သန့်ရှင်းရေးသမားတစ်ယောက်ဘဝကနေ အမြင့်ဆုံးသို့ရောက်လာသူ Sharky’s စားသောက်ဆိုင်ပိုင်ရှင် ဦးရဲထွဋ်ဝင်း

အာဂJanuary 28, 20132min41815

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်၊ ယုံကြည်မှုတွေကို ထွေးပိုက်လို့နိုင်ငံရပ်ခြား မှာ
ဘဝကိုတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။သူစတင်လုပ်ကိုင်ရတဲ့အလုပ်က
ရရာအလုပ်တစ်ခုဖြစ်တဲ့ စားသောက်ဆိုင်သန့်ရှင်းရေးဝန်ထမ်းအလုပ်ပါ။
ဒါပေမယ့်သူရဲ့ စိတ်စေတနာ၊အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေကြောင့်
၄နှစ်အတွင်းမှာ ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာသူရဲ့အများနဲ့မတူညီတဲ့အမြင်စိတ်ဓာတ်တွေ၊ဇွဲ၊ လုံ့လတွေကြောင့် ကိုယ်ပိုင်ဆိုင်ပိုင်ရှင်
စားဖိုမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့ ပြင်းထန်တဲ့ ယုံကြည်မှုတွေကြောင့်အခုဆိုရင် မြန်မာလူမျိုးတွေရော
နိုင်ငံခြားသားတွေပါ စိတ်ကျေနပ်နှစ်ခြိုက်ကြတဲ့Sharky’s စားသောက်ဆိုင်၄ ဆိုင်ကိုဖွင့်
လှစ်ထားနိုင်တဲ့အစားအသောက်ကျွမ်းကျင်သူပိုင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူရဲ့ နာမည်ကတော့ ဦးရဲထွဋ်ဝင်းပါ။
သူ့ဘဝနဲ့အောင်မြင်မှုအတွက်ဖြတ်သန်းလာပုံတစ်စိတ်တစ်ပိုင်းကိုပရိသတ်ကြီးလေ့လာအတုယူနိုင်အောင်
အခုလိုမေးမြန်းခဲ့ပါတယ် ။
မောင်အာဂ

ကျွန်တော် ၁၉ နှစ်သားအရွယ်လောက်ကစပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကိုရောက်တယ်။ အဲဒီမှာဝင်ဒီ(Wendy)စားသောက်ဆိုင်အသင့်သုံးအစားအ
သောက်ဆိုင်ခွဲများ(Fast Food Chains) မှာ ကျွန်တော် သန့်ရှင်းရေးသမားစလုပ်ရင်းကနေ ၄နှစ်အတွင်းမှာ ကျွန်တော် ကကုမ္ပဏီရဲ ့European ဒါရိုက်တာ တစ်ယောက်ဖြစ်လာတယ်။Wendy ဆိုတာက ကမ္ဘာမှ ာတတိယ Fast Food Chainsတစ်ခုပါ။ Wendyက သူများနဲ့ ကွာခြားမှုတစ်ခုက သူကအဆင့်မြင့် ဟမ်ဘာဂါတွေကိုထုတ်လုပ်တယ်။ သူတို့ဂျနီဗာမြို့မှာပထမဆုံး ဆိုင်ဖွင့်တော့ အဲဒီမှာကျွန်တော်သန့်ရှင်းရေးသမားစလုပ်ရင်းကနေ တဖြည်းဖြည်းနဲ့ ဆိုင်လေးဆိုင်ကို အုပ်ချုပ်ရတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာတယ်။

သန့်ရှင်းရေးသမားတစ်ယောက်ကနေဆိုင် ၄ဆိုင်ကို အုပ်ချုပ်ရတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာပုံအသေးစိတ်လေး
ကရော ဘယ်လိုမျိုးပါလဲ။

သန့်ရှင်းရေးသမားဖြစ်တဲ့အချိန်မှာလည်း မခိုမကပ်ဘဲ စေတနာပါပါနဲ့ ကျွန်တော်ကြိုးစားတယ်။အဲဒီလိုအချိန်မှာကျွန်တော်အခွင့်အရေးရလာခဲ့တယ်။
ဒီကုမ္ပဏီခေါင်းဆောင် အုပ်ချုပ်ရေးပိုင်း၊ဝင်ဒီစားသောက်ဆိုင်ရဲ့ အပြည်ပြည်ဆိုင်ရာ ဥရောပဌာနခွဲ (Wendy’s Inter-national European Division)သူဌေးက ကျွန်တော့်ကိုအရမ်း သဘောကျပြီးတော့ အလုပ်သမားအဆင့်ကို တိုးပေးလိုက်တယ်။ နောက်ပိုင်းမှာ ဂျနီဗာမြို့မှာ
ရှိတဲ့ ပထမဆိုင်ကို ကျွန်တော့်ကို အုပ်ချုပ်ခိုင်းတယ်။ အဲဒီမှာ ကျွန်တော်အုပ်ချုပ်တာ ကောင်းမွန်လို့ထပ်ပြီးတော့ သဘောကျပြီး နောက်ထပ်ဆိုင်၃ ဆိုင်ကိုထပ်ပြီး အုပ်ချုပ်ရတယ်။

အဲဒီနောက် မှာ စောစောက သူဌေးနဲ့ကျွန်တော်အတူဖက်စပ်လုပ်ပြီးတော့မက်စီကန်(Mexican))စားသောက်ဆိုင်တွေကိုဖွင့်ခဲ့ပါတယ်။ အဲဒီဆိုင်တွေကို
တော့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ မြို့ ၃မြို့ဖြစ်တဲ့ ဂျနီဗာမြို့၊ လောဆန်းမြို့၊ မွန်ထိုမြို့မှာ ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖွင့်လှစ်ခဲ့ပြီး အရမ်းအောင်မြင်လာတဲ့အချိန်မှာ
ကျွန်တော် အဲဒီ ကုမ္ပဏီကထွက်ဖြစ်ပြီးကိုယ်ဖာသာကိုယ် Sharky’s S.A ကုမ္ပဏီတစ်ခုထောင်ခဲ့ပါတယ်။ ကုမ္ပဏီက ဘာ
တွေလုပ်လဲဆိုတော့ဂျနီဗာမြို့ဟောင်းမှာ Cocktail Bar ဆိုင်တွေ၊ ပြောရမယ်ဆိုရင်တော့ အဆင့်မြင့်အရက်ဆိုင်တွေ ဖွင့်
ဖြစ်တယ်။ အဲဒီမှာလည်း အောင်မြင်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် ၄ နှစ်လောက်အုပ်ချုပ်လိုက်ပြီးတော့မြန်မာပြည်ကိုပြန်လာခဲ့တယ်။

>> ဒါဆိုမြန်မာပြည်ကိုပြန်လာမယ်လို့ စိတ်ကူးမိခဲ့တဲ့ စိတ်ကူးကရောဘယ်လိုလဲ။

အဲဒီမှာ အရက်ဆိုင်လုပ်ရတာကCocktail Bar ဆိုတော့ အရက်တွေရော၊ဝိုင်တွေ၊ ရှန်ပိန်တွေရော ရောင်းရတယ်။
ပြောရမယ်ဆိုရင် နိုက်ကလပ်(Night Club) တစ်မျိုးလိုဖြစ်နေပြီး အလုပ်ချိန်က မနက် ၉ နာရီကနေ ည ၂ နာရီအထိ ဖြစ်နေတယ်။ အဲဒီအချိန်မှာ အိမ်ထောင်
လည်းကျ၊ ကလေးတစ်ယောက်လည်းရနေတော့ဒီလို ညဘက်အလုပ်ကြီးကို မလုပ်ချင်တော့ဘူး။ အဲဒီအချိန်မှာလည်းကျွန်တော်က အတော် အောင်မြင်သွားပြီးငွေလေးတွေလည်း လက်ထဲမှာရှိတော့ကျွန်တော်အရမ်းဝါသနာပါတဲ့စိုက်ပျိုးရေးအလုပ်ကိုလုပ်ဖို့ မြန်မာပြည်ပြန်လာ
ခဲ့တယ်။ပြောရမယ်ဆိုရင်တော့မြန်မာပြည်မှာ ဟင်းသီးဟင်းရွက်တွေစိုက်တဲ့တောင်သူလယ်သမားတစ်ယောက်လုပ်ခဲ့တယ်။

>>မြန်မာပြည်ပြန်ရောက်တော့အသက်ဘယ်လောက်လောက်ရှိပြီလို့ထင်လဲ။

မြန်မာပြည်ရောက်ချိန်မှာကျွန်တော်အသက် ၃၅ နှစ် လောက်ရှိပါပြီ။

>>မြန်မာပြည်မှာအော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးလုပ်ရင်းအခုလိုSharky’s ဆိုင်တွေဖွင့်ဖြစ်ပုံလေးကရောဘယ်လိုပါလဲ။

> မြန်မာပြည်မှာဆိုရင်တော့ကျွန်တော်တို့ကုမ္ပဏီကစပြီးအော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးကို စလုပ်ခဲ့တာပါ။
စစဦးချင်း ကျွန်တော်က ပုလဲမြို့သစ်မှာရှိတဲ့ ကျွန်တော့် စိုက်ခင်းတွေမှာ စတင်ပြီးစိုက်ပျိုးပါတယ်။ဘာတွေစိုက်လဲဆို
တော့ ဆလတ်ပေါင်းစုံ၊ ပင်စိမ်းမျိုးစုံ စိုက်တယ်။ အဲဒါကလည်း တော်တော်အောင်မြင်တယ်။ ပထမဆုံး ကျွန်တော့်မှာ ကိုယ်ပိုင်
ဖွင့်ထားတဲ့ဆိုင်မရှိတော့ ဟိုတယ်တွေကိုပို့တယ်။ ဥပမာ – Strand တို့၊ အင်းလျားလိပ်ဟိုတယ်တို့၊ဆီဒိုးနားကိုပို့တယ်။ ပြည်တွင်းမှာ
ကျွန်တော် ဒီလိုအောင်မြင်ပြီးတဲ့အခါမှာ ကျွန်တော် ဆွစ်ဇာလန်နိုင်ငံကို ခဏပြန်သွားပြီး ချိစ်လုပ်ငန်းကို
သေချာပြန်သင်ယူတယ်။အခုဆိုရင်မြန်မာပြည်မှာ ချိစ်အမျိုးပေါင်း (၁၈)မျိုးကို စတင်ထုတ်လာခဲ့တာ ၁၅ နှစ်ကျော်
သွားပါပြီ။ ချိစ်လုပ်ငန်းကိုလုပ်ကိုင်နိုင်ပြီဆိုမှပေါင်မုန့်မျိုးစုံလုပ်နည်းလုပ်ငန်းကိုတတ်ကျွမ်းအောင်ထပ်ပြီးတော့လေ့လာပြီး ပေါင်မုန့်
အမျိုးပေါင်း ၂၅မျိုးလောက်ထုတ်တယ်။ ပြီးမှ အသားကို စပြီးတော့ကိုင်တယ်။ အသားဆိုတာ ဝက်ပေါင်
ခြောက်တို့၊ ဝက်အူချောင်းတို့၊ ဝက်အူချောင်းအခြောက်တို့ကို ဥရောပစံချိန်မှီအောင်လုပ်ပြီးတော့ ကျွန်တော် ရောင်းချ
တယ်။ အဲဒီလိုရောင်းချတဲ့အခါမှာ ဆိုင်တွေက တစ်ဆိုင်ကနေ ၂ဆိုင်၊ ၂ဆိုင်ကနေ ၃ ဆိုင်ဖြစ်လာခဲ့တယ်။ ပထမဆုံး
ဆိုင်လေးကတော့ ရွှေတောင်ကြားလမ်းမှာ ၁ဝ နှစ်ကျော်ကြာအောင် ဖွင့်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က ၁ဝ နှစ်လုံး ဖွင့်တဲ့
အချိန်မှာဆိုင်းဘုတ်လည်းမရှိခဲ့ဘူး။ ဘာနာမည်မှလဲ မပေးခဲ့ဘူး။ ဒါပေမယ့်နောက်ဆုံးမှာ အဲဒီဆိုင်လေးက တစ်ဆင့်
စကားနဲ့တင်နာမည်ကြီးလာတော့ မနိုင်တော့ဘူး။ ဒီတော့ အင်းလျားလမ်းမှာSharky’s 2 ဆိုပြီး ဆိုင်လေးတစ်ခုဖွင့်
လိုက်တယ်။ အဲဒီဆိုင်လေးကလည်းအရမ်းအောင်မြင်ခဲ့တယ်။ အဲဒီနောက် ၅နှစ်လောက်ကြာတော့ ဒီ Sharky’s 3ကို ထပ်
ဖွင့်လိုက်တယ်။ အခုနောက်ဆုံးဆိုင်ကတော့ ၄နှစ်လောက်ရှိပါပြီ။

> > ဦးရဲ့ ဘဝအကြောင်းလေးနဲ့သန့်ရှင်းရေးဝန်ထမ်းလုပ်ဖြစ်သွားပုံလေးကိုလည်းပြောပြပေးပါဦး။

> ကျွန်တော်အကြောင်းပြောရရင်ကျွန်တော့်အဖေက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံမှူးကြီးတစ်ယောက်ပါ။ ကျွန်တော်
၂နှစ် သားကနေ အသက် ၁၃နှစ်သားအထိ ကျွန်တော့်အဖေတာဝန်ထမ်းဆောင်ရတဲ့နိုင်ငံပေါင်းစုံကိုလိုက်သွားခဲ့
တယ်။ အဲဒီကနေပြီးတော့ ဆွစ်ဇာလန်ကိုအဖေတာဝန် ထမ်းဆောင်တော့ လိုက်သွားတာအဖေ ၃နှစ် တာဝန်ပြီးတော့
ကျွန်တော်က ဆက်နေခဲ့တာ။ အဲဒီမှာ ကျွန်တော်သန့်ရှင်းရေး ဝန်ထမ်းစလုပ်ဖြစ်ပုံက ဆွစ်ဇာလန်တိုင်းပြည်က ပြင်သစ်လို
ပြောတဲ့ တိုင်းပြည်ဆိုတော့ ကျွန်တော်ကပြင်သစ်လိုတစ်လုံးမှ မတတ်တော့ အလုပ်လိုက်ရှာတာ မလွယ်ဘူးဖြစ်နေတယ်။
ဒီတော့ ပြင်သစ်စာကျောင်းလည်းတက်ရင်း ရတဲ့အလုပ်ဝင်မိရာကနေ သန့်ရှင်းရေးဝင်လုပ်ဖြစ်သွားတာပါ။

> > အောင်မြင်နေတဲ့စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုကိုပုံဖော်ပေးပါဆိုရင်။

> အဓိကကတော့ သူများတိုင်းပြည်မှာအလုပ်သွားလုပ်ရင် ဟိုအလုပ်ရွေး၊ ဒီအလုပ်ရွေးလို့မရပါဘူး။အောက်ခြေက
လာတဲ့လူဆိုရင်ပိုဆိုးတယ်။ အထူးသဖြင့်သူများတိုင်းပြည်မှာ သွားပြီးအလုပ်လုပ်ရင်တော့ ဘယ်တိုင်းပြည်သွားသွား၊ ဘယ်
လောက်တော်နေပါစေ သူတို့လူမျိုးကိုဦးစားပေးမှာပေါ့။ စင်ကာပူဆိုရင် ရာထူးအကြီးဆုံးက သူတို့လူမျိုးပဲ။ တရုတ်ဆို
လည်း ဒီအတိုင်းပဲ။ ဒီတော့ သူများတိုင်းပြည်မှာလုပ်ပြီးပိုအောင်မြင်ချင်ရင်တော့သူများထက် ၂ ဆ၊ ၃ ဆ လောက် ပိုပြီး
တော့ကြိုးစားရမယ်။ ဝီရိယလည်းရှိရမယ်။ ကံလည်းကံကောင်းရမယ်။ ဆရာကောင်းလည်းရမယ်ဆိုရင်တော့ အဆင်
ပြေနိုင်ပါတယ်။ ကျွန်တော်ကတော့ ကြိုးလည်းကြိုးစားတယ်။ဆရာကောင်းလည်းရခဲ့တယ်။သူတို့ကြောင့်လည်း
ကျွန်တော်အခုဒီလိုအဆင့်လောက်ရောက်လာတာပါ။ ကျွန်တော့်အမြင်ကိုပြောရရင် အခုခေတ်က ဝီရိယရှိပြီး ကြိုး
စားနေရုံနဲ့လည်းမရဘူး။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ တီထွင်ကြံဆမှုနဲ့ အမြဲတမ်းလုပ်နေရမယ့်ခေတ်ကြီးလို့မြင်မိပါတယ်။
နာမည်ကြီး APPLE Inc C.E.O SteveJobs ပြောတဲ့ စကားတစ်ခုရှိတယ်။ ပုံးထဲမှာရှိတဲ့ ကိတ်မုန့်တိုင်းကိုပဲ မစားပါနဲ့၊
ပုံးအပြင်မှာရှိတဲ့ ကိတ်မုန့်တွေကိုလည်းစားပါတဲ့။ ဆိုလိုတာက အမြင်ကျယ်ကျယ်နဲ့တီထွင်နိုင်တဲ့အတွေးအခေါ်
မျိုးထားသင့်တယ်ဆိုတဲ့သဘောပါပဲ။

ကျွန်တော်တို့ဆိုရင်လည်း မြန်မာပြည်မှာ သူများ အော်ဂဲနစ် သစ်ပင်တွေမစိုက်ခင်မှာ ကျွန်တော် စပြီးတော့ စို်က်ခဲ့
တယ်။ ကျွန်တော်မိသားစုတွေဆို ကျွန်တော့်ကိုပြောတယ်။ မင်း ဒါကို ဘာကြောင့်လုပ်ချင်တာလဲ၊ ဒါက ဆင်းရဲသားတွေ
လုပ်တဲ့ အလုပ်၊လယ်သမားတွေလုပ်တဲ့အလုပ်ဆိုပြီး ပြောတာခံရတယ်။ ဒါပေမယ့် ကျွန်တော်ယုံကြည်တဲ့ အလုပ်၊
ဝါသနာပါတဲ့ အလုပ်ဖြစ်လို့ ကျွန်တော်လုပ်ခဲ့တယ်။ အဲဒီလို ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့်လုပ်ခဲ့တာအခုဆိုရင်Sharky’s
ဆိုပြီးအောင်မြင်ခဲ့တာပါ။ ပြောမယ်ဆိုရင်တော့ ယုံကြည်ချက်က အရေးကြီးတယ်။ မယုံတဲ့လူ၊ ဝီရိယမရှိတဲ့ လူတစ်
ယောက်က လမ်းလျှောက်လို့ အခက်အခဲရှိရင် ထပ်ပြီးတော့ မလျှောက်ချင်တော့ဘူး။ ကျွန်တော် ဆွစ်ဇာလန်မှာလည်း
အဲဒီလိုစိတ်နဲ့လုပ်ခဲ့တယ်။ ဒီမှာလည်းဒီလိုစိတ်နဲ့လုပ်ခဲ့လို့ ကျွန်တော်အောင်မြင်ခဲ့တာပါ။

မြန်မာပြည်က စားသောက်ဆိုင်တွေကိုအထင်သေးကြတဲ့နိုင်ငံခြားသားတွေSharky’s ကို ရောက်လာရင်သူတို့တွေအမြင်ပြောင်းလဲသွားတယ်နော်။
အဲဒီလိုအမြင်ပြောင်းသွားအောင်ဖန်တီးဖြစ်ပုံလေးကရော။

> နိုင်ငံခြားကလာတဲ့လူအများစု မြန်မာပြည်ကိုလာရင် မြန်မာပြည်က အစားသောက်တွေဆိုရင်အထင်သေးကြတယ်။
မသန့်ရှင်းတာ၊ ဆီများတာ၊ မကောင်းတာ စသဖြင့်ပေါ့။ ဒါပေမယ့်ကျွန်တော်တို့Sharky’s ကတော့ သန့်လည်းသန့်ရှင်း
ရမယ်။ ဥပမာ အခု မီးဖိုချောင်ဆို ကြည့်လိုက်ရင် လူတိုင်းကြည့်လို့ရအောင်မှန်ကြီးကာထားတယ်။အိမ်သာဆိုရင်
လည်း ၁၅ မိနစ်တစ်ကြိမ် သန့်ရှင်းရေးလုပ်တယ်။ အလုပ်သမားအိမ်သာဆိုရင်လည်း အလုပ်သမားတွေအိမ်သာတက်
ရင် ဘယ်အချိန်ဝင်တယ်၊ ထွက်တယ်ဆိုတာလက်မှတ်ထိုးရတယ်။ ဘာလို့လဲဆိုတော့အိမ်သာကိုစစ်ဆေးလိုက်လို့
အိမ်သာညစ်ပတ်နေရင် အဲဒါဘယ်သူကြောင့်လဲဆိုတာသိရတယ်။ အဲဒီလူကိုလည်း ဒဏ်ပေးတဲ့အနေနဲ့ တစ်ပတ်လုံး
တိတိ အိမ်သာကို သန့်ရှင်းရေးလုပ်ခိုင်းတယ်။

ကျွန်တော်ပြောချင်တာက စားသောက်ဆိုင်တစ်ခုက မျက်နှာစာတင်အရေးကြီးတာ မဟုတ်ဘူး။ အိမ်သာကအစအရေးကြီးတယ်။မျက်နှာစာက
လှပနေပြီး၊ကြမ်းခင်းတွေကကောင်းနေပြီးအိမ်သာကညစ်ပတ်နေရင်Food Conceptဖြစ်တော့မှာမဟုတ်ဘူး။ ဒီတော့ ကျွန်တော့်တို့Sharky’s
ကတော့ နံပါတ် ၁အချက်အနေနဲ့ အစားသောက်ကိုလည်းအရည်အသွေးကောင်းအောင်(Quality) လုပ်တယ်။
နောက် ကျန်းမာရေးအတွက်စေတနာထားပြီးတော့လုပ်ကိုင်တယ်။ တတိယအနေနဲ့က ကျွန်တော်တို့အတတ်ပညာကိုထည့်ပြီး လုပ်ကိုင်တယ်။
အကောင်းစား စက်ကိရိယာတွေကို သုံးတယ်။ အရေးကြီးဆုံးအဖြစ် အဲဒီထဲမှာပီတိ ကိုထည့်လိုက်တယ်။ ဒီလို ပီတိထည့်
လိုက်တော့ ဒီမှာရှိတဲ့အစားသောက်ကအရင်က အစားအသောက်လိုမတူတော့ဘဲပိုကောင်းလာတယ်။ ထူးခြားချက်က
တော့ မြန်မာပြည်မှာ ရှိတဲ့ကုန်ကြမ်းတွေကို ကိုယ်တိုင်လည်းစိုက်တယ်။ သူများဆီက ကုန်ကြမ်းကိုလည်း ကုန်ချောဖြစ်
အောင်လုပ်တယ်။Sharky’s မှာ ရှိတဲ့ပစ္စည်းတွေက ကမ္ဘာမှာ ဈေးအကြီးဆုံးအသား၊ သီးနှံနဲ့ တိုင်းလို့လည်းရတယ်။
ဈေးလည်းပိုချိုတယ်။

> > ဦးရဲထွဋ်ဝင်းရဲ့ အစားအသောက်အပေါ်လက်ခံထားတဲ့ဆောင်ပုဒ်လေးနဲ့ထားရှိတဲ့စိတ်ထားလေးကိုပြောပြပါဦး။

> ကျွန်တော်တို့ဆိုင်ရဲ့ ဆောင်ပုဒ်ကFood & Passion ပါ။ အစားအသောက်နဲ့ပီတိပေါ့။ နောက် ရေးထားတာက ပိုအ
ရေးကြီးတယ်။Quality Proudly Made In Myanmar အရည်အသွေး မြင့်စွာဖြင့်မြန်မာပြည်မှာထုတ်လုပ်သည်ပေါ့။ကျွန်
တော်ပြောချင်တာကဒီလိုQuality ပေးနိုင်မှ ဈေးတောင်းနိုင်မှာ၊ ဒီလိုဈေးတောင်းနိုင်မှဝန်ထမ်းတွေကို အဆင့်အတန်းမြင့်
မြင့်ခန့်နိုင်မှာ။ ဒါမှလည်း လူတိုင်းအောင်မြင်မှာလေ။ဘာဖြစ်လို့လဲဆိုတော့ တောင်သူလယ်သမားကိုဈေးနိမ့်နေရင်လည်း ရေရှည်လုပ်လို့မရဘူး။
တောင်သူလယ်သမားတွေ ကျွန်တော့်ဆီလာရောင်းရင်ဈေးဘယ်တော့မှ ကျွန်တော်မဆစ်ဘူး။ဈေးပိုပေးတယ်။
ဥပမာ-အသီးတစ်လုံး၈၀ဝ တောင်းရင် ဘယ်တော့မှကျွန်တော် ၈၀ဝ မပေးဘူး။ ၁၂၀ဝ ပေးတယ်။ ဒီတော့ လာ
ရောင်းတဲ့လူကလည်းအံဩသွားတယ်။ပျော်သွားတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ကိုပြောတယ်။ အခုပေးတဲ့ နမူနာ
အသီးအတိုင်း အမြဲတမ်းပို့ပေးရမယ်လို့။တကယ်လို့ ကျွန်တော်က ၈၀ဝကို ၆၀ဝနဲ့ဆစ်လိုက်ရင်အဲဒီရောင်းတဲ့လူက
နောက်ဆို ကျွန်တော်ကို ၆၀ဝ တန်ပစ္စည်းပဲအမြဲတမ်း ပို့တော့မှာပေါ့။ အခုတော့ သူမမျှော်လင့်တဲ့ဈေးရတဲ့အခါကျတော့ သူ
ဝမ်းသာသာနဲ့ပြန်သွားမယ်။ ပြီးတော့သူ့မှာရှိတဲ့ သစ်ပင်ကိုလည်း ဂရုတစိုက်လုပ်မယ်။ ဒီပစ္စည်းက ဒီလောက်တန်ပါ
လားဆိုတာသူသိသွားတယ်။အချို့တောင်သူလယ်သမားတွေကတော့ သူပစ္စည်းတန်ဖိုးကိုမသိဘူး။အလယ်ကပွဲစားဖြတ်လိုက်တဲ့တန်ဖိုးပဲသိတာများတယ်။
အများစုအကျိုးအမြတ်ကတောင်သူလယ်သမားထက်အလယ်ကပွဲစားကခံစားလိုက်ရတာများတယ်။ တောင်သူ
လယ်သမားအများစုကမြို့ပေါ်တက်မလာတော့မသိတာများတယ်။ အထူးသဖြင့်ကျွန်တော်ကတောင်သူလယ်သမားတွေကို တိုက်ရိုက်ထိတွေ့ပြီးကူ
ညီပေးချင်တယ်။

> > အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက ဝါသနာပါခဲ့ပါသလဲ။

> အချက်အပြုတ်ကိုတော့ ဆွစ်ဇာလန်ရောက်မှ သေချာချက်ဖြစ်တာပါ။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ထုံးစံအ
တိုင်း အမေတွေက သားယောက်ျားလေးဆိုရင် မီးဖိုချောင်ထဲပေးမဝင်စေချင်ဘူး။ဟိုရောက်တော့ ကိုယ့်ဖာသာနေရတဲ့ အ
ချိန်ကျတော့ ကြက်ဥကြော်တို့၊ ဆန်ပြုတ်တို့၊ ထမင်းကြော်တို့ လုပ်ရတယ်လေ။ဒီတော့ အသက် ၁၉ နှစ်လောက်ကတည်း
ကနေပြီးတော့ အချက်အပြုတ်လုပ်ခဲ့တာပေါ့။

> > ဒါဆိုရင် ပထမဆုံး စချက်တုန်းက ဟင်းလက်ရာကဘယ်လိုလဲ။

> ပထမဆုံးစချက်တော့ ချက်သမျှအကုန်တူးတာပါပဲ။ ထမင်းလည်းတူး၊ဟင်းလည်းတူး၊ အကုန်တူးတော့ပါပဲ။
ထမင်းချက်တာကတော့ ပညာပါမယ်ထင်တာပါပဲ။အဲဒီတုန်းကထမင်းပေါင်းအိုး (Rice Cooker) မရှိသေးတော့ ရေ
မှန်းမထည့်တတ်ရင် အပူများပြီး အောက်ခြေတူးသွားတတ်တယ်။ ဒါကတော့ဘယ်
အစားအသောက်မဆိုချက်ရာမှာ ဘယ်လောက်တော်တဲ့လူဖြစ်ဖြစ်အမှားကနေမှ အမှန်ပြန်ရသွားတတ်ကြတာများတယ်။
ဘယ်အမျိုးသမီးတစ်ယောက်ဖြစ်ဖြစ်ငရုတ်သီးစထောင်းရင်ညက်မှာမဟုတ်ဘူး။ နောက်ပိုင်းအတွေ့အကြုံရလာမှညက်မှာလေ။
အစားသောက်က ပီတိရှိရမယ်။ အာရုံရှိရမယ်။ စိတ်ပါဝင်စားမှုရှိရမယ်။ တိကျမှုရှိရမယ်။အဲဒါတွေမရှိရင်
တော့ အောင်မြင်နိုင်မှာမဟုတ်ဘူး။

> > ငယ်ငယ်ကဖြစ်ချင်တဲ့မျှော်လင့်ချက်အိပ်မက်ကရော။

> ကျွန်တော်ငယ်ငယ်ကတော့ထုံးစံအတိုင်းမိဘတွေကဆရာဝန်ဖြစ်စေချင်တယ်။ ကျွန်တော် ၁၉ နှစ်လောက်မှာ
ဒေသကောလိပ် ဒုတိယနှစ်တက်တယ်။ အဲဒီတုန်းကတော့ လူတိုင်းဆရာဝန်ဖြစ်ချင်ကြတာပါပဲ။ ကျွန်တော်လည်း အမှတ်
တော့ ကောင်းကောင်းရခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တော့မဖြစ်ခဲ့ဘူး။ တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ်တော့ ရခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်အဖေက ဆွစ်ဇာလန်ကို ရောက်သွားတော့ကျွန်တော်လည်း တိရစ္ဆာန်ဆေးကု ဆရာဝန်မဖြစ်ဘဲ
အစားအသောက်ဆရာဝန်ဖြစ်သွားခဲ့ပါတယ်။ မိဘတွေက ဆရာဝန်ဖြစ်စေချင်တယ်။

> > ဒါပေမယ့် အခုလို အချက်ပြုတ်နဲ့ဆိုင်တဲ့ လုပ်ငန်းကိုလုပ်ကိုင်ရတဲ့အခါမှာ မိဘတွေရဲ့ သဘောထားကရောဘယ်လိုရှိလဲ။

> ဟိုမှာသန့်ရှင်းရေးအလုပ်လုပ်ရတာကို မိဘကတော့ ဘယ်သဘောကျမလဲ။ ဟိုမှာက ရတဲ့အလုပ်ကိုလုပ်ရ
တာကို။ ဒီကလူငယ်တွေလည်း နိုင်ငံခြားရောက်ရင် ဒီမှာ ဘာပညာတတ်တတ်ရတဲ့အလုပ်၊ ရှိတဲ့အလုပ်ကို စပြီးတော့
လုပ်ရတာပါပဲ။ နောက်ပိုင်းမှာ တဖြည်းဖြည်းခြင်း ကျောင်းတက် ။သင်တန်းတက်နဲ့ ဘဝကိုမြှင့်တင်ရပါတယ်။

> > ဦးရဲထွဋ်ဝင်း ပထမဆုံးချက်တဲ့ ဟင်းလက်ရာကို စားပြီး သူများတွေက ကောင်းတယ်လို့ ချီးမွမ်းခံရတုန်းက ခံစားချက်ကရော
ဘယ်လို ရှိသလဲ။

> ငယ်ငယ်ကရည်းစား စပြီးထားတဲ့အချိန်မှာ အပြင်ဆိုင်မှာ ခေါ်ကျွေးဖို့ ငွေမရှိတဲ့အချိန်ဆိုတော့ ရည်းစားကို အိမ်
ကိုခေါ်ပြီးတော့ ဟင်းချက်ကျွေးခဲ့တယ်။အဲဒီအချက်မှာ ကျွန်တော်ချက်တဲ့ ဟင်းလက်ရာက အောင်မြင်ခဲ့တယ်။ ဒါနဲ့
ငါ့လက်ရာမဆိုးပါလား။ ပိုပြီးလေ့လာရမယ်ဆိုပြီး ဟင်းချက်နည်းစာအုပ်ဝယ်ပြီးလေ့လာခဲ့တယ်။ စမ်းချက်ကြည့်တယ်။
နောက်ထပ်ရည်းစားတစ်ယောက်ရလာရင်လည်း ဟင်းထပ်ချက်ပြီးတော့ ကျွေးတယ်။ သူက ကောင်းပါလားပြောတာနဲ့
ပိုပိုပြီးကြိုးစားပြီးလေ့လာခဲ့တယ်။ အဲဒါနဲ့ပဲ ပိုပိုပြီးတော့ အောင်မြင်လာတယ်ပေါ့ဗျာ။ ဒါကလူပျိုဘဝတုန်းက ပါ။

> > အစားသောက်နဲ့ပတ်သက်ပြီးသင်တန်းတွေတက်ခဲ့သေးလား။

> ကျွန်တော်သင်တန်းတော့ မတက်ခဲ့ဘူး။ ကျွန်တော်က စာအုပ်တွေဖတ်ပြီးတော့ လေ့လာတယ်။ အဲဒီကအတွေ့
ကြုံနဲ့ပဲလုပ်ကိုင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာရှိတဲ့ ညနေပိုင်း စီမံခန့်ခွဲမှု(Management)သင်တန်းတွေတော့တက်
တယ်။

> > အစားသောက်တွေထုတ်လုပ်နေတဲ့လူတစ်ယောက်အနေနဲ့ထားရှိသင့်တဲ့စိတ်ထားလေးကိုပြောပြပါဆိုရင်ရော။

> ထားရှိသင့်တာတော့စေတနာအပြည့်အဝထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်လုပ်လိုက်တဲ့အစား
အသောက်က မဟုတ်တာ ထည့်လိုက်လို့ရှိရင်လူကိုသတ်တာနဲ့အတူတူပါပဲ။မဟုတ်တာတွေထည့်လိုက်ရင် ကျန်းမာ
ရေးကိုထိခိုက်စေနိုင်တယ်။ ချက်ချင်းတော့မဖြစ်ဘူး။ ဒါပေမယ့် ရေရှည်ကျတော့မကောင်းဘူး။ ဒီတော့ စေတနာ
မထားဘဲနဲ့ ငွေရဖို့ပဲစဉ်းစားနေရင်တော့အဲဒီအစားအသောက်က အောင်မြင်နိုင်မှာမဟုတ်ဘူး။ဆိုင်တစ်ခုက အောင်မြင်မှုက တစ်ပိုင်း၊ အဲဒီ့အောင်မြင်မှုကိုထိန်းသိမ်းတာက တစ်ပိုင်းပေါ့။ ထိန်းသိမ်းမှုဆိုတာကဥပမာ ကျွန်တော်ဆိုင်ကို ဧည့်သည်တွေ
ဝင်လိုက်ရင် ရေတစ်ခွက်တိုက်တယ်။ဒီရေတစ်ခွက်တိုက်လို့ ဆိုင်ကပိုရောင်းရမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီ ရေတစ်
ခွက်ကြောင့် ဧည့်သည်က ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရင်ပီတိဖြစ်ရတယ်။
ဒီတော့ အသေးအမွှားလေးတွေကအစအရေးကြီးတယ်။ ဆိုင်ကြီးဖွင့်ထားတော့ရောင်းတော့ရောင်းရမှာပဲ။ ဒါပေမယ့်အဲဒီ
အထဲမှာ စေတနာတွေကို အသေးအမွှားကစထည့်လိုက်တော့ ဧည့်သည်က ဒီဆိုင်က ငွေတစ်ခုတည်း မကြည့်ပါလား
ဆိုပြီး အသိစိတ်လေးဝင်သွားတယ်။ သူများနဲ့တော့ မတူအောင်လို့ ဧည့်သည်ကိုပေးဆပ်ရမယ်။ တူသွားရင်တော့ ဈေး
ကွက်က ခက်ခဲသွားလိမ့်မယ်။

> > အောင်မြင်နေတဲ့Sharky’s စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်
ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုပြောပြပေးပါဦး။

> ရှောင်ရန်ကတော့လွယ်လွယ်လေးပါ။ ကိုယ်မစားချင်တဲ့ အစားအသောက်ကို ဧည့်သည်ကို မကျွေးပါနဲ့။ ဥပမာ
အစားအသောက်မရောင်းရလို့ ကျန်ပြီးအနံ့အသက်ထွက်နေလို့ ကိုယ်မစားချင်တာကို သူဌေးအတွက်ကိုကြည့်ပြီး ရောင်း
ရရင်ပြီးရောဆိုပြီးဧည့်သည်ကိုရောင်းလိုက်ရင် အကျိုးဆက်က ကိုယ့်ဆိုင်ပဲထိခိုက်မှာလေ။ နောက်တစ်ခု ဆောင်ရ
မှာက ဒီအလုပ်မှာ ပေါ့ပေါ့ဆဆလုပ်လို့မရဘူး။ စားသောက်တဲ့လူက ကလေး၊လူကြီးစသဖြင့် လူပေါင်းစုံရှိတယ်လေ။
ဒီတော့ ကိုယ်သုံးတဲ့ ပစ္စည်း၊ ရွေးချယ်တဲ့စားသောက်ကုန်၊ နည်းစနစ်ကအစ အကုန်လုံးထိပ်ဆုံးရောက်နေဖို့လိုတယ်။

> > ဦးရဲထွဋ်ဝင်းက အိမ်သာသန့်ရှင်းရေးကနေတက်လာတဲ့လူတစ်ယောက်ဖြစ်ပြီးအိမ်သာအပေါ်ရူူးသွပ်မှုရှိတယ်လို့လည်း
သိရပါတယ်။ အဲဒီအကြောင်းလေးပြောပြပေးပါဦး။

> ကျွန်တော်သန့်ရှင်းရေးလုပ်တော့အိမ်သာစဆေးတယ်။ ကိုယ်ဆေးရတဲ့အိမ်သာတစ်ခုကို ပြောင်နေအောင်လုပ်
တယ်။ အဲဒီမှာ သူဌေးက သူ့အိမ်သာကိုပြောင်လက်နေအောင်ဆေးပေးတာကိုသတိထားမိပြီး ဒီလူက သူများနဲ့ မတူပါ
လားဆိုပြီး။ အဲဒီကနေ ကျွန်တော် ရာထူးတွေတက်လာတာ။ အိမ်သာကို သာမန်ညစ်ပတ်တဲ့အလုပ်တစ်ခုလိုသဘော
ထားပြီး သန့်ရှင်းတာက သန့်ရှင်းရေးသမားတိုင်းလုပ်နေကျအလုပ်တစ်ခုပါ။ ဒါပေမယ့်အိမ်သာပြောင်နေအောင်တိုက်
တာတွေ့တော့ ဘယ်သူဆေးတာလဲဆိုပြီး အလုပ်သမားအုပ်စုထဲမှာ လိုက်ရှာတော့ကျွန်တော့်ကိုတွေ့သွားတာပါပဲ။
သူဌေးကတော့ အလုပ်သမားတွေထဲမှာဘယ်သူကတစ်မိုင်ပိုပြေးနိုင်သလဲဆိုတာကြည့်တာလေ။ ဒီတော့ တစ်မိုင်ပို
ပြေးနိုင်တဲ့သူကို သူအခွင့်ရေးပေးတာပါပဲ။

ဒီတော့ ကျွန်တော်က အိမ်သာအရူး။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်းအဲဒီအိမ်သာကနေတက်လာတာဆို
တော့လေ။ ကျွန်တော့် တပည့်တွေဆိုရင်အိမ်သာနဲ့ပတ်သက်ပြီးအမြဲတမ်းအဆူခံရတယ်။ ကျွန်တော်က ကိုယ့်ဘဝဟောင်း
ကိုမမေ့ခဲ့ဘူး။ ကျွန်တော့်အတွက် အိမ်သာက အရမ်းအရေးကြီးတယ်။ ကျွန်တော့်အိမ်က အိမ်သာဆိုရင် လာကြည့်ပါ။ သူ
များအိမ်သာနဲ့ကိုမတူဘူး။ ဓာတ်ပုံရိုက်လို့တောင်ရတယ်။ ဘယ်လောက်အထိလည်းဆိုရင် ကျွန်တော်တို့ ဆိုင်အိမ်သာ
က Unisex ယောက်ျားလည်း သွားလို့ရတယ်။ မိန်းမလည်း သွားလို့ရတယ်။ဒါပေမယ့် ယောက်ျားလေးဆီးသွားလို့
ရှိရင် ညစ်ပတ်တဲ့အတွက် ကျွန်တော့်ဆိုင်မှာဘီယာမရောင်းဘူး။အရက်ပြင်းမရောင်းဘူး။ ဒါတွေရောင်းလို့ ဆီး ခဏ
ခဏသွားရင်အိမ်သာညစ်ပတ်မှာဆိုးလို့။ လူတိုုင်းကရှေ့ပေါက်ကိုပဲအရေးကြီးတယ် ထင်နေတာ။နောက်ပေါက်လည်း
အရေးကြီးတယ်။ ကျွန်တော့်အခု အစားအသောက်တစ်ခုစားတယ်။ အိမ်သာထသွားပြီးအိမ်သာကြီးညစ်ပတ်နေရင် ပြန်
လာတော့ဘယ်စားချင်တော့မလဲ။အဲဒီလိုမျိုးဖြစ်မှာကို ကျွန်တော် မလိုလားဘူး။

> > နိုင်ငံခြားမှာလုပ်တုန်းကအခက်ခဲတွေကရော။

> ဘယ်နိုင်ငံသွားသွားအခက်အခဲကတော့ ရှိမှာပါပဲ။ ရတာနဲ့ မလောက်တာတို့၊အကြွေးရှိတဲ့အခါမျိုးတို့မှာခက်ခဲတာပါပဲ။ အိမ်ငှားဖို့တို့ စသဖြင့် အခက်အခဲကတော့အမျိုးမျိုးရှိပါတယ်။

> > ဒီလိုအခက်အခဲ၊စိတ်ဖိစီးမှုတွေရှိလာရင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ဖြေလျှော့တတ်လဲ။

> အဲဒီလိုဖိစီးမှုတွေရှိလာရင်တော့ကျွန်တော်ကအားကစားလုပ်တယ်။ကျွန်တော်နေ့တိုင်း မနက်၅နာရီလောက်
ကနေပြီး ရနာရီလောက် အထိ တင်းနစ်ရိုက်တယ်။ ဒါကတော့ စိတ်ဖိစီးမှုထက်စာရင် ရုပ်ပိုင်းဆိုင်ရင်ကာယအလုပ်အ
ဖြစ်နေ့တိုင်းလုပ်ဖြစ်တယ်။ နောက်တစ်နည်းကတော့ ကျွန်တော် စာအုပ်ဖတ်တယ်။အချက်အပြုတ်စာအုပ်တွေကို
ပေါ့အိမ်မှာဆိုရင်အိမ်သာဘေးနားကနေ အိပ်ရာဘေးအထိအချက်အပြုတ်စာအုပ်တွေရှိတယ်။ ကျွန်တော့်မှာ အ
ချက်အပြုတ်စာအုပ်ပေါင်း၅ထောင်၊၆ထောင်လောက်ရှိတယ်။ကျွန်တော်စုထားတာ။ ဒီစာအုပ်တွေဖတ်ရင်းနဲ့ စိတ်ဖိ
စီးမှုတွေလျှော့ချတယ်။အခုလက်ရှိတော့ စတီဂျော့ရဲ့စာအုပ်ဖတ်တယ်။

> > ဒီလို စာအုပ်တွေဖတ်တယ်ဆိုတော့ စာပြန်ရေးချင်တဲ့ စိတ်ရောမရှိဘူးလား။

> ကျွန်တော်ကပြန်တော့မရေးဖြစ်ပါဘူး။ ကျွန်တော်အဲဒီလောက်အထိစာရေးတာမသွားဘူး။ ကျွန်တော့်ဦးနှောက်
က တစ်ဖက်အရမ်းကောင်းပြီး နောက်တစ်ဖက်ကလုံးဝမကောင်းဘူး။ ဆိုလိုချင်တာက တစ်ဖက်မှာ အရမ်းတော်ပြီး
နောက်တစ်ဖက်မှာလုံးဝမတော်ဘူး။ဥပမာ ကျွန်တော်ကား တိုက်မှာကြောက်လို့မမောင်းတတ်ဘူး။နောက်ကျွန်တော်
ပန်းချီကားတွေကြိုက်ပေမယ့်ပန်းချီမဆွဲတတ်ဘူး။ ဒါပေမယ့် ကျွန်တော်ကြိုက်လို့ဝယ်ထားတဲ့ ပန်းချီကားကိုဆွဲတဲ့ ပန်းချီ
ဆရာရဲ့ပီတိကိုတော့ကျွန်တော်ခံစားတယ်။

> > လေးစားအားကျတဲ့ တွေရောရှိလား။

> လေးစားအားကျတဲ့လူဆိုရင် တော့ကျွန်တော်ဆရာ Bobmugent အမေရိကန်က ဆရာကြီးပေါ့။ နောက်ကျွန်တော့်
ရဲ့သူရဲကောင်းတစ်ယောက်ကတော့Apple ကုမ္ပဏီက စတိဂျော့ပေါ့။ သူရဲ့စိတ်ဓာတ်ကိုလေးစားတယ်။မဖြစ်နိုင်
တာကို ဖြစ်အောင်လုပ်တတ်တယ်။

> > ဒါဆို မြန်မာပြည်မှာ အကြိုက်ဆုံးအစားအသောက်တွေရှိရင်ပြောပြပါဦး။

> အဲဒါဆိုရင် အခုထိမှတ်မိနေတာတစ်ခုရှိတယ်။ ကျွန်တော့် ၁ဝ နှစ်သားလောက်မှာ ကျွန်တော့်အဖေနဲ့ ဧရာဝတီ
တိုင်းမှာ စားလိုက်တဲ့ မုန့်ဟင်းခါးတစ်ပွဲက အခုထိ အဲဒီအရသာကိုပြန်မရဘူး။ကျွန်တော်စိတ်ထင်မြန်မာအစားအ
သောက်တွေက ပီတိနဲ့ တိကျမှုမရှိတော့ဒီနေ့ကောင်းရင်နောက်နေ့မကောင်းတတ်ကြဘူး။
အခုဆိုရင်မုန့်ဟင်းခါးကောင်းကောင်းရရင်ကျွန်တော်စားချင်တယ်။ကောင်းတဲ့ဆိုင်ရှိတယ်ဆိုလို့သွားပြီးတော့
တကယ်လိုက်စားကြည့်တော့အရသာမတွေ့ဘူး။ ကိုယ့်အိမ်မှာချက်တာပဲကောင်းတယ်။အမေလက်ရာ
လည်းကြိုက်တယ်။

> > ဦးရဲထွဋ်ရဲ့ စားသောက်မှုပုံစံလေးကရောဘယ်လိုရှိလဲ။

> မနက် ၅း၃ဝ လောက် အားကစားလုပ်ပြီးရင် နနွင်းရည်နဲ့ချင်းနဲ့ရောထားတဲ့ရေတစ်ခွက်သောက်တယ်။မြန်မာပြည်မှာရှိရင်တော့ သစ်သီးဖျော်ရည်တစ်ခွက်
သောက်တယ်။ကော်ဖီသောက်တယ်။ပြီးရင် အလုပ်လုပ်ပြီး ၁၂နာရီကျော်တဲ့အထိဘာမှမစားတော့ဘူး။ နောက်မှာ ဆိုင်
မှာရှိတဲ့ အစားအသောက်တစ်ခုကို စားလိုက်တယ်။ ညနေလည်း ဒီအတိုင်းပဲ။ဆိုင်မှာရှိတဲ့အစားသောက်တစ်ခုကိုစားလိုက်တယ်။

> > မြန်မာပြည်မှာသွားလည်ပတ်ချင်တဲ့နေရာရောရှိလား။

> ဒီမှာဆိုရင်တော့ ပူတာအိုကိုတော့သွားချင်တယ်။

> > အစားအသောက်ကနိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ထင်လား။

> အစားသောက်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ ယဉ်ကျေးမှုကိုပြတာ။ အစားအသောက်ကိုအဆင့်မြှင့်ထားတဲ့လူမျိုး
ဟာ လူနေမှုအဆင့်အတန်း မြင့်တယ်။ဂျပန်စာတို့၊ တရုတ်စာတို့ကလည်း အဆင့်အတန်းမြင့်တယ်။အစားသောက်အ
ဆင့်အတန်းမြင့်ဖို့ဆိုတာလည်း သုံးတဲ့ပစ္စည်းကို အကောင်းဆုံးသုံးမှဖြစ်မှာပါ။ပုပ်နေတဲ့ ငါးကို ဘယ်လောက်တော်တဲ့
စားဖိုမှူးမှကောင်းအောင်ချက်လို့မရဘူး။ ကောင်းတဲ့ငါးကိုတော့ ပိုကောင်းအောင်ချက်လို့ရတယ်။ ကျွန်တော်တို့
နိုင်ငံက ငါးဆိုရင်ပေါတယ်။ ဒါပေမယ့်သိုလှောင်တဲ့ရေခဲကျတော့ မတတ်နိုင်ဘူး။ ဒါကြောင့် ဈေးတွေကို မနက်၁၀
နာရီလောက်သွားကြည့်ရင်အနံ့ထွက်နေပြီ။ ဂျပန်မှာဆိုရင်Tokyo FishMarket ကိုသွားကြည့်။ ဘာ ငါးအနံ့အ
သက်မှမရှိဘူး။ ထိုင်းဆိုရင်လည်း ထိုင်းဆန်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကမ္ဘာမှာ အဲဒီလိုပဲ မြန်မာအစား
အစာကို အကောင်းဆုံးဖြစ်စေချင်တယ်။ကျွန်တော် ယုံကြည်တယ်။ မြန်မာပြည်ကအစားအစာတွေကို အဆင့်အတန်းမြင့်
အောင် လုပ်လို့ရမယ်လို့လေ။

> > စားဖူးသမျှတွေထဲမှာ ထူးဆန်းတယ်လို့ထင်တဲ့အစားအသောက်ရှိလား။

> အစားအသောက်ကတော့ အမြဲတမ်းထူးဆန်းနေတာပါပဲ။ကိုယ်လိုက်ရှာရင်ထူးဆန်းနေတာပါပဲ။ဘယ်တိုင်းပြည်
မဆိုသွားရင် ထူးဆန်းတဲ့အစား အသောက်တွေရှိမှာပါပဲ။ ဥပမာဆိုရင် မှိုဆိုရင် အမျိုးမျိုးရှိတယ်။ ဥပမာ မိုးကုတ်က သစ်ဝါးမှို
ဆိုရင် အရမ်းအရသာရှိတယ်။ သူကတစ်နှစ်မှာ ၂ ပတ်လောက်ပဲ ပေါက်တယ်။
သူက အစိမ်းတိုင်းလည်းစားလို့ရတယ်။ကြော်ပြီးစားလည်းရတယ်။အစားအသောက်တစ်ခုလိုက်ရှာလေ၊ ထူးဆန်း
တာတွေ့ လေပါပဲ။

> > အစားသောက်တစ်ခုက ခံစားချက်နဲ့ဆက်နွှယ်နေတယ်လို့ထင်မြင်မိလား။

> အစားသောက်နဲ့ ခံစားချက်ဆိုတာဆက်နွှယ်နေတယ်။ကမ္ဘာမှာအတော်ဆုံးစားဖိုမှူးတွေရဲ့ စားချင်ဆုံးအစားအစာက
သူ့ အမေ၊ အဖေ၊ အဘွားတို့ ငယ်ငယ်တုန်းက ချက်ကျွေးထားတဲ့ဟင်းကို သူတို့ကပိုစားချင်တယ်။ကျွန်တော်ဆိုရင်
ငယ်ငယ်က မေမေချက်လိုက်တဲ့ ငါးပိရည် ကိုသတိရတယ်။ ဒါကြောင့် အစားအသောက်နဲ့ ခံစားချက် ဆက်နွှယ်နေတယ်။
အစားအသောက်နဲ့ စိတ်ခံစားချက်(Emotion)ထိတွေ့သွားရင်တော့ အစားအသောက်ကအရမ်းကောင်းသွားတယ်။
ဥပမာ ပထမရည်းစားနဲ့ စားတဲ့ မုန့်ဟင်းခါးဆိုင်လေးကို အသက်ကြီးလာမှသွားစားရင် အဲဒီရည်းစားကို သွားသတိရတတ်
တယ်။ ဆိုင်ရှင်လည်း မပြောင်းဘူး။လက်ရာလည်းမပြောင်းဘူးဆိုရင်တော့ ပိုပြီးတော့တောင်ခံစားရမယ်။တစ်ခါတလေ
ဆို မျက်ရည်တောင်ကျလောက်တယ်။

> > ဒါဆို ဦးရဲထွဋ်ဝင်းရော ဘာကိုစားလိုက်ရင် ဘယ်အရာကိုသတိရမိလဲ။

> ကျွန်တော်ကဒူဘိုင်းမှာနေတာကိုး။တစ်လတစ်ခါလောက်တော့ ဒီကိုပြန်လာတယ်။ ဒီတော့ ဒူဘိုင်းမှာ အဖေ၊ အမေတို့
ပေးလိုက်တဲ့ ငါးပိကြော်၊ ဘာလချောင်ကြော်တို့စားလိုက်မိရင် ငယ်ငယ်က စားတဲ့အစားသောက်ကိုသတိရတယ်။

> > အခု Food Magazine အတွက် စကားလက်ဆောင်လေးကိုပြောပြပေးပါဦး။(မှတ်ချက် Food Magazine အတွက် ကျွန်တော်မေးထားသောကြောင့်)

> အစားအသောက်ကို ဖန်တီးတော့မယ်ဆိုရင်သုံးမယ့် ပါဝင်ပစ္စည်းတွေကိုနည်းနည်းနဲ့ အကောင်းဆုံးသုံးပါ။ကျန်း
မာရေးဆိုတာ ကိုယ်စားမယ့် အစားအသောက်ကိုရှူလိုက်တဲ့လေမှပဲ ကျန်းမာရေးဖြစ်မယ်။ ဒီတော့ အစားအသောက်
ကို ဂရုမစိုက်ရင် ရေရှည်ကျရင် ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ ကျန်းမာရေးထိခိုက်ရင် ကုန်ကျစရိတ်က ပိုများမယ်။
စားချင်သလိုစားလို့ ဖြစ်လာတဲ့ရောဂါကိုပါရဂူနဲ့ ကုလိုက်တဲ့ငွေတို့၊ ခံစားရမယ့်ဝေဒနာတွေအစားအစားအသောက်ကို
ဟင်းသီး၊ ဟင်းရွက်များများ စားခြင်းအားဖြင့် စာဖတ်သူတွေရဲ့ အသက်ရှည်ကျန်းမာစေနိုင်ပါတယ်။ ဒီတော့ အစားအ
သောက်စားမယ်ဆိုရင်စဉ်းစားပါ။ဈေးကြီးတဲ့အစားအသောက်၊ဈေးပေါတဲ့အစားအသောက်ဆိုတာထက် ထိုက်သင့်တဲ့အ
စားအသောက်ကိုစားသုံးဖို့ပြောချင်ပါတယ်။

• Maung R Ga (မေးမြန်းသည်)

15 comments

  • pazflor

    January 28, 2013 at 5:37 pm

    အားကျစရာဘဲခင်ဗျ။

  • ကထူးဆန်း

    January 28, 2013 at 5:49 pm

    သူ့ အလုပ်သမားတွေကို ဘယ်လိုဆက်ဆံ ဘယ်လို ပေးထားတယ် ဆိုတာလေးလည်း တစ်ခါက ဖတ်ဖူးခဲ့ပါသည် ။
    အတုယူဖွယ်တစ်ဦးပါ ။
    အစားအသောက် ကတော့ သာမာန် မြန်မာပြည်သူားတွေ စားနိင်တဲ့ ဈေးတော့ မရှိသေးပါဘူး ။

    • pooch

      January 29, 2013 at 12:48 pm

      ဒါဆို နိုင်ငံခြားငွေနဲ့ ရောင်းပေးတာလား
      မန်းလေးက Ko’ Kitchen လည်း ဈေးတော့ကြီးတယ် ဒါပေမဲ့ နိုင်ငံခြားသားတွေ တအား ကြိုက်ကြတယ်

      ရန်ကုန်မှာ ဒီဆိုင် ရှိမှန်းတောင် မသိဘူး
      ဒီပုံတိုင်းဆို taste ကလည်း ကောင်းမဲ့ပုံ
      ကြိုးစားခဲ့တာ အတုယူစရာပဲ

      • အာဂ

        January 29, 2013 at 2:50 pm

        ဟုတ်ကဲ့ ရန်ကုန်မှာ၃၊၄ဆိုင်ရှိပါတယ်။ မြန်မာငွေနဲ့လည်းရောင်းပါတယ်။ ဈေးနှုန်းက သိပ်ဈေးကြီးကြီးလည်းမဟုတ်ပါဘူး။ အဲ ဒါပေမဲ့ ဦးထူးဆန်းပြောသလိုတော့ သာမန်ပြည်သူတွေစားနိုင်တဲ့ဈေးတော့မဟုတ်ပါဘူး။

  • Mobile

    January 28, 2013 at 7:17 pm

    လေ့လာမှတ်သားသွားပါတယ်ဗျာ။
    အင်မတန်မှ ဗဟုသုတရစေပါတယ်။
    ကြိုးစားဂ ဘုရားတောင်ဖြစ်နိုင်တယ်ဆိုတဲ့ ဆောင်ပုဒ်ရှိနေမှတော့
    ကြိုးစားရင် အလုပ်သမားဂနေဘဲဖြစ်ဖြစ် ဘယ်လိုလူဒန်းစားဂနေဘဲဖြစ်ဖြစ်
    အလုပ်ရှင်ထက်မက ဖြစ်နိုင်ပါတယ်။

  • မောင်ပေ

    January 28, 2013 at 8:52 pm

    ကိုအာဂ ရဲ ့အင်တာဗျူးတာတွေ ကို ဖတ်ပြီး ၊ ကိုရဲထွဋ်ဝင်း ကို အားကျမိပါတယ်
    လက်ဆောင်အနေနဲ ့ လုပ်ကွက်လေးတစ်ခု ခင်းပြပေးချင်တာကတော့
    အော်ဇီ ကို မြန်မာကနေ ဘုစုခရု မုန် ့မျိုးစုံ နဲ ့ ဟင်းသီးဟင်းရွက် (အော်ဂန်းနစ်မဟုတ်ပါ) ပို ့တာဗျာ
    တစ်ခါပို ့ရင် သိန်း၃ဝ ကျော်ကျော် အသားတင် ကျန်တယ်တဲ့ ။
    အဲဒါ အဲဒါ

  • E T

    January 29, 2013 at 8:45 am

    ဒီလိုမျိုးသတင်းတွေကို ယခုခေတ်လူငယ်တွေ အားကျအတုယူဖို့ များများဖြန့်ချိပေးဖို့လိုပါတယ်..
    လေးစားပါတယ်…ဗျာ

  • ရွှေတိုက်စိုး

    January 29, 2013 at 11:14 am

    နိုင်ငံခြားကနေ ပညာတွေယူပြီး ကြိုးစားပန်းစား မြန်မာနိုင်ငံလာ ကမာ္ဘအဆင့်မှီ အစားအစာတွေကို မြန်မာထွက် အသီးအရွက်တွေနဲ. စံပြလုပ်ပြသွားတာ …….လေးစားစရာကောင်းလှတယ်ဗျာ….

    ကိုအာဂရေ ဦးရဲထွဋ် ဝင်းကိုပြောလိုက်ပါ လေးစားပါတယ်လို..

    ကိုအာဂလဲ အဲလို စိတ်ဓာတ်အင်အား အင်တာဗျူးလေးတွေကိုလဲ တင်ပေးပါအုံးဗျ…

  • flamingo

    January 29, 2013 at 3:22 pm

    မင်္ဂလာပါကို်အာဂ
    ကိုအာဂရဲ့ပို့ကိုဖတ်ပြီးကိုရဲထွဋ်ဝင်းကိုအားကျဂုဏ်ယူမိပါတယ် ..အချိန်တိုတိုအတွင်း(၄နှစ်အတွင်း) မှာထိပ်တန်းကိုရောက်သွားတာ
    ဂုဏ်ယူမိပါတယ်…ပို့စ်ကိုဖတ်ပြီးရင်ထဲမှာမေးခွန်းလေးတွေပေါ်လာလို့မေးခွင့်ပေးပါ..
    ၁…၂နှစ်မှ၁၃နှစ်ထိ..ဖခင်သွားရာနောက်ကိုလိုက်ရင်း..ဂျီနီဗာကိုရောက်တော့နေရစ်ခဲ့တယ်..ဂျီနီဗာကိုရောက်တော့အသက်က
    ၁၉နှစ်ရှိပြီနော်..ဒီတော့ကြားထဲမှာ၆နှစ်(၁၃-၁၉) ကွာနေတယ်..ကွာနေတဲ့၆နှစ်ဘာလုပ်နေတယ်ဆိုတာသိချင်ပါတယ်..
    ၂…နိုက်ကလပ်ကမနက်၉နာရီကနေညသန်းကောင်၂ နာရီထိလုပ်တယ်ဆိုတော့နိုက်ကလက်ကမနက်ပိုင်းဖွင့်သလားသိချင်ပါတယ်
    ၃…ဂျီနီဗာမှာ rice cooker မရှိဘူးဆိုတဲ့အချိန်ဟာ ဘယ်အချိန်(ခှနှစ်) ကဂျီနီဗာကိုရောက်နေတာလဲခင်ဗျာ
    ၄…၁၉ နှစ်လောက်မှာဒေသကောလိပ်ဒုတိယနှစ်တက်ခဲ့တယ်ဆိုတော့၁၉နှစ်ရှေ့ပိုင်း(၂နှစ်မှ၁၃နှစ်ထိနိုင်ငံခြားမှာ)ဘယ်မှာကျောင်းတက်ခဲ့ပါသလဲ…
    အကယ်၍များကိုအာဂအချိန်ရှိခဲ့ရင်ပြန်လည်ဖြေကြားပေးပါ..
    ကျေးဇူးတင်ပါတယ်

    • အာဂ

      January 29, 2013 at 5:21 pm

      အမှန်ပြောရင် ကျွန်တော်သူကို သေချာဆက်သွယ်ပြီးမေးပေးချင်ပါတယ်။ ဒါပေမဲ့ သူက မြန်မာပြည်မှာ အနေနည်းလို့ပါ။ နောက် ခုနှစ်တွေကလည်း သူပြောသလို ကျွန်တော်ရေးရတာ ဖြစ်တဲ့အပြင် ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
      အချိန်ရရင်ကျွန်တော် flamingo ဆီကို ပြန်ဆက်သွယ်ပြီး အချက်လက်လေးတွေပို့ပေးပါမယ်။ အခုလို သေသေချာချာဝေဖန်ထောက်ပြ တဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။

      မှတ်ချက် အောက် မနွေဦး ရေးထားသလို ဖြည့်စွက်ပြီးဖတ်ရှုစေချင်ပါတယ်။

      မနွေဦးကိုလည်း ကျေးဇူးတင်ပါတယ။်

      • padonmar

        January 29, 2013 at 9:03 pm

        ဂဂ ရေ
        နွေဦးဆိုတာ ဒီဇင်ဘာဆုရသွားတယ်လေ၊
        မနွေဦး ဟုတ်ဖူးဟ။
        ဧကန္တတော့ ဂဂ အဲဒီနေ့က ကန်တော်ကြီးထဲ မျက်စိလည်ရင်း မေ့ကုန်ပြီထင်တယ်။
        ……..
        အင်တာဗျူးလေး ဖတ်ကောင်းပါသည်။

        • အာဂ

          January 30, 2013 at 4:42 pm

          ဟုတ်လား အန်တီ ရေ တားတားအဲဒီနေ့ က ခေါင်းတွေမူးနောက်နေလို့ မမှတ်မိလို့ဘူး။
          ကျွန်တော်ထက် ငယ်သလား ။ကြီးသလားတောင် မသိတော့ဘူး..။ ဆော်တီး..။ ဆော်တီး ။
          အခုလို ပြောပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဂျ..။

  • အာဂ

    January 29, 2013 at 3:24 pm

    pazflor ကွန့်မန့်အတွက်ကျေးဇူးပါ။
    ကို Mobile ရဲ့ မှတ်ချက်စကားကိုလည်း လေ့လာမှတ်သားသွားပါတယ်။
    ကိုပေ ပြောတဲ့ လမ်းကြောင်းလေးကတော့ လိုက်လုပ်ချင်သားဗျာ အရင်းနှီးမရှိတာခက်ပဗျာ..။ ကိုပေအရင်လုပ်ကြည့်ပါလားဗျာ။
    ကို E T ဖြစ်နိုင်ရင် တာမျိုးလေးတွေ ကျွန်တော် တင်ပေးနိုင်ဖို့ကြိုးစားပါ့မယ်။
    ကို တိုက် ဟုတ်ကဲ့ ကိုတိုက် ဖြစ်နိုင်ရင် ကိုတိုက်အကြောင်းကို အင်တာဗျူးပြီးတင်ချင်တာဗျ..။ ကိုတိုက်မှာလည်း ကုန်ကြမ်းများများနဲ့ ဘဝရှိတယ် မဟုတ်လား..။

  • နွေဦး

    January 29, 2013 at 5:02 pm

    နဲနဲများ လွဲနေသလားလို့
    ၁ ။ ။” ကျွန်တော် သန့်ရှင်းရေးသမားစလုပ်ရင်းကနေ ၄နှစ်အတွင်းမှာ ကျွန်တော် ကကုမ္ပဏီရဲ ့European ဒါရိုက်တာ တစ်ယောက်ဖြစ်လာတယ်။” ” ၁၉ နှစ်သားအရွယ်လောက်ကစပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကိုရောက်တယ်။ အဲဒီမှာဝင်ဒီ(Wendy)စားသောက်ဆိုင်” ဆိုတော့ သူ့အသက်က ၁၉+၄= ၂၃ နှစ် ပါ။
    ၂ ။ ။”အဲဒီမှာ ကျွန်တော် ၄ နှစ်လောက်အုပ်ချုပ်လိုက်ပြီးတော့မြန်မာပြည်ကိုပြန်လာခဲ့တယ်။” “မန်မာပြည်ရောက်ချိန်မှာကျွန်တော်အသက် ၃၅ နှစ် လောက်ရှိပါပြီ။”…ဆိုတော့ ၂၃နှစ် + ၄ =၂ရနှစ် ဘဲ ရှိဦးမှာ..။
    အင်း အသက်ကြီးတော့လဲ နှစ်တွေအမှတ်မှားတာလဲဖြစ်နိုင်တာဘဲ….

  • uncle gyi

    January 29, 2013 at 11:32 pm

    ကြီးပွါးလိုစိတ်ရှိသူအဖို့ကြိုးစားမှုဝိရိယမပါရင်ဘာမှဖြစ်မှာမဟုတ်
    ကြိုးစားမှုရှိသော်လည်းစိတ်ပါဝင်စားမှုမရှိရင်ဘာမှဖြစ်မှာမဟုတ်
    စိတ်ပါဝင်စားမှုရှိသော်လည်းကံဉာဏ်မပြည့်စုံရင်ထိပ်ဆုံးကိုမရောက်လို့မှတ်လိုက်ပါတယ်ကိုအာဂါရယ်

Leave a Reply