို့ မဖြစ်နိုင် တဲ့ပြဿနာဖြေရှင်းနည်းများကို စိတ်ကူးယဉ်နေချိန်တွေမှာတော့ ကျွန်တော့်ရဲ့မွန်းကျပ်မှုတို့က အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြေပျောက်လျော့ပါးသွားသလို ခံစားရလေ့ရှိသည်။

ရောဂါသည်အမေကလည်း ကျွန်တော့်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ဖြစ်နေတတ်တာကြောင့် အမေ့ ရှေ့မှာလဲ မငြီးငြူရဲ။
အဝေးသင်တက်ပြီး အလုပ်လုပ်မယ်ချည့်ပြောနေသော ညီမကိုလည်း မနည်းတားထားရသည်။
ကျွန်တော့်ဆန္ဒက ညီမကို နေ့ကျောင်းလေးတက်ပြီး ကျူတာမလေးတစ်ယောက်ဖြစ်စေချင်တာမို့ပါ။
အငယ်ဆုံးညီကတော့ ကလေးသာသာလို့မြင်နေသေးတာကြောင့် ဆယ်တန်းကိုသာ အောင်အောင် ဖြေစေချင်သေးသည်။
ကျွန်တော့်ရဲ့မိသားစုအပေါ်ထားတဲ့စေတနာက ကျွန်တော့်အားနှင့်မမျှသလိုဖြစ်နေပြီလားဟု အမြဲလို လိုသုံးသပ်မိပေမယ့် ထိုလမ်းကြောင်းလေးကိုပြောင်းလဲပြစ်ဖို့အတွက်ကိုတော့ မတွေးတောချင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အလုပ်စားပွဲမှာ ကုန်ဝင်ကုန်ထွက် စာရင်းတွေနှင့်အလုပ်များနေသောကျွန်တော် ပွဲရုံထဲဝင်လာသော သူဌေးနှင့်သူ့သမီးကိုတွေ့သဖြင့် ဦးညွတ်ကာ နုှတ်ဆက်လိုက်သည်။
သူဌေးရဲ့သမီးက ဆေးရောင်စုံခြယ်သထားသော မျက်နှာထားနှင့် ခေါင်းကိုမော့သွားသဖြင့် ကျွန်တော် နည်းနည်းတော့ အောင့်သွားသည်။
သူဌေးတို့သားအဖ အတွင်းခန်းထဲဝင်သွားပြီး ခဏနေတော့ သူဌေးသမီးက ကားသော့လေးယမ်းကာ ဖြင့်ပွဲရုံမှ ပြန်ထွက်သွားသည်။
သူဌေးတို့မှာက ကုန်ပစ္စည်းမျိုးစုံနှင့် ပွဲရုံများစွာရှိသည်။ပွဲရုံတိုင်းကို အလှည့်ကျ နေ့စဉ်လိုက်လံစစ်ဆေး တတ်သည်။

………………………………………………………………………………………………..
“ကိုလင်း သူဌေးကခဏလာခဲ့ပါတဲ့”

သူဌေးရဲ့အခန်းထဲ ရေသန့်ဗူးဝင်လဲသော ပွဲရုံအလုပ်သမား မောင်ထွေးက ထွက်လာကာပြောလိုက် သဖြင့် ကျွန်တော်လုပ်လက်စ စာရင်းစာအုပ်ကိုပိတ်ကာ သူဌေးရဲ့အခန်းထဲ ဝင်လာလိုက်သည်။

“လာလာ မောင်လင်းသိန်း မင်းကိုအကူအညီတောင်းစရာလေးရှိလို့”

ကျွန်တော့်စိတ်ထဲအနည်းငယ်အံ့ဩသွားမိသည်။ဘာကိစ္စပါလိမ့် ဟုတွေးရင်း သူဌေးညွှန်ပြသော သူဌေးနဲ့အနီးဆုံးဖြစ်သည့် ဆိုဖာပေါ်မှာထိုင်လိုက်သည်။

“ပြောရမှာတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသလို ရှက်မိတယ်မောင်ရယ်..ဒါပေမယ့် အန်ကယ့် ဝန်ထမ်းတွေထဲမှာ မင်းတစ်ယောက်ကိုပဲ အယုံကြည်ဆုံးနဲ့သဘောအတွေ့ဆုံးဖြစ်လို့ တိုင်ပင်တာပါ။
မင်းအနေနဲ့ကူညီမယ်ဆိုရင် မင်းတို့မိသားစုအတွက်အရမ်းကိုအကျိုးရှိမှာပါ။အဲ..မကူညီနိုင်ဘူးဆိုရင် လည်းပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်…အလုပ်ကိုတော့မထိခိုက်စေရပါဘူး”

“ဘာကိစ္စမို့လို့လဲ အန်ကယ် ကျွန်တော် တတ်နိုင်ရင် ကူညီပါမယ်”

“ဒီလိုပါကွယ်..အန်ကယ့်သမီး ခင်ချောကလျာမှာ အန်ကယ့်အိမ်ကမာလီကောင်လေးနဲ့ရတဲ့ကိုယ်ဝန်ရှိ နေတယ်”
“ဗျာ…မမကလျာမှာ ဘယ်လိုဖြစ်တာလဲခင်ဗျာ”

“ပြောရမှာတော့မကောင်းပါဘူးကွာ အိမ်ကမာလီကလဲ မင်းသိတဲ့အတိုင်း ရှမ်းစပ် ခပ်ချောချောလေးဆို တော့ နဂိုတည်းက ယောကျာ်းလေးချောချောမြင်ရင် သဘောကျတတ်တဲ့ မိကလျာက မိဘတွေမသိ အောင် ကျိတ်ပုန်းခုတ်၊ကောင်လေးကို ပေးကမ်းနဲ့လုပ်နေတာပေါ့
တစ်ခြံတည်းအတူနေနေပေမယ့် ဘယ်သူကမှမရိပ်မိဘူးလေ..အဲဒါအခု မရှူနိုင်မကယ်နိုင်ဖြစ်လာ တော့ ကလေးကိုလဲ အန်ကယ်တို့ကိစ္စမတုံးပစ်လိုဘူး…မာလီနဲ့လဲဘယ်လိုမှ ပေးစားလို့မဖြစ်ဘူး မိကလျာကို သူဌေး ဦးဘထွန်းလှရဲ့သားနဲ့ပေးစားဖို့ပြောဆိုထားတာလေ ကောင်လေးအမေရိကား ကပြန်မလာသေးလို့ ဒီကြားထဲဒီလိုဖြစ်လာတော့”

“ကျွန်တော်က ဘယ်လိုကူညီရမှာလဲ အန်ကယ်”

“ဒီလိုပါကွာ မိကလျာကို ဗိုက်နည်းနည်းထွက်တာနဲ့ မင်းတပ်က အန်ကယ်ရဲ့ ပန်းသီးခြံမှာ သွားနေခိုင်းမယ်ဒီကလူတွေကိုတော့ ပြင်သစ်မှာ သင်တန်းတစ်ခုသွားတက်တယ်လို့ပြောထားလိုက်မယ်။ အဲဒီမှာပဲမွေးခဲ့ပြီး ကလေးကိုတော့ မင်းတို့မိသားစုကယူထားပေးပါ။”

“ဗျာ..ဒါဖြင့် ကလေးကဘယ်သူ့ကလေးလုပ်ရမှာလဲ”

“မင်းကလေးလုပ်ရမှာပါ”

“ဟာ အန်ကယ်ကနောက်နေပြန်ပြီ ကျွန်တော်က မိန်းမမရှိပဲ”

“အန်ကယ်စဉ်းစားထားပါတယ်…ဒီကိစ္စကို မင်းသဘောတူရင် မနက်ဖြန်ပဲ မင်းကမင်းတပ်က ပန်းသီးခြံမှာသွားနေပါ…မင်းကို အလုပ်နေရာရွှေ့လိုက်တယ်ပေါ့..ဟိုမှာ မင်းအိမ်ထောင်ကျသွား ပြီလို့လဲသတင်းထပ်လွှင့်မယ်…မိကလျာရောက်လာပြီး ကလေးမွေးပြီးတာနဲ့ ကလေးကို ကလေးထိန်း နဲ့အတူ မင်းဆီမှာထားခဲ့မယ်ပေါ့
မင်းက ကလေးရဲ့အမေဆုံးသွားလို့ ကလေးနဲ့ပြန်လာတယ်ဆိုပြီး သတင်းလွှင့်၊
မင်းတပ်က အလုပ်သမားတွေကလည်း ရိုးအတဲ့တိုင်းရင်းသားတွေဆိုတော့ အန်ကယ်ကပိတ်ထားရင် ဘယ်သူ့ကိုမှလိုက်ပြောနေမှာမဟုတ်ဘူး။ ပြီးရင် မင်းကို ပဲခူးဘက်မှာ အိမ်လေးတစ်အိမ်နဲ့ဈေးဆိုင် တစ်ဆိုင်ဖွင့်ပေးမယ် နောက် ငွေးသားချည်းက သိန်း၅ရာ ဘဏ်ထဲထည့်ပေးမယ် ဘယ်လိုလဲ”

“ဗျာ…သိန်းငါးရာ…”

ကျွန်တော့် လက်ငါးချောင်းကိုကျွန်တော် မျက်လုံးအပြူးသားနဲ့ငေးကြည့်နေမိသည်။

“အေးလေ သိန်းငါးရာ..ဒါပေမယ့် မင်းတစ်သက်လုံးကလေးကို မစောင့်ရှောက်ရပါဘူး။
မိကလျာတို့ မင်္ဂလာဆောင်ပြီး အမေရိကားကိုထွက်သွားပြီးနောက် ကလေးရနှစ်အရွယ်လောက်ကျရင် အန်ကယ်တို့က လက်တိုလက်တောင်း ကလေးအဖော်လေးလိုချင်လို့ဆိုပြီး မင်းရဲ့ကလေးကို ခေါ်မွေး စားမှာပါ။ကလေးကို အလွန်ဆုံးစောင့်ရှောက်ရမှ ရနှစ်၈နှစ်ပါကွာ ပြီးရင် မင်း မိန်းမယူလိုက်ပေါ့ ပိုက်ဆံတွေကိုတော့ သိုသိုသိပ်သိပ်သုံးနေပေါ့ကွာ ..သိန်းငါးရာက နည်းလို့လား.. အိမ်ဝယ်ပေးပြီးဈေးဆိုင်က သက်သက်ထောင်ပေးဦးမှာလေ ဝင်ငွေလဲရှိနေတာပဲ…ဘယ်လိုလဲ”

“သိန်းငါးရာ၊အိမ်၊ဈေးဆိုင်…ကလေးအဖေ”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒီမှာ ဟဲ့ဒီမှာ”

“ဗျာ..ဗျာ မမကလျာ”

“ဘာမမကလျာလဲ ငါခေါ်နေတာကြာပြီ နင်ဘာတွေကြောင်ကြည့်နေတာလဲ လာငါ့ကားကို နည်းနည်း တွန်းပေးစမ်းပါ စက်နုှိုးလို့မရဖြစ်နေလို့”

ကျွန်တော် ကမန်းကတမ်းထသွားလိုက်ပြီး သူဌေးသမီးရဲ့ ကားနောက်မြီးကိုတွန်းဖို့ အလုပ်သမား တစ်ချို့ကိုပါခေါ်လိုက်သည်။
သူဌေးသမီးရဲ့ကား ဝူးခနဲထွက်သွားမှ သူဌေးသမီးကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးယဉ် ဇာတ်လမ်းဖွင့်နေမှုအပေါ် မလုံမလဲ အရှက်သည်းသွားမိသည်။
မခင်ချောကလျာသာ ကျွန်တော့်အတွေးကို သိလို့ကတော့ ဘယ်လောက်တောင်ဒေါသအိုးပေါက်ကွဲ လိုက်မည်မသိ။
ဆွေ့ဆွေ့ခုန်ကာ ဒေါသမီးတွေနဲ့မှုတ်ထုတ်လိုက်သဖြင့် ကျွန်တော်ပြာကျသွားလောက်မည်။
သူဌေးသမီး အပျိုကြီးအပေါ် မတော်တရော်တွေတွေးပြီး ချမ်းသာမည့်အကြောင်းကို စိတ်ကူးယဉ်နေ ခိုက်မှာတော့ လတ်တလော အိမ်ရဲ့အပူအပင်တွေခဏကင်းစင်သွားသလိုလို ခံစားရတာအမှန်ပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လခထုတ်လာသည့်ပိုက်ဆံလေးတစ်သိန်းနှစ်သောင်းထဲက တစ်သောင်းပဲ ကျွန်တော့်အတွက် ဟိုဟိုသည်သည် သုံးဖို့ချန်လျက်ကျန်တာကို ညီမကိုအလုံးစုံအပ်ရသည်။
အိမ်စုတ်စုတ်ကလေးအတွက် အိမ်လခ ၃သောင်းကိုပေးပြီး ကျန်တဲ့ ငွေရှစ်သောင်းနဲ့ တစ်လလုံး လောက်အောင်သုံးပေတော့။

ညီမက တစ်အိမ်လုံး စားဖို့သောက်ဖို့ကို ညနေတိုင်းဈေးဝယ်ထား၊ ကျောင်းမသွားခင် မနက်အစော ကြီးထပြီး ချက်ပြုပ်လုပ်ကိုင်သွားရသည်။
အမေ့ကိုဆေးခန်းပြတဲ့ရက်တွေမှာလည်း ညီမပဲ ကျောင်းကပြန်လာချိန်မှာစီစဉ်ရသည်။

အငယ်ကောင်အတွက် လိုအပ်တာလည်းညီမပဲ ကြည့်သုံးရသည်မို့ အလုံးစုံအိမ်ကိုထိမ်းသိမ်းရသူ ညီမကိုသာ ပိုက်ဆံအပ်ရသည်ပေါ့။
ထမင်းစားသောက်ပြီး အမေကအိပ်နေသဖြင့် မောင်နှမသုံးယောက် ဘုရားစင်ရှေ့မှာစကားပြောဖြစ် ကြသည်။

“အငယ်ကောင်ကိုကျူရှင်အပ်မှာလား အကိုကြီး စာမေးပွဲကနီးလာပြီ ၃လပြတ်တွေတောင်ဖွင့်နေပြီ”

ကျွန်တော် သက်ပြင်းတစ်ချက် ခပ်မောမောချလိုက်မိသည်။

“ညီမလက်ထဲမှာ အပိုစုထားတာရှိသေးလို့လား”

ညီမက နုှတ်ခမ်းကိုစူလျက်

“ဘယ်ကရှိမှာလဲအကိုကြီးနှယ် တစ်လတစ်လ လောက်အောင်သုံးဖို့တောင်မလွယ်တာ အပိုဆိုလို့ အကြွှေးကျန်တွေပဲရှိတယ်”
“အေးလေ အကိုလည်းဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့တာ..ဟိုတစ်ခါရတဲ့ဘောက်ဆူးကလဲ အမေ့ကို အထူးကုနဲ့ပြလိုက်တာနဲ့ဆေးတွေဝယ်တာနဲ့ပြောင်တာပဲလေ”

အငယ်ကောင်လေးကတော့ ကျွန်တော်တို့အကြီးနှစ်ယောက်ကြားဝင်မပြောသာသဖြင့် ခေါင်းကိုငုံ့ လျက်သာ ဂျာနယ်တစ်စောင်ကို ဟိုလှန်ဒီလှန်လုပ်နေသည်။

“ကဲကဲ ညီမလည်းမနက်ဖြန်အစောကြီးထရဦးမှာ အိပ်လိုက်ပါတော့ ပိုက်ဆံပြဿနာက အကိုကြီးပဲ စဉ်းစားပါမယ် အဆင်ပြေတော့ ငါ့ညီမလက်ထဲရောက်လာမှာပေါ့ ဟုတ်လား..အငယ်ကောင်”

“ဗျာ အစ်ကိုကြီး”

“အေး မင်းလည်း ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေမယ့်အစား ကျူရှင်မတက်နိုင်သေးခင် ကိုယ်တတ်နိုင်တဲ့ဘာသာတွေလောက်ကို မနှစ်ကသင်ထားတဲ့အတိုင်းပြန်ကြည့်၊ပြန်ကျက်ချေ။
ကျူရှင်တက်ဖို့ကိုလည်း အစ်ကိုကြီးအဆင်ပြေအောင် ကြိုးစားပေးမယ်သိလား”

အငယ်ကောင်က မျှော်လင့်ချက်ကင်းမဲ့နေသော မျက်ဝန်းလေးများဖြင့် ဝတ်ကျေတန်းကျေ ခေါင်းညိတ် ပြရှာသည်။
ဒီနေ့အဖို့လည်း စိတ်မကောင်းခြင်းများစွာကိုပွေ့ပိုက်ကာ အိပ်ယာဝင်ရဦးမည်။
အိပ်မပျော်ခင်နဖူးပေါ်လက်တင်ကာ ချစ်သူအကြောင်းစဉ်းစားနေရမယ့်အရွယ်ကိုကျော်လာသည့်တိုင် ကျွန်တော့်မှာတော့ အိပ်ယာဝင်ချိန်တိုင်း မိသားစု စားဝတ်နေရေးတွေကိုသာ စဉ်းစားရင်း ရင်မောစွာ အိပ်ရလေ့ရှိသည်မှာ နှစ်ပေါင်းတွေမနည်းတော့ပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညီမပြင်ပေးတဲ့မနက်စာကိုစားပြီး စိတ်လက်တက်ကြွမှုကင်းစင်တဲ့ ခြေလှမ်းတွေနဲ့ ကားမှတ်တိုင်ရှိရာ ကိုလျှောက်လှမ်းနေမိသည်။
မှတ်တိုင်ရောက်ရောက်ချင်းပဲ စီးရမယ့်အထူးကားတစ်စီး ထိုးဆိုက်လာတာကြောင့် ချက်ချင်းတက် လိုက်ခဲ့ရသည်။

လူသိပ်မကျပ်ပေမယ့် ထိုင်ခုံတွေပြည့်နေတာကြောင့် အနောက်ကျကျက တစ်နေရာစာသာလွတ် နေတဲ့ထိုင်ခုံကို ဝင်ထိုင်လိုက်သည်။
ဘေးကပ်လျက်တွင် ရင်ညွန့်လောက်ရောက်တဲ့ဆွဲကြိုးကြီးကိုဆွဲထားတဲ့ အသားညိုညိုနဲ့မိန်းမ ခပ်ဝဝ ကြီးတစ်ယောက်က လက်ဆွဲခြင်းတစ်လုံးကိုနံဘေးချလျက်ထိုင်နေသည်။
ကျွန်တော်ဝင်ထိုင်လိုက်တာတောင် ဆွဲခြင်းတောင်းကိုပေါင်ပေါ်တင်မပေးပဲ ခပ်တည်တည်မျက်နှာပေး နှင့် လူမှုရေးကင်းမဲ့စွာထိုင်နေသော ထိုမိန်းမကြီးကို ဘာမှပြောလိုစိတ်မရှိတာကြောင့် ရတဲ့နေရာလေး မှာသာဖြစ်သလိုခပ်ကျုံ့ကျုံ့ ထိုင်လိုက်လာဖြစ်သည်။

စပါယ်ယာထံ၂၀ဝတန်ကိုပေးနေစဉ် ဘေးနားကမိန်းမကြီးကလဲ သူ့ရဲ့ဆွဲခြင်းထဲမှ ပိုက်ဆံအိတ်ဖောင်း ဖောင်းကြီးကိုထုတ်ကာ ၂၀ဝတန်းထုတ်ပေးသည်။
ထိုမိန်းမကြီးက ၂၀ဝတန်ထုတ်ပေးအပြီး ရှေ့မှတ်တိုင်မှတက်လာသော လူတစ်အုပ်ကြားမျက်စိကို ကစားနေရင်း ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကို လက်ဆွဲခြင်းထဲထိုးထည့်လိုက်သည်။
ပိုက်ဆံအိတ်ကြီးက ဆွဲခြင်းထဲမကျပဲ ကျွန်တော်နဲ့လက်ဆွဲခြင်းကြားသို့ဝင်သွားတာကို ကျွန်တော် ကော ထိုမိန်းမကြီးပါသတိမပြုမိ။
သေသေချာချာပြောရရင် စိတ်နဲ့လူမကပ်သော ကျွန်တော်လုံးဝသတိမပြုမိ။

ရှေ့တစ်မှတ်တိုင်မှာပဲ ထိုမိန်းမကြီးက ကျွန်တော့်ကိုတိုးဝှေ့ကာဆင်းသွားတော့သည်။
ထိုအခါမှ နောက်လူကိုနေရာပေးရန် တစ်ဖက်သို့ကပ်လိုက်သော ကျွန်တော့်ပေါင်က တစ်စုံတစ်ခုကို တွန်းတိုက်မိသွားကြောင်းသတိပြုမိပြီး ပေါင်အောက်မှ တစ်ပိုင်းတစ်စထွက်နေသော ပိုက်ဆံအိတ် ဖောင်းဖောင်းကြီးကြောင့် ကျွန်တော့်ရင်တွေတဒိုင်းဒိုင်းခုန်သွားသည်။
တစ်ဖက်ကဝင်ထိုင်တဲ့အမျိုးသမီးက နံဘေးကတစိမ်းအမျိုးသား ကျွန်တော့်ဘက်သို့မျက်နှာမမူဝံ့ပဲ ဆန့်ကျင်ဖက်အရပ်သို့မျက်နှာမူထားတာကြောင့် ကျွန်တော့်လက်တစ်ဖက်က ပိုက်ဆံအိတ်ကြီးကို အသာလေးပေါင်အောက်ရောက်အောင်ထိုးထည့်လိုက်မိသည်။
ထိုနေ့မှ ပုဆိုးဝတ်လာမိတာကြောင့် ပို၍အဆင်ပြေသွားတော့သည်။
ကျွန်တော်ဆွဲလာတဲ့ လက်ဆွဲအိတ်ကို ဇစ်အသာဖွင့်ပြီး ပေါင်နားအသာကပ်၍ ပေါင်အောက်က ပိုက်ဆံအိတ်ကြီးကို လက်ဆွဲအိတ်ထဲထိုးထည့်ရန် အကြံရမိချိန်မှာ ကျွန်တော့်နဖူးထက် ချွေးစေးတို့ သီးခိုလာတော့သည်။

မရည်ရွယ်ပဲရလာတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ဖို့အရေး ကြိုးစားနေမိချိန်မှာ လက်ဖျားတွေက ရေခဲတမျှ အေးစက်နေသည်။
အတွေးထဲမှာလဲ ညတုန်းက မောင်နှမသုံးယောက်ရဲ့စကားဝိုင်းနဲ့ အငယ်ကောင်လေးရဲ့ပုံရိပ်တို့က ထင်ဟပ်လာတာကြောင့် ဟိုဟိုသည်သည် အကဲခပ်ပြီး ပေါင်အောက်က ပိုက်ဆံအိတ်ကြီးကို လက်ဆွဲအိတ်ထဲ ရှောထည့်ဖြစ်လိုက်သည်။

မကြာမီမှာပဲ ရှေ့မှတ်တိုင်တစ်ခုမှာ ကားကရပ်ပြီး မှတ်တိုင်ကြီးမို့လူစောင့်ခေါ်နေပြီး ကားထွက်မည်အပြု

“ဟိုးဟိုး ခဏနေပါဦး”

ကားအတက်အဆင်းပေါက်မှ အမောတကော တားမြစ်သံကြောင့် ကားကပြန်ရပ်လိုက်စဉ် အခုနက ပိုက်ဆံအိတ်ကျကျန်ခဲ့ သောမိန်းမဝဝကြီးက ကားပေါ်ကမန်းကတန်းတက်ချလာသည်။
ကျွန်တော်တစ်ယောက် ခေါင်းနပမ်းတွေကြီးသွားချေပြီ။

“အဒေါ့်ပိုက်ဆံအိတ်ကြီး ကျကျန်နေခဲ့လို့ပါကွယ်”

“သေချာလို့လားဗျ…”

စပါယ်ယာက စိတ်မရှည်စွာမေးသည်။ကားကထွက်ချင်နေပြီလေ။

“သေချာပါတယ်ကွယ် ဟိုနေရာမှာ အဒေါ်ထိုင်တာ”

“ဒါလားခဗျာ ကျွန်တော်တွေ့လို့သိမ်းထားတာပါ”

မိန်းမကြီးက ကျွန်တော့်နေရာကိုလက်ညှိုးညွှန်ပြလိုက်စဉ် ချက်ချင်းပဲ ကျွန်တော်ကပိုက်ဆံအိတ်ကြီးကိုဆွဲထုတ်လျက်ကမ်း ပေးလိုက်ရသည်။မတော် ရဲစခန်းတွေဘာတွေကို ကားကိုမောင်းခိုင်းပြီးရှာဖွေနေမှ အခက်တွေ့မည်မဟုတ်ပါလား။

မိန်းမကြီးက အရောင်တောက်သောမျက်လုံးများဖြင့် ဝမ်းသာစွာ ပိုက်ဆံအိတ်ကြီးကိုလှမ်းယူပြီး

“ဟုတ်ပါ့ကွယ် အမလေးဘုရားမတာ ဒီထဲမှာ ဆေးဝယ်ဖို့ ငွေငါးသောင်းတောင်ထည့်လာတာတော့် ပြန်စစ်ကြည့်မယ်နော်”
“စစ်ကြည့်ပါဗျာ ကျွန်တော်ဖွင့်တောင်မကြည့်မိသေးပါဘူး”

မိန်းမကြီးကသူ့ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကိုဖွင့်ကြည့်နေစဉ် ကားပေါ်ကလူတွေအားလုံး စိတ်မရှည်သလို ဝိုင်းကြည့်နေ ကြတော့သည်။

“ဟင်…ငါ့ပိုက်ဆံတွေ ငါ့ပိုက်ဆံတွေမရှိတော့ပါလား…ဒီမှာကြည့်ကြပါတော် ဆေးဖိုးငွေ၅သောင်းလုံးမရှိတော့ဘူး အကြွေတွေပဲကျန်တယ်…ဟဲ့ကောင်လေး နင်ယူလိုက်တယ်မို့လား…ကြည့်ကြပါရှင်”

ကျွန်တော်အပါအဝင် မျက်လုံးများစွာက မိန်းမကြီးရဲ့ပိုက်ဆံအိတ်ကြီးထဲဝိုင်းငုံ့ကြည့်ကြရာ..တစ်ရာတန်၊နှစ်ရာတန် ၄၊၅ရွက်မှတပါး အတန်ကြီးကြီးဆိုလို့ ငါးရာတန်ပင်မမြင်…ဖောင်းနေရတဲ့အကြောင်းကလည်း မှတ်စုစာအုပ်လိုဟာတွေ၊နှင့် စာရွက်ခေါက်မျိုးစုံတို့ကြောင့်ဖြစ်လို့နေသည်။
ကျွန်တော့်ရင်တွေ တဒိုင်းဒိုင်းတုန်ခါရင်းက မြန်မြန်ဆန်ဆန်ငြင်းဆန်ရတော့သည်။

“မဟုတ်တာ အဒေါ့်အိတ်ကို ကျွန်တော်ဖွင့်တောင်မကြည့်ရသေးပါဘူးဆို..အဒေါ်ပါလာတာသေချာလို့လားဗျာ”

မိန်းမကြီးက ကျွန်တော့်ထံမီးဝင်းဝင်းတောက်သောမျက်လုံးများဖြင့်ကြည့်လျက်

“ဟဲ့ ငါကမဟုတ်ပဲပြောမလား ငါကားခထုတ်ပေးတုန်းကတောင်မှရှိသေးတယ် နင်မလိမ်နဲ့ မဖွင့်ကြည့်ရသေးဘူးဆိုတာ နင့်အပြောပဲ ချက်ချင်းပြန်ပေး”

တစ်ကားလုံးကလူတွေအကြည့်က ကျွန်တော့်ထံရောက်လာသဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် အငွေ့ပျံသွားချင်စိတ်ပင် ပေါက်သွားတော့သည်။မျက်နှာတစ်ခုလုံးထူအန်းလျက် ဘယ်သူ့ကိုမှမကြည့်ရဲတော့။

“ကျွန်တော် လုံးဝမဖွင့်ကြည့်ရသေးတာပါအဒေါ်ရယ် တကယ်ပါ မယုံရင် ကျွန်တော့်အိတ်ထဲရှာကြည့်ပါ”

“ဟဲ့ ငါကရှာတဲ့အချိန်မှာ နင်ကတခြားနင့်အချိတ်အဆက်တစ်ယောက်ယောက်ကို ပေးထားပြီးသားဖြစ်နေရင်ကော ဒီကားပေါ်မှာ နင်နဲ့တစ်ဖွဲ့တည်းတွေပါချင်ပါနေမှာပေါ့..မဟုတ်ဘူးလား ခရီးသည်တို့ရယ်”

ကျွန်တော်လည်းထောင်းခနဲစိတ်တိုရုံမက အရွဲ့ပါတိုက်ချင်လာတာမို့

“ဟာ..အဒေါ်ရယ် ကျွန်တော်က လူကောင်းတစ်ယောက်ပါ ကုမ္ပဏီဝန်ထမ်းပါဗျာ ခါးပိုက်နှိုက်ဂိုဏ်းကပုံပေါက်နေလို့လား ကဲ အဒေါ်မယုံရင်လည်း သက်ဆိုင်ရာမှာသာရှင်းကြမယ်”

ထိုသို့ပြောလိုက်စဉ်မှာ မိန်းမကြီးက တစ်ချက်တွေဝေသွားတဲ့ပုံဖြစ်သွားသည်။ကျွန်တော့်မျက်လုံးတွေကလည်း မိန်းမကြီးရဲ့ဆွဲကြိုးကြီးကိုရောက်သွားပြီး ဂုတ်အနီးက ပုံမှန်မဟုတ်တဲ့အရောင်ကိုမြင်သွားပြီမို့ လူလည်မကြီး ဆိုတာရိပ်မိစပြုလာတာကြောင့် ဖြစ်ချင်ရာဖြစ် ရဲစခန်းသာသွားရှင်းလိုက်ဖို့ဆုံးဖြတ်ထားသည်။

ကားပေါ်ပါလာတဲ့လူတွေထဲက ပညာတတ် ပုံရသော လူကြီးတစ်ချို့ကလည်း မိန်းမကြီးအပေါ်စူးစမ်းနေကြဟန်ကိုလည်း မြင်လိုက်ရစဉ်မှာ အခြေအနေအရပ်ရပ်ကိုစောင့်ကြည့်နေတဲ့ စပါယ်ယာက စိတ်လုံးဝမရှည်တော့တဲ့လေသံနဲ့

“ကဲကဲ အဒေါ်ကြီး ခင်ဗျားတို့ပြဿနာကို ရဲစခန်းရောက်မှရှင်းတော့ဗျာ ဒီလိုလုပ်နေရင်ကိစ္စက ပြီးတော့မှာမဟုတ်ဘူး အလုပ်သွားရမယ့်လူတွေလည်းအလုပ်နောက်ကျကုန်မယ်”

ထိုအခါ မိန်းမကြီးကပြာပြာသလဲနှင့်

“ရဲစခန်းရောက် ဘာရောက်နဲ့အဒေါ်လဲ အချိန်မပေးနိုင်ပါဘူးကွယ် အဒေါ့်မှာဆေးခန်းလဲပြရဦးမှာမို့ပါ ဒီကတူမောင်လည်း အရှက်တကွဲမဖြစ်စေချင်ဘူး..ဒီတော့ ငါ့တူမှာ ပါသလောက်ကိုပဲ အဒေါ့်ကိုလျော်ပေးခဲ့လိုက်ရင်ကော”

မိန်းမကြီးရဲ့ လီဆယ်မှုကကွက်ကွက်ကွင်းကွင်းဖြစ်လာပြီမို့ အားလုံးကရှုံ့ချသောအကြည့်တွေနဲ့တစ်ယောက်တစ်ပေါက် ဝိုင်းကဲ့ရဲ့ကြတော့သည်။
ကျွန်တော်ကတော့ အိတ်ကပ်ပေါ်ကို လက်ဝါးနဲ့ဖိအုပ်က ဘယ်သူမှလုလို့မရနိုင်သော ကျွန်တော့်ရဲ့ တစ်လစာသက်စောင့် ငွေလေးတစ်သောင်းကို အသေအကြေကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။

“လုံးဝပဲ အဒေါ်မကျေနပ်ရင် ရဲစခန်းသာမောင်း”

“ဟုတ်တယ်ဗျို့ ရဲစခန်းမှာမြန်မြန်သွားရှင်းကြ ကျုပ်တို့လဲစိတ်မရှည်တော့ဘူးဗျ အကုန်လုံး အလုပ်နောက်ကျနေကုန်ပြီ”

အားလုံးက ဝိုင်းဝန်းတိုက်တွန်းလိုက်သဖြင့် ဒရိုင်ဘာက ကားထွက်ရန်စက်ကိုနှိုးလိုက်ရာ

“နေ နေပါဦး ပိုက်ဆံပျောက်လည်းပျောက်ပါစေတော့ သဗ္ဗေသတ္တာကာမသကာလို့သာမှတ်လိုက်ပါမယ် ရဲစခန်းရောက်၊ ရုံးရောက်နဲ့ အချိန်ကုန်မခံနိုင်ပါဘူး ဒီပိုက်ဆံလောက်က အဒေါ်တို့လိုလူအတွက် ဘာမှမဖြစ်လောက်ဘူး သွားမယ်သွားမယ် ဟွန်း…”

မိန်းမကြီးက ဒီလောက်လယ်ပြင်မှာဆင်သွားသလိုဖြစ်နေတဲ့ကိစ္စကိုတောင် လူအများကြား ဟန်ကိုယ့်ဖို့လုပ်ပြောသွားနိုင် ရက်တာ အားလုံးကအံ့ဩကျန်နေခဲ့ကြတော့သည်။
မိန်းမကြီးလုှပ်လီလှုပ်လဲ့ဆင်းသွားပြီး ကားထွက်လေမှ ကျွန်တော်လည်းကိုယ့်နေရာကိုယ် သေသေချာချာပြန်ထိုင်လျက် သက်ပြင်းချနိုင်တော့သည်။
လက်ဝါးတစ်ဖက်ကတော့ အိတ်ကပ်နေရာလေးအပေါ်ဖိကပ်ထားဆဲ………………….

အနီးတဝိုက်ကလူတွေက ဥစ္စာခြောက်နေရှာသူ ကျွန်တော့်ကို ပြုံးစိစိကြည့်နေကြမှန်းရိပ်မိပါသည်။
မတတ်နိုင် ထင်ချင်သလိုထင်ကြပါစေ…ကိုယ့်ချွေးနဲစာလေးကိုတော့ လုံးဝအထိပါးမခံပါရစေနဲ့။

တဆက်တည်းမှာပဲ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက အချောင်ချမ်းသာမယ့်အတွေးတွေအကြောင်းပြန်စဉ်းစားမိကာ မနောကံထိုက်မယ့်အတွေးမျိုးတွေအား စိတ်အဆာပြေ မတွေးမိစေဖို့ ကြိုးစားရန်နှင့် ဘဝတွင် ဒီထက်မကကြိုးစားပြီး ဆက်လက်ရုန်းကန်ရဦးမည် ဟု ဆုံးဖြတ်လိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“နန်းတော်ရာသူ”ရေးသားသည်။
14-12-2012
7:07(PM)

23 comments

  • မောင့်ကျက်သရေ ဂီ့

    January 23, 2013 at 12:52 pm

    ကောင်းလိုက်တဲ့ အရေးအသားဗျာ. ..
    စိတ်ကူးယဉ်ခဲ့တဲ့ အပေါ်က ဖြစ်ရပ် -၂ခုနဲ့ဇောက်ထိုး
    အောက်ဆုံးမှာ ကိုယ်ကတောင် ပြန် ကလိန်အကျခံလိုက်ရမလိုဖြစ်သွားတဲ့
    twist လေးထည့်ထားတာကိုတော့ အနှစ်သက်ဆုံးပါပဲဗျို့.
    အားပေးသွားပါတယ်..

    ခင်တဲ့
    :harr:

  • မိုချို

    January 23, 2013 at 1:02 pm

    ရေးတတ်လိုက်တာ ညီမရယ် ၊ မဂ္ဂဇင်းတွေကို ပို့ ရင် သေချာပေါက် ရွေး ခံရ မှာ ပဲ။ အကြောင်း အရာ အရေးသား ဘာမှ ပြောစရာကို မရှိဘူး။

  • အရီး လေး

    January 23, 2013 at 1:24 pm

    အတွေး ထက်ထက်
    အရေး သွက်သွက်
    နန်းတော်ရာသူရေ အောင်မြင်မှုတွေ ရပါစေ

  • ခိုင်ဇာ

    January 23, 2013 at 1:35 pm

    လက်တွေ့ဘဝ မလွယ်ချက်ကတော့………
    သူများပိုက်ဆံ အလကားရဖို့မဆိုထားနဲ ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာတဲ့ ပိုက်ဆံတောင် အတော်ခက်တယ်ကွယ်။
    အဖေ့ အိပ်ကပ်ထဲက နှိုက်ခဲ့ရတုန်းကလောက် မလွယ်တော့ပါဘူး။ :byae:

  • weiwei

    January 23, 2013 at 2:17 pm

    ရင်မောရတယ် ..
    မနောကံနဲ့ပြစ်မှားတဲ့ အကုသိုလ်တောင် ရှောင်လွဲလို့မရအောင် ဝဋ်လည်တတ်တဲ့ ဇာတ်လမ်းလေးဆင်ထားတာ အရမ်းကောင်းပါတယ် …
    ဖတ်ရတာ လေးလေးပင်ပင် ရှိပါတယ် … ဒီလို ဇာတ်လမ်းမျိုးလေးတွေ ဆက်ရေးပါလို့ တိုက်တွန်းချင်ပါတယ် …

  • ခင်ခ

    January 23, 2013 at 2:23 pm

    ( ကျွန်တော်ကတော့ အိတ်ကပ်ပေါ်ကို လက်ဝါးနဲ့ဖိအုပ်က ဘယ်သူမှလုလို့မရနိုင်သော ကျွန်တော့်ရဲ့ တစ်လစာသက်စောင့် ငွေလေးတစ်သောင်းကို အသေအကြေကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။)
    ငွေကိုလွယ်လွယ်အချောင်လိုချင်သူ နဲ့ ကိုယ်လုပ်အားနဲ့ရထားတဲ့ငွေ တန်ဖိုးကို နှိုင်းယှဉ်အရေးလေးဘဲဗျာ။
    ကောင်းတယ်ဗျို့။

  • pazflor

    January 23, 2013 at 2:27 pm

    twist ပါတဲ့ ဒီလို ဝတ္တုတိုမျိုးလေးတွေကို သဘောကျပါတယ်။
    အမရေးထားတာ တော်တော်ကောင်းပါတယ်။

  • surmi

    January 23, 2013 at 2:35 pm

    ဆုရပို ့စ်လည်းဖြစ်တော ့ အထူးပြောဖွယ်မရှိပါဘူး
    ဒါထက်ပိုပြီး အားတက်စရာကတော ့ဖြင် ့ …..
    ရသ စာပေကိုသိပ် မကြိုက်တတ်တဲ ့ မောင်ဂီတစ်ယောက် စိတ်ဝင်တစားဖတ်ပြီး
    ချီးကျူးသွားတာကိုပါပဲ …………
    ဂုဏ်ယူလိုက်ပေတော ့ နန်းတော်ရာသူရေ ………

  • Mon Kit

    January 23, 2013 at 3:06 pm

    ဒုတိယဆုနဲ့ ထိုက်တန်လှတဲ့ အရေးအဖွဲ့လေးပါ..
    နှလုံးသားမြို့တော် ဆိုဒ်ကလည်း မန်းဂဇတ် လိုဘဲလားဟင်???

  • ရွာသူ jujuma .

    January 23, 2013 at 3:11 pm

    လုပ်သလိုမဖြစ်..ဖြစ်သလိုလုပ်နေကြရတဲ့ ဒီခေတ်ကြီးထဲမှာ …
    ဒီလိုအတွေးမျိုးတွေ .. လုပ်ရပ်တွေ နဲ့ ရှောင်လွှဲနိုင်ကြပါစေလို့ပဲ ဆုတောင်းမိပါတယ် …
    အရေးအသားလေး ကောင်းလိုက်တာ .. ဂုဏ်ယူပါတယ်နော် ..

  • moonpoem

    January 23, 2013 at 3:31 pm

    စာရေးကောင်းပြီး စာဖတ်သူကို တော်တော်လေး ဆွဲခေါ်သွားနိုင်ပါတယ်။ မနန်းတော်ရာသူ ဒီ့ထက် ပိုပြီး အောင်မြင်ပါစေလို ့ဆုတောင်းပေးပါတယ်ရှင့်။

  • မင်းနန္ဓာ

    January 23, 2013 at 4:02 pm

    ဖတ်ရင်းဖတ်ရင်း ကိုယ်တိုင်ခံစားနေရသလို ရင်ပူလှိုက်မောလို့..
    မလွယ်တဲ့ ဘဝသမားတွေနေရာက ကိုယ်တွေ့ မို့လို့ပါဗျာ..

  • kai

    January 23, 2013 at 4:15 pm

    ကျုပ်ကရသနောက် ပါမသွားပဲ.. အဖြစ်တွေလိုက်ကြည့်မိပါတယ်..
    အဲဒီအကွက်တိုင်းဟာ.. မြန်မာပြည်အတွက်..မရိုးပေမယ့်..မဆန်းပါဘူး..
    ယူအက်စ်အတွက်တော့.. အင်မတန့်..အင်မတန်.. ဆန်းမှာချည်းပေါ့လေ…
    အဲလိုဇတ်လမ်းရုပ်ရှင်ရိုက်ရင်.. ကြောင်တောင်တောင်ဖြစ်နေကြမှာ..သေချာတယ်..

    ဘဏ်မှာ.. မီးကမပျက်…။ ပျက်ရင်လည်း.. အရေးပေါ်မီးက..စက္ကန့်မခြားပဲလင်းလာ…
    ငွေထုတ်လိုက်တွေမသုံး..
    လှမ်းဆွဲယူလို့မရ…။ လှမ်းဆွဲယူရင်လည်း.. ဘဏ်ငွေယူတဲ့အမှုက.. အင်မတန့်အင်မတန်ကြီးတာမို့.. သာမန်ဘယ်သူမှ.. မယူ..။
    =
    သူဌေးသမီးဗိုက်ကြီးတာမျိုးများ.. အသာလေး..
    သူ့ဖာသူသွားမွေးမှာဖြစ်ပါတယ်..
    စင်ဂယ်မားသား.. အစိုးရဆီကတောင်.. ထောက်ပံ့ကြေးရသေး..
    နောက်ပြီး.. ကလေးက.. မွေးစားချင်သူတွေတောင်ပုံရာပုံ…။
    မွေးစားချင်ကြလွန်းလို့.. ဆေးရုံမှာကလေးသွားမွေးရင်..ကလေးခိုးပြေးတတ်သူတွေကို.. မိဘတွေက.. အသည်းအသန်ကြည့်စောင့်ရတာ…
    =
    နောက်ဆုံးချလပါတ်အကွက်ကတော့.. လှည့်ကွက်ရှိတယ်..
    အဲဒါလေး.. ငွေအစားတခြားအစားထိုးတွေးမိနေပါကြောင်း..

    အတွေးရစေတဲ့.. ရသစာကလေးအတွက်.. ကျေးကျေး.. :harr:

  • Novy

    January 23, 2013 at 4:55 pm

    ဪ…မနောကံမနောကံဆိုပြီး
    ဖတ်ရှူ့အားပေးသွားပါတယ်
    အရမ်းကို ရသမြောက်ပါတယ်ရှင်

  • နေ့လည်ကမှတင်ခဲ့တာကို အခုလိုဝိုင်းအားပေးထားတာမြင်ရတော့ အရမ်းကိုအားတက်မိပါတယ်။
    နောက်ထပ် ဦးဆာမိပြောသလို ရသမကြိုက်တဲ့ကိုဂီပါ အားတက်သရောမန့်ထားလို့ ပိုဂုဏ်ယူမိပါတယ်။
    စိတ်ကူးယဉ်သက်သက်အရေးအသားလေးမို့ လက်တွေ့ဘဝကလူတွေရဲ့အမြင်နဲ့မတူညီမှာလဲစိုးနေမိခဲ့တာပါ။
    မန်းဂေဇက်ရဲ့မန့်ချက်တွေကို လိုချင်လို့ ပြိုုင်ပွဲအဖြေပြီးပြီးချင်း အရင်ဆုံးတင်လိုက်တာပါ။

    Mon Kit ရေ နှလုံးသားမြို့တော်က ကျွန်မဝင်ထားတာ ၁လတောင်မပြည့်သေးသလို၊ပို့စ်တွေလဲ၃ပုဒ်လောက်ပဲတင်ဖြစ်သေးလို့ အခြေအနေကိုမသိသေးပါဘူးရှင်။
    အားပေးကြတဲ့ ရွာသူားအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်။

  • Mr. MarGa

    January 23, 2013 at 7:12 pm

    အပေါ်က အတွေးတွေကို ဖတ်တုန်းမှာ ဝင်လာတာက နေထိုင်မှု ဘဝအကြောင်း
    အောက်က အလှည့်လေးကို ဖတ်ပြီးတော့ ဝင်လာတာက စားဝတ်နေရေး အကြောင်း
    အဆုံးမှာတော့ တွေးမိတာက စာရိတ္တ
    ဆိုတော့
    ဆုနဲ့ ထိုက်တန်တယ် ထင်မိပါတယ် လို့
    ခေတ်ကိုလဲ နည်းနည်း ဟပ်မိ တယ်လို ့ထင်မိပါတယ်

  • အရီးခင်လတ်

    January 24, 2013 at 4:31 am

    တော်ပါသေးရဲ့ မနန်းရယ်။
    ရဲစခန်းရောက်မှာကြောက်ပြီး ရှိတာလေး မပေးလိုက်ပေလို့။

    အားလုံးချီးကျူးထားတာ မလွန်ပါဘူး။
    ဆုနဲ့ထိုက်တန်ပါတယ်။
    အားပေးနေပါတယ်။
    အောင်မြင်တဲ့ စာရေးဆရာမကြီး ဖြစ်ပါစေ။

  • padonmar

    January 24, 2013 at 6:39 am

    ဆုရဖို့ထိုက်တဲ့စာလေးပါ။
    တွေးမိတာကတော့ ကိုယ်မယူရပါပဲ မတရားစွပ်စွဲခံရလို့ မြန်မာပြည်ရဲ့ တရားစီရင်ရေးစံနစ်/ရဲစခန်းတွေကို ကြောက်ပြီး ကိုယ့်ပစ္စည်းပါပေးခဲ့ရတဲ့ အဖြစ်တွေပါပဲ။
    (ကိုယ်တိုင်လည်းခံခဲ့ရတယ်။ပတ်ဝန်းကျင်မှာလည်း ခံခဲ့ရတဲ့သူတွေ အများကြီးပါ။
    အမှန်တရားပေါ်အောင် စီစစ်ပေးနိုင်မယ့် ခေတ်စနစ်ကို မြန်မြန်ရောက်ချင်ပါပြီ)

  • Mobile

    January 24, 2013 at 9:51 pm

    ဝင်ရောက်အားပေးသွားပါတယ်ဗျာ
    အရေးအသားနဲ့ပတ်သတ်လို့ကတော့ ပြောနေစရာမလိုတော့ဘူးလို့ထင်လို့
    ဘာမှပြောမနေတော့ပါဘူးးးးးးးးးးးးးးးးးးးးးးး

  • MaMa

    January 25, 2013 at 9:03 am

    နန်းတော်ရာသူရဲ့ စာလေး ကောင်းတယ်လို့ လက်တို့သူရှိလို့ ဖတ်မိပါတယ်။
    သုတပေးထားတဲ့ ရသစာမို့ ကောင်းလိုက်တဲ့ စာလေး။ :hee:

  • အားဆေးသဖွယ်အားပေးထားတဲ့
    ကိုဂီ
    မိုချို
    အရီးလေး
    ချစ်မ
    weiwei
    ဦးခင်ခ
    pazflor
    ဦးဆာမိ
    Mon Kit
    ရွာသူ jujuma
    moonpoem
    ကိုမင်းနန္ဓာ
    အပါအဝင် ရသနောက် မြောမပါပေမယ့် သေသေချာချာ ဖတ်ပေး၊မန့်ပေးထားတဲ့ တဂျီး
    ခမည်းခက်
    ဦးပေ
    အန်တီပဒုမ္မာ
    မိုဘိုင်းနဲ့
    မမကော၊မမကို ကောင်းကြောင်းညွှန်းပေးလိုက်သူကိုကော
    အရမ်းဝမ်းသာ ဂုဏ်ယူစွာ ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်မိပါတယ်ရှင်။
    တော်တော်ဆိုးတဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့် တစ်ဦးချင်းစီကို သေသေချာချာပြန်ရေးချင်ပေမယ့်
    ပေါင်းရေးလိုက်ရတာ စိတ်မကောင်းဖြစ်မိပါသေးတယ်။
    ဂေဇက်မှာ အားတက်ရသလို၊တခြားဆိုဒ်တွေမှာလဲ အားပေးထားကြတဲ့အတွက် အရမ်းကို ပျော်ရွှင်နေမိပါတယ်ရှင်။
    အကောင်းမန့်မန့်၊အဆိုးမန့်မန့် ဝင်ဖတ်တယ်ဆိုတာနဲ့ ကျေးဇူးအရင်တင်နေနှင့်နေပြီဖြစ်တဲ့အတွက်
    အခုလို ဝိုင်းချီးမြှောက်မှုတွေအပေါ် အရမ်းကို ပီတိဖြစ်မိပါတယ်ရှင်။
    ခင်မင်လျက်
    နန်းတော်ရာသူ

    • Mr. MarGa

      January 25, 2013 at 8:38 pm

      ဟိုက်
      နာမည် မှားနေပါတယ်ဗျ
      ပြန်ပြင်ပေးပါ
      ခမည်းခက် ဖြစ်နေပါတယ်
      နာမည် မဖျက်ပါနဲ့ဗျာ
      ခမည်းခမက်ပဲ လုပ်ပါ :mrgreen:

Leave a Reply