မှုခင်းဝတ္ထု
၁။
သုတ လမ်းလျှောက်ရင်းဖြင့် ရပ်နေသည်။ သုတ စိတ်ထဲမလုံ။ တစ်ခုခုတော့ လွဲနေပြီ။ သုတ ရပ်နေရင်းဖြင့် လမ်းဆက်လျှောက်ဖြစ်သည်။ သို့သော် သုတ စိတ်ထဲ ထပ်မလုံ။ တစ်ခုခု သို့မဟုတ် တစ်ခုခုထပ် ပို၍ လွဲနေပြီဟု သုတ ထင်သည်။ ထိုအထင်ဖြင့် သုတ ရှေ့ကို လျှောက်နေရင်းဖြင့် နောက်ကို ပြန်လှည့်လိုက်သည်။ ထင်သည့်အတိုင်း တကယ် လွဲနေခြင်း ဖြစ်သည်။ သုတ စိတ်ညစ်သွားသည်။
၂။
သုတ လမ်းလျှောက်ရင်း ဖြင့် ရပ်နေသည်။ သုတ စိတ်ညစ်ရင်းဖြင့် နောက်လှည့်နေခြင်းဖြစ်သည်။ သုတ အနောက်တွင် နေနိုင် ကပ်လျက်ပါလာခြင်းက သုတကို စိတ်ပျက်စေခြင်း ဖြစ်သည်။
“မင်း ဒီလိုကြီးပဲ လိုက်နေတော့မှာလား”
နေနိုင်က စပ်ဖြီးဖြီးသော မျက်နှာဖြင့် ဘာမျှ ပြန်မဖြေချေ။ သုတ စိတ်ပျက်ကာ နောက်ပြန်လှည့်လိုက်သည်။ နောက်ပြန်လှည့်သောကြောင့် ရှေ့ကို ပြန်ရောက်သွားလေသည်။ သုတ ရပ်နေရင်းဖြင့် လမ်းဆက်လျှောက်လိုက်သည်။ သုတ လမ်းလျှောက်ရင်း ဖြင့် ကားပေါ်တက်လိုက်သည်။ ခဏနေတော့ သုတအနောက်မှ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“အား………………………..”
သုတ လှည့်မကြည့်ဖြစ်ပါ။ နေနိုင် ကားတိုက်ခံလိုက်ရသည်။
၃။
သုတ တော်တော်နေနိုင်သည်။ နေနိုင်သည်က နေနိုင်အပေါ် နေနိုင်ခြင်း ဖြစ်သည်။ သို့သော် သုတ မနေနိုင်သည်လည်း ရှိခဲ့သည်။ ကြာဖြူ ဖြစ်သည်။ ကြာဖြူသည် သုတနှင့် ရည်းစား မဖြစ်ခင်က နေနိုင်နှင့် မသိသေးပါ။ ကြာဖြူသည် အသားမဖြူချေ။ ညိုညိုညစ်၏။ ပါးပြင်ပေါ်တွင် ဝက်ခြံနှစ်ဖု အစဉ်ရှိ၏။ နှာခေါင်းပေါ်တွင် မဆိုသလောက်ကြီးသော မှည့်တစ်လုံး ရှိ၏။
သုတ ကြာဖြူနှင့် ပက်သတ်လျှင် မနေနိုင်ပါ။ နေနိုင်နှင့် ကြာဖြူ ရည်းစားဖြစ်သွားချိန်တွင် သုတ စတင်၍ နေနိုင်သွားခြင်း ဖြစ်သည်။ ထိုအကြောင်းအရာကို သစ္စာမှ တစ်ဆင့် သုတ သိရခြင်း ဖြစ်သည်။ သစ္စာသည် လူမဟုတ်ပါ။ သစ္စာသည် လမ်းဖြစ်သည်။ သုတ၏ ချစ်သူ ကြာဖြူကို နေနိုင်သည် သစ္စာလမ်းပေါ်တွင် ဖက်ကာ နမ်းနေသည်။ ကြာဖြူနှင့် နေနိုင်သည် တစ်လမ်းသော သစ္စာလမ်းပေါ်တွင် တစ်ခုတည်းသော သစ္စာကို ပြိုင်တူ ဖေါက်ကြခြင်း ဖြစ်လေသည်။
၄။
သုတသည် သစ္စာလမ်းပေါ်တွင် သစ္စာအဖေါက်ခံခဲ့ရပြီးနောက် အင်းစိန်သို့ သွားခဲ့သည်။ အင်းစိန်လမ်းပေါ်တွင် အဓိပတိကားတစ်စင်း ရှိခဲ့သည်။ နေနိုင်သည် ကားတိုက်ကာ သေဆုံးသွားသည်။ သုတလှည့်မကြည့်ဖြစ်။ သုတ တကယ်နေနိုင်သည်။ သစ္စာဖေါက်ခဲ့သော ကြာဖြူသည် သစ္စာလမ်းပေါ်တွင် ရပ်၍ ကျန်နေခဲ့သည်။ နေနိုင်သည် ကံဆိုးခဲ့သည်။ အင်းစိန်လမ်းပေါ်တွင် နေနိုင်၏ ရုပ်ပျက်ဆင်းပျက် အလောင်းကို လူများ ဝိုင်းကြည့်နေကြသည်။
၅။
အင်းစိန်ထောင်ရှေ့တွင် အဓိပတိကားတစ်စင်း ရှိသည်။ ထိုကားပေါ်မှ လူတစ်ယောက် ဆင်းကာ ထောင်ထဲသို့ ဝင်သွားသည်။ သုတသည် အဓိပတိ ဘက်စ်ကား ဒရိုင်ဘာတစ်ဦး ဖြစ်လေသည်။
ရင်နင့်အောင်
5 comments
မောင့်ကျက်သရေ ဂီ့
January 24, 2013 at 12:15 pm
ရဲဇားလူလု
အူနုကျွဲခတ်
ရွှေဥကြမ်းညပ်
ကားတိုက်သတ်
:harr:
Mon Kit
January 24, 2013 at 2:37 pm
ဝေ့လည် ဝေ့လည် လေးနဲ့ ဖတ်ရူအားပေးသွားပါတယ်….
ရွာသူ jujuma .
January 24, 2013 at 3:06 pm
အော် … အချစ်အတွက်နဲ့ ဘဝ ကို သတ်ရက်လေခြင်း ….
မောင်ပေ
January 24, 2013 at 8:09 pm
ကောင်းဗျာ
ပွတ်မော်ဒန်ပဲ
ကြိုက်တယ်ဗျို ့
လုံမလေးမွန်မွန်
January 24, 2013 at 10:18 pm
ကောင်းဒယ်…
အရေးအသားရော..ဇာတ်လမ်းရော… 🙂